Wednesday, May 11, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၃)

အခန်း(၁၅)
အယ်လီ

နှစ်လယ်ကျောင်းပိတ်ရက်တွင် အယ်လီတို့ မိသာစု ဖလောရီဒါကို အပန်းဖြေခရီး ထွက်ကြမည်။
"နွေဦးပေါက်တာ နဲ့ တို့သွားကြမှာ၊ နင်လိုက်နိုင်ရင် သိပ်ပျော်စရာ ကောင်းမှာ လမ်းစရိတ် လောက်ပဲ ရှိမယ်၊ ဟိုတယ်ခ တော့ ပြည့်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အဖေနဲ့ အမေဆီက ချေးသွားလို့ ရပါတယ်"
အားနက်စ် က ပင်လယ်ကမ်းခြေနှင့် တောင်တန်းပင်တွေကို မျက်စိထဲမြင်ပြီး မျှော်လင့်တကြီး ပြန် ပြောသည်။
တကယ့် တကယ်တွင် ပိုက်ဆံသည် အဓိက ပြဿနာမဟုတ်ကြောင်း အားနက်ဂျုံး မကြာခင် သိလာ တော့၏။

မင်းမှာ ပိုက်ဆံရှိရှိ၊ အဲဒီကိစ္စ မင်းလုံးဝ မစဉ်းစားနဲ့၊ အဲဒီမှာ သွားပြီး "လူမည်းများသာ" လို့ ရေးထား တဲ့ သောက်ရေ တိုင် မှာ မင်း သောက်ချင်လို့လား၊ မင်းရှေ့မှာ ချာတိတ်လို့ ခေါ်ပြီး မင်းနောက်ကွယ် မှာ ငမည်းကောင် လို့ အခေါ်ခံချင်လို့လား"
အမေ လုပ်သူ ဟေဇယ်ဂျုံး သည် သားဖြစ်သူ၏ မသိနားမလည်မှုကို အံ့သြမဆုံး ဖြစ်နေသည်။
"မရဘူး၊ မချေးဘူး၊ တစ်ပြားမှ မချေးဘူး" ဟုလည်း အကျောက်အကန် ငြင်းသည်။

"ရပါတယ် မေမေ၊ ဒါဆိုလည်း ကျွန်တော် လမ်းပေါ်မှာ အိပ်မှာပေါ့၊ ဖလော်ရီဒါ ရာသီဥတာက နွေးတာပဲ" ဟု အားနက်စ် စောဒက တက်သည်။
"မင်းဖလောရီဒါကို မသွားရဘူး၊ နားလည်လား"
"ကျွန်တော့် မှာ လက်မှတ်ဖိုး ရှိတယ်လေ၊ ကျွန်တော့် ပိုက်ဆံ ကျွန်တော် ကြိုက်သလို သုံးခွင့်ရှိရ မှာပေါ့"
"အဲဒါဆို မင်း ငါ့ကို တစ်သက်လုံး အမေလို့ မခေါ်နဲ့နော်" ဟု ဟေဇယ်က အပြတ်ပယ်ချသည်။
အားနက်စ် က အမေ့ကို ချော့သည်။ တောင်းပန်သည်။ ခြိမ်းခြောက်သည်။ တစ်ခုမှ မအောင်မြင်။ အမေက ခေါင်းမာစွာ ငြင်းဆန်နေဆဲ။

"ငါက ဗူးဆို မရုံမသီဘူး၊ ဒီအကြောင်းနောက်ထပ် လုံးဝ မကြားချင်ဘူး၊ တစ်ခွန်းမှ မဟနဲ့"
အဖေ ၀ီလျံ ဂျုံး ကလည်း အမေ လုပ်သူနှင့် တစ်သဘောတည်း။
"မင်းမျက်လုံးထဲက တိမ်သလ္လာတွေကို ဖယ်ပစ်လိုက်စမ်း အားနက်စ်"
အဖေလုပ်သူ ကလည်း ဒေါသတကြီး တားသည်။ သားကလေး ပညာတတ်စေချင်လွန်း၍ ခြိုးခြိုးခြံခြံ  သုံးစွဲပြီး သည်ကျောင်း ကို ရွေးထားခဲ့ခြင်းမှာ မှားပြီးလားဟုလည်း သံသယ ၀င်နေ၏။
"အဲဒီမှာ လူဖြူမှ လူရာဝင်တာ၊ ကမ်းခြေတွေမှာရော စားသောက်ဆိုင်တွေမှာပါ၊ လူမည်း မ၀င်ရ၊ လူမည်း မလာရလို့ ရေးထားတာ" ဟု အဖေက မြောက်ပိုင်းတွင် မွေးဖွား ကြီးပြင်းလာသူ သားတော် မောင်ကို ရှင်းပြ နေသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း၏ ခြားနားမှုကို သင်း မကြားဖူးလေရော့ သလား။

"မင်းကို သူတို့လည်ပင် ကြိုးကွင်းတပ်ပြီး သတ်မယ်လို့ အဖေ ပြောနေတာ မဟုတ်ဘူး၊ ဒါ ပေမယ့် အဲဒီလို မလုပ်ဘူး လို့ ဘယ်သူမှ မပြောနိုင်ဘူး အားနက်စ်"
ပြောနေရင်း ၀ီလျံအားနက်စ် အာရုံတွင် တောင်ပိုင်း၏ ပုံရိပ်များ ထင်ဟပ်လာသည်။

"နေရာမှားဝင်မိလို့ မင်းကို ၀ိုင်းရိုက်ကြလိမ့်မယ်၊ သတ်မှတ်ထားတဲ့ အချိန်ကွဲလွဲပြီး တားမြစ်နယ်မြေ ကို ခြေချမိတာ နဲ့ မင်းကို အမဲဖျက်သလို ၀ိုင်းဖျတ်ကြလိမ့်မယ်၊  လူဖြူမိန်းကလေးတစ်ယောက်ကို ကြည့်မိတာနဲ့ ကလေးမ ရဲ့ အဖေ လူမည်းတစ်ယောက်ကို ထွက်ရိုက်ချင်ရိုက်လိမ့်မယ်၊ သတင်းစာ ထဲမှာ ပါနေကျ သတင်း တွေပဲ။ မင်း မဖတ်ဘူးလား၊ တောင်ပိုင်းမှာ တို့လူမည်းတွေဟာ အမြဲတမ်း ခံဘက်ကချည်းပဲ။ ရိုက်နှက်ရုံ မကဘူး၊ သတ်ပစ်တာတွေလည်း ရှိတယ်။ လူမည်းတစ်ယောက်ရဲ့ အသက်ကို ပုရွက်ဆိတ် တစ်ကောင် လောက် ပဲ သူတို့က တန်ဖိုးထားကြတာ"
အဖေနှင့် အမေ ၀ိုင်းပြီး နားချသဖြင့် ဖလော်ရီဒါ ခရီးကို အားနက်စ် လက်လျှော့လိုက်ရတော့၏။ စိတ်ဓာတ် ကျကျ ဖြင့် တိုက်ပွဲ မအောင်မြင်ကြောင်း အယ်လီကို ပြန်ပြောသည်။ သို့သော် အကြောင်းရင်းကို အားနက်စ် က ထုတ်မပြော အယ်လီက ဇွတ်မေးသည်။

"ကိုယ် သိပ်ငယ်သေးလို့၊ တစ်ယောက်တည်း မလွှတ်နိုင်ဘူးတဲ့"
အားနက်စ် ဘာကြောင့် ရအောင် မပြောနိုင်ရမှာလဲဟု အယ်လီ့စိတ်ထဲ မကျေမနပ် ဖြစ်နေသည်။ ငါ ချစ်သလို သူ ပြန်မချစ်လို့ နေမှာဟုလည်း တွေးနေ၏။ ဗြောင် ဖွင့်မေးတော့ အားနက်စ်က မဟုတ်ရ ပါကြောင်း ငြင်းသည်။

"ငါ လိုက်ချင်တာပေါ့ဟာ ငါ နင့်ကို ချစ်ပါတယ်။ လိုက်ချင်တာမှ တစ်ပိုင်းကို သေနေတာပဲ၊ အဖေနဲ့ အမေက သိပ် ခေါင်းမာ တာဟ၊ ခုထိ ငါ့ကို သူငယ်နှပ်စားကလေး အောက်မေ့နေတုံး"
အားနက်စ်ကို အပြစ်ဖို့နေရသော်လည်း မိမိကိုယ်တိုင် သူ့ကို လိမ်ပြောထားရသည်။ အယ်လီဘက် လည်း တိုက်ပွဲ မှာ ပြင်းထန်လေသည်။
မေမေ လူစီ၏ မျက်နှာလှလှကလေးသည် ဒေါသကြောင့် နီမြန်းလျက် ရှိသည်။

"လုံးဝ မဖြစ်နိုင်ဘူး သမီး၊ သမီးကို ထိခိုကိရုံမကဘူး၊ အားနက်စ်လည်း ခံရမှာ၊ သူက လူမည်းလေ၊ နယူးယောက် မှာ ဘာမှ ပြဿနာမဟုတ်ပေမယ့် ဖလော်ရီဒါက နယူးယောက် မဟုတ်ဘူး။ ဒီမှာ သမီးတို့ကို ရန်ရှာမယ့် သူ မရှိပေမယ့် တောင်ပိုင်းရောက်တာနဲ့ နီဂရိုးရော၊ လူမည်းကို ချစ်တဲ့ လူဖြူရော ..."
"အို မေမေ လုံးဝ ခွင့်မပြုနိုင်ဘူး"

အမေ့ နှုတ်မှ နီဂရိုး ဟူသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် မက်ဂရက်မိသားစုတွင် သည်စကားလုံး သုံးရ ပါမည်လား ဆိုပြီး အယ်လီ ဒေါသပုန်ထသည်။ အမေ လုပ်သူကို အသားရောင် ခွဲခြားရေး လူတန်းစား အဖြစ် ခေါင်းပါးသူအဖြစ် စွဲချက်တင်သည်။
မေမေ ဟာ ကေ သုံးလုံး မျက်နှာဖုံးစွပ်တွေနဲ့ ဘာထူးလဲ" ဟု လည်း မျက်ရည်တွေတွေကျပြီး စွပ်စွဲသည်။

သို့သော် လူစီမက်ဂရက်က သမီးလုပ်သူ၏ မျက်ရည်ကိုရော၊ ဒေါသကိုရော၊ စွဲချက်တွေကိုပါ ဂရုမစိုက်။ အားနက်စ်ဂျုံး ကို ဖလော်ရီဒါသို့ ခေါ်မလာရေးကိုပဲ ဦးတည်ပြီး အပြင်းအထန် ကန့်ကွက် သည်။
ဘရိန် မက်ဂရက် ကမူ မိမိ၏ ရပ်တည်ချက်နှင့် သမီးလုပ်သူ၏ ပုန်ကန်မှုကြားတွင် ညှပ်ပူးညှပ်ပိတ် မိနေသော် လည်း နောက်ဆုံး ဇနီးသည်၏ ဘက်မှ ရပ်တည်လေသည်။
"တောင်ပိုင်း မှာ အဖြူနဲ့ အမည်းတွေ တစ်ဦးကိုတစ်ဦး လိုက်သတ်နေကြတာ သမီးရဲ့ အဲဒါကြောင့် သမီး ကိုရော အားနက်စ်ကိုပါ ဖေဖေ အန္တရာယ်အဖြစ် မခံနိုင်ဘူးလေ"
"လုံးဝ မတရားဘူး၊  လုံးဝ မတရားဘူး" အယ်လီ မကျေမနပ် ပြန်ပြောလိုက်သည်။

"တစ်နေ့နေ့မှာ သမီးလိုချင်တဲ့ အခြေအနေကို ရောက်လာမှာပေါ့ သမီးရယ်"
"ဘယ်နေ့လဲ ဘယ်တော့လဲ"
"အဲဒါတော့ ဖေဖေ မပြောနိုင်ဘူး သမီး၊ ဘယ်သူမှလည်း မပြောနိုင်ဘူး"

"ဘာ အားနက်စ်ကို ဖလော်ရီဒါ ခေါ်မယ်၊ ဟုတ်လား၊ ညည်း ရူးနေလား အယ်လီ"
အစ်မလုပ်သူ မာဂရက်၏ ဝေဖန်သံ။

ဖလော်ရီဒါခရီးမှ အယ်လီ ပြန်ရောက်လာပြီး နောက်ပိုင်းတွင် နှစ်ယောက်သား၏ ဇာတ်လမ်းမှာ မူလအတိုင်း ပြန်လည် ရှင်သန်လျက် ရှိသည်။ အချစ်ရှိနေသည့်အတွက် အယ်လီအဖို့ အရာရာ ပြီးပြည့်စုံနေ၏။ ကိုယ့်ကိုယ် ကိုယ်လည်း တံမြက်စည်းတစ်ချောင်းဟု မထင်တော့ ရင်သားနှင့် တင်ပါးတို့ စံချိန် မပြည့်သည့် ကိစ္စ ကိုလည်း ဂရုမထားမိတော့။
အောက်မေ့ဖွယ်နေ့ ကျောင်းပိတ်ရက်တွင် အယ်လီက အားနက်စ်ကို အလေးအနက် စကားဆိုသည်။

"နင်နဲ့ ငါနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်နေရင် ပြီးတာပဲနော်၊ ကျန်တာတွေ မလိုပါဘူး"
အားနက်စ် ဘာမှ ပြန်မပြော။

"နင် ဘာငိုင်နေတာလဲ"
ခါတိုင်းဆိုလျှင် ချစ်တုံ့လှယ်တိုင်း အာဝဇ္ဇန်း ကြွယ်ဝသူ"
"ဘာရယ်လို့ မဟုတ်ပါဘူးဟာ"
အားနက်စ် စဉ်းစားနေသည့် ကိစ္စမှာ တခြား မဟုတ်။ အယ်လီ စဉ်းစားပုံတွေ လက်တွေ့မကျခြင်း အကြောင်း ဖြစ်သည်။ စင်စစ် အသားအရောင် ကွဲပြားခြားနားနေခြင်းအတွက် ကမ္ဘာသိ ပြဿနာ ဖြစ်နေသည့် နေရာမှာ ဖလော်ရီဒါတစ်နေရာတည်း မဟုတ်။

နှစ်ယောက်သားအချစ်သည်းပြီး အားနက်စ်၏ အခန်းထဲမှထွက်၍ အပြင်သို့ ရောက်လာသည်နှင့် အတူသွား အတူ လာလို့ မရသည့်နေရာတွေက လက်ညှိုးထိုးလို့ မလွဲ ဖြစ်နေ၏။
လက်ချင်းချိတ်ပြီး သွားရဲဖို့ ဝေးစွ၊ စားသောက်ဆိုင်တစ်ဆိုင်ထဲ အတူဝင်သွားရင်ပဲ လူတွေက မျက်လုံး ကျွတ်ကျ မတတ် ၀ိုင်းကြည့်ကြ၏။  ရုပ်ရှင်ရုံသွားလည်း အတူတူ၊ ပန်းခြံသွားလည်း ထိုနည်း၎င်း၊ ကျောင်းသူ ကျောင်းသား တွေက သူတို့ နှစ်ယောက်ကို ဆေးဖော်ကြောဖက် မလုပ်ကြ တော့။

ဤသိုဖြင့် သူတို့နှစ်ယောက်သည် ပတ်ဝန်းကျင်၏ အပယ်ခံများ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။  အားနက်စ် က သူ့ကို ထားခဲ့ပြီး တစ်ယောက်ယောက်နဲ့ တွဲဖို့ အယ်လီ့ကို ဖွင့်ပြောသည်။  ထိုစဉ်က အယ်လီ သိပ် အလေးအနက် မထားခဲ့။
နွေရာသီတွင် အဖေနှင့်အမေ ခေါ်ရာ ဆက်ဟာဘာကို အားနက်စ် လိုက်သွားမည်ဆိုကာမှ လှုပ် လှုပ်ရှားရှား ဖြစ်သွားခြင်း ဖြစ်သည်။
"ဟင် နယူးယောက် မှာပဲ တို့အတူနေကြဖို့ စီစဉ်ထားပြီးသားပဲ"

နှစ်ယောက်သား တစ်ဆောင်လုံး စိတ်ကူးယဉ်ထားခဲ့ကြသည်ကို တွေးပြီး အယ်လီက ရည်ညွန်း ပြောလိုက်ဖြစ်သည်။  အယ်လီသည် သူ့နားကို သူမယုံနိုင်အောင် ဖြစ်သွား၏။  အားလုံး စီစဉ်ထား ပြီးသား မဟုတ်လား။
သူ့အဖေ အလုပ်လုပ်သည့် ဆိုင်တွင် အားနက်စ် အလုပ်ဝင်မည်။  အယ်လီက အဖေနှင့် အမေတို့ ဥရောပ ခရီးစဉ်ကို မလိုက်ဘဲ စာအုပ်ဆိုင်တစ်ဆိုင်တွင် ဝင်လုပ်ဖို့ လူကြီးတွေကို နားချမည်။  နှစ် ယောက်သား ဘယ်လောက်ပျော်စရာ ကောင်းလိုက်မည်လဲ။

"တို့ တစ်ချိန်လုံး စိတ်ကူးယဉ်ခဲ့တဲ့ လောကကလေးကို နင် မေ့သွားပြီလား။ အားနက်စ် ပန်းခြံတွေ မှာ လျှောက် လည်မယ်၊ ကော်ဖီဆိုင်တွေမှာ ထိုင်မယ်။ ကပွဲရှိတဲ့ နေရာတွေ သွားကြမယ်။ တို့အား လုံး သဘောတူပြီး သားလေ"
မျက်ရည် တွေ လည်နေသော အယ်လီ၏ မျက်လုံးများနှင့် ရင်မဆိုင်ဘဲ အားနက်စ်ဖြေသည်။

"ငါ စိတ်ပြောင်းသွားပြီ အယ်လီ"
နောက် နှစ်ရက်အကြာတွင် အယ်လီ သတင်းကြားသည်။ အားနက်စ်နောက် ကောင်မလေးတစ် ယောက်နှင့် တွဲ နေပြီတဲ့။  ဆက်ဟာဘာတွင် အိမ်ရှိသည့် မဟူရာမကလေးတဲ့။  အယ်လီအဖို့ ယောက်ျားတစ်ယေက်၏ ပထမဆုံး စွန့်ပယ်ခြင်းခံရခြင်း။ သို့သော် နောက်ဆုံးအကြိမ်ကား မဟုတ် ခဲ့ပါချေ။

ဆက်ရန်
.

1 comment:

  1. ဖတ်ရင်းနဲ့မောရပါတယ်မမရေ..ဇတ်လမ်းကောင်းလေးတွေမို့စောင့်မျှော်အားပေးလျှက်..
    ကောင်းသောနေ့လေးဖြစ်ပါစေမမ။

    ReplyDelete

thank you to say so