အခန်း(၁၁)
လင်ကီ
လင်ကီ
မင်္ဂလာဦး ခရီးမှ ပြန်လာတော့ လင်ကီ "အမျိုးသမီးလောက" တွင် အလုပ်ပြန်ဝင်သည်။ အမျိုးသမီး လောက ကို အမျိုးသားများ ဦးစီးနေကြောင်း တစ်စတစ်စ လင်ကီ သိလာ၏။
လုပ်ငန်းခွင်တွင် လင်ကီ့ ရာထူးသည် ယခုတိုင် အတွင်းရေးမှူးသာ ဖြစ်နေသေးသည်။ လက်ထပ် လက်စွပ် အသစ်စက်စက် ကလေးဝတ်ပြီး ချာလီအတွက် လက်နှိပ်စက် ရိုက်ပေးနေရဆဲ၊ ဖိုင်တွဲ နေရဆဲ ဖြစ်၏။
သူ့ တယ်လီဖုန်းတွေကို ဖြေပေးရေဆဲ၊ ကော်ဖီဖျော်ပေးနေရဆဲ။ အဖေ့နေရာတွင် အစားထိုး ကြည့်ဖို့ လင်ကီ လက်လျှော့လိုက်ပြီ။
"အများအားဖြင့် မိန်းကလေးတွေ လက်ထပ်ပြီးရင် အလုပ်ထွက်ကြတာ ချည်းပဲ"
ညွှန်ချုပ် ၏ အတွင်းရေးမှူး ရို့စ်နော်မာဂျင်းက လင်ကီ့ကို ပြောပြခြင်း ဖြစ်၏။ ရို့စ်က ချစ်သူနှင့် စေ့စပ် ထားသည် မှာ နှစ်နှစ်ရှိပြီး အိမ်ဝယ်ဖို့ ပိုက်ဆံစုနေခြင်း ဖြစ်၏။
ရို့စ် က လင်ကီ့ကို ဆက်ဝေဖန်သည်။
"မလုပ်ဘဲ နေလို့ ရရဲ့သားနဲ့ မင်းဘာလို့ အလုပ်လုပ်နေရတာလဲ လင်ကီ၊ ဒီလို လူစားနဲ့ မင်းမို့ သည်းခံ နိုင်တယ်ကွာ"
"၀ဋ်ရှိသရွေ့ပေါ့ကွာ" ဟု လင်ကီက ချာလီလင့်၏ လက်ပါးစေ ဘ၀ကို ဟာသနှောပြီး ပြောလိုက် သည်။
"ဘာသာတိုင်း မှာ ဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ မင်းလို မိန်းကလေးက ချာလီ့ဆီမှာ ဖိုင်တွဲ နေရတယ်လို့ ကွာ"
ပျိုမေ တို့ မီးဖိုဆောင်ကဏ္ဍ ညွှန်မှူး၏ လက်ထောက်ဘက်ကီရိစ်၏ ဝေဖန်ချက် ဖြစ်သည်။
"မင်းက နွားလို ကုန်းရုန်းလုပ်နေချိန်မှာ သူက အရက်ကလေး တမြမြနဲ့ မင်းနေရာမှာသာ ကိုယ်ဆိုရင် ပစ်သတ် မိမှာ"
"အေး တစ်ခါတလေတော့ အဲဒီလို လုပ်ချင်စိတ်မျိုး ပေါ်ဖူးတယ်ကွ" ဟု လင်ကီက ၀န်ခံသည်။
"ပျိုမေတို့အလှ" ကဏ္ဍအယ်ဒီတာ ကော်ရယ်ဝင်စတိန်ကတော့
"အင်း သူ့အလုပ်တွေကို မင်းက အောက်ခြေသိမ်း လုပ်ပေးနေရပေမယ့် လက်နှိပ်စက်ရိုက်တဲ့ ကော်ဖီ ဖျော် တဲ့ ဘ၀က ရှေ့မတိုးဘူးနော်" ဟု မှတ်ချက်ချသည်။
မမကော်ရယ် မှာ ကိုယ်လုံးသွယ်သွယ်နှင့် မဟာဆန်ဆန် ချောမော လှပသူ ဖြစ်သည်။
"အုပ်ချုပ်ရေးဌာနကို ကိုယ် မေးကြည့်တယ်။ မင်းကို ဌာနပြောင်းပေးဖို့ လေ၊ လက်ထောက် အယ်ဒီတာ တစ်နေရာ ရှိနေတယ်။ သူတို့က ယဉ်ယဉ်ကလေးနဲ့ ငြင်းလိုက်တယ်။ ချာလီ့ကို သူတို့ ပြန်မေးပုံ ရပါတယ်။ မင်းကို သူဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူး၊ ခွေးသူတောင်းစားကြီး"
မမကော်ရယ်ကို ကျေးဇူးတင်မိပါသည်။ သို့သော် နှုတ်ခမ်းနီနှင့် မျက်နှာကို ဆေးဆိုးပန်းရိုက် လုပ်ဖို့၊ လက်သည်း အရောင်တင်ဖို့ ကိစ္စမျိုးများကို လင်ကီ စိတ်ဝင်စားလှသည် မဟုတ်၊ စာမူတွေ စာရေးဆရာ တွေ နှင့် သာ အလုပ်လုပ်ချင်သည်။
"သူကတော့ ပြောရှာပါတယ် မမရယ်၊ စိတ်အေးအေးထားတဲ့၊ သူ့ဆီမှာပဲ လက်ထောက် အယ်ဒီတာ ရာထူး ရဖို့ သူ တာဝန်ယူပါတယ်တဲ့"
မမကော်ရယ်က နှာခေါင်းရှုံ့ပြီး
"ကိုယ်ပိုင်တဲ့ တံတားတစ်ခု ရောင်းဖို့ ရှိတယ်။ အဲဒါ ရွှေမုခ်ဝတံတားကြီးလို့ ပြောရင် မင်း ယုံမှာလား"
ဘက်ကီနှင့် ကော်ရယ်တို့နှစ်ယောက် ပြောသည့်အတိုင်းပင်။ ချာလီကို ကူရသည်မှာ ကြာလေ ၀န်ထုပ် ၀န်ပိုးကြီး က ကိုယ့်အပေါ် ပိလေလေ ဖြစ်လာ၏။ စာအုပ်တွေ ဖတ်ရသည်။ စာမူတွေ ဖတ်ရ သည်။ အယ်ဒီတာ မှတ်ချက် တွေ၊ အစီရင်ခံစာတွေ ရေးရသည်။ မဂ္ဂဇင်းအတွက် စာမူတွေ ရွေးရ သည်။
ဤသို့ဖြင့် ချာလီနှင့် ဆက်သွယ် ပတ်သက်သမျှ တိုက်များမှ စာရေးဆရာတွေ အယ်ဒီတာတွေနှင့် လင်ကီ သိကျွမ်း ခွင့်ရသည်။ မဂ္ဂဇင်းအတွက် ၀ယ်သည့် ၀တ္ထုများကို အနှစ်ချုပ်ရေးခြင်း၊ စာရေး ဆရာများနှင့် စာချုပ်ချုပ်ဆိုခြင်း ကိစ္စများကိုလည်း ချာလီက လင်ကီနှင့် အားလုံး လွှဲထား၏။
စာအုပ် အချိန်မှန် ထွက်ဖို့အထနိ လင်ကီ့ တာဝန် ဖြစ်လာသည်။ မဂ္ဂဇင်း အပြင် အဆင်ပိုင်းကိုလည်း ကူရသေး၏။ သည်မျှ အပင်ပန်းခံ၍ ကြိုးစားသော်လည်း လင်ကီ ခံစားရသည့် အကျိုးအမြတ်မှာ အများ နည်းတူ ပေးသည့် တစ်နှစ် ငါးရာခိုင်နှုန်း နှစ်တို လစာ ပင် ဖြစ်လေသည်။
"သုံးဒေါ်လာနဲ့ နှစ်ဆယ့်ငါးဆင့်တဲ့၊ မပေးတာကမှ ကောင်းသေးတယ်" ဟု ချာလီကို ပြောတော့ အယ်ဒီတာကြီးက
"ကိုယ် ကြည့်ပါဦးမယ်ကွာ" တဲ့လေ။
ကြည့်ပါဦးမည်ဆိုသော ချာလီလင့်က လင်ကီ့ကိစ္စကို ဘာမှ ပြန်မကြည့်ပါ။
"အတွင်းရေးမှူး လစာ အမြင့်ဆုံးရနေတာပဲ" ဟူသည့် အကြောင်းပြချက်ဖြင့် နှစ်သိမ့်သည်။
"ဒါပမေယ့် လင်ကီက အတွင်းရေးမှူးအလုပ် တစ်ခုတည်း လုပ်နေရတာမှ မဟုတ်ဘဲ၊ ချာလီ ကိုယ်တိုင် ခဏခဏ ပြောတယ်လေ၊ လင်ကီ မရှိရင် ဒုက္ခပဲဆို" ဟု လင်ကီက စောဒက တက်သည်။
ချာလီ က သက်ပြင်းချပြီး
"တခြား အတွင်းရေးမှူးတွေထက် ပိုပေးလို့ မဖြစ်ဘူးလေ"
"ဘာလို့ မဖြစ်ရမှာလဲ၊ လင်ကီက သူများတွေထက် ပိုလုပ်နေရတာပဲ"
ချာလီက စကားလမ်းကြောင်း ပြောင်းပစ်သည်။
"မိန်းကလေးတွေထဲမှာ စိတ်ဝမ်းကွဲ ကုန်တာမျိုး၊ မနာလို ဖြစ်တာမျိုးတွေ တို့ မလိုလားဘူးလေ၊ တစ်ယောက် ကို ပေးရင် အားလုံး ပေးရမှာ မဟုတ်လား" ဟု ကုမ္ပဏီ ပေါ်လစီနှင့် ကိုင်ပေါက်သည်။
ဒေါပွပွ နှင့် နောက်နှစ်ပတ်ကြာတော့ လင်ကီ ထပ်ပြောသည်။
"ဘော့ဝက်စတတ်နဲ့ လင်ကီ တစ်ရက်တည်း အလုပ်ဝင်တာလေ၊ သူက အခု လက်ထောက် အယ်ဒီတာ ဖြစ်နေပြီ၊ ရုံးခန်းနဲ့ ကိုယ်ပိုင်အသေးသုံးငွေနဲ့၊ အတွင်းရေးမှူးတောင် ချက်နည်း ပြုတ်နည်း အယ်ဒီတာနဲ့ တွဲ သုံးခွင့် ရနေပြီ၊ ဒါလောက် ပျင်းတဲ့ ဘော့လို လူစားတောင် ရာထူး တက်ပြီး ဘာဖြစ်လို့ လင်ကီ ကျန် နေတာလဲ"
"ဒါကတော့ ဌာနချင်း မတူဘူးလေ"
"ဒါဖြင့် လာရီဘိုဒင်းကျတော့ကော"
လာရီ က လခစားမဟုတ်၊ ၀တ္ထုတွေကို အကျဉ်းချုံးရေးဖို့ ပုတ်ပြတ်စနစ်ဖြင့် ငှားထားသော အယ်ဒီတာ။ ပိုက်ဆံ တိုး တောင်းတိုင်း ပေးသည်။ အယ်ဒီတာအဖွဲ့တွင် သူ့နာမည်ထည့်ဖို့ တောင်းဆိုခြင်းကိုလည်း လိုက်လျောသည်။
လင်ကီကဆက်ပြီး တိုက်ပွဲဝင်သည်။
"ဘယ်တော့ မှ သူ့အလုပ်တွေ အချိန်မီ မပြီးဘူး၊ ရက်တိုးပေးရတာချည်းပဲ၊ ပြီးတော့လည်း သူ့ဟာ တွေ လင်ကီ့ ကို ပြန် အချောသပ်ခိုင်းတာချည်းပဲ၊ တချို့အားလုံး ပြန်ရေး ရတယ်လေ၊ လင်ကီ့ နာမည်ကျတော့ ဘာလို့ အယ်ဒီတာအဖွဲ့မှာ မထည့်နိုင်ရတာလဲ"
ချာလီ က ပထမဆုံး အကြိမ်အဖြစ် စိတ်မရှည့်သည့် လေသံဖြင့်
"မင်းက တစ်လိုင်းပဲ လင်ကီ" ဟု စပြီးမှ ခပ်အေးအေး ပြန်ဖြေပြောသည်။
"ခဏနေပါဦးကွာ၊ ကိုယ် ဘာလုပ်ပေးနိုင်မလဲ ကြည့်ပါရစေဦး"
ပီတာက လင်ကီ့ကို ဖျောင်းဖျသည်။
"ချာလီကို သိပ်ဝက်အူမတင်းနဲ့လေ၊ မင်းဘက်က သိပ်တင်းလာရင် သူ ပိုပြီး ကတ်နေလိမ့်မယ်"
ပီတာ ပြောသည့်အတိုင်း ဖြစ်နိုင်ပါတယ်လေဟု လင်ကီ တွေးပြီး သုံးလ ဆက်စောင့်သည်။ အကြောင်းမထူး သဖြင့် မိမိက တာဝန်တွေ ပိုသည်ထက် ပိုလာပြီး ဘာမှ မရသည့်အဖြစ်ကို လာရီ နှင့် ဘော့တို့ ရနေသည့် အခွင့်အရေး နှင့် နှိုင်းယှဉ်ပြီး ထပ်ပြောသည်။
"တလောက ရာထူးတိုးပေးတာတွေ များသွားတော့ ဘတ်ဂျက် မကျန်တော့ဘူး လင်ကီ၊ ခဏ သည်းခံ စောင့်လိုက်ဦး" ဟု ချာလီ ပြောတော့ လင်ကီ့ အနာကို ဆားပက်သလို ဖြစ်သွားတော့၏။ သို့သော် ဆက် သည်းခံသည်။
စက်တင်ဘာလထဲ ရောက်မှ အလုပ်ဝင်လို့ တစ်နှစ် ပြည့်ပြီး ဖြစ်ကြောင်း၊ ကတိတွေအတိုင်း လုပ်ဖို့ ကောင်းပြီး ဖြစ်ကြောင်း ထပ်ပြောသည်။ သည်တစ်ခါ ချာလီ ငြင်းပုံကြောင့် လင်ကီ အလန့်တကြား ဖြစ် သွားသည်။
"မင်း လက်ထပ်ပြီးတာမှ မကြာသေးပဲကွာ၊ မင်းက ငွေမလိုသေးပါဘူး" တဲ့လေ။
"လင်ကီ လက်ထပ်တာနဲ့ ဘာဆိုင်လို့လဲ၊ ငွေလိုတာ၊ မလိုတာနဲ့ကော ဘာဆိုင်လို့လဲ၊ ရသင့် ရထိုက်တာကို တောင်းတာပဲဟာ"
သူ့ အပြုံးကို ပထမဆုံးအကြိမ်အဖြစ် မတုံ့ပြန်ဘဲ နေလိုက်သည်။ သူတို့လင်မယားကို မင်္ဂလာ ဆောင်တုန်းက တခမ်းတနား ဖိတ်ကျွေးခဲ့၏။ ငါးဥတွေ၊ ပုစွန်တုပ်ကြီးတွေနှင့် ကမ္ဘာကျော် ရှမ်ပိန် ကို အ၀တိုက်ခဲ့၏။ ခုတော့ သည် လက်ထပ်ပွဲကို သူက လက်နက်သဖွယ် အသုံးပြုနေပြီ။ လင်ကီ မယုံကြည်နိုင်အောင် ဖြစ်နေ၏။
လခ တိုးယူဖို့ တစ်ခုတည်း ပြောနေခြင်း မဟုတ်ဘဲ ရာထူးတိုးဖို့ကို အဓိကထား ပြောနေခြင်း ဖြစ်ကြေင်း လင်ကိက အလေးအနက် ထပ်ပြောသည်။ ထုံးစံအတိုင်း စောင့်ခိုင်းပြန်၏။ သူ စကား ဖြတ်ချင်နေပြီ။ နေ့လယ်စာ စားဖို့ ထွက်တော့မည် မဟုတ်လား။
"လင်ကီ စောင့်ခဲ့ရတဲ့ အချိန်တွေ များနေပြီ၊ ဘော့ကျတော့ အဲဒီလို အခက်အခဲမျိုး မရှိခဲ့ဘူး မဟုတ်လား"
"သူက စ၀င်ကတည်းက အယ်ဒီတာ လက်ထောက်အဖြစ်နဲ့ ၀င်တာလေ"
လင်ကီ ဒေါသ ဖြစ်လာပြီ။ ဘော့သည် မိမိနှင့် ယှဉ်လိုက်လျှင် အစစ နိမ့်ကျ ညံ့ဖျင်းသူ၊ ပညာ အရည်အချင်း သာမက၊ အရည်အသွေးပါ တခြားစီ။ လူသိရှင်ကြား ပျင်းရုံ၊ ဖျင်းရုံမက၊ နောက်ဆုံးမှ တိုက်ကို ရောက်ပြီး အစောဆုံး ပြန်လစ်သူလည်း ဖြစ်၏။
ရှင်းပါသည်။ ဘော့က ယောက်ျားဖြစ်နေလို့ ဟူသည့် အဖြေမှတစ်ပါး အခြား မရှိပြီ။ "အမျိုးသမီး လောက" တွင် အမျိုးသားများ ကြီးစိုးနေသည် မဟုတ်လား။
ချာလီ က နာရီကို ငုံ့ကြည့်သည်။ တော်လောက်ပြီဆိုသည့်သဘော။
ဆိုင်ရောက်ရောက်ချင်း မာတီနီ နှစ်ခွက် မှာလိုက်၏။
"တိုက်မှာလည်း အပေါက်အလမ်း မတည့်ပါဘူးကွာ၊ မိန်းမတေါဟာ အပေါက်အစပ်ကို များတယ်"
မိုးမခ စာအုပ်တိုက်မှ အယ်ဒီတာ တက်ဒ်စတင်းဖို့အား ချာလီ ရင်ဖွင့်နေခြင်း ဖြစ်၏။
သူတို့တစ်တွေဟာ မရှိမကောင်း ရှိမကောင်း ဆိုတာမျိုးတွေကွ၊ ငါတော့ သိပ်စိတ်ကုန်တာပဲ၊ အတွင်း ရေးမှူးမ တွေက သာပြီး ဒုက္ခ ပေးသေးတယ်။ ရုံးတွင်း ပြဿနာမှန်သမျှ သူတို့ စတာချည်း ပဲ၊ နည်းနည်း ပိုလုပ် ရလို့၊ အဆီအငေါ်ကလေး တည့်လာပြီဆိုတာနဲ့ လခ တိုးဖို့၊ ရာထူးတိုးဖို့ နားပူနားဆာ လုပ်တော့ တာပဲ"
တက်ဒ်က စိတ်မကောင်းသည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ ချာလီ၏ ဆိုလိုရင်းကို သူ သေသေချာချာ သဘော ပေါက်ပုံဖြင့် ထောက်ခံသည်။
"ဟုတ်တယ် ချာလီ၊ အလွန် တော်ပါတယ် ဆိုတဲ့ ဟာတွေတောင် စိတ်ချရတာ မဟုတ်ဘူး၊ သင်ပေးလို့ တတ်လည်း တတ်ရော၊ တခြား ပြောင်းဖို့ ခြေလှမ်းပြင်တော့တာပဲ"
တက်ဒ် က အလေးအနက် ပုံစံဖြင့် မုတ်ဆိတ်ကို လက်နှင့် သပ်ရင်း ပြောနေခြင်း ဖြစ်၏။
"ငါ့လုပ်သက်လည်း မနည်းတော့ပါဘူးကွာ၊ ခုထိ မိန်းမတွေ ဘာလိုချင်မှန်း ငါမသိသေးဘူး။ အရမ်း ထူးခြားတယ် လို့ ငါထင်တဲ့ ငါ့အတွင်းရေးမှူးလေ၊ မင်း သိတယ်နော်၊ ဒီပုတ်ထဲက ဒီပဲ ပါပဲကွာ"
တတိယခွက် ကုန်သွားပြီမို့ ချာလီ အာသွက်စ ပြုနေပြီ။
ကုမ္ပဏီပေါ်လစီနှင့် လင်ကီ လျစ်လှူရှုခံထားရချိန်တွင် လေသူရဲ ဂျွန်ဂလင်း ကမ္ဘာကို ပတ်နေပြီ။ ကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
အရာအားလုံးသည် အဟုန်ဖြင့် ရှေ့သို့ ရွေ့လျားနေ၏။ ထိုအထဲတွင် လင်ကီ မပါ။ ၁၉၆၂ခုနှစ် တစ်ဝိုက်တွင် တစ်နိုင်ငံလုံး ယောက်ျားသားများ ဦးဆောင်သည့် လုပ်ငန်းခွင်တွင် လင်ကီ မျောပါ နေ၏၊
အမျိုးသမီးလောက မဂ္ဂဇင်း၊ အယ်ဒီတာအဖွဲ့ တသီကြီးထဲတွင် "မေတို့အလှ" ကဏ္ဍ အယ်ဒီတာ နှင့် ချက်နည်းပြုတ်နည်းကဏ္ဍ လက်ထောက် အယ်ဒီတာ နှစ်ဦးသာ အမျိုးသမီးများ ဖြစ်ကြသည်။
ကော်ရယ် ၀င်စတိန်သည် ရာထူးရသည်မှာ အလှကုန်သူဌေးတစ်ဦးနှင့် တိတ်တိတ်ပုန်း ဇာတ်လမ်း ရှိနေခြင်းကြောင့် ဖြစ်၏။ လစဉ်ကြော်ငြာမျက်နှာ တစ်ဒါဇင်လောက် ရသည်လေ။ သည် လျှို့ဝှက် အချစ်ဇာတ်လမ်းကလေး ပြီးဆုံးသည်နှင့် ကော်ရယ် နောက်ထပ် အလုပ်တစ်ခု ရှာရတော့မည်ဟု အားလုံး သဘောပေါက်ာထးကြ၏။
ဒါကို မမကော်ရယ် ကိုယ်တိုင် သိသည်။
"ဘယ်လောက် တရားကျဖို့ ကောင်းလဲ၊ ရယ်ဗလွန်မှာ ကိုယ် ငါးနှစ်လုပ်ခဲ့တယ်။ အယ်စတိလော်ဒါ မှာ ငါးနှစ်၊ ဒါတွေကို ဘယ်သူမှ သတိမရကြတော့ဘူးနော်" ဟု ကော်ရယ် ၀င်စတိန် ညည်းတွားဖူး သည်။
ဘက်ကီရိစ် က အမျိုးသမီးလောကတွင် လုပ်သက် ဆယ့်ငါးနှစ် ရှိပြီ။ သက်ဆိုင်ရာကို ခပ်မိုက်မိုက် ချဲရဲသဖြင့် လက်ထောက် အယ်ဒီတာ ရာထူးကို ရလာခြင်း ဖြစ်၏။
တစ်ခုသော ခရစ္စမတ် အထူးထုတ်တွင် အထူးဟင်လျာများအကြောင်းပါမည် ကြော်ငြာပြီးမှ ဖောင်ပိတ်ရက် တွင် စာမူတွေ အားလုံး ယူသွားပြီး ဘက်ကီက ရုံးမတက်ဘဲ နေသည်။ အယ်ဒီတာ အဖွဲ့တွင် သူ့နာမည် မထည့်ပေးလျှင် ပြန်မလာတော့ဟု ဘက်ကီက ရာဇသံပေးသည်။
အိမ်ရှင်မ ပရိသတ်က မက်မွန်သီးနှင့် သစ်အယ်သီး ဌာပနာမုန့် လုပ်နည်း၊ တင်လဲ ပေါင်မုန့် ဖုတ်နည်း၊ သစ်ကြမ်းပိုးနှင့် လေးညှင်းနံ့ သင်းသည့် ကိတ်မုန့်လုပ်နည်းများကို စောင့်ဖတ်ပြီး စမ်းသပ်မည်ဟု အားခဲ ထားချိန်၊ ဘတ်ကီ၏ ဆောင်းပါးများကို မဂ္ဂဇင်းမှ ဖြတ်ပြီး အိမ်ရှင်မတို့က မီးဖိုဆောင်တွင် ကလစ်နှင့် တွဲထားကြသည် ဆို၏။ ခရစ္စမတ် အထူးထုတ်တွင် သည်ကဏ္ဍမပါ လျှင် မဂ္ဂဇင်း မည်သို့မျှ မထွက်ရဲ။
"အဲဒီတုန်းက ကိုယ့်ဖိုင်တွဲထဲမှာ အရက်ကြော်ငြာနဲ့ စားသောက်ကုန် ကြော်ငြာတွေပဲ ပါလာတယ် ကွ၊ ဘယ်ရမလဲ၊ ကိုယ်တောင်းတာ သူတို့ မပေးဘဲ မနေနိုင်ကြတော့ဘူးလေ" ဟု ဘက်ကီက သူ့အောင်ပွဲကို စားမြုံ့ပြန်ပြသည်။
"ဒါပေမယ့် အသားစင်းပုံ၊ လှီးပုံဖြတ်ပုံနဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ပဲ ကိုယ် အချိန်ကုန်နေတယ် လေ၊ ဒီအဆင့် က ကို မတက်တော့ဘူး"
မီးဖိုဆောင် ကဏ္ဍ ၏ ဌာနမှူးသည်လည်း အခြားဌာနမှူးများကဲ့သို့ ပုရိသခေါ် လူအထီး တစ်ယောက် ပင်။
အလုပ်တစ်ခုခု လုပ်နေရင်း အခြား အလုပ်ရှာခြင်းက အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက် လာသည်နှင့် မျက်စိကို ဖွင့် နားလည်း စွင့်လျက်။ ချာလီ မသွားချင်သည့် ဒုတိယတန်းစား ဧည့်ခံပွဲ များ တက်ရင်း စနည်းနာသည်။
"လက်ထောက် တစ်ယောက် တော့ ကိုယ့်မှာ လိုနေတယ်" ဟု ရော့ဖ်ဝိတ်စ်က လင်ကီ့ကို ပြောသည်။ လင်ကီက ပြန်မေးသည်။
"လက်နက်ပုန်း ရဲ က တာဝန်က ဘာတွေလဲ"
"တင်ပေးလို့ရတဲ့ လူတွေကို တင်ပေးနိုင်တယ်လေ၊ တစ်ခါတစ်လေ၊ နာမည်ကြီးတွေကို ပိုပြီး နာမည်ကြီး အောင်တောင် လုပ်ပေးနိုင်သေးတယ်၊ တကယ်တော့ ကိုယ်က ရှဲဒိုးအယ်ဒီတာပဲ"
"ရှိဒိုး စာရေးဆရာပဲ ကြားဖူးပါတယ်။ ရှိဒိုး အယ်ဒီတာရယ်လို့ပဲ"
"ဟန့်ဂရင်နီက သူ့ဆီ ရောက်လာတဲ့ စာမူတစ်ခုကို စင်းလုံးချော မဖြစ်မခြင်း ဘယ်တော့မှ သူ့ရုံးခန်းထဲက ပြန်မထွက်စေရဘူး၊ အဲဒါ ကိုယ့်အလုပ်ပဲ"
"လင်ကီ နားလည်ထားတာက စာအုပ်ပွဲစားတိုက်တွေက စာမူကို ရောင်းပေးရုံပဲ ထင်နေတာ၊ တည်းဖြတ် ပေးတယ် လို့ မကြားဖူးဘူး"
"တခြားတိုက်တွေ ဟုတ်တယ်၊ ဒါပေမယ့် ဟန့်ဂရင်နီရဲ့ စာပေပေါင်းကူးက တစ်မျိုး၊ ခပ်ရိုးရိုး စာမူ တစ်ခုကို မင်း တည်းဖြတ်ကြည့်ပါလား၊ ကိုယ်လည်း သဘောကျတယ်။ ဟန့်လည်း ကြိုက်မယ် ဆိုရင် ကိုယ့် လက်ထောက် စာတည်း မင်းဖြစ်နိုင်တာပေါ့"
"လင်ကီ ကြိုးစားမယ်၊ ဒီမဂ္ဂဇင်းတိုက်က ထွက်ရဖို့ဆိုရင် လင်ကီ ဘာလုပ်လုပ်ရလုပ်မယ်"
"ဟန့်ဂရင်နီလို လူဆီမှာ လ်ုပရ လုပ်ရ လုပ်မှာပဲလား"
ရော့ဖ် က မယုံကြည်နိုင်စွာ ပြန်မေးသည်။ အဖိုးတန် အနွေးထည် ထည်လဲ ၀တ်ပြီး အထက်တန်း လွှာ ပုံစံကျ မိန်းကလေး တစ်ယောက်က ဟန့်ဂရင်နီလို စည်းပြင်က လူတစ်ယောက်ဆီမှာ အလုပ်လုပ်မည် ဆိုပါ ကလား။
ဆက်ရန်
.
No comments:
Post a Comment
thank you to say so