(၁၉)
ဂျေဂျေရေနော ၏ ရုံးခန်း၌ ထိုနေ့နံနက်က ပြုလုပ်မည့် အစည်းအဝေးမှာ မည်သည့် အစည်းအဝေး ဖြစ်မည် ကို ဒယ်နီရယ်ကူးပါး ကြိုတင်သိနေသည်။ ထိုအစည်းအဝေး မလုပ်ခင် တစ်ရက်ကပင် ကြိုတင်ပြီး လူဝစ္စ ဘယ်လာမီ အိမ်၌ ပြီးခဲ့သော တစ်ပတ်က ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းခိုးယူမှု ကိစ္စကို သူတို့ကုမ္ပဏီမှ စုံထောက်များ အား စာရွက်စာတမ်း ဝေငှထားသဖြင့် ကြိုသိနေခြင်း ဖြစ်သည်။
ရေနော ရုံးခန်း ၌ ပြုလုပ်သော အစည်းအဝေးသို့ ကူးပါး ၃၅-မိနစ် နောက်ကျပြီးမှ ရောက်လာသည်။ အပိုစကား တွေကို နားမထောင်ချင်၍ တမင်တကာ နောက်ကျပြီးမှ လာခြင်း ဖြစ်သည်။
သူတို့ကုမ္ပဏီ၏ ထိပ်တန်း စုံထောက်သုံးဦးဖြစ်သော ဒေးဗစ်ဆွစ်၊ ရောဇတ် ရှဟစ်ဖာနှင့် ဂျာရီဒေးဗစ်တို့ ရုံးခန်းထဲ ၌ ရှိနေကြသည်။ ဒယ်နရယ် ကူးပါးက သူတို့နှင့်အတူ ၀င်ထိုင်လိုက်သည်။
"ဘယ်လာမီ အိမ်က ရတနာတွေ အခိုးခံရမှုကို ခင်ဗျားတို့အားလုံး အစီရင်ခံစာ ဖတ်ပြီးကြရောပေါ့"
ေ၇နော က ပြောသည်။
"ရဲကရော ဘာလုပ်နေတာလဲ"
ဒေးဗစ်က မေးသည်။
"ရဲကတော့ သတင်းထောက်တွေနဲ့ မတွေ့အောင် ရှောင်နေတယ်လေ၊ သူတို့ကိုလဲ အပြစ်ပြောလို့ မရဘူး၊ ဘယ်လာမီအိမ် ထဲက သူခိုးကို သူတို့ရင်ဆိုင် တွေ့ခဲ့ပေမယ့် ဟိုက ပတ်လိုက်တာ သူတို့ ခံစားသွားရတယ် လေ"
"အဲဒီအမျိုးသမီးရဲ့ ပုံပန်းသဏ္ဍာန်တော့ တော်တော်များများ သူတို့ သိလိုက်ရမှာပေါ့"
ဆွစ်က ၀င်မေးသည်။
"အမျိုးသမီး ရဲ့ ည၀တ် အင်္ကျီလောက်ပဲ ကောင်းကောင်း မှတ်မိလိုက်တယ်၊ အငိုက်ဖမ်း ခံလိုက်ရတော့ ဘာမှ သိပ်မမှတ်မိလိုက်ဘူး၊ ဆံပင် အရောင်တော် ဘာအရောင်လဲဆိုတာ မမှတ်မိလိုက်ဘူး၊ ဆံပင် ကောက် တဲ့ ခေါင်းစွပ်တဲ့ ဆောင်းထားတယ်၊ မျက်နှာမှာလဲ့ မိတ်ကပ် ထူထူ ကျိုးတိုး ကျိုးကျားနဲ့၊ အသက် ကတော့ အစိတ်လောက် ရှိမယ်ဆိုပဲ၊ တိကျ ခိုင်မာတဲ့ သဲလွန်စ ဘာမှ မရလိုက်ဘူး၊ ဆက်လိုက်ဖို့ အချက်အလက် မရှိဘူး ဖြစ်နေတယ်"
"ရှိပါတယ် ... ကျွန်တော်တို့မှာ ရှိပါတယ်"
ဒင်နရယ် ကူးပါးက ပထမဆုံးအကြိမ် ၀င်ပြောလိုက်သည်။ သူတို့အားလုံးက သူ့ကို မနှစ်မြို့သည့် အသွင် အမျိုးမျိုး ဖြင့် ကြည့်လိုက်ကြသည်။
"ခင်ဗျား ဘာပြောတာလဲ"
ရေနော က မေးသည်။
"အဲဒီ သူခိုးမ ဘယ်သူဆိုတာ ကျွန်တော် သိတယ်"
ဒင်နရယ်ကူးပါးသည် ဘယ်လာမီအိမ် ဖောက်ထွင်းမှု အစီရင်ခံစာကို ဖတ်ရှုရသည့် ယမန်နေ့နံနက်ကပင် သူကိုယ်တိုင် ထိုအိမ် သို့ ကားဖြင့် သွားကြည့်သည်။ လောင်းအိုင်းလင်းမှ ဘယ်လာမီ အိမ်ရှေ့သို့ ရောက် သွားပြီး နောက်တွင် အိမ်ကိုကားပေါ်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ကားအောက်သို့ ပင် မဆင်းတော့ဘဲ ကားကို ပြန်လှည့် မောင်းခဲ့သည်။
ရေနောရုံးခန်း ထဲမှ လူများအား ကူးပါးက သူ၏ အမြင်ကို ပြောပြနေသည်။
"အဲဒီအမျိုးသမီးဟာ ခြေရာခံလိုက်မှာ စိုးလို့ ထင်ပါရဲ့ သူ့ကိုယ်ပိုင်ကားကို မသုံးဘူး၊ ဒီတော့ အငှားကား ယာဉ် ကိုပဲ သုံးရမယ်၊ ဒါမှမဟုတ် ကားတစ်စီးကို ခိုးပြီး မောင်းသွားရင်လဲ မောင်းသွားရမယ်၊ ကားငှား အေဂျင်စီ တွေမှာ ပထမ ကြိုးစားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ တကယ်လို့ သူမကားငှားရင် မင်ဟက်တန် မှာ ငှားရမယ်လို့လဲ တွေးဆမိတယ်၊ အဲဒီမှာ ငှားရင် သူမကို ခြေရာကောက်ဖို့ လွယ်မယ် မဟုတ်လား"
"ခင်ဗျား နောက်နေတာလား ကူးပါး၊ မင်ဟက်တန်မှာ ကားငှားတာဟာ တစ်နေ့ ထောင်ချီပြီး ရှိနေတ ဘယ်မှာ ရှာ လို့ လွယ်ပါ့မလဲဗျ"
ဂျာရီဒေးဗစ် က ၀င်ပြောသည်။
"ကားငှားတာအားလုံးကို ကွန်ပျူတာနဲ့ မှတ်တမ်းတင်ထားတာ၊ ဒါပေမယ့် အမျိုးသမီးတွေ ငှားပြီး မောင်းသွားတဲ့ ကားကတော့ နည်းပါတယ်၊ အမျိုးသမီးတွေ ငှားစီးသွားတဲ့ ကားအားလုံးကို ကျွန်တော် စစ်ဆေး ကြည့်တယ်၊ မသင်္ကာစရာ တစ်စီး သွားတွေ့တယ်၊ ခိုးမှုဖြစ်တဲ့ ည၆နာရီမှာ အနောက် ၂၃လမ်း အငှားစခန်း ကနေ ငှားသွားတဲ့ ချီဗီကက်ပရိုက် အမျိုးအစားကားပဲ၊ မနက် ၂နာရီမှာ လာပြန်အပ်ထားတယ်"
"အဲဒီကားဟာ သူခိုးမသုံးသွားတဲ့ကားလို့ ခင်ဗျား ဘယ်လိုလုပ်သိမလဲ"
"ကျွန်တော် မိုင်နှုန်းပြ မီတာကို စစ်ကြည့်တယ်၊ လူဝစ္စဘယ်လာမီအိမ်ကို အဲဒီနေရာက သွားရင် ၃၂မိုင် ဝေးတယ်၊ အပြန်ခရီးနဲ့ဆိုရင် ၆၄မိုင်ပေါ့၊ အဲဒီကားရဲ့ သွားခဲ့တဲ့မိုင်နှုန်းနဲ့ မီတာမှာလဲ ၆၄မိုင်တက်နေတာ တွေ့ရ တယ်၊ အဲဒီကားကို ငှားသွားတဲ့ အမျိုးသမီးနာမည်က အယ်လင်ဘရန်တဲ့"
"အဲဒီနာမည် က နာမည်လိမ် ဖြစ်မှာပါ"
ဒေးဗစ်ဆွစ်က ၀င်ပြောသည်။
"ဟုတ်တယ်၊ အဲဒီ အမျိုးသမီးရဲ့ နာမည်အမှန်က ထရေစီ ၀ှစ်တနေ"
ကျန်လူ အားလုံး က ကူးပါးကို စိုက်ကြည့်လိုက်ကြသည်။
"အဲဒါကို ခင်ဗျား ဘယ်လိုလုပ်သိသလဲ"
ရှဟစ်ဖာ က မေးလိုက်သည်။
"အဲဒီ အမျိုးသမီးက နာမည်လိမ်နဲ့ လိပ်စာလိမ်တော့ ပေးသွားတာပဲ၊ ဒါပေမယ့် ကားငှားတဲ့ စာရွက် စာတမ်း မှာ လက်မှတ်ထိုးရတယ် မဟုတ်လား၊ အဲဒီက လက်ဗွေကို ယူပြီး ကွန်ပျူတာနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့် တော့ ထရေစီဝှစ်တနေရဲ့ လက်ဗွေရာနဲ့ တူနေတာ တွေ့ရတယ်၊ သူမက လူဝီစီယားနားက အမျိုးသမီး ထောင်မှာ ကျခဲ့ဖူးသေးတယ်လေ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေနွားပန်းချီကား အခိုးခံရမှုနဲ့ ပတ်သက်ပြီး သူ့အကြောင်း ကျွန်တော်ပြောခဲ့တာ ခင်ဗျားတို့ မှတ်မိဦးမှာပေါ့"
"အား ... မှတ်မိပြီ၊ အဲဒီတုန်းကတော့ သူ့မှာ အပြစ် မရှိဘူးလို့ ခင်ဗျား ပြောခဲ့တာပဲ"
ဂျေဂျေရေနော က ပြောသည်။
"ဟုတ်ပါတယ်၊ ဟိုတုန်းကတော့ သူအပြစ်ကင်းတယ်၊ အခုတော့ အပြစ် မကင်းတော့ဘူး၊ ဘယ်လာမီရဲ့ ရတနာတွေ သူခိုးတာပဲ"
"ဟာ ... မင်း တကယ်ကို အလုပ် လုပ်တာပဲ ကူးပါး၊ ဒါဖြင့် သူ့ကို ကိုင်ကြစို့၊ ရဲကို ပြောပြပြီး ဖမ်းခိုင်းမယ် ပြီးတော့ ..."
"ဘာစွဲချက်နဲ့ ဖမ်းမှာလဲ၊ ကား ငှားတာနဲ့ပဲလား၊ တကယ်ထင်ရှားတဲ့ သက်သေ အထောက်အထား တစ်ခုမှ မရှိတော့ ရဲက သူ့ကို ဘယ်လိုမှ ဖမ်းလို့ရမှာ မဟုတ်ဘူးဗျ"
"ဒါဖြင့် တို့ ဘာလုပ်ကြမလဲ၊ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ရမှာလား"
ရှဟစ်ဖာ က ၀င်မေးသည်။
"ဟုတ်တယ်၊ ဒီတစ်ခါတော့ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေရမှာပဲ၊ ဒါပေမယ့် သူ ဘယ်သူ ဘယ်ဝါ ဆိုတာ အခု ကျွန်တော် သိပြီ၊ သူ နောက်ထပ် ထပ်လိုက်ဦးမှာပဲ၊ အဲဒီတော့မှ ကျွန်တော် ဖမ်းမယ်"
နောက်ဆုံး တွင် သူတို့ အစည်းအဝေး ပြီးသွားသည်။
ဒင်နရယ်ကူးပါး ရေ အလွန်အမင်း ချိုးချင်လာသည်။ သူသည် မှတ်စုစာအုပ်အမည်း သေးသေးလေးကို ထုတ်ယူ လိုက်ပြီး "ထရေစီဝှစ်တနေ" ဆိုသော စာလုံးကို ဂရုတစိုက် ရေးမှတ်လိုက်သည်။

(၂၀)
မိမိအဖို့ ဘ၀သစ်ကို စတင်ရန် အချိန်တန်လာပြီဟု ထရေစီ ဆုံးဖြတ်လိုက်သည်။ သို့သော် မည်သို့သော ဘ၀မျိုး ကို စမည်နည်း၊ မိမိသည် အပြစ်မရှိဘဲ ဓားစာခံဖြစ်ရသည့် ဘ၀မှ အပြစ်ရှိသော ဘ၀ကို ရောက်ခဲ့ရ ပြီ။
သူမသည် အာနက်စတိုင်းနှင့် အေမီတို့ကို သတိရမိလာသည်။ ရုပ်သေးရုပ်ကလေး ခြောက်ရုပ် သွားဝယ်ပြီး အေမီ ထံ စာတိုက်မှ ပို့လိုက်သည်။ ကတ်ပြားပေါ်တွင် စာလေး ရေးပေးလိုက်သည်။ "မင်းအတွက် မိတ်ဆွေ သစ်များ၊ မင်းကို လွမ်းဆွတ်လျက်၊ ချစ်သော ထရေစီ"
အာနက်စတိုင်း ထံသို့လည်း ဒေါ်လာငွေ ၂၀၀ ပေးပို့လိုက်ပြီး ကတ်ပြားတွင် "ကျေးဇူးပဲ အာနီ၊ မှ ... ထရေစီ" ဟု ရေးပေးလိုက်သည်။ မိမိအဖို့ ဆပ်စရာ ကြွေးဟောင်းများ ဆပ်လိုက်ရသဖြင့် ထရေစီ ရင်ပေါ့ သွားသည်။
ထရေစီသည် ဟမ်စလေနန်းတော် ဟိုတယ်၏ အပေါ်ထပ် အခန်းကျယ်ကြီး တစ်ခန်းကို ငှားပြီး ပြောင်းနေ လိုက်သည်။ ၄၇ထပ် ရှိ သူမ၏ အခန်းမှ နေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ စိန့်ပက်ထရစ်ဘုရား ရှိခိုးကျောင်းကို တွေ့ရသည်။ ခပ်လှမ်းလှမ်းတွင် ဂျော့ဝါရှင်တန တံတားကို လှမ်းမြင်ရသည်။ အခြား တစ်နေရာသို့ မျက်စိ ရောက်သွားပြန်သည်။ မကြာခင်ကပင် သူ နေခဲ့ရသော လောကငရဲ ရပ်ကွက်ကို မြင်ရ သည်။ ဒီနေရာမျိုး ဘယ်တော့မှ ပြန်မရောက်စေရဟု သူ စိတ်ထဲက ပြောလိုက်သည်။
ထရေစီသည် ရှန်ပိန်ပုလင်းကို ဖောက်လိုက်သည်။ ဖန် ကလပ်ကလေးထဲ လောင်းထည့်ပြီး တစ်ငုံချင်း တစိမ့်စိမ် အရသာခံ သောက်နေသည်။ မင်ဟက်တန် ရပ်ကွက်ရှီ မိုးမျှော်တိုက်ကြီးများ နောက်ဘက်သို့ ငုံ့လျှိုး ၀င်ရောက်သွားသော ဆည်းဆာ နေ၀င် ရှုခင်းကို ကြည့်နေမိသည်။
နေ၀င်သွားပြီးနောက် လထွက်လာသည့် အချိန်တွင် ထရေစီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မိမိ လန်ဒန် သို့ သွးမည်။ လူသစ် စိတ်သစ်ဖြင့် ဘ၀သစ် တည်ဆောက်မည်။ ပျော်ရွှင် ချမ်းမြေ့မှုများကို ခံစားရန် မိမိ အဖို့လည်း ထိုက်တန်ပါသည်ဟု ဆုံးဖြတ်လိုက်သည်။
ထရေစီသည် အိပ်ရာပေါ်တွင် လှဲနေရာမှ ညပိုင်း ရုပ်မြင်သံကြား သတင်းကို လှမ်းကြည့်နေသည်။ သတင်း တွင် ရုပ်မြင်သံကြား သတင်းထောက်က လူနှစ်ယောက်ကို တွေ့ဆုံ မေးမြန်းနေသည် ဘောရစ် မယ်နီကော့ ဆိုသော ရုရှင်အမျိုးသားသည် ပုကွကွ ဖြစ်ပြီး အညိုရောင်ဝတ်စုံ ခပ်ကျပ်ကျပ်ကို ၀တ်ထားသည်။ သူမ၏ ပြိုင်ဘက်ဖြစ်သော ရိုမေးနီးယား အမျိုးသား မြိုတာညူဆက်စကူးမှာ အရပ် ရှည်ရှည်သွယ်သွယ် ဖြစ်ပြီး ကြည့်ကောင်းသော ရုပ်ရည် ဖြစ်သည်။
"ခင်ဗျားတို့ရဲ့ စစ်တုရင် ဗိုလ်လုပွဲကို ဘယ်မှာ ကျင်းမှာလဲ"
သတင်းထောက်က မေးသည်။
"လှပသာယာတဲ့ ပင်လယ်နက် ကမ်းခြေက ဆိုချီမြို့မှာပါ"
မယ်နီကော့က ဖြေသည်။
"ခင်ဗျားတို့ နှစ်ယောက်စလုံးဟာ နိုင်ငံတကာ စစ်တုရင်မှာတော့ ဆရာကြီးအဆင့် ရှိသူတွေပါပဲ၊ ဟို အလျင်ပွဲတွေမှာ ခင်ဗျားတို့ တစ်ယောက် တစ်လှည့်စီ နိုင်ပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ကို တစ်လှည့်စီ ယူနေကြတာပဲ၊ နောက်ဆုံးပွဲမှာတော့ ခင်ဗျားတို့ သရေကျခဲ့တယ်၊ ဒါကြောင့် အခုတော့ ခင်ဗျားတို့ဟာ ပူးတွဲချန်ပီယံတွေ ဖြစ်နေရတယ်၊ သရဖူတစလုံးကို နှစ်ယောက်ဆောင်း နေရတယ်၊ ဒီတစ်ခါတော့ တစ်ယောက်နဲ့ တစ်ယောက် အပြတ်နိုင်မယ်လို့ ထင်သလား"
"ကျွန်တော်နိုင်မှာ မုချပဲ"
ရိုမေးနီးယားအမျိုးသားက ပြောသည်။
"သူ့အတွက် အခွင့်အလမ်း မရှိပါဘူး၊ ကျွန်တော် နိုင်မှာ ..."
ရုရှ အမျိုးသားက ပြောသည်။
ထရေစီသည် စစ်တုရင်ကို လုံးဝ နားမလည်၊ မသိ၊ မတတ်။ သို့ရာတွင် ထိုသူနှစ်ယောက်၏ ထရေစီ မနှစ်မြို့ပေ။
ထို့ကြောင့် သူမလက်ထဲရှိ အဝေးထိန်းကိရိယာမှ ခလုတ်ကို နှိပ်လိုက်ပြီး ရုပ်မြင်သံကြားကို ပိတ်လိုက် သည်။ ထို့နောက် သူမလည်း အိပ်လိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ထရေစီသည် ခရီးသွား အေဂျင်စီ တစ်ခုသို့ သွားသည်။
လန်ဒန်သို့ သွားမည့် "ဒုတိယ အယ်လီဇဘက်ဘုရင်မကြီး" အမည်ရှိ သင်္ဘောတွင် အချက်ပြ ကုန်းပတ်၌ အခန်းတစ်ခန်းရရန် လက်မှတ်တစ်စောင် ကြိုဝယ်လိုက်သည်။
ပြည်ပသို့ ပထမဆုံးအခေါက် သွားရမည့် ကလေးတစ်ယောက်၏ စိတ်လှုပ်ရှားခြင်းမျိုးဖြင့် ထရေစီ စိတ် လှုပ်ရှားနေသည်။
ထို့နောက် သုံးရက်လုံးလုံး အ၀တ်အစားများ၊ ခရီးဆောင်သေတ္တာများနှင့် အခြား လိုအပ်သော ပစ္စည်းများ ၀ယ်ယူခြင်းဖြင့် အချိန်ကုန်ရသည်။
သင်္ဘောထွက်မည့် နံနက်တွင် ထရေစီသည် ကားတစ်စီး ငှားပြီး သင်္ဘောဆိပ်သို့ ဆင်းလာသည်။
ဓာတ်ပုံဆရာများနှင့် ရုပ်မြင်သံကြားသတင်းထောက်များကို သင်္ဘောဆိပ်၌ တွေ့လိုက်ရသောအခါ ထရေစီ ထိတ်လန့် သွားမိသည်။
စစ်တုရင် ဆရာကြီးနှစ်ဦးအား လာရောက် တွေ့ဆုံသတင်း ယူမှန်းသိရမှ စိတ်သက်သာရာ ရသွားသည်။
ထရေစီ သည် သူတို့နှစ်ယောက် ဘေးမှ အသာကွေ့ပြီး လာခဲ့သည်။
သင်္ဘောအရာရှိ တစ်ဦးအား သူမ၏ နိုင်ငံကူးလက်မှတ်ကို ပြပြီး သင်္ဘောပေါ် တက်လာသည်။
သင်္ဘော အမှုထမ်း တစ်ဦး က ထရေစီ၏ သင်္ဘောလက်မှတ်ကို ကြည့်ပြီး သူမအခန်းကို ညွှန်ပြသည်။
သူမအခန်းမှာ သန့်ရှင်း သပ်ရပ်သည်။
သီးသန့်ဝရန်တာလေးလည်း ပါသည်။
အခန်းခက ဈေးကြီးသော်လည်း တန်ပါပေသည်ဟု ထရေစီ တွေးမိသည်။
"ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး" ဟု အမည်ပေးထားသော သင်္ဘောကြီးသည် မြို့ကြီးတစ်မြို့ နှင့်အားတူလှသည်။ အလျားပေ ၉၀၀ကျော် ရှည်ပြီး အထပ် ဆယ့်သုံးထပ် ရှိသည်။
စားသောက်ခန်း လေးခု၊ အရက်ဆိုင် ခြောက်ခု၊ အကခန်းမ နှစ်ခု၊ ညကလပ်နှစ်ခု ရှိသည်။ ထို့အပြင် ရေကူးကန် လေးခု၊ အားကစားခန်းတစ်ခု၊ ဂေါက်လေ့ကျင့်ကွင်း တစ်ခု၊ အပြေးလေ့ကျင့်ခန်း တစ်ခုတို့နှင့် ဈေးဆိုင်အများအပြား ပါသေးသည်။
ထရေစီသည် ဤသင်္ဘောကြီးပေါ်တွင်ပင် တစ်သက်လုံး နေချင်စိတ် ပေါ်လာသည်။
ထရေစီသည် အပေါ်ထပ်ရှိ "ပရင့်စက်ဂရေး" စားသောက်ခန်း၌ စားပွဲတစ်လံုး သီးသန့် မှာထားသည်။ ထိုစားသောက်ခန်းသည် ပင်မ စားသောက်ခန်းမကြီးထက် သေးသော်လည်း သပ်ရပ် အေးချမ်းသည်။
သူမ စားပွဲ၌ ထိုင်ပြီးခါစ ရှိသေးသည်။ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။
"ဟဲလို ... ခင်ဗျား ဒီမှာ ရောက်နေတာကိုး"
ထရေစီ မော်ကြည့်လိုက်ရာ မတ်တတ်ရပ်နေသော ဘောင်ဝါကို မြင်ရသည်။ ရထားပေါ်၌ အက်ဖ်ဘီအိုင် အရောင်ဆောင်လာသူမှန်း ထရေစီ မှတ်မိသည်။
"အခုလို တွေ့ရတာ တကယ့်ကို အံ့သြစရာပါပဲ၊ ခင်ဗျား စားပွဲမှာ ကျွန်တော် ၀င်ထိုင်ရင် စိတ်ဆိုးမှာလား"
ထိုသူက ပြောလသည်။
"ရပါတယ်"
ထရေစီက ထိုမျှသာ ဖြေသည်။
ထရေစီနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ထိုသူက ၀င်ထိုင်လိုက်ပြီး ပြုံးပြသည်။
"ကျွန်တော်တို့နှစ်ယောက် မိတ်ဆွေ ဖြစ်ထိုက်ပါတယ်၊ ကျွန်တော်တို့ နှစ်ယောက်စလုံး ဒီကို တစ်ခုတည်း သော တူညီတဲ့အကြောင်းနဲ့ ရောက်လာကြတာ မဟုတ်လား"
ထိုသူ ဘာပြောနေသည်ကို ထရေစီ နားမလည်။
"ဒီမှာ ... မစ္စတာဘောင်ဝါ"
"ကျွန်တော် ဘောင်ဝါ မဟုတ်ပါဘူး၊ စတီဗင် ဂျက်စတီဗင်ပါ"
"ရှင်နာမည် ဘာပဲဖြစ်ဖြစ် အကြောင်း မဟုတ်ပါဘူး"
ထရေစီ ထိုင်နေရာမှ ထဖို့ ပြင်လိုက်သည်။
"ခဏနေပါဦး ... ကျွန်တော်တို့နှစ်ယောက် နောက်ဆုံး တွေ့ခဲ့ရတဲ့အချိန်က ကိစ္စကို ရှင်းပြချင်လို့ပါ"
"ဘာမှ ရှင်းပြစရာ မလိုပါဘူးရှင်၊ ရှင်းနေတဲ့ကိစ္စပဲ၊ မသိနားမလည်တဲ့ ကလေးတောင် တွက်လို့ရတဲ့ကိစ္စပါ၊ ရှင် နဲ့ တွေ့ရတာ ကျွန်မ အဖို့တော့ အနိဋ္ဌာရုံပဲ၊ ရှင် ဒီသင်္ဘောပေါ်မှာ ဘာလာ လုပ်နေတာတုံး"
"မက်စီမီလန့်ပိုင်ယာပွန့် ပါလာလို့ ကျွန်တော်တို့ လိုက်လာ တာပေါ့"
"သူက ဘယ်သူလဲ"
ထရေစီက မေးလိုက်သည်။
"ခင်ဗျား သူ့ကို တကယ် မသိဘူးလား"
ဂျက်က အံ့အားသင့်သည့် အမူအရာဖြင့် မေးလိုက်သည်။
"ကျွန်မက ဘာသိရမှာလဲ"
"မက်ပိုင်ယာပွန့်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အချမ်းသာဆုံး လူတွေထဲမှာ တစ်ဦး ပါတာပေါ့၊ သူ့ဝါသနာက သူနဲ့ လုပ်ငန်းအပြိုင်ကုမ္ပဏီတွေကို ပြုတ်အောင် လုပ်ပစ်တာပဲ၊ နှေးတဲ့ မြင်းတွေရယ်၊ မြန်တဲ့ မိန်းမတွေရယ်ကို သူချစ်တယ်၊ အဲဒီနှစ်မျိုးစလုံး သူ့မှာ အများကြီး ရှိတယ်၊ တကယ် အသုံးအစွဲ လက်ဖွာသူလဲ ဖြစ်တယ်"
"သူ့ရဲ့ဥစ္စာဓနတချို့ လျော့နည်းသွားအောင် လုပ်ဖို့ ရှင် ရည်ရွယ်ထားတာလား"
"အင်း ဆိုပါတော့၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုရော ခင်ဗျား သိသလား"
"ကောင်းကောင်းသိတယ် မစ္စတာ စတီဗင်၊ ကျွန်မတို့ ခွဲကြစို့လို့ နှုတ်ဆက်သင့်တာပေါ့"
ထရေစီက ထိုင်ရာမှထပြီး စားသောက်ခန်းထဲမှ ထွက်သွားသည်ကို ဂျက်က ထိုနေရာ၌ ထိုင်ရင်းက စောင့်ကြည့်နေသည်။
ထရေစီသည် သူမအခန်းထဲ၌ ညစာ စားတော့သည်။ ဂျက်စတီဗင်နှင့် ပြန်တွေ့ရသည်ကို ဘ၀င်မကျ ဖြစ်နေသည်။
သူ့ကို ပစ်ပယ် ထားလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ညစာ စားပြီးသောအခါ ထရေစီ ကုန်းပတ်ပေါ်သို့ တက်သွားမည်။ ကောင်းကင်၌ ငွေကြယ်ပွင့်များက စိန်များကဲ့သို့ တဖိတ်ဖိတ် တောက်နေသည်။
သင်္ဘော လက်တန်းတွင် မှီပြီး သာယာလှသော ညရှုခင်းကို ကြည့်နေမိသည်။ လကွေးကွေးက ခပ်ဝေးဝေး တွင် တရေးရေးမေးတင်ပြီး ပေါ်လာသည်။ ငွေလှိုင်းခေါင်းဖြူများပေါ်သို့ လရောင်ဖျော့ဖျော့က ပက်ဖျန်း ထင်ဟပ်နေသည်။ လှလိုက်သည့်ည။
ထိုစဉ် သူမ ဘေး၌ လူတစ်ယောက် လာရပ်သည်။
"ခင်ဗျား ခုလိုရပ်နေတော့ ညအလှနဲ့ ခင်ဗျားအလှ ပေါင်းပြီး ဘယ်လောက်တောင် ပိုလှသွးတယ်ဆိုတာ ခင်ဗျား သိမှာ မဟုတ်ဘူး၊ သင်္ဘောပေါ်က အချစ်ဇာတ်လမ်းတွေကို ခင်ဗျား ယုံသလား"
"ယုံတယ်၊ ဒါပေမယ့် ကျွန်မ မယုံတာက ရှင်ပဲ"
ထရေစီက တစ်ဘက်သို့ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"နေ ... နေပါဦး၊ ခင်ဗျားကို ပြောစရာသတင်းတစ်ခု ရှိလို့ပါ၊ မက်မိုင်ယာပွန့် ဒီ သင်္ဘောမှာ ပါမလာဘူး၊ အချိန်ကပ်ပြီးမှ သူ့ခရီးစဉ်ကို ဖျက်လိုက်တယ်"
"ရှက်စရာကြီးပေါ့၊ ရှင် သင်္ဘောခ ဆုံးပြီပေါ့"
"ဒီလိုလဲ မဟုတ်သေးပါဘူး၊ အခု ဒီသင်္ဘောနဲ့ ခရီးသွားရင်း ငွေ မြိုးမြိုးမြက်မြက် ရမယ့် ကိစ္စမျိုး ရှိရင် ခင်ဗျား မလုပ်ချင်ဘူးလား"
ဂျက်က ထရေစီ ကို စူးစမ်းသော အကြည့်ြ့ဖင့် ကြည့်ရင်း မေးလိုက်သည်။
ထရေစီ၏ အမြင်တွင်မူ ဂျက်သ်ည မယုံရသူ ဖြစ်သည်။
"ရှင့် အကျိံအိတ်ထဲမှာ ရဟတ်ယာဉ် ... ဒါမှ မဟုတ် ရေငုပ်သင်္ဘော မရှိရင်တော့ ဒီသင်္ဘောပေါ်က ပစ္စည်း ခိုးပြီး ရှင် ဘယ်နည်းနဲ့မှ ထွက်ပြေးလို့ ရမှာ မဟုတ်ဘူး"
"ခင်ဗျားကို ဘယ်သူက ခိုးတယ် ၀ှက်မယ်လို့ ပြောလို့တုံး ...၊ ဘောရစ်မယ်နီကော့နဲ့ ညူဆက်စကူးဆိုတဲ့ လူနှစ်ယောက်ကို ခင်ဗျား ကြားဖူးသလား"
"ကြားဖူးတော့ ဘာထူးလာမှာလဲ"
"သူတို့ဟာ ဒီသင်္ဘောနဲ့ ပါလာတယ်၊ စစ်တုရင် ဗိုလ်လုပွဲကစားဖို့ ရုရှကို သွားကြမှာ၊ သူတို့နှစ်ယောက်နဲ့ ခင်ဗျားနဲ့ စစ်တုရင်ကစားဖို့ ကျွန်တော် စီစဉ်နိုင်ရင် ကျွန်တော်တို့ငွေ အတော်များများ နိုင်မယ်၊ အဘက်ဘက်က ရေပက်မ၀င်အောင်တော့ အကွက်ဆင်ရမှာပဲ"
"သူတို့နှစ်ယောက်နဲ့ ကျွန်မနဲ့ ကစားဖို့ စီစဉ်နိုင်ရင် ဟုတ်လား"
"ဒါ ရှင်ပြောတဲ့ အဘက်ဘက်က အကွက်ဆင်တာ ဒါလား"
"ဟုတ်တယ်၊ ဘယ်လိုလဲ ခင်ဗျား သဘောကျလား"
"ကျပါတယ်၊ ဒါပေမယ့် အခ်ကအခဲတစ်ခု ရှိနေတယ် ရှင် ..."
"ဘာများလဲ ..."
"ကျွန်မ စစ်တုရင် လုံးလုံး မကစားတတ်ဘူး"
"ကိစ္စ မရှိပ်ါဘူး၊ ကျွန်တော် ခင်ဗျားကို သင်ပေးမယ်"
ဂျက်က ပြုံးပြီး ပြောလိုက်သည်။
"ရှင် ရူးနေပြီ၊ စိတ်ရောဂါကု ဆရာဝန် ကောင်းကောင်း တစ်ယောက်နဲ့ သွားတွေ့ပါလို့ အကြံပေးပါရစေ၊ ကဲ နှုတ်ဆက်ခဲ့ပါတယ်၊ ကောင်းသော ညပါတဲ့ရှင် ..."
နောက်တစ်နေ့ နံနက်တွင် ထရေစီသည် ဘောရစ်မယ်နီကော့နှင့် ရင်ဆိုင်သွားတိုးသည်။
ဘောရစ် သည် ကုန်းပတ်တစ်ခုပေါ်တွင် ပြေးသည်ဆိုရုံ လမ်းလျှောက်ရင်း အားကစား လေ့ကျင့်နေသည်။
ထရေစီကလည်း လမ်းလျှောက် ထွက်လာရာ ထောင့်ချိုးကွေ့တစ်ခုတွင် ရင်ဆိုင် ၀င်တိုက်မိပြီး ထရေစီ ဖင်ထိုင် လဲကျသွားသည်။
"မင်း လမ်းလျှောက်ရင် မျက်စိဖွင့်ပြီး ကြည့်လျှောက်မှပေါ့"
ဘောရစ်က ထရေစီကို ဟောက်လိုက်င်္ပြီး ဆက်လျှောက်သွားသည်။
ထရေစီသည် ကုန်းပတ်ပေါ်၌ ဖင်ထိုင်လဲကျ ကျန်ခဲ့ရာမှ ဘောရစ်၏ နောက်ကျောကို ကြည့်နေရင်းက ပြော လိုက်သည်။
"တော်တော်ရိုင်းတဲ့လူပဲ"
ထရေစီသည် ထိုင်ရာမှ ထလိုက်ပြီး ဖုန်းများကို ခါလိုက်သည်။ သင်္ဘောအမှုထမ်း တစ်ယောက် ရောက် လာပြီး ဖေးကူပေးသည်။
"ဘယ်နား နာသွားသလဲ မစ္စံ၊ သူ ၀င်တိုက်သွားတာ ကျွန်တော် မြင်လိုက်တယ်"
"ကိစ္စ မရှိပါဘူး၊ ဘယ်မှ မနာပါဘူး၊ ကျေးဇူးပါပဲရှင် ..."
ထရေစီ သူ့အခန်းသို့ ပြန်လာည်။ မစ္စတာ ဂျက်စတီဗင်က တွေ့ခွင့်ပေးရန် ခြောက်ကြိမ်တိုင်တိုင် အကြောင်း ကြားသည်။ သို့သော် ထရေစီက မသိချင်ယောင် ဆောင်နေလိုက်သည်။
နေ့ပိုင်းလယ်တွင် ထရေစီ ရေကူးသည်။ ထို့နောက် စာဖတ်သည်။
ဂျက်ဆီက အကြောင်းကြားချက် ရောက်လာပြန်သည်။
ထရေစီ ဂရုမစိုက်ပါချေ။ ညနေစာ မစားမီတွင် ထရေစီသည် ကောက်တေးအရက်ခန်းထဲသို့ ရောက်လာ သည်။
အရက်ခန်းထဲတွင် ရိုမေးနီးယား စစ်တုရင် ချန်ပီယံ ပြိုတာညူဆက်စကူး ရောက်နေသည်။ ထရေစီကို မြင်သော အခါ သူက ထိုင်ရာမှ ထလိုက်ပြီး ဖိတ်မန္တကပြုလိုက်သည်။
"ကျွန်တော် ခင်ဗျားကို အရက်တိုက်ပါရစေလား မိန်းမချောလေးရယ်"
ထရေစီ ပထမတော့ တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ နောက်မှ ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"ဘာဖြစ်လို့လဲရှင် ... ရပါတယ်၊ ကျေးဇူးပါပဲ""ဘာသောက်ချင်ပါသလဲ ခင်ဗျာ"
"ဘော်ဒဂါနဲ့ တော်နစ်ဆိုရင် တော်လောက်ပါပြီ"
ညူဆက်စကူးက စားပွဲထိုးကို လှမ်းမှာ လိုက်ပြီး ထရေစီနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
"ကျွန်တော် ပြိုတာညူဆက်စကူးပါ"
"ကျွန်မ သိပါတယ်"
"ဟုတ်မှာပေါ့လေ၊ လူတိုင်း ကျွန်တော့်ကို သိနေတာပဲ၊ ကျွန်တော်က ကမ္ဘာမှာ အထင်ရှား အကြီးမားဆုံး စစ်တုရင်သမားလေ၊ ကျွန်တော့်နိုင်ငံမှာ ဆိုရင်တော့ ကျွန်တော်ဟာ အမျိုးသား သူရဲကောင်းပဲ"
ညူဆက်စကူး က ထရေစီနှင့် ပိုပြီး နီးကပ်သွားအောင် ကိုယ်ကို ကိုင်းလိုက်ပြီး ထရေစီ၏ ဒူးပေါ်သို့ လက်တင်လိုက်ကာ ခပ်တိုးတိုး ထပ်ပြောလိုကသ်ည။
"ပြီးတော့ ကျွန်တော်ဟာ တကယ့်ကို အချစ်အားသန်သူကြီးလဲ ဖြစ်တယ်"
"ဘာ ... ဘယ်လို ..."
ထရေစီက သဘောမပေါက်သဖြင့် ထပ်မေးလိုက်သည်။
"တကယ့်ကို အံ့သြလောက်အောင် ချစ်နိုင်သူကြီးလို့ ပြောတာ"
ထရေစီ သဘောပေါက်သွားသည်။ ညူဆက်စကူးမျက်နှာကို အရက်ခွက်နှင့် လှမ်းပက်လိုက်မည် လုပ်ပြီးမှ စတ်ကို ထိန်းလိုက်သည်။ သူမတွင် ထိုထက်ပိုကောင်းသော အကြံတစ်ခု ပေါ်လာသည်။
"ခွင့်ပြုပါဦး၊ ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ တွေ့စရာ ရှိသေးလို့ပါရှင်"
ထရေစီသည် ဂျက်စတီဗင်ကို လိုက်ရှာရန် ဘားခန်းထဲမှ ထွက်လာခဲ့သည်။
ပရင်းစက်ဂေးလ် စားသောက်ခန်းထဲတွင် ဂျက်ကို ထရေစီ တွေ့သည်။ သို့သော် ဂျက် ချောမောလှပသော မိန်းကလေးတစ်ယောက်နှင့် ညစာ အတူ စားနေသည်။ ထို့ကြောင့် ထရေစီသည် သူတို့စားပွဲသို့ မသွားဘဲ အပြင် လူသွားစင်္ကြံသို့ ပြန်ထွက်လာခဲ့သည်။
တအောင့်အကြာတွင် ဂျက်ရောက်လာပြီး သူမဘေး၌ လာရပ်သည်။
"ထရေစီ ... မင်း င့ါကို တွေ့ချင်လို့လား"
"ရှင် ... ထမင်းစားပွဲကနေ ကျွန်မ ရှင့်ကို ခေါ်မသွားရက်ပါဘူး"
"တို့ စားလို့ ပြီးတော့မှာပါ၊ အချိုပွဲတောင် ရောက်နေပါပြီ၊ ကဲ ... ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ"
"ရှင်မယ်နီကော့နဲ့ ညူဆက်စကူးတို့ကိစ္စ စိတ်ဝင်စားသေးသလား"
"၀င်စားတာပေါ့ ... ဘာဖြစ်လို့တုံး"
"သူတို့နှစ်ယောက်စလုံးကို သင်ခန်းစာပေးဖို့ လိုပြီလို့ ကျွန်မ ထင်တယ်"
"ဟုတ်တာပေါ့၊ သူတို့ကို သင်ခန်းစာပေးရင်း တို့လဲ ငွေရအောင် ဖန်နိုင်တာပေါ့"
"ကောင်းတယ်၊ ဒါဖြင့် ရှင့်အစီအစဉ်က ဘာလဲ"
"သူတို့ကို မင်းက စစ်တုရင် ကစားပြီး အနိုင်ယူရမယ်"
"ကျွန်မ ဒါတော့ မကစားတတ်ဘူးလို့ ရှင့်ကို ပြောထားသားပဲ"
"ဒီကိစ္စအတွက် မပူနဲ့၊ မင်းကို ငါ ချက်ချင်း သင်ပေးမယ်၊ မင်း သူတို့ နှစ်ယောက်စလုံးကို လည်လှီးနိုင် မှာ ပါကွာ"
"နှစ်ယောက်စလုံး ... ဟုတ်လား"
"ဟုတ်တယ်လေ၊ ငါ အလျင်ထဲက ပြောခဲ့တာပဲ၊ တို့နှစ်ယောက်စလုံးနဲ့မင်း တစ်ပြိုင်တည်း ကစားမယ်"
စန္ဒရားနှင့် ဖျော်ဖြေသော အရက်ခန်းထဲတွင် ဂျက်သည် ဘောရစ်၏ ဘေး၌ ထိုင်နေသည်။
"အဲဒီအမျိုးသမီးက အတော်ထူးဆန်းတဲ့ စစ်တုရင်သမားပဲ၊ အခု သူက လူမသိအောင် မထင်မရှား ခရီး သွားနေတာ"
ဂျက်က ဘောရစ်အား အယုံသွင်းနေသည်။
"စစ်တုရင်အကြောင်း မိန်းမတွေ ဘာမှနားမလည်ပါဘူး၊ သူတို့ မတွေးတတ် မစဉ်းစားတတ်ပါဘူး"
"အဲဒီ အမျိုးသမီးကတော့ ခင်ဗျားကို သူ အလွယ်ကလေးနဲ့ နိုင်နိုင်တယ်လို့ ပြောနေတယ်"
"ကျွန်တော့်ကို ဘယ်သူမှ လွယ်လွယ်ရော၊ ခက်ခက်ရော မနိုင်နိုင်ဘူး"
ဘောရစ်က ခပ်ကျယ်ကျယ် ရယ်ရင်း ပြောလိုက်သည်။
"ခင်ဗျားနဲ့ ပြိုတာညူဆက်စကူး နှစ်ယောက်စလုံးကို သူတစ်ပြိုင်တည်း ယှဉ်ပြိုင်နိုင်တယ်တဲ့၊ အနည်းဆုံး တစ်ယောက်နဲ့ သရေပွဲဖြစ်အောင် ကစားနိုင်တယ်တဲ့၊ အဲဒီလို ကစားရရင် ဒေါ်လာတစ်သောင်း သူ့ဘက်က လောင်းမယ်တဲ့ဗျ"
"ဘာ ... ဘယ်လို၊ တကယ့် ရယ်စရာကြီးပါလားဗျာ၊ ဒီ အပျော်တမ်း စစ်တုရင်ကစားတဲ့ အမျိုးသမီးက ကျွန်တော့် တို့ ထိပ်သီး နှစ်ယောက်စလုံး နဲ့ တစ်ပြိုင်နက်ကစားနိုင်တယ်တဲ့လား"
မယ်နီကော့သည် ရယ်လိုက်သဖြင့် အရက်ပင် သီးသွားသည်။
"ဟုတ်ပါတယ်၊ ခင်ဗျားတို့ တစ်ယောက်စီအတွက် ဒေါ်လာတစ်သောင်းစီ လောင်းမယ်တဲ့"
"ဒီလောက်မိုက်တဲ့ အမျိုးသမီးကို သင်ခန်းစာ ပေးရုံတော့ ကစားသင့်ပြီ ထင်တယ်"
"ခင်ဗျားနိုင်ငံက ခင်ဗျားကြိုက်တဲ့ ဘဏ်မှာ သူ့ရဲ့ ရှုံးကြေးကို အပ်ပေးမယ်တဲ့"
"အဲဒီ အမျိုးသမီး စစ်တုရင် သမားကို ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး၊ ကျွန်တော်တို့နှစ်ယောက် စလုံးနဲ့ ကစားချင်တယ်တဲ့လား၊ အင်း ... အဲဒီ အမျိုးသမီးတော့ ရူးနေတာ ဖြစ်ကို ဖြစ်ရမယ်"
"သူ့မှာ ငွေသား ဒေါ်လာ နှစ်သောင်းကျော် ပါလာတော့ သေချာပါတယ်"
သူက ဘာလူမျိုးလဲ"
"အမေရိကန်သူပါ"
"သြော် ... ဟုတ်ပြီ၊ ချမ်းသာတဲ့ အမေရိကန်တွေဟာ တစ်ခုခုမှာ အရူးအမူး ဖြစ်တတ်တယ်၊ အထူးသဖြင့် အမေရိကန် သူဌေးမတွေက ပိုအဖြစ်သည်းတယ်"
ဂျက်သည် ထိုင်ရာမှ ထမည့်ဟန် ပြင်လိုက်င်္ရင်း ပြောသည်။
"အင်း ... ဒါဖြင့် သူ ပြိုတာညူဆက်စကူးတစ်ယောက်တည်းနဲ့ပဲ ကစားရတော့မယ် ထင်တယ်"
ညူဆက်စကူးက အဲဒီ အမေရိကန်မနဲ့ ကစားမလို့တဲ့လား"
"ဟုတ်ပါတယ်၊ ကျွန်တော် ခင်ဗျားကို မပြောဘူးလား၊ သူက ခင်ဗျားတို့ နှစ်ယောက်စလုံးနဲ့ ကစားချင်တယ်၊ ဒါပေမယ့် ခင်ဗျားက ကြောက် ..."
"ဘာ ... ကျွန်တော်က ဘာလို့ သူ့ကို ကြောက်ရမှာလဲ၊ သူ့ကို ကောင်းကောင်း ဆုံးမပြမယ်၊ ဘယ်တော့ အဲဒီပွဲ ကစားမှာလဲပြော"
ဘောရစ်က အော်ပြောလိုက်သည်။
"သောကြာနေ့ည ကစားဖြစ်လိမ့်မယ်၊ ကျွန်တော်တို့ ဒီသင်္ဘောကြီးလန်ဒန်မဆိုက်ခင် နောက်ဆုံးညပေါ့"
"သုံးပွဲကစား နှစ်ပွဲနိုင်သူ အနိုင်ရတဲ့ စနစ်လား"
ဘောရစ်က တွေးတွေးဆဆဖြင့် မေးသည်။
"မဟုတ်ဘူး၊ တစ်ပွဲတည်း ကစားမှာ"
"ဒေါ်လာ တစ်သောင်းနော်"
"ဟုတ်ပါတယ်"
"ဒီလောက် ငွေများများ ကျွန်တော့်မှာ ပါမလားဘူး"
ဘောရစ်က သက်ပြင်းချပြီး ပြောလိုက်သည်။
"ကိစ္စ မရှိပါဘူး၊ မစ္စ၀ှစ်တနေ တကယ်လိုချင်တာက ဘောရစ် မယ်နီကော့ဆိုတဲ့ တကယ့် ပဂေးကြီးနဲ့ စစ်တုရင် ကစားဖူးတယ် ဆိုတဲ့ ဂုဏ်ပဲ လိုချင်တာပါ၊ တကယ်လို့ ခင်ဗျားရှူံးင် ခင်ဗျားကိုယ်တိုင် စာရေး လက်မှတ်ထိုးထားတဲ့ ခင်ဗျားဓာတ်ပုံကို ပေးလိုက်ရုံပဲ၊ ခင်ဗျားနိုင်ရင်တော့ ဒေါ်လာ တစ်သောင်းရမယ်"
"အလောင်းအစား ငွေတွေကို ဘယ်သူက ကိုင်မှာလဲ"
ဘောရစ်က သံသယဖြင့် မေးလိုက်သည်။
"သင်္ဘောငွေကိုင်အရာရှိ ကိုင်မှာပေါ့"
"ကောင်းပြီလေ၊ သောကြာနေ့ ညနော်၊ ၁၀နာရီထိုးတာနဲ့ စမယ်"
ဘောရစ်မယ်နီကော့က ဆုံးဖြတ်ချက် ချလိုက်သည်။
"အမျိုးသမီးလဲ ၀မ်းသာသွားမှာပါ"
ဂျက်က ပြောလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် ဂျက်သည် ပြိုတာညူဆက်စကူးနှင့် အားကစားအခန်းထဲ၌ စကားပြောနေသည်။
"အဲဒီ အမျိုးသမီးက အမေရိကန်မလား၊ အင်းလေ ကျွန်တော် သိခဲ့ဖို့ ကောင်းတာပေါ့၊ အမေရိကန်တွေဟာ လူနုံ လူအတွေပဲ"
ပြိုတာညူဆက်စကူးက ပြောသည်။
"သူမက တကယ့် စစ်တုရင် ကစားသမားပါ"
"တကယ့် ကစားသမားဆိုတာ အလကားပါ၊ အတော်ဆုံး အကောင်းဆုံး လူကိုသာ ထည့်တွက်ရတာပါ၊ စစ်တုရင်မှာ အတော်ဆုံး အကောင်းဆုံး လူက ကျွန်တော်ပဲ"
"ဒါကြောင်လဲ သူက ခင်ဗျားနဲပ သိပ်ကစားချင်နေတာပေါ့၊ ခင်ဗျား ရှုံးရင် ခင်ဗျားကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ ဓာတ်ပုံကို သူ့ပေးလိုက်ရုံပဲ၊ ခင်ဗျားနိုင်ရင် ငွေသား ဒေါ်လာတစ်သောင်း ရမယ်"
"ကျွန်တော်က အပျော်တမ်းကစားတွေနဲ့ မကစားဘူး"
"ခင်ဗျားကြိုက်တဲ့ နိုင်ငံကို ငွေပို့ပြီး အပ်ပေးမယ်"
"ဒါလဲ စဉ်းစားစရာအကြောင်း မဟုတ်ပါဘူး"
"အင်းလေ ဒါဖြင့်လဲ မစ္စ၀ှစ်တနေဟာ ဘောရစ်မယ်နီကော့ တစ်ယောက်တည်းနဲ့ပဲ ကစားရတော့မယ် ထင်ပါရဲ့"
"ဘာ ... အဲဒီ အမျိုးသမီးနဲ့ ကစားဖို့ ဘောရစ်က သဘောတူထားပြီလို့ ခင်ဗျား ပြောတာလား"
"ဟုတ်ပါတယ်၊ ဒါပေမယ့် အမျိုးသမီးကတော့ ခင်ဗျားတို့ နှစ်ယောက်စလုံးနဲ့ တစ်ပြိုင်တည်း ကစားချင်တာ ပါ"
"ကျွန်တော် ဒါမျိုး တစ်ခါမှ မကြားဖူးဘူး၊ ကမ္ဘာ့ ထိပ်သီး စစ်တုရင်သမား နှစ်ယောက်ကို နိုင်နိုင်တယ်လို့ ထင်နေတာက သူ့ကိုယ်သူ ဘယ်လိုများ ယူဆနေလို့တုံး၊ အဲဒီအမျိုးသမီးဟာ အရူးထောင် တစ်ခုခုက လွတ်လာ တဲ့ သူ ဖြစ်ရမယ်"
ညူဆက်စကူးက ၀င့်ဝါမောက်ကြွားစွာ ပြောလိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment
thank you to say so