ကဲ ရွှေစင်ဦး လေး ဘာရေးရမလည်း တနေ့ တနေ့ ရေးဖို့ စဉ်းစားရတာလည်း အမောသား… အညာဟင်း လေး ချက်ပြီး ဘဲ ကျွေးရမလား… ချစ်ကိုယ်တွေ့ လေး ရေးပြီးတော့ စာဖတ်သူ ညီမ များကို ကိုယ်နဲ့ အတူ မိုက်မိမှားအောင် စွဲဆောင်ရမလား …
အင်း တခါ တလေတော့ လည်း ရွှေစင်ဦး လေး အားငယ်တယ်ဗျာ ….. လောကကြီးအတွက် အကျိုး ရှိရာ ရှိကြောင်း ဘာမှ မရေးနိုင်တဲ့ အပြင် စားစရာ နဲ့ ချစ်စရာ အင်း..ရှက်များရှက်မိပါရဲ့.. ကဲ သန်ရာ သန်ရာ လို့သာ သဘောထားလိုက်ကြ ပါတော့ဗျာ……
ဒီနေ့တော့ အညာဟင်းလေး တွေ မချက်တာ ကြာလို့ ဟင်းလေး ချက်ကျွေးလိုက်အုန်းမယ် ... စဉ်းစား ထားတယ် ….. ချစ်ညီမ များကလည်း တောင်းဆိုကြတယ် ဆိုတော့……
ကျနော် ငယ်ငယ်က ဒီအချိန် ဆိုရင် မေမေ အမြဲချက်ကျွေးတဲ့ ရာသီစာ လေးပါ … တချို့ အရပ်က လူများတော့ စားလေ့ ရှိမရှိ မသိဘူး.. ကျနော် တို့ အညာမှာတော့ ပေါ်တဲ့ အချိန်မှာ အမြဲတမ်း ချက်လေ့ ရှိပါတယ်… ချဉ်ဖြုံးဖြုံး လေးနဲ့ အင်မတန် ထမင်းဝင်ပါတယ်…
နာမည် ကြားရင်တော့ တမျိုးများ ဖြစ်သွားမလားမသိဘူး အဟဲ.. ဂွေးသီး ပါတဲ့ဗျာ… အမှန်တော့ တောဂွေးသီးလေး တွေပါ… ကျနော် တို့ စားနေကြ အချဉ် ပေါင်း လုပ်တဲ့ ဂွေးသီး မဟုတ်ပါ.. ချက်စားတဲ့ ဂွေးသီး လေးတွေပါ.. မချက်ခင်က ဓါတ်ပုံ ရိုက်ဘို့မေ့သွားတယ်.....
အဲဒီ ဂွေးသီး ချက်ရင် အရင်ဆုံး ဂွေးသီးလေး တွေကို ရေမြုတ်ရုံ ထဲ့ ပြုတ်ရပါတယ်… ခဏနေ ဂွေးသီးလေး အိသွားရင် ရေအေးထဲ ပြန်စိမ်ပြီးတော့ အခွံခွာရပါတယ် အထဲက ဖြူဖြူလေး ကို ခရမ်းချဉ်သီး ကြက်သွန် ဖြူ-နီ ဆီသတ်ပြီးတော့ ငပိနဲနဲ ငရုပ်သီး နဲနဲ နဲ့ ချက်ရပါတယ် .. ပုဇွန်ခြောက် လေး ထဲ့ ချက်ရင်တော့ ပိုကောင်း ပါတယ်…

ရွှေစင်ဦးငယ်ငယ်က ကတော့ ပုဇွန်ခြောက် အစား ဒုံးခြောက် (ပုဇွန်ခြောက် အကြီးကြီး) တွေ ထဲ့ ချက် ဘို့ မေမေ့ ကို ပူစာ ပါတယ်… နောက်တော့ ဒုံးခြောက် ဆိုတာ မမြင်အပ်တဲ့ အရာ ဆိုပြီး ဈေးထဲက ပျောက်သွားပါတယ်… အင်း ရှိခဲ့ရင်လည်း ဝယ်စားနိုင်မှာ မဟုတ်တော့ ပါဘူး… ရွှေစင်ဦး တို့နဲ့ လားလား မှ မသက်ဆိုင်သောအရာ တွေ ဖြစ်သွား ပါပြီ….
ကဲ..အဲဒီ ဂွေးသီး ငပိချက်လေး က တခွက်.. (ဆီနဲနဲ များသွားလို့ ဆီပြန်စစ် ထားရပါတယ်) နောက် ချစ်ညီမ က ဈေးထဲက ငါးခုံးမတုတ် ဆိုလား ရခဲ့လို့တဲ့ အဲဒါလေးကို ဂျင်း ကြက်သွန်ဖြူ ငံပြာရည် အချိုမှုန့် နဲနဲ နဲ့ ပြုတ်ပါတယ်… အင်းငါးပေါင်းပေါ့.. ရေလေးခန်းသွားမှ နံနံပင် လေး အုတ်လိုက်တယ်.. အဲဒီငါးလေး က အချိုလေးလေး နဲ့ တော်တော် ကောင်းပါတယ်.. အရိုးတော့ နဲနဲများတယ်…
နောက်တခွက် ကတော့ ဝက်ခြေထောက် ကို နူးနေအောင်ပြုတ်ပြီး ကန်စွန်းရွက် နဲ့ မှိုခြောက် ပန်းခြောက် ခတ်ထားပါတယ်….. ဝက်သား စားသူတွေ အတွက်ပေါ့…
နောက်တခွက်ကတော့ ငံပြာရည်ချက်ပါ.. ဟိုတလောက ကျနော့် ကို ငံပြာရည် ကြဲ ချဉ်ပေါင်ဟင်း ရေကြဲ နဲ့ ချက်ကြွေး တာ ဘလော့ပေါ် မှာ ကျနော် က အော်ထားတော့ အခု ငံပြာရည် ချက် ကတော့ ရှယ် ချက်ထားပါတယ်...
သြ နောက်တခွက် ကတော့ နို့ခဲချက်ပါ.. အိမ်မှာ တော့ ချစ်ချစ်ကြီး က ငါးဟင်း ကြ တော့လည်း အရိုးများ သတဲ့ အသား ကြတော့ မစား ဆိုတော့ နို့ခဲချက် နဲ့ ပဲ နဲ့ ဘဲ ချက်ကြွေးရပါတယ် အညာ နို့ခဲချက်လေးပါ…. နောက် ပုဇွန်ခြောက်လေး နဲ့ ခဝဲသီး အရည်သောက် လေးပါ....

ချက်တဲ့ ဟင်းအားလုံးဟာ အညာဟင်း တွေ ဖြစ်ချင်မှ ဖြစ်မှာပါဗျာ… ဒါပေမဲ့ အညာသူ ရွှေစင်ဦး ချက်တော့ အညာဟင်းသာ မှတ်လိုက်ကြပါ…
ကဲ… စားလိုက်ကြ စို့ အားရပါးရ…
ဟင်းတွေ ကတော့ အကောင်းကြီး မဟုတ်ပါဘူး ..... သူလိုကိုယ်လို စားကြတဲ့ ဟင်းလေးတွေ ပါဘဲ....
သတိ.. အကြွေးသီးခံပါ...
လာရောက်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်....
ဒီနေ့ ရောင်းရငွေသည် နက်ဖြန်အတွက် အရင်း... (ဘာရယ်.. မဟုတ်ပါဘူး ဟင်းရောင်းစားမလို့ ကျင့်နေ တာပါ)
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
(.... ချစ်သော ဘလောဂါ အပေါင်း တို့ အခု ဘလော့ဂ် တွေ ပိတ်ထားတဲ့ အတွက် ဝင်ရခက်နေ ပါတယ် ... ပိုစ့် တင်ဘို့လည်း ခက်ပါတယ်... ဒါကြောင့် ရွှေစင်ဦး လေး အလည် မရောက်ခဲ့ရင် ခွင့် လွှတ်ကြပါ... )
.
29 comments:
ရွှေစင်ဦးချက်တဲ့ အညာဟင်းလေး လက်ငင်းပေးစနစ်နဲ့ သုံးဆောင်မိ တအားငြိစရာကောင်းတဲ့ အရသာ မမေ့ နိုင်တော့ ဘူး (ချက်နည်းလေး တခါတည်းမှတ်သွားတယ် ပြန်ချက် စားမယ် တွေးရင်း) သုဒြေ္န
ရွှေစင်ဦးချက်တဲ့ အညာဟင်းလေး လက်ငင်းစနစ်နဲ့  ကျနော်အားပေး ကောင်းလိုက်တဲံ့ အရသာ ရင်ထဲမှာတကယ်ငြိ စွဲမိတယ်လေး ချက်နည်းလေးပါကူးလို့ ယူ ကျေးဇုးတင်မနှေး သုဒြေ္န
အစ်မရယ်
ဒီနေ့ဟင်းတွေ ရှယ်ကောင်းတယ်..
တကယ်ပါဘဲ... အနည်းဆုံး ၃ပန်းကန်တော့ အသာလေးဖြစ်မယ်.. ဒီဟင်းတွေကိုမြင်တော့ ရောက်ရာအရပ်က မရွှေစင်ဆီ ပြေးလာချင်စိတ်ပေါက်မိတော့တာပါဘဲ..
အဟဲ. . ဒီနေ့ စူပါ မလာဘူး။ ဒါကြောင့် ဘယ်မှ သွားရဘူး။ ဒါကြောင့် ထမင်းစားရင်း ဖွင့်လိုက်တာ။ အမပို့စ်က အပေါ်ရောက်နေတယ်။ ဒါကြောင့် ထမင်းစားရင်း လာရောက် မျှော်ကာ စားသွားပါကြောင်း. . .
ရှလွှတ် ( ကွန်ပျူတာကို လျှက်သံ )
စာကတော့ ရေးအားသေးဘူးဂျာ။
နောက်နေ့တွေတော့ အပြင်ပဲ ထွက်နေရမှာပဲ :(
မန်းလေးက အဲ့လို ဟင်းခွက်စုံစုံနဲ့ စားတတ်တယ်ဆိုတာ သိလျက်နဲ့ မသိချင်ဟန်ဆောင်နေသူတယောက် ဒီပို့စ်ဖတ်ပြီး
မန်းလေးသားကြီးကို အသနားကြီး သနားသွားမိပါတယ်။
သတိ
ဒီနေ့ ဘာဟင်းချက်လဲ လို့ နှုတ်မဆက်ကြေး
ဒုံးခြောက်တော့ လွမ်းမိပါ့ဗျာ...
မန္တလေးရောက်ရင်တော့ ဒီဆိုင်လာစားရမယ်..
visa, master ကဒ်တွေလက်ခံတယ်မို့လား..
လက်မခံရင်တော့ နောင်ခါပေး..တွေ့တိုင်းတောင်းပါလေ....
ဂွေးသီးချက်တဲ့။ တစ်ခါမှ စားဖူးဘူး။ ကြည့်ရတာတော့ တော်တော် ရသာပြည့်ဝမဲ့ ဟင်းတစ်ခွက်ဘဲ။
မရွှေစင်ဦး ရေ ပုံထဲက ဟင်းတွေ နဲ့ထမင်းလာစားသွားပါတယ်။
အင်း လက်ငင်းချေတာ အကြွေမရှိလို့ တဲ့ အဲတာ တစ်ရှူးထုပ်ပြန်အမ်းလိုက်တယ်ဗျာ :(
စားလို့ ကောင်းပါရဲ့ ။
ပြန်ပြီဗျာ။
ခင်မင်သော
မောင်မောင်
ဟင်းတော့ မချက်ချင်ဘူး စားပဲစားချင်တယ်
ချက်တော့ မချက်ချင်ဘူး ... စားပဲစားချင်တယ်
မရေ ငရုတ်သီးစိမ်းအုပ်ထားတာသားရေယိုတယ်။
ညီမလည်းငါးဆိုရင်ငရုတ်သီးစိမ်းနံနံပင်အုပ်မှကြိုက်တာ...ငံပြာရည်ချက်ကော တ၀တီးသွားတယ်နော..အမျိုးသားကိုလည်းပြောလိုက်ပါဦး..ရှင်မိန်းမရကံကောင်းတယ်မှတ် လို့ ခစ်
အညာဟင်းကလေးချက်ပြီးချစ်သူအကြောင်းတွေးပါ-
လက်ငင်းစားသွားပါတယ်ခင်ဗျာ-
အင့် - - - ပိုက်ဆံ
ပိုတာပြန်မအမ်းနဲ့ တော့-
အမ..ဂွေးသီးငပိချက်ကြိုက်တယ်။
မြန်မာပြည် အိမ်မှာတော့ အမပြောသလိုမချက်ဘူးထင်တယ်။ လှီးပီးထောင်းတာတွေ့တယ်။
အမ..အမတို့ချက်တဲ့ငန်ပြာရည်ချက်လေးပါ ချက်နည်းရေးပေးပါလားးးး
အဲ့၂ခုကြိုက်တယ်။
စားချင်စရာကြီး.. အင်ဥထက်ပိုဆွဲဆောင်တယ်။ အင်ဥက မစားဖူးလို့..။
မြတ်နိုး
ဝက်ခြေထောက်ဟင်းရယ်၊ ငံပြာရည်ချက်ရယ်၊ ခ၀ဲသီး အရေသောက်ဟင်းချိုရယ် သောက်သွားတယ်။ အစ်မရေ.. အခုစားခဲ့တာကို ဂရက်တစ်ကဒ်နဲ့ ရှင်းလို့ရပါလား..(စားသာစားပြီး လက်ထဲလည်း လစာပြတ်နေလို့ ဟီးး)
အညာဟင်းတွေ အရမ်းစားချင်တာပဲ လွမ်းရတာ စားခါနီးတိုင်းး))။
.အစ်မ..နော်
အညာသူအကြိုက် အညာဟင်းလေးများကို ဆက်ရေးပါဦး၊ ချစ်ချစ်အကြောင်းများလည်း ဆက်ရေးပါ..။
အစ်မရေးတာ အားလုံး ကြိုက်ပါတယ်။
အမြဲအားပေးလျှက်..
လသာည ဖြစ်ပါတယ်
ပြောရက်လိုက်တဲ့ မမ.... အကောင်းကြီး ဟုတ်ပါဘူးတဲ့... ဟွန့်... ချိတ်လေတယ်။ ဒီတခေါက်ပြန်ရင်မန္တလေးလာလည်မယ်။ အဲခါကျမှ အဲလို သူလိုကိုယ်လို စားကြတဲ့ ဟင်းလေးတွေကို ချက်ကျွေးရမယ်နော်မမ။ ဂွေးသီး ငပိချက်လေးကို လွမ်းသွားတယ်။ ပြီးတော့ ဝက်ခြေထောက်။ ငံပြာရည်ချက်။ မမငါးကတော့ အရိုးများတယ်ပြောလို့ စိတ်မဝင်စားတော့ဘူး..... :D
ဂွေးသီး ငပိချက် စားချင်လိုက်တာဗျာ.......
ဂွေးသီးငပိချက် ကြိုက်တယ်။ နနို့ဂဲ ချက်ကြိုက်တယ်။ ငံပြာရည် ချက် ကြိုက်တယ်။ ညနေစာကျရင် ချဉ်သနပ်နဲ့ ထပ်တို့ဦး မယ်။ နောက်နေ့ မနက်ကြီးမိုးလင်းရင် ငံပြာရည်ချက် နဲ့ ဂွေးသီးငပိချက်နဲ့ မုန့်ပျစ်သလက် တို့စားမယ်..။
မမရွှေစင်..
ငံပြာရည်ချက်လေးကိုငေးသွားတယ်..။(အကြာကြီးပဲ...)။
တခြားဟင်းရောမကြည့်ဘူးလားဆိုတော့ မပြောတော့
ပါဘူး..။ စားချင်လိုက်တာနော်...။
ခင်တဲ့
သဒ္ဓါ
နောက်ကျမရောက်လာရတယ်..အမရေ
ဟင်းတွေကရှယ်ပဲ....
ကျန်တဲ့ဟင်းလေးပဲစားသွားတယ်...
စာရေးကောင်းသလို..ဟင်းချက်ပါတော်တယ်။
ဂလု ဂလု ဂလု တကယ်ပဲဗျာ
တော်တော်စားကောင်းမှာပဲ ဟူးး ထမင်းဆာလာပြီ
ဂွေးသီးချက်ကလွဲရင် ကျန်တာ အကုန်ကြိုက်တယ်။ ဒါနဲ့ ချစ်ချစ်ကြီးက နို့ခဲ တော်တော်ကြိုက်ပုံရတယ်နော်။
ဟဲ..ဟဲ။
အမရွေစင်
လိုင်းမကောင်းဘူး... ဘာတွေဖြစ်နေမှန်းကို မသိတာအမရေ .. လာရခက်နေပါတယ်.. ။ ဒါပေမယ့်လည်း သံယောဇဉ်ကြီဲးတော့ လေ အမျိုးမျိုး အကြံညဏ်တွေ ထုတ်ပြီး လာခဲ့တယ်.. တကယ်ပြောတာပါ.. ညာနေတာ ဟုတ်ဖူး..။
အဟမ်း.. စားစရာတွေကို ချက်ပြီးရင် ကိုယ့်ဘာသာ မစားပဲ အခုလို လုပ်ပြတာတော့ မကောင်းဘူးလို့ ထင်တာပဲ..(မကျေနပ်သံ.. မနာလိုဟန်လေသံဖြင့်).. အံမယ်နော်.. ဒီမှာလည်း ချက်စားပြစ်မယ်.. အဟဲ.. အိပ်မက်ထဲမှာ..။ ဥရောပရောက် ဆင်းရဲသားလေး စိန်ဗေဒါက အသက် ကြီးလာလေ အစားတွေ မက်လာလေပဲ.. တခုပြီး တခု လုပ်စားချင်နေတာနဲ့ (အညာသား အတု)မရွေစင်ကလည်း အမျိုးမျိုး ချက်ကျွေး နေတာနဲ့ နောက်တခါဆို အခုလိုမျိုး စားစရာခေါင်းစဉ်တွေ့ရင် လာဖတ်တော့ဖူးးးးးးးးးးးးးးးးးးး (စိတ်ကောက်ဟန်ဖြင့်)... နုတ်မဆက်ပဲ ပြန်သွားပါပြီ..။
အဆင်ပြေပါစေလို့တော့ အပိုဆု တောင်းဆုပြုရင်း ...
ခင်တဲ့
မဗေဒါ (၈၈)
အမရွှေစင်ဦးရေ..
ညီမလေးကတော့ဂွေးသီးငပိချက်ဆိုရင်သေးသေးလေးတွေလှီးပြီးအမလိုပဲချက်လိုက်တယ်.ပြုတ်တော့ဘူး..အလုံး
သေးသေးရှာပြီးလှီးလိုက်တယ်..အလွယ်ပေါ့
အမရွှေစင်ဦးရေ..
ညီမလေးကတော့ဂွေးသီးငပိချက်ဆိုရင်သေးသေးလေးတွေလှီးပြီးအမလိုပဲချက်လိုက်တယ်.ပြုတ်တော့ဘူး..အလုံး
သေးသေးရှာပြီးလှီးလိုက်တယ်..အလွယ်ပေါ့
စားချင်တယ် စားချင်တယ်။ လူမမာ နလန်ထစ ဘာမှ စားချင်စိတ်မရှိတာ အညာဟင်းတွေ လာကြည့်ပြီး ထမင်းတွေ ပြန်စားချင်လာပြီ :D
ချစ်ညီမလေး
ဟွန်းးးး ပန်းကန်ပဲ ဆေးသွားရပြီပေါ့၊ အပေါ်ကလူတွေ ဝါးတီးဆွဲသွားတာ ကုန်ပါရော...မချောက အဆိုးဆုံး ၃ ပန်းကန်တောင်....:)
ဟင်းတွေက စုံနေတာပဲ ... သွားရေကျချင်စရာတွေချည်းပဲ ... အိမ်နီးရင် တကယ်လာစားမိမှာ ... အဲလိုလေးတွေ ချက်စားဦးမယ်။ ဂွေးသီးကို IMM က Giant မှာ ရတယ်။
စားချင်စရာအညာဟင်းတွေပါပဲ၊ ဆီဝင်းအိလျှံလို့၊ အဆီတွေကြည့်စားအမရေ။
ဒီ site ထဲကိုလာရင် ဘိုက်ဆာတယ်ဗျာ စားချင်လာပြီနော်
Post a Comment