ရင်ကိုထိုးထည့်သွားသော
ဆရာကြီး ဦးသုခ၏ ဇာတ်လမ်းတစ်ပုဒ်
ဟာဂျူလီ (ကသာ)
ဆရာကြီး ဦးသုခ၏ ဇာတ်လမ်းတစ်ပုဒ်
ဟာဂျူလီ (ကသာ)
ဆရာကြီး ဦးသုခ ရာပြည့်အတွက် တစ်ခုခုတော့ ရေးဦးမှပဲဆိုပြီး စာရေးစားပွဲပေါ်ထိုင်ဖြစ်လိုက်ပေမယ့် ဘာ အကြောင်း ရေးရမယ်မှန်းမသိ၊ ရေးစရာမရှိလို့မဟုတ်၊ ရေးစရာတွေပေါလွန်းလို့ ဘာရေးရင် ပိုကောင်း မလဲ လို့ တွေးနေမိတာပါ။ ဟိုဟာလေး ရေးရမလား ဒါပေမယ့် အဲဒီဟာက ပိုကောင်း လိမ့်မယ်ထင်တယ်။ အဲဒီ ဟာထက် ဟိုဥစ္စာက ပိုကောင်းပါတယ်လေဆိုတဲ့ အတွေးတွေ အများကြီးထဲကနေ ချိုးခြံချွေတာ လိုက်တဲ့ အခါ ကျွန်တော် ရဟန်းမစားသောဆွမ်း တစ်နပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ရေး ဖြစ်လိုက်ပါ တော့တယ်။
ရဟန်းမစားသော ဆွမ်းတစ်နပ်ဆိုတာလေး မရေးခင် ဆရာကြီး ဘဘ ဦးသုခနဲ့ ပတ်သက်ပြီး အမှတ်ရ စရာလေး ပြောပြချင်ပါသေးတယ်၊ ဘဘ ဦးသုခ နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုကို ရောက်သွားတုန်း သူ ကိုယ်သူ အကယ်ဒမီ (၆)ဆုရှင်ဆိုတာလေး ရှက်လွန်းလို့ ထည့်မပြောဖြစ်လိုက်ဖူးဆိုတာလေး ပြောဖူးပါ တယ်။ အများသူငါ ရုပ်ရှင် လောကသားတွေ တလေးတစား တန်ဘိုးထား ပိုင်ဆိုင်လိုကြတဲ့ အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆုကို ဘဘက ရှက်လွန်းလို့ ဆိုတဲ့စကားနဲ့ မပြောရဲဘူးဆိုတဲ့ အသုံးအနှုန်းလေးဟာ ကြားရ တဲ့ ကျွန်တော့်နားကို ဘာကြောင့်များလဲလို့ ပြန်ပြန်မေးမိပါတယ်။ နှစ်ပေါင်း အတန်ကြာသည်အထိ အဖြေ က မထွက်၊ ဘဘလို ပညာရှိတစ်ဦးက ဒီစကားကို အကြောင်းမဲ့ပြောမှာ မဟုတ်ဆိုတဲ့ အဖြေကလွဲ၍ ဘာမျှ စဉ်းစားလို့မရ။
တစ်ခါမှာ ကျွန်တော်ရေးတဲ့ ကာတွန်းလေးတစ်ပုဒ်ကို မဂ္ဂဇင်းအချို့က ချီးမွှမ်းရေးသားကြပါတယ်။ ပထမ တော့ ၀မ်းသာအားရနဲ့ ကိုယ့်အကြောင်း ဂုဏ်ပြုထားတဲ့ ဆောင်းပါးလေးကို ဟိုလူပြ ဒီလူပြနဲ့ အင်မတန် ကျေနပ် နေခဲ့မိပါတယ်။ တလောက စာအုပ်စင်ရှင်းရင်းနဲ့ လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်က ကျွန်တော် ကာတွန်းလေးကို ချီးကျူးတဲ့ဆောင်းပါးလေး ပြန်ဖတ်ကြည့်မိပါတယ်။ အဲဒီ ဆောင်းပါးမှာပါတဲ့ ကျွန်တော် ရဲ့ ကာတွန်းလေးကို ပြန်ကြည့်ပြီး ပုံအထားအသို အားနည်းမှု စာလုံးဖောင်းပွမှု ပုံဆဲဆောင်မှု ချို့တဲ့မှု တွေကို တွေ့ရပါတယ်။ ကျွန်တော် ကိုယ့်ကိုကိုယ် ရှက်သွားမိပါတယ်။ အဲဒီ ဆောင်းပါးပါတဲ့ မဂ္ဂဇင်းလေး ကိုလည်း သူများတွေ မမြင်လွယ်တဲ့ စာအုပ်စင်အောက်ဆုံးရဲ့ ထောင့်ဆုံးလေးမှာ သိမ်းထားလိုက်ပါတယ်။ အဲဒီ နောက်တော့ ဆရာကြီး ဦးသုခရဲ့ အကယ်ဒမီရခဲ့တာကို ရှက်လွန်းလို့ မပြောခဲ့ဘူးဆိုတာ သိပ်ဟုတ် ပါလား လို့လည်း အဖြေတစ်ခုရလိုက်ပါတယ်။
အနုပညာတစ်ခုရဲ့ တန်ဘိုးဟာ တာရှည်ခံစားနိုင်မှုနဲ့ တိုင်းတာရတယ်ဆိုတဲ့ ပညာရှင်ရဲ့ အဆိုအမိန့်ရှိခဲ့ပါ တယ်။ ဆရာကြီး ဘဘ ဦးသုခ အကယ်ဒမီရခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေအပေါ် ဆရာကြီးကိုယ်တိုင်က အားရ ခဲ့ပုံ မရှိပေမယ့် ကျွန်တော်တို့ ရင်မှာတော့ အကယ်ဒမိမရတဲ့ ဇာတ်ကားတွေတောင် အခုအချိန်အထိ တွယ်ညှိ နေတုန်းပါပဲ။
ဥပမာ မြန်မာ့ရုပ်ရှင်သံကြားက ထုတ်လွင့်ခဲ့တဲ့ ရဟန်းမစားရသော ဆွမ်းတစ်နပ်ပါ။ လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုကျော်က ဇာတ်လမ်းလေးကို အခုခေတ် လူငယ်တွေကို ပြကြည့်လိုက်ပါ။ သူတို့ရင်ကိုလည်း စွဲညှိ စေဦးမှာ သေချာပါတယ်။ အချို့ကတော့ ဒီဇာတ်လမ်းဟာ ဘုရားဟောလို့ စာအုပ်ကြီးနဲ့ ကိုင်ပေါက်ကောင်း ကိုင်ပေါက် ကြပါလိမ့်မယ်။ ဟုတ်ကဲ့ ထိုပုဂ္ဂိုလ်များကို ကျွန်တော် တစ်ခုပဲ ပြောဖြစ်ပါလိမ့်မယ်။ ဟုတ်ကဲ့ ဘုရားဟောကို ရင်တကာစွဲညှိအောင် ထိုးသွင်းကြည့်လိုက်စမ်းပါလို့။
ဘုရားဟော ဇာတ်လမ်းတွေဟာ အလွန်မွန်မြတ်သန့်ရှင်းကောင်းမွန်လှပါတယ်။ သို့သော် ရှေးခေတ် အသုံး အနှုန်းအဖွဲ့ များကြောင့် လူငယ်တွေရဲ့ ရင်ကို ထိမှန်စေဖို့ အင်မတန် ခဲယဉ်းလှပါတယ်။ ဆရာကြီးရဲ့ "ရဟန်း မစားရသော ဆွမ်းတစ်နပ်ကတော့ အခုအချိန်ထိ ကျွန်တော် ရင်ကို ထင်ချန်မှတ်သားအနိုင်ယူ စွဲညှိ နေလျှက်ပါ။
ဇာတ်လမ်းလေးကတော့ ထိုင်ကိုယ်တော် ရဟန်းတစ်ပါးနှင့် ဆွမ်းတကာ ကျောက်သွေးသမားရဲ့ အထင် လွဲမှားမှု ဖြစ်ရပ်ကလေးပါ။ ထိုင်ကိုယ်တော် ရဟန်းလေးဆွမ်းအလှူခံရောက်လာတဲ့ အချိန်မှာ ကျောက်သွေး သမားလေးဟာ အိမ်နောက်ဖေး မီးဖိုဆောင်မှာ ဆွမ်းသွားထည့်ပါတယ်၊ သူလုပ်လက်စ ပတ္တမြား လေးကို အသာချပြီး သွားခဲ့ပေမယ့် အပြန်မှာ သူ့ပတ္တမြားလေး ပျောက်ဆုံးနေပါတယ်။ ပတ္တမြား နား မှာ ရှိနေတာကလည်း ရဟန်းတစ်ပါးတည်း ရှိပါတယ်။ အဲဒီတော့ ဒီပတ္တမြားပျောက်ဆုံးမှုမှာ ယိုးစွတ် စရာ ရဟန်းပဲရှိတော့လို့ ရဟန်းကို ယိုးစွတ်ပါတယ်။ ရဟန်းက သူမယူကြောင်း ပြောပြပေမယ့် တန်ဘိုး ကြီးမား လှတဲ့ ပတ္တမြား စိတ်မွန်ပြီး ရဟန်းကို ရိုက်ပုတ် စစ်ဆေးပါတော့တယ်။ ရဟန်းကလည်း အရိုက် အနှက်ခံပြီး သူမယူတဲ့ အကြောင်းပဲ ပြောပြပါတယ်။
နောက်ဆုံး ရဟန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေစဉ်မှာ ကျောက်သွေးသမား မွေးထားတဲ့ ကြိုးကြာငှက် ကလေး ကို မတော်တဆ ရိုက်နှက်မိပြီး ကြိုးကြာငှက်ကလေး သေသွားပါတယ်။ ကြိုးကြာငှက်ကလေး သေသွားတာ သေချာတဲ့အခါမှာ ရဟန်းကလေးက ကြိုးကြာလေး ဟာ ပတ္တမြားကို အစာမှတ်ပြီး မြို့ချလိုက်တာ ဖြစ်လို့ ကြိုးကြာရဲ့ ရင်ထဲမှာ ပတ္တမြား ရှိနေတယ်လို့ ဖွင့်ပြော လိုက်ပါတယ်။ ကျောက်သွေး သမား ဟာ ချက်ချင်းပဲ ကြိုးကြာရဲ့ ရင်ကို ခွဲကြည့်လိုက်တော့ ပျောက်ဆုံးနေတဲ့ ပတ္တမြားကို တွေ့လိုက် ရပါတယ်။ အဲဒီတော့မှ မိမိကိုယ်ကို အနာခံပြီး သူတပါးအသက် မထိခိုက်ဖို့ စောင့်ထိန်းခဲ့တဲ့ ရဟန်းရဲ့ သိက္ခာ ကို သိလိုက်ရပြီး ရဟန်းရဲ့ ခြေသလုံးကို ဖက်ပြီး တောင်းပန် ပါတယ်။ ရဟန်းပျိုက ယိုင်နဲ့စွာ ထရပ် လိုက်ပြီး ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ဒကာကြီးရဲ့ အိမ်တံစက်မြိတ် အောက်ကို ဘယ်တော့မှ ဆွမ်းခံ မကြွတော့ဘူး လို့ ပြောပြီး ထွက်သွားခဲ့ပါတယ်။
ဒီဇာတ်လမ်းလေးကြည့်ပြီး ကျွန်တော် ရဟန်းတွေနဲ့ ပတ်သက်ဆက်ဆံတဲ့အခါ အင်မတန် ကြောက်သွားခဲ့ ပါတယ်။ ရဟန်း ကို စော်ကားမိသွားမှာလည်း ကြောက်မိပါတယ်။ ဒီဇာတ်လမ်းလေးကိုလည်း ကျွန်တော် သားသမီး တွေကို မကြာခဏပြောပြပြီး ရဟန်းတွေရဲ့ သိက္ခာကို ကြည်ညိုစေခဲ့ပါတယ်။
တစ်ခါ တစ်ခါ စဉ်းစားကြည့်မိပါတယ်။ မြန်မာ့ရုပ်သံက အဲဒီဇာတ်လမ်းလေးများ ပြန်လွှင့်ရင် သိပ်ကောင်း မှာ ပဲလို့ ...။
ဟာဂျူလီ (ကသာ)
ဗိုလ်ကလေးတင့်အောင်
ကျွန်တော်တို့ ဆရာ
ကျွန်တော်တို့ ဆရာ
စန္ဒယားချစ်ဆွေ၏ အသုဘကို ကျိုက်လတ်အသင်းဥက္ကဋ္ဌ ဗိုလ်မှူးမောင်ငြိမ်းနှင့် ကျွန်တော်တို့ ပို့ဆောင်ပြီး ပြန်လာကြသည်။ ရေဝေးမှမြို့ဘက်သို့ ကားမောင်းလာရာ တောင်ဥက္ကလာနှင့် ပါရမီဘက်သို့ ချိုးကွေ့ပြီး နေရာအရောက်တွင် ဗိုလ်မှူး မောင်ငြိမ်းက ကားကို အရှိန်လျှော့လိုက်ပြီး "ကျွန်တော်တို့ ဆရာသုခဆီဝင်ရ အောင် ဆရာနေမကောင်းဘူးလို့ ပြောသံကြားတယ်" ဟု ဆို၏။ ဗိုလ်မှူး မောင်ငြိမ်းမှာ ကျိုက်လတ်သား၊ ဆရာသုခ ကလည်း ကျိုက်လတ်ဇာတိ၊ ဆရာအပေါ် သံယောဇဉ်အလွန်ကြီးသူဖြစ်သည်။ ကျွန်တော် ကလည်း ဆရာသုခ၏ တပည့်၊ ကျိုက်လတ်မြို့တွင် ကျောင်းနေခဲ့ဖူး၍ ကျိုက်လတ်မြို့ကိုချစ်သူ၊ ဆရာကို လေးစားသူ၊ ထို့ကြောင့် "ကောင်းတယ် ၀င်သွားရအောင်ဗျာ" လို့ ပြောလိုက်သည်။ တဖန် သတိရ၍ ဆက်ပြီး " ဗိုလ်မှူးရေ စန္ဒယားချစ်ဆွေ အနိစ္စရောက်သွားတဲ့ အကြောင်းတော့ မပြောရင်ကောင်း မယ် ... ဆရာ စိတ်မကောင်းဖြစ်မှာစိုးလို့ပါ "ဟု ထပ်၍ ပြောလိုက်ပါ၏။
ဆရာ အိမ်သို့ ရောက်သွားကြပါပြီ။ လူငယ်တစ်ဦးက ဦးဆောင်ခေါ်ငင်သွားသောကြောင့် ဆရာရှိရာ အိမ် အတွင်းဖက် အဆောင်အခန်းတွင်းသို့ ရောက်သွားကြပါ၏။ ဆရာက ကုတင်ပေါ်တွင် မှေးမှိန်းနေသည်။ ကျွန်တော် နှင့် ဗိုလ်မှူးမောင်ငြိမ်းတို့ အနားသို့ ကပ်သွားကာ ကျွန်တော်က ဆရာ၏ လက်ကလေးကိုကိုင် ကာ "မောင်တင့်အောင်ပါဆရာ၊ ဗိုလ်မှူး မောင်ငြိမ်းလည်း အတူပါလာပါတယ်" ဟု ဆိုလိုက်သည်နှင့် " မောင်တင့်အောင် ရေ စန္ဒယားချစ်ဆွေ ဆုံးသွားတယ်ကြားလို့ ငါစိတ်မကောင်းလိုက်တာ" ဟု အသံကလေး သဲ့သဲ့နဲ့ ပြောတော့ ကျွန်တော်နှင့်ဗိုလ်မှူးတို့ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြပါ သည်။
ဆရာသုခကား အသက်(၉၅)နှစ်အတွင်း ရောက်ရှိနေပြီ မျက်စိကလုံးဝ မမြင်တော့ အိပ်ယာတွင်းမှလည်း မထနိုင်တော့ ဇရာဒုဗ္ဗလနှင့် ဗျာဓိ၏ညှင်းပန်းမှုကို အလူးလဲခံစားနေရပြီ ဒီအထဲက သူ သံယောဇဉ်ရှိသူ အနု ပညာရှင် တစ်ဦး ဆုံးရှုံးသွားရမှုသတင်းကို ကြားသိတာ နှမြှောတသ၀မ်းနည်းနေသေးသည်။
" ဟုတ်ပါတယ် ဆရာ ကျွန်တော်တို့ သူ့ကိစ္စအတွက်သွားရာက အမြန် ဆရာဆီ ၀င်လာကြတာပါဟု ပြော၍ ဆရာ အစား အသောက်အဆင်ပြေပါရဲ့လား"ဟုလည်း မေးလိုက်ရသည်။
သွားတစ်ချောင်းမှ မရှိတော့တာ ဘယ်ကောင်းတော့မှာတုန်းကွ ငါ့ဘ၀ကတော့ ငါ့အရိုး ငါမနိုင် တော့တဲ့ အဖြစ် ရောက်နေပါပြီကွာဟု ငြီးသံလေးနဲ့ ပြောပါ၏။
ဆရာ ၏ နုပျိုလန်းဆန်းနေစဉ်က အသံမှာ စူးစူးရှရှရှိသည်။ သူ၏ စိတ်ကြိုက်မဖြစ်လျှင် အချို့သူများကဲ့သို့ မြုံ၍ မနေတတ် ပွင့်ပွင့်လင်းလင်း စူးရှသော အသံဖြင့် ဒေါမာန်ပါပါ ပြောတတ်ပါသည်။
ကျွန်တော် တို့ ၀င်းဝင်းရုံ၌ ပြဇာတ်ကပြနေကြစဉ် ဆရာ၏ ချစ်အမြုတေ အမည်ရှိသော ဇာတ်လမ်း တစ်ပုဒ်ကို ပြဇာတ်ကလိုသောကြောင့် ကျွန်တော်ဆရာ့ထံသို့သွားကာ အကျိုးအကြောင်းပြောပြ၏။ ဘယ်သူ ဒါရိုက်တာလုပ်မှာလဲဟု အရင်မေး၏။
ကျွန်တော် လုပ်မှာပါဆရာဟု ပြောသောအခါ မင်းသား၊ မင်းသမီးတွေကကောဟု ဆက်လာပြန်၏။ ကိုဇေယျ နဲ့ မေချစ် စကားမဆုံမီတွင် သူ၏ အသံစူးစူးရှရှနှင့် အော်တော့၏။ " ငါ့ဇာတ်က အဆုတ်ရောဂါ ကြောင့် အနားယူနေရတဲ့ အဖိုးကြီးနဲ့ ငါးစိမ်းသည်မ တွေ့ကြတဲ့ ဇာတ် ဇေယျာမောင်ဗလကြီး ... ကိုဇေယျ ကို သုံးလို့ဖြစ်မလား"ဟု ပြော၏။ ဟုတ်ပါတယ်ဆရာ " ပြဇာတ်ဆို တော့ ပရိသတ်အကြိုက် သရုပ်ဆောင် ဆိုတော့ ပရိသတ်အကြိုက် သရုပ်ဆောင် ထည့်ပေးဖို့ လိုပါတယ်။ ပြီးတော့ ဗလ ကောင်းသူတိုင်း အဆုတ်ရောဂါ မခံစားရဘူးလို့လည်း မပြောနိုင်ပါဘူး။ ဘိုကလေးက ကျွန်တော့်သူငယ်ချင်း အောင်ကျော်မြင့် ဟာ ကာယဗလသမားပါ ပြိုင်ပွဲတွေမှာ ဆုရခဲ့သူဖြစ်ပါတယ်။ သူလည်း အဆုတ်ရောဂါနဲ့ သွေးအန်ပြီး ဆုံးပါးခဲ့ရဖူးပါတယ်"ဟု ဆင်ခြေပေးသောအခါ "အဲဒါကို မင်းက ပရိသတ်တိုင်း သိအောင် လိုက် ပြောပြ နေလို့ရမလား။
ပြဇာတ်၊ ရုပ်ရှင်စတဲ့ အနုပညာတွေမှာ ယုတ္တိရှိမှု၊ မြင်ယုံနဲ့ သူဟာ လူဆိုး၊ သူက လူကောင်းလို့ သရုပ် ပေါ်အောင် ပြနိုင်ရတယ်"ဟု ကြိမ်းမြောင်းဆူပူပါတော့သည်။ နောက်မှ ကျွန်တော့်၏ ညှိုးငယ် ၀မ်းနည်း သွားပုံကို သနားသွားလေသလား မသိ၊ ကိုဇေယျရဲ့ မျက်နှာကို မိတ်ကပ် မလိမ်းနဲ့ အ၀တ်ထူထူကြီး ၀တ်ပေး၊ လေးလေးကန်ကန် ထိုင်းမှိုင်း နေတဲ့ပုံသဏ္ဍာန်ပေါ်ပါစေ။ မေချစ် ကိုလည်း ငါးစိမ်းသည်မဟန် စကားပြောက အစ ခပ်ရိုင်းရိုင်းဖြစ်အောင် လုပ်ဟု မှာကြားကာခွင့်ပြုလိုက်ပါသည်။
ဤချစ်အမြုတေ ဇာတ်လမ်းကို ဆရာကိုယ်တိုင် ဒါရိုက်တာလုပ်၍ စကားပြောသော အသည်းနှလုံးအမည် ဖြင့် ရုပ်ရှင် ရိုက်သောအခါ အသက်(၆၀)အရွယ်ခန့် ရှိပြီဖြစ်သော ရဲဝန်ထောက်ဟောင်း ဦးဘချစ်ကို ကြည် ကြည်ဌေး နှင့်တွဲ၍ ရိုက်ကူးခဲ့ပါ၏။ ဆရာက အနုပညာနှင့် ပတ်သက်လာလျှင် သံယောဇဉ်မထားဇာတ်နှင့် အံဝင်ခွင်ကျရှိသူ၊ တကယ်သရုပ်ပီသသူကိုသာ သုံးပါ၏။
၁၉၇၀ ခုနှစ်က ကျိုက်ဆံကွင်းတွင် ရုပ်ရှင်ပဒေသာကပွဲ ကပြကြရသည်။ ဆရာသုခ၏ သြော် မိန်းမ၊ ဆရာ ရွှေဒုံး ဘီအောင်၏ ရွှေသမင်၊ ဗိုလ်ဗကို၏ ကိသာဂေါတမီ၊ ၀င်းဦး၏ မြွေလမ္မယ်ပြခန်း၊ ရှုမ၀ ဦးကျော်ကလည်း ဇာတ်လမ်းတစ်ပုဒ် ကျွန်တော့်ကိုလည်း ပြဇာတ်တစ်ပုဒ် လုပ်ပေးပါဟု တာဝန်ပေးသည်။ မင်းသား မင်းသမီးက အသီးသီးသော ဇာတ်များတွင် ပါဝင်နေကြရသောကြောင့် ကုန်လုပြီ၊ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးများအား " ကျွန်တော် လိုချင်တဲ့ သရုပ်ဆောင်တွေရရင် ပြဇာတ်တစ်ပုဒ် လုပ်ပေးပါမယ် ဟု ပြောရာကျန်တဲ့ အထဲက လိုချင်တဲ့သူ ပြောရစေမယ်ဟု တာဝန်ခံကြ၏။ ကျွန်တော် လုပ်ချင် တဲ့ ပြဇာတ်က ဆရာဦးသုခရေးတဲ့ နှလုံးသွေးပျက်သော တေးတစ်ပုဒ် ၀တ္ထုကို ပြဇာတ်လုပ်မယ်။
လိုချင်တဲ့ သရုပ်ဆောင်တွေက ဆရာသုခ၊ ဆရာ ဦးတင်မောင် (အေ၀မ်း)၊ ဆရာဦးချင်းစိန်၊ ဒေါ်သီတာ ခင်ထွေး၊ ဦးကျောက်လုံး၊ ကြည်ကြည်ဌေး၊ ဒေါ်သိန်းရှင်၊ မင်းသားသန်းထွဋ်၊ မင်းသမီး ငယ်ငယ် တစ်ယောက် ရရင် တော်ပါပြီဟု ပြောလိုက်ရသည်။ ဆရာကိုလည်း နှလုံးသွေးပျက်သောတေးတစ်ပုဒ်ကို ပြဇာတ် အဖြစ်ကချင်တယ်ဆရာ၊ ဆရာက စောင်းဆရာကြီး ဦးတုတ် ပေါ၊ အေ၀မ်း ဦးတင်မောင်က ၀န်ထောက်မင်း၊ ဦးအုန်းခိုင်၊ ဆရာ ဦးချင်းစိန်က မဟာဂီတ ဦးပြုံးချို၊ ဒေါ်သီတာ ခင်ထွေးက ဦးဝင်းခိုင် ရဲ့အမ၊ ဦးကျောက်လုံးက ပုဏ္ဏားတော်ကြီး၊ ဒေါ်သိန်းရှင်နဲ့ ကြည်ကြည်ဌေးက ဦးတုတ်ပေါရဲ့ အမနဲ့ ညီမ၊ သန်းထွဋ်နဲ့ မင်းသမီးက သတို့သမီး၊ သတို့သား လုပ်ဖို့ စဉ်း စားထားပါတယ်။ ဇာတ်ခန်းလည်းခွဲ ပြီးပါပြီ" ဆိုကာ ပြရသည်။ ဆရာ သုခ အတန်ကြာအောင် ဇာတ်ခန်းခွဲ စာရွက်ကို ကြည့်ပြီး တွေးနေသည်။ (ဤ၀တ္ထုကို ရှုမ၀မဂ္ဂဇင်းတွင် ဆရာရေးခဲ့သည်မှာ နှစ်နှင့်ချီ၍ကြာခဲ့ပြီ တကယ့်အဖြစ်ပျက်ကို တကယ့် ခံစားချက်နှင့်ရေးခဲ့ခြင်းဖြစ်၏။) အတန်ကြာမှ " ကောင်းတယ်ကွ ကိုတင်မောင်ကို ငါပြောမယ်၊ ကိုချင်းစိန်နဲ့ လည်း လိုက်တယ်။ ကဲမင်းက ငါ့နေရာ သိန်းမောင်လုပ်" ဟုဆိုကာ လူစု၍ ဇာတ်တိုက် ကြပါတော့သည်။
နှလုံးသွေးပျက်သော တေးတစ်ပုဒ်ကား အောင်မြင်လှပါ၏။ ရှုမ၀ ဦးကျော်မှာ ကားကြားမှ ထိုင်၍ ကြည်နေ ကာ ဇာတ်လမ်း ပြီးဆုံးသွား၍ ပြည်ဖုံးကား ကားပိတ်သွားတော့မှ ဆရာ အနားကပ်လာ၍ ငိုလို့ ကောင်းလိုက် တာဆရာရယ်ဟု ပြောပါလေတော့သည်။
ဆရာနှင့် ကျွန်တော်တို့ ပထမအစဦးနှင့် တွဲဖက်ခွင့်မရခဲ့သော်လည်း ၀င်းဝင်း ပြဇာတ်နိဂုံးချုပ်သွားသည့် နောက်ပိုင်းမှ စ၍ ကွယ်လွန်သွားချိန်အထိ မကင်းမကွာ တွဲခဲ့ကြရပါသည်။ ကျွန်တော် သွားလိုသည့် နေရာ သို့ ဆရာကို ပင့်ခေါ်၍ ဆရာ အလုပ်ကိစ္စ (ပြဇာတ်ကိစ္စ) မှန်သမျှ သူသွားသည့် မြို့များ၊ နယ်များသို့ ကျွန်တော် လိုက်ခဲ့ရပါသည်။ မောင်ကိုကိုကလည်း ဆရာ၏ ဂီတတာဝန်များကို ပြည့်ပြည့်၀၀ ထမ်းဆောင် လုပ်ကိုင် ပေးသကဲ့သို့ ကျွန်တော်ကလည်း ဇာတ်ခုံနှင့် ပတ်သက်သမျှ လုံးဝ ဥဿုံ ပြည့်စုံအောင် ဆောင်ရွက် ပေးခဲ့ရပါသည်။
ဆရာ မိသားစု ကျွန်တော်တို့ မိသားစုနှင့် မောင်မောင်ကိုကို မိသားစုတို့ သံလျင်မြို့သို့ ရုပ်ရှင်ကားတစ်ကား (သားတို့ရုပ်ရည်) ရိုက်ကူးရာသို့ ပါသွားကြသည်။ ဆရာက သူတောင်းစားကြီးအဖြစ် ပါဝင်ရသောကြောင့် ကျွန်တော့် ဇနီးနှင့် သားသမီးများ မောင်ကိုကိုဇနီးနှင့် သားသမီးများက တောင်းရမ်းနေသော ဆရာရှေ့မှ ဒန်ခွက်ကလေး ထဲသို့ ပိုက်ဆံထည့်ကြရပုံကို ရိုက်ကူးကြရ၏။
တည်းခိုသည့်နေရာ၌ ညအိပ်သောအခါ ခြင်ထောင်အကြီးကြီး တစ်လုံးတည်းတွင် မိသားစု သုံးစု လူပေါင်း ကလေးလူကြီး (၁၄)ယောက်နှင့် ဆရာကတော် မွေးထားသည့် ခွေးကလေးတစ်ကောင်ပါ စုပြုံ၍ အိပ်ခဲ့ကြ ရပါသည်။
ဆရာကား သူ၏ အမေကို ကောင်းစွာ ပြုစုလိုက်ရခြင်းမရှိဘဲ စာပေလုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်းတို့တွင် လူရာ ၀င်နိုင် ရန် တပင်တပမ်း ကြိုးစားနေခဲ့ရ၏။
အစစအရာရာ ပြည့်စုံကာ အနုပညာ နယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်လာသည့်အချိန်တွင် ဆရာ၏ အမေကား လူ့ဘ၀၌ မရှိတော့ပြီ ထို့ကြောင့်လည်း ယူကြုံးမရတသသဖြင့် အမေနေ့ကို ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ညီအစ်ကိုကား ကျွန်တော်တို့၏ အမေနှင့် ညီမများကို တစ်ယု တယ ပြုစုစောင့်ရှောက် ကျွေးမွေးနေကြသည်ကိုကြည့်၍ မင်းတို့ ကံကောင်းလှတယ်ကွာဟု ပြောဖူးပါ၏။
ဆရာကား ကွယ်လွန်သွားရှာပါပြီ။ သူ၏ပညာဖြင့် ပြုစုသွားသော စာပေ၊ ရုပ်ရှင် ဂီတတို့ကား ကျန်ရှိနေ သေး၏။ တစ်ဖန် ဆရာ၏ အားထုတ်မှု တစ်ခုဖြစ်သော အမေနေ့သည်လည်း နှစ်ပေါင်း ရာထောင်ချီ၍ တည် နေပါစေဟု ဆုတောင်းလိုက်ရပါသည်။ ဆရာ ဦးသုခ ကောင်းရာ ဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေ။
တပည့်ဗိုလ်ကလေးတင့်အောင်
.
No comments:
Post a Comment
thank you to say so