ပေါ်ဋ္ဌေး သည် လွယ်လွယ်နှင့် အလျှော့ပေးတတ်သူ မဟုတ်သဖြင့် တစ်မျိုးကြံစည်ပြန်သည်။ ရင်ရင်ငြိမ်း အိပ်ပျော်နေတုန်း ပါးပြင်ကို ဖွဖွလေး ခိုးနမ်းခြင်းပင် ဖြစ်၏။ အောင်မြင်တဲ့အခါလည်း ရှိသည်။ ရင်ရင် ငြိမ်းမှာ အအိပ်ဆတ်သူ ဖြစ်သဖြင့် တစ်ခါတစ်လေတော့ ထိခါနီးကျမှ ဖျတ်ခနဲ မျက်စိပွင့်လာသည်။ ထိုအခါ ပေါ်ဋ္ဌေး က ရုပ်ရှင်တွေထဲကလို ခြင်ရှာသလိုလို ဘာလိုလို လုပ်ရသည်။ မရှိတဲ့ခြင်ကို ဖြန်းခနဲ ရိုက်ရတာမျိုး လုပ် ရသည်။
"တစ်ကောင်တလေရှိတာ ကိုက်ချင်လည်း ကိုက်ပါစေဟာ၊ အကုသိုလ်များပါတယ်"
ဟု ရင်ရင်ငြိမ်းက ပြောသေးသည်။
ဒါတွေဟာ ဟိုအရင်ခေတ်ကောင်းတုန်းက ကိစ္စတွေပါ။
ခုလို ခပ်စိမ်းစိမ်းဖြစ်သွားတဲ့အခါမှာတော့ နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံတစ်ခုလို ခုတင်တစ်လုံးထဲ တစ်ပိုင်းစီ ကန့်ပြီး အိပ်ကြရတာ တော်တော်အနေရကျပ်တည်းသည်။ နယ်နိမိတ်မျဉ်းကို ကျော်ရင် ပစ်မယ် ခတ် မယ် ဆိုတာ မျိုး မရှိလို့တော်သေးသည်။ တကယ်တော့ ကန့်သတ်မျဉ်းဆိုတာကလည်း တိတိကျကျ စည်းခြား ထားတာ မဟုတ်။
ဒီတစ်နေ့တော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အိပ်လို့ရပြီ။ နှစ်ယောက်အိပ် ခုတင်ကြီးပေါ်မှာ ခြေကားယား လက်ကားယား အိပ်ချင်သလိုအိပ်၊ လှိမ့်ချင်သလို လှိမ့်လို့ရပြီဆိုပြီး ၀မ်းသာအားရ မဖြစ်မိ တာတော့ အမှန်ပဲဖြစ်၏။ ပေါ်ဋ္ဌေးသည် ဖက်ခေါင်းအုံးကို အငြိုးတကြီးနဲ့ တအားဖက်ထားလိုက်မိလေ သည်။
-----------------------------------
"မင်းတို့ကို ထူးထူးဆန်းဆန်းကလေးတွေ ကျွေးချင်လို့"
ဆိုပြီး ရဲမော်က ဖိတ်သဖြင့် အေဘီကျော်ကလွဲပြီး သူငယ်ချင်းတွေစုံအောင် ရောက်ရှိနေကြသည်။ အမှန်တော့ ရဲမော်သည် မြရီဝင်းက သူ့ကို ဘယ်လောက်ဂရုစိုက်ကြောင်း၊ သူ စားချင်တာမှန်သမျှ စိတ် ရှည်လက်ရှည် ချက်ကျွေးကြောင်း၊ အချက်အပြုတ်ကလည်း အလွန်ကောင်းကြောင်း ကြွားချင်လို့ခေါ်ပြ ခြင်းသာ ဖြစ်၏။ ဒီကောင် ခုလို ကျောတာကို အမြင်ကတ်သော်လည်း ကောင်းကောင်းမျိုရ ဆို့ရတော့ မည် ဖြစ်သောကြောင့် သူ့အကြိုက်လိုက်ပြီး မြှောင့်ပင့်ပေးကြရသည်။
မြရီဝင်းကလည်း ဒီကောင် စိတ်ကူးတည့်ရာ ပြောသမျှအကုန်လုပ်ပေးထားသည်။ ဖားပေါင်တွေကို သီတံလေး တွေနဲ့ ထိုးပြီး စီထားသည်။ အကင်ဆိုင် တွေမှာလို သံဖြူမီးသွေးမီးဖိုလေးလည်း ချပေးထား သည်။ စားချင်တဲ့အချိန်ကျမှ ကိုယ်တိုင်ကင်စားရမည်ဖြစ်၏။
"မြရီဝင်း က သူ့ဟာသူ ကင်မပေးဘူးလားကွ"
ဟု ကံညွန့်မောင်က နောက်နေသေးသည်။
ရေခူ နှင့် ကျောက်ပွင့်သုပ်၊ ဂုံးကောင်နှင့် ရှောက်ရွက်ဟင်းချို၊ မှိုခြောက်နှင့် ပန်းငရုတ်သီးကြော် စသည် ဖြင့် စားသောက်စရာ တွေက သမားရိုးကျမဟုတ်။
"မင်းဟာက ဟုတ်ရဲ့လားကွာ၊ ဖု(ဒ်)ပွိုင်စင်တွေ ဘာတွေဖြစ်ပြီး ချေးပန်းနေဦးမယ်"
ဟု အောင်ချို က ပြောတော့ ရဲမော်က-
"မပူပါနဲ့ကွာ၊ ပြီးရင် မင်းတို့ကို ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ အစာဖျက်ဆေးတိုက်မယ်၊ စားချင်သလောက် စား၊ ဘာမှမဖြစ်စေရဘူး"
"ဆေး မလိုပါဘူးကွ၊ ပထမဆုံးတစ်ခွက်ကိုသာ ခပ်ပြင်းပြင်းလေးချလိုက်၊ တော်ရုံတန်ရုံ ရောဂါပိုး ဘယ် ခံနိုင်မလဲ"
ဟု ကံညွန့်မောင်က ၀င်ပြောသည်။ ယမကာဝိုင်း စ,ဖို့ သွယ်ဝိုက်၍ အချက်ပေးလိုက်ခြင်းပင် ဖြစ်၏။ ပေါ်ဋ္ဌေး က ကံညွန့်မောင်ကို အကဲခတ်သည်။ ကံညွန့်မောင်ကလည်း သူ့ကို ပြန်ကြည့်ရင်း ပြုံးပြသည်။ သူတို့နှစ်ယောက်စလုံး သဘောတူညီထားချက်ကို မဖောက်ဖျက်ကြသေးကြောင်း အပြန်အလှန် သဘောပေါက် လိုက်ကြသည်။
ပေါ်ဋ္ဌေးသည် ကောင်းထွန်းကို စူးစမ်းကြည့်ပြန်သည။် ထူးခြားမှုမရှိ။ တည်တည်ငြိမ်ငြိမ်ပဲ။ ဟိုတစ်ညက စာချုပ် ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တဲ့အကြောင်း သတိရပုံမပေါ်။ အမူးလွန်နေလို့ ဘာတွေဖြစ်ခဲ့မှန်း မမှတ်မိ တော့ခြင်း ဖြစ်၏။ ထို့ကြောင့် ပေါ်ဋ္ဌေး အတော်စိတ်အေးသွားသည်။
ရဲမော်က ဖားပေါင်သီတံတွေကို မီးဖိုပေါ်တင်၍ ကင်ရင်း-
"အေဘီကျော် ကို သတိရတယ်ကွာ၊ ဒီကောင်က အစားကောင်း သိပ်မက်တာ"
"အေးကွ၊ ဒီကောင် ဘယ်ရောက်နေလဲ မသိဘူး၊ အဆက်အသွယ်လည်း မလုပ်ဘူး"
"တောကျောင်းဆရာ လုပ်နေတယ် ဆိုတာပဲ ကြားရတယ်"
"အရင်ရွာမှာလည်း မဟုတ်တော့ဘူးတဲ့၊ ဘယ်ပြောင်းသွားတယ် ဆိုတာလည်း အသိမပေးဘူး၊ သတင်း ရရင် ပြောကွာ၊ ငါတို့ စုပြီး သွားရအောင်"
ပေါ်ဋ္ဌေးကလွဲပြီး ကျန်တဲ့ကောင်တွေ တစ်ယောက်တစ်ပေါက်ပြောကြသည်။ ပေါ်ဋ္ဌေးကတော့ နှုတ် ဆိတ် နေလိုက်သည်။ အေဘီကျော်ဆီရောက်ခဲ့ကြောင်း၊ ဘုန်းကြီးဝတ်နေကြောင်း ပြောလို့မဖြစ်။ အကုန်ပေါ် ကုန် လိမ့်မည်။
"ကိုင်း...."
ကံညွန့်မောင်က ပုလင်းကို ဆွဲယူပြီး အဖုံးကို လှည့်ဖွင့်လိုက်သည်။ ပြီးတော့ ဖန်ခွက်တွေထဲ လက်နှစ် လုံးစီလောက် ငှဲ့ထည့်ပေးသည်။ ကောင်းထွန်းအလှည့်ရောက်သောအခါ သူက ဖန်ခွက်ပေါ် လက်နှင့် အုပ်၍ ပိတ်လိုက်ရင်း
"ငါ မသောက်ဘူး"
ဟု ပြောသည်။ ကံညွန့်မောင်က-
"ဟေ့ကောင်... အပိုတွေ လုပ်မနေနဲ့"
"တကယ် ပြောတာ၊ ငါ အရက်ဖြတ်လိုက်ပြီ"
"ဟား... ဟား... ဘာပြောတယ်၊ တရုတ်ပြည်မှာ ၀က်သားစားခွင့် ပိတ်လိုက်ပြီတဲ့၊ ဟုတ်လား... ဟား ဟား"
ကောင်းထွန်း က ဖန်ခွက်ပေါ်မှာ ပိတ်ပြီး အုပ်ထားသော လက်ဝါးကို ပို၍တင်းအောင် ဖိလိုက်သည်။ သူ တကယ် ပြောနေခြင်းဖြစ်ကြောင်း စတင်ရိပ်မိသွားသူမှာ ရဲမော်ဖြစ်၏။
ကောင်းထွန်း သည် ယမကာဝိုင်းမှာထိုင်မိလျှင် ဂနာမငြိမ်ဖြစ်တတ်စမြဲ။ လက်ဆစ်တွေ ချိုးလိုက်၊ တံတွေး မျိုချလိုက်၊ ဆေးလိပ်တွေ နင်းကာ ဖွာလိုက်နဲ့ ဣနြေ္ဒမရ။ ကျန်တဲ့သူငယ်ချင်းတွေက ၀ိုင်းကို မစသေးဘဲ နောက်လား ပြောင်လား လုပ်ရင်း အချိန်ဆွဲနေလျှင် စိတ်မရှည်တော့ဘဲ-
"တော်တော် သောက်စကား များတဲ့ ကောင်တွေ၊ လေရှူနေရုံနဲ့ မမူးဘူးကွ"
ဆိုပြီး ပုလင်းကို အရင်ဦးအောင်ယူဖွင့်တတ်သည်။ နှစ်ခွက်လောက်ဆင့်ချပြီးမှ နေသာထိုင်သာရှိသွား တတ်သည်။ ဒီနေ့တော့ ပုလင်းကို လုံးဝ စိတ်ဝင်စားဟန်မပြဘဲ တည်တည်ငြိမ်ငြိမ် ရှိနေတာ ထူးခြား သည်။ ဟိုအရင် က အရက်သောက်ရင်း ကတောက်ကဆဖြစ်ခဲ့ကြပြီး အဆက်အသွယ်ပြတ်နေရာမှ ပထမဆုံး ပြန်ဆုံကြ လို့ အမ်းတမ်းတမ်းဖြစ်နေတာ ထင်ခဲ့မိသေးသည်။
"ဘယ်လိုဖြစ်ပြီး အရက်ပြတ်သွားတာလဲကွ" ဟု ရဲမော်က မေးလိုက်သည်။
"မိငယ်ကြောင့်ပေါ့ကွာ"
"မငယ်က မင်း ဘာပဲလုပ်လုပ် ကျေနပ်ပြီးသားပဲ၊ အရက်သောက်တာတောင် အပြစ်လို့မြင်တာ မဟုတ် ဘူး၊ လျှော့ သောက်စေချင်တာပဲ ရှိတာ"
"အေး... အဲဒီအကြေင်းတွေလည်း ပါတာပေါ့၊ ဒီလိုကွာ... တစ်ရက်မှာ ငါ သောက်တာ နည်းနည်းများ သွားတယ်"
"မများတဲ့နေ့ကော ရှိသေးလား"
ကံညွန့်မောင်က ၀င်ထောက်သည်။ အရင်တုန်းကလိုဆိုလျှင် ဒီစကားကြောင့် နှစ်ယောက် အချေအ တင် ဖြစ်ပြီး ငြိသွားနိုင်သည်။ ပေါ်ဋ္ဌေးတောင် ကောင်းထွန်း ဘာပြန်ပြောမလဲ ဆိုပြီး စိုးရိမ်တကြီး လှမ်း ကြည့်မိ သေးသည်။ ကောင်းထွန်းက စိတ်ဆိုးဟန်မပြ။ တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းတစ်ချက်ဆတ်ပြီး-
"အဲဒီနေ့က ခါတိုင်းထက် ပိုများတယ် ဆိုပါတော့၊ ဆိုးသွားတာက အရက်နှစ်မျိုး ရောသောက်မိတာပဲ၊ ဆိုင် မှာ ဆုံနေကျ မိတ်ဆွေတစ်ယောက်က ဒရိုင်းဂျင်တစ်ပုလင်းရလို့ ယူလာတာနဲ့ လေးယောက် သောက်ကြတယ်၊ နောက်တော့ မ၀သေးတာနဲ့ ကောက်ညှင်းအရက် ထပ်ချကြတယ်၊ အဲဒီမှာ တော် တော်ထိ သွားတယ်"
"မင်းကတော့ ဖြစ်ရမယ်"
"ပြီးတော့ အိမ်ကို တန်းမပြန်သေးဘဲ လက်ဆည်ကန်ပေါင်ပေါ်မှာ သွားထိုင်ပြီး လေညင်းခံသေးတာကိုး၊ မင်းတို့ သိတဲ့အတိုင်းပဲ၊ ဂျင်အရက်ဆိုတာက လေတိုက်လေ ပိုမူးလေ မဟုတ်လား၊ နောက်တော့ ဘယ် လို ဖြစ်သွားမှန်း မသိပါဘူး၊ ဗာဒံပင်လေးကို မှီပြီး အိပ်ပျော်သွားတာပဲ၊ မနက် ငါးနာရီလောက်ကျမှ အရမ်း ချမ်းလွန်း လို့ နိုးလာတယ်၊ အဲဒီမှာ အအေးမိသွားတယ်ထင်ပါရဲ့ကွာ၊ အိမ်လည်း ရောက်ရော အဖျားတွေ တက်ပြီး သတိလစ်သွားတော့တာပဲ"
"မင်းကွာ.. တော်တော်ဆိုးတဲ့ကောင်၊ အဲဒါမျိုးက အအေးပတ်ပြီး တစ်ခါတည်း လျှောသွားနိုင်တယ်ကွ"
"ငါလည်း သေပြီထင်တာ၊ သုံးရက်လောက်ဟာ သတိရတစ်ချက်၊ မရတစ်ချက်ပဲ၊ မိငယ်ကတော့ တကယ် ပါပဲ၊ တစ်ချိန်လုံး ငါ့နားက မခွာဘူး၊ ထမင်းတောင် စားရဲ့လား မသိဘူး၊ ငါ ကောင်းကောင်းပြန် သတိရ လာတဲံအခါကျတော့မှ ရှိုက်ကြီးတငင် ငိုတော့တာပဲ"
"မငယ်က မင်းအပေါ်မှာ သိပ်အနွံအတာ ခံတာကွ"
"ဟုတ်တယ်၊ သူက အားလည်း ငယ်တတ်တယ်၊ ငါ့အပေါ် အားလုံးပုံပြီးအားကိုးခဲ့တာ၊ ဘယ်လောက် အထိလဲ ဆိုတော့ ကြွတ်သတ်ဆေးတွေ အဆင်သင့်ပြင်ထားတယ်တဲ့"
"ဘယ်လို... ဘာအတွက်လဲ"
"တကယ်လို့ ငါ သေသွားရင် သူတစ်ယောက်တည်းတော့ မနေဘူး၊ သူပါ လိုက်သေမယ်ဆိုတဲ့ သဘော ပေါ့၊ ငါလည်း တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊ သူ့အပေါ် နိုင်လိုမင်းထက် လုပ်ခဲ့မိတဲ့အတွက် တည်း သနား သွားတယ်၊ ဒါနဲ့ ငါ အရက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာပဲ"
"မင်းက အရက်ဖြတ်ဖို့တော့ လွယ်သားပဲ"
ဟု ရဲမော်က ချီးကျူးသည်။ ကောင်းထွန်းက လက်ကာပြပြီး-
"ဟာ... ဘယ်ကလာ လွယ်ရမှာလဲ၊ အရက်ဖြတ်တဲ့ဒဏ်ကို လိမ့်နေအောင် ခံရတာကွ၊ ငါကလည်း ခပ် ပေပေကောင် ဆိုတော့ ဆရာဝန်တွေ ဘာတွေနဲ့ အကူအညီကို မယူဘဲ တိခနဲ အစိမ်းဖြတ် ဖြတ်တာကိုး၊ ဖျားထား တဲ့ အရှိန်ကြောင့် အားနည်းနေရတဲ့ကြားထဲ မစားချင် မသောက်ချင်ဖြစ်တော့ ပိုဆိုးတာပေါ့၊ လူက ခြေတုန် လက်တုန်ဖြစ်၊ ည ည အိပ်မပျော်ဘဲ ကယောင်ကတမ်းတွေ ဖြစ်ပေါ့ကွာ"
"နောက်တော့ ဘယ်လိုကောင်းသွားလဲ"
"အေး... ဒီနေရာမှာ ရင်ရင်ငြိမ်းကို ကျေးဇူးတင်ရမယ်ကွ"
"ဘာ... ရင်ရင်ငြိမ်း၊ သူနဲ့ ဘယ်လို ပတ်သက်လို့လဲ"
ဟု ပေါ်ဋ္ဌေးက အလန့်တကြား မေးလိုက်သည်။
"ဒီလိုကွ... ငါ အဲဒီလို ဝေဒနာခံစားနေရတော့ မိငယ်လည်း ကြံရာမရဖြစ်ပြီး ရင်ရင်ငြိမ်းဆီ ဖုန်းလှမ်း ဆက်တယ်၊ အဲဒါ ရင်ရင်ငြိမ်းက ချက်ချင်းပဲ အိမ်ကို ရောက်လာတယ်ကွ၊ ငါ့အတွက် စားစရာ သောက် စရာ တွေ၊ အားဆေးတွေလည်း ယူလာတယ်၊ ပြီးတော့ စိတ်တည်ငြိမ်သွားအောင် တရားထိုင်ကြည့်ပါ လားလို့ အကြံ ပေးတယ်၊ လမ်းညွှန်စာအုပ်ကလေးလည်း ပေးတယ်၊ ထိုင်ပုံထိုင်နည်းလည်း ပြပေးတယ်၊ နေပါဦး... ဒီအကြောင်း တွေ ရင်ရင်ငြိမ်းက မင်းကို မပြောဘူးလား"
ပေါ်ဋ္ဌေးက ဖြေရခက်ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးမှ-
"အဲ... ပြော... ပြောပါတယ်၊ ငါလည်း အလုပ်များတာနဲ့ အမှတ်တမဲ့ ဖြစ်သွားတာ"
ဟု မရေမရာ ဖြေသည်။ ကောင်းထွန်းက ပြောလက်စကိုသာ ဆက်သည်။
"အစကတော့ ငါက သိပ်စိတ်မ၀င်စားပါဘူး၊ မိငယ်ကလည်း အတင်းတိုက်တွန်းတာရယ်၊ ညဘက် အိပ် မပျော်မယ့် အတူတူ စမ်းကြည့်မယ်ဆိုပြီး လုပ်ကြည့်တာ၊ မဆိုးဘူးကွ၊ ဝေဒနာတွေ အတော်သက်သာ သွားတယ်၊ ညဘက်ကျရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်၊ စိတ်တည်ငြိမ်သွားတာကို ငါ သဘောအ ကျဆုံးပဲ၊ ခုဆိုရင် ညတိုင်း နာရီဝက်လောက်မှ တရားမထိုင်ရင် တစ်ခုခုလိုနေသလို ခံစားရ တယ်၊ မင်း တို့လည်း လုပ်ကြည့်ဖို့ကောင်းတယ်"
ဘယ်သူမှ စကားမပြန်နိုင်ကြ။ လက်ထဲမှာ အရက်ခွက်ကိုယ်စီ ကိုင်ထားမိကြတာကိုး၊ ခဏကြာမှ ရဲမော်က စကားစ သည်။
"အေးကွာ... အဆင်ပြေ တဲ့ အခါကျတော့ ထိုင်ကြည့်တာပေါ့၊ အခုတော့... ဟဲ ဟဲ"
ထိုအချိန် ကျန်တဲ့ကောင်တွေကလည်း "ဟဲ ဟဲ"ဟု လိုက်ရယ်ပေးကြသည်။
သူတို့ ပြောနေ ဆိုနေကြတာကို ကြားသွားဟန်တူသည်။ မြရီဝင်းက ကောင်းထွန်း အတွက် လိမ္မော်ရည် တစ်ခွက် ယူလာပေးသည်။ "ကိုကောင်းထွန်း ၀လာတယ် ထင်တယ်"
ဟု ပြောသည်။ ကောင်းထွန်းက-
"ဒါပေါ့... အရက်ဖြတ်လိုက်လို့ စားကောင်းသောက်ကောင်း ဖြစ်လာတာကိုး၊ ဒီကောင့်ကိုလည်း ဖြတ် ခိုင်း ဦးလေ"
ဟု ရဲမော်ဘက် မေးငေါ့ပြရင်း ပြောသည်။ မြရီဝင်းက-
"နည်းနည်းပါးပါးဆိုရင်တော့ ဆေးဖက်ဝင်တယ်လို့ ဥတုဘောဇနကျမ်းထဲမှာ ဖတ်ဖူးပါတယ်"
ဟု ပြုံး ၍ ပြောပြီး ပြန်ထွက်သွားသည်။
မြရီဝင်း ပြောပုံမှာ ပညာသားပါသည်။ ကောင်းထွန်း စကားကိုလည်း ဆန့်ကျင်ရာမရောက်အောင်၊ သူ့ ယောက်ျား လည်း သိက္ခာမကျအောင်၊ တစ်ဖက်ကလည်း သိပ်တော့ မသောက်ကြနဲ့နော်ဟု သတိပေး ပြီးသားလည်း ဖြစ်အောင် ပါးပါးနပ်နပ်ပြောသွားခြင်း ဖြစ်၏။ ရဲမော်ကတော့ သူ့မိန်းမအနေဖြင့် ခုလို သံတမန် ဆန်ဆန် စကားမျိုးသုံးနှုန်းတတ်အောင် ငါ လေ့ကျင့်ပေးထားတာပေါ့ကွ... ဆိုသော မျက်နှာ ပေးဖြင့် မြိန့်မြိန့်ကြီး ပြုံးနေသည်။
ဒီလိုနဲ့ သူတို့ဝိုင်းကို ဆက်လိုက်ကြသည်။ ပြီးတော့ ထုံးစံအတိုင်းတစ်ယောက်ကို တစ်ယောက် စ,ကြ၊ နောက်ကြ၊ ရယ်ကြ မောကြ။ ကိုယ့်မိန်းမတွေနှင့် ပတ်သက်ပြီး ကြောင်ကွက်၊ ဟားကွက်တွေ ပြောကြ သည်။ နည်းနည်း ညစ်ညမ်းသော ခါးအောက်ပိုင်း ပြက်လုံးတွေလည်း ပါသည်။ ပေါ်ဋ္ဌေးတစ်ယောက် သာ နှုတ်ဆိတ် နေသည်။ ထိုအခါ ကောင်းထွန်းက စကားစ,သည်။
"ဘယ်လိုလဲကွ ကိုပေါ်၊ ရင်ရင်ငြိမ်းက လပြည့် လကွယ် ဥပုသ်စောင့်တုန်းပဲလား"
"ထုံးစံအတိုင်းပေါ့"
ပေါ်ဋ္ဌေးက စိတ်မပါ့တပါ ဖြေသည်။ အောင်ချိုက ပေါ်ဋ္ဌေးကို ၀င်ဖဲ့သည်။
ဆက်ရန်
.

3 comments:
Thanks sis ... :)
Thanks Sis.
Ray
I can't find episode 13 that I read yesterday & new one for today. Why?
Post a Comment