" ရဲမော်က ဖုန်းပြန်ဆက်ပါတဲ့ "
" အောင်ရာမြေဆရာတော် ဖုန်းဆက်၊ ကထိန်အလှူခံဖြတ်ပိုင်းနဲ့ ငွေကို အဖိတ်နေ့မတိုင်ခင် အရောက်ပို့ရန် "
စသည်ဖြင့် ကပ်ခွာစာရွက်လေးတွေပေါ်မှာ ရေးပြီး အလွယ်တကူ မြင်နိုင်လောက်သော နေရာမှာ ကပ်ထားလေ့ ရှိကြသည်။ ရင်ရင်ငြိမ်းအတွက်ဆိုလျှင် ရေခဲသေတ္တာပေါ်မှာ။ ပေါ်ဌေးအတွက်ကတော့ စာဖတ်ခန်း တံခါးပေါ်မှာ။
တစ်ခါတစ်ရံ ကသိကအောက် ဖြစ်စရာလေးတွေ ကြုံရသေးသည်။ ပုံမှန်အားဖြင့် တယ်လီဖုန်းလာလျှင် ၀ိုင်း စိန် က ပြေးကိုင်သည်။ ပြီးတော့ ... " ဦးပေါ်၊ ဖုန်းလာတယ်"၊ " ဒေါ်လေး ... တဲ့ "ဆိုပြီး ခေါ်ပေးတတ်သည်။ သို့ရာတွင် သူက ဖုန်းနားမှာ အမြဲနေနိုင်တာ မဟ်ုတ်။ အ၀တ်လျှော်နေတဲ့အခါ၊ ရေချိုးနေတဲ့အခါမျိုးဆိုလျှင် အနီးဆုံး လူက ဖုန်းကိုင်ရသည်။
ကိုယ့်ဖုန်းဆိုလျှင် ကိစ္စမရှိ။ ပေါ်ဌေး ကိုင်ပြီးမှ ရင်ရင်ငြိမ်း ဖုန်းဖြစ်နေလျှင် ရင်ရင်ငြိမ်းကိုင်မိပြီး ပေါ်ဌေး အတွက် ဖြစ်နေလျှင် " တယ်လီဖုန်း" ဟု အသံပေးရသည်။ ဖုန်းလက်ခံ ပြောရမယ့်လူက အနီးအနား မှာ ရှိမနေလျှင် ကြားနိုင်လောက်တဲ့ နေရာအထိ သွားခေါ်ရသည်။
တစ်ခါတလေ ဖုန်းမြည်သံကြား၊ ၀ိုင်းစိန်က မအားလို့ တော်တော်ကြာနေလျှင်၊ ပေါ်ဌေးရော ... ရင်ရင်ငြိမ်းပါ ဖုန်းရှိရာကို တစ်ပြိုင်တည်း သွားမိတာမျိုးဖြစ်သည်။ ထိုအခါ သူ ကိုင်မလို၊ ကိုယ် ကိုင်မလို ရှိနေကြရာမှ တစ်ယောက် လှမ်းကိုင်မည်အပြု တစ်ယောက်ကလည်း လှမ်းကိုင်မလိုပြင်၊ ကိုယ်ရှိန်သတ်၊ တစ်ယောက်က နောက်ဆုတ် မလို လုပ်တုန်း၊ တစ်ယောက်ကလည်း ပြန်လှည့်ထွက်မယ်အလုပ် ... အတော် အူကြောင် ကြောင် နိုင်သည်။
တစ်ခါတစ်ရံကျတော့ ပြိုင်တူ ကိုင်မိတာမျိုး ဖြစ်တတ်သေးသည်။ တစ်ယောက်က အောက်ထပ်မှ ဖုန်းကို ကောက်ကိုင်စဉ် တစ်ယောက်က အပေါ်ထပ်မှ ဖုန်းကို ကိုင်ပြီး ပြိုင်တူ ထူးမိတာမျိုး၊ တစ်ဖက်မှ ဖုန်းဆက်တဲ့ လူတော့ အတော်ကြောင်သွားမှာပဲ။ ပြီးမှ သက်ဆိုင်ရာလူက ဆက်ပြော၊ မဆိုင်တဲ့လူက ဖုန်းပြန်ချ။
အတော် အူကြောင်ကြောင်နိုင်တဲ့ ကိစ္စတစ်ခု ရှိသေးသည်။ လင်မယားချင်း လမ်းမှာ သွားဆုံတဲ့ကိစ္စဖြစ်၏။ ပေါ်ဌေး က လက်ဖက်ရည်ဆိုင်အထွက်၊ ရင်ရင်ငြိမ်းက ဈေးမှအပြန် လမ်းထဲမှာ မျက်နှာချင်းဆိုင် တွေ့တာ။ ဒီအခါမှာ မမြင်ချင်ယောင်ဆောင်သွားပြန်တော့လည်း ယုတ္တိမရှိ။ ဒီလောက် ရှင်းရှင်းလင်းလင်းကြီး မြင်နေလျက်သား နဲ့။ ဒီတော့ "ဘယ်သွားမလို့လဲ၊ " နေကောင်းရဲ့လား ဟဲ ဟဲ "ဆိုပြီး နှုတ်ဆက်ဖို့ကလည်း အခက်။
ဟိုအရင် လင်မယား ခေတ်ကောင်းနေတုန်းက ရင်ရင်ငြိမ်း ဈေးသွားလျှင် ပေါ်ဌေးက ကားနှင့် လိုက်ပို့သည်။ ရင်ရင်ငြိမ်း နှင့် ၀ိုင်းစိန်တို့ ဈေးဝယ်နေစဉ် ပေါ်ဌေးက ဈေးရှေ့ ထွန်းဘဏ္ဍာ လက်ဖက်ရည်ဆိုင်မှာ ထိုင် စောင့်သည်။ တစ်ခါတလေ အပြင်ဈေးတန်းမှာ ဟိုလျှောက် ဒီလျှောက် လုပ်ရင်း တိုလီမိုလီပစ္စည်းလေးတွေ ၀ယ်သည်။ ညားခါစတုန်းကဆိုလျှင် ပေါ်ဌေးက ခြင်းတောင်းကိုင်ပြီး နောက်က ဂုဏ်ယူစွာ လိုက်ခဲ့ သေးသည်။ ခုနောက်ပိုင်း ခပ်စိမ်းစိမ်း ဖြစ်နေတဲ့အခါမှာတော့ ရင်ရင်ငြိမ်းက သူ့ဘာသာသွားသည်။ ပေါ်ဌေး ကလည်း မသိသလို ဘာသိဘာသာ နေလိုက်သည်။
တစ်ခါသားတော့ ပေါ်ဌေး အပြင်ကနေ ကားနဲ့ ပြန်လာပြီး လမ်းထဲအ၀င် ရှေ့က ဆိုက်ကားတစ်စီး သွားနေတာ တွေ့ရသည်။ အနားရောက်တော့မှ ဆိုက်ကား နောက်ခုံမှာ ထိုင်နေသော ၀ိုင်းစိန်ကို လှမ်းမြင် သည်။ ရှေ့မှာ ရင်ရင်ငြိမ်း ပါလာတာ သေချာသည်။
ဟွန်းတီးပြီး လမ်းဖယ်ခိုင်းလို့လည်း မဖြစ်။ နောက်မှာ ကားပါလာတာ ဆိုက်ကားဆရာ မသိတာ မဟုတ်။ လမ်း က သိပ်မကောင်းသဖြင့် ဘေးကို ချနင်းပြီး ဖယ်မပေးနိုင်ခြင်းဖြစ်၏။ အရေးထဲမှာ ၀ိုင်းစိန်က ကားကို မြင်သွားသည်။ ကောင်မလေးသည် အလိုက်ကန်းဆိုး မသိဘဲ ရင်ရင်ငြိမ်းကို လှမ်းတို့ပြီး ပြသည်။ ရင်ရင်ငြိမ်း က ယောင်ပြီး လှည့်ကြည့်သေးသည်။
ကားကို ဘီးလိမ့်ရုံ မောင်းပြီး နောက်က မျှောလိုက်နေရ၏။ မိန်းမက ရှေ့မှာ ဆိုက်ကားနဲ့၊ ယောက်ျားလုပ်တဲ့ လူက နောက်မှာ ကားကို အခန့်သားမောင်းလို့၊ လမ်းထဲက လူတွေ ဒီမြင်ကွင်းကို မြင်လျှင် ဘယ်လိုဟာ တွေပါလိမ့်ဆိုပြီး နားမလည်နိုင်အောင် ဖြစ်ကြတော့မှာပဲ။ တော်တော် မျက်နှာပူစရာ ကောင်းတဲ့ကိစ္စကြီး။
ဒီနေ့လည်း အိမ်မှာ အနှောင်းနှင့် ဒေစီပွင့်တို့ ရောက်နေသည်။ သူတို့က အခြေအနေကို ဘာမှ မသိသေး သောကြောင့် ခဏ ၀င်ထိုင်ပြီး ဧည့်ခံ စကားပြောပေးရသည်။ ကြာလျှင် ပေါ်ဌေးနှင့် ရင်ရင်ငြိမ်း တို့ ကြားမှာ အေးစက်စက်ကြီး ဖြစ်နေတာ ရိပ်မိကုန်မှာစိုးသဖြင့် လက်ဖက်ရည်ဆိုင်မှာ အသိတစ်ယောက်နဲ့ ချိန်းထား လို့ ဟု အကြောင်းပြပြီး ထွက်လာခဲ့ခြင်းဖြစ်၏။
သူ မရှိတုန်းမှာ အနှောင်းတို့ကို ရင်ရင်ငြိမ်းက ကွာရှင်းပြတ်စဲမယ့်ကိစ္စ ပြောချင်ပြောမှာပဲဟု တွေးမိသေးသည်။ ရင်ရင်ငြိမ်းက သူတို့ကို အရာရာတိုင်ပင်နေကျပဲ။ ပြောလည်း မတတ်နိုင်။ စောစော သိ သွားလည်း အေးတာပဲ။ အနှောင်းတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ မှန်းဆကြည့်မိ၏။ ဒေစီပွင့်က -
" ဖြစ်မှ ဖြစ်ရလေဟယ်၊ ဒီလောက် သံယောဇဉ် ကြီးခဲ့ကြရက်သားနဲ့"ဆိုပြီး တဖျစ်တောက်တောက် ပြောမည်။ အနှောင်းကတော့ -
" ဒါကြောင့် အစကတည်းက ဒီကောင့်ကို ငါ မယုံတာ "
ဟု မကျေမချမ်း ပြောမည်။ မိမိဆီ လာပြီး ပေါက်ကွဲပြမည်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပေးဖို့တော့ လုံးဝ သဘောတူမှာမဟ်ုတ်။ ရင်ရင်ငြိမ်းကလည်း ဒီအချက်ကို ကောင်းကောင်းသိပြီး နိုင်ကွက်အဖြစ် ကိုင်ထားမှာပဲ။ ရင်ရင်ငြိမ်းက ကွာရှင်းပြတ်စဲဖို့ ကိစ္စကို နှောင့်နှေးကြန့်ကြာအောင်လုပ်ပြီး ပေကပ် နေတာဟာ မိမိကို ချစ်လွန်းလှလို့တော့ မဖြစ်နိုင်။ ရှက်လို့သာ ဖြစ်ရမည်။ ရင်ရင်ငြိမ်းလို လူမျိုးအတွက်တော့ လင်ကွာ၊ မယားကွာ ကိစ္စဟာ သူ့ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ယူဆမှာ အမှန်ပဲ။ ဒါကြောင့်သာ မိမိကို ဖက်တွယ်ထားလိုခြင်း ဖြစ်ရမည်ဟု ထင်သည်။
ပန်းခြံထဲမှာ တစ်ယောက်တည်း ငေါင်တောင်တောင် လာထိုင်နေတာ သူပဲရှိသည်။ အသက် သုံးဆယ့်ငါးနဲ့ လေးဆယ်ကြား အရွယ်ဆိုလို့လည်း သူပဲရှိသည်။ ကျန်တာက လူငယ်စုံတွဲလေးတွေချည်းပဲ။ ကောင်လေး တွေ၊ ကောင်မလေးတွေက သူ့ကို ဘယ်လိုထင်မလဲ မသိ။
အလုပ်မရှိ အကိုင်မရှိတဲ့ လူလား၊ အိမ်မှာ နားပူလို့ အေးရာအေးကြောင်း လာထိုင်နေတာလား၊ ဒါမှမဟုတ် အနားယူ အပန်းဖြေသလိုလိုနဲ့ အတွဲ လာချောင်းတတ်တဲ့ လူမျိုးလား၊ တွေးချင် တွေးကြမှာပဲ။
တကယ်တော့ ပေါ်ဌေးကို ရှိတယ်လို့တောင် ဂရုမစိုက်အားကြ။ သူတို့အာရုံနဲ့ သူတို့ အလုပ်များ နေကြတာပါပဲ။ ပေါ်ဌေးတို့ ငယ်ငယ်တုန်းကနဲ့တော့ကွာသည်။ ဟိုတုန်းကဆိုလျှင် လက်ကလေးကိုင်ဖို့ကိုပဲ တော်တော် သတ္တိမွေးရသည်။ ပြီးတော့မှ တစ်ဆင့်တက်ပြီး ပခုံးလေးဖက်၊ ဆံပင်လေးသပ်၊ မျက်စိမှိတ်ခိုင်း၊ ပြီးတော့မှ ...။ ပေါ်ဌေးဆိုလျှင် လက်ကိုင်တဲ့အဆင့်ကတောင် တက်ခွင့်ရခဲ့တာ မဟုတ်။
ခုခေတ် ကောင်လေးတွေ ကောင်မလေးတွေကတော့ ရဲတင်းတယ်ပဲ ခေါ်မလား၊ ပွင့်လင်းရိုးသားတယ်ပဲ ဆိုရ မလား မသိ။
ခပ်လှမ်းလှမ်းက ခုံမှာ ထိုင်နေကြသော အတွဲတစ်တွဲမှာ ကောင်မလေးက ကောင်လေးရဲ့ ခါးကို ဖက်ထားသည်။ ဒီဘက်ခြမ်းမှာကတော့ ကောင်မလေးက ကောင်လေးကို ကလိထိုးနေ၏။ ကောင် လေးက ယား လို့ တွန့်လိမ်ရင်း ရယ်နေသည်။ နောက်တော့ ကောင်မလေးရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်ကိုင်လိုက်၏။ ပြီးတော့ သူ့မျက်နှာက ကောင်မလေး မျက်နှာဆီ ချဉ်းကပ်သွားသည်။ ကောင်မလေးက မျက်လုံးလေး မှေး၊ နှုတ်ခမ်းလေးဟပြီး စောင့်ကြိုနေသည်။ ထိလုထိခင်ကျမှ ကောင်မလေး နဖူးကို သူ့နဖူးနဲ့ ခပ်ဆဆလေး ဆောင့်တိုက်လိုက်၏။ ကောင်မလေးက နာသွားဟန် ရှုံ့မဲ့လိုက်ပြီးမှ ကောင်လေး ခေါင်းကို ဒေါက်ခနဲ ခေါက် ချသည်။ ပြီးတော့ သဘောကျသလို ဟက်ဟက်ပက် ပက်ရယ်နေကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့ကို ကြည့်ရတာ ကြည်နူးစရာတော့ ကောင်းသား။ ဒီပန်းခြံက နည်းနည်းထူးဆန်းသည်။ အထဲ ၀င်လိုက်တာနဲ့ အချိန်ကာလက ရပ်တန့်သွားသလို ထင်ရ၏။ ခုံတန်းလျားမှာ ထိုင်မိပြီး ခဏ အကြာမှာပင် နောက်ကြောင်း ပြန်လှည့်တော့သည်။ ထိုအခါ ပေါ်ဌေးသည် အိမ်မှာ ရောက်ရှိ နေခဲ့သော အနှောင်း နှင့် ဒေစီပွင့်တို့သာမက ရင်ရင်ငြိမ်းကိုပါ ခေါ်ပြီး ငယ်ဘ၀ဆီသို့ ပြန်ရောက်သွားလေတော့သည်။
ပေါ်ဌေးသည် မြောင်းကူးတံတား အုတ်ခုံပေါ်မှာ ထိုင်စောင့်နေသည်။ နေက အတော်ပူသည်။ ဗာဒံပင်မှ အရိပ် ကလေး ရနေသောကြောင့်သာ နည်းနည်းသက်သာနေခြင်းဖြစ်၏။
သူက ရင်ရင်ငြိမ်းကို စောင့်နေတာ။ သူ့အိတ်ထဲမှာ စာတစ်စောင်ရှိသည်။ သူသည် ရည်းစားစာ တစ်ခါမှ ရေးဖူးသူ မဟုတ်။ မနေ့ညက ရေးဖို့ ကြိုးစားကြည့်သည်။
" ရင်ငြိမ်း ... နင့်ကို ငါ ချစ်မိနေပြီ "
ဆိုသော စာတစ်ကြောင်းသာ ခေါင်းထဲက ထွက်လာသည်။ ရှေ့ဆက်လို့ မရတော့။ ဖတ်ဖူးတဲ့ ၀တ္ထု စာအုပ်တွေထဲက စကားလုံးတွေ ထည့်ရေးဖို့ စဉ်းစားကြည့်သည်။ သတိရလိုက်တာက -
" ဗျို့ ... ကိုသိန်းမောင်၊ ကုလားပု ဆိုတဲ့ ကောင်ကို ကျုပ်တော့ တယ်မသင်္ကာဘူးဗျို့ "
ဆိုသော စုံထောက်ဦးစံရှား ၀တ္ထုထဲက စာသားတွေ ဖြစ်နေ၏။ ကဗျာတစ်ပုဒ်လောက် ထည့်ရေးရင် ကောင်း မယ် ဟု တွေးမိပြန်သောအခါ မှာလည်း ဖျတ်ခနဲ ပေါ်လာတာက -
" ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်
ကုန်းမို့ထက် တွင် တပင်တည်း။"
ဟာ ... ဘာဆိုင်လို့လဲ။ အချစ်ကဗျာတစ်ပုဒ်လောက် စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ သူ မှေးခနဲ အိပ် ပျော် သွားသည်။
အိပ်ရာက နိုးတော့ ခုနစ်နာရီ ထိုးပြီးနေပြီ။ သူ ရေးတဲ့ စာက "နင့်ကို ငါ ချစ်မိနေပြီ" တစ်ကြောင်းသာ ပြီးသေးသည်။ ဒီနေ့ စာပေးဖြစ်အောင် ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။ နောက်ဆုံး မတတ်သာလျှင် နှစ်ကြောင်း၊ သုံးကြောင်းပဲဖြစ်ဖြစ် ရေးပြီး ပေးကိုပေးရမှ ကျေနပ်နိုင်မည်။
တစ်ခု သွားသတိရလိုက်၏။ ရဲမော်သည် မြရီဝင်းကို ပေးဖို့ စာကို ဒီအခန်းထဲမှာပဲ ရေးခဲ့တာ။ သူငယ်ချင်း တွေ ၀ိုင်းစဉ်းစားပြီး အကြံဥာဏ်ပေးခဲ့ကြသည်။ သူတို့ထဲမှာ စာဖတ်အား အကောင်းဆုံးဖြစ်သော အေဘီကျော် က ဦးဆောင်ပြီး ရေးခဲ့သည်။ ထိုစာကြမ်းကို ရဲမော်က အချောကူးယူသွားခဲ့၏။ နောက်တော့ တစ်ယောက် ကို တစ်ယောက် စကြ၊ နောက်ကြရင်း စာကြမ်းကို လုံးထွေးပစ်ပေါက်ကြသည်။ နောက်ဆုံး ဘယ်ရောက်သွားလဲ။ အောင်ချိုက ဘောလုံးကို ကန်လိုက်တာ ခုတင်အောက်ထဲ လိမ့်ဝင်သွား ... ။
သူ ခုတင်အောက်ကို ငုံ့ကြည့်သည်။ ထောင့်တစ်နေရာမှာ ပင့်ကူမျှင်တွေနဲ့ လုံးထွေးနေသော စာကြမ်းကို တွေ့သည်။ ခုတင်အောက်ကို တွားသွားဝင်ပြီး မေတ္တာရေကြည် တစ်ပေါက် ပက်ဖျမ်းပေးမှသာ ."
ထို စာကိုပင် သူ ပြန်ကူးပြီး ယူလာခဲ့ခြင်းဖြစ်၏။
ဆက်ရန်
.

ဆက်လက် စောင့်မျှော် ဖတ်ဖြစ်ပါတယ်ခင်ဗျာ ။ ကျေးဇူးပါ ။
ReplyDeleteThanks Sis.
ReplyDeleteRay
Thank you so much for noteworthy effort
ReplyDeleteThanks sis ..... :D
ReplyDelete