Tuesday, August 23, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၄)

အမေပြန်တဲ့နွေ

ဒီနွေမှာ
အမေပြန်တော့မယ်တဲ့။
မနက် မနက်
ဆွမ်းခံကိုရင်လေးတွေအတွက်
ဘယ်သူထမင်းထချက်တော့လေမလဲ။
ညညအိပ်ရာဝင်
သမီးလေးနှစ်ယောက်ကို
ဘယ်သူဘုရားရှိခိုးသင်ပေးတော့လေမလဲ။
ဒီတစ်နွေ
အမေပြန်တော့မယ်တဲ့လေ။

မောင်စိမ်းသစ်
(မိခင်ကြီး ဒေါ်လှကြိုင်သို့)

အမေ " ဆန် " ရေမှာရှိတယ်

၁။    အမေရဲ့
    ချွေးစက်ပွင့်တွေ စီးဆင်း
    အဟုန်နဲ့စက္ကန့်မလပ်
    အမေ့ရဲ့အပြုံးဟာ
    လှေကားထစ်ဖြစ်လာ
    အားမာန်တစ်စင်းပဲ။
၂။    မိုးနဲ့ဆောင်း
    အန်တုရင်ဆိုင်
    နွေကိုတော့ ဥပေက္ခာ
    ကာလသုံးပါး အတောင်ပံဖြန့်မိုးကာ
    နွေးထွေးမှုပေးခဲ့
    အမေ အတောင်မစုံမီ
    ထွက်ခွာသွားခဲ့။
၃။    တစ်စေ့တစ်ပင်
    တစ်ပင် တစ်ဖုံစိုက်ပျိုးလို့
    အမေ မမြင်ရတဲ့ သံယောဇဉ်ကြိုး
    ဖြတ်တောက်ခဲ့တာလား
    ပြတ်တောက်ခဲ့တာလား
    အမေနဲ့ ကွာသွားခဲ့ရင်
    မနေ့ကလို မချိုတော့ဘူး
၎။    ကြိုးတန်းပေါ် ရုတ်တရက်
    ဖယ်ခံလိုက်ရတဲ့
    အမေ့ ချွေးခံအင်္ကျီလေး
လစ်ဟာသွားခဲ့ပေါ့
နှလုံးသားက နာကျင်တုန်ခါ
အမေ ... အမေ ... အမေ
    မရှိတော့တဲ့အခါ
    သား ရင်မှာပူလောင်
    ဘယ်အရာကမှ
    အမေ့ မေတ္တာ စေတနာ ကရုဏာ လို
    အလကားမရခဲ့
    အမေဆိုတာ မသေမျိုးပဲ
    " ဆန် " ရေမှာ ကူးခတ်လို့ ...။

ညိုဦးလွင်

ခြေရာမှန်း၍လွမ်းရသော
စစ်အတွင်းမှာ
အလွမ်းနဲ့ခွဲခဲ့ရတဲ့
ပုဇွန်ဆီရောင် ဖျော့ဖျော့ကြွေတော့မဲ့ ဆည်းဆာချိန်
ဆီမီးရောင် မှိန်မှိန်နဲ့
ဟောဒီ အမေ့အိမ် ညနေခင်း ...

ရုတ်တရက်
လမင်းကြီး ကွယ်သလို
ခင်တွယ်စရာ
မိသားစုဘ၀ အပျော်တွေ ပျက်ယွင်း
ခုလာမည့် တော်သလင်းဆို
အမေနဲ့ ဝေးသွားတာ
နှစ်ဆယ့်တစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ ...

ဟိုး ...
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်က
အမေ ထားရစ်ခဲ့တဲ့ အိမ်လေး
ခုထိ ... ရှိနေသေးတယ် အမေ ...

သြော် ...
ကာလတစ်ခုရဲ့
မိုးတထွေ လေတ၀မှာ
ဘ၀တစ်ပါး ပြောင်းသွားရှာတဲ့ အမေ
ကျန်ခဲ့လေတဲ့ ဇာတိရပ်ရွာ
ဘယ်တော့ ဘယ်ခါမှ
ပြန်မလာတော့မှန်း သိပေမဲ့
မျက်ဝါးထင်ထင်
အမေရှင်သန်သွားတဲ့ နေရာ ...
အမေဖြတ်သန်းခဲ့တဲ့ နေရာ ...
အမေ လှူဒါန်းခဲ့တဲ့နေရာ ...
ခုတော့ဖြင့်
နှစ်တွေ မှုန်ဝါး
နွေ မိုး ဆောင်းတွေ အလီလိ ကုန်သွားခဲ့ပေမယ့် ...

ဒီနေ့ ... ဒီအချိန်ထိ
အမှတ်တရ ရှိနေသေးတဲ့
အမေ့ခြေရာ
အမေ့ စေတနာတွေက
သားအတွက်တော့
လွမ်းစိတ်ဖြေဆည်ရာတွေပါ အမေရယ် ...
                  
မောင်ဆွေသစ် (မန္တလေး)

မြတ်ဗုဒ္ဓ၏မိဘဂုဏ်ရည်


" ဗြဟ္မာ" တိ မာတာပိတရော၊ " ပုဗ္ဗာစရိယာ"တိ ၀ုစ္စရေ။
အာဟုနေယျာ စ ပုတ္တာနံ၊ ပဇာယ အနုကမ္ပကာ။
တာယ နံ ပါရိစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။
ဣဓေ၀ နံ ပသံသန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။

(အံ၊ ၁။ ၁၃၁-၃၈၂)

မိဘဆိုတာ ဗြဟ္မာပမာ မြတ်စွာဗုဒ္ဒဟောခဲ့သည်။
မိဘဆိုတာ လက်ဦးဆရာ မြတ်စွာဗုဒ္ဓဟောခဲ့သည်။
မိဘဆိုတာ အာဟုနေယျာ မြတ်စွာဗုဒ္ဓဟောခဲ့သည်။
မိဘဆိုတာ အိမ်ဦးနတ်ပါ မြတ်စွာဗုဒ္ဓဟောခဲ့သည်။

ကျေးဇူးတရား၊ ကြီးမားပေလှ၊
မိဘနှစ်ပါး၊ လုပ်ကျွေးငြားက၊
ယခုဘ၀ပင်၊ ပညာရှင်များ၊
ချီးမွမ်းစကား၊ ပြောကြားခါခါ
မ ဆုံး ပါ တည်း။

တမလွန်ဘ၀၊ ပြောင်းရွှေ့ရသော်
ငါးဖြာအာရုံ၊ ပြည့်စုံကြွယ်ဝ
နတ်ဘ၀၌ ၊ မွေ့လျော်ရွှင်ပျ၊
အားရ၀မ်းသာ၊ ၀မ်းမြောက်စွာလှ၊
ခံ စား ရ ၏။

ထိုမှတစ်လီ၊ ပါရမီပုည၊
ပြည့်ဝလေသော်၊ သူတော်စင်တို့၊
ပျော်ရွှင်စံမြန်း၊ နိဗ္ဗာန်နန်းသို့၊
လျှောက်လှမ်းထုတ်ချောက်
ရောက်ကိုရောက်ြ၏။

ကေတုပဇ္ဇေ(မန္တလေး)
အမေ

အမြဲစိမ်းသစ်တော
ကမ္ဘာမြေအောက်မှ ရတနာများ
သုံးရာသီသံစဉ်ထက်က
မေတ္တာသံတို့ တလွင်လွင် ...၊
" နေ " ကအမြဲတမ်းလင်းသလား
" လ " ကမမြဲတမ်းလင်းသလား
မျိုးဆက်သစ်တို့ ကုတင်ထက်က
အလင်းတန်းကို ဘယ်သူပိတ်နိုင်သလဲ။
ပန်းဆိုတာ
သူကိုယ်တိုင် ပန်ဖို့ ပွင့်တာ မဟုတ်ဘူး။
လောကကြီးမှာ
တည်မြဲခြင်းတရား
တစ်ခုတည်းသာရှိရဲ့ ...။

ယဉ်မွန်အောင်

အိပ်မက်ပမာဝေဒနာ


(၁)
သားဖွားခန်းထဲမှာ
အောင်မယ်လေး ... အမေရေ
နာလှချည်ရဲ့
မွေးခဲ့တဲ့အမေကိုတ
အမေဒီလိုနာရှာမှာပဲလေ ...

တချို့က
တအင်းအင်းနဲ့ကြိတ်မှိတ်
တိတ်တိတ်ကလေးဝေဒနာခံစား
အမေများငါ့ကို မွေးတုန်းက
အမေဒီလိုနာရှာမှာပဲလေ ...

မချိတင်ကဲဝေဒနာ
တအားနာလာပြီဆိုတော့
ငါဟဲ့မိန်းမ သဘာဝပဲ
ငါ့သမိုင်းငါရေး
ငါ့ကလေးလေးအတွက်
အားကျိုးမာန်တက်
တစ်ချက်ကလေးပဲ
အင်း ...

အူဝဲ ... အူဝဲ ... အူဝဲ
လောကထဲကို
လက်သီးဆုတ် လက်မောင်းတန်း
မိန်းကလေးတော့
ယောက်ျားလေးဟေ့
ဆရာမအသံကြားပြန်တော့
ခုနတုန်းကဝေဒနာ
အိမ်မက်ဝေဒနာပဲ ...။

(၂)
မွေးကင်းစဆောင်မျာ
ဆာတိုင်းနို့တိုက်ဖို့
နို့သီးခေါင်းအမဲရစ်ကလေး
ငုံမိအောင်နို့တိုက်ဖို့
သားဖွားဆရာမလေးပညာပေးလို့။
နို့တိုက်မိခင်
ရွှေဘ၀င်ပျော် ဝေဒနာကျော်ခဲ့။

(၃)
တစ်နာရီခြားတစ်ခါ
ကလေးက နို့ဆာတာဆိုတော့
ညဆိုရင်
(၉)နာရီ (၁၁)နာရီ
(၁)နာရီ (၃)နာရီ
(၅)နာရီကလေးကို နို့တိုက်
အမေကအိပ်ငိုက် ...။

ဒီလိုသာ
ကလေးတစ်ယောက်မွေးတိုင်း
အမေကအိပ်ရေးပျက်ခဲ့ညပေါင်း
ဘယ်နည်းတော့မှာလဲ။
နို့အောက်လိုက် ရှူးပေါက်လိုက်
အီးပါလိုက် အနှီးလဲလိုက်
အနှီးလျှော်လိုက်နဲ့
ဘယ်အမေများ ညည်းဘူးလို့လဲ။

စည်းချက်ညီစွာနဲ့
ဒီတစ်ခါတည်းလဲ မဟုတ်
ဒီတစ်ယောက်တည်းလဲ မဟုတ်
အာဂအမေ
ကလေးရှစ်ယောက်ကိုမွေးခဲ့။

မီးမီးမြတ်

အမေ့ရင်ခွင် ...
ကဗျာဖွဲ့လို့လဲမကုန်
စာချု့လို့လဲ မလုံ
အရှိန်အဟုန်ကြီးမားတဲ့
မေတ္တာကျေးဇူးဂုဏ်တွေနဲ့
ကမ္ဘာ့မြေပုံထဲက
အေးမြတဲ့နိုင်ငံတော် ...။

အယ်လ်နီညို
လာနီညာမရှိဘူး
တိုင်ဖွန်ဟာရီကိန်းမရှိဘူး
ငြိမ်းချမ်းတဲ့လေညှင်းတွေနဲ့
ဥတုတိုင်းမှာ
ပန်းမွှေးမွှေးတွေ လန်းစွင့်တယ် ...။

ကာလဒေသယန္တယားတွေကလဲ
သူ့ရဲ့နုပျိုမှုကို
ဖဲ့ခြွေမပစ်နိုင်ဘူး
နာရီလက်တံတွေအားလုံး
အဲဒီမှာရပ်တန့်
နူးညံ့ညင်သာ
မဟာတပ်လောက်တဲ့
ဂန္ဓ၀င်မြောက်ချစ်တတ်ခြင်းတွေနဲ့ ...။

အဲဒီနိုင်ငံတော်ဟာ
အမြဲစိမ်းသစ်တောတွေနဲ့
စိမ်းလန်း ...
ငြိမ်းချမ်းရေးအလင်္ကာတွေ
တစ်ဖွဲ့တစ်နွဲ့နော့တီတျာ
မကုန်ခမ်းနိုင်တဲ့
တွင်းထွက်ရတနာတွေ
ဖိုးဖိုးဖိတ် .... လက်တောက်
ဖြိုးဖြိုးဖြပ်မြင့်မား
အောင်လံတော်တလွှားလွှားနဲ့
လူသားအားလုံးရဲ့
မြတ်နိုးလေးစားဦးညွှတ်ရာ ....။

မနုဿတ္တဘာဝကို
ပြည့်ဝစွာ ခံစားတတ်ဖို့အတွက်
အဲဒီ နိုင်ငံတော်ဟာ
ငါတို့ရဲ့ ခိုလှုံရာဖြစ်လေတယ် ...။

အရှင်ဇောတ (ချပ်သင်း)
အမေ

အမေဟူသည်၊ သက်ရှိမည်က၊ ရှိတည်သေချာ
မလွဲပါတည်း၊ ကြည်သာမဆုံး၊ ရွှင်အပြုံးဖြင့်
နှလုံးရင်သွေး၊ ၀မ်းလွယ်မွေး၍ နွေးထွေးယုယ
ကြင်နာလှဖြင့်၊ ပို့ကြဖြစ်အင်၊ ခေါ်လေလေးစား
လူမျိုးခြားနှင့် ရောင်သားမည်းဖြူ ဘာသာယူဆ
မတူကြလည်း ဂုဏ်အင်ကြီးကြောင့်
ထိုနည်းမှတ်သား ထွတ်မြတ်ထား

အမေများစွာ လူ့အလွှာတွင် တစ်ထွာဝမ်းစာ
ကိုယ်တွက်သာပြင် ဖွေရှာအများ သမီးသားဖို့
ကြိုးစားကုန်းရုန်း ချင့်ချိန်သုံး၍ ရွှင်ပြုံးသဒ္ဒါ
စေတနာဖြင့် တွက်ခါချက်ပြုတ် အိမ်တွင်းလုပ်ကို
သိမ်းထုပ်သေချာ၊ မျိုးဘာသာအား ရှည်ကြာစောင့်ရှောက်
မျိုးမပျောက်စေ ဂုဏ်သရေနှင့်
ရွှန်းဝေထိန်ဖြာ၊ ဤကမ္ဘာတွင်
မြန်မာလူသား၊ ၀င့်ဝင့်ကြွား။

(၁၄ကြိမ်မြောက် မန္တလေးအမေနေ့ အခမ်းအနားနှင့် ဘဘဦးသုခ ရာပြည့်မင်္ဂလာ အခမ်းအနားတို့ကို ဂုဏ်ပြုပူဇော်ရေးဖွဲ့သီကုံးပါသည်။)
 

အောင်တင်ဝင်း (ငါ့သရောက်)
အမေနဲ့သား
အမေဟာ
ဟောဒီကမ္ဘာမြေထဲမှာ
စာမတတ် လက်ဗွေနှိပ် ကြက်ခြေခတ်
မတ်မတ်ခိုင်ခိုင် မယိုင်မလဲ
ဘ၀ဆိုတဲ့ နွံထဲမှာ
နစ်တုံ ပေါ်တုံ စုန်လိုက်ဆန်လိုက်
ခေါင်းငိုက် ခေါင်းမတ်
ခြေစုံရပ် အားသွန်လျှောက်ရင်းနဲ့
နွေကိုးဆယ်နဲ့ ခြောက်ခုစွန်းအောင်
ဘာသိက္ခာမှ အပွန်းမခံဘဲ ရှင်သန်ခဲ့ ...။

အမေဟာ
တောနားချုံနား လယ်ကြားချောင်းကြား
ဖားကောက်ငါးရှာ ပုဖွန်နှိုက်
ကောက်စိုက် ပေါင်းထိုး
ဖုန်းဆိုးယာ လက်ကောကောမှာ
အမောမဖြေသာ နုံချာချာနဲ့
သံသရာအခွံ ထူထူထဲမှာ
နေပူပူ မိုးရွာရွာ
အေးကွက်မရှာ ချွေးမသိပ်
သားအတွက် အရိပ်မိုး
အနာဂတ်ကို ပျိုးထောင်ခဲ့ ...။

အမေဟာ
ကိုလိုနီ ဖက်ဆစ်
ခေတ်ဆိုး ခေတ်ဟောင်း
ခေတ်ကောင်းခေတ်သစ်
ခေတ်အမျိုးမျိုးဖြတ်သန်း
ပန်း မပန်အား
ဝမ်းစာ ရှားလွန်းပေမဲ့
သားအတွက် ငွေရှာ
သားပညာရှာဖို့
မြို့ကျောင်းပို့ မြို့မှာထား
သားစာတတ်စေချင်သတဲ့ ...။

ပညာမုဆိုး သားလူဆိုးဟာ
ဘာတွေ ညာတွေ
ဘာစာပေ ဘယ်လောက်တတ်တယ် မသိပေမယ့်
ဘွဲ့ဒီဂရီ မျက်မှန်စိမ်းနဲ့
ဘယ်ယိမ်းညာနွဲ့

ရွဲ့တဲ့တဲ့ စောင်းတောင်းတောင်း
မြေဖြူတစ်ချောင်းနဲ့
ခေါင်းလောင်းမထိုးတဲ့ ကျောင်းဆရာ
တစ်ခါတစ်ခါ
ကလောင်တစ်ချောင်းနဲ့
ဝမ်းရေးအတွက် လွမ်းရေးခက်
အသံအက် လက်ညောင်း
ချောင်းတဟွတ်ဟွတ်နဲ့
မနက်ဖြန်ကို ပြုစုတယ် ...။

အမေ့ဆန္ဒအတိုင်း
ကံပစ်ချရာ
မန္တလေးဆိုတဲ့ မြို့ကျေးရွာမှာ
မီးမလာ လမိုက်မိုက်
အတွေးအမှိုက်တွေ ထွေးပိုက်ဆဲ
မြို့ပြပိုက်ကွန်ထဲမှာ
ဝဲချာချာ ပျော်မောရင်း
သားဇောနဲ့ မျှော်ရှာတဲ့
အမေ့ရွာ ပြန်မရောက်
ရောက်ပြန်တော့လည်း တစ်နှစ်မှ တစ်ခေါက်
တစ်ခေါက်မှာလဲ တခဏလေး
ငါ့သားကို ငါဝအောင် မမွှေးရသေးဘူးလို့
ဆို့နင့်နင့် မျက်ရည်ဝဲ
ရင်ထဲမှာ အလုံးကြီး မျိုမကျသလို
ခွဲရတာ ခဏလားလို့
အခုတော့ ဘ၀တွေ ဝေးကွာသွားခဲ့ရ
မေတ္တာငတ်တဲ့ အမေနဲ့သား
စာသင်ခဲ့တာ မှားပြီလားလို့
တရားလိုလို သံဝေဂနဲ့
နောင်တများ ရချင်ချင် ...

အမေ့မေတ္တာတရား
ပျားလိုချို ဓားလိုထက်
လလိုပ၀င်း နေလိုတောက်
အမေ့ မေတ္တာအိမ်အောက်မှာ
အမေ့ခြေထောက်ဖက်ဖက်ပြီး
အမေ့မျက်နှာမော့ဖူး
ကြည်နူးနေချင်မိတာ အခါခါပေါ့ ...
အမေ့ရွာမှာ
မိုးမရွာ ရေဆွံ့ရှားတော့
မြေသားတွေ ရေငတ်
တံလျှပ်တွေ တဖျတ်ဖျတ်နဲ့
မြေပတ်ကြား ကြေးနီရောင်မှာ
ဘာသီးနှံ ဆန်ရေစပါးမှ ပေါများတယ်မရှိ
ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်းမသိ
သတိကို ခိုင်ခိုင်ထား
တရားကို နာနာမှတ်
မပြတ်အောင် ပုတီးစိပ်
အနိစ္စကို
ဒိဋ္ဌဆက်ဆက် ဆင်ခြေနေဆဲမှာ
အမေ့ရင်ခွင် အနီးအနား
သားနှစ်သိမ့် မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပါ အမေ ...

သားချွေးနဲစာ
မုန့်ပဲသရေစာ
အရာမရောက်လှတဲ့ ငွေပမာဏ
တစ္ခါတစ္ခါ တဘက္အက်ႌ
ထမီတစ်ထည်လောက်များ
လူကြုံပါးကန်တော့လိုက်တဲ့အခါ
ဘာကိုမျှ မသုံးမစားသေးဘဲ
လူတကာ လည်ကာပြ
ခေါင်းတငြိမ့်ငြိမ့် လည်တခါခါ
ဒါ သားက ကန်တော့လိုက်တာလို့
ပြောကာဆိုကာ ၀မ်းတွေသာရင်းနဲ့ပဲ
ပီတိမျက်ရည်တွေ ၀ဲနေတယ်ဆိုတာများ
သားပြန်ကြားလိုက်ရတော့
အားနာလိုက်တာ အမေရယ်

အမေ့မျက်နှာ
ဇရာမင်းမူ အနိုင်ယူ
ဆံဖြူစတွေ အောင်လံထူ
နလန်မထူ စစ်သူကြီးပွဲ
မရဏထဲ ဂြိုလ်နေကျ
အသားအရေ မျက်စိ နား နှာခေါင်း
သုံးဆယ်နှစ်ကောဋ္ဌသထဲ
ဘယ်နေရာ ဘာကမှ မကောင်းချိန်မှာ
အမေ့ရွာ အမေ့ဘေး
ဆေးပေး မီးပေး
နွေးနွေးထွေးထွေး
အမေ့စိတ် ငြိမ်းချမ်းရေးကို
ငြိမ်းအေးအောင် ယုယ
သားမျက်နှာ ပြပြပြီး
စကားတွေ တွတ်ထိုးရင်း
အမေ့ နေ၀င်ရိုးရီမှာ
အမေ့ဆည်းဆာ ပန်းချီ
ဆေးသားပီပီ ခြယ်သင့်တာ အမှန်ပါပဲ။

အဲသလိုပဲ
စိတ်ထဲကသိ
ဆန္ဒတွေ ရှိပေမဲ့
မြို့ပြရဲ့ ဘ၀လမ်းမှာ
မောဟနဲ့ သောကလွှမ်းတော့
ပန်းတိုင်မရှိ ကမ်းစပ်မရှိ
အမေရှိတဲ့ အမေ့ရွာ
လာချင်ပေမယ့်
မလာချင်သလို ခရီးဝေးခဲ့ရပေါ့ ...

]အမေမကျန်းမာ
အသက်မီချင် အမြန်လာ" လို့
စာတစ်တန် ဖုန်းတွေဆက်သော်လည်း
တိုးတက်တဲ့ ဒီခေတ်ထဲမှာ
ဆက်သွယ်ရေး မီဒီယာ
အတန်ကြာ နောက်ကျခဲ့တာကြောင့်
" အမေဆုံးပြီ" ဆိုမှဘဲ
သားလက်ထဲ သတင်းရောက်ခဲ့ရ
ကောက်ခါ ငင်ခါ အပြေးအမြန်လာရင်း
ရင်ထဲမှာ အပူလှိုင်းဖြတ်သန်း
တစ်ခဏဆိုတဲ့ ဘ၀ဇာတ်တစ်ခန်း
အမေ့ရဲ့ နောက်ဆုံးလမ်းကို လှမ်းလာခဲ့ ...

ရုပ်ခန္ဓာမြေမကျမီ နောက်ဆုံးအကြည့်နဲ့
တ၀ကြီး အားရအောင် ကြည့်မယ်လို့
ရည်ရွယ်ကာ စိတ်က မှန်းသော်လည်း
မှန်းခြေမပေါက် နောက်ကျခဲ့တာကြောင့်
မြေစာတစ်ခဲ တုရွင်းတစ်ဆွ
မြူတစ်မှုန်
ဖုံတစ်လုံးစာမျှ ဖုံးခွင့်မရ
အမေ့ဂူ မြေမို့မို့မှာ
ရင်ဆို့ကာ ဦးနှိမ်ချလို့ရယ်
အမေရယ် ...
ပြုသမျှ ကုသလအတွက်
အမျှ အမျှ အမျှ ရစေသောဝ် ...။

နေပြည်တော်တပ်ကုန်း၊ လွှဘုံရွာမှာ (၁၇.၁၁.၉၈)နေ့က ကွယ်လွန်ခဲ့တဲ့ အမေဒေါ်လှသို့ ...
သိန်းအောင်မြင့်

.

No comments:

Post a Comment

thank you to say so