Saturday, August 20, 2011

နေနော် ၏ ညစာ

 ညစာ
နေနော်

    ငွေကြေးပြတ်လပ်တဲ့နေ့ရက်တွေဟာ ကျွန်တော့်ကို ရသတဏှာ အစွဲကနေ လွတ်မြေက်စေခဲ့တယ်။
အဲ့ဒီ ကာလတွေမှာ အရည်ကျဲကျဲ မုန့်ဟင်းခါးတစ်ပွဲ၊ ထမင်းကြမ်းတစ်ခဲနဲ့ တစ်နေ့တာကို ကျော်ဖြတ်ခဲ့ ရသလို ထမင်း တစ်ပန်ကန်ကို ထန်းလျက်နှစ်ခဲလောက်နဲ့ပြီးရ တာတွေလည်းရှိခဲ့တယ်။ ကျောက်ကောင်း တစ်ပွင့်ဖြစ်ဖို့ အပွတ်အတိုက် ခံနိုင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်ဟာ အဲ့ဒီနေ့ရက်တွေကို ကျော်ဖြတ်နိုင် ခဲ့တာပါ။ တမင် အဓိဌာန်ဝင်စရာမလိုဘဲ အစမ်းသပ်ခံကာလတွေမှာ ကျွန်တော်ဟာ အသားမစားသူ သတ်သတ်လွတ်သမား တစ်ယောက်ဖြစ်နေခဲ့တယ်။ အသားဟင်းတွေကို စားချင်ပေမဲ့ ငွေကြေး အကန့်အသတ် အရ ရှောင်ကြဉ်ခဲ့ရတာမျိုးပါ။

    ကျွန်တော်နဲ့ သူငယ်ချင်းမ ဖြစ်ခဲ့ဖူးသူ ’’ ဂျက်လန်ဒန် ’’ ကတော့ အသားဟင်းတစ်ခွက်အကြောင်း ဝတ္ထုတို တစ်ပုဒ် တဖွဲ့တနွဲ့ရေးသားခဲ့ဖူးတယ်။ သူ့ရဲ့ ’’ အမဲနှပ်တစ်ပန်းကန်’’ ဆိုတဲ့ ဝတ္ထုမှာ လက်ဝှေ့သမား တစ်ယောက်အမဲနှပ် နဲ့ ထမင်းမစားခဲ့ရလို့ လက်ဝှေ့ပွဲရှုံးနိမ့်ရတဲ့ အကြောင်း ရေးထား တာပါ။ အစာအာဟာရဟာ လူတစ် ယောက်အတွက် အရေးကြီးရုံမျှမက အောင်ပွဲကိုပါ ပြောင်းလဲစေနိုင်တဲ့ အကြောင်း စဉ်းစားစရာ ဝတ္ထုအဖြစ်ကျန်ရစ်ခဲ့ ပါရဲ့။

    ကျွန်တော်ဟာ သူ့ဝတ္ထုကိုဖတ်ဖူးပေမဲ့ အသားဟင်းတွေအကြောင်း မတွေးဖူးသလို ညစာတစ်နပ် ကိုလည်း တခုတ်တရ မတမ်းတခဲ့ဖူးဘူး။ တကယ်လို့ ကိုရင်မောင်ကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အစာအာဟာရတွေရဲ့ အရေးပါမှုကို မေ့မေ့လျော့လျော့ ဖြစ်မိတော့မှာပါ။ ဒါပေမဲ့ ကိုရင်မောင် ကျွန်တော့်ဆီက ဟင်းတစ်ခွက်လာချေးဌားရာ ကနေအစာအာဟာရနဲ့ ညစာတစ်နပ်ရဲ့ အရေးပါမှုကို ကျွန်တော် ဆက်စပ်စဉ်းစားလာမိတော့တယ်။
(၁)
    ဘဝမှာ ထူးထူးဆန်းဆန်း ချေးဌားမှုမျိုးတွေ မကြာခဏကြုံဖူးပါရဲ့။ အလယ်တန်းကျောင်းသား ဘဝက ရေသွားကူးမဲ့ သူငယ်ချင်းတစ်ယောက် အတွင်းခံဘောင်းဘီ လာဌားတာတောင် ကြုံခဲ့ရဖူးတယ်။ အခု ကိုရင်မောင် က တော့ထူးထူးဆန်းဆန်း ဟင်းတစ်ခွက်လာချေးဌားတာပါ။ တောင်းတာမျိုး အဟုတ်ဘဲ ညနေ ကျရင်ပြန်ပေးပါ့မယ် ဆိုပြီးဌားတာမျိုးပါ။
    ကိုရင်မောင်က အရပ်ထဲမှာ လက်တိုလက်တောင်း လိုက်လုပ်သူဖြစ်ပြီး  မိန်းမကတော့ အိမ်တကာ လှည့်ကာ အဝတ်လျှော်တယ်။ ယောကျာင်္းက နေညိုလာရင် လေပြိုလာသူဖြစ်ပြီး မိန်းမလုပ်သူက စာရွက် တစ်ရွက် နဲ့ ဘောလ်ပင် တစ်ချောင်းရှိရင် ထမင်းမေ့နေတတ်သူပါ။  ဒါကြောင့်သူတို့ လင်မယားခမျာ အလုပ်ပါးတဲ့ နေ့ဆို ဟိုအိမ်၊ ဒီအိမ်က ဆန်လေးအစ ငရုပ်သီးလေးအဆုံး ချေးဌားရလေ့ရှိတယ်။

    အဲ့ဒီနေ့ကတော့ လကုန်ရက် စာမူခထုတ်ထားရက်မို့ တစ်ကိုယ်စာ အမဲသားနှစ်ဆယ်သား ဝယ်ပြီး စိတ်တိုင်း ကျချက်ပြုတ်နေတုန်း ကိုရင်မောင်ရောက်လာတယ်။ ဟင်းနံ့ရလို့ ဝင်လာတာထင်တယ်လို့ တွေးနေတုန်း မှာ သူက ထူးထူးဆန်းဆန်း ဟင်းတစ်ခွက်လောက်ချေးစမ်းပါဗျာလို့ ပြောလာတာပါ။ ညနေပြန်ပေးမယ် ဆိုတာကြောင့် ယတြာချေတာလားမေးလိုက်တော့.... ’’ မဟုတ်ပါဘူး ဆရာရယ်။ အငယ်ကောင် ကို ထမင်းချိုင့်ထည့်ပေး လိုက်ချင်လို့ပါ ’’
    ဒီနေ့ကျောင်းမှာ ထမင်းချိုင့်စစ်မှာမို့ အသားဟင်းတစ်ခွက်၊ အရွက်ကြော်  တစ်ခွက်ထည့်ပေးရမယ်လို့ သူက ဆိုပါတယ်။ သားဖြစ်သ်ူဟာအိမ်က စားသွားနေကြဖြစ်ပြီး ဒီနေ့လည်း ငါးခြောက်ဟင်းနဲ့ တစ်မိသားစု လုံး စားပြီးပြီလို့ ဆက်ပြောတယ်။

    ’’ထမင်းချိုင့်ထည့်ပေးရမှာ မေ့နေတော့ ငါးခြောက်ဟင်းလည်း ချန်မထားလိုက်မိဘူး။ ဒါကြောင့် ဆရာ့ ကိုလာ အပူကပ်တာပါ။ ညနေကျရင် ဆရာ့ဟင်းကို အရာမယွင်းပြန်ပေးပါ့မယ် ’’
    ’’ မလိုပါဘူး ကိုရင်မောင်ရယ်၊ ခင်ဗျားသား စားချင်ရင်လည်း ကျွေးလိုက်ပါ ကျွန်တော်ပေးလိုက်ပါမယ်’’
    ဟင်းအိုးထဲက ဟင်းသုံးဖတ်လောက်နဲ့ အရည်တော်တော်များများ ထည့်ပေးလိုက်တယ်။ စကား လှအောင် ပြန်မပေးဖို့ ပြောလိုက်ပေမဲ့ (အပြီးတောင်းသွားတာမဟုတ်ဘဲ ညနေပြန်ပေးမယ်ဆိုတာကြောင့်) စိတ်ထဲက တထင့်ထင့် ဖြစ်နေမိတယ်။ စိတ်ပြတ်ပြီး လှူလိုက်တာမျိုး မဟုတ်တာမို့ ကျွန်တော့်စိတ်က တစ်နေ့လုံး အမဲသားဟင်းအပေါ် တရစ်ဝဲဝဲဖြစ်နေမိတယ်။ ကလေးပီပီ ဆော့ကစားရင်း ဟင်းထဲကို ဖုန်တွေ ဝင်သွားမလား၊ ဆရာမ ကဟင်းနံ့လေး မွှေးလိုက်တာဆိုပြီး ယူမြည်းလိုက်မလား၊ ဒါမှမဟုတ် ကလေး ကိုယ်တိုင် တစ်ဖတ်တစ်လေ နှိုက်စားလိုက်မလား အသားဟင်းတစ်ခွက် အပေါ်စွဲလမ်းမှုက ကျွန်တော့် ကို စိတ်ကသိကအောက်ဖြစ်စေခဲ့တယ်။

    ညနေကျတော့ ကိုရင်မောင်အချိန်မှန် ရောက်လာတယ်။ ယူသွားတဲ့ကျွန်တော့်ရဲ့ ချိုင့်ပြန်လာပေးတာပါ။ ချိုင့်က ပေါ့နေတဲ့အပြင် သူ့မျက်နှာလည်းမကောင်းတာမို့ အခြေအနေကို ခန့်မှန်းနိုင်တယ်။
    ’’ ဆရာရေ တောင်းပန်ပါတယ်ဗျာ၊ကျွန်တော့်သားက ဟင်းနံ့လေးမွှေးလွန်းလို့ဆိုပြီး အကုန် စားပစ်လိုက်တယ်။ တောက်....အိမ်ကလည်းစားသွားလျက်နဲ့ သက်သက်ကျွန်တော့်ကို အရှက်ခွဲတာ’’
    သူ့စကား ကိုကြားလိုက်တော့မှပဲ ကျွန်တော့်ရဲ့ ရသတဏှာအစွဲဟာ တိခနဲပြတ်သွားပြီး စိတ်ပေါ့ သွားတော့တယ်။

    ’’ကလေးပဲဗျာ၊ ဆာတော့လည်းစားမိမှာပေါ့။ မနက်ကတည်းက သူ့ကိုကျွေးလိုက်ဖို့ ကျွန်တော် ပြောသားပဲ ရပါတယ်’’
    ကျွန်တော်က ချိုင့်ကိုပြန်ယူရင်း ဘာမှမဖြစ်သလို ပြန်ပြောလိုက်ပေမဲ့ အရှိန်ရနေပြီဖြစ်တဲ့ ကိုရင်မောင် က...
    ’’ ဘယ်ဟုတ်မလဲ ဆရာရယ်။ ကျွန်တော်ကတိပျက်သလို ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာ့ကို အလျော် ပြန်ပေးပါ့မယ်။ တစ်ရက်ဆရာ့ကို ညစာပြန်ကျွေးမယ်လေ။ အသားဟင်းနဲ့ကျွေးမှာနော်။ ’’ ဇေ ’’ လည်းပါစေရမယ် ’’

    ကိုရင်မောင်က အာရွှင်နေပြီမို့ ကတိတွေအထပ်ထပ်ပေးလေရဲ့ သူ့စကားကို ယုံကြည်လှလို့ မဟုတ်ပေ မဲ့ မြန်မြန်ပြီးရင် နားအေးတာမို့ ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။ ဒီလိုနဲ့ရက်အတော်ကြာ သူ ပျောက်ကွယ် သွားပြီး ကျွန်တော်လည်းသူ့စကားကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ လကုန်လ ဆန်း တစ်ရက်ကို ကျော်လွန်လို့ ကျွန်တော်ရဲ့ချွေတာရေးနေ့ ရက်တွေဖြစ်တဲ့ လလယ်ရက်ကို တဖြည်းဖြည်း နဲ့ရောက်ရှိလာတယ်။

    ထုံးစံအတိုင်း ကျွန်တော်ဟာ သက်သက်လွပ်သမားပြန်ဖြစ်ပြန် ’’ဇေ’’ဝေးလို့ လက်ဖက်ရည် တောင်မှန်မှန် မမှီဝဲဖြစ်တော့တဲ့ နေ့ရက်တွေကို ပြန်ရောက်လာတယ်။ဗယာကြော် တစ်ရာဖိုးနဲ ည ၊ မနက် ဖြတ်သန်ရတဲ့ နေ့ရက် တွေကျမှ  ကျွန်တော်ဟာ တစ်ခါတုန်းက ကျွန်တော်ရဲ့ အမဲသားဟင်းကို ပြန်သတိရ မိသလို ကိုရင်မောင့်ကတိစကား ကိုလည်း ပြန်အမှတ်ရလာမိတယ်။ အဲ့ဒီရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကိုရင့်မောင် ရောက်ရှိလာတယ်။

    “ကျွန်တော့်ကတိစကားအတိုင်း ဆရာ့ကို အမဲသားဟင်းနဲ့ ထမင်းကျွေးဖို့ လာခေါ်တာပါ။ ဆရာ ညစာ မစားရ သေးဘူး မဟုတ်လား”
ကျွန်တော် ကြားဖူးသမျှ ကိုရင်မောင့်စကားသံတွေထဲမှာ ခုတစ်ခါကြားရတာ အချိုမြိန်ဆုံးပဲလို့ တွေးလိုက်မိ သည်။ ကျွန်တော်ဟာ အေးစက်စက် ထမင်းကြမ်းတစ်ခဲနဲ့ ဗယာကြော်ကို မေ့ထားလိုက်ပြီး ကိုရင်မောင့် နောက်ကို ကောက်ကောက်ပါအောင် ထလိုက်လာခဲ့တယ်။
(၂)

ဆောင်းညက မအေးမြဘဲ အငူငွေ့ကြောင့် မြူတွေဆိုင်းနေတယ်။ ၀ါကြန့်ကြန့်ဖယောင်းတိုင် မီးရောင်လေး တွေသာရှိတဲ့ ရပ်ကွက်လမ်းကျဉ်းလေးတစ်ခုထဲကို ကိုရင်မောင်က ဦးဆောင်လာတယ်။
“ဟေ့လူ မရောက်သေးဘူးလားဗျ။ ဘယ်အထိလျှောက်ရမှာလဲ”
“ရောက်တော့မှာပါ ဆရာရဲ့။ အမဲနှပ်နဲ့ ဇေတစ်ဖြတ်အတွက် ဒီလောက်တော့ ပေးဆပ်ရမှာပေါ့လေ၊ ကျွန်တော့်က ဆရာ့ကို ဆိုင်မှာဝယ်ကျွေးနိုင်မှာ မဟုတ်ဘူး။ (ဖရီး)စားရမဲ့ဆီ ခေါ်လာတာ။ ဟဲ... ဟဲ... ရှေ့က ကွင်း တစ်ခုကို ကျော်ပြီးရင် ရောက်ပါပြီ”

ကျွန်တော်ဟာ ဆာလောင်မှုကြောင့် ဗိုက်ထဲက တကြုတ်ကြုတ်မြည်လာတဲ့အပြင် ဇေတစ်ခွက်ကို တမ်းတ မှု ကြောင့် အာခေါင်တွေတောင် ခြောက်ကပ်လာသည်။ လျှောက်ခဲ့ရတဲ့ခရီးက မနီးသလို ကုန်ခဲ့တဲ့ အချိန်တွေကလည်း မနည်းဘူးလို့ တွေးနေတုန်းမှာပဲ ကွင်းတစ်ခုကိုဖြတ်ပြီး မီးရောင်လက်လက် ရှိရာကို ရောက်ရှိလာသည်။
“လာဗျို့ ကိုရင်မောင်။ နောက်ကျလို့ မလာတော့ဘူးလားလို့”

“လာမှာပေါ့ဗျာ၊ အသေအချာပြောထားတာပဲ။ မိတ်ဆွေတစ်ယောက်ဝင်ခေါ်နေလို့ နည်းနည်း နောက်ကျ သွား တာပါ”
ဝါးကြမ်းတဲပေါ် ကျွန်တော်တို့တက်လိုက်တယ်ဆိုရင်ပဲ စောစောက လူနှစ်ယောက်က ထရပ်လိုက်ပြီး-
“ကဲ ဒါဆို ကျုပ်တို့ပြန်ပြီ။ ခင်ဗျားတို့ အတွက် ထမင်းထုပ်ရော၊ ပုလင်းရော အသင့်ပဲဗျို့”

ဆင်းသွားသူ နှစ်ယောက် ကို ငေးရင်း အခြေအနေအရပ်ရပ်ကို နားလည်အောင် ကြိုးစားနေတုန်းမှာပဲ ကိုရင်မောင်က စောစောက လူတွေထားခဲ့တဲ့ ပုလင်းကိုလှမ်းယူပြီး တစ်ခွက်ငှဲ့မော့လိုက်သလို ကျွန်တော့် ကိုလည်း လက်သုံး လုံးလောက် ထည့်ပေးလာတယ်။ ကျွန်တော်လည်း အာခေါင်တွေခြောက်နေတာမို့ ရေတောင် မရောဘဲ ကိုရင်မောင်လို ဒီတိုင်းမော့ချလိုက်တယ်။
တစ်ယောက်ကိုနှစ်ခွက်စီလောက်မော့ပြီးမှ သွေးပူပြီး နေသာထိုင်သာဖြစ်လာသလို နှုတ်သွက်အာသွက် ဖြစ်လာတယ်။

“ဘယ်မှာလဲ ခင်ဗျားရဲ့အမဲနှပ်...”
“ဟော့ဒီမှာလေ ဆရာရဲ့ အဆင်သင့်ပဲ”
ကိုရင်မောင်က တိုင်မှာချိတ်ထားတဲ့ ကျွတ်ကျွတ်အိတ်ကို ထယူပြီး ဖွင့်လိုက်တော့ အမဲသားဟင်းနံ့က မွှေးခနဲ သင်းပျံ့လာသည်။
“ကဲ... အားရပါးရသာ သုံးဆောင်ပေတော့ ဆရာရေ။ ဆရာ ချက်သလောက်တော့ ကောင်းချင်မှ ကောင်းမယ်၊ ဒါပေမဲ့ ကြည့်ရတာတော့ သိပ်မဆိုးပါဘူး”
ကိုရင်မောင် က သူ့လက်မည်းကြီးနဲ့ အားမနာ ပါးမနာ အမဲသားတစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲထည့် လိုက်တယ်။

ကျွန်တော်လည်း တေဘယ်လ်မင်နာတွေ၊ ထမင်းဝိုင်းစည်းကမ်းတွေကို ဂရုမစိုက်နိုင်တော့ဘဲ သူ့နည်းတူ လက်နဲ့ လှမ်းယူပြီး ၀ါးလိုက်တယ်။ ဟင်းချက်က သိပ်အကောင်းမဟုတ်ပေမဲ့ မစားရတာကြာလို့ ထင်ပါရဲ့ အမဲသား အရသာဟာ လျှာထဲမှာ စိမ့်သွားတယ်။
“နိပ်တယ် မဟုတ်လား အာစရိရဲ့”
“အေးဗျ။ နိပ်သားပဲ၊ ဇေကလည်း မှန်၊ လေကလည်း တဖြူးဖြူးဆိုတော့ ဇိမ်ပဲဗျို့”

ဒီလိုနဲ့ အချိန်နာရီဝက်လောက်မှာ အမဲသားဟင်း၊ ထမင်းနည်းနည်းနဲ့ ဇေတစ်လုံးနီးပါးကုန်ပြီ နှစ်ယောက်သား ရီဝေေ၀ဖြစ်လာတယ်။ ကိုရင်မောင်က သူ့ကတိအတိုင်း ဇေတိုက်တာလည်း မှန်ပါရဲ့။ အမဲသားဟင်းနဲ့ ထမင်းကျွေးတာ လည်း မှန်ပါရဲ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ နည်းနည်း ထူးဆန်းနေတယ်။ ဒါကြောင့် ကိုရင်မောင့်ကို လှမ်းမေးလိုက် တယ်။
“နေပါဦးဗျ၊ အရက်တိုက်၊ ထမင်းကျွေးတာ ဘယ့်နှယ့်ကြောင့် လွင်တီးခေါင်ထဲက ဇရပ်လိုလို နေရာ ကိုခေါ်လာ ရတာလဲ။ ပြီးတော့ စောစောက လူတွေက ဘာဖြစ်လို့ ထမင်းထုပ်နဲ့ ပုလင်း ယူပြီး လာစောင့် နေရတာလဲ။ ဘာလဲ ခင်ဗျား အမျိုးတွေလား”

“ဘာအမျိုးမှမဟုတ်ပါဘူး၊ သူတို့လည်း ကျွန်တော့် လို လာစောင့်ပေးကြတဲ့လူတွေပါ။ သူတို့က နေ့ဂျူတီ၊ ကျွန်တော်က ညဂျူတီ”
“နေပါဦး ဘာကိုလာစောင့်ကြတာလဲ”
ကျွန်တော် မေးလိုက်တော့ ကိုရင်မောင်အသံထွက်ပြီး တဟားဟားရယ်လိုက်တယ်။
“ဆရာကလည်း ပတ်ဝန်းကျင် လေ့လာမှု တယ်နည်းတာကိုး၊ ဇရပ်ပေါ်တက်တုန်းက သတိမထား လိုက်မိဘူး နဲ့တူတယ်။ ဟိုမှာလေ ဆရာ့ နောက်ဘက်မှာ”
သူညွှန်ပြရာ ဇရပ်ဘေးက မှောင်ရိပ်ကျကျနေရာကို လှမ်းကြည့်လိုက်တော့မှ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲ ထသွားလေရဲ့။ မြတ်စွာဘုရား လေးတိုင်စင်နဲ့ အလောင်းတစ်လောင်းပါလား။
ကျွန်တော် ကျောချမ်းသွားပြီး ငှဲ့ထားတဲ့ခွက်ကို ခပ်မြန်မြန်မော့ ချလိုက်ရတယ်။ ကိုရင်မောင်က မထူးဆန်း တဲ့ ဟန်ပန်နဲ့ ကျွန်တော့်ကို ရှင်းပြတယ်။

“ဒီရပ်ကွက်ထဲက လူကြီးတွေက နာရေးရှိတိုင်း ကျွန်တော့်ကို အကူအညီတောင်းလေ့ရှိတယ်။ ကျွန်တော် လည်း အရက်သောက်ရ၊ ထမင်းလည်းစားရဆိုတော့ ကုသိုလ်ရတဲ့အလုပ်ပဲဆိုပြီး လာလာစောင့်ပေးတာ။ ဆရာ့ကို ခေါ်လာချင်ခါမှ နာရေးက တော်တော်နဲ့မဖြစ်လို့ စောင့်နေရသေးတာ ဆရာရေ။ ဒီနေ့မနက်မှ မုဆိုးမ အဘွားကြီး တစ်ယောက်ဆုံးတာနဲ့ အတော်ဖြစ်သွားတာ။ ကဲ....မြည်းဦးလေ ဆရာရဲ့။ ဟင်းတွေ အများကြီး ကျန်ပါသေးတယ် ”

သူက ဟင်းထုပ်ကို ကျွန်တော်ရှေ့ အတင်းတိုးပေးပေမဲ့ ကျွန်တော်က စောစောကဝါးထားတဲ့ တစ်ဖတ်တောင် မျိုမကျပဲ လည်ချောင်းထဲ တစ်ဆို့နေတာကြောင့် လက်ကျန်အရက်နဲ့ မျှောချလိုက်ရတယ်။ကိုရင်မောင်ကတော့ ဘာမှမဖြစ်သလိုမျိုး အရွတ်ကြော် ခပ်များများ ဟင်းတစ်ဖတ်ကို တကျိကျိဝါးနေလေရဲ့။
ကျွန်တော်က ဘေးဘီဝဲယာက အမှောင်ထဲကို စိတ်မသန့်သလို လှမ်းကြည့်ရင်းပြောမိတယ်။
“ကဲ...အခု ကျွန်တော် တို့ ထမင်းစားပြီးပြီဆိုတော့ ပြန်လို့ရပြီလား”
“နေဦးလေ ဆရာရဲ့။ အလောင်းလာစောင့်ပါတယ် ဆိုမှ အာရုံတက်မှ ပြန်ကြတာပေါ့”

“ဘာအတွက်လဲဗျ။ ဘယ်သူလာခိုးမှာမို့လို့လဲ။ အလောင်းက လေးတိုင်စင်နဲ့ အကျအနပဲဥစ္စာ။ သူ့ဘာသာ ထားခဲ့ လို့ မရဘူးလား”
ကျွန်တော့်စကားကြောင့် ဖယောင်းတိုင်မီးရောင် ခပ်မှိန်မှိန်အောက်မှာ ကိုရင်မောင့်အပြုံးက လက်ခနဲပေါ် လာတယ်။ သူက ဗီဒီယိုတွေထဲက လူကြမ်းမင်းသားစတိုင်မျိုးနဲ့ ပြုံးလိုက်တာပါ။
“မဖြစ်ဘူးဆရာ ရေ၊ ကျွန်တော်တို့သာ မရှိတော့ရင် ဟော့ဟို သတ္တ၀ါတွေက အကြိုက်ဖြစ်သွားလိမ့်မယ်”

သူလှမ်းပြရာကို ကြည့်လိုက်တော့ ချုံပုတ်တစ်ခုနံဘေးက ဆူဖြိုးနေတဲ့ မြေကြွက်တစ်တောင်ကို တွေ့လိုက် ရတယ် မြေကြွက် က ကျွန်တော်တို့နှစ်ယောက်ကို မြင်တွေ့အကဲခတ်နေပုံမျိုးပါ။
နှာခေါင်းကို လက်နှစ်ဖက်နဲ့ ပွတ်နေတဲ့ မြေကြွက်ကြီးရဲ့ မျက်လုံးတွေထဲမှာ တစ်စုံတစ်ရာကို ကျွန်တော် တွေ့ မြင်လိုက်ရတယ်။ အဲ့ဒါကတော့ အသားဟင်းကို တောင့်တနေတဲ့ အာသာငမ်းငမ်းဆာလောင်မှုတွေပါ။

မြေကြွက်ကြီး ရဲ့ မျက်လုံးတွေက မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ စိမ်းလို့ စိုလို့...။

စာရေးသူ - နေနော်
.

9 comments:

  1. မရွှေစင်
    စာလာဖတ်ပါတယ်။
    ဒီလိုပေါ့လေ။ သင်္ခါရ တရားပေါ့
    အာသာမက်မောပြီး တမ်းတမ်းတတ ကိုယ်က သူများ
    အသား လို့  စားတယ် မမှတ်နဲ့ ။
    တုံးဆွေး မှိုဆွေး ကို စားရတယ်လို့  မှတ်ပြီးစား။

    အဲတာဆိုယင် သက်သာရာ ရပါလိမ့်မယ်။

    ReplyDelete
  2. အမ..
    မအားတဲ့ ကြားထဲက ဝတ္ထုကောင်းလေး
    တစ်ပုဒ်ကို ဖတ်ခဲ့ ရပြီဗျာ..။
    ကျေးဇူးတင်တယ်။
    ကြိုက်တယ်။
    ဒါမျိုးအရေးအဖွဲ့  သိပ်ရှားသွားပြီ။
    အမှန်က ကျွန်တော်ဆို အသုဘကမ္မဌာန်း
    ရှု့ ဖြစ်မှာလေ..။
    တစ်ညလုံး စိုက်ကြည့် ရင်းနဲ့ 
    မိုးလဲလင်းရော..ကျွန်တော်လည်း...။

    ခင်တဲ့ 

    အဖြေးလူ

    ReplyDelete
  3. ၀တ္ထုကောင်းလေးလာဖတ်သွားတယ်။ မြွေကြွက်ဆိုလို့ ခုမှပဲ ကြားဖူးတယ်။ ကျေးဇူးပါ။

    ReplyDelete
  4. စာကောင်းပေကောင်းတွေ
    အမြဲဖတ်နေရလို့အမရွှေစင်ကိုကျေးဇူး
    တင်ပါတယ်...မြွေကြွက်ဆိုတာလဲခုမှသိတယ်.
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  5. သြ စာလုံးပေါင်း မှားတာ နေမှာပါ မြေကြွက်ဖြစ်ပါလိမ့်မယ် စာလုံးပေါင်းပြင်ထားလိုက်ပါမယ်ဗျာ

    ရွှေစင်ဦး

    ReplyDelete
  6. ဆရာနေနော်ခုလိုဝတ္ထုလေးတွေရေးတာခုမှသိတယ်.၊
    တကယ်ကောင်းတာပဲ...သရော်စာလိုလို၊ဘာလိုလို...၊

    ReplyDelete
  7. ဦးသူစားစတမ်း လောကကြီးမှာဗျာ....
    ၊ ရသာ တဏှာဖြစ်နေကြသူတွေ အများကြီးပါလား..
    ကိုယ်တိုင်လည်း မလွန်ဆန်နိုင်သေးပါဘူး မရွှေစင်ရေ...လျှာရင်း မျက်မျက်လေးများ စားရဖို့ အရေး တဦးနဲ့တဦး အပြိုင် အဆိုင် အနိုင်လုနေကြတာတွေ
    ဒီ ဝတ္ထုလေးက တွေးစရာတွေ အများကြီး ပဲနော်.. မျှဝေပေးတာ ကျေးဇူးပါ..

    ReplyDelete
  8. နေနော်ရဲ့ ၀တ္ထုတိုလေး လာဖတ်သွားတယ် အစ်မရွှေစင်။ အခန်းဆက် ၀တ္ထုရှည်တွေက အချိန်မရသေးတာနဲ့ မဖတ်ရသေးဘူး။ ဒါဆို ဒီဝတ္ထုတိုမှာ ဆရာ နေနော်နဲ့ ကိုရင်မောင် ဆိုတဲ့သူက အသုဘမှာ ထား ထားတဲ့ ထမင်းနဲ့ အမဲသားဟင်းကို စားခဲ့တာပေါ့နော်... အိ... ကြောက်လိုက်တာ :o) စာတွေ ရိုက်တင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် အစ်မရေ။

    ReplyDelete
  9. မြတ်မွန်August 21, 2011 at 7:27 AM

    အမရေ..ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ပေါ့။

    သတ္တဝါတိုင်းမှာ ရမ္မက်ဇောတွေ အနည်းအများ ရှိကြတယ်နော်..။

    ReplyDelete

thank you to say so