Saturday, August 20, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၁၇)

"အမျိုးသမီး ကြည့်ရတာ နည်းနည်းတော့ ကြောင်ပုံပဲ၊ ဒါပေမယ့် သူ့ပိုက်ဆံတွေကတော့ အမှန်တွေပဲ၊ ငွေသား ချည်း ပေးမှာ"
"သူ့ကို နိုင်ရင် ဒေါ်လာ တစ်သောင်း ရမယ်လို့ ခင်ဗျား ပြောတယ်နော်"
"ဟုတ်ပါတယ်"
"ဘောရစ်မယ်နီကော့ လဲ အဲဒီအတိုင်းပဲ ရမှာလား"
"သူလဲ အမျိုးသမီး ကို နိုင်အောင် ကစားနိုင်ရင် ရမှာပေါ့"
"လောင်းကြေး ကို ဘယ်သူ ကိုင်မှာလဲ"
"သင်္ဘောငွေကိုင်အရာရှိ ကိုင်မှာပါ"
အဘယ်ကြောင့် ဘောရစ်မယ်နီကော့ တစ်ယောက်တည်း ထိုအမျိုးသမီးထံမှ ငွေကို ရရပါမည်နည်းဟု ပြိုတာညူဆက်စကူး စိတ်ထဲက တွေးလိုက်သည်။

"ဒီမှာ မိတ်ဆွေ ... ခင်ဗျား ပြောတာ လက်ခံတယ်၊ ဘယ်အချိန် ဘယ်နေရာမှာ ကစားမှာလဲ"
"သောကြာနေ့ည ၁၀နာရီ၊ ဘုရင်မကြီးခန်းမမှာ ကစားမယ်"
"ကျွန်တော် အဲဒီကို လာခဲ့မယ်"
ပြိုတာညူဆက်စကူး က ပြောလိုက်သည်။

"သူတို့က သဘောတူလိုက်ပြီလို့ ရှင်ဆိုလိုတာလား"
ထရေစီက အော်လိုက်သ်ည။
"ဟုတ်ပါတယ်"
ဂျက်က ညင်ညင်သာသာပင် ပြန်ဖြေသည်။
"ကျွန်မတော့ ဖျားချင်သလိုလို ဖြစ်လာပြီ"
"ခင်ဗျားအတွက် ရေဆွတ်ထားတဲ့ မျက်နှာသုတ်ပါ သွားယူပေးမယ်၊ ခဏလေးနော်"
ဂျက်သည် ထရေစီ၏ သင်္ဘောခန်းမမှ ရေချိုးခန်းသို့ ပြေးသည်။ မျက်နှာသုတ်ပ၀ါကို ယူလိုက်ပြီး ရေအေးအေးနှင့် ဆွတ်လိုက်သည်။ ထို့နောက် ထရေစီထံ ယူလာသည်။
ထရေစီသည် နားနေခန်းတစ်ခန်း၏ ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ ထရေစီ၏ နဖူးပေါ်သို့ ရေ အေးအေး ဆွတ်ထားသော မျက်နှာသုတ်ပ၀ါကို ဂျက်က တင်ပေးလိုက်သည်။

"ဘယ်လိုနေလဲ"
ဂျက်က မေးသည်။
"လန့်ဖျား ဖျားပြီး ခေါင်းကိုက်ချင်သလို ဖြစ်နေမယ်"
"အလျင်ကရော အဲဒီလို ဖြစ်ဖူးသလား"
"ဟင့်အင်း ... မဖြစ်ဖူးဘူး"
"ဒါဆို အခုလဲ မဖြစ်ပါဘူး၊ ဒီမှာ ကျွန်တော် ပြောတာ နားထောင်စမ်းပါ ထရေစီ၊ အခု ကျွန်တော်တို့ လုပ်မယ့် ကိစ္စမျိုးကြီး မဖြစ်ခင် အခုလို တုန်လှုပ် ချောက်ချားတာဟာ သဘာဝ ကျပါတယ်"
ထရေစီ သည် လှဲနေရာမှ ထထိုင်လိုက်ပြီး မျက်နှာသုတ်ပ၀ါကို လေးဖယ်ပစ်လိုက်သည်။

"အခုလို ကိစ္စမျိုး ဟုတ်လား၊ ဒီလိုဟာမျိုး ဘယ်တုံးကမှ မရှိခဲ့ဖူးပါဘူး၊ ကမ္ဘာ့ထိပ်သီးစစ်တုရင်သမား နှစ်ယောက် ကို ကျွန်မက ရှင်တစ်ခါ သင်ပေးရုံလေးနဲ့ ပြိုင်ကစားရမှာလေ"
"ရှင် ဒီကိစ္စပဲ ပြောနေတာပဲ"
"အဲဒါက ငွေအများကြီးရမယ့် ကိစ္စကိုး"
"ကျွန်မ ငွေလိုချင် လို့ မဟုတ်ဘူး၊ ကျွန်မတော့ ဒီသင်္ဘောကြီး နစ်သွားစေချင်တာပဲ၊ တိုက်တင်းနပ် သင်္ဘောကြီး လို ဒီသင်္ဘောကြီး နစ်သွားရင် ကောင်းမှာပဲ"
"ကဲ ခင်ဗျား စိတ်အေးအေးသာနေပါ၊ ကျွန်တော် ..."
"ရှင် ဘာလုပ်မှာလဲ၊ ဒုက္ခရောက်အောင် လုပ်တော့မှာ မဟုတ်လား၊ သင်္ဘောပေါ်မှာပါလာတဲ့ လူတိုင်းက ကျွန်မ တို့ စစ်တုရင်ပွဲကို ကြည့်ကြတော့မှာပေါ့"
"အဲဒါ အဓိကအချက်ပဲပေါ့"
ဂျက်က ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်။

ဂျက်စတီဗင်သည် သင်္ဘောမှ ငွေကိုင်အရာရှိနှင့် အစီအစဉ်များအားလုံးကို ပြုလုပ်ကြသည်။
ဂျက်က ဒေါ်လာ လောင်းကြေးနှစ်သောင်းကို ခရီးဆောင် ချက်လက်မှတ်ဖြင့် ငွေကိုင်အရာရှိအား ပေးထားလိုက်သည်။
သောကြာနေ့ညတွင် စစ်တုရင် ကစားရန် စားပွဲနှစ်လုံး စီစဉ်ပေးဖို့လည်း ပြောလိုက်သ်ည။
စစ်တုရင်ပွဲ ကစားမည့် သတင်းမှာ သင်္ဘောတစ်စင်းလုံးသို့ တစ်မုမဟုတ်ချင်း ပျံ့သွားသည်။
ထိုပွဲ တကယ်ဖြစ်မဖြစ်ကို ခရီးသည်များက ဂျက်အား ချဉ်းကပ် မေးမြန်းကြသည်။

"တကယ့် ကစားဖြစ်မှာပါ၊ ပွဲကတော့ အံ့သြစရာပဲ၊ သနားစရာကောင်းတဲ့ မစ္စ၀ှစ်တနေကတော့ သူနိုင်မယ် လို့ ယုံကြည်နေတာပဲ၊ ဒါကြောင့်လဲ ငွေနှစ်သောင်း ပုံပြီး လောင်းထားတာပေါ့"
"ဂျက်က လာမေးသူအားလုံးကို ထိုသို့ပင် ဖြေသည်။"
"အံ့သြစရာပဲ၊ ဒါနဲ့ ကျွန်တော်တို့ဟာ နည်းနည်းပါပါး ၀င်လောင်းလို့ မရဘူးလား"
ခရီးသည်တစ်ယောက်က စပ်စုသည်။
"ရပါတယ်၊ ခင်ဗျားတို့ ကြိုက်သလောက် လောင်းလို့ရတယ်၊ မစ္စ၀ှစ်တနေကတော့ ဆယ်လေးတစ်လေးပဲ ကောင်း ထားပါတယ်"
အလောင်းအစား ဒိုင် စဖွင့်လိုက်ရာ တစ်မုမဟုတ်ချင်း လောင်းကြတော့သည်။

သင်္ဘောသားများ သင်္ဘောအရာရှိများ အပါအ၀င် သင်္ဘောတစ်စင်းလုံးလိုလိုက ထိပ်သီး စစ်တုရင် သမားကြီး တစ်ဦး ဘက်မှနေ၍ ထရေစီနှင့် ထိပ်တိုက် လောင်းကြသည်။
လောင်းကြေးငွေများမှာ တစ်ဦးလျှင် ငါးဒေါ်လာမှ ဒေါ်လာ ၅၀၀၀ အထိပင် ရှိသည်။
ငွေကိုင် အရာရှိ က သံသယ ၀င်လာပြီး သင်္ဘောမာလိန်မှူးကြီးထံ တင်ပြ အစိရင်ခံသည်။
"ကျွန်တော် ဒါမျိုး တစ်ခါမှ မတွေ့ဖူးဘူး ဆရာ၊ သင်္ဘောတစ်စင်းလုံးမှ ရှိတဲ့ ခရီးသည်တွေ အားလုံးပါး လောင်းကြတာပဲ၊ အခု ကျွန်တော့် လက်ထဲမှာ လောင်းကြေးငွေ ဒေါ်လာနှစ်သိန်းကိုင်ထားနေရတယ်"
မာလိန်မှူးကြီး က သင်္ဘော ငွေကိုင် အရာရှီအား ချိန်ချိန်ဆဆဖြင့် မေးလိုက်သည်။

"မစ္စ၀ှစ်တနေ က မယ်နီကော့နဲ့ ညူဆက်စကူး နှစ်ယောက်စလုံးနဲ့ တစ်ပြိုင်တည်း ကစားမယ်လို့ ခင်ဗျား ပြောတယ်နော်"
"ဟုတ်ပါတယ်"
"အဲဒီလူနှစ်ယောက် ပြိုတာညူဆက်စကူးနဲ့ ဘောရစ်နီကော့အစစ် ဟုတ်မဟုတ် ခင်ဗျားစစ်ဆေးကြည့် ပြီးပြီလား"
"စစ်ဆေးပြီးပါပြီ၊ အစစ်တွေပါ"
"မစ္စ၀ှစ်တနေနဲ့ မစ္စတာစတီဗင်တို့ အကြောင်းကော ခင်ဗျား ဘာသိသလဲ"
"ဘာမှ မသိပါဘူး၊ ဒါပေမယ့် သူတို့ဟာ ခရီးအတူ သွားကြတဲ့ လူတွေတော့ မဟုတ်ဘူး၊ တစ်ယောက်တကွဲ စီ လာကြတာ"
နောက်နေ့ မာလိန်မှူးကြီးက အဆုံးအဖြတ် ပေးလိုက်သည်။

"ဒီပွဲက နည်းနည်းတော့ မသင်္ကာစရာပဲ၊ သာမန်အားဖြင့်ဆိုရင် ဒီပွဲကို ရပ်ခိုငးမိမှာပဲ၊ ဒါပေမယ့် ငါကလဲ စစ်တုရင် ကျွမ်းကျင်သူဆိုတော့ ငါ့ရှေ့မှာ စစ်တုရင် လိမ်ကစားလို့ မရနိုင်ပါဘူး၊ ကဲ အဲဒီပွဲ လုပ်ပါစေ၊ ငါ ကိုယ်တိုင် စောင့်ကြည့်မယ်"
မာလိန်မှူးကြီး သည် သူ၏ စားပွဲဆီသို့ လျှောက်သွားပြီး အံဆွဲထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။
"ဒီမှာရော့ ... ငါ့အတွက် စတာလင်ငွေ ပေါင် ငါးဆယ် လောင်းလိုက်စမ်းကွာ၊ ဆရာကြီး နှစ်ယောက်ဘက်က လောင်းနော်"

သောကြာနေ့ည ၉နာရီတွင် သင်္ဘော၏ ဘုရင်မကြီး ခန်းမ၌ ခရီးသည်များနှင့် ပြည့်နေသည်။
တာဝန်ချိန် မဟုတ်သော သင်္ဘောသားများနှင့် သင်္ဘောအရာရှိများလည်း ရောက်နေသည်။
ဂျက်စတီဗင်၏ မေတ္တာရပ်ခံချက်အရ စစ်တုရင်ပွဲ ပြုလုပ်ရန် အခန်းနှစ်ခန်း ပြင်ထားသည်။ ဘုရင်မ ခန်းမကြီး ၏ အလယ်တွင် စားပွဲတစ်လုံးရှိပြီး ကပ်လျက် အခန်းတွင် စားပွဲတစ်လုံး ရှိသည်။
ထိုအခန်း နှစ်ခန်းကြားတွင် လိုက်ကာများ ချထားသည်။

"အဲဒီလို တစ်ဘက်နဲ့တစ်ဘက် မမြင်ရအောင် လုပ်ထားတော့ စစ်တုရင်ကစားတဲ့ လူတွေအဖို့ တစ်ဦးနဲ့ တစ်ဦး အနှောင့်အယှက် မဖြစ်ဘူးပေါ့၊ ပရိသတ် အနေနဲ့လဲ မိမိတို့ ကြိုက်ရာအခန်းတစ်ခန်းမှာသာ ကြည့် အောင် စီစဉ်ပေးပါ၊ ဟိုကူးဒီသန်းလုပ်နေရင် ကစားတဲ့လူတွေကို အနှောင့်အယှက် ဖြစ်မှာမို့ပါ"
ဂျက် က ရှင်းပြ ပြောကြားသည့်အတိုင်း သင်္ဘောအရာရှိများက စီစဉ်ပေးသည်။ စစ်ဘုရင် ကစားမည့် စားပွဲ နှစ်လုံး ပတ်လည် တွင် ကတ္တီပါ ကြိုးဖြင့် ၀ိုင်းထားပေးသည်။ ပွဲကြည့်ပရိသတ်များ ရှေ့ သိပ်မတိုးစေရန် ဖြစ် သည်။

ပွဲကြည့် ပရိသတ်များအနေဖြင့် မည်သည့်အခါမျှ ကြုံတွေ့ရမည် မဟုတ်သော ပွဲမျိုးကို မလွတ်ရန် စိတ်ထက်သန် နေသည်။ သူတို့သည် ချောမောလှပပြီး ငယ်ရွယ်သော အမေရိကန်မလေး အကြောင်းကို ဘာမျှ မသိကြပေ။ သူတို့သိသည်မှာ ထိုသူငယ်မကလေးသည် ထိပ်သီး စစ်တုရင်သမားကြီး နှစ်ဦးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကစားပြီး တစ်ယောက်ယောက်နှင့် သရေပွဲဖြစ်ဖို့ ဆိုသည်မှာ ဘယ်သို့မျှ မဖြစ် နိုင်ပါချေ။ သရေဖြစ်လျှင် ကောင်မကလေး နိုင်မည်ဖြစ်ရာ ဒီကေင်မကလေး ရှုံးကိုရှုံးလိမ့်မည်ဟု သူတို့ ယတိပြတ် တွက်ထားသည်။
ထို ထိပ်သီးနှစ်ယောက် ကို သရေပွဲရအောင် ကစားဖို့ ဆိုသည်မှာ ဤကောင်မကလေးသာ မဟုတ် အခြား မည်သူ မျှလည်း မဖြစ်နိုင်ဟု သူတို့ တွက်ထားသည်။

စစ်တုရင်ပွဲ မစမီကလေးတွင်ပင် ဂျက်က ထရေစီအား ထိပ်သီးဆရာကြီးနှစ်ယောက်နှင့် မိတ်ဆက်ပေး လိုက်သည်။ ထရေစီက နူးညံ့ပါးလွှာသော အစိမ်းရောင် ပိုးသားဂါဝန်ရှည်ကြီးကို ၀တ်ဆင်ထားသည်။ ပခုံး တစ်ဘက် မှာ ဟင်းလင်း ဖော်ထားသည်။
"ပြိုတာညူဆက်စကူး က သူမအား စေ့စေ့စပ်စပ် ကြည့်ပြီး မေးလိုက်သည်။
"မင်း ကစားခဲ့ တဲ့ ပြည်တွင်း ဗိုလ်လုပွဲတွေ အားလုံး နိုင်ခဲ့သလား"
"ဟုတ်ကဲ့"
"ငါတာ့ မင်းကို စစ်တုင်လောကမှာ တစ်ခါမှ မကြားဖူးပါဘူးကွာလ
ပြိုတာညူဆက်စကူးက ပခုံးနှစ်ဘက် တွန့်လိုက်ပြီး မထီ လေးစား ပြောလိုက်သည်။

"ရှင် ဘယ်လိုမှ မနိုင်ပါဘူး မစ္စတာလ
ထရေစီက အပြတ်ပြောလိုက်သည်။
မယ်နီကော့ ရယ်သံက တစ်ခန်းလုံး ဟိန်းထွက်လာသည်။

"ဒီမှာ အမျိုးသမီး၊ မင်းဘယ်သူဆိုတာတော့ ငါမသိဘူး၊ ဒါပေမယ့် ငါဘယ်သူဆိုတာတော့ ငါသိတယ်၊ ငါဟာ မဟာပုဂ္ဂိုလ်ကြီး ဘောရစ်မယ်နီကော့ပဲ"
ည၁၀နာရီထိုီးပြီး၊ ဂျက်က ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုလိုက်ရာ အခန်းနှစ်ခန်းလုံးတွင် ပရိသတ်များ ဖြင့် ပြည့်လျှံနေသည်။
"ပြိုင်ပွဲ စတင်ရန် အချိန်ကျပါပြီ"
ထရေစီက မယ်နီကော့ ထိုင်နေသော စားပွဲတွင် သူနှင့် မျက်နှာချင်းဆိုင်ကုလားထိုင်၌ ၀င်ထိုင်လိုက်သည်။ မိမိက ဘယ်လိုက ဘယ်လို ဤသို့ ဖြစ်လာရပါလိ့မ်ဟု အကြိမ်တစ်ရာမြာက် စိတ်ထဲက တွေးလိုက်မိသည်။

"ဘာမှ ကိစ္စ မရှိဘူး၊ ငါ့ကိုယုံ"
စစ်တုရင် ကစားရတော့မည်။ ဂျက်က မိမိအား စစ်တုရင် ကားပုံ အခြေခံနည်းကို လေးနာရီသာ သင်ပေးထားရုံမှ တစ်ပါး မိမိ စစ်တုရင် အကြောင်း ထိုထက် ပိုမသိပေ။
တကယ် ရင်ဆိုင်ရမည့် အချိန်သို့ ရောက်လာပြီ။ ထရေစီဒူးများက တဆတ်ဆတ် တုန်လာသ်ည။ မယ်နီ ဘော့ က မျှော်လင့်တကြီး စောင့်ကြည့်နေသော ပရိသတ်ဘက်သို့ လှည့်ပြီး ထီမထင်သည့် အပြုံးဖြင့် ပြုံးပြ လိုက်သည်။ ထို့နောက် သင်္ဘောအမှုထမ်း တစ်ဦးအား လှမ်းပြောလိုက်သည်။

"ငါ့အတွက် နပိုလီယံ ဘရန်ဒီတစ်ခွက် ယူခဲ့စမ်းကွာ"
ဂျက်က မယ်နီကော့ အားပြိုင်ပွဲနှင့် ပတ်သက်၍ စတင် ပြောလိုက်သည်။
"ခင်ဗျားတို့ ကစားမယ့် သုံးယောက်စလုံးအတွက် မျှတအာင် ကျွန်တော် အကြံပေးပါရစေ၊ ခင်ဗျားနဲ့ ထရေစီ နဲ့ပွဲမှာ ခင်ဗျားက အဖြူရောင်စစ်တုရင်အရုပ်တွေ ဘက်က ကစားပါ။ ဒီတော့ ထုံးစံအတိုင်း ခင်ဗျား က အလျင်စရွှေပေါ့။ မစ္စတာညူဆက်စကူးနဲ့ ကစားမယ့်ပွဲမှာ ထရေစီက အဖြူရောင်ဘက်က ကစားပြီး ထုံးစံ အတိုင်း သူက စရွှေ့လိမ့်မယ်"
စစ်တုရင် ဆရာကြီး နှစ်ဦးစလုံးကပင် သဘောတူလိုက်သည်။

ပရိသတ်က ငြိမ်းပြီး ရပ်ကြည့်နေစဉ်မှာပင် ဘောစ်မယ်နီကော့၏ လက်က စစ်တုရင်အရုပ်များဆီသို့ ရောက် သွားသည်။ ဘုရင်မရှေ့မှ နယ်ရုပ်အဖြူကို ရှေ့သို့ နှစ်ကွက် ရွှေ့လိုက်ပြီး ပွဲကို စတင် လိုက်သည်။"ဒီကောင်မလေး ကို ရိုးရိုးနိုင်ရုံတင် မဟုတ်ဘူး မရှုမလှ ဖြစ်အောင် လုပ်လိုက်စမ်းမယ်" ဟု လည်း စိတ်ထဲက ကြုံးဝါး လိုက်သည်။
မယ်နီကော့က ထရေစီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထရေစီက စစ်တုရင်ခုံကိုသာ မှင်သေသေဖြင့် လေ့လာ သုံးသပ်သော အကြည့်နှင့် ကြည့်ကာ ခေါင်းတစ်ချက် ဆတ်လိုက်သည်။ ထို့နောက် ထိုင်ရာမှ ထလိုက် သည်။ သို့သော် သူမ၏ အမည်းရုပ်များကိုမူ တစ်ရုပ်မှ စ မရွှေ့သေးချေ။

ထရေစီသည် တစ်ဘက်အခန်းထဲ၌ စားပွဲတစ်လုံးပေါ်တွင် စစ်တုရင်ခုံကို အသင့်ပြင်ကာ မိမိအား စောင့်နေ သော ပြိုတာညူဆက်စကူး ဆီသို့ ထွက်သွားသည်။ သင်္ဘောအမှုထမ်းတစ်ဦးက ထရေစီ သွားသာအောင် ပရိသတ်များ အလယ်မှ လမ်းရှင်းပေးသည်။
"ဟဲလို ... သူငယ်မကလေး၊ မင်း ဘောရစ် ကို အနိုင်ယူလာခဲ့ပြီလား"
ပြိုတာညူဆက်စကူးသည် သူ့ပြက်လုံးကို သူသဘောကျပြီး အားရပါးရ ရယ်လိုက်သည်.။

"ကျွန် အနိုင်ရဖို့ ကြိုးစားနေပါပြီ မစ္စတာ ညူဆက်စကူး"
ထရေစီက တည်ငြိမ်စွာ ပြောလိုက်သည်။
ထရေစီ၏ လက်က သူရွေ့ရမည့် စစ်တုရင်ရုပ် အဖြူကလေးများဆီသို့ ရောက်သွားသည်။
ဘုရင်မကြီးရှေ့မှ နယ်ရုပ်အဖြူကို ရှေ့သို့ နှစ်ကွက် ရွှေ့လိုက်သည်။
ဟိုဘက်ဝင်း၌ မယ်နီကော့ အဖြူနှင့် စရွှေ့ခဲ့သည့် အကွက်အတိုင်း ဒီဘက်ဝိုင်း၌ အဖြူရောင်ရသော ထရေစီက ရွှေ့လိုက်ခြင်း ဖြစ်သည်။

ညူဆက်စကူးက ထရေစီကို မော့်ကြည့်ပြီး ပြုံးလိုက်သည်။ စောစောက တစ်နာရီလောက် ဆွဲကစားမည်ဟု ခန့်မှန်းထားသော်လည်း ယခုတော့ ထိုထက်စောပြီး ပွဲသိမ်းလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် အနက်ရောင် ဘုရင်မအရုပ်ရှေ့မှ နယ်ရုပ်ကို ရှေ့သို့ နှစ်ကွက်တက်ပြီး တုံ့ပြန်လိုက်သည်။
ထရေစီက သူရွှေ့လိုက်သော အကွက်ကို စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာပြီးနောက် ထိုင်ရာမှ ထလိုက် သည်။
ထရေစီက ဘောရစ်မယ်နီကော့ အခန်းဘက်သို့ ပြန်လာရာ သင်္ဘောအမှုထမ်းတစ်ဦးက လိုက်ပြီး လမ်းဖယ် ပေးသည်။

ထရေစီသည် ဘောရစ်ရှေ့၌ ၀င်ထိုင်လိုက်သည်။ ထို့နောက် စစ်တုရင်ခုံကို  တစ်ခဏ အကဲခတ်ကြည့်ပြီး အနက်ရောင် ဘုရင်မရှေ့မှ နယ်ရုပ်ကို ရှေ့သို့ နှစ်ကွက်တက်ပြီး တုံ့ပြန်လိုက်သည်။ ညူဆက်စကူးက ဟိုဘက်ဝိုင်း၌ မိမိအား တုံ့ပြန်သည့်အတိုင်း ထရေစီက ဘောရစ်မယ်နီကော့ကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ပွဲကြည့်ပရိသတ်၏ နောက်နားတွင် ဂျက်ကို ထရေစီ မြင်ရသည်။ ဂျက်က ဟုတ်မှန်ကြောင်း မသိမသာ ခေါင်းဆတ်ပြသည်။
ဘောရစ်မယ်နီကော့သည် ချက်ချင်းပင် အဖြူရောင် ဘုရင်မဘေးရှိ ဘုန်းတော်ကြီးရှေ့မှ နယ်ရုပ်ကို ရှေ့သို့ နှစ်ကွက် တက်လိုက်သ်ည။

ထို့နောက် နှစ်မိနစ်အကြာတွင် ထရေစီသည် ညူဆက်စကူးနှင့် ၀ိုင်း၌ ထိုအတိုင်းပင် အဖြူရောင်ဘုရင်မ ဘေးရှိ ဘုန်းကြီးရှေ့မှ နယ်ရုပ်ကို နှစ်ကွက် တက်ပေးလိုက်သည်။
ညူဆက်စကူးက သူ့ ဘုရင်ရုပ်ရှေ့ရှိ နယ်ရုပ်ကို တစ်ကွက် ရှေ့တိုးလိုက်သည်။
ထရေစီသည် ထိုင်ရာမှထပြီး ဘောရစ်မယ်နီကော့ရှိသော အခန်းသို့ ပြန်လာသည်။
ထရေစီက ဟိုဘက်က အကွက်အတိုင်းပင် သူမ၏ ဘုရင်ရုပ်ရှေ့မှ နယ်ရုပ်ကို ရှေ့သို့ တစ်ကွက် တက်လိုက်သည်။

မယ်နီကော့သည် သူမ ရွှေ့ကွက်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် အပျော်တမ်း သက်သက် မဟုတ်နိုင်။ ဘာဆက်လုပ်မည်ကို ကြည့်ကြသေးတာပေါ့ဟု စိတ်ထဲက ကြုံးဝါးကာ သူအလှည့် ကို ရွှေ့လိုက်သည်။

မယ်နီကော့ ရွှေ့လိုက်သော အကွက်မှာ ဘုရင်မ၏ မြင်းကို ဘုရင်မ၏ဘုန်းတော်ကြီး သွားလမ်း သုံးကွက် မြောက်အကွက်သို့ ခုန်ဝင်လိုက်သည်။
သူ့ရွှေ့ကွက်ကို ထရေစီက အသေအချာ ကြည့်ပြီး ခေါင်းဆတ်လိုက်သည်။ ထို့နောက် ညူဆက်စကူးအခန်း သို့ ပြန်သွားပြီး မယ်နီကော့ မြင်းခုန်သည့် အကွက်အတိုင်း ပုံတူကူး ရွှေ့လိုက်သည်။
ညူဆက်စကူးက ဘုရင်မ၏ ဘုန်းတော်ကြီးရှေ့မှ နယ်ရုပ်ကို ရှေ့သို့ နှစ်ကွက် ရွှေ့လိုက်သည်။ ထရေစီက မယ်နီကော့ထံ ပြန်လာပြီး ထိုအကွက်အတိုင်းပင် ရွှေ့လိုက်သည်။
ထိပ်သီးကြီးနှစ်ဦးအဖို့ တဖြည်းဖြည်း ပိုအံ့အားသင့်လာပြီး တကယ်ကျွမ်းကျင်သော ပြိုင်ဘက်နှင့် ပြိုင်နေရ မှန်း သဘောပေါက်လာသည်။ ၎င်းတို့၏ အကွက်များက မည်သို့ပင် လိမ္မာပါးနပ်သည်ဖြစ်စေ အပျော်တမ်း အဆင့်ရှိ အမျိုးသမီးက ကောင်းစွာ တုံ့ပြန်နိုင်နေသည်။

ထိပ်သီးကြီးနှစ်ယောက်အား တစ်ယောက် တစ်ခန်းစီ ခွဲထားသဖြင့် ဘောရစ်မယ်နီကော့နှင့် ပြိုတာ ညူဆက် စကူးတို့သည် တကယ်တမ်အားဖြင့် မိမိတို့နှစ်ယောက်ထိပ်တိုက် ကစားနေရသည့် ဖြစ်ရပ် ကို မသိ ရှိကြဘဲ ဖြစ်နေသည်။
မယ်နီကော့က ထရေစီကို ရွှေ့သည့် အကွက်များအတိုင်း ထရေစီက ညူဆက်စကူးနှင့် သွားရွှေ့သည်။ ညူဆက်စကူးက ထရေစီကို တုံ့ပြန်သည့်အကွက်များအတိုင်း ထရေစီက မယ်နီကော့ကို သွားတုံ့ပြန်သည်။
ထရေစီက ထိပ်သီး နှစ်ယောက်ကို ငါးကြင်းဆီနှင့် ငါးကြင်း ပြန်ကြော်နေပါချေပြိ။
စစ်တုရင်ပွဲ၏ အလယ်လောက်သို့ ရောက်လာသောအခါ ထိပ်သီးကြီးနှစ်ဦးတို့သည် ကိုယ့်ကိုယ်ကို ကျေနပ် အားရနေ  ၍ မရတော့ပါချေ။

မိမိတို့၏ ဂုဏ်သိက္ခာအတွက် အသေအလဲ ခုခံ ကစားနေရပါချေပြီ။ သူတို့နှစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်လာသော်လည်း ထရေစီက တည်တည်ငြိမ်ငြိမ်ပင်။
ပြိုင်ပွဲမှာ လေးနာရီအထိပင် ကြာလာပြီ။ ကြည့်နေသော ပရိသတ်ကလည်း တုတ်တုတ်မျှ မလှုပ်ပေ။
သူတို့နှစ်ယောက်သည်ထရေစီ ထိုးပြနေသည့် အကွက်ကို ကြည့်ပြီး စိတ်ထဲက အသီးသီး ပြောနေကြသည်။
ဒီကောင်မလေးက ညူဆက်စကူးဆီမှာ စစ်တုရင် သင်လာတာ ဖြစ်ရမယ်။ သူ့အကွက်တွေနဲ့ တထေရာ တည်းပဲဟု မယ်နီကော့က တွေးသည်။

ဒီကောင်မလေးဟာ မယ်နီတော့တပည့် ဖြစ်ရမယ်၊ သူပဲ သင်ပေးထားတာနေမှာဟု ညူဆက်စကူးကလည်း တွေးသည်။
အကြိတ်အနယ် ပိုရှိလာသည်နှင့်အမျှ ဤပွဲတွင် ဤကောင်မကလေးအား မိမိတို့ မနိုင်နိုင်ကြောင်း သူတို့ နှစ်ယောက် သိလာသည်။ ပြိုင်ပွဲမှာလည်း သရေဖြစ်မည့် အရိပ်လက္ခဏာ ပေါ်နေသည်။
စစ်တုရင်ပွဲမှာ ခြောက်နာရီကြာမြင့်လာပြီ ဖြစ်ပြီး အချိန်မှာ နံနက် ၄နာရီပင် ထိုးချေပြီ။ ပြိုင်ပွဲ၏ နိဂုံးပိုင်းသို့ ရောက်ချေပြီ။ စစ်တုရင် အရုပ်များလည်း ခုံပေါ်တွင် အတော်လျော့နည်းသွား။ ခုံပေါ်တွင် ဘုရင်ရုပ်တစ်ခု ရဲတိုက်တစ်ခု နှင့် နယ်ရုပ် သုံးခုစီသာ ကျန်တော့သည်။ မည်သည့်ဘက်ကမျှ နိုင်လမ်း မရှိတော့။

မယ်နီကော့ သည် စစ်တုရင်ကွက်များကို အတော်ကြာအောင် လေ့လာ ကြည့်ရှုပြီးနောက် သက်ပြင်းရှည် ကြီး တစ်ချက်ချကာ ဆို့ဆို့နင့်နင့် ပြောလာသည်။
"သရေပွဲ အဖြစ် ကျွန်တော် ကမ်းလှမ်းပါတယ်"
ပရိသတ်ဆီမှ ဆူဆူညံညံ အသံများ ထွက်လာသည်။ ထိုအသံများကို လွှမ်းသွားအောင် ထရေစီက ပြော လိုက်သည်။
"ကျွန်မ သရေပွဲအဖြစ် လက်ခံပါတယ်"
ပရိသတ် က တစ်ခဲနက် အော်ဟစ်လိုက်ကြသည်။

ထရေစီသည် ထိုင်ရာမှထပြီး ပရိသတ်ထဲမှ ဖြတ်ကာ ဟိုဘက်အခန်းသို့ ခပ်အေးအေးပင် လျှောက်သွား သည်။ ဟိုဘက်စားပွဲ မှ ကုလားထိုင်၌ ထရေစီ ၀င်ထိုင်လိုက်မည် အလုပ်တွင် ညူဆက်စကူးက လည်ပင်း နင်သံ ကြီးဖြင့် ပြောလာသည်။
"သရေပွဲအဖြစ် ကျွန်တော် ကမ်းလှမ်းပါတယ်"
ပရိသတ်၏ တစ်ခဲနက်အော်သံကြီး ထပ်ပေါ်လာသည်။ ပရိသတ်ကြီးမှာ သူတို့မျက်စိနှင့် ကိုယ်တိုင် တွေ့ရ သည့် မြင်ကွင်း ကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ မည်သည့်နေရာက ပေါ်လာမှန်းမသိသော အမျိုးသမီးငယ် က ကမ္ဘာ့ထိပ်သီး စစ်တုရင် ဆရာကြီး နှစ်ဦးကို တစ်ပြိုင်နက် အလဲထိုးသွားချေပြီ။

ထရေစီ ဘေးသို့ ဂျက် ရောက်လာသည်။
"လာ သွားစို့၊ တို့နှစ်ယောက်စလုံး အမောပြေတစ်ခွက်တစ်ဖလား သောက်ဖို့ လိုနေပြီ"
သူတို့ နှစ်ယောက် ထွက်သွားသောအခါ ဘောရစ်မယ်နီကော့နှင့် ပြိုတာညူဆက်စကူးတို့သည် ၎င်းတို့ ကုလားထိုင် များ၌ ခြေကုန် လက်ပန်းကျပြီး ထိုင်ကျန် နေရစ်ခဲ့သည်။ သူတို့ရှေ့မှ စစ်တုရင်ခုံ အသီးသီးကို သာ အဓိပ္ပာယ်မဲ့ ကြည့်နေကြသည်။
အပေါ်ထပ် ကုန်းပတ်ရှိ အရက်ခန်းထဲတွင် ထရေစီနှင့် ဂျက်တို့ နှစ်ယောက် စားပွဲတစ်လုံး၌ ထိုင်နေကြ သည်။

"မငိးသပ် ပိရိလှပတာပဲကွာ၊ မယ်နီကော့ မျက်နှာကြီးကိုမင်း သတိထားကြည့်မိသလား၊ ငါတော့ ဒီလူ နှလုံးရောဂါ ၀င်ဆောင့်တော့မှာပဲလို့ ထင်နေတာ"
ဂျက်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
"ကျွန်မ လဲ နှလုံးရောဂါ ဖြစ်လုမတတ်ပါပဲရှင်၊ ကဲ အခု ကျွန်မတို့ ဘယ်လောက်နိုင်သလဲ"
ထရေစီ က မေးသည်။
"ဒေါ်လာ နှစ်သိန်းလောက် နိုင်မယ်၊ မနက်ကျလို့ သင်္ဘောကြီး ဆောက်သမ်မတမ် ဆိပ်ကမ်းမှာ ဆိုက်ရင် ငွေကိုင်အရာရှိ က ငါတွေတွေ သွားယူလိုက်မယ်၊ ပြီးတော့ မင်းကို ငါစားသောက်ခန်းထဲကနေပြီး နံနက်စာ စား ဖို့ စောင့်နေမယ်"

"ကောင်းသားပဲ"
"ကဲ ... ဒါဖြင့် မင်းအခန်းကို ငါ လိုက်ပို့ပေးမယ်"
"ကျွန်မ မအိပ်ချင်သေးဘူး၊ စိတ် လှုပ်ရှားလွန်းလို့ ခဏ နားလိုက်ဦးမယ်၊  ရှင် သွားနှင့်လေ"
"မင်းဟာ တကယ့် သူရဲကောင်းပဲ"
ဂျက်က ထရေစီဘက်သို့ ခါးကိုင်းလိုက်ပြီး ထရေစီပါးလေးကို ဖွဖွလေး မွှေးလိုက်သည်။
"ကောင်းသောညပါ ထရေစီ"
"ကောင်းသောညပါ ဂျက်"
ဂျက်ထွက်သွားသည်ကို ထရေစီ စောင့်ကြည့်နေသည်။ သူ သွားအိပ်မှာလား မဖြစ်နိုင်၊ ဤညသည် မိမိ ဘ၀တွင် အထူးခြား အဆန်းပြားဆုံး ည ဖြစ်သည်။ အလွန်မောက်မာဝင့်ဝါပြီး ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းသူ နှစ်ယောက်ကို ဆုံးမလိုက်ရပြီ.

ဂျက် အကြောင်း ကို ထရေစီ တွေးကြည့်သည်။ သူသည် ထက်မြင်သည်၊ ပါးနပ်သည်၊ စကားပြော ကောင်းသည်၊ လက်သည်၊ ကတုံးပေါ်ထိပ်ကွက်နိုင်သူ ဖြစ်သည်။ သို့သော် မိမိ သူ့ကို ဘယ်သောအခါမျှ အလေးအနက် စိတ်ဝင်စားနိုင်လိမ့်မည်ဟု မထင်ပေ။

ဂျက်သည် သင်္ဘောမှ သူ၏အခန်းသို့ အသွားတွင် လမ်း၌ သင်္ဘော အရာရှိတစ်ဦးနှင့် တွေ့သည်။
"ခင်ဗျားတို့ပွဲက သိပ်ကောင်းတဲ့ပွဲပဲ မစ္စတာ စတီဗင်၊ ဒီပွဲအကြောင်းကို ကျွန်တော်တို့ သင်္ဘောက နေပြီး ကြိုးမဲ့ကြေးနန်းနဲ့ အကြောင်း ကြားလိုက်ပြီ၊ ခင်ဗျားတို့ နှစ်ယောက်စလုံးကို ဆောက်သမ် မတမ် သင်္ဘော ဆိပ်က နေပြီး သတင်းစာ ဆရာတွေ စောင့်နေလိမ့်မယ်ထင်တယ်၊ ခင်ဗျားက မစ္စ၀ှစ်တနေရဲ့ မန်နေဂျာလား"
"မဟုတ်ပါဘး၊ သင်္ဘောပေါ်မှာ တွေ့ကြတာပါ"

ဂျက်က ခပ်လွယ်လွယ်ပင် ပြောလိုက်သည်။ သို့သော် သူ့စိတ်ထဲကမူ အပြေးအလွှား တွက်နေသည်။ မိမိနှင့် ထရေစီ ကို ဆက်စပ်တွေးမိကြလျှင် မိမိတို့ အကွက်ဆင်ထားသည်ကို ရိပ်မိသွားနိုင်သည်။ မိမိတို့အပေါ် စုံစမ်း စစ်ဆေးမှုများပင် လုပ်လာနိုင်သည်။ ထို့ကြောင့် သူ့တို့ သံသယမပွားခင် ငွေများကို ရယူထားရန် ဆုံးဖြတ် လိုက်သည်။
ဂျက်သည် ထရေစီထံသို့ အောက်ပါအတိုင်း စာတစ်စေင့်ကို ကမန်းကတန်း ရေးလိုက်သည်။
"ထရေစီ ..."
"ငါ ပိုက်ဆံ တွေ သိမ်းထားပြီး ဆဗွီုင်း ဟိုတယ်မှာ မင်းနဲ့ငါ အောင်ပွဲခံနံနက်စာစားဖို့ စောင့်နေမယ်၊ မင်း တကယ့် ကို တော်တာပဲ"
"ဂျက်"

ဂျက်သည် စာအိတ်ကို ပိတ်လိုက်ပြီး သင်္ဘော အမှုထမ်းတစ်ဦးအား ပေးကာ နံနက်မိုးလင်းလင်းချင်း ထရေစီထံ အရောက်ပို့ရန် မှာလိုက်သည်။
ထိုသို့ ပေးပြီးနောက် ဂျက်သည် သင်္ဘောငွေကိုင် အရာရှိထံသို့ သွားသည်။ ဂျက်က ငွေကိုင်အရာရှိအား တောင်းပန်  သည့် အားနာသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားကို ဒုက္ခပေးသလို ဖြစ်နေမှာတော့ အားနာပါတယ်ဗျာ၊ ကျွန်တော်တို့ သင်္ဘောကလဲ နာရီပိုင်း အတွင်း ဆိုက်တော့မှာဆိုတော့ ခင်ဗျား ဘယ်လောက်အလုပ်များနေမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒီတော့ ခင်ဗျား ကျွန်တော့်ကို အခု ငွေရှင်းပေးဖို့ အခက်အခဲများ ရှိနေမလားဗျာ"
"ဘာ အခက်အခဲမှ မရှိပါဘူး၊ ခင်ဗျားရဲ့ အမျိုးသမီးလေးကတော့ တကယ် အံ့စရာ ကောင်းအောင် တော် တာပဲဗျာ၊ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်ဗျာ၊ တကယ်တော်တာပါ"

"ကျွန်တော်မေးချင်တဲ့ မေးခွန်းတစ်ခုကို ဖြေနိုင်မယ်ရင် ဖြေစမ်းပါဗျာ၊ ခင်ဗျား ကောင်မလေးက ဒီကမ္ဘာ ဘယ်သူ ဆီမှာ စစ်တုရင်ပညာ တပည့်ခံပြီး သင်တာလဲဗျ"
"ကမ္ဘာ့ချန်ပီယံ အမေရိကန်အမျိုးသား ဘော်ဘီရှာဆီမှာ တပည့်ခံ သင်ထားတာလို့ ကျွန်တော်တော့ ကြားရ တာပဲ"
ဂျက်က သူ့အနားတိုးပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။
သင်္ဘော ငွေကိုင်အရာရှိသည် မီးခံသေတ္တာထဲမှနေ၍ စာလာအိတ်ကြီးနှစ်လုံးကို ဆွဲထုတ်လိုက်သည်။

"ခင်ဗျား ယူသွားရမယ့် ပိုက်ဆံက တော်တော်ကို များနေတယ်၊ ဒီတော့ ဒီငွေပမာဏာအတိုင်း ခင်ဗျား ချက်လက်မှတ်ယူသွားချင်ရင် ကျွန်တော် ပေးလိုက်မယ်"
"ကိစ္စ မရှိပါဘူးဗျာ၊ ငွေသားပဲ ယူသွားပါ့မယ်"
ဂျက်က ထိုသို့ ပြောပြီး ငွေများ ထည့်ထားသည့် စလာအိတ်ကြီးနှစ်လုံးကို ယူလိုက်သည်။ ထို့နောက် ငွေကိုင် အရာရှိ အား ပြောလိုက်သည်။
"ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦးဗျာ၊ စာပို့သင်္ဘောလေးဟာ ဒီသင်္ဘောကြီး ဆိပ်ကမ်းမှာ မဆိုက်ခင် ကြိုတင်ပြီး စာတွေလာယူတယ် မဟုတ်လား"
"ဟုတ်ပါတယ်၊ စာတွေ လာယူမယ့် စာပို့သင်္ဘော မနက် ၆နာရီမှာ ကျွန်တော်တို့ဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့် ထားပါ တယ်"
"ကျွန်တော် အဲဒီ သင်္ဘောနဲ့လိုက်သွားလို့ ရအောင် ခင်ဗျား စီစဉ်မပေးနိုင်ဘူးလားဗျာ၊ ကျွန်တော့် အမေ အတော် နေမကောင်းပြီး အသည်အသန် ဖြစ်နေတယ်၊ ကျွန်တော့် အမေဆီကို အချိန်သပိ သိပ်နောက်မကျ ခင် ရောက်ချင်လို့ပါ"

ဂျက်က ဆို့နင်သံဖြင့် ပြောသည်။
"အို ... ကျွန်တော် စိတ်မကောင်းပါဘူး မစ္စတာစတီဗင်၊ အဲဒီလောက်တော့ ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်၊ အခွန်ကောက် အရာရှိတွေကိုလဲ ကျွန်တော် ပြောပေးပါ့မယ်"
နံနက် ၆နာရီ ၁၅မိနစ်တွင် ဂျက်စတီဗင်သည် သင်္ဘောကြီး၏ ကြိုးတံတားမှနေ၍ စာပို့ သင်္ဘောလေးပေါ်သို့ ဆင်း လာသည်။ သူ့လက်ထဲတွင် ဆွဲလာသော သေတ္တာထဲ၌ ပိုက်ဆံများပါသည့် စာအိတ်ကြီးနှစ်လုံးကို အသေအချာ ထည့်သို သိမ်းဆည်းထားသည်။
ဂျက်သည် သင်္ဘောလေးပေါ်သို့ ရောက်သောအခါ သင်္ဘောကြီးကို မော်ကြည့်လိုက်သည်။

အလွန်အမင်း ဧရာမကြီးမားလှသော "ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီးစ" သင်္ဘောက သူ့အပေါ် တွင် မိုးနေသည်ကို မြင်ကွင်းတစ်ခုလုံး ပြည့်လုမခန်း မြင်ရသည်။ ထိုသင်္ဘောကြီးဆိပ်ကမ်းမဆိုက်မီ ဂျက် က အချိန်အတောစောပြီး ဆိပ်ကမ်းသို့ ရောက်နှင့် ပေလိမ့်မည်။
"တကယ့်ကို သာယာပြည့်စုံလှတဲ့ ခရီးစဉ်ပါပဲဗျာ"
ဂျက်က သင်္ဘောလေးမှ သင်္ဘောသားတစ်ယောက်ကို ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ တကယ့်ကို သာယာပြည့်စုံပါတယ်"
ဂျက်အား ထောက်ခံပြောဆိုသော အသံတစ်သံပေါ်လာသည်။

ထိုအသံလာရာဘက်သို့ ဂျက် ချာခနဲ လှည့်ကြည့်လိုက်သည်။
သင်္ဘောချည်သော ကြိုးခွေတစ်ခွေပေါ်၌ ထိုင်နေသော ထရေစီကို မြင်လိုက်ရသည်။
နံနက်ခင်း လေအနော့တွင် သူမ ဆံကေသာများက လွင့်လွင့် လှုပ်ရှားဆော့ကုာစနေသည်။
"ထရေစီ မင်းဒီမှာ ဘာလုပ်နေတာလဲ"
"ကျွန်မ ဘာလုပ်နေတယ်လို့ ရှင် ထင်သလဲ"
ထရေစီ၏ မျက်နှာပေါ်မှ အမူအရာကို ဂျက်က အရိပ်အကဲ ဖမ်းမိလိုက်သည်။

"နေဦး ... ခဏနေဦး၊ ငါ မင်းကို တပတ်ရိုက်ပြီးပြေးတာလု့ မင်းမထင်ဘူးလား"
"ဘာလို့ အဲဒီလို ထင်ရမှာလဲ"
ထရေစီ၏ အသံက ခါးသီးသံပါနေသည်။
"ထရေစီ ငါ မင်းအတွက် စာတစ်စောင် ထားခဲ့တယ်၊ ငါ မင်းနဲ့ ဆဗွိုင်းဟိုတယ်မှာ တွေ့ဖို့ ရေးထားခဲ့တယ်၊ ပြီးတော့ ..."
"အင်းလေ ... ရှင် ရေးချင် ရေးထားမှာပေါ့၊ ဒါပေမယ့် ကျွန်မက ဘယ်ယုံမှာလဲ"
ဂျက် က ထရေစီကို ကြည့်လိုက်သည်။

သူ့အတွက် ထပ်ပြောစရာ စကားမရှိတော့ပါချေ။
ဆဗွိုင်းဟိုတယ်မှ ထရေစီ ၏ အခန်းကျယ်ကြီးသို့ သူတို့ ရောက်သွားသည်။
ဂျက်က ငွေများ ဂရုတစိုက် ရေတွက်ခဲ့ဝေနေသည်ကို ထရေစီက ထိုင်ကြည့်နေသည်။
"မင်းအတွက် ဝေစုတစ်ဝက် ဒေါ်လာတစ်သိန်း နဲ့ တစ်ထောင် ရတယ်"
"ကျေးဇူးပဲ ..."
ထရေစီ ၏ အသံက ခပ်အေးစက်စက် ဖြစ်သည်။

"မင်း င့ါကို အထင်မှား နေတယ် ထရေစီ ...၊ မင်း ငါ့ကို ရှင်းပြခွင့် ပေးသင့်ပါတယ်၊ မင်း ငါနဲ့ဒီညမှာ ညစာ အတူတူ စားပါလား ဟင် ..."
ထရေစီ က တုံ့ဆိုင်းဆိုင်း ဖြစ်နေပြီမှ ဖြေသည်။
"ကောင်းပါပြီလေ"
"ဒါဖြင့် ည၈နာရီကျရင် မင်းကို ငါလာခေါ်မယ်"
ထိုည၈နာရီတွင် ဂျက်သည် ထရေစီ၏ ဟိုတယ်သို့ ရောက်လာပြီး အခန်းစာရေးအား ထရေစီကို ခေါ်ပေး ရန် ပြောလိုက်သည်။
"၀မ်းနည်းပါတယ်ဆရာ၊ မစ္စ၀ှစ်တနေ ညနေကပဲ ဟိုတယ်ကနေ ပြောင်းသွားပါပြီ၊ သူဘယ်ကို သွားမယ် ဆိုတာ ကိုလဲ လိပ်စာ မထားခဲ့ပါဘူး"
 
(၂၁)

ထရေစီသည် ဂျက်စတီဗင်ထံမှ မိမိ ရစရာရှိသည့် ဝေစုကို ရယူပြီးနောက်တွင် ဆဗွိုင်းဟိုတယ် အခန်းကို ပြန်အပ်ပြီး ထွက်လာခဲ့သည်။
ထရေစီ ထပ်မံပြောင်းလာသောနေရာမှာ ပတ်လမ်းအမှတ်(၄၇)ရှိ ဟိုတယ် ဖြစ်သည်။ ထို ဟိုတယ် သည် လူနေရပ်ကွက် တစ်ပိုင်းဖြစ်သော နေရာတွင် ရှိ၍ ဆိတ်ငြိမ် အေးချမ်းသည်။ အခန်းများက သပ်ရပ် ကောင်းမွန် ပြီး ဟိုတယ်အမှုထမ်းများက ပျူငှာဖော်ရွေသည်။
သူမ လန်ဒန်သို့ ရောက်ပြီး ဒုတိယနေ့တွင် ဖိတ်စာတစ်စောင် ရောက်လာသည်။ လက်ရေးဖြင့် ရေး ထားသော ဖိတ်စာ ဖြစ်သည်။

ပထမတွင် မသွားတော့ဟု စိတ်ကူးထားပြီးမျ နောက်ပိုင်းကျမှ သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဖိတ်စာတွင် ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
"ခင်ဗျားနှင့် ကျွန်တော် တွေ့ဆုံပြီး အသိအကျွမ်းဖြစ်လျှင် ကျွန်တော်တို့ နှစ်ဦးစလုံးအတွက် အကျိုးရှိနိုင်ပါ သည်ဟု ကျွန်တော်တို့ နှစ်ယောက်စလုံးနှင့် ခင်သော မိတ်ဆွေတစ်ယောက်က ပြောပါသည်။ ရီဇာ ဟိုတယ် သို့ ယနေ့ညနေ ၄နာရီတွင် လက်ဖက်ရည်သောက်ကြွရန် ဖိတ်မန္တက ပြုပါသည်။ ကျွန်တော်၏ ရင်ပတ်တွင် ဇော်မွှားပန်းအနီတစ်ပွင့် ထိုးထားပါမည်"
စာအောက်တွင် "ဂန်သာဟာတော့" ဟု လက်မှတ်ထိုး ထားပါသည်။

ထရေစီထိုနာမည်ကို တစ်ခါမျှ မကြာဖူးပေ။ ပထမ မသွားတော့ဟု နေပြီးမှ စပ်စုချင်သော စိတ်ဝင်လာ သဖြင့် သွားလိုက်ခြင်း ဖြစ်သည်။ ထရေစီသည် ရီဇာဟိုတယ်၏ စားသောက်ခန်းမထဲသို့ ၀င်သွားသည်နှင့် တစ်ပြိုင်နက် ထိုသူကို ချက်ချင်း သတိထားလိုက်မိသည်။
ထိုသူသည် အသက်(၆၀)ခန့် ရှိမည်ဟု ထရေစီ ခန့်မှန်းမိသည်။ အသိဥာဏ် ဗဟုသုတကြွယ်ပုံရပြီး ဥပဓိရုပ် ကောင်းသည်။ အသားအရေ နူးညံညက်ညောသည်။ အဖိုးတန်ပြီး ပုံပန်းကျနသော ၀တ်စုံကို ၀တ်ဆင်ထား သည်။

ညာဘက်ရင်ပတ်၌ ဇော်မွှားပန်း အနီတစ်ပွင့် ထိုးထားသည်။
ထရေစီက ထိုသူ့စားပွဲသို့ လျှောက်သွားနေစဉ်မှာပင် ထိုသူက ထိုင်ရာမှ ထပြီး မသိမသာ ဦးညွှတ်ကာ ခရီး ဦးကြိုလိုက်သည်။
"ကျွန်တော်ရဲ့ ဖိတ်ကြားချက်ကို လက်ခံတဲ့အတွက် ၀မ်းသာပါတယ်"
ထိုသူက ထရေစီအား နေရာထိုင်ခင်း ပေးသည်။ သူတို့နှစ်ယောက် ထိုင်ပြီးသောအခါ ထရေစီက ပြောလိုက် သည်။

"ကျွန်မကတော့ စပ်စပ်စုစုလုပ်ချင်လို့ ရောက်လာတာပဲ၊ ဒါပေမယ့် ရှင် ကျွန်မကို တခြားထရေစီဝှစ်တနေ တစ်ယောက်နဲ့ မှားနေတာ မဟုတ်ဘူးဆိုတာတော့ သေချာရဲ့လား"
"ကျွန်တော် ကြားဖူးသလောက်ဆိုရင်တော့ ထရေစီဝှစ်တနေဆိုတာ တစ်ယောက်တည်း ရှိပါတယ်"
ဂန်သာဟာတော့က ပြုံးပြီး ဖြေလိုက်သည်။
"ဘာတွေများ ရှင် ကြားဖူးထားလို့လဲ"
"ကဲပါလေ ... လက်ဖက်ရည်သောက် မုန့်စားရင်း ဆွေးနွေးကြတာပေါ့"
လက်ဖက်ရည်ပွဲတွင် မုန့်မျိုးစုံလှသည်။ သူတို့စားရင်းသောက်ရင်း စကား ပြောကြသည်။

"ကျွန်မတို့ နှစ်ယောက်စလုံးနဲ့ခင်တဲ့ မိတ်ဆွေ တစ်ယောက်လို့ ရှင့်စာထဲမှာ ရေးထားတယ်နော် ... ဘယ်သူလဲ"
"ကော်နတ်မော်ဂင်လေ ...၊ ကျွန်တော် သူနဲ့ အတူတူ အလုပ် လုပ်ဖူးပါတယ်"
"ကျွန်မလဲ လုပ်ဖူးပါတယ်၊ ဒါပေမယ့် သူက ကျွန်မ တပတ်ရိုက်ဖို့ ကြိုးစားခဲ့ပါတယ် ..." ဟု ထရေစီ  စိတ်ထဲက ပြောလိုက်သည်။
"သူကတော့ ခင်ဗျားကို သိပ်ချီးကျူးနေတယ်" ဟု ဂန်သာဟာတော့က ပြောသည်။

ထရေစီက ဂန်သာဟာတော့ကို ပိုပြီး စေ့စေ့စပ်စပ် အကဲခတ်သည်။ ဂန်သာသည် မင်းမျိုးမင်းနွယ်ပုံ ပေါက်ပြီး လူချမ်းသာတစ်ဦး၏ အသွင်လက္ခဏာလည်း ပေါ်လွင်သည်။
သူ မိမိနှင့် ဘာများ လုပ်ချင်ပါလိမ့်ဟု ထရေစီ တွေးမိသည်။ ထိုကိစ္စကို သူပြောလာသည်အထိ စောင့်နေဦး မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဂန်သာက အကြောင်းကိစ္စကို မပြောသေးဘဲ သူ့ဘ၀နောက်ကြောင်းကို ပြောလာသည်။

"ကျွန်တော် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ မွေးတာ ကျွန်တော့်အဖေက ချမ်းသာတဲ့ဘဏ်သူဌေးတစ်ဦးပဲ၊ လှပတဲ့ ပန်းချီကားတွေရယ် ရှေးဟောင်းပစ္စည်းတွေရယ် ကြားမှာ ကျွန်တော် ကြီးပြင်းလာခဲ့ရတာ၊ ကျွန်တော့် အမေက ဂျူး၊ ဟစ်တလော အာဏာရလာတော့ ဂျူးတွေကို နှိပ်စက်လာတယ်။ အဲဒီ အချိန်မှာ ကျွန်တော် အဖေက ကျွန်တော့်အမေကို စွန့်ပစ်ဖို့ ငြင်းပယ်ခဲ့တယ်လေ။ ဒီတော့ အဖေပဲ ဒုက္ခ ရောက်ရတာပေါ့။ အဲဒီ နောက်တော့ အဖေရော အမေရော ဗုံးကျခံရတဲ့အထဲ ပါသွားပြီး သေသွားတယ်၊ ကျွန်တော့်ကိုတော့ မိတ်ဆွေတွေက ဂျာမနီကနေ ဆွစ်ဇာလန်ကို ခိုးထုတ်ပြီး ကယ်ဆယ်ခဲ့တယ်။ စစ်ပြီးတဲ့အခါကျတော့ ကျွန်တော် မပြန်တော့ဘူး၊ လန်ဒန်မြို့ကို ပြောင်းလာပြီး လမ်းမှာ ရှေးဟောင်း ပစ္စည်းဆိုင်ကလေးတစ်ဆိုင် ဖွင့်တယ်။ ခင်ဗျား တစ်နေ့တော့ ရောက်မှာပါ"
ဂန်သာသည် တကယ်တမ်း ပြောလာသောအခါ ထရေစီ အထင် မှားနေသည်။ ဂန်သာက လက်ဖက်ရည်နှင့် မုန့်ဖိုး များ ရှင်းပေးနေရင်း ပြောလာသည်။

"ဟမ့်ရှိုင်းယားမှာ ကျွန်တော်ရဲ့ ကျေးလက်အိမ်ကလေး တစ်လုံး ရှိတယ်။ စနေနဲ့ တနင်္ဂနွေရက်တွေမှာ မိတ်ဆွေတချို့ကို ကျွန်တော် အဲဒီအိမ် ဖိတ်ခေါ်သွားလေ့ ရှိတယ်။ ဒီတစ်ပတ် ခင်ဗျားကို ဖိတ်ပါတယ်။ လိုက်လဲ လိုက်စေချင်ပါတယ်"

ထရေစီ ခတ္တ တုံ့ဆိုင်းနေသည်။ ဂန်သာသည် ထရေစီအဖို့ သူစိမ်းလုံးလုံး ဖြစ်နေသေးသည်။ သူ မိမိထံမှ ဘာလိုချင်မှန်းကိုလည်း ယခုအထိ မသိရသေး။ ထို့ကြောင့် ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
ထိုစနေနှင့် တနင်္ဂနွေနှစ်ရက်သည် တကယ့် နှစ်လိုဖွယ်ရာ စိတ်ဝင်စားဖွယ်ရာ ရက်များပင် ဖြစ်သည်။ ဂန်သာဟာတော့၏ ကျေးလက်စံအိမ်ကလေးသည် ၃၇ဧက ကျယ်သော ခြံမြေကြီးထဲတွင် ရှိသည့် လှပ သော အိမ်ကလေးတစ်လုံးပင် ဖြစ်သည်။ ဂန်သာသည် မုဆိုးဖိုဖြစ်ရာ အိမ်ဖောများမှ တစ်ပါး တစ်ယောက် တည်း နေသူ ဖြစ်သည်။

ဂန်သာက ထရေစီအား သူ့ခြံဝင်းထဲ လိုက်ပြသည်။ မြင်းခြောက်ကောင် မွေးထားသော မြင်းဇောင်းတစ်ခု၊ ကြက်ခြံနှင့် ၀က်ခြံများ တွေ့ရသည်။ ဂန်သာက ထရေစီအား ခိုကလေးများ အပြည့်ရှိသော ခိုအိမ်များဆီသို့ ခေါ်သွားပြီး ပြပြန်သည်။
"ဒီခိုကလေးတွက အိမ်ပြန်တတ်တဲ့  ခိုတွေလေ၊ ကြည့်စမ်းပါဦး မလှဘူးလား၊ ဟိုဘက်က မီးခိုးရောင် အကောင် ကလေး ကို ကြည့်လိုက်စမ်းပါဦး"
ဂန်သာ က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြီး ထိုခိုကလေးကို ကောက်ယူလိုက်သည်။ ရင်ခွင်တွင် ပိုက်ထားပြီး အမွေးများ ကို သပ်ပေးနေသည်။
နက်ပြာရောင်၊ အညိုရောင်နှင့် မီးခိုရောင် ခိုကလေးများက လှပပြီး ချစ်စရာ ကောင်းနေသည်။

"အဖြူရောင် မပါဘူးနော်"
ထရေစီက မေးလိုက်သည်။
"အိမ်ပြန်တတ်တဲ့ ခိုအမျိုးအစားထဲမှ အဖြူရောင် မရှိဘူး။ ဒီ အိမ်ပြန်တတ်တဲ့ ခိုတွေက ပျမ်းမျှ တစ်နာရီ ၄၀-နှုန်း ပျံနိုင်တာ၊ တော်တော်တော့ အံ့သြစရာကောင်းသား၊ မိုင်၅၀၀လောက် အဝေးကို ရောက်တာ တောင်မှ အိမ်ကို ပြန်လာတာပဲ"
ဂန်သာ က သူ့ခိုကလေးများအကြောင်းကို ရှင်းသည်။

ဂန်သာ၏ ဧည့်သည်အားလုံးက တအံ့တသြဖြင့် စိတ်ဝင်စားကြသည်။ သူ့ဧည့်သည်များတွင် ထရေစီအပြင် ၀န်ကြီးတစ်ဦးနှင့် ဇနီး၊ ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် သူ၏ မိန်းကလေးတစ်ယောက်၊ မော်ဗီမဟာရာနီတို့ ပါသည်။ မဟာရာနီ မှာ ချောမောလှပပြီး ချစ်စရာ ခင်စရာ ကောင်းသော အမျိုးသမီး ဖြစ်သည်။
"ကျွန်မ ကို ဗီဂျေလို့ပဲ ခေါ်ကြပါရှင်"
မဟာရာနီက ပြောသည်။
သူမသည် ဆာရီ အနီရဲရဲ ရွှေချည်ဖောက်အထည်ကို ၀တ်ထားသည်။

ထရေစီ မြင်ဖူးသမျှတွင် အလှပဆုံး ကျောက်မျက်ရတနာ လက်ဝတ်လက်စားများကို ၀တ်ထားသည်။
"ကျွန်မရဲ့ လက်ဝတ်ရတနာ အများစုကို ဘဏ်က အာမခံသေတ္တာထဲမှာ ထားတာ၊ ခုခေတ်က သူခိုး သိပ်ပူတယ် မဟုတ်လား"
ထရေစီတို့ လန်ဒန်သို့ မပြန်မီ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဂန်သာက ထရေစီအား စာကြည့်ခန်းထဲသို့ ဖိတ်ခေါ် တွေ့ဆုံသည်။
"ရှင့် ဘာကြောင့် ကျွန်မကို ဒီကို ဖိတ်လာတယ်ဆိုတာတော့ ကျွန်မ မသိဘူး ဂန်သာ၊ ရှင် ဘာကြောင့်ပဲ ဖိတ်ဖိတ် လာလည်ခဲ့မိလို့လဲ ကျွန်မ စိတ်ဝင်စားစရာ ပျော်စရာဖြစ်ရတာ အမှန်ပါပဲရှင်"
"အခုလို ကြားရတာ ၀မ်းသာပါတယ်ဗျာ၊ ကျွန်တော်လဲ ခင်ဗျားကို စောင့်ကြည့် အကဲခတ်နေတာပါပဲ"

"ကျွန်မ သတိထားမိပါတယ်"
"ခင်ဗျားရဲ့ အနာဂတ်ရေးအတွက် ဘာအစီအစဉ်တွေများ ရှိသလဲ"
"ကျွန်မ ရှေ့အဖို့ ဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး"
ထရေစီက တုံ့ဆိုင်းဆိုင်းဖြင့် ဖြေလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက် အတူတူတွဲပြီး အလုပ်လုပ်လို့ ဖြစ်မယ်ထင်တယ်"
"ရှင့်ရဲ့ ရှေးဟောင်း ပစ္စည်းဆိုင်ကို ဆိုလိုတာလား"
ဂန်သာက ရယ်လိုက်ပြီးမှ ပြန်ဖြေသည်။

"မဟုတ်ပါဘူး၊ ဆိုင်အလုပ်လုပ်ရင် ခင်ဗျားရဲ့ ပင်ကို ဗီဇ ထူးချွန်မှုတွေကို ဖျက်ဆီးရာ ရောက်သွားမှာပေါ့၊ ကော်နတ် မော်ဂင် နဲ့ သူ့လူနှစ်ယောက်ကို ခင်ဗျား ဘယ်လို လိမ္မာပါးနပ်စွာ ကိုင်တွယ် လုပ်ကိုင်လာတယ် ဆိုတာ ကျွန်တော် သိပါတယ်၊ ခင်ဗျား အဲဒီဘက်မှာ တကယ် ထက်မြက်တာပဲဗျာ"
"ဂန်သာ ... အဲဒါတွေ အားလုံးဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ"
"ဒါဖြင့် ခင်ဗျား အနာဂတ်အတွက် ဘာတွေရှိနေသလဲ၊ ခင်ဗျားမှာ ဘာအစီအစဉ်မှ မရှိဘူး မဟုတ်လား၊ အခု ခင်ဗျားမှာ ရှိနေတဲ့ ငွေတွေဟာ တစ်နေ့တော့ ကုန်မှာပဲ၊ ကျွန်တော်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ အကြံပေး ပါရ စေ၊ တကယ့်ချမ်းသာတဲ့ ကမ္ဘာ့ အသိုင်းအ၀န်းထဲကို ကျွန်တော် ၀င်ဆံ့တဲ့လူပါ၊ ပါတီပွဲ အမျိုးမျိုး ကို တက်ခွင့် ရတဲ့လူပါ။ သူဌေးတွေ ဘယ်သွားတယ် ဘယ်လာတယ်ဆိုတာ ကျွန်တော် အကုန်လုံး သိတယ်"

"ဒါတွေဟာ ကျွန်မနဲ့ ဘယ်လိုမှ မဆိုင်ပါဘူး"
"အဲဒီ အသိုင်းအ၀န်းနဲ့ ခင်ဗျားကို ကျွန်တော်မိတ်ဆက် ပေးနိုင်ပါတယ်၊ တကယ့်ကို ရွှေရောင်လွှမ်းနေတဲ့ အသိုင်းအ၀န်းပါ၊ ကျောက်မျက်ရတနာတွေ၊ ပန်းချီကားတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို ကျွန်တော် ခင်ဗျားကို ပေးနိုင်ပါတယ်၊ ဒါတွေကို ခင်ဗျား ဘယ်နည်း ဘယ်ပုံ အန္တရာယ် ကင်းကင်းနဲ့ ရယူနိုင်မယ်ဆိုတာ လဲ နည်းပေးလမ်းပြ လုပ်နိုင်ပါတယ်။ ရတဲ့ အကျိုးအမြတ်ကို ကျွန်တော်တို့ နှစ်ယောက် ခွဲယူကြတာပေါ့၊ ကဲ ... ခင်ဗျား သဘော ဘယ်လိုလဲ"
"ဟင့်အင်းလို့ပဲ ငြင်းရမှာပဲ"

ဂန်သာက ထရေစီအား တွေးတွေးဆဆဖြင့် အကဲခတ်နေပြန်သည်။
"အင်းလေ ... ခင်ဗျား စိတ်ပြောင်းလာရင် ကျွန်တော်ကို ပြောပါ"
"ကျွန်မ စိတ်ပြောင်းမှာ မဟုတ်ပါဘူး ဂန်သာ"
ထိုနေ့ညနေပိုင်းတွင် ထရေစီ လန်ဒန်သို့ ပြန်လာခဲ့သည်။

ဆက်ရန်
.

1 comment:

  1. စိတ်သစ်လူသစ်နဲ့ဘဝကိုပြန်စဖို့ထွက်လာပါတယ်ဆိုမှပဲ......။

    ReplyDelete

thank you to say so