Wednesday, March 10, 2010

ရွှေစင်ဦး မလည် လိုက်ရတဲ့ သင်္ကြန် တနှစ် အပိုင်း (၂)

ဘဘကြီး လည်း ဆေးရုံက ဆင်းရော ရန်ကုန်ကို ပြန်ပါလေရော..၊ ဘယ်သူလိုက်ပို့သလည်း မမေးနဲ့ ချစ်ဖေဖေ ရဲ့ ကိုယ်စားလှယ် ကောင် (လေးကောင်ဂျင် သမားမဟုတ်ပါ) ဟာ ရွှေစင်ဦး လေးသာမှတ် လိုက်တော့..။

အင်း ဘဘကြီး နဲ့ ခရီးသွားရမှာလည်း ခပ်ကြောက်ကြောက်..၊ လူ့ လောကကြီးနဲ့ သိပ် မဆက်စပ်တော့ ဘာမှ သိပ်သိတာမဟုတ်တော့ဘူး..၊ နားလည်း နဲနဲ လေးတယ်..၊ သတင်းစာတွေ ဘာတွေလည်း မဖတ် တော့ဘူး၊  ရေဒီယို လည်း နားမထောင်တော့ဘူး.. ဘုရားတရား အလုပ် လုပ်တယ်.. အားရင် တရားအိပ်...အဲ .. တရားမှတ် တယ်..၊ အဲဒီတော့ ခေတ် အခြေအနေ ကိုလည်း သိပ်မသိတော့ဘူး...။

ကျနော် တယောက်ကတော့ ဘဘကြီး နားလည်အောင် နိုင်ငံရေး စီးပွားရေး အားလုံးကို ခြုံငုံပြီး  လေတော်တော် အကုန်ခံပြီး ပြောတော့ပြော ပြထားတယ်..ရွှေစင်ဦး ရဲ့ ချစ်သော အဖိုးဆိုတော့ နဲနဲ တော့ up to date ဖြစ်အောင်လုပ်ထားရတယ်...။
မီးရထားကြီးနဲ့ ခရီးသွားပါပြီခင်ဗျား...၊ အဲဒီခေတ်က မဆလ ခေတ်ကုန်ခါနီး ဆိုတော့ မှောင်ခိုတွေ ဘာတွေ ရှိသေးတယ်..၊ ရထားပေါ် မှာ ဟိုအထုတ် ဆွဲ ဒီအထုတ် ဆွဲ ပြီး နဲနဲတော့ ရှာတယ်..၊ အမြန်ရထား ဆိုတော့ ပစ္စည်း အများကြီး လည်း သိပ်ယူလို့မရဘူး...၊ ကျနော်တို့ မြေးအဖိုး နှစ်ယောက် ဟာ ပျော်ပျော်ပါးပါးကြီး ရထားကြီး သယ်ဆောင်ရာ ပါလာပါပြီ..။

ရထားထွက်ပြီး သိပ်မကြာလိုက်ပါဘူး.. ရှာဖွေရေးတွေ နဲ့ လက်မှတ်စစ်တွေလား မသိပါဘူး တွဲပေါ် တက်လာပြီး ထုံးစံအတိုင်း စားပေါက်ရှာ တော့တာပါဘဲ.. ကျနော် တို့ ထိုင်တဲ့ မျက်နှာခြင်းဆိုင် ခုံမှာ အမျိုးသမီး ၂ ဦးက ခြင်းတောင်း အကြီးကြီး ၂လုံး နဲ့ တရုပ်ဆေးတွေလား မသိဘူးထည့်လာတယ် (သေချာ မမှတ်မိ) ..၊ အဲဒါ အမြန် ရထားပေါ်မှာ အဲဒါတွေ မသယ်ရဘူးဆိုပြီး ပြသာနာ ရှာနေပါတယ်..၊ အကြာကြီးပါ.. နောက်တော့ အမျိုးသမီး ၂ယောက်က ပိုက်ဆံပေးရင်း နဲ့ ဈေးဆစ် နေကြပါတယ်..မပြီးနိုင်၊ မစီးနိုင်ပါ..။

ကျနော် အဖိုးလည်း တရေးနိုးလာပါတယ်.. ဟိတ် ဘာဖြစ်နေတာလည်းပေါ့.. တော်ရုံ ဆို ကျနော့် အဖိုးက မစပ်စုတတ်ပါဘူး နဲနဲကြာလာတာ ရယ် အမျိုးသမီးတွေက တအား တောင်းပန် နေတာရယ် ကြည့် ပြီး မေးလိုက်တာပါ..၊ အဲဒီမှာ ကျနော်လည်း ဘဘကြီး နားနား ကပ်ပြီး အဲဒါ ရှာဖွေရေးပေါ့လို့ ပြောလိုက်တယ်.. ကျနော်က အဲဒီမတိုင်ခင်က ဘဘကြီးကို မှောင်ခို အကြောင်း .. နောက်ပြီး သတင်းစာထဲမှာပါတဲ့ ကောက်ညှင်းဆန် တပြည် သယ်တာ ထောင်၃နှစ် ချပြီး တတွဲလုံး သယ်တော့ လွတ်သွားတဲ့ အကြောင်း တို့.. ဘာတို့ ကို လည်း ပြောပြထားတာကိုး..၊ အဲဒီအချိန်က ကျနော်က နိုင်ဝင်းဆွေ ရဲ့ နွေတည တို့ဘာတို့ ဖတ်ပြီး ဘဘကြီးကို ပြောကောင်းကောင်း နဲ့ မှောင်ခို ဆိုတာတို့ ရှာဖွေရေး တို့ဆိုတာ ဘာတွေ လည်း ဆိုတာ ပြောထားတာဆိုတော့.. ကျနော်အဖိုးက သိနေတယ်ဗျ..။

အခု ကျနော်လည်း လက်တွေ့ ဘဘကြီးတော့ ရှာဖွေရေးတွေ မှောင်ခိုတွေ တွေ့သွားပြီဆိုပြီး ဝမ်းသာအားရပေါ့ အဲဒါ ရွှေစင်ဦး ပြောတဲ့ ဟာတွေပေါ့ ဆိုပြီး ပြောလိုက်တယ်...၊ အမယ် ကျနော့် အဖိုးက မျက်တောင်မခတ် သူတို့ ပြောဆိုနေတာတွေကို ကြည့်နေတယ်ဗျ..၊ အမှန်က သူ က သိပ်ကြားတာ မဟုတ် ဘူး..၊ နားမှ မကောင်းတာ.. ဒါပေမဲ့ ဘာတွေဖြစ်နေလည်း ဆိုတာသူသိနေတယ်..။ 

ခဏ နေတော့ဗျာ.. ဆတ်ကနဲ့ ထရပ်လိုက်ပြီး အဲဒီနားသွားထည့် ပြီး ဟေ့.. ဟေ့ မင်းတို့ ရှာဖွေရေး တွေ တော်ကြ ပါတော့ကွာ.. တဲ့.... မင်းတို့ စားထားတာလည်း ဗိုက်ကြီး တွေကို ပူနေပြီ..ဆိုပြီး အော်ကျယ် အော်ကျယ် ထလုပ်တယ်ဗျ.. အားလုံးကလည်း ဝိုင်းကြည့် နေကြတယ်.. ကျနော်တော့ သွားပြီဟေ့ ငါ့ အဖိုးကတော့ လုပ်ချလိုက်ပြန်ပြီဆိုပြီး.. လာလာ ဘဘကြီး ကိုယ် နဲ့ မဆိုင်ဘူး သူတို့ ကိစ္စတွေ ဘဘကြီး မသိပါဘူး ဆိုတော့ သိတယ်.. သိတယ်..ဆိုပြီး ခပ်တည်တည် နဲ့ ဘုရှု့ ရှု့နေတာ..၊ နောက်တော့ ဟိုလူတွေ လည်း ဘဘ ကြီးကို ဘာပြန်ပြောရမှန်း မသိဖြစ်နေပြီး ကြောင်အန်းအန်း နဲ့ ထွက်သွားကြတယ်..။

အင်း..ကျနော့် မှာလည်း အဲဒီကြမှ.. အလုံးကြီးကြပြီး.. ဘဘကြီး ပြောတဲ့ သူတို့ ဗိုက်ပူပူကြီး တွေလှန်းကြည့် ပြီး ရယ်နိုင်တော့တယ်..။

ဒီလိုနဲ့ .. ကျနော်တို့ မြေးအဖိုး ရန်ကုန်ကိုရောက်သွား ကြပြီး.. အဖိုးကို အဒေါ် အိမ်မှာ ထားခဲ့ ရတယ်ဗျ.....၊ အဲဒီအချိန် ကစပြီးတော့ ကျနော့် အဖိုးဟာ မန္တလေး ကို မလာရတော့ပါဘူး...၊ ကျနော် တို့ ဘဲ နွေရာသီတို့ ကြားထဲ အကြောင်းကိစ္စ ရှိမှ သွားရင်းလာရင်း ဘဘကြီးနဲ့ တွေ့ခွင့် ရပါတော့တယ်...။

ဘဘကြီး ရန်ကုန်မှာ ၄နှစ်လောက် နေပြီး.. ရေချိုးခန်းထဲမှာ ချော်လဲပြီး ပေါင်ရိုးကျိုးသွားပါတယ်.. အဲဒီမှာ အိပ်ယာထဲမှာ လဲပြီး ၆လလောက် ဝေဒနာခံစားလိုက်ရပါတယ်...၊  ကျနော် တို့ အဒေါ် က ဘဘကြီး ကို စောင့် ရှောက်ဘို့ မဝင်း ဆိုတဲ့ အလုပ်လုပ်တဲ့ အန္ဒိယ အမျိုးသမီးတယောက်ကိုခေါ်ထားတယ်...။

ကျနော်တို့ က မမဝင်းလို့ ခေါ်တယ်..၊ ကျနော်တို့ ငယ်ငယ် ဒေါ်ကြီး တို့ ပြည်မှာ နေစဉ် ကထဲက ဒေါ်ကြီး တို့ အိမ်မှာ အလုပ် လုပ်လာတာဆိုတော့ ဆွေမျိုးတပိုင်း ဖြစ်နေပြီ..၊ ရန်ကုန် ဒေါ်ကြီး တို့ပြောင်း မှ လိုက်မလာတော့တာ.. အခု ဘဘကြီး နေမကောင်းတော့ ဘဘကြီးကို ပြုစုဘို့ ပြန်ခေါ်ထားတာပါ.. အရပ် ထောင်ထောင် မောင်းမောင်း ကိုယ်လုံးကိုယ်ပေါက် လှလှ မျက်လုံး မျက်ခုံးကောင်းကောင်း နဲ့ ရုပ်လည်းချော သဘောလည်းကောင်း စိတ်ရင်းလည်းကောင်းပါတယ်.. အသားလေး ကတော့ မီးသွေးခဲ နဲ့ နင်လားငါလား ပါဘဲ..၊ ကျနော် တို့က မမဝင်း ကို ချစ်တယ်..၊ အမ လိုဖြစ်နေတယ်..။

အခု ဘဘကြီး နေမကောင်းဖြစ်တော့ ကျနော် တို့ အဒေါ်က သူအားလုံး တာဝန်ယူ ထားတယ်.. ဒါပေမဲ့ ဘဘကြီး နားမှာ မမဝင်း တယောက်ထဲနဲ့ စိတ်မချဘူး.. ဆွေမျိုး ရင်းချာ ထဲကလည်း တယောက် ရှိနေရမယ်.. ဆိုပြီး ကျန်မောင်နှမ ၃ယောက် ထဲက တယောက်စီ တလ တလ သွားပြီး ဘဘကြီး ကိုပြုစု ဘို့ တာဝန် ယူရပါတယ်.၊ အင်း ကျနော် ပြောပြီးသားနော်  ဖေဖေ ရဲ့ ကိုယ်စားလှယ်ကောင်က ကျနော် ဆိုတော့  ဖေဖေ အလှည့်မှာ ကျနော်သွားရပါတယ်...၊ တနှစ်သော April လ တလ မှာပေါ့... ။

အပိုင်း (၃) ဆက်လက် ဖတ်ရှု ပါရန်

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

10 comments:

ရွှေရတုမှတ်တမ်း said...

ဘကြီးခမြာ မြေးမလေးရဲ့ လက်ချာတွေပို့ချခံလိုက်ရတော့...
ဗဟုသုတတွေစုံလင်သွားတာပေါ့လေ...
ရွှေစင်ဦးဘဘကြီးပဲ..ဒီလောက်တော့ရှိမှာပေါ့..

Anonymous said...

မရွှေစင် လက်ချာ ပေးကောင်းတယ်။ ကျမ ဘဘကြီးကိုလည်း ပြောပြပေးနိုင်ရင် ကောင်းမယ်။
သူလည်း ခေတ်အကြောင်း ဘာမှ မသိဘူး။ ခက်တာက စိတ်လည်း သိတ်မမှန်ဘူး။ သူ့မြေးလိုပဲ။:))

မအယ်

yawnetthan said...

မရွှေစင်ဉီး ဘဘကြီးက ဖိုက်တာဘဲ :)

Anonymous said...

စားထားတာလည်း ဗိုက်ကြီးတွေကို ပူလို့

ပူလို့......ပူရုံတင်မက ပြန်အန် ပေါက်ထွက်တော့မယ်ဗျို့လို့သာ အော်ချင်တော့တာပါ ဘဘကြီးရာ

ညလင်းအိမ် said...

အစ်မလေးတော်... သူက ကိုရီးယားကားလို လုပ်နေတယ်..ဟွန်း...း)

မောင်မောင် said...

မရွှေစင်ဦး ဘဘကြီး ကိုမဟုတ်တာတွေ မသင်ပေး ရဘူးနော်။
ရန်ကုန်ရောက်တော့ လျှောက်မလည်ဘူးလားဗျ။ ချစ်ချစ်ကြီး ရော မလိုက်လာဘူးလား
စပ်စုတယ်ဟုတ်ပါဘူးဗျာ။

ခင်မင်သော
မောင်မောင်

Unknown said...

Mama Shwezin,pls write part 3 in no sooner time,naw!


yours lovingly,
Watma(Jasmn)

မောင်မိုး said...

အစ်မရေ...မအားဘူးဗျ။ အချိန်လုပြီးစာလာဖတ်နေရတယ်။ ဘဘကြီးစကားကိုကြားယောင်ပြီး ကိုယ့်ဗိုက်ကိုယ်ယောင်ပြီးပွတ်မိသေးတယ်။ ဟဲ..ဟဲ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဘဘကြီး နားလေးနေတာတောင် လက်ချာ အပေးခံနေရတယ်နော်..ရွှေစင်.. :) ::)

ဆက်ပါဦးဗျာ... မျှော်နေမယ်...

ခင်မင်စွာဖြင့်
ိကိုမျိုး

အင်ကြင်းသန့် said...

မမရွှေစင်ရဲ့ ဘဘကြီးကတော့ မိုက်တယ်ကွာ... ဟုတ်ပ...မမရွှေစင်ရဲ့ ဘဘကြီးကိုး ဒီလောက်တော့ရှိမှာပေါ့ :)))

ချစ်ညီမလေး
အင်ကြင်း