Friday, January 6, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၄)

ချစ်သူ့လိပ်ပြာ
ဒုတိယပိုင်း
1939- ဒီဇင်ဘာလတွင်ရေးသည်

မှိုင်းညိုစိုပြေ၍၊ ရေတံခွန်တွေတဝေါဝေါကျဆင်းသော တောတောင်ကြီးအလယ်၊ မကျဉ်းမကျယ်လျှို မြှောင်ကြီး တခု၌ အမြီးကော့ပိတ်၊ ရှမ်းလှည်းကလေးကလေးမှာ တအီအီမောင်းနှင်လာလေ၏။ လှည်းသမား ရှမ်းကြီးမှာ ဆေးတံ ကိုခဲလျက်၊ အရစ်ရစ်အလိပ်လိပ်ရှံ့တွသော မျက်ပျဉ်းများဖြင့် ဖုံးလွမ်း လျက်ရှိသော မျက်မှေးကလေးကို၊ ကြိုးကြိုးစားစားဖြဲကာ၊ လှည်းလမ်းကိုကြည့်ပြီး၊ ပျင်းပျင်း ရိရိကြီး ဆွဲနေသော နွားများကို၊ တပြာတို့ရင်း မောင်းနှင်လာလေ၏။

လှည်းပေါ်တွင်ပါသူကား၊ လောင်းကွက်အင်္ကျီရှည်ကြီးကို ၀တ်ဆင်ထားသော အသက်၄၀ကျော် အင်္ဂလိပ် ကပြား ကတော် မပေါကြီးဖြစ်လေ၏။ မပေါကြီးမှာမူ တောင်ကြားဖေါ့ယားရွာရှိ မိမိကိုးကွယ် အားထားသော ဆရာကောင်းတဆူဖြစ်သော အောက်လမ်းရှမ်းဆရာကြီး ဘိုးနန်းထီးထံသို့ အလျင်အမြန် ရောက်လိုဇော ကြောင့် ကတောကမြောဖြစ်ခါ၊ လှည်းဆရာကြီးကိုသာ မကြာကြာ လောတိုက်ပေး နေခြင်းဖြင့်၊ အဘိုးကြီးမှာ ဆေးကိုမျှ ကြာကြာဇိမ်ယူ၍ မမှိန်းနိုင်ဘဲ၊ နွားများကို တအားခဲ၍ မီးထိုးပေးရရှာ လေ၏။

 ကြိမ်တပြာ တို့၏ သတ္တိတန်ခိုးကြောင့်၊ ခလုတ်၊ ကန်သင်း၊ ကျောက်တုံး၊ ကျောက်ခဲ၊  ချိုင့်ဝှမ်း၊ တွေပေါများ ကြမ်းတမ်းလှသော လမ်းဆိုးကြီးပေါ်တွင် နွားပုကလေးနှစ်ကောင်မှာ ကယောင်ကယင် ခြေကုန်သုတ်၍ တင်ရှာရသဖြင့် လှည်းကလေးမှာ လည်းတဒိန်းဒိန်း တဒေါင်းဒေါင်းနှင့် တောင်စောင်း ချောက်ကြား ကျောက်ကမ္ဘားတခွင်မှ လျှင်မြန် သောအဟုန်ဖြင့်ကျော်ဖြတ်ခါ၊ မူဆေးတောင်ကြားအရပ်ရှိ၊ ဆရာကြီး ဦးနန်းထီး နေထိုင်ရာ၊ ဖေါ့ယား ရွာကလေးအတွင်း မကြာခင်အတွင်း ချောမောစွာ ရောက်ရှိ လာလေ၏။
ဒေါ်ပေါကြီးမှာ ဆရာ့အိမ်ရှေ့ရောက်လျှင် ရောက်ခြင်း၊ လှည်းပေါ်မှခုန်ဆင်းပြီး၊ ဆရာကြီးထံသို့ ကပြာကရာ တက်ပြေးလာလေလျှင်၊ အိမ်ဦးမီးဖိုဆောင်အနီး၌၊ တင်ပလ္လင်ကြီးချိတ် ခါ၊ လဘက်ရည် အကြမ်းကို ၀မ်းနွေး အောင်သောက်နေသူ၊ ဦးနန်းထီးလည်း ဒေါ်ပေါကြီးကို စိုက်ခါကြည့်ရာမှ။

"အလို- မိပေါကြီးပါကလားဟဲ့၊ လောင်းကွက်ကြီးနဲ့ဘာနဲ့ ဖြစ်လာလို့ ငါကလူများမှားလို့ လဟယ်၊ နို့ ဘယ်လို အရေးဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲလဟ၊ နင့်မျက်နှာကြည့်ရတာက လဲ တယ်မကောင်း ပါကလား"ဟု စကားစလိုက်လျှင် ဒေါ်ပေါကြီးမှာ
"အမယ်လေး ဆရာရယ့်၊ ဆရာ့ကျေးဇူးကြောင့် ကျမမှာ အစစ၊ အရာရာ၊ လိုတိုင်းဖြစ်ခဲ့ပါတယ်၊ ဒါပေတဲ့ အခု တလောအနှာင့်အယှက်တခုပေါ်နေပြနလို့ ကြံရာမရတာနဲ့၊ ပြေးလာရတာဘဲ ဆရာရဲ့"
ဟု၊ အလွန်တရာ အားနဲသောအမူအရာနှင့် ဆရာ့အနီးတိုး၍တီး တိုးပြောလေ၏။

ထီး။ ။ ကဲကဲ ဒါဖြင့်လဲခရီးရောက်ဆိုက် အမောပြေနာအုံး၊ ပြီးမှအေးအေးဆေးဆေး အကျိုး အကြောင်းတွေ ပြောတာပေါ့။
ပေါ။  ။ အမယ်လေးဆရာရယ် အမောအပန်းလဲမဖြ ပါရစေနဲ့၊ မောလဲမမောပါဘူး၊ ကျမမှာ အိမ်ကို ကြာကြာ ပစ်ထားလို့ မဖြစ်ဘူးထင်တယ်ဆရာရဲ့၊ ဒါကြောင့်ဆရာ့ကို အကျိုးအကြောင်းတွေ ခပ်မြန်မြန် ကလေးပြော အကူအညီခပ်မြန်မြန်တောင်းပြီး၊ ခပ်မြန်မြန်ကြီး ပြန်ချင်ပါတယ်၊ ဒီတော့ ကျမပြောပြပြီး ရင်လဲ ဥာဏ်ရှိသလော ကောင်းမယ်ထင်တဲ့ဆေးဝါးလက်ဖွဲ့ တွေကို စီမံရအုံး မှာနဲ့ ဆိုရင်၊ ခုပြောမှဖြစ်ပါ့ လိမ့်မယ် ဆရာရဲ့။
ထီး။  ။ အေးလေ- ဒါဖြင့်လဲပြောဟဲ့ ပြော ပြော။

ပေါ။ ။ ကျမလေ- ဆရာ့ဆီက အဆောင်ဆေး ဟာ ပထမဦးဆုံးရတဲ့ မန်နေဂျာဟဲရစ်ကြီး နဲ့ တွေကြတော့ ကြိုက် တာဘဲ၊ ကြိုက်တော့သူ့အပျော်မယားအဖြစ်နဲ့ နေရတယ်။ ဒုတိယဆရာ့ဆီ က ခပ်ဆေး နဲ့ လက်ဖွဲ့ တလုံး ထပ်ပြီး ချီးမြှင့်လိုက်တဲ့ အချိန်ကစပြီး၊ ဟဲရစ်ဟာ ကျမကိုချစ်သထက်ချစ်၊ မြတ်နိုး သထက်မြတ်နိုး လာပြီး၊ တခါတည်းလက်ထပ်ယူလိုက်တယ်၊ တတိယဆရာ့ အစွမ်းဆုံး ဆေးတန်ခိုးနဲ့ ဟဲရစ် ဟာ ကျမသြဇာကို၊ နေရာတကာ ခေါင်းငုံ့ခံရတဲ့အပြင် ကျမနေချင် သ လိုနေထိုင်ချင်သလိုထိုင် လာခဲ့တာ တွေကိုလဲ၊ နဲနဲမှ မနှစ်သက်တဲ့စကားမပြောဝံ့ဘဲ၊ ကျမက မာန်မဲဆိုဆဲဆိုသမျှတွေကိုတောင်၊ အပြုံးအရယ် မပျက်ခံနေခဲ့ပါ တယ်။ ဒါတေလဲ ဆရာအသိသား ဘဲလေ၊ အထူးပြောနေစရာမလိုပါဘူး၊ ဒါကြောင့်သာ တနှစ်တခါ၊ ဆရာ့တပည့်ကလေး ချစ်စော နမ္မတူ ကိုဆေးကုရောက်လာတိုင်း၊ ဆရာ့ အတွက် လူကြုံနဲ့ ငွေကြေးအ၀တ်အစားများ ကန်တော့လိုက် ပြီး၊ အကျိုးအကြောင်း တွေနှုတ်နဲ့ မှာလိုက်တာ ပါဘဲ ဆရာရဲ့။
ထီး။  ။ အေးလေဒါတွေငါသိပါတယ်။ အခုဘယ်လိုဖြစ်နေတယ ဆိုဒါသာပြောစမ်းပါအုံး။

ပေါ။  ။ ဒီလိုပါဆရာ အခုကျမယောက်ျားဟဲရစ် ဟာ ကျမကို ညားကထဲက ကြောက်ချစ် ရိုသေ နေခဲ့တာမှာ၊ အခုတလော ရှေးက နဲ့ မတူ၊ အမူပြောင်းလာပါတယ်။
ထီး။  ။ အင်း-အင်း ပြောစမ်းပအုံး ၊ သူကနင့်ကိုမုန်းနေတယ် နင့်စကားနားမထောင်ဘူးလား၊ နင့်သြဇာကို အခု မခံတော့ဘူးပေါ့ လေ။ ငါ ပေးတဲ့ဆေးတွေ နင်အသုံးမချဘူးလား။
ပေါ။  ။ ဆေးတွေတော့ အသုံးချလိုက်တာမှ ကမ်းကုန် လမ်းကုန် ပါဘဲဆရာ ဒါပေတဲ့ ကျမယောကျာ်းဟာ ကျမကို မုန်းတယ်လို့လဲမဆိုနိုင်ဘူး၊ သြဇာမခံဘူးလို့လဲမဆိုနိုင်ဘူး။ ကျမလုပ် ချင်တာတွေ လုပ် နေ ပေမယ့် လို့၊ အရင်တုံးက သူဘာမှမသိ။

အခုတော့ဘယ့်နှယ်က ဘယ့်နှယ် သူသိသိသွားမှန်း မပြောတတ်ဘူး။ မယားသြဇာကို ဘယ်လို ခေါင်းငုံ့ခံနေတဲ့ ယောက်ျားဘဲ ဖြစ်ဖြစ် မဟုတ်တယုတ် လုပ်နေတာတွေ့ရင် ဘယ်သူမှမခံချင်ဘူး ဆူတာ ပွက်တာဘဲ၊ ပြောပရစေတော့ ဆရာရယ် ကျမ က စားပွဲထိုး ချစ်တင်ဆိုတဲ့ ကောင်ကလေးဟာ သူ့ရုပ်ကလေးကလဲ သနားကမား မို့၊ ကျမအရေးပေး အရောတ၀င်နဲ့ မျက်နှာသာပေးထားခဲ့တယ်။ သူအပြင် သွားတဲ့အခါ နှစ်ယောက် သားအခန်းထဲမှာဘဲ ပူးပူးကပ်ကပ်နေမိတယ်။ အဲ-ဒီလိုအရင်တုံးကလဲ နေလာ တာဘဲ၊ အခုတလော မှဆန်းကြယ်ပြီး ချင်တင်နဲ့ ကျမနဲကအခန်းထဲမှာနေရင် အပြင်က ဘယ်သူ လာလာပြီး၊ သော့ ခလောက်ခတ်ခတ်သွားမှန်း မသိဘူး၊ သော့ခတ်သွားတော့ ပြတင်းပေါက်ကလဲ သံတိုင် တွေမို့ ကျော်ထွက်လို့မရဘူး။ ဟဲရစ်ကြီးပြန်လာမှ သော့ဖွင့်ပေးရတာချည့်ပဲ ဒီတော့လဲ ဘယ်ယောက်ျား ဘဲဖြစ်ဖြစ် သည်းခံနိုင်ပေမယ်လဲ နဲနဲပါးပါးတော့ ဆူတာပေါ့။

သူဆူလို့ ကျမကအော်ငေါက်၊ ကြိမ်းမောင်းပစ်လိုက်တော့လဲ ငြိမ်သွားတာပါ။ တခုခက်တာက အခုတလောကျမက ဟဲရစ်မသိ အောင်ဘာလဲလုပ်လုပ် ဟဲရစ်သိမိအောင်  သိသိသွားတာရယ် ဟဲရစ်ကို ကျမမကတူတဲ့ ပူတဲ့ အခါမှာကျမ ကိုယ်ပေါ် တခုခုပြုတ်ကျလာတာဘဲ သူ့ကို ဆူတိုင်း ဆူတို င်း တခုခု အနာတရ ဆက်ဆက်ပြီး အပြစ်ခံရတာချည့်ဘဲ၊ တခါတလေလဲ ကျမကို ဟဲရစ်ကြီးဘဲစုံးတတ်လို့ ပြုစားလိုက် သလားလို့ သင်္ကာမကင်း ဖြစ်မိတယ်။ ဒါပေတဲ့ ဟဲရစ်ဟာ အင်္ဂလိပ်လူမျိုးပါ။ စုန်းတွေ၊ ပယောဂ တွေလဲ နာလယ်တဲ့လူစားမျိုး မဟုတ်ပါဘူး ၊ သူ့ကိုယ်တိုင်တတ်ဘို့ မပြောနဲ့ စုန်းတတ်တဲ့လူကိုောတင်သူကတဆင့်။ အလုပ်ခိုက်တတ်ဘို့ နားမလယ်ပါဘူးဆရာရယ်။

နို့ပြီးတော့ ယခုတလော ထူးခြား နေတာကလဲ ရှိသေးတယ်။ အိမ်ပေါ် မှာ မိန်းမအပိုတယောက်ရှိတာကို မကြာ မကြာ ကျမမျက်စိနဲ့ တပ်အပ်မြင်ရတယ်။  လိုက်ရှာရင်လဲ ကိုယ်ပျောက်တတ်တဲ့အတိုင်းဘဲ ပျောက် ပျောက်သွားတယ်။ အဲ-ဒီဟာ ဘယ်လိုမိန်းမလဲမဆိုနိုင်ဘူး ဆရာရဲ့၊ ကျမရိပ်ခနဲမြင်ရတဲ့ ပုံကတော့ မိန်းမရွယ် ခပ်ငယ်ငယ် နောက်ပိုင်းကသာ မြင်ရတဲ့အတွက် မျက်နှာနေပုံတော့ မပြောနိုင်ဘူး။ ကျမလဲ မရရအောင်ဘမ်းတာဘဲ လက်ဆုပ် လက်ကိုင်၊ ဘယ်တော့မှ မမြင်ရဘူး၊ ဟဲရစ်နင်မြင် သလားမေးတော့လဲ သူလဲဘာမှမမြင်ရဘူးလို့ ခါးခါးသီးသီးခံငြင်းတာဘဲ။ ကျမသာဒီကိစ္စနဲ့ ပတ်သက်ပြီး အရူးကြီးဖြစ် ကျန်ရစ်ခဲ့ရတယ်ဆရာရဲ့။

ထီး။  ။ ဒါလဲတမျိုး စဉ်းစားစရာဘဲဟဲ့။ နို့နင်လင်ဟာ အရင်လိုဘဲ အစစနင့်စကား နားထောင် နေတယ် မဟုတ်လား။
ပေါ။  ။ ဟုတ်ပါတယ် အစစ ကျမသြဇာကိုက်ခဲ့ပါတယ်။ အခုလဲကျမသဘောမကျတဲ့ လူတယောက်နဲ့ အပေါင်း အသင်း အဆက်အသွယ် မလုပ်ပါနဲ့ဆိုတာကိုမရဘူး။ အဆူအဆဲခံပြီး ဒီလူနဲ့ ဇွတ်ပေါင်းသင်း တာတခု ဘဲ ဆိုးတာကလား ဆရာရဲ့။
ထီး။  ။ အင်း-အဲ-ဒီလူက ဘယ်လို လူလဲ မိပေါရဲ့။
ပေါ။  ။ သတ္ထု တွင်းက အင်ဂျင်နီယာထွန်းတင်ဆိုတဲ့ အကောင်ပေါ့ လူပုံကဖြင့် ရှမ်းပုတ်မျက်နှာနဲ့၊ ၀တ်ထား၊ ၀တ်ထားတာစက အင်္ဂလိပ်ဂိုက် သူ့အမေ အင်္ဂလိပ်နဲ့များ ညားဘူးရင်ခက်မယ်။

သောက်လိုက်တဲ့ အရက်ကလဲ မိုးမွှန်နေတာဘဲ။ မောင်းလိုက်တဲ့ကားကလဲ တ၀ီဝီနဲ့။ ဒီအကောင် ဟာ ကျမယောက်ျားအဘိုးကြီး ကို အမြဲတန်းခေါ်ဖျက်ဆီးတယ်။ အရက်တွေ သိပ်မူးအောင်တိုက် တယ်။ ကားအတူ စီးပြီး မြန်မြန်ကြီးမောင်တယ်။ ဟိုတလောကလဲ ဒီအကောင်နဲ့ ဒင့်ရည်းစား စောမြအေးဆိုတဲ့ ကောင်မ နဲ့ လားရှိုးလမ်းကို အထ၊ အကမြင်း သွားကြရာမှာ။ အိမ်ကလူကြီးကို ဆွဲခေါ်သွားတယ်လေ။ အရက် တွေ လူမှန်းမသိအောင် သောက်စားကြပြီး။

ထွန်းတင်ဆိုတဲ့အ ကောင်ကမူးမူးနဲ့ ကားအရမ်းမောင်းလိုက်တာ။ လမ်းဘေးက ကညင်ပင်ကြီးနဲက တိုက်ပြီး။ ကားကြီး ရစရာမရှိ ပျက်စီးသွားတယ်။ စောမြအေး ဆိုတဲ့ကောင်းမလေးလဲ၊ ပွဲချင်းပြီးသေရော။ အိမ်ကလူကြီးနဲ့ ထွန်းတင်လဲ သေလူတဲကာ ဖြစ်လာလို့ ဆေးရုံထမ်းစင်နဲ့ တင်ယူလာရပါသ ကောဆရာ။ ဒါနဲကနေတောင်မှ အမှတ်မရှိဘူး။ အခု- ဟိုအကောင်ဟာ ကားတ၀ီဝီနဲ့ ဖြစ်နေနေ ပြန်ပြီ။ အဘိုးကြိး ကိုလဲ ခဏ ခဏဘဲလာလာခေါ်တယ်။ အဘိုးကြီးကလဲလေ။ ဒီအကောင်သာ လာခေါ်မယ်ဆိုရင်။ ကျမကဘယ်လိုကြိမ်းကြိမ်း နံ့နံ့ပါ- ပျာပျာခပ်အောင်လိုက်သွား တာဘဲ။ အခုလဲ ကျမဒီကိုလာနေတဲ့ အခိုက်မှာ။ ဘိုးကြီးဟာ ဒီအကောင် နဲ့ တွဲချင်တိုင်း  တွဲပြီး။ အရမ်းကြီး ကျနေမှာ စိမ်မချဘူး ဆရာ။ အရင်လဲ ကံကေင်းလို့ မသေတာ။ ဒီအကောင်ဟာ မူးရင်သိတ်သိတ် ရမ်းတားဘဲ။
ထီး။  ။ နို့ ဒီအကောင်ကို ဘယ်လိုထင်သလဲ။ သူ့နင်ကို ယောက်ျားကို ဆေးနဲ့ ၀ါးနဲက လုပ်ထား တယ်လို့များ ထင်သလား။

ပေါ။  ။ ဟာ- ဒီအကောင်မျိုးဟာ ဆေးဝါးပယောဂတွေကို နားမလယ်ပါဘူး ဆရာ အဲ-ဒါ ဆရာ လိုက်နိုင်ရင်လိုက်ပြီး ကြည့်ရှုအကဲခပ်ပြီး။ ကျမကို အနှောင့်အယှက်မရှိအောင်။ စီမံကာကွယ်ပေး စေချင်တာဘဲ။ နို့ပြီးတော့လဲ အဲဟိုမြင်ရတဲ့ မိန်းမအရိပ်ဟာက။ တခါတခါကျမကို ဖျပ်ခနဲရိုက်လို ရိုက်ဂလိထိုးလို ထိုးနဲ့ အမျိုးမျိုးလုပ်တယ် ဒါအတွက်လဲ ဘာလဲဆိုတာ သိရအောင်ကြည့်လုပ်ပေး စမ်းပါဆရာ။

ထီး။  ။ အင်း-နင့်ဟာက ခပ်ခက်ခက်ဘဲ။ ငါလဲနင့်ဆီ မလိုက်နိုင်ဘူး။ မှော်ကြီးတိုက်စရာအလုပ် တွေ။ သူရဲခေါ်ဘို့ အလုပ်တွေဟာ။ သိပ်များနေတယ်။ နေအုံးလဟယ်။ ငါမြင်နိုင်သလောက် တော့ကြည့်ပေး ရသေးတာပေါ့။ဟု ဆိုတာ
ဘိုးနန်းထီးသည် မိမိတတ်သမျှ သောအောက်လမ်းပညာထည်းမှ။ အလွန်အရေးကြီးမျ အသုံးချ လေ့ရှိသော အစိမ်းသူရဲများလွတ်ကြည့်သည့်နည်းမျိုးကို၎င်း၊ ၀ိညာဉ်ကိုလွှတ်၍ကြည့်သော နည်းမျိုး ကို၎င်း၊ အသုံးချရတော့မည်ဖြစ်ရာ။ ထိုကိစ္စမှာ ကာယကံရှင်ဖြစ်သူ မပေါကြီး၏ ၀ိညာဉ် ကိုလွှတ်ကြည့်ရန် စီမံရတော့၏။

"ဟဲ့- မိပေါကြီး နင့်အိမ်နင်ပြည်ကြည့်လေ၊ ဘာမြင်သလဲပြော" ဟုအမိန့်ထန်သော လေသံနှင့် ဘိုးနန်းထီးက ခက်ထန်းစွာပြောနေလေရာ၊ အိမ်ပေါ်တွင် လူသေပမာပက်လက်ကြီး လန်ကာ ငြိမ်သက် လျက် ရှိသော မပေါကြီးပါးစပ်မှ-
"မြင်ပြီ ဆရာ၊ မြင်ပြီ- မြင်ပြီ"
ထီး။  ။ "ဘာလဲ- ဘယ်သူ့ကိုမြင်သလဲ"
ပေါ။  ။ "ဟဲရစ်ရယ်၊ ထွန်းတင်ဆိုတဲ့အကောင်ရယ်၊ တခြားမိန်းမတယောက်ရယ်၊ ကျမအိမ်ပေါ်က စားပွဲဝိုင်းမှာထိုင်ပြီး၊ ပျော်ပျော်ပါးပါးကြီး အရက်သောက်နေကြတယ်။ ဟိုမိန်းမရဲ့မျက်နှာ တော့တခါမှ မမြင်ဘူးဘူး၊ အရွယ်ကခပ်ငယ်ငယ်၊ ရုပ်လဲလှတယ်၊ ကောင်မကြည့်ရတာ သိပ်ပျော် ရွှင်နေပုံရတယ်၊ ဟဲရစ်နဲ့ထွန်း တင်ကို သူထင်သလိုမွှေနေတဲ့ မျက်နှာထားမျိုးဘဲ၊ အရက်ဝိုက် ကလပ်ကိုလဲ ယူ သောက်ပြန်ပြီ၊ လက်ထဲမှာ စီးကရက်ညှပ်လိုက်လို့၊ အတော်ဆောင့် ကြွားကြွား နိုင်တဲ့အကောင်မဘဲ ဆရာရဲ့"

ထီး။   ။ "သူတို့ဘာပြောနေကြသလဲ"
ပေါ။  ။ သူတို့ပြောတဲ့ စကားလားဆရာ၊ နေအုံးနားထောင်စမ်း လိုက်အုံးမယ်။ အင်း- အင်း ဟဲရစ် က တယ်စေတနာ ကောင်းလိုက်ပါကလား၊ ဟိုကောင်မကိုသူ့အိမ်မှာ ပျော်ပျော်ကြီးနေချင်သ လောက် နေပါတဲ့၊ ဘာမှအားမနာပါနဲ့တဲ့၊ ထွန်းတင်ကိုလဲ အမြဲသူ့အိမ်လာပြီး မပေါကြီးမပြန် မခြင်း နေလှဲ့ပါ ဆိုကိုးဆရာရဲ့
ထီး။    ။"ဟို မိန်းမကဘယ်လိုသဘောနဲ့ နင်တို့အိမ်ရောက်နေတာလဲ၊ ဟဲရစ်ရဲ့အဆက်လား၊ ထွန်းတင် ရဲ့အဆက် လား အကဲခပ်လိုက်စမ်း"
ပေါ။  ။ ဒီကောင်မမျက်နှာက ပြုံးစီစီချိုမြမြနဲ့၊ ဟဲရစ်အနားကိုလဲ ပွတ်သီး၊ ပွတ်သတ်သွားလုပ် ထာဘဲ ထွန်းတင် ကိုလဲ ပူးတွဲ ပူးတွဲနဲ့ ဧကန္တဘဲ အချောင်ပိုင်းလုံးမထဲက နှင့်တူပါတယ်ဆရာ။ ဒါကြောင့်သာ ဟဲရစ် ဆိုတဲ့ သေခါကြီးကပါပြုံးစီနဲ့ ရိက္ခာယူနေတာ ထင်ပါရဲ့။
ထီး။  ။ ဒီမိန်းမဟာ ဘယ်ကတဲ့တုန်း သူတို့ပြောနေကြတဲ့ စကားထဲမှာ အရိပ်အမြွက်မပါဘူးလား။

ပေါ။  ။ ဒီအိမ်မှာနေတယ်တဲ့ သူနေဘို့အခန်းပေးထားတယ်ဆိုဘဲ။ ကျမမြန်မြန်ပြန်ပြီး ဒီကောင်မကို ပါးရိုက် နှင်ချ ပစ်မယ်ဆရာ၊ အရင်ကျမ ရိပ်ကနဲ၊ ရိပ်ကနဲ မြင်ရတာလဲ ဒီကောင်မဘဲ ဖြစ်မှာဘဲ။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျမမြန်မြန်ပြန်မှဘဲဆရာ။
ဟုဆိုကာ မပြေါိကီး သတိရလာလေတော့၏။
ထီး။  ။ ဟဲ့- မပေါကြီးသတိရလာပြီလား။
မပေါကြီးသည် ဒေါသနှင့်ဆပ်ဆပ်တုန်ကာ-
"မဖြစ်ဘူးဆရာရဲ့ ကျမမြန်မြန်ပြန်မှဘဲ၊ ဟဲရစ်သိပ်လူပါးဝနေပြီ ဒီတခါ လက်ပူးလက်ကြပ် ဘမ်း ပြီး ခပ်ကြမ်းကြမ်း ဆော်လွှတ် မှဖြစ်တော့မယ်" ဟုပြောလေ၏။ 

ဆရာကြီးနန်းထီးသည် မပေါကြီးအား အစွမ်းထက်မြက်သော ဆေးဝါးအဆောင် လက်ဖွဲ့များကို အသုံးချရန် အညွှန်းနည်းများနှင့်တကွ ပေးအပ်လိုက်လေ၏။ မပေါကြီး၏ စိတ်မှာ အဆိုပါမိန်းမိကို ခပ်နာနာရိုက်ပုတ်နှင်ထုတ်လိုက်လျှင် ကိစ္စပြီးမှာဘဲဟု အယူစွဲကာ အရေးတကြီး နှင့်မြန်မြန်ကြီးပြန်လာလေ၏။

ဆရာဦးနန်းထီးက အောက်လမ်းဆရာတို့ ပညာစွမ်းဖြင့် မပေါကြီး၏၀ိညာဉ်ကို သူ၏အိမ်သို့ ပြန်လည်စေလွတ်ကြည့်စေသည် ဖြစ်ရာမပေါကြီးပြောသလို၊ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ အများ မြင်သာအောင်ထိုင်နေခြင်းမဟုတ်ပေ။ မပေါကြီးကိုယ်တိုင်လာ၍ ကြည့်လျှင်လည်း တွေ့မြင်နိုင် မည်မဟုတ် ယခုမူကားမပေါကြီး၏ ၀ိညာဉ်သာလျှင် ရောက်လာခြင်းဖြစ်၍ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့အနီးတွင် ပျော်ရွှင်စာနေသော စောမြအေး၏ ၀ိညာဉ်ကလေးကို ၀ိညာဉ်အချင်းချင်း တွေ့မြင်သွားခြင်းဖြစ်လေသည်။

မပေါကြီး၏၀ိညာဉ်တွေ့မြင်သွားသည့် အတိုင်းလည်း မစ္စတာဟဲရစ် မောင်ထွန်းတင်နှင့် စောမြအေး၏ ၀ိညာဉ်ကလေးမှာ ညစဉ်၊ ညတိုင်း တစားပွဲတည်း ပျော်ပွဲကျင်းပလျက် စောမြအေး အသက်ရှိစဉ်သကဲ့သို့ပင် ပျော်ရွှင်စာနေကြလေရာ ထွန်းတင်မှာ ချစ်သူကလေး စောမြအေးကို လူကောင်းထင်ရှား မမြင်ငြားလည်း မိမိတို့ အနီးအပါးတွင် စောမြအေး၏ ၀ိညာဉ်ကလေးရှိနေ ကြောင်းကား သိသာထင်ရှားလျှက် တဘ၀ခြားနေရှာသူ စောမြအေးကလည်း မိမိပြောလိုသော စကားမျာကို မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့အား နားအနီးတွင် ကပ်ခါ အပ်ခါ မပြတ်ပြောနေရှာ ခြင်းဖြင့်လည်း တဘ၀ခြားသူနှင့် ဘူသားစင်စစ်တို့မှာရင်းနှီးလျက် အဆက်အသွယ်လွယ်ကူနေ သကဲ့သို့ရှိလေသည်။

ဝိညာဉ်တို့မည်သည်လေကဲ့သို့ လျှင်မြန်သော အဟုန်နှင့်ကုမ္မဇိဒ္ဓတန်ခိုးရှိတတ်သဖြင့်လည်း စိတ် သွားတိုင်းကိုယ်ပါသကဲ့သို့ ရှိနေတတ်ပြန်ရာ စောမြအေး၏၀ိညာဉ်လိပ်ပြာ ဆိုသ်ညမှာလည်း တဘ၀နှင့် တဘ၀မကူးမှီ လေထဲတွင် တည်ရှိနေသေးသော သာမညအာဂန္တုက၀ိညာဉ်မျိုး မဟုတ်ပေ။ အစွဲအလမ်းနှင့်အစိမ်းသေ သေရရှာသူဖြစ်၍အစမိမ်၏ ၀ိညာဉ်ဘ၀မျိုးတွင် တည်နေရ သူဖြစ်ရကား စိတ်သွားတိုင်းကိုယ်ပါလို ရာသို့ဖြစ်နိုင်ခဲ့လေသည်။

အစိမ်းအ၀ါးတို့မည်သည် လူနေ အိမ်အတွင်းသို့ အိမ်စောင့်နတ်ကလက်မခံသဖြင့် ဘယ်နံရောအခါမျှ မ၀င်ရသော ထုံးစံအတိုင်း ပင်စောမြအေးမှာ သူအင်မတန်ချစ်ခင်သော ထွန်းတင်၏နေအိမ်သို့ အတူတကွ လိုက်ပါနေ ချင်ရှာသော်လည်း မဖြစ်နိုင်ရှာပေ ထွန်းတင်၏ မိခင်ကြီးသည် ဗုဒ္ဓဘာသာ ရှမ်းမြန်မာကပြားမ ကြီးတဦးဖြစ်သည်အားလျော်စွာ ရတနာသုံးပါးကို အထူးအာရုံ ထားလျက် အိမ်ဦးဘက်တွင် ဘုရားစင်နှင့် အိမ်တွင်းတွင်လည်း မိရိုးဖလာအတိုင်းနတ်အုံးဆိုင်းများ ဆွဲတင်ပသထားသည့်အ တွက်အစိမ်းမကလေး စောမြအေးမှာချစ်သူ့အိမ်ထက်သို့ အ၀င်ခက်ရှာသဖြင့် ဗုဒ္ဓဘာသာ မြန်မာ မဟုတ်သောကြောင့် ဘုရားစင်၊ နတ်အုံးတို့ လုံးလုံး သား မရှိသော မစ္စတာဟဲရစ်၏ အိမ်သို့သာ လိုက် ပါနေရရှာခြင်း ဖြစ်လေရာ၊ အိမ်ရှင်မဖြစ်သူ မပေါကြီးမှာလည်း ယုတ်ညံ့သော အောက်လမ်း ဆရာ၏ပည့်မတယောက် ဖြစ်နေခြင်းအတွက် အစိမ်းအ၀ါးတို့ ၀င်ထွက်သွားလာရန် များစွာ လျော်ကန်သင့်မြတ်သည့် သာလာယံ ဇရပ်ကြီး ကဲ့သို့ရှိလေရာ၊ စောမြအေးမှာ လွန်စွာအနေချောင် ၍နေရှာလေသည်။

ထို့ကြောင့်လည်းဤ အိမ်တွင်စတည်းချကာ လူ့ဘ၀ကချစ်ရသူ ထွန်းတင်နှင့် အစဉ်မပြတ်တွေ့ဆုံရခြင်း၊ ထွန်းတင် သွားလေရာရာကို ကားထိုင်ခုံဘေးတွင် ယှဉ်ထိုင်ကာ လူမမြင်ရသော ၀ိညာဉ်ကလေး အမြဲလိုက်ပါနေခဲ့ခြင်းဖြင့် အချိန်ကုန်၍ လူချင်းခွဲပြီး ထွန်းတင်သူ့ အိမ်ထဲသူဝင်သွားကာမှ၊ အစိမ်းမ ကလေး စောမြအေးခမြာမှာလည်း၊ သူတည်းခိုနေထိုင်ရာ မစ္စတာ ဟဲရစ်ကြီး၏ အိမ်သို့ ၀ိညာဉ်တို့ဘ၀ အာကာသ ဝေဟင်ခရီးမှ လေယာဉ်စီး၍ပြန်ခဲ့ရရှာလေ၏။

ထိုသို့နေထိုင်လာခဲ့ကြရာမှ တနေ့သ၌တွင် ထွန်းတင်သည် မစ္စတာဟဲရစ်အိမ်တွင် မစ္စတာဟဲရစ် နှင့်အတူ လူကိုမမြင်ရသော စောမြအေးပါ ၀ိုင်းဖွဲ့ထိုင်ပြီး ပျော်ပျော်ပါးပါးကြီး စကားလက်ဆုံကျနေ ကြရာမှ အပေါကြီးအကြောင်းကို စကားစပ်မိကြလေ၏။
"ဒါထက်- မစ္စတာဟဲရစ် ခင်ဗျားဇယ်ကြီး ဘယ်တော့ပြန်လာမလဲဗျို့၊ သူလာရင်တော့ ကျွန်တော် တို့ပါတီခိုလို လွတ်လွတ်ကျွတ်ကျွတ်ကြီး မပျော်ရတော့ဘူးနော်"ဟုစ၍ ပြောလိုက်လေ၏။
"သူလား ဒီတခါသွားတာ တော်တော်ကြာကြာ နေမလားမပြောတတ်ပါဘူးဗျာ၊ ကျုပ်အထင် တော့ သူ့အမျိုးတွေ့နဲ့ တွေ့နေရင် ကြာချင်လဲကြာမှာဘဲ ထင်တယ်။ ကြာကြာနေလေ ကျုပ်နား ပူသက်သာလေဘဲဗျာ၊ နေပါစေဒါမှ ခင်ဗျားတို့နှစ်ယောက်လဲ ကျုပ်အိမ်ပေါ်မှာ ပျော်ပျော်နေကြ ရမယ် မဟုတ်လား"ဟု သောက်လက်စဂျော်နီဝါကားဖလ်ခွက်ကို မော့လိုက်ပြီး ယစ်ထုတ်ကြီး စတိုင်နှင့် ဝေါယော်တွေ လှိုင်လျက်ရှိလေ၏။

"ဒီလိုခင်ဗျား စိတ်ထားကောင်းလွန်းလို့၊ ကျွန်တော်တို့ ကျေးဇူးတင်နေတောဘဲဗျာ၊ ကျွန်တော့် ကြောင့်သေရတဲ့ဒါလင် အေးအတွက်ဟာလေ၊ တနေ့မှ စိတ်မကောင်းဘူးဗျာ၊ ခုလိုသူ့ဝဥာဉ် ကလေးနဲ့သာ လာမတွေ့ရဘူးဆိုရင်၊ ကျွန်တော်ပါသေသွားမှာဘဲ၊ လူကိုယ်ကို မမြင်ရဘဲ တယောက်နဲ့ တယောက် ထင်သလောက် ကိုယ်ထိလက်ရောက် မတွေ့မထိရပေတဲ့၊ သူကလေးဟာ ကျွန်တော် နဲ့အမြဲတွေ့နေရတာ၊ ကျွန်တော်သွားရာ၊ လာရာ၊ ကားဘေးမှာ သူကလေးအမြဲပါ နေတာသိရတာ့ လုံးလုံး ကွဲသွား တာထက် အပုံကြီးဖြေဖျော်စရာရနေသေးတာပေါ့နော်"
ဟုလျှာခပ်လေးလေး နှင့် တလုံးချင်းဖြည်းဖြည်းပြောနေစဉ်၊ ၎င်းတို့နှစ်ယောက်အလယ်ကြားမှာ လွတ်လပ်စွာ ထားသော စောမြအေး၏ ကုလားထိုင်မှာအလိုက်အလျောက် နောက်သို့ဆုတ်သွား သည်ကို တွေ့မြင်လိုက်ရလေ၏။

"ကစ်ဒီဘယ်လဲ"ဟု မစ္စတာဟဲရစ်က လှမ်းမေးသော်လည်း၊ စောမြအေး၏အဖြေကိုမကြားရပေ၊ သို့နှင့် ဟဲရစ်နှင့် ထွန်းတင်တို့လည်း၊ နှစ်ယောက်သား စကားတပြောပြောနှင့် အချိန်အတန် ကြာမှန်း မသိကြာသွားပြီး အိပ်ချင်စပြုလာသောကြောင့် နေရာမှထတော့မည် အပြုတွင် ပိတ်ထား သောအ၀င် တံခါးပေါက်ကြီး မှာ တစုံတယောက်တွန်းဝင်လာသလို တွေ့မြင်ရသောကြောင့်၊ ဟဲရစ်နှင့် ထွန်းတင်တို့မှာ နှစ်ယောက်သား ခေါင်းထောင်ကာ အံ့အားသင့်ကြည့်နေမိလေ၏။
ထိုခဏမှာပင် ဟဲရစ်နှင့်ထွန်းတင်တို့နားတွင် စောမြအေး၏ အရေးတကြီးပြောသော စကားများ ကိုကြားရလေ၏.

"အန်ကယ်နဲ့ကိုကိုတင် အခုဒေါ်ပေါကြီး ပြန်လာနေပြီ၊ ဘယ့်နှယ်လုပ်မလဲ၊ သူလာရင် ဒီလို ပျော်ပျော် နေကြရတော့မယ်မဟုတ်ဘူး" ထွန်းတင်နှင့် မစ္စာတာဟဲရစ်တို့မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ငေးငေးကြီး ဖြစ်သွားကြလေ၏။
"ဟင်-ဟုတ်လား၊ ဒီလိုဖြင့်ခက်တာဘဲ၊ ဒါနဲ့ကစ်ဒီ အကြောင်းကိုဘယ့်နှယ်လုပ်ပြီး သိသလဲ"ဟု မစ္စတာဟဲရစ် ကမေးလေ၏။
အေး။  ။ ကိုကိုတင်နဲ့ အန်ကယ်တို့က ဒေါပေါကြီးအကြောင်းပြောနေတုံးမှာ ကစ်ဒီလဲသိချင်တာ နဲ့ ချက်ခြင်းသူ့ဆီကိုလိုက်ကြည့်တယ်၊ သူအခုစိတ်ဆိုး မာန်ဆိုးနဲ့ ပြန်လာနေပြီ၊ အန်ကယ်က သူသဘော မကြတဲ့ သူတွေကိုအိမ်ပေါ်မှာထင်တားတယ်၊ အားလုံး ရိုက်ချမယ်လို့ ကြိမ်းဝါးလာတယ် လှည်းသမားကြီး ကိုတောင် မြန်မြန်မမောင်းကောင်းလားလို့ ဆူနေတယ်။

ဟဲရစ်။  ။ ကဲ-မစ္စာထွန်းတင် ဘယ်လိုလုပ်ကြမလဲ မပေါကြီးတော့အားကြီး ဒေါပွလာပြီဆိုဘဲ။
ထွန်းတင်။   ။ အခြေပျက်တာဘဲဗျာ၊ ခုဘဲခင်ဗျားက သူကြာကြာနေလိမ့်မယ်ထင်တယ်ဆို။
ဟဲရစ်။  ။ ထင်တယ်ဆိုပေမဲ့ အခုသူကျုပ်တို့သတင်းကြားလို့ ပြန်လာသလားမှမသိတာဘဲ သွားတုန်း ကတော့အတော်ကြာနေမယ်လို့ သွားတာနဲကတူတယ်။
ထွန်းတင် ။  ။ ကဲလေလွန်ပြီး ဒါတွေပြောနေလို့ အပိုဘဲ။ အခုကျွန်တော့်တို့ ဘယ်လိုကြံစီကြမလဲ။

ဟဲရစ်။   ။ ကျုပ်တော့ ဘာမှမကြံတတ်ဘူး။ ခင်ဗျားတို့လုပ်ဆိုတာ လုပ်ပေးမှာဘဲ မပေါကြီးလာ ရင်လဲကျုပ်တော့ သိပ်ခေါင်းကြိမ်းတော့မယ်ဗျာ၊ တော်ရာသာရှောင်ပြေး ချင်တော့တာဘဲ။
အေး။  ။ ဒါဖြင့် ဒီလိုလုပ်မလား အန်ကယ်ဒေါ်ပေါကြီးမရောက်ခင် ကလောကဟော်တယ်ကို သွားနေကြမယ် နက်ဖြန်ကိုကိုတင်ရော အန်ကယ်ရော အလုပ်ကအရေးတကြီးခွင့်ယူကြပေ တော့။
ဟဲရစ်။  ။ အေး- အေး- အဲဒါ နေရာကျတယ် ဒါပေတဲ့ မစ္စတာထွန်းတင် အခွင့်ယူဘို့လဲလွယ်တယ် ကျုပ်ကခက်နေတယ် အလုပ်တိုက် ကိုကြာကြာပစ်ထားပြီး ခရီးသွားမနေနိုင်တာရယ်၊ ဘာ အကြောင်းနဲ့ ခရီး သွားရတယ်ဆိုတာကို မပေါကြီးကျေနပ်အောင် အဖြေမပေးနိုင်တာရယ်က အတော်အသက်ရှု ကြပ်နေတာဘဲ။

ထွန်းတင်။  ။ အိုဗျာ- ဒါတွေလောက်တော့ မခက်ပါဘူး။ နေမကောင်းလို့ ဆရာဝန်က ကလောကို သွားပြီး တလလောက် အနားယူရမယ်ပြောလို့ သွားရတယ်လို့ ပြောလိုက်တာပေါ့၊ အလုပ်တိုက် မှာလဲ ခင်ဗျား လက်အောက် မှာ နောက်ရောက်လာတဲ့ ဒုတိယမန်နေဂျာကလေးဟာ အစစအရာရာ စိတ် ချရတယ် မဟုတ်လား၊ အလုပ်ကိစ္စအားလုံး သူကိုခဏလွဲထား ခဲ့တာပေါ့။
အေး။  ။ ဟုတ်သားဘဲ အန်ကယ်ကလဲ ကိုကိုတင်ပြောတာ သိပ်နေရာကျတယ် ဒါထက်ကောင်း တာ မရှိတော့ဘူး။
ဟဲရစ်။  ။ ကဲလေကောင်းပြီး နက်ဖြန်သွားကြမယ်။ ဒါထက်ကစ်ဒီကော အတူတူလိုက်ခဲ့မယ် မဟုတ်လား။
အေး။  ။ အို-လိုက်မှာပေါ့။ အဲဒီဟော်တယ်မှာ အခုကောင်းကောင်းကြီးနေနိုင်တာဘဲ၊ အရင်တုံးက ကိုကိုတင်နဲ့ ဟော်တယ်မှာအမြဲတဲ့ခဲ့တာပေါ့။

ဟဲရစ်။  ။ အဲ-အဲဒါဖြင့် ဟုတ်ပြီ။ အသင့်ဘဲလေ နက်ဖြန်သွားကြမယ်။
မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့လူစုသည် ဒေါ်ပေါကြီးမလာခင် ကလောဟော်တယ်သို့ သုတ်ချီ တင်ခဲ့ကြလေသည်။ ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းပြည်တောင်ပိုင်းရှိ ကလောသို့ကူးခဲ့ရသည်မှာ နီးလှသည့် ခရီးမဟုတ်ပေ။ သို့ရာတွင် မပေါကြီးနှင့် ရင်ဆိုင်မတွေ့ရလျှင် ပြီးရောဟူသောရည်ရွယ် ချက်နှင့်သာ တေ့လွဲ ကလေး ထွက်လာကြခြင်းဖြစ်လေသည်။
ကလောဟော်တယ်သို့ရောက်လာကြသောအခါမူ စောမြအေး၏အကြံပေးချက်အတိုင်း ထွန်းတင် နှင့်မစ္စတာဟဲရစ်တို့က အခန်းတခန်းငှါးစေပြီးလျှင် အခြားသောအခန်းလွတ်တခုကိုလည်း မစ္စက်ဟဲရစ် အတွက်ဟု ဆိုကာသီးသန့်ငှါးထားစေပြီး မိမိလည်းညညတွင်မစ္စဟဲရစ် သို့မဟုတ် မစ္စတာဟဲရစ်၏ ဇနီးအခန်း တွင်ဝင်ရောက်အပန်းဖြေ၍ နေထိုင်ခဲ့လေသည်။ အများအားဖြင့်မူကား အဲရစ်နှင့် ထွန်းတင် တို့အခန်းမှပင် အနေများခဲ့လေ၏။

ဤဟော်တယ်သို့ရောက်မှာလည်း စောမြအေးမှာ အရင်ကထက်ပျော်ရွှင်နေရှာပုံဖြင့် ဟဲရစ်နှင့် ထွန်းတင်တို့အတွက် မကြာ- မကြာလူ၏အသွင်ဖြင့် မိမိကိုယ်ကိုထင်စေမြင်စေ သည်ဖြစ်ရာ ထွန်း တင်မှာ မိမိချစ်သူကလေးအား ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့မြင်နေရခြင်း များကြောင့် အားရမဆုံး တပြုံးပြုံးနှင့် ၀မ်းသာလုံးဆို့၍ပင် နေမိရှာတော့သည်။
အစိမ်မကလေးစောမြအေးကလည်း မိမိအားယခုခဲ့သို့ ထင်ထင်မြင်မြင်တွေ့နေချင်က ဘယ်အခါ မျှ မထိမကိုင် မိအောင် သတိပြုရမည်။ အစိမ်းအ၀ါးတို့မည်သည် လူနှင့်နီးနီးနားနား မည်မျှနေနိုင် သည်ဖြစ်စေ၊ လူသားတစ်ဦးတယောက် ၏ ထိကိုင်ခြင်းကိုမူကား မခံမရပ်နိုင်ကြောင်း ပြောပြ ထား သောကြေင့် ထွန်းတင်မှာ ကောင်းပါပြီဟု ကတိဝန်ခံထားရရှာလေတော့သည်။

စောမြအေးလည်း လူနှင့်မခြား ပျော်ရွှင်စွောနေထိုင်သွားလာ စားသောက်ခါ နေရှာလိုသောကြောင့် ဤ ဟော်တယ် သို့ လူ့ဘ၀တုန်းက လာရောက်တညိးုဘူးသည့်နည်းတူ။ ချစ်သူနှင့် ထမင်းတစား ပွဲတည်းအတူစားခြင်း၊ လဘက်ရည် အတူသောက်ခြင်းများကို၊ လူကောင်ထင်ရှားနှင့်သော်၎င်း၊ လူမမြင်ရသော်လက် များနှင့်သော်၎င်း၊ အချက်ကျစားသောက်နေထိုင်တတ်ပေ၏။

မစ္စတာဟဲရစ်၏ အမိန့်အရ၊ ဟော်တယ်အစေခံကုလားများမှာ မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ အဘို့ ဟော်တယ်စားပွဲခန်း တွင်၊ ထမင်းနှင့် လဘက်ရည်များကို ဘယ်အခါမျှမပြင်ရဘဲ၊ ၎င်းတို့ အခန်း ထဲသို့သာ သွားရောက်ပြင်ဆင် ကျွေးရသည့်အပြင်၊ ထိုအခန်းတွင်လည်း မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ နှစ်ယောက် တည်းသာ နေထိုင်ကြပါလျက်၊ ထမင်းစားချိန်နှင့် လဘက်ရည်သောက် ချိန်များတွင်၊ သုံးယောက် တွက် အစားအစာများကို အမြဲပေးနေရသေကြောင့် အတော်အံ့သြနေမိ ကြလေရာ၊ မစ္စတာဟဲရစ် ၏ ဇနီးအတွက်ဆို၍၊ ငှါးထားသောအခန်းမှာလည်း၊ မည်သူတဦး တယောက်မျှ မနေသေး ဘဲလျက် နံနက်တိုင်း အိပ်ရာအိမ်ခင်း တွေ အနေအထား ပျက်နေကြောင်း၊ အခန်းကို ပြုပြင် သုတ်သင်ရန် လာသော ဟော်တယ်အစေခံ ကုလားမကြီး က ပြောပြပြန်သောအခါ၊ အစေခံကုလားများမှာအံ့အား သင့်သည်ထက် သင့်ကြပြန်တော့၏။

ဆက်ရန်
.

No comments:

Post a Comment

thank you to say so