Saturday, August 20, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၅)

ဈေးဝယ်ရန် လာသည်ဟု ထင်လိုက်ရသော လူတစ်ယောက် ကို ခြံစည်းရိုးနားတွင် မြင်လိုက်ရသ ဖြင့် အောင်တိုင် က အတည်ပေါက်အသံနှင့် ကျယ်ကျယ်ဆို၏။ မေသူကလည်း ရိပ်မိသွားတာ သစ်သားမီးခြစ် ရှိသားပဲ။ ရှင်မှ မမြင်ဘဲဟု ဆိုလေသည်။
ခြံစည်းရိုးဘက် မှ လူရိပ်သည် ဆိုင်ရှေ့ရောက်မလာ။ လေကာကျောက်တုံး နှင့် ကွယ်သွား၏။
"လေ လာပြန်ပြီ"ဟု အောင်တိုင်က ဆိုလိုက်သောအခါ မေသူက မီးခွက်ကိုလေကွယ်ရာ နှင့် တမင်ကာ ထား၏။

"မကာပါနဲ့ မီးငြိမ်းသွားတော့လည်း ပြန်ထွန်းရင် ရပါတယ်"
"တော်တော် တတ်တယ်နော်။ သွားတော့ မိုးရွာလိမ့်မယ်။ တောင်ပင်လယ်က လှိုင်းတွေ ဆူလာပြီ"
ရေဒီယိုထဲ တွင် မကြာမကြာ ကြားနေရသော "မောင်ယုံအောင် ပြောစမ်းပါမေရယ်။ ကိုယ်ယုံအောင် ပြောစမ်းပါခင်ရယ်" ဟူသော သီးချင်းကို သံပြိုင်ဆိုရင်း တောင်ဘက်ပိုင်းမှ ဘိုးမှီတို့ ထော်ကြီးတို့ လျှောက်လာ နေကြသံကို ကြားရသည်။

"ဟုတ်တယ်၊ နွေခေါင်ခေါင်လည်း မိုးကြိုးပစ်တတ်တာပဲ။ မေသူကို လားပိုးတဲ့ကောင်တွေ လာနေပြီ။ လစ်မှ။ နို့မို့ရင် ကက်ဆက်ဇာတ်လမ်းထဲကလို ဖိုင်တင်ချနေရဦးမမယ်"ဟု နောက်ထား ခဲ့၏။
တကယ်လည်း ဘိုးမှီ တို့၊ ထော်ကြီးတို့ မေသူဈေးဆိုင်ထဲ ၀င်သွားကြ၏။ သူကလည်း အစ်ကိုကြီး အိမ်ဘက် သုတ်သုတ်လှမ်း၍ လျှောက်လာ၏။ စိတ်ထဲအကြီးအကျယ် ၀မ်းသာလာသည်။ အစ် ကိုကြီး အိမ်ရှေ့က ဖြတ်လာစဉ်ကက်ဆက်သံကို နားထောင်မိ၏။ ပိဠိယက္ခ၏ အချစ်မြား စတီရီယို အဆိုတော်၏ အသံကိုမှတ်မိလိုက်သည်။
၉။

မိဇံကို ပဲ့ချိတ်ပေါ်မှာ မြင်ရသဖြင့် သူခေါင်းကြီးသွား၏။ ချောင်းထဲက ပဲ့ချိတ်ထုတ်ရန် လာမှန်း သိလျှင် ဘယ်လို မှ နှင်ချ၍ရမည်မဟုတ်။ ပင်လယ်နားထိ လိုက်မယ်ဟု အတင်းကပ်နေမည်ကို သူအတပ်သိသည်။ ထို့ကြောင့် ချောင်းနားရောက်ပြီးမှ မသိကျိုးကျွန်ပြုပြီး မိဇံတို့အိမ်ဘက် ဆက်လျှောက်လာ၏။
"အစ်ကို အောင်တိုင်"
ချောင်း ကို ကန့်လန့်ဖြတ်လဲနေသော အုန်းပင်ကြီးနားအရောက်မှ မိဇံက လှမ်းခေါ်သည်။
"ဘာလဲဟ"
"အစ်ကိုအောင်တိုင် ပဲ့ချိတ်ယူဖို့လာတာ မဟုတ်လား။ လာလေ"

"မဟုတ်ပါဘူး။ ငါနင့်အမေဆီ သွားတာ"
"ဘာကိတ်"
"ငါဘယ်သိမလဲ။ ငါအမေနဲ့ ငါ့ကို ဇံဇံတို့ အဖေအမေတို့က တိုင်ပင်စရာ ရှိတယ်။ ညနေလာခဲ့ပါ ဦးခေါ်ထားလို့။ ခုလောက်ဆို အမေတောင် နင်တို့အိမ် ရောက်နေမလား သမိဘူး"
"ဘာတိုင်ပင်ကြမှာလဲ"
"မသိပါဘူးဆို"
"ဇံဇံလည်းလိုက်မယ်။ အစ်ကိုအောင်တိုင် ခဏစောင့်ဦး"
"ငါနောက်ကျနေလို့ပါဆို။ လာပါလားနင်"

အောင်တိုင် က ခြေလှမ်းပိုသွက်ပစ်လိုက်သောအခါ မိဇံလည်းပြေးလိုက်လာပြီဆိုသည်ကို သူအတပ် သိ၏။။ ရယ်ချင် သော်လည်း သူပြန်လှည့်မကြည့်ရဲ။ မိဇံမမြင်အောင် လေကာကျောက်တုံးကြီး တစ်တုံးနှင့် ကွယ်ပစ် လိုက်၏။
အစ်ကိုအောင်တိုင်ဟု ခေါ်လိုက်သံကို ကြားရ၏။ ကျောက်တုံးနားကပ်နေလိုက်သည်။ မိဇံကျောက် တုံးနား ရောက်သော အခါ တစ်ဖက်သို့ ကျောက်တုံးခြေရင်းအတိုင်း ကုန်း၍ပုန်းလှည့်လာ၏။ မိဇံ သူတို့အိဘက် ပြေး လိုက် သွားသည်ကို မြင်လိုက်ရ၏။ သူချက်ချင်း ပဲ့ချိတ်ရှိရာ ချောင်းနားပြေး လာသည်။
ပဲ့ချိတ် ပေါ် ကမန်းကတန်း ခုန်တက်၍ စက်နှိုးလိုက်၏။ ဘုတ်ဘုတ် ဘုတ်ဘုတ် မြည်သံနှင့်အတူ ချောင်းဝ ဘက် အပြင်းမောင်းလာ၏။
"အစ်ကိုအောင်တိုင် အစ်ကိုအောင်တိုင်"

စက်သံကြား၍ မိဇံချက်ချင်း ပြန်လှည့်ပြေးလာ၏။ ချောင်းဝက ဆီးပြီးကြိုစောင့်နေသည်။ ကမ်းနဖူး က အုန်းပင်ရင်း တွင် မိဇံကို မတ်တတ်ရပ်၍ တွေ့ရ၏။ သူကစက်ရှိန်မလျှော့၊ ပြင်းပြင်းသာ မောင်း ချလာ၏။

"အစ်ကိုအောင်တိုင် စက်ရပ်ဦး၊ သူများပင်လယ်နား လိုက်မယ်။ သူများကိုလည်း ခေါ်သွားပါဦးဆို"
မိဇံရပ်နေရာ သို့ ရောက်သော်လည်း အောင်တိုင်က စက်မရပ်။ အတင်းဖြတ်မောင်းပြေးလာ၏။
"အစ်ကိုအောင်တိုင် သူများလည်း လိုက်ပါရစေ။ ခေါ်ပါဆို။ အစ်ကိုအောင်တိုင်၊ သြော်...အစ် ကိုအောင်တိုင် စောင့်ပါဦး။ သူများလည်း လိုက်ပါမယ်ဆို"
"မလိုက်နဲ့ဟေ့...ငါတို့အရေးကြီးနေလို့။ အစ်ကိုက ပဲ့ချိတ်ထုတ်ခိုင်းလိုက်လို့"
ချောင်းကမ်းနဖူး မှာ အော်ကျန်ရစ်သောမိဇံကို သူကလည်း အော်ပြောထားခဲ့လေ၏။

သားထမင်းစားတာကလည်း လူလိုက်လာတာ ကျနေတာပဲ။ ဖြည်းဖြည်းစားပါသားရယ်ဟု အမေကို သူ့ကိုကြည့်၍ ဆို၏။ ပါးစပ်ထဲသွင်းခါနီးသော ထမင်းလုတ်ကိုပြန်တော့ မချမိ။ ပါးစပ်ထဲ သို့ပြန်သွင်းဖြစ်အောင် သွင်းလိုက်၏။ သူအလောတကြီးဖြစ်နေသည်ကို အမေရိပ်မိမှာစိုး၍ အရှိန် သတ်လိုက်ရ၏။ မလုံမလဲနှင့် အမေ့မျက်နှာ ကိုလည်း မသိမသာ တစ်ချက်ကြည့်၏။ အမေ၏မှုန် ၀ါးသောမျက်လုံးအကြည့်နှင့် ဆုံမိ သွားပြန်သည်။

"သွားစရာ ရှိလို့လား သား"
"ဟင့်အင်း အမေ။ သြော်...အစ်ကိုကြီး အိမ်ဘက်ထွက်မလို့ပါ"
"နေ့တိုင်းသွားနေတာပဲ။ ကိစ္စရှိလို့လား"
"ထမင်းစားပြီး လာခဲ့ပါဦး မှာထားလို့။ ဟာလာစက် သားရေကြိုးများ လဲမလားမသိဘူး"
အမေ့ကို ညာပြောနေရသော်လည်း စိတ်ထဲကတော့ မလုံမိ။ သူ့စိတ်သည် မေသူ့ဆီသို့သာ ရောက်နေ၏။

မနေ့ညနေက မေသူ့ဆီသူရောက်ခဲ့သေး၏။ ဈေးဆိုင်တွင် လူများနေသဖြင့် စကားများများ မပြောခဲ့ရ။ မေသူ ကိုချစ်နေကြောင်း စပြောမိသော ညနေကလို မီးခွက်လည်း  မမှုတ်းခဲ့ရ။ သူ့စိတ် ထဲအားမလို အားမရဖြစ်နေ၏။ တမြန်နေ့က မီးခွက်မှုတ်ပြီး မေသူကို ဖက်နမ်းမိတာ အိမ်မက်လား ဟုပင်ထင်နေသည်။ မေသူ့ဆီမှ နွေးထွေးသော အတွေ့နှင့် မွှေးသင်းသင်းရနံ့မျာကို ပြန်စဉ်းစား ၍ပင်မရဖြစ်နေ၏။ သူ မေသူ နှင့် အချိန်ရှိသရွေ့ စတ်ထဲက တွေ့ချင်နေသည်။

သတိထားသည့်ကြားထဲက အမေ နှင့် လက်ချင်းတစ်ခါ ဆုံမိသေးသည်။ ထမင်းဝသွားသည်ကိုပင် အရသာ မတွေ့မိ။ အမေထက်စော၍ ထမင်းဝိုင်းမှ ထမိလိုက်သည်။ တော်ပလား၊ ၀ပလားဟု အမေ့အမေးကို "ဟုတ်ကဲ့"ဟုသာ ပြီးစလါယ် ပြောလိုက်ရ၏။
"ဒီနေ့သား ထမင်းစား နည်းလိုက်တာ"
"နေ့ခင်းက အစ်ကိုကြီးနဲ့ ပလောပီနံဥတွေ ပြုတ်စားလာလို့ အမေ"
အမှန်စကားကို ဤတစ်ခါ ဆိုမိသွားသည်။

"ပလောပီနံဥ စားထားရင် အချဉ်တွေဘာတွေ မစားနဲ့။ ငါးမန်းသားတွေလည်း မစားနဲ့။ တောက် တတ်တယ်။ ညနေ ရေနွေးကြမ်းဝိုင်းထိုင်ရင် ငါးမန်းခြောက်ဖုတ် တွေဘာတွေ သတိထား။ နင့်အစ် ကိုကြီး က အစားသရမ်းတယ်။ တွေ့မရှောင် စားစားတတ်တယ်။ မှိုနဲ့ ပင်လယ်ခုံး စားလို့လည် တစ်ခါတောက် ပြီးပြီ။ မတည့်တဲ့ အစားအစာ၊ တောက်တက်တဲ့အစားအစာ၊ ကိုယ်ကသိတတ်ရ တယ်"
အမေ့စကား ကို အပြည့်အစုံပင် မကြားမိ။ ဂျင်းဘောင်းဘီ လတ်လတ်နှင့် ယိုဒယားစွပ်ကျယ် အသစ်ကို ကောက် ၀တ်လိုက်သည်။ ပိုက်ဆံကို သတိရသဖြင့် နေ့ခင်းက ၀တ်ထားသော ဂျင်းအင်္ကျီအဟောင်းထဲ လက်လှမ်းနှိုက်၏။ အကြွေနှင့် ကျပ်တန်သုံးလေးရွက်ကို ဂျင်းဘောင်းဘီ ရှေ့အိတ်ထဲ ထိုးထည့်လိုက်၏။ အင်္ကျီ ကတော့ ကော်လံလည်းမပါ။ အိတ်လည်းမပါ။ အမျိုးသမီး နှင့်အမျိုးသားတို့ ကျော်ချင်းကပ် လက်ချင်းယှက် ထားသော ပုံကပါသည်။

အစ်ကိုကြီး ၀တ်သည်ကို အတုယူ၍ သူဝတ်ထား၏။ အစ်ကိုကြီးလိုပင် ဟန်နှင့်ပန်နှင့် လက်မှနာ ရီကို ဆက်ခနဲ မြှောက်ကြည့်၏။ ခြောက်နာရီကျော်သာရှိသေးသည်။ အုန်းပင်မြင့်မြင့်ပေါ်တွင် နေရောင်ခြည်ပင် ရှိနေဦးမည်။

ဖြစ်နိုင်မည်ဆိုလျှင် နေကိုသူဆွဲချချင်နေသည်။ မြန်မြန်မှောင်စေချင်နေသည်။ မမှောင်ဘဲနှင့် ဓာတ်မီးကိုင် သွားလျှင် ကြွားသည် ပေါသည်ဟု ထင်ကြသည်။ သည်လိုတော့ သူအထင်မခံနိုင်။ အထူးသဖြင့် မေသူရွာ၌ ရှိစဉ် တစ်ယောက်ယောက် ပါးစပ်ပေါက် ပေါက်ဖောက်၍ မေသူ့နားပေါက် သွားလျှင်မေသူသူ့ကို အထင်သေး သွားမှာ စိုးမိသည်။
ယိုးဒယားကွင်းထိုး ဖိနပ်ထဲ ခြထိုးစွပ်၍ အိမ်ရှေ့သို့ ထွက်လာ၏။ လေကာကျောက်တုံး ခြေရင်း တွင် ဖျာစုတ်တစ်ချပ် နှင့် လှမ်းထားသော အုန်းဆံဖဲ့များဆီ မျက်စိရောက်သွား၏။ ခြောက်အောင် လှမ်းထားသော အုန်းဆံဖဲ့များကို လက်နှစ်ဖက်နှင့် သွားကျုံးမိသွားပြီးမှထည့်စရာကို သတိရသည်။ လက်ခုပ် ထဲက အုန်းသားတွေကို ပြန်ချလိုက်၏။ အိမ်ထဲ တစ်ခေါက်ပြန်ဝင်လာသည်။

"အမေ၊ အုန်းသားထည့် တဲ့ တောင်းကော"
"ဟင်...သားမသွားသေးဘူးလား"
ထမင်းစားပြီး၍ ပါးစပ်ထဲ ဆေးရွက်ကြီးထည့်ရန် ခါးစည်းဖြေနေသော အမေကအံ့သြသလို လှမ်း မေး၏။
"ကျွန်တော် အုန်းသား တွေ ရုပ်ပေးထားခဲ့မယ်။ တောင်းကော"
"အမေ ရုပ်ပါ့မယ် သားရယ်။ မောင်ထွန်းသောင် မျှော်နေလိမ့်မယ်"
"ရပါတယ် အမေရာ"
"လာဦးသား"
ဘာပါလိမ့်ဟု အမေ့အနာ သူကပ်သွား၏။

"ပါးစပ်ဟလေ"
"ဟာ...အမေကလည်း ပါးစပ်နံတယ်ဗျ။ ကျွန်တော် ဆေးမငုံတာကြာပြီ"
သူ့အမေက ရယ်နေသည်။

ယခင်က ဆိုလျှင် သူ့အမေသည် သူ့ပါးစပ်ထဲ ဆေးရွက်ကြီး ခွံပေးတတ်၏။ ဆေးရွက်ကြီးငုံရ သည်ကို သူပါးစပ်တွေ့သည်။ စပ်စပ်ခါးခါးအရသာကို သူကြိုက်သည်။ သူ့အဖေနှင့် တစ်ရွာလုံး လည်း ဆေးငုံကြသည်။ ယခုသူတို့ရွယ်တူ လူငယ်တွေက ဆေးမငုံကြတော့။ ဆေးငုံသူများကိုပင် ပါးစပ်နံသည်ဟု ကဲ့ရဲ့ နေကြပြီ။ မိန်းကလေးတွေကိုလည်း ဆေးငုံလျှင် လင်မရတော့သလို ထင်နေသည်။ စွဲနေသူတို့ပင် ပုန်းကွယ် ၀ှက်လျှိုးသာ ရွယ်တူတွေ မမြင်အောင် ခိုးငုံကြသည်။ ဆေးငုံမည့်အစား ဆေးသားလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက် တစ်ခုခုလက်ကြားညှပ်ကြသည်။

ဤသည်မှာလည်း အစ်ကိုကြီးကိုတု၍ လုပ်ကြခြင်းဖြစ်သည်။ အမေပြောသလို အစ်ကိုကြီးသည် အစား အသောက် မရွေးသလိုဆေးလိပ်လည်း မရွေးပေ။ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက် အကုန် သောက်၏။ အစ်ကိုကြီးကို အတုလုပ်သောက်မိ၍ ယခုအောင်တိုင်ပင် ဆေးပြင်းလိပ် သောက်တတ်နေပြီ။ အစ်ကိုကြီး ဆီမှာ ဆေးပြင်းလိပ်ကလည်း မျိုးစုံရှိသည်။ လက်သန်းလောက် သာရှိသော ရွှေရောင်ပတ်နှင့် ဆေးပြင်းလိပ် အသေးလေးကို အစ်ကိုကြီးက ဂိုက်ထုတ်သောက် တတ်သည်။ စီးကရက်ကိုပင် သူများစွာ နှစ်ခြိုက်ပုံမရ။

"ဆေးငုံတာ သွားခိုင်တယ် သားရယ်"
"ဆေးသားလိပ်သောက်တာလည်း သွာခိုင်တယ်လို့ အစ်ကိုကြီးက ပြောတယ်အမေ။ ကျွန်တော် ဆေးသားလိပ်ပဲ သောက်မယ်။ အစ်ကိုကြီး ပေးထားတဲ့ သေးသေးတစ်လိပ် နှစ်လိပ်ရှိပါတယ်"
မေသူဆီသွားလျှင် ဆေးပြင်းလိပ် အသေးလေးကို ဂိုက်ထုတ်၍ သောက်သွားရန် အမေဆေးငုံ ခိုင်းမှ သတိရ မိ၏။ အစ်ကိုကြီးက သောက်ကြည့်ပါလားဟု ပေးထားသော ဆေးပြင်းလိပ် သေးသေးလေးတွေ ဘယ်နား က ၀ါလုံးခေါင်းထဲ ထည့်ထားမိပါလိမ့်ဟု ချက်ချင်းသူစဉ်းစားရပြန်သည်။
အုန်းသားရုပ်ပြီးသောအခါ ရံတန်းခေါင်းရင်းဘက်ထဲက ၀ါးလုံးခေါင်းတွေသူ လျှောက်နှုတ်နေပြန် ၏။

"သြော်... ဇံဇံလာလေ"
ရုတ်ရက် သူလှည့်ကြည့်လိုက်သည်။ ငါးနှပ်တစ်တွဲ ကိုင်၍ မိဇံဝင်လာသည်ကို မြင်ရ၏။
"ငါးနှပ်ဟင်းစား လာပေးတာ အဒေါ်နိုင်း"ဟု ပြော၏။
တစ်နေ့က ပဲ့ချိတ်ကိစ္စ သတိရ၍ မိဇံကို သူအားနာသလို ဖြစ်သွားသည်။ ရုတ်တရက် နှုတ်မဟရဲ သေး။ ဆေးလိပ် ရှာ၍ တွေ့သောအခါ ဆေးလိပ်ကို ပါးစပ်ထဲထည့်ပြီး ရှုရှိုက်လုပ်နေ၏။ မီးမညှိဘဲ အစမ်း သောက်ကြည့် သည်။

"အဒေါ်နိုင်း အစ်ကိုအောင်တိုင်တို့များ သိပ်ဆိုးတယ်သိလား။ တစ်နေ့ကသူပဲ့ချိတ်နဲ့ ပင်လယ် ခဏ လိုက်ပါရစေ ပြောတာမခေါ်ခဲ့ဘူး။ အတင်းမောင်းပြေးသွားတယ်"
"ဟုတ်လားသား၊ ဘာလို့ ဇံဇံခေါ်မသွားတာလဲ"
"ကြာနေမှာစိုးလို့ အမေရာ။ ဇံဇံပါနေရင်...."
"ရှုပ်တယ်ဆိုပါတော့"
"မဟုတ်ပါဘူး ဇံဇံရာ၊ ခါတိုင်း ဇံဇံကိုခေါ်တာပဲ မဟုတ်လား။ အဲဒီနေ့က အရေးကြီးနေလို့ပါ"
ဆေးလိပ်လည်း ရပြီဖြစ်သဖြင့် ဓာတ်မီးယူကာ အိမ်ရှေ့ထွက်လာသည်။

"ခု ဘယ်သွားဦးမလို့လဲ အစ်ကိုအောင်တိုင်"
"အစ်ကိုကြီး ခေါ်ထားလို့"
"ပဲ့ချိတ်ထုတ်ခိုင်းဖို့များလား"
"ဘယ်သိမလဲဟ။ နင်လိုက်ချင်လို့လား"
မိဇံက အမေ့မျက်နှာကို လှည့်ကြည့်သည်။

"ဇံဇံ အစ်ကိုကြီးတို့ဆီ လိုက်သွားမလို့လား။ သွားဖြစ်မှာ သေချာရဲ့လား သားရယ်"
"အမေကလည်း ဒါတော့ဘယ်သိမလဲ။ အစ်ကိုကြီးက ခိုင်းမှသွားရမှာ"
ဘာလို့များ အမေ့ရှေ့နှုတ်ကျွံလိုက်မိပါလိမ့်ဟု မိမိကိုယ်ကို အပြစ်တင်မိပြန်သည်။

"သား မောင်ထွန်းသောင် ဆီ သွားမှာနဲ့။ ပြန်လာပြီး ပဲ့ချိတ်လာထုတ်မှာနဲ့ဆိုတော့ မိုးများချုပ် နေမလား။ ဇံဇံ အမေ ဘယ်အချိန်ပင်လယ်နားက ပြန်တတ်လဲ။ မှီပါ့မလား"
"အမေက စောစော မပြန်တတ်ပါဘူး အဒေါ်နိုင်းရယ်။ ခုတလော ငါးတွေလည်း အရများတယ်။ အစ်ကိုအောင်တိုင် ဇံဇံအိမ်ကပဲ စောင့်နေမယ်နော်။ စက်သံကြားရင်တော့ ဆင်းလာခဲ့မယ် သိလား"
"အေးအေး"ဟုပြောကာ သူအိမ်ရှေ့သို့ လှမ်းထွက်သွားသည်။ ရယ်ချင်နေသော်လည်း အမေ့ရှေ့ မို့ မရယ်ရဲ။ စိတ်ထဲကတော့ "စောင့်စောင့်နင်သေအောာင်စောင့် ကြားပါလိမ့်မယ် စက်သံအားကြီး ကြီး"ဟု ပြောထားခဲ့၏။

မိဇံရန်ကြောက်၍ စောစောထါက်လာသော်လည်း အမှောင်မပျိုးတတ်သေး။ လက်ကနာရီ မြှောက် ကြည့်၏။ ခုနှစ်နာရီပင် မထိုးသေး။ ပေါသည်ကြွားသည် ထင်မှားစိုး၍ လက်နှိပ်ဓာတ်မီးကို ခါးထိုး လိုက်၏။ စွပ်ကျယ် နှင့် ဖုံးသည်။ ဆေးပြင်းလိပ် သေးသေးလေးကို လက်ကြားညှပ်လိုက်သောအခါ သူ့ခြေလှမ်းက ပိုသွက်သွားလေသည်။
မေသူက အဟက်ခနဲ ရယ်လိုက်သဖြင့် သူ့စိတ်ထဲမလုံမလဲ ဖြစ်သွား၏။ မေသူ့စိတ်ထဲ မလှမပများ မြင်သွား သလားဟု စိုးရွံ့မိလိုက်သည်။
"ဘာရယ်တာလဲ"
"မရယ်ပါဘူး။ လှလို့ပါ"

  အောင်တိုင်၏ ၀တ်စားဆင်ပြင်မှုကို မေသူသဘောကျသွားသည်မှာတော့ အမှန်ပင်။ သို့သော် စိတိထဲမှာ အောင်တိုင် ၀တ်ဆင်လာမှုနှင့် ဆက်နွယ်ပြီး ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီဝတ်၍ ခါးတွင် ဘူးတောင်းနှင့် ပခုံးတွင် ငါးဖမ်းကွန်နှင့် ချိုင်းကြားတွင် ရေဒီယိုကက်ဆက်လွယ်၍ လေးငါးရာတန် နာရီပတ်ကာ ပင်လယ်နား ငါးဖမ်းထွက်သွားသော အောင်တိုင်တို့အရွယ် လူငယ်အချို့ကို မျက်စိ ထဲမြင်နေမိသဖြင့် စိတ်ထဲ ရယ်ချင်နေသည်။

လေးငါးနှစ်အတွင်း သူတို့ရွာက လူငယ်လူရွယ် မိန်းကလေး၊ ယောက်ျားလေးများ ၀တ်စားဆင်ယင် မှု တိုးတက်ပြောင်းလဲသွားသည်မှာ အချိန်တိုတောင်းလွန်း သဖြင့် အချိုးအစား မမျှသလို ဖြစ်နေ သည်။ မိန်းကလေးများ ဆိုလျှင် ပါးနီ၊ နှုတ်ခမ်းနီ၊ ရေစိုထဘီဝတ်လာပြီး ခါးကြားထဲက ဆေးရွက် ကြီးတွေကို နံနံစော်စော် ထုတ်ငုံကြသောအခါ သူတို့ဝတ်ဆင်လာမှုနှင့် သူတို့ အလုပ်အကိုင် အလေ့အထတွေမှာ တခြားစီ လို ဖြစ်နေတတ်သည်။ မဟီတွင် ကျောင်းနေခဲ့ရသော မေသူ၏ မျက်စိ ထဲမှာ ဤသည်တို့ကို ကန့်လန့် မြင်နေသည်။

အောင်တိုင်သည် ရွှေရောင်အပတ်နှင့် ဆေးပြင်းလိပ် သေသေးလေးကို ပါးစပ်ထဲဂိုက်ဆိုက်အပြည့် နှင့် ခဲ ထားပြီး မေသူ့ရှေ့က ရေနံဆီမီးခွက်ကို လှမ်းယူ၏။
"မီးခွက် မီးသေသွားပါဦးမယ်နော်။ ရေနံဆီမီးခွက်နဲ့ ဆေးလိပ်မီးညှိရတယ်လို့၊ ဂက်စ်လိုက်တာ် မီးခြစ် တစ်လုံး ၀ယ်ထားပါလား"
"သေသွားရင် ပိုမကောင်းဘူးလား"
"တော်တော်လည်နော်"
"တောင်လေပေါက်လာပြီနော်။ လှိုင်းအူသံတွေ...."
အောင်တိုင် စကားမဆုံးခင် မေသူက ဆီမီးခွက်ကို လှမ်းလာ ၍ ထောင့်ကွယ်သို့ ရွှေ့ထားလိုက်၏။

"ရော့ ဒီမှာ မီးခြစ်၊ ဒါနဲ့ ညှိ"
မေသူ ဇိုးဇိုးဇက်ဇက် ကောက်ပေးလိုက်သော မီးခြစ်နှင့် လက်ကို အောင်တိုင်က ရောဆုပ်စပ်လိုက် ၏။ မီးရောက်ထဲတွင် မေသူ၏မျက်စောင်း ၀င်းဝင်းလက်သွား၏။ အောင်တိုင်က အဟက်ခနဲ တစ်ချက် ရယ်လိုက်သည်။
"ဘာရယ်တာလဲ"
"လှလို့ပါ။ မီးခွက်မှုတ်လိုက်မယ်နော်"
"မလုပ်ပါနဲ့။ သူများစိတ်ညစ်ရတဲ့အထဲ"

"ဟင်...ဘာလို့စိတ်ညစ်တာလဲ မေသူ။ တို့တော့ ညတွေဆို အိပ်မပျော်ဘူး။ ဟိုနေ့ကလို....."
"စိတ်ညစ် ပါတယ်ဆို။ ဘာတွေလာပြောနေမှန်း မသိဘူး"
"ဘာလို့စိတ်ညစ်တာလဲလို့။ ကိုယ်တို့တော့ သိပ်ပျော်တယ်။ မေသူ မပျော်ဘူးလားဟင်"
"ပျော်နိုင်မလား"
"ဟင်...ဘာဖြစ်လို့လဲ"
"အဖေ့မိန်းမ ဟိုဘက်ကမ်း ထွက်ပြေးသွားပြီ"
"ဟင်...ဘာဖြစ်လို့လဲ။ မေသူနဲ့ ရန်ဖြစ်ကြလို့လား"

"မေသူနဲ့တော့ မဖြစ်ပါဘူး။ အဖေက အိပ်ရာထဲ လဲနေတာကြာပြီ။ မပြုစု ချင်တော့လို့ နေမှာပေါ့"
အောင်တိုင် သက်မချမိသွားသည်။ မေသူ့အဖေကို အပြင်အပတွင် မမြင်မိသည်မှာတော့ အတော် ကြာ လေပြီ။ သို့သော် ဤမျှဖြစ်နေမှန်း အောင်တိုင် သတိမထားမိ။
"ခု ဘယ်လိုနေသေးလဲ"
"ဆေးရှူနေရင် သက်သာနေတာပဲ။ ဆေးမရှူရတဲ့နေဆို အိပ်ရာထဲက လုံးလုံးမထဘူး"
"ဟိုတုန်းကလည်း ရှူနေကျပဲ မဟုတ်လား။ တချို့အပျော်တောင် ရှူကြသေးတာပဲ"

"အပျော် တစ်ခါတစ်ခါ ရှူတာက အကြောင်းမဟုတ်ဘူး။ ခု အဖေကစွဲနေတာ။ ဟိုတုန်းက မရှူရ လည်း နေနိုင် တယ်တဲ့။ ခုတော့ မရှူရရင် အိပ်ရာကကို မထနိုင်တော့ဘူး။ စိတ်ညစ်ပါတယ်"
"အသက်ထက်အပြင် ဘယ်ရှိမလဲ မေသူရယ်။ ၀ယ်ပေးကြရမှာပေါ့"
"ဘယ်မှာလဲ၊ ဘိန်းဝယ်ဖို့ တစ်နေ့သုံးလေးဆယ် ပိုက်ဆံ"
"မေသူ တို့မှာ ပိုက်ဆံရှိပါတယ်။ ဒီဆိုင်က ပစ္စည်းတွေတောင် နည်းလား။ ဈေးလည်း ခုဆို သိပ်ရောင်း ရတာပဲ မဟုတ်လား။ ဟိုတုန်းကထက်တောင် ပစ္စည်းစုံနေတာပဲ"
မေသူ က သူ့ကိုပြန်ကြည့်၍ မဲ့ပြုံးတစ်ချက် ပြုံး၏။

"ဒီဆိုင်က မေသူတို့ဆိုင်မှ မဟုတ်တာ။ စာရင်း နဲ့ အတိအကျပြန်အပ်ရတာပဲ"
"ဘယ်သူ့ဆိုင်လဲ"
အံ့သြစွာ မေးလိုက်မိသည်။

"ဆိုင်ကတော့ မေသူတို့ဆိုင်ပဲ ဆိုပါတော့။ ဒါပေမဲ့ ပစ္စည်းတွေက မေသူတို့ပစ္စည်း မဟုတ်ဘူး။ မေသူတို့ ပစ္စည်း ဆိုလို့ ဗူလိနတ်စ မဖြစ်စလောက် တာတွေပဲရှိတယ်။ အားလုံးနီးနီး အစ်ကိုကြီး တင်ထားတဲ့ ပစ္စည်း တွေပါ။ မေသူတို့က ရောင်းပေးခလောက်ပဲရတာ။ အဖေ့မိန်းမလည်း အစကတော့ အဖေ့ဆိုင်ထင်လို့ပေါ့။ နောက်တော့ သူလည်း သိသွားတာပေါ့။ သိလည်း သိရောလစ် ပြေးတော့တာပဲ"
မေသူပြော မှ အကြောင်းစုံ သိလိုက်ရ၏။ သူလည်း စိတ်ထိခိုက်မိသည်။ သူကမေသတို့အဖေပိုင် ဟု ထင်ခဲ့သော ဆိုင်က ပစ္စည်းများသည် ယခုတော့ အစ်ကိုကြီး ပစ္စည်းတွေ ဖြစ်နေ၏။ ရုတ်ရက် ဘာပြောရမှန်း မသိဘဲ မေသူ၏ညှိုးနွမ်းနေသော မျက်နှာကိုသာ ငေးမိသွား၏။

"ဘိန်းကလည်း ဟိုတုန်းကလို ၀ယ်လို့မလွယ်ဘူးတဲ့။ ဘိန်းဖြူဖမ်းဖို့ရှာရင်းက ဘိန်းမည်းတွေမိ လို့မြိတ်မှာ တစ်သီကြီး အဖမ်းခံထားရတယ်တဲ့။ ဆန်ခိုးမမိ ဖွဲခိုးမိဆိုသလိုပေါ့။ ကနုကမာငုပ်လို့ ၀မ်းပျက်တာတောင် ဆေးရှူစရာ ၀ယ်မရဘူးလို့ ညည်းနေကြတာ မကြားမိဘူးလား"
"ကြားတော့ ကြားမိပါတယ်။ဒီလောက်ထိ မထင်လို့"

"အဖေက မြိတ်အဆက်အသွယ်နဲ့ယူတာ ပင်ရင်းပါပြတ်သွားတော့ သူပါဒုက္ခရောက်တာပေါ့။ မနေ့ အစ်ကိုကြီး အဖေ့ကိုလာကြည့်တယ်။ အဲဒါ အဖေကအစ်ကိုကြီးကို ငိုယိုပြီးရှာပေးဖို့ပြောတယ်။ အစ်ကိုကြီးကတော့ အတတ်နိုင်ဆုံး သူကြိုးစားကြည့်ပါ့မယ်လို့ ပြောသွားတာပဲ။ ဒါပေမဲ့အပြင် ရောက်တော့ မေသူ့ကိုပြောတယ်။ ဒိကိစ္စမလွယ်ဘူးတဲ့။ သူ့ရှိသမျှပစ္စည်း ပုံပေးပါဆိုတောင် ပုံပေးဝံ့တယ်။ ဆေးရှာ ပေးဖို့တော့ သူမရဲဘူးတဲ့။ မိရင်လေးငါးဆယ်ဖိုးနဲ့ ထောင်ဆယ်နှစ်ကိုးနှစ် ကျမှာတဲ့။ ဒီအတိုင်း ဆိုရင် အဖေသေမှာပဲ။ မေသူလည်း ဘာမှမကြံတတ်တော့ ဘူး"
"တို့လည်း ရှာကြံပေးချင်ပါတယ် မေသူရယ်။ ဒါပေမယ့် တို့လည်း ဘယ်လိုရှာရမှန်း မသိဘူး လေ။ တကယ်ပါ။ အဆက်အသွယ်ရှိတဲ့ လူတွေ့ရင် ပြောပါ။ မေသူအဖေအတွက် ဆိုရင် တို့ဆောင်ရွက် ပေးချင်ပါတယ်။ အသက်တစ်ချောင်းဟာ မသေကောင်းဘူး မဟုတ်လား"

"ယုံပါတယ်။ ဘာလဲဖြစ်ဖြစ် အစ်ကိုကြီးတော့ မေသူတို့ထက်ပိုသိတာပဲ။ အစ်ကိုကြီးနဲ့ ထပ်တိုင် ပင် ဦးမယ် လို့ မှန်းတားတယ်"
"တိုင်ပင်ပါဦး"ဟူသော အောင်တိုင့်စကားမဆုံးခင်ပင် မေသူ့ဆီ ဈေးဝယ်လာကြသော ရေနီဝိုင်းက ဖေတင်တို့ ပိုးသီတို့ကြောင့် စကားဖြတ်ထားလိုက်ကြသည်။
သူက ပဲလှော်ထုပ်ကို လှမ်းဆွဲ၍ ကမန်းကတန်း ၀ါးနေ၏။ ဖေတင်နှင့် ပိုးသီတို့က သူ့ကိုမသိမသာ အကဲခတ်ကြသည်။
"ဘယ်က လှည့်လာကြလဲဗျ"
"ဟိုဘက်ဝိုင်းသွားမလို့ဗျာ။ သြော်...ခင်ဗျားအစ်ကိုကြီးနဲ့ တွေ့ပြီးပလား"ဟု ပိုးသီက ပြောသည်။

"အစ်ကိုကြီး ဘာဖြစ်လို့လဲ"
"စောစောက အစ်ကိုကြီးက ခင်ဗျားတို့အပိုင်းမှာ တွေ့လိုက်တယ်။ ခင်ဗျားလိုက်ရှာနေလား ထင်လို့။ ဒီနေ့ အမဲပစ် မသွားကြဘူးလားဗျ"
ဖေတင် ၏  စကားကို အောင်တိုင်အံ့သြသွား၏။ အစ်ကိုကြီး သူ့ကိုဘာကိစ္စ ရှာနေပါလိမ့်။ အစ်ကိုကြီး အိမ်နှင့် မေသူတို့အိမိမှာ နီးနီးလေးဖြစ်သော်လည်း မေသူတို့အိမ်တွင် သူရှိနေသည်ကို အစ်ကို ကြီးမသိ၍ ဖြစ်မှာပဲ ဟု တွေးလိုက်၏။ သူရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"မတွေ့သေးဘူးဗျ၊ ခုအစ်ကိုကြီး ဘယ်အပိုင်းလောက်မှာ ရှိနိုင်လဲ"
"မပြောတတ်ဘူးဗျ၊ ကျွန်တော်တို့ လာတုန်းကတော့ ခင်ဗျားတို့အပိုင်းဘက် တွေ့လိုက်တာပဲ"
"သွားဦးမယ်"ဟုဆိုကာ သူထွက်လာ၏။
မေသူ့ဆီတွင် ဖေတင် က ဓာတ်ခဲရှိလားဟု မေးနေသံကြားခဲ့ရ၏။ ကက်ဆက်ဖွင့်တဲ့ ဓာတ်ခဲဟု လည်း ပြောနေသံကြားလိုက်ရသည်။

မေသူတို့ခြံအစက လေကာကျောက်တုံးနားတွင် သူ့ခြေလှမ်းပျက်သွားသည်။ မေသူဆိုင်ကို ဈေး ၀ယ်လာသူတစ်ယောက်နှင့် အမှောင်ထဲတွင် တိုက်မိမလို ဖြစ်သွား၏။ ရုတ်တရက် ရှောင်လိုက်သ ဖြင့် ခြံစည်းရိုး ရှားစောင်းလက်ပပ်ပင်နှင့် ကိုယ်လုံးတိုက်မိသွားသည်။ လက်နှိပ်ဓာတ်မီးပါသော် လည်းမျက်နှာ ကို မီးရောင်ထိုးမိမှာစိုး၍ အောက်ကိုသာ ဓာတ်မီးနှင့်ထိုး၍ သူရှောင်ပေးလိုက်၏။ လူကို တိုက်ရိုက် ဓာတ်မီး နှင့် ထိုးမိလျှင် ရင်းနှီးသူ ရွယ်တူလူငယ်ဆိုလျှင်တော့ အကြောင်းမဟုတ်၊ လူကြီး၊ မရင်းနှီးသူ ဆိုလျှင် အဆဲခံရမည်။ မသင့်သူ၊ ကတောက်ကဆ ဖြစ်ထားကြသူဆိုလျှင် ရန်ပင် ဖြစ်ကြရမည်။ ဤအတွေ့အကြုံ ကြောင့် အောင်တိုင်က သူနှင့်တိုး မိမလိုဖြစ်သွားသော သူကို မည်သူမည်ဝါမှန်း သိအောင် မျက်နှာကိုယ်လုံး ကို ဓာတ်မီးနှင့် ထိုးမကြည့်ရဲ။

ထိုသူလမ်း မြင်ပါစေ ဟူသော ဘဘောလည်းဖြစ်၊ မိမိလမ်းကို မိမိဓာတ်မီး ထိုးသွားသလို လည်းဖြစ်အောင် မြေပြင် ကိုသာ ဓာတ်မီးနှင့်ထိုး၍ လေကာကျောက်တုံးနားက ကွေ့ထွက်လာ၏။ တိုက်မိမလိုဖြစ် သွားကြစဉ် က အင်းအဲဟုပင် အသံထွက်သွားကြသလို ကြားလိုက်မိသော်လည်း ထိုသူက ဘာမှ မပြော  သဖြင့် အောင်တိုင်လည်း ရုတ်တရက် မမေးလိုက်မိ။ ထိုသူကလည်း ဓာတ်မီးထိုး ထွက်သွား သောသူ့ကိုမမေး။ အောင်တိုင်ကတော့ မေသူ့ဆီနေ့တိုင်းလာတတ်သည်ကို လူတိုင်မသိစေချင် သဖြင့် အတော်ပင် ဖြစ်သွား၏။  သို့သော် ထိုသူကိုတော့ အောင်တိုင် က မည်သူပါလိမ့်ဟု ခဏတွေး လိုက် သေးသည်။ အစ်ကိုကြီးအိမ်ရှေ့ရောက်သောအခါ အတွေးလည်း ပြတ်သွား၏။

အံ့သြရပြန်သည်။ အစ်ကိုကြီးအိမ်ထဲက ကက်ဆက်သံကြားရ၏။ စောစောက ဖေတင်နှင့်ပိုးသီ တို့ပြောတော့အစ်ကိုကြီးကို သူတို့အပိုင်းမှာတွေ့ခဲ့သည်ဟု ဆို၏။ သူတို့ရှာမတွေ့၍ အိမ်ပြန် ရောက်နေလေပလား။ ဤမျှမြန်မြန်တော့ ပြန်ရောက်နိုင်ပါ့မလာ။ သူအစ်ကိုကြီးအိမ်ခြံထဲ ၀င်လာ ၏။ အစ်ကိုကြီးဟု အိမ်ဝ က ခေါ်လိုက်၏။ အစ်ကိုကြီးကို မမြင်မိ။ အစ်ကိုကြီး အစ်ကိုကြီးဟုထပ် ခေါ်ကြည့်၏။ ထူးသံ မကြားရ။

ခါတိုင်း ကက်ဆက်ဖွင့်ထားလျှင် လသာမီးအိမ်လေး မီးစာလျှော့ပြီး အစ်ကိုကြီးကို အပြင်ကြမ်းခင်းပေါ် ပက်လက်လှန်၍ လည်းကောင်း၊ သို့မဟုတ် အုန်းလက်ပက် ကိုလုပ်ထားသော ပက်လက်ကုလားထိုင် တွင် လည်းကောင်း သီချင်းစည်းချက်လိုက်ကာ ဒူးနှံ့ခြေ လှုပ်၍တွေ့ရတတ်၏။ ယခု ဘယ်မှမမြင်မိ။ ကက်ဆက် တော့ ဖွင့်ထား၏။ မီးအိမ်မီးစာလည်း လျှော့ထား၏။
မီးအိမ်မီးစာ ကို သူမြှင့်လိုက်သည်။ အပြင်တွင် အစ်ကိုကြီး အရိပ်အယောင်မျှ မမြင်ရ။ အတွင်းထဲမှာ ထင်၍ အစ်ကိုကြီး ဟုခေါ်ကာ အတွင်းထဲကို ထင်၍ အစ်ကိုကြီးဟု ခေါ်ကာ အတွင်းထဲကို လက်နှိပ် ဓာတ်မီးနှင့် လှမ်းထိုးကြည့်၏။ အစ်ကိုကြီးအိပ်ရာတွင် စောင်နှင့် ခေါင်းအုံး တို့ကိုသာ မြင်ရသည်။

သူပြန်ထွက်လာ၏။ တစ်နေရာမှာတော့ ရှိမှာပေါ့။ ကက်ဆက်သံကြောင့် ခေါ်မကြားတာလားဟူ သော အတွေး နှင့် ကက်ဆက်ခလုတ် ကို လှမ်းပြီးမှ တပိုးတ၀ါး သွားနေတာဖြစ်မှာပဲဟု ပြန်အတွေး ပေါက် သွားသည်။ သူရောက်နေတာ အစ်ကိုကြီးသိအောင် တပိုးတပါးသွားနေလျှင်လည်း ကက် ဆက်နားထောင်နိုင်အောင် ကက်ဆက်သံကို သူကျယ်ကျယ်မြှင့်တင်ထား လိုက်သည်။ အပြင်ကြမ်း ခင်းတွင်ထိုင်ကာ အစ်ကိုကြီးအလာကို စောင့်နေမိလေ၏။

ဂျက်ခနဲ ကက်ဆက်ခလုတ်ကျသွားသည်။ နောက်တစ်ဖက် ပြောင်းဖွင့်လိုက်၏။ အစ်ကိုကြီးအ ကြိုက် ဆုံး အဆိုတော် တင်တင်မြ ၏ စခန်းအောင်မြေ သီချင်းကို သတိပြုမိ၏။ သူနားထောင်နေ ၏။
ဂျက်ခနဲ ကက်ဆက်ခလုတ် တစ်ခါကျသွားပြန်၏။ သူ့လက်က နာရီကို မြှောက်ကြည့်သည်။ ရှစ် နာရီ ထိုးတော့မည်။ အစ်ကိုကြီးတော့ မဟုတ်တော့ဘူး။ ကက်ဆက်ဖွင့်ထားခဲ့ပြီး သူ့ကို ဘယ် လောက် အထိ လိုက်ရှာနေပါလိမ့်။

မေသူပြောသောစကားကို သတိရမိသည်။ မေသူ့အဖေကိစ္စ လုံးပန်းနေရ၍ ကက်ဆက် ပိတ်ထားခဲ့ ဖို့ မေ့ သွားတာလား၊ ဘယ်များသွားပါလိမ့်၊ မေသူပင် ဆိုင်ပိတ်တော့မည်။ သူရင်ခုန်လာ၏ ခေါင်း ကုတ်မိသည်။ တမြန်နေ့က မီးခွက်မှုတ်ခဲ့ရသည်ကို သတိရသောအခါ ကက်ဆက်ကို ချက်ချင်း ပိတ်ပစ်လိုက်၏။ မေသူ တို့ အိမ်ဘက် ကမန်းကတန်း ပြေးထွက်လာမိ၏။
လမ်းမပေါ် သူခြေချမိသည်။ လဆုတ်လ၏ အလင်းရောင်သည် အမှောင်ကို အန်တုစ ပြုနေပြီ။ လခြမ်းကို မမြင်ရ သေးသော်လည်း လရောင်သည် ပ်ံပ် ပ် နေသည်။
ခြေလှမ်းနှင့်အပြိုင် သူရင်ခုန်လာသည်။ မေသူဆိုင်ပိတ်လိုက်လေပလား၊ သွားရင်းက ခြေလှမ်းမရပ် ဘဲလက်မှ နာရီကို ကြည့်၏ရှစ်နာရီကျော်နေပြီ။ သူခြေလှမ်းကို ပိုသွက်လိုက်သည်။

မေသူတို့အိမ်ဘက် လှမ်းကြည့်၏ အုန်းပင်ဖျားနှင့် ဆီးချုံများပေါ်တွင် လရောင်ကို ပီပီပြင်ပြင် မြင် ရပြီး ရွာလမ်းမလည်း ထင်းနေသည်။ လရောင်ကျနေသော သဲတလင်းများသည် ဖွေးဖွေးထနေ၏။ လက်နှိပ်ဓာတ်မီး ကို ပိတ်လိုက်သည်။ ရှေ့လူရိပ်မြင်သည်နှင့် ချက်ချင်း မျက်နှာဆိုင်မိလိုက်ကြသည်။
"အစ်ကိုကြီး"
အစ်ကိုကြီးက ခြေလှမ်းရပ်နေသဖြင့် သူလည်း ရပ်လိုက်ရသည်။

"ညီလေးဘယ်ကလာလဲ"
"ကျွန်တော် အစ်ကိုကြီးအိမ်လာတာ၊ ကက်ဆက်ဖွင့်ထားတော့ အစ်ကိုကြီးရှိတယ်ထင်လို့၊ စောင့် နေတာ တောင် တစ်နာရီလောက် ကြာသွားတယ်၊ ကက်ဆက်ဖွင့်ပြီး အစ်ကိုကြီး ဘယ်သွားနေလဲ"
"သြော်...အင်း...ဟုဆိုပြီး အစ်ကိုကြီးက စကားဆက်၏။"
"သွားတုန်းက ခဏဆိုပြီး သွားတာကွာ၊ ဦးရွှေထွန်း စကားရှည်နေလို့ ခုမှပြန်ဖြစ်တယ်"
လရောင်ထဲ က အစ်ကိုကြီးမျက်နှာကို သူတစ်ချက်ကြည့်၏ အလင်းအား နည်းသဖြင့် မထင်ရှား
"ညီလေး ဘယ်ကိုသွားမလို့လဲ"
အစ်ကိုကြီး ရှာနေတယ်ဆိုလို့""

"မရှာမိပါလား၊ ညီလေးကို ဘယ်သူပြောလဲ"
"ဖေတင် တို့ ပြောသွားတာအစ်ကိုကြီး၊ တော်တော်နောက်တဲ့ အကောင်တွေ"
အစ်ကိုကြီးက ရယ်၏
"ညီလေးနဲ့ ဖေတင်တို့ ဘယ်မှတွေ့လို့လဲ"
"ဟို....အင်း... ဟိုဘက်ပိုင်းမှာ အစ်ကိုကြီး"
"သြော်... နောက်တာဖြစ်ပါလိမ့်မယ်၊ ကိစ္စရှိရင် နေ့ခင်းကပင် အစ်ကိုကြီး ပြောလိုက်မှာပေါ့"
"အမဲပစ် မသွားကြဘူးလားလို့လည်း မေးတော့ ကျွန်တော်...."
"လဆုတ်ပဲကွာ...လာလေ ပြန်ကြမယ်"

"ကျွန်တော် ဟိုဘက်ပိုင်း ခဏသွားဦးမယ် အစ်ကိုကြီး"
"နောက်တာ ဖြစ်ပါလိမ့်မယ်ကွာ၊ အာဃာတမထားပါနဲ့၊ တစ်ရွာတည်းသားတွေပဲ"
စိုးရိမ်သံ မှန်း သူသိ၏။
"မဟုတ်ပါဘူး အစ်ကိုကြီး၊ ကျွန်တော်အာဃာတမထားပါဘူး၊ ဖေတင်တို့ တွေ့ဖို့မဟုတ်ပါဘူး"
"အေးအေး... ရန်မဖြစ်ရဘူးနော် ညီလေး"ဟု ဆိုကာ အစ်ကိုကြီး သူ့အိမ်ဘက် ဆက်လျှောက်သွား သည်။ သူလည်း မေသူ တို့အိမ်ဘက် ဆက်လျှောက်လာသည်။
နာရီကို ကြည့်မိပြန်သည်။ ရင်ခုန်သွား၏။

မေသူဆိုင်များ ပိတ်လေပလား။
ခြံဝက လှမ်းကြည့်လိုက်၏။ ထင်သည့်အတိုင်းပင် မေသူဆိုင်ပိတ်သွားလေပြီ။ အိမ်ထဲ၌တော့ မီးရောင်ကို မြင်ရသေး၏ သူ့ခြေလှမ်းများကို ပြန်လှည့်မရ ဖြစ်မိသည်။ လေကာကျောက်တုံးနား ထိလှမ်းဝင်လာ၏။ ရင်ထဲ နုံးချိ သွားသည်။ ကျောက်တုံးပေါ်ကျောကပ်ကာ မေသူ၏ ဈေးဆိုင်နေရာ ကိုအကြာကြီး မတ်တတ်ရပ် ကြည့်နေမိသည်။ ကဲလားချထားသဖြင့် အိမ်ထဲကို ဘာမှမမြင်ရ။ အမိုး နှင့် ကဲလားကြား မှ မီးရောင် ကိုသာ ငေးနေမိသည်။

ဆက်ရန်
.

No comments:

Post a Comment

thank you to say so