Wednesday, December 21, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၂၂)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၁)
ခေတ်မီ ရှေးမြန်မာများ

" နိုင်ငံမျိုးခြား စာစကား သင်ကြားသင့်သည့်မှတ် "
ငယ်စဉ် က သင်ကြားခဲ့ရသည့် "မှတ်ကြီး" ရှစ်ပါးလင်္ကာတွင် နိုင်ငံခြားဘာသာစကား သင်ယူရေးနှင့် စပ်လျဉ်း လျက် (အမြင်ကျယ်သော ရှေးလူကြီးများက ဆုံးမစာသံပေါက် ရေးသားခဲ့သည်။ ဤကဲ့သို့ မှတ်သား နာယူခဲ့ပါလျက်ကယ်နှင့် ကြီးလာသောအခါမူ မှတ်ကြီးလင်္ကာသည်ပင် မှတ်ကြီးရှစ်ပါလား။ မှတ် ကြီး တစ်ဆယ့်ခြောက်ပါးလား မမှတ်မိတော့။

ဆရာဇ၀နကမူ " ဟေ့ မှတ်ကြီးက မကုန်သေးဘူးကွ။ ဆယ့်ခြောက်ပါး၊ ဆယ့်ရှစ်ပါး လိုချင်သလောက် လုပ်လို့ ရတယ်။ ဟော " ပလွေနှင့် ဘာဂျာတီးမှုတ်ကာဖြင့်၊ ညမှာလျှောက်သွားပြုသူများ စီးပွား ပျက်မည် မှတ်တဲ့ ကဲ … ဘယ်လောက် နာယူဖို့ ကောင်းသလဲ။ ရှေးလူကြီးများ ဆုံးမထားခဲ့တာ၊ မင်းတို့ တွေ ည ညမှာ လျှောက်လည်သွားပြီး ဘာဂျာတို့ ဘာတို့ မမှုတ်နဲ့တဲ့၊ ဟုတ်လား ဟဲဟဲ " ဟု ပြောကာ အားရ ပါးရ ရယ်နေသည်။ ကျွန်တော်ကမူ ရိုးသားသော လူငယ်ပီပီ အတွေ့အကြုံများလှသော လူကြီးတို့၏ ရယ်ဖွယ်ရာ ကို မှန်းဆနိုင်စွမ်းမရှိခဲ့ပါ။ သို့သော်လည်း " ဇ၀နော့စကီး ဖြီးသည်များ၊ အလကားဟုမှတ်" ဟု ထပ်မံဖြည့်စွတ်လိုက်ခြင်းအားဖြင့် တစ်ဆယ့်ရှစ်ပါး ပြည့်သွားပါတော့သည်။

ရှေးလူကြီးများ ဆုံးမခဲ့သည်နှင့်အညီ နောင်တော်တို့သည် မည်မျှ လိုက်နာကျင့်သုံးခဲ့ပါသနည်း။ နိုင်ငံခြား ဘာသာ စကား မဆိုထားနှင့် ကျွန်တော်တို့၏ တိုင်းရင်းသားစကားဖြစ်သော ရှမ်းစကား၊ ကရင်စကား၊ ကချင် စကား၊ ချင်းစကား၊ မွန်စကား စသည်တို့ကိုပင် နီးစပ်လျှင် တစ်လုံးစ နှစ်လုံးစမှအပ စိတ်ပါဝင်စားစွာ နှင့် စနစ်တကျသင်ယူသူ နည်းပါးလှပါသည်။

ခရစ်နှင့် ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှသည် လွတ်လပ်ရေးရသည့် အချိန်ကာလအထိ နှစ် ပေါင်း ၁၂၄ နှစ်တာ နီးပါးမျှတိုင် ကျွန်တော်တို့သည် အင်္ဂလိပ်ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ကြရသည်။ အင်္ဂလိပ်တို့၏ ကိုလိုနီကျွန်ဘ၀တွင် အုပ်ချုပ်သူအင်္ဂလိပ်များက ကျွန်တော်တို့အား အင်္ဂလိပ်စာနှင့် စကား သင်ကြားစေခဲ့သည်။ ရည်ရွယ်ချက်မှာ အင်္ဂလိပ်စာ ကို ကမ္ဘာ့မျက်ဖွင့်ဘာသာအနေဖြင့် မြန်မာများ ကမ္ဘာ နှင့် ခေတ်မီရင်ဘောင်တန်းနိုင်ကြစေဖို့မဟုတ်။ သူတို့၏ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားတွင် ပါဝင် အမှု ထမ်းဆောင် ကြမည့် တိုင်းရင်းသားများအား ခိုင်းစေ၍ ကောင်းကြစေရန်ဖြစ်သည်။ ဒုတိယ အနေ အားဖြင့် ခရစ်ယာန် သာသနာကို ပြန့်ပွားစေရန်ဖြစ်သည်။

အင်္ဂလိပ်အုပ်ချုပ်မှုနှင့် နီးစပ်သောဒေသ၊ ကိုလိုနီဘ၀သို့ ဦးစွာကျရောက်သော ဒေသမှ ပုဂ္ဂိုလ်များသည် အင်္ဂလိပ်စာ သင်ယူရေးတွင် ပထမဆုံးသော အခွင့်အရေးကို ရရှိခဲ့ကြသည်။ သို့အတွက် ရခိုင် ကမ်းခြေ ဒေသ မှပုဂ္ဂိုလ်များသည် ကာလကတ္တား ကောလိပ်မှအစ၊ ဒါဂျီလင်စသော ပညာရေးဌာနများ၌ သွားရောက် လေ့လာနိုင်ခဲ့ကြသည်။ အင်္ဂလိပ်စာ (ပညာ)တစ်နည်းအားဖြင့် ခေတ်ပညာတတ်များ ပေါများခဲ့ ကြသည်။ လွတ်လပ်ရေးရသည့် အချိန်တွင် တရားရေးဌာနမှ ပုဂ္ဂိုလ်ကြီးများသည် ရခိုင် အမျိုးသား များသာလျှင် များပြားကြခြင်းမှာ ဤသမိုင်းကြောင်း၏ အကျိုးဆက်တရားမျှသာလျှင် ဖြစ် သည်။ မြန်မာလူမျိုးတို့အနက်မှ အမေရိကန်သို့ ပထမဦးစွာ ပညာသင်ရောက်ခဲ့သူ မောင်ရှောလူးမှာ မော်လမြိုင်သား တစ်ဦးဖြစ်သည်။ ရခိုင်ကမ်းခြေဒေသနှင့် တနင်္သာရီကမ်းခြေဒေသတို့သည် ကျန်ပြည်မ ဒေသ များထက် နှစ်ပေါင်းခြောက်ဆယ်၊ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်စီမျှ အသီးသီး ရှေးဦးကျမှုရရှိခဲ့ကြသည်။

အင်္ဂလိပ် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို မြန်မာလူမျိုးတို့အတွင်း ဆောင်ကျဉ်းသယ်ယူရာတွင် သာသနာပြု ပုဂ္ဂိုလ်များသည် စံနမူနာ ယူလောက်အောင်ပင် ဇွဲလုံ့လ၀ီရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ ဖြစ်ကြ သည်။ သူတို့သည် မြန်မာစာကို ရေလည်စေ့ငုစွာ မတတ်သေးမီကာလမှာပင် စတင်၍ သူတို့ လေ့လာ ဆည်းပူးရမိသမျှသော မြန်မာစာအားဖြင့် စာအုပ်များရေးသားကာ ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ သူတို့ ၏ကြိုးပမ်းမှုများမှ အနည်းငယ်ကို ထုတ်နုတ်ဖော်ပြရသော် -
၁၈၅၃ Mrs. B. Stilson ရေး သူငယ်တို့ဖတ်ရန် လောကဓာတ်ပညာစာ။ ၁၈၅၄ Rev; Kinkaid ရေး မြန်မာရေးဘာသာရာဇ၀င်နှင့် ဂဏန်းတွက်ပုံ (မင်းတုံးမင်းထံဆက်)
၁၈၈၄ အမေရိကန်သာသနာပြုတိုက်ထုတ် တတိယဖတ်ရန်စာ။ စသည်တို့ဖြစ်၏။ ၄င်းစာအုပ်များကို မော်လမြိုင်မြို့ ရှိ အမေရိကန် သာသနာပြုပုံနှိပ်တိုက်မှ ရိုက်နှိပ်ဖြန့်ချိခြင်း ဖြစ်သည်။
နိုင်ငံခြားသား များဘက်မှ ယင်းကဲ့သို့ ကြိုးပမ်းသူများ အလားတူ မြန်မာများဘက်မှလည်း နိုင်ငံခြား ဘာသာ လေ့လာရေး၊ လောကဓာတ်ပညာ(သိပ္ပံပညာ) လေ့လာရေးကို စိတ်ဝင်စားလျက် ကြိုးပမ်း အားထုတ် သူများ ရှိခဲ့ကြသည်။ ယင်းပုဂ္ဂိုလ်များမှာ မက္ခရာမင်းသားကြီး၊ ကနောင် မင်းသား ယော အတွင်းဝန် ဦးဖိုးလှိုင်၊ သံကြီး ဦးခြိမ့် စသူတို့ဖြစ်ကြသည်။ ဦးဖိုးလှိုင်၏ ကြိုးပမ်းမှုကို ကြည့်ပါလေ။

ကာယာနုပဿနာပညာကျမ်း
On Anatomy
လောကဓာတ်ကျမ်း
On Chemistry
မဟာသမ္မတ ၀ိနိစ္ဆယကျမ်း
On Democracy
ရာဇဓမ္မသင်္ဂဟကျမ်း
On Government

နိုင်ငံခြားသာသနာပြုများအနက်မှ အထူးချွန် အပြောင်မြောက်ဆုံး ပုဂ္ဂိုလ်မှာ အမေရိကန် သာသနာပြု ဆရာ Reverend Dr. Judson ဆရာ ဒေါက်တာဂျပ်ဆင် (၀ါ) မြန်မာတို့အခေါ်အားဖြင့် ဆရာယုဒသန်ပင် ဖြစ်တော့သည်။ ဆရာယုဒသန်သည် မြန်မာစာကို မည်မျှနက်နဲပေါက်ရောက်စွာ လေ့လာခဲ့ပါသနည်းဟူမူ သူဘာသာပြန်ခဲ့သည့် ခရစ်ယာန်သမ္မာကျမ်းက သက်သေထူလျက်ရှိပါသည်။
ဒေါက်တာဂျပ်ဆင်သည် သမ္မာကျမ်းကို ဘကြီးတော်ဘုရားလက်ထက် အမရပူရကျည်းတိုက်တွင် အကျဉ်းခံ ရဆဲကာလ၌ အပြီးရေးသားခဲ့သည်။ ဒေါက်တာဂျပ်ဆင်သည် သမ္မာကျမ်း ကို ဂရိ(ခေါမ) " ဘာသာ မှ မြန်မာဘာသာ သို့ တိုက်ရိုက်ဘာသာပြန်ဆို ရေးသားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာဂျပ်ဆင်၏ မြန်မာ ဘာသာ လေ့လာရေး စကားအသုံးအနှုန်းကျွမ်းကျင်မှုတို့မှာ ရင်သပ်ရှုမော ဖြစ်ရပါသည်။ စာရေးသူ သည် တစ်ချိန်သောအခါက အစ္စလာမ်ဘာသာဝင်တို့၏ " ကုရ်အာန်ကျမ်းတော်" ကို မြန်မာဘာသာသို့ ပြန် ဆိုပြီးစီးခဲ့ပါသည်။

အကြောင်းမသင့်၍ ဤယခုအထိပုံနှိပ်ထုတ်ဝေခြင်းမပြုနိုင်သေးပါ။ ယင်းကဲ့သို့ ပြန်ဆိုသောအခါကျမှ ဒေါက်တာဂျပ်ဆင် ၏ မြန်မာရေးမြန်မာမှု နားလည်ခြင်းကို သဘောပေါက်ခဲ့ရပါသည်။ သမ္မာကျမ်း (ဓမ္မဟောင်း) ကျမ်း နှင့် ကုရ်အာန်ကျမ်းတော်တို့မှာ အချို့နိပါတ်တော်များ၌ ဆင်တူလာရှိပါသည်။ စာရေး သူက တစ်နေရာတွင် -
" When the angels blow the trumpet the world shall burst asunder" ဟူသော စာပုဒ်ကို
" လောကပါလနတ်များသည်လည်း ခရာမှုတ်သောနေ့တွင် ကမ္ဘာကြီးပျက်သုဉ်းလိမ့်မည်" ဟု ပြန်ခဲ့ ပါသည်။

Trumpet ဟူသော ဝေါဟာရကို ခရာဟူ၍သာ ပြန်နိုင်ခဲ့ပါသည်။ ယင်းစာပုဒ်နှင့် အလားတူစာပိုဒ်သည် သမ္မာကျမ်းစာ၌ ပါရှိလေရာ ယင်းကို ဆရာယုဒသန်က " လောကပါလ နတ်များသည်လည်း "တံပိုး" မှုတ်သော နေ့တွင်" ဟု ပြန်ဆိုခဲ့ပါသည်။ ကြည့်ပါ။ Tumpet ကို ကျွန်တော်က ခရာ ဟူ၍သာလျှင် အသင့် လျော်ဆုံး ပြန်ဆိုနိုင်ခဲ့သည်။ မြန်မာဆန်သောစကားလုံး "တံပိုး"ကို စဉ်းစားနိုင်စွမ်းမရှိခဲ့။ တစ်ဖန် တစ်နေရာ တွင် "Bolt " ဟူသော စကားလုံးကို ကျွန်တော်က " မင်းတုံး" ဟူ၍သာ တတ်စွမ်းခဲ့သည်။ အခြား ဖြစ်သည့် " ဂလန့်"၊ "ဂျက်" တို့ကို ပယ်ခဲ့သည်။ " မင်းတုံး" သည် သေချာလှပေပြီ။ ထိုစကားလုံး ကိုပင် ဆရာယုဒသန် က တံခါးကို " ကျင်လျှိုသည်" ဟူ၍ "ကျင် "ဟူသော စကားလုံးကို ရွေးသုံးခဲ့သည်။ တံစို့၊ တံကျင် ဟူသည့် စကားလုံးများသည် မြန်မာစကားလုံးစစ်စစ်များ၊ မဟုတ်ပါလော။ ကျွန်တော် တို့သည် နိုင်ငံခြားဘာသာကို လက်လှမ်းမမီကြသည်သာမက ကိုယ်စကားလုံးများကိုပင် ကိုယ် မေ့ပျောက်သည့် တိုင် ဖြစ်ခဲ့ကြ၏။

ရှေးမြန်မာများသည် နိုင်ငံခြားဘာသာလေ့လာရာ၌ အင်္ဂလိပ်စာသာလျှင်ရှိသေး၊ ပြင်သစ်ဘာသာ၊ ပေါ်တူဂီ စသည့် ၁၆ ရာစု စွန့်စားသမားများနှင့် ထိတွေ့ကတည်းက နိုင်ငံခြားစကားလုံးများမှာ မြန်မာဝေါဟာရတွင်းသို့ ရောက်ရှိခဲ့သည်။ အရက်၊ ကတ္တရာ၊ ကတ္တီပါ (အာရပ်ကုန်သည်များမှ)။ ဗြစ်၊ ဗီရို၊ ဘော်ဒီ၊ ရှင်မီး (ပြင်သစ်စကားလုံးများ)။ သေနတ်(ပေါ်တူဂီ-စေနှပ်၊ ၀)။
ဤသို့လျှင် နှစ်တစ်ရာကျော်ကာလအတွင်း အင်္ဂလိပ်ကိုလိုနီဘ၀၌ အင်္ဂလိပ်စာပေကို လေ့လာခဲ့ကြရာတွင် ထူးချွန် ပြောင်မြောက်စွာ တတ်ကျွမ်းသူ မြန်မာများလည်း ရှိခဲ့ပါသည်။ လုပ်ငန်းဖြစ်ရုံ သာမန် တတ်ကျွမ်းသူ များလည်း ဒုနှင့်ဒေးပင်ဖြစ်ပါသည်။ ဆိုကြပါစို့ ကျွန်တော်တို့ အင်္ဂလိပ်စာကို လေ့လာ ခဲ့ကြသည် မှာ စနစ် ဟောင်းဟူ၍။ ကျွန်တော်တို့ လေ့လာခဲ့သည့် စနစ်ဟောင်းမှာ သဒ္ဒါ(ဂရမ္မာ)ကို အခြေခံ တည်ဆောက်သည့် အင်္ဂလိပ်စာဖြစ်၍ အချိန်တော့ကြာသည်။

ယနေ့ ကမ္ဘာတ၀န်းတွင် အင်္ဂလိပ်စာကို ဒုတိယဘာသာတစ်ရပ်အဖြစ် လေ့လာကြရာ၌ စနစ်သစ်များ တီထွင် လာကြသည်။ အချိန်ကြာမြင့်စွာ အချိန်ယူ၍ မသင်ကြားနိုင်ကြတော့။ နည်းလမ်းများကို ရှာကြ သည်။ Direct Method (တိုက်ရိုက်နည်း) Pattern Method (ပုံစံနည်း) စသည်တို့ဖြစ်၏။ အခြား New Method ဆိုသည်တို့လည်း အလျှိုလျှိုပေါ်ပေါက်ခဲ့ကြသည်။ TOEFL/TESL နှင့် TESOL (Teaching of English to Speaker of Other Languages) ဟူ၍ဖြစ်သည်။

ကျွန်တော်တို့၏လက်ရှိ အင်္ဂလိပ်စာသင်ကြားပို့ချရေးမှာ မည်သည့်စနစ်တွင် တည်မှီနေသည်ကိုမူ ကျွန်တော်သည် ပညာရေးသုတေသီတစ်ဦးမဟုတ်ခြင်းကြောင့် ဝေဖန်ပြောဆိုနိုင်စွမ်းမရှိပါ။ ယနေ့ ဘွဲ့ရ လူငယ် များသည် အင်္ဂလိပ်စာ၊ စကား၏နယ်ပယ်တွင် နယ်ပယ်လေးရပ်ရှိသည့်အနက် "အဖတ်" နယ်ပယ် တွင်သာ အတန်းအသင့်သောကျွမ်းကျင်မှု ရှိကြပါသည်။ ကျန်နယ်ပယ်များဖြစ်သည့် " ပြောစကား နားလည် မှုနယ်ပယ်"၊ "စာအရေးအသားနယ်ပယ်" နှင့် "စကားပြောနယ်ပယ်" တို့၌ လုံးဝ မကျွမ်းကျင် ကြသည်ကို တွေ့ရပါသည်။ ဘာသာစကားတစ်ရပ်တွင် ဤနယ်ပယ်လေးရပ်လုံး၌ ကျွမ်းကျင်မှုရှိမှသာလျှင် တကယ် တတ်ကျွမ်းသည်ဟု ဆိုရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ သည် နိုင်ငံခြားဘာသာသင် သိပ္ပံတစ်ရပ်ကို ထူထောင်ကာ ကျွမ်းကျင်သောဆရာများ၊ ခေတ်မီသင်ကြားပို့ချမှု အကူပစ္စည်းများနှင့် ပြင်သစ်၊ ဂျာမန်၊ ရုရှ၊ တရုတ်၊ ဂျပန် ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းပြီးဆုံးအောင်မြင်သူများကို ဒီပလိုမာဘွဲ့ ပေးအပ်သည်။ အလွန်ပင် ကောင်းမွန်သောလုပ်ငန်းရပ် ဖြစ်ပါသည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးပါ။ ဆက်လက်၍ အားပေးချီးမြှင့်ရဦးမည့် ကဏ္ဍများရှိပါသေးသည်။ ချီးမြှင့်ရမည့်သူများမှာ နိုင်ငံဝန်ထမ်းများဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရသည် မိမိ၏ နေမ၀င်သော အင်ပါယာ ကြီး ကို နိုင်ငံဝန်ထမ်းအကြီးအကဲများအား လွှဲအပ်အုပ်ချုပ်စေရာ၌ မြန်မာပြည်၊ အိန္ဒိယပြည်တို့တွင် ရှေးယ ခင်က အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) ဟူသည်မှာ မိုးကျရွှေကိုယ်များ ဖြစ်ကြပါသည်။

ဤမိုးကျ ရွှေကိုယ်များအားပင် မိမိတို့ သွားရောက်တာဝန်ထမ်းဆောင်ရသည့် နိုင်ငံတို့၏ တိုင်းရင်း ဘာသာစကားနှင့် စာပေကို တတ်ကျွမ်းလျှင် စာမေးပွဲတစ်ရပ် ၀င်ရောက်ဖြေဆိုစေလျက် အောင်မြင်သူ များအား ဘာသာစကား ကျွမ်းကျင်မှု ချီးမြှင့်ငွေကို မူရင်းလစာအပြင် ခံစားခွင့်ပြုခဲ့သည်။ မြန်မာ၊ ဟိန္ဒူ၊ အူရဒူ၊ တေလဂူ။ ဂူဂျရာတီစသည့် မည်သည့်တိုင်းရင်းသားဘာသာကို တတ်ကျွမ်းသည်ဖြစ်စေ၊ ငွေကြေး အကျိုးခံ စားခွင့်ထိုက်သင့်သမျှ ချီးမြှင့်ခဲ့သည်။ မြန်မာပြည်တွင် မောရစ်ကောလစ် စသည့် အိုင်စီအက်စ်ကြီးများသည် ပါဠိဆရာကြီး ဆရာပွားထံမှ မြန်မာစာ သင်ယူခဲ့ကြသည်။ အထူး ကျင်းပ ပေးသော စာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသည်။ အစိုးရအသိအမှတ်ပြု စာမေးပွဲဖြစ်သည်။
ယနေ့ နိုင်ငံဝန်ထမ်း အားလုံးကိုလည်း အလားတူ ချီးမြှောက်သင့်ပေပြီ။

အလျဉ်းသင့်၍ ကျွန်တော့ တွေ့အကြုံတစ်ခုကို တင်ပြလိုပါသည်။ တစ်နေ့ မိတ်ဆွေတစ်ဦး၏ ကုမ္ပဏီ ရုံးခန်း သို့ အလည်ရောက်သွားသည်။ သူ့ကုမ္ပဏီသည် နိုင်ငံခြားသားများနှင့် ဆက်ဆံလုပ်ကိုင်နေရသော ပုဂ္ဂလိက ရုံးတစ်ခုဖြစ်သည်။ အစိုးရရုံး၊ မဟုတ်ပါ။

သူ့ရုံးတွင် စာရေးနှစ်ဦးရှိသည်။ တစ်ဦးမှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်လက်နှိပ်စက်ကျွမ်းကျင်သူဖြစ်သည်။ အခြား တစ်ဦးမှာ မြန်မာစာကိုပင် အနိုင်နိုင် လစာကျတော့ အတူတူပင်။ တတ်ကိုင် တတ်သောစာရေးမှာ ခိုင်းသမျှ တတ်သည်မို့ သူ့ချည်းသာလျှင် အလုပ်ရဆုံးဖြစ်သည်။ မတတ်သူမှာ တစ်နေကုန် ရုပ်ပြ ဇာတ်လမ်း ပေါင်းစုံ ကိုဖတ်နေသည်။
ထိုကုမ္ပဏီမှ အပြန်တွင် မှတ်ကြီးတစ်ပါး ကို ကျွန်တော် ထပ်ဖြည့်လိုစိတ် ပေါက်လာခဲ့သည်။ " နိုင်ငံ မျိုးခြား စာသင်ကြား၊ သင်ဖားလိမ့်မည်မှတ် "

ဆက်ရန်
.

No comments:

Post a Comment

thank you to say so