သူ့မိဘတွေကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်သွားသော ဦးအေးထွန်းတို့ လူစု၊ သူ့ကို တောရိုင်း တိရစ္ဆာန် လို သဘောထားကာ လူသတ်ရာတွင် အသုံဲးပုသည့် ဦးအေးထွန်းတို့ လူစု၊ ထိုလူယုတ်မာတွေကို ခင်မောင်အေး လက်စားချေလိုခဲ့သည်။ သို့သော် ဦးလေးဖြစ်သူ ဦးကြင်ဖေကို ငဲ့ရသည့်အတွက် လက်စား မချေ ခဲ့ရဘဲ သည်းခံနေခဲ့ရသည်။
ယခုဦးလေးဖြစ်သူ ဦးကြင်ဖေ သေဆုံးသွားခဲ့ပြီ ခင်မောင်အေးအနေဖြင့် လက်စားချေလိုလျှင် ချေဟု ပြောနိုင် သော်လဲ ခင်မောင်အေး လက်စားချေ၍ မဖြစ်နိုင်တော့ချေ။
သူ့မိဘတွေကို သတ်သလို သူပြန်သတ်လျှင် ဤနေရာသည် တောထဲတောင်ထဲမှာလို လုပ်ချင်ရာ လုပ်၍ မဖြစ် တရားဥပဒေက ရှိနေသည်၊ တဖန် တရားဥပဒေအတိုင်း ဥပဒေဘောင်ထဲက လက်စားချေမည် ဆိုလျှင် လဲ သူ့မိဘတွေကို ဦးအေးထွန်းသတ်သြွးပါသည်ဟု ဆိုရအောင် သတ်သေပြစရာ မရှိချေ။
တောထဲတောင်ထဲမှာ လုပ်ချင်ရာလုပ်သွားပြီး တရားဥပဒေဘောင်ထဲမှာ ထင်ထင်ရှားရှား အပြစ်မရှိဘဲ လူကြီး လူကောင်း လို နေထိုင်သူကို ကြီးလေးသော ပြစ်မကြီး စွပ်စွဲရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ၊ ထိုကြောင့် ခင်မောင်အေးသည် မမြင်လျှင် သံယောဇဉ်ပြတ်သည်ဟူသော စကားအတိုင်း ဦးအေးထွန်း တို့ကို မြင်တွေ့ရန် မကျိုးစားတော့ဘဲ ကံကြမ္မာစီရင်သမျှပင် စေတနာက အကျိုးပေးလိမ့်မည်ဟူသော တရားသဘော ကို နှလုံးသွင်းကာ ဖြေဖျောက်နေထိုင်ခဲ့သည်။
မြင်တွေ့လျှင် စိတ်ကို ထိမ်းနိုင်မည်မဟုတ်၊ မထိမ်းနိုင်လျှင် ကိုယ်သာနစ်နာမည်ကို တွေးမိသော ခင်မောင်အေး က အေးအေးပင်နေထိုင်လာခဲ့တော့သည်။
ထိုကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ သနားသည်ဆိုခြင်းမှာ သနားထိုက်အောင် ဖြစ်နေသည့် ခင်မောင်အေး ဘ၀ပင်။
ကိုထွန်းအံ့နှင့် ကိုဘသော်တို့ ပြောသည့် စကားနှင့်ပင် ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့သည် ပန်းချီဆ၇ာ ဦးမောင်မောင် အမည်ခံထားသော ခင်မောင်အေးကို မမြင်ဘူးမီကပင် ကြင်နာစိတ်ပွားနေကြသည်။
ညာမေတင်၏မွေးနေ့ ရောက်ရန်မှာ သုံးလလောက်သာ လိုတော့သည်၊ ထိုကြောင့် ထိုသုံးလအတွင်းမှာ ညာမေတင် ဆန္ဒရှိသည့် ပန်းချီကားကြီး ပြီးစီးစေရန် ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့က ကြိုးစား ကြရမည် ဖြစ်သည်၊ သို့မှသာလျှင် ကျော်ကျော်က ညာမေတင်၏ မွေးနေ့လက်ဆောင်အဖြစ် ညာမေတင် စိတ်ဆန္ဒ ပြည့်ဝစေမည့် ပစ္စည်းကို လက်ဆောင်ပေးနိုင်ကာ နှစ်ဦးရင်းနှီးခွင့်ရမည်ဖြစ်သည်။
ကိုမြင့်ညိုသည် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ကို ခေါ်ကာ ပန်းချီဆရာရှိရာသို့ ရောက်လာခဲ့ကြသည်။
ခင်မောင်အေး၏ ရိုးသားပွင့်လင်းသည့်မျက်နှာ၊ ယောကျာ်းပီသ ချောမောခန့်ငြားသည့်ရုပ်ရည်၊ ပြောဆို ဆက်ဆံပုံ သိမ်မွေ့ ယဉ်ကျေးမှုစသည်တို့ကို ကိုယ်တွေ့မျက်မြင်ဖြစ်သောအခါ ကိုမြင့်ညိုသည် ခင်မောင်အေး ကို ခင်မင်စိတ်ပေါ်လာသည်။
'ကျွန်တော်လိုချင်တဲ့ ပန်းချီကားပု့ကို ဟောဒီ ကျွန်တော့်လူနှစ်ယေက်က ပြောခဲ့ကြပြီး ပါပြီနော်'
ကိုမြင့်ညို ပြောသောအခါ ခင်မောင်အေးက နှစ်လိုဘွယ်ကောင်းသော အပြုံး၊ ကြည်လင်သည့် အသံဖြင့် ပြန် ပြောသည်။
'ဟုတ်ကဲ့အကို၊ လူဝံမောင်နှံပုံလိုက် ပြောပါတယ်၊ လူဝံမောင်နှံရဲ့ ဟန်က အေးအေး ဆေးဆေး နေတဲ့ ဟန်လား၊ ရန်သူကိုတွေ့လို့ မာန်ဖီနေတဲ့ဟန်လား၊ ပုံအကြီးအသေး ဘယ်အရွယ်ဆိုတာ အမိန့်ရှိပါအကို'
ခင်မောင်အေး၏ ပြောဟန်ဆိုဟန်မှာ မာနသံကင်းသည်၊ ထိုကြောင့်ပင် ကိုမြင့်ညိုစိတ်ထဲမှာ ပိုပြီး ခင်မင်မှု ဖြစ်သွားသည်။
'မာန်ဖီတဲ့ပုံမျိုးတော့မဟုတ်ဘူးလေ၊ သူတို့သဘာဝတော တောင်ထဲမှာ အလိုက်ဘာသာ နေထိုင်တတ်တဲ့ ဟန်မျိုးပေါ့ အရွယ်ကတော့....'
ကိုမြင့်ညိုကသူ့အိမ်မှာ သူ့မိဘတွေ ဓာတ်ပုံကို အကြီးချဲ့ထားသည့်အရွယ်ကို ပြန်တွေးလိုက်သည်။
မိခင်နှင့် ဘခင်ဓာတ်ပုံ သည် အလျားသုံးပေ အနံနှစ်ပေခွဲရှိသည်၊ ထိုအရွယ်အစားအတိုင်း ဆွဲပေးမှ ညာမေတင် စိတ်တိုင်းကျပေမည်ဟု တွေးလိုက်သည် ထိုကြောင့်....
'အလျားသုံးပေ အနံနှစ်ပေခွဲအရွယ်ပေါ့ ညီလေးရယ်၊ အိုသည်းခံပါဆရာ၊ ကျွန်တော့်စိတ်ထဲမှာ ညီအကို လို မေတ္တာစိတ်ပေါ်သွားမိတာနဲ့ လွှတ်ခနဲ ခေါ်လိုက်မိတာပါ'
ကိုမြင့်ညို က ညီလေးဟု ခေါ်လိုက်မိသည့်အတွက် တောင်းပန်လိုက်သည်။
'ခေါ်ပါအကို ကျွန်တော်စိတ်မဆိုးပါဘူး၊ ကျွန်တော်က မိဘဆွေမျိုးမရှိတဲ့ အထီးကျန်
"ခေါ်ပါ အကို စိတ်မဆိုးပါဘူး၊ ကျွန်တော်က မိဘဆွေမျိုးမရှိတဲ့ အထီးကျန်ဆိုတော့ အခုလို အကိုက ညီလေး လို့ ခေါ်လိုက်တာ သိပ်ဝမ်းသာပါတယ်"
ခင်မောင်အေးက လှိုက်လှဲသော အသံဖြင့် ပြန်ပြောလိုက်သည်။
ကိုမြင့်ညိုသည် ခင်မောင်အေးကို တကယ်ပင် စိတ်ထဲက ခင်မင်ကြင်နာခြင်းဖြင့်-
"ပန်းချီကားကြီးပြီးစီးမှ ညီလေးကို အိမ်ခေါ်ရအုံးမယ်၊ အကိုတို့ကလဲ ခင်တတ်ပါတယ် ညီလေးရယ်"
ဟု ကြင်နာစွာ ပြောလိုက်သည်။
ကိုမြင့်ညိုတို့ ပြန်သွားကြသောအခါ ခင်မောင်အေးသည် ကိုမြင့်ညို အပ်သွားသည့် ပန်းချီကားကို စတင် အကောင်အထည် ဖော်လေသည်။ ခင်မောင်အေး အနေဖြင့် နေရေးစားရေးမှာ ပူစရာမလိုအောင်ပင် သူ့ မိဘတွေ ရှာဖွေထားခဲ့သည့် ရွှေတွေက ရှိနေသည်။ သို့သော် ခင်မောင်အေးသည် သိုသိပ်စွာနေထိုင်ခါ ပန်းချီ ပညာဖြင့် အသက်မွေးဝမ်းကျောင်းနေသည့် လူတယောက်လို ပန်းချီကားလာအပ်သည်ကို လက်ခံ ရေးဆွဲ နေခဲ့သည်။ ယခု လူဝံမောင်နှံပုံကို စတင်ကိုင်သည့်အချိန်မှစပြီး အလျှင်စလို လုပ်ပေးရ မည့် အလုပ် ကို လက်မခံ တော့ချေ။
လူဝံမောင်နှံပုံကို အာရုံစိုက်ရေးဆွဲတော့မည် ဖြစ်သည်။
ပုံကို ဆွဲတော့မည်ဟု စတင်ကိုင်လိုက်လျှင်ပင် ခင်မောင်အေးမျက်လုံးထဲမှာ ညာမေတင်၏ကျေးဇူးရှင် လူဝံ မောင်နှံ ပုံသည် ထင်ရှားပြတ်သားစွာ ပေါ်လာသည်။
အခြားသော ပန်းချီဆရာတွေသည် မည်မျှပင် လက်ရာမြောက်ပါသည်ဆိုစေကာမူ တောတောင်ထဲမှာ သဘာဝ ကျကျနေပြီး တောကောင်တွေကို ရင်းနှီးနီးကပ်စွာ တွေ့မြင်လာခဲ့သော ခင်မောင်အေး၏ အတွေ့အကြုံ မျိုးရှိမည် မဟုတ်ချေ။
ခင်မောင်အေးသည် လူဝံကြီးမောင်နှံပုံကိုဆွဲရာမှာ ညာမေတင်၏ကျေးဇူးရှင်လူဝံကြီးမောင်နှံ၏ ရုပ်ရည် ကို စိတ်ထဲ မှာ မှတ်မိနေသည့်အလျောက် ထိုရုပ်ရည် အတိုင်းဆွဲချလိုက်သည်။ လူဝံပုံ မည်ခါ မဟုတ် တော့ဘဲ တကယ့် လူဝံ ကို ဓာတ်ပုံရိုက်ထားသည့်အတိုင်း ဖြစ်နေသည်။
လူဝံကြီးမောင်နှံသည် သူတို့စိတ်ထဲမှာ ခံစားနေရချက်ကို မျက်နှာမှာပေါ်လွင်အောင် ဖော်ပြနေကြ သည်။ ဘခင်လူဝံ မိခင်လူဝံမကြီးတို့သည် အစာရှာရာက ပြန်လာသည့်အခါ ညာမေတင်ပုန်းနေ၍ ရုတ် တရက် မတွေ့ လျှင် မိခင်လူဝံမကြီးက ကြေကွဲပူပန်စွာ အော်ဟစ်သည်၊ ဘခင်လူဝံကြီးက ညာမေတင် ကို တွေ့ နိုးနိုးဖြင့် ငေးမျှော်မှိုင်တွေနေသည်။
ထိုအမူအရာကို တိတ်တခိုး ချောင်းကြည့်နေခဲ့သော ခင်မောင်အေးက ကောင်းစွာမှတ်မိနေခဲ့သည်။ ထို့ ကြောင့် ယခု လူဝံမောင်နှံပုံဆွဲသောအခါ အစာရှာရာက ပြန်အလာတွင် ညာမေတင်ကို မတွေ့၍ မိခင် လူဝံမကြီး ၏ကြေကွဲပူဆွေးစွာ အော်ဟစ်နေသည့်မျက်နှာ၊ ဘခင် လူဝံကြီး၏ စိတ်ပူစွာငေးမှိုင်နေသည့် မျက်နှာ တွေကို အသက်ဝင်စွာ ရေးဆွဲထားသည်။
စိတ်တိုင်းကျ ဆေးရောင်သွင်းသည်။ အနုစိပ် ချယ်မှုံးသည်။ လိုလေသေးမရှိအောင် တစိမ့်စိမ့်ကြည့်၍ စိတ်တိုင်းကျ ရေးဆွဲထားသည့်ပုံဖြစ်ရာ ပန်းချီကားပြီး၍ အပ်နှံရန် ချိန်းထားသည့်နေ့တွင် ရောက်လာ သော ကိုမြင့်ညို နှင့် ကိုထွန်းအံ့ ကိုဘသော်တို့ပင် ပန်းချီကားကို ကြည့်ပြီး လက်ဖျားခါမိကြသည်။
"ဒီ လူဝံမောင်နှံ က သာမာန်သဏ္ဍန်မျိုးမဟုတ်ဘူး၊ သူတို့ မျက်နှာထားက အဓိပ္ပာယ်ရှိနေတယ်"
ကိုမြင့်ညို က ပြောသောအခါ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က ဟုတ်ကြောင်း ထောက်ခံကြသည်။ ထိုအ ခါ ခင်မောင်အေး က ပြောလိုက်သည်။
"သူတို့ ရင်သွေး ခလေးငယ် ပျောက်ကွယ်သွားတဲ့အခါ မိခင်စိတ် ဘခင်စိတ်နဲ့ ပူပန်စိုးရိမ်ဟန် အော် ဟစ် ခေါ်ဟန် ကျွန်တော် ဆွဲထားပါတယ် အစ်ကို၊ သဘောမကျရင် ဒီဟန်မူရာမျိုး မဟုတ်တဲ့ ရိုးရိုးပုံမျိုး ကို ဆွဲပေး ပါ့မယ်"
ခင်မောင်အေးက ပြောသောအခါ ကိုမြင့်ညိုသည် သူကိုယ်တိုင်အလွန်သဘောတွေ့နေသည့် ဤပုံကို ပြန်ပြင် လိုသော ဆန္ဒမရှိတော့ချေ။
"မပြင်နဲ့တော့ ညီလေး၊ အစ်ကို သိပ်သဘောကျတယ်"
ကိုမြင့်ညိုက ပြောပြီး မူလသဘောတူထားသည့် လက်ခကို ပေးသည်။ ခင်မောင်အေးသည် ငွေကို လက်ခံ ယူလိုစိတ်မရှိသည်က အမှန်ဖြစ်သည်။ ညာမေတင်ကို လွမ်းဆွတ်သည့်စိတ်က ထပ်လောင်းသဖြင့် လူဝံ မောင်နှံ ပုံကို ရေးဆွဲရာမှာ ယခုလို အသက်ဝင်သွားသည်ကို သူကိုယ်တိုင် သိသည်။ အသက် တမျှ ချစ်သူ နှင့် စပ်ဆိုင်နေသည့်ပုံဖြစ်သောကြောင့် အခကြေးငွေကို လက်ခံယူလိုစိတ်မရှိခြင်း ဖြစ် သည်။ သို့သော် ယခုမှ တွေ့မြင်သိကျွမ်းရသူက ပန်းချီဆွဲခ မယူပါဘူးဆိုလျှင် သူ့အပေါ်မှာ တစုံတခု သော သံသယမျိုး ၀င်သွား လေမည်လားဟု တွေးကာ ပန်းချီဆွဲခကို ယူလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် ညီလေးရယ်၊ အစ်ကိုတို့အိမ်ကို လာလည်အုံးနော်၊ အဆင်ပြေရင် အစ်ကိုတို့ ဘခင်ကြီး ပုံ ကို ဆွဲမယ် စိတ်ကူးထားတယ်၊ လာနိုင်ရန် လာခဲ့နော် ညီလေး"
ကိုမြင့်ညို က ချစ်ခင်စွာပြောပြီး သူနေထိုင်သည့် အိမ်လိပ်စာ ရိုက်နှိပ်ထားသည့် ကပ်ပြားလေးကို ပေး ထား ခဲ့သည်။
ပန်းချီကားကြီးကိုယူပြီး ကိုမြင့်ညို အိမ်ပြန်ရောက်လာသောအခါ အိမ်ရှေ့ဧည့်ခန်းတွင် ဘခင်ဦးအုန်းဖေ စောင့်မျှော် နေသည်ကို တွေ့ရသည်။ ထိုအချိန်မှာ ညာမေတင်သည် အိမ်ပေါ်ထပ် ဘုရားဆောင်ကို သန့်ရှင်းရေး လုပ်နေသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူ ပြန်လာသည်ကို သိသော်လဲ သူနှင့်ပတ်သက် သည့် ကိစ္စမရှိသည့်အတွက် အောက်ထပ်သို့မဆင်းဘဲ သန့်ရှင်းရေးကို လုပ်မြဲတိုင်း လုပ်နေသည်။
"ဘယ်လိုလဲ သား စိတ်တိုင်းကျဖြစ်ရဲ့လား"
ဦးအုန်းဖေက ဆီးမေးသည်။ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ နှစ်ယောက် က ပန်းချီကားကြီးကို ယူသွင်း လာပြီး ကိုမြင့်ညို ညွှန်ကြားသည့်အတိုင်း စာဘတ်ခန်းထဲသို့ယူသွားကြသည်။
ဆက်ရန်
.
No comments:
Post a Comment
thank you to say so