Thursday, December 3, 2009

အဖေလား တစ္ဆေလား အခန်း (၃)

အခန်း ၃.၁

အကို..အဖွားအိမ်သွားမလို့တဲ့.. ကျနော် လိုက်ချင်လိုက်တာ..၊ အဖေ ဘာဘဲဖြစ်ဖြစ်လေ..၊ ကျနော် တွေ့ချင်တယ်..၊ အဖေ က ကျနော့် အဖေဘဲ..၊ ကျနော် ဘာလို့ ကြောက်ရမှာ လည်း..၊ ဒါပေမဲ့ အမေ က ကျနော် ကို ကျန်းမာရေးမကောင်းဘူးတဲ့၊ မလိုက်ရဘူးတဲ့..၊ အဖွား အိမ်သွားတိုင်း ကျနော်မလိုက်ရဘူး။ အဖွား နဲ့ မတွေ့ရတာတောင် ကြာသွားပြီ..။

ဟို တနေ့ကတော့  အမေ ဈေးက ပြန်မလာခင် အကို နဲ့ အဖွားအိမ်ကို သွားမယ်ဆိုပြီး အကို ကိုအတင်းခေါ်တယ်၊ အကို ကမလိုက်ချင်ဘူး၊ ကျနော် အတင်းပူစာတာနဲ့ အကို လိုက်လာတယ်။ အဖွား အိမ်ရောက်တော့ အဖွားက ကျနော့် ကိုကြည့်ပြီး ငိုတယ်..၊ ငါ့မြေးလေး ပိန်လိုက်တာတဲ့..၊ မင်း အမေ ကလည်း ..အင်း..ခက်ပါတယ် တဲ့။

ကျနော် အဖွားပြောတာတွေ ဂရုမစိုက်နိုင်ဘူး၊ အကို ကိုဘဲ မျက်တောင်မခတ် စိုက်ကြည့်နေတယ်..၊ အကို ဘာထူးလည်း၊ အဖေ.. အဖေ အခုထိ ဘာလို့ မလာသေးတာလည်း၊ အခါတိုင်း အကို  လာရင် အဖေ လာတယ်ဆို၊ အကို က အဖေ ဖြစ်သွားတယ်ဆို..၊ အဖေ.. လာပါတော့..၊ အဖေ လာရင်... ကျနော် ပြောမယ်...၊ အဖေ့ကို သားဘယ်လောက်ထိ လွမ်းနေလည်းဆိုတာပြောမယ်..။

အဖေ ဘာလို့ ဒီလို လုပ်ရတာလည်း ဆိုတာမေးမယ်..၊  အဖေ ပြန်လာဘို့လည်း ပြောမယ်..၊..အမေ နောက်ယောက်ကျား ရတော့ ဘာဖြစ်လည်း..၊ သား တို့၂ယောက်ရယ်၊ အဖေ ရယ်၊ အဖွားရယ်..ပြန်နေကြမယ်လေ..၊ အဖေ..လာတော့ဗျာ..၊ အကို...အကို က အကို ဖြစ်နေသေးလား.. အကို..အကိုလား၊ ...အဖေ လား... အဖေ ရောက်ပြီလား..၊ အဖေ..ရေ..။

အခန်း ၃.၂

အဲဒီနေ့က အဖေ့ ကို.ကျနော် တို့ စောင့်နေကြတယ်...၊  ဒါပေမဲ့ အကို ကတော့ မလာတော့ လည်း ကောင်းတာပေါ့ကွာ တဲ့..၊ ကျနော့် အိမ်မက် တွေကိုလည်း အဖေကိုပြောချင်တယ် ၊ ကျနော်က အဖေ လာရင်ပြောဘို့ စဉ်းစားထားတာတွေ အများကြီးဘဲ..၊ အဖေ ဘာလို့ မလာသေးတာလည်း...။

 အဒေါ်ငယ်ကတော့ အဖွားအိမ်ကူးလာပြီး..၊ အခါတိုင်း နင့် အဖေက လာနေကြတဲ့..၊ လာရင်လည်း နင့်အမေကို ဘဲ ဆိုပြောနေတာ..၊ နင့်  တို့ ညီအကို ကိုလည်း စိတ်မချဘူးထင်တယ်တဲ့..၊ ငါတို့ ဘုန်းကြီး ဆွမ်းကျွေးပြီး အမျှအတန်းဝေတာ ၂ကြိမ်ရှိပြီ..၊ နင့် အဖေက မကျွတ်လွတ် နိုင်ဘူးတဲ့..၊ အဖွားက ဝင်ငေါက်တယ်.၊ ကလေးကို ဘာတွေပြောနေတာလည်းတဲ့..။

အခါတိုင်း အကို က အဖေ ဖြစ်ပြီး ပြောချင်ရာတွေ ပြောသွားတယ်တဲ့...၊ ငိုလည်းငိုတယ်တဲ့..၊ အကို ကတော့ အဲဒီလိုကြီး ဖြစ်ပြီးရင် မောလွန်းလို့ တဲ့..၊ မဖြစ်ချင်ဘူးတဲ့..၊ ကျနော် လည်း အကို အဲဒီလိုတွေ လျှောက်ပြောနေတာ မကြိုက်ဘူး...၊ ဒါပေမဲ့...အဖေနဲ့ တော့ တွေ့ချင်တယ်..၊ အရင် တုံးကလို အဖေ အစစ်အဖြစ်နဲ့လေ..။

အဖေ က သေသွားပြီဘဲ...၊ ကျနော် သိတယ်..၊ သေပြီးသားလူက ဘယ်တုန်းက ပြန်လာဘူး လို့လည်း..၊ ဒါပေမဲ့ အဖေ ရယ်.. တခါတလေ အဖေများ တကယ်ဘဲ ပြန်လာမလားလို့..၊ ကျနော် မငယ် တော့ပါဘူး အဖွားရယ် ကျနော်သိပါတယ်၊ သေ တဲ့သူ ဆိုတာ ဘယ်တော့မှ ပြန်မလာ နိုင်ဘူး..။

ဒါပေမဲ့ အကို ကဘာလို့လျှောက်ပြောနေတာလည်း..၊ အဖေ က အကို ကို ဝင်ပူးပြီးပြောတာတဲ့..၊ အဲဒါဆိုရင်.. အကိုက  အဖေ ပေါ့..၊ ...မဟုတ်ဘူးတဲ့.. အမေ ပြောတယ်.. အဲဒါ နင့် အဖေ မဟုတ်တော့ဘူးတဲ့..၊ အဲဒါ..အဲဒါ..တစ္ဆေဖြစ်သွားပြီတဲ့...ဟုတ်လား..အဖေ..။

ဒါပေမဲ့ အဖေ မဟုတ်လည်း တစ္ဆေကို ကျနော် တွေ့ချင်တယ်..၊ အကို...အကိုရေ..အကိုဘဲလားဟင်..၊ အဖေ မဖြစ်သေးဘူးလား..။..အဖေ မြန်မြန်လာပါတော့..။

အခန်း ၃.၃

အဖေ ကို စောင့်နေရင်း ကျနော် ငိုမိတယ်..၊ အဖေ နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ နေ့ကို ပြန်စဉ်းစားတယ်..၊ အဲဒီနေ့က ကျနော့် ကို ကျောင်းကပြန်ခေါ်လာပြီး...၊  အိမ်ပြန်ရောက်တော့.. အဖေ မရှိတော့ဘူး...။
အဖေ သေသွားပြီတဲ့..အဖေ ကသူ ကိုယ် သူ သတ်သေသွားတာတဲ့....အမလေးဗျ......အဖေရေ..အဖေ..။

အမေ လည်း အဖေ သေပြီး သိပ်တောင် မကြာဘူး နောက်ယောက်ကျားယူသွားတယ်၊ အဖွား ကရှက်လို့တဲ့ တခြားပြောင်းနေလို့ပြောလို့ ကျနော် တို့ ပြောင်းခဲ့ ကြတယ်။ အဖွားက အသက်ကြီးပြီ ငါဘာသာငါ အေးအေးဘဲနေချင်တော့တယ်တဲ့၊ နင့် အမေ ယူသမျှ ယောက်ကျား နောက်လိုက်ပြီး ချက်လည်း မကျွေးနိုင်ဘူး၊ သူ မွေးသမျှလည်း လိုက်မထိမ်းနိုင်ဘူးတဲ့၊ ငါ့မြေးလေးနှစ် ယောက်ကိုတော့ ချစ်ပါတယ် တဲ့။

အဖွားက တယောက်ထဲ အိမ်မှာ ကျန်နေတာ၊ ဘေးအိမ်မှာ တော့ အဒေါ်ငယ် အိမ် ရှိတာပေါ့၊ နောက်ပြီး အဒေါ်တို့က အဖွား ကို မကြောက်ဘူးလားတဲ့၊ အဖေ..အဖေ အဲဒီလို ဖြစ်သွားတော့လေ အဖွား ဘဲအိမ်မှာရှိတာ၊ အဖွားက အပေါ်ထပ်မှာ အိပ်နေတာတဲ့၊ နေသိပ်မကောင်းလို့ဆိုပြီး အပေါ် တက်သွားတာ၊ အဖေ က အဲဒီနေ့က အဖွားကိုလည်း စကားကောင်းကောင်း မပြောဘူး တဲ့၊ အဖွား ပြောမှ အင်း အဲ လုပ်တာ တဲ့၊ ဒါနဲ့ အဖွားလည်း အပေါ် တက်သွားတာ လို့ပြောတယ်။

နောက် အဖွားမှေးကနဲရှိတုန်း အောက်ထပ်က အသံတမျိုးကြားလိုက်လို့ အဖွားလည်း ပြေးဆင်း လာတော့..၊ အဖေက ဧည့်ခန်းထဲမှာ ကြိုးတန်းလန်းကြီး နဲ့ တဲ့၊ အဖွားကုန်းအော်တော့ မှ အိမ်နီးနားခြင်းတွေ ရောက်လာပြီး အဖေ့ ကို ကြိုးတွေဖြုတ်ပေးတော့ အဖေ...အဖေ အသက်မရှိတော့ ဘူးတဲ့...အား.. အမယ်လေး..အဖေ..အဖေ။

အခန်း (၄) ရှိသေးတယ်

No comments:

Post a Comment

thank you to say so