Thursday, December 22, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၂၈)

(၂၈)

"ဒီနေ့ စီရင်ချက် ချမယ်၊ ဘယ်လိုစီရင်ချက်မျိုး ချမှတ်နိုင်တယ်ဆိုတာ ကျွန်တော် ဘယ်တုန်းကမှ ကြိုတင် နိမိတ် ဖတ်လေ့ မရှိဘူး၊ ဒါပေမယ့် ဒီနေ့တော့ ကျွန်တော့်ရဲ့ စည်းကမ်းကို ဖောက်ပြီး ကြိုတင် ဟောကိန်း ထုတ်လိုက်မယ်၊ ဟိုလူတော့ ကြိုးစင်တက်ရမှာပဲ၊ သေချာတယ်"
စင်တိန်ကုတ်နေ စားပွဲ၏ ရှေ့ဘက်ကုလားထိုင်၌ မျက်နှာချင်းဆိုင် ထိုင်နေသော ရှေ့နေအေဘရာဟင် က ပြောလိုက်သည်။

"ဘယ်လိုလုပ်ပြီး ရှင်က ဒီလောက် သေချာနေရတာလဲ"
စင်တိန်က အေးဆေး တည်ငြိမ်စွာ မေးလိုက်သည်။ အေဘရာဟင်က ဥပဒေကြောင်းများ၊ ပတ်ဝန်းကျင် အချက် များဖြင့် တစ်ချက်ပြီးတစ်ချက် ရေပက် မ၀င်အောင် ရှင်းပြနေသည်။ သူ့ရှင်းပြချက် များကို ကြားရသော အခါ သူ၏ ကြိုတင်ခန့်မှန်းချက်မှာ သဘာဝကျကြောင်း စင်တိန် သိမြင်လာသည်။ စင်တိန် က လက်ပတ်နာရီ ကို ကြည့်ပြီး ပြောလိုက်သည်။

"နောက် မိနစ် ၄၀ကြာယင် တရားရုံး ပြန်ထိုင်တော့မယ်။ ကျွန်မတို့ သွားကြစို့"
စင်တိန် ထိုင်ရာမှ ထလိုက်သည်နှင့် တပြိုင်နက် အေဘရာဟင်လည်း လိုက်ထသည်။ တရားရုံးသို့ အေဘရာဟင် ၏ ဖို့ဒ်ကားဖြင့်ပင် စင်တိန် လိုက်လာသည်။ တရားရုံးရှေ့မှနေ၍ သတင်းထောက်များက စောင့်ပြီး အလုအယက် ဓာတ်ပုံ ရိုက်ကြသည်။ စင်တိန်က လက်ကိုင်အိတ်ဖြင့် မျက်နှာကို ကာထား သည်။

မော်တော်ကားပေါ်မှ ဆင်းပြီး ရုံးထဲဝင်သည်နှင့် သတင်းထောက်များက မေးခွန်းများ ၀ိုင်းမေးကြသည်။
"သူ့ကို ကြိုးဒဏ်ပေးလိုက်ယင် ခင်ဗျား ဘယ်လို ခံစားရမလဲ"
"ခင်ဗျားစိန်တွေ ဘယ်ရောက်သွားသလဲ၊ အဲဒီစိန်တွေ မရှိတော့ ခင်ဗျားကုမ္ပဏီ ရပ်တည်နိုင်ပါ့ဦးမလား၊ မစ္စက်ကုတ်နေ"
"ခင်ဗျား က ဘယ်လိုခံစားနေရသလဲ"

စင်တိန်က ဘာမှမဖြေ။ သူမရှေ့နေ အင်ဘရာဟင် စင်တိန်ကို လက်ကောက်ဝတ်မှကိုင်ကာ သတင်း ထောက် များ ကြားမှ တိုးဝင်ရုန်းထွက်ပြီး တရားရုံးအဆောက်အအုံထဲသို့ ခေါ်သွားသည်။
"ဒီနားကနေပြီး ခဏစောင့်နေပါ အေဘီ"
စင်တိန် သည် အေဘီ ကို တရားခွင်ခန်းမ အ၀င်အ၀အပေါက်၌ ထားခဲ့ပြီး အမျိုးသမီး ကိုယ်လက် သန့်စင်ခန်း ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားသည်။ မိမိအား ၀ိုင်းကြည့်နေသူများအား မသိကျိုးကျွန် ပြုပြီး ထောင့်ချိုးတစ်ခု ကို ကွေ့လိုက်ပြီး ဆက်လျှောက်သွားသည်။ အေဘီက သူမကို မမြင်နိုင်တော့။

တရားခံရှေ့နေအတွက် အခန်းသည် အမျိုးသမီး ကိုယ်လက်သန့်စင်ခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိ သည်။ ထိုအခန်းရှေ့ ရောက်လာသောအခါ မိမိအား မည်သူများ ကြည့်နေသလဲဟု ပတ်ဝန်းကျင်ကို မျက်စိ ကစားလိုက်သည်။ မည်သူမှမရှိ၊ မည်သူမျှ မကြည့်။ တံခါးကို ပြင်းပြင်းခေါက်လိုက်သည်။ ထို့နောက် တံခါးတွန်းဖွင့်ပြီး အထဲသို့ ၀င်သွားသည်။ ပြီးတော့ တံခါးကို နောက်ပြန်ပိတ်လိုက်သည်။
တရားခံ ရှေ့နေက သူမကို အံ့သြတကြီး မော့ကြည့်လိုက်စဉ်မှာပင် စင်တိန်က ပြောလိုက်သည်။

"ကျွန်မ ကျူးကျူးကျော်ကျော် ၀င်လာခဲ့တဲ့အတွက် ခွင့်လွှတ်ပါ ရှေ့နေကြီး၊ ကျွန်မ ရှင့်ကို ပြောစရာရှိ လို့ပါ ..."
လေးငါးမိနစ် ကြာပြီးနောက် စင်တိန် ပြန်ရောက်လာသောအခါ အေဘရာဟင်သည် စင်တိန်ထားခဲ့သည့် အခန်းဝ ၌ပင် ရပ်စောင့်နေသည်။
"ဗိုလ်မှူးကြီး မယ်လကွန် ဒီကို လာတယ်"
အေဘရာဟင်က ပြောလိုက်သည်။ ထိုစကားကြားလိုက်ရသည်နှင့် စင်တိန်သည် စောစောက ကိစ္စ အားလုံး ကို လောလောဆယ် မေ့သွားတော့သည်။

"သူ ဘယ်မှာလဲ"
စင်တိန် က စိတ်ဝင်တစား မေးလိုက်သည်။ အမှုစ စစ်သည့် ဒုတိယနေ့တွင် ဘလိန်းမယ်လကွန် သည် သက်သေ အဖြစ် လာရောက် ထွက်ဆိုပြီးနောက် စင်တိန်သည် သူ့အား မတွေ့ခဲ့ရတော့ပေ။
"သူဘယ်မှာလဲ"
စင်တိန်က ထပ်မေးလိုက်သည်။
"တရားခွင်ရုံးခန်းထဲ ၀င်သွားနှင့်ပြီ"
အေဘရာဟင်က ဖြေသည်။ ထို့နောက် အေဘရာဟင်က သူမအား ရှေ့ဆောင်ကာ အခန်းထဲသို့ ခေါ် သွားသည်။ တရားခွင်၏ ရှေ့ဆုံးသုံးတန်းမြောက်တွင် အေဘရာဟင်၏ လက်ထောက်ရှေ့နေ၏ ချာလီက သူတို့ အတွက် နေရာယူထားသည်။ ထိုနေရာတွင် သူတို့ပင် ထိုင်ကြသည်။

စင်တိန် သည် ရုံးခန်းထဲတွင် ထိုင်နေသော လူများထဲ၌ ဘလိန်း၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ပုံပန်းကို လိုက်ရှာသည်။ အလယ်ကောင် လူသွားလမ်း၏ ဟိုမှာဘက်တစ်နေရာတွင် ထိုင်နေသော ဘလိန်းကို တွေ့ ရသည်။ ဘလိန်းကလည်း သူမကို လိုက်ရှာနေရာ မကြာခင်ပင် အကြည့်ချင်း ဆုံသွားကြသည်။ သူတို့ တစ်ဦး နှင့် တစ်ဦး စိုက်ကြည့်နေကြသည်။ သူတို့နှစ်ဦးကြားမှ လူသွားလမ်းကလေးသည် စင်တိန် အဖို့ ရွှေပင်လယ် ဆီးသည်သို့ နီးမယ်မထင်အောင် ဖြစ်နေသည်။ လူများ ထပ်ဝင်လာ တစ်ယောက်နှင့် တစ်ယောက် ကွယ်သွားပြီး မမြင်ရတော့ပေ။

"ဟိုမှာ သူ ..."
အေဘရာဟင်က ပြောလိုက်သည်။ ဘလိန်းကို တွေ့သွား၍ ပြောခြင်းဖ်ြစမည်ဟု စင်တိန် ထင်လိုက် သည်။ သို့သော် သူမ လှမ်းကြည့်လိုက်သောအခါ လိုသာဒီရေးအား ထောင်ဝါဒါများက အချုပ်ခန်းထဲမှ ခေါ်ထုတ်လာသည်ကို တွေ့လိုက်ရသည်။
သူမ သည် လိုသာအား လွန်ခဲ့သော ငါးရက်အတွင်း တရားခံဝက်ခြံထဲ၌ နေ့တိုင်း တွေ့ခဲ့ရသည်။ ယနေ့ တွင် လိုသာသည် အရောင်လွှင့်နေသော အပြာရောင် အလုပ်သမား ရှပ်အင်္ကျီနှင့် ဘောင်းဘီ အနက်ကို ၀တ် ထားသည်။ အင်္ကျီနှင့် ဘောင်းဘီက သူ့ခန္ဓာကိုယ်ထက် အတော်ပင်ကြီးနေသည်။ သူသည် အဘိုးကြီး တစ်ယောက်လို တုန်ချည့်ချည့်လျှောက်လာရာ ၀ါဒါ တစ်ယောက်က တွဲပြီး ၀က်ခြံ ထဲသို့ ပို့ပေးသည်။

ဝက်ခြံထဲမှ ခုံတန်း တွင် လိုသာ ထိုင်လိုက်မိသည်နှင့် သူ့ခေါင်းက မော့လာသည်။ သူ့ခေါင်းက ဆံပင် များက ဆွတ်ဆွတ်ဖြူနေပြီး မျက်ခုံးမွေးများပင် ငွေရောင်သန်းလာသည်။ ခန္ဓာကိုယ်မှာ အရိုးပေါ် အရေ တင်လောက် ဖြစ်နေပြီး ပါးရေနားရေ များ တွဲကျနေသည်။ ရွှေအိုရောင်  အသားအရည်က လူမမာ အရောင် အ၀ါရောင်ထနေသည်။
လိုသာသည် ခေါင်းကို မော့ပြီး တရားခွင် ရုံးခန်းထဲရှိ ခုံတန်းများ၌ ထိုင်နေသူများထဲမှ တစ်စုံ တစ်ယောက်ကို လိုက်ရှာသလို လိုက်ကြည့်နေသည်။ ဤသည်ကို စင်တိန်က စောင့်ကြည့်နေသည်။ တစ်စုံတစ်ရာ ကို ပူပန်ကြီးစွာဖြင့် လိုက်ရှာနေပုံ၇သော လိုသာ့မျက်နှာတွင် ၀မ်းသာပျော်ရွှင်ရိပ်ကလေး မျက်လုံး ၌ ပေါ်လာသည်ကို စင်တိန့် မြင်လိုက်ရသည်။ သူလိုက်ရှာတာကို တွေ့လိုက်ရသဖြင့် မသိ မသာ ပြုံး လိုက်သော အပြုံးကိုလည်း စင်တိန် မြင်လိုက်ရသည်။

ထိုမြင်ကွင်းမျိုးကို စင်တိန် ငါးရက်လုံးလုံး မနက်တိုင်း မြင်ခဲ့ရသည်။ သူမထိုင်နေသော နေရာမှနေ၍ အနောက်ဘက် သို့ လှည့်ပြီး လိုသာ ကြည့်ရာဘက်သို့ လိုက်ကြည့်သည်။ သို့သော် ထိုင်နေရာချင်း မတူ၍ အမြင် ရှုထောင့်ချင်း မတူသဖြင့် လိုသာ့အာရုံကို ဆွဲဆောင်နိုင်သူ၊ သို့မဟုတ် အရာဝတ္ထုကို စင်တိန် မမြင်ခဲ့ရပေ။ ယခုလည်း ယခင်နည်းတူ မမြင်ရပါချေ။
"အားလုံးငြိမ်ကြပါ ..."
တရားရုံးစာရေးက အမိန့်ပေးလိုက်ရာ ရုံးခန်းထဲမှ စကားသံများ၊ ခြေသံများ တဖြည်းဖြည်း စဲပြီး ငြိမ် သွားသည်။ တရားသူကြီး လက်သရွန်သည် အဖွဲ့ဝင်နှစ်ဦးကို ဦးဆောင်ပြီး တရားခွင်ထဲသို့ ၀င်လာ ကြသည်။ သူတို့သုံးဦး နေသားတကျ ထိုင်လိုက်ကြပြီး တရားသူကြီး လက်သရွန်က တရားခွင်စတင် ကြောင်း ကြေညာကာ ထုံးစံအတိုင်း စွဲချက်စာတမ်းကို ထပ်မံဖတ်ကြားသည်။

တရားရုံး တစ်ခုလုံး ငြိမ်နေသည်။ သတင်းထောက်များက မှတ်စုစာအုပ်ကို အသင့်ပြင်ထားကြသည်။ ရှေ့ဆုံးတန်း မှ ၀တ်လုံများပင် ငြိမ်သွားကြသည်။ လိုသာ့ အမူအရာကမူ မည်သည့် ခံစားချက်မျှ ရှိပုံ မပြပေ။ သို့သော် သွေးမရှိသလို ဖြူဖွေးဖျော့တော့နေသော မျက်နှာဖြင့်သာ တရားသူကြီးကို ငေးစိုက် ကြည့် နေသည်။

တရားသူကြီးကမူ သူ့စာရွက်တွင်သာ အာရုံစိုက် ဖတ်နေသည်။ သူဖတ်ကြားနေသော လိုသာ့အပေါ် စွဲချက် များမှာ လူသတ်ရန်ကြံစည် ကြိုးပမ်းမှု သုံးမှု၊ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက် ဖြင့် တိုက်ခိုက်မှု နှစ်မှု၊ လက်နက်ကိုင် လုယက်မှုတစ်မှု စသည့် အမှုကြီးများ အပါအ၀င် စုစုပေါင်း အမှု ၂၆မှုအတွက် စွဲချက်များကို ဖတ်ကြားရာ မိနစ် ၂၀ခန့် ကြာသည်။
"အဆိုပါ စွဲချက်အားလုံးကို တရားလိုဘက်က စနစ်တကျနှင့် သဘောပေါက် နားလည်အောင် တင်သွင်း သွားပါတယ်။

အဓိကကျသော တရားလိုပြ သက်သေများ၏ ထွက်ချက် အထောက်အထား များကို ဤရုံးတော်က ဘ၀င်ကျပါတယ်။ အထူးသဖြင့် နယ်မြေအုပ်ချုပ်ရေးမှူးကြီး ထွက်ချက်များသည် ကျွန်တော်နှင့် ကျွန်တော် ၏ တရားစီရင်ရေးအဖွဲ့အတွက် အလွန်ပင် အထောက်အကူ ပြုပါတယ်။ ဤအမှုတွင် အရေးပါသော စွဲချက် များ ပေါ်ပေါက်လာစေသည့် အချက်ဖြစ်သော တရားခံအား နောက်မှ ထပ်ကြပ်မကွာလိုက်ခဲ့ပုံ၊ ဖမ်းဆီးခဲ့ပုံများအနက် မျက်မြင် သက်သေ ထွက်ချက် အသေးစိတ် ရရှိရခြင်းဟာ ကျွန်တော်တို့ ကံ အကောင်းဆုံး ဖြစ်ပါတယ်"

တရားသူကြီးက မှတ်စုစာအုပ်ကို ကြည့်ပြောနေရာမှ ဗိုလ်မှူးကြီးဘလိန်းအား တစ်ချက် လှမ်းကြည့် လိုက်သည်။ ထို့နောက်မှ ဆက်ပြောသည်။
"ဗိုလ်မှူးကြီး ဘလိန်းမယ်လကွန်၏ ထွက်ဆိုချက် အထောက်အထားများကို ရုံးတော်က အကြွင်းမဲ့ လက်ခံ ပါကြောင်း ပြောကြားလိုပါတယ်"
စင်တိန်သည် သူထိုင်နေသော နေရာမှ ကြည့်လိုက်ရာ ဘလိန်း၏ နောက်စေ့ကို လှမ်းမြင်ရသည်။ တရားသူကြီး ကို စင်တိန်အား လှမ်းကြည့်ပြီး ပြောလိုက်ပြန်သည်။

အခြားတရားလိုပြ သက်သေတစ်ယောက်ကတော့ မစ္စတာစင်တိန်ကုတ်နေ ဖြစ်ပါတယ်။ သူမဟာ အတော်ပဲ ပင်ပန်း ဆင်းရဲ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါပေမယ့် အချင်းဖြစ်အမှုကိစ္စမှာရော၊ တရားရုံးမှာပါ သတ္တိ ရှိရှိ ရင်ဆိုင်ခဲ့ပါတယ်။ ထွက်ဆိုခဲ့ပါတယ်။ သူမရဲ့ ထွက်ဆိုချက်များဟာ တရားစီရင်ရေးအဖွဲ့ အတွက် အဆုံးအဖြတ်ပေးရေးကိစ္စမှာ အလွန်ပဲ အထောက်အကူ ဖြစ်တယ်ဆိုတာကို ထပ်မံ ပြောကြား လိုပါသည်"
တရားသူကြီး စကားပြောနေစဉ်မှာပင် လိုသာဒီလာရေးသည် စင်တိန်ဘက်သို့ လှမ်းပြီး လှည့်ကြည့် လိုက်သည်။ စင်တိန်က သူ့မျက်လုံးနှင့် အကြည့်ချင်း မဆုံမိစေရန် ပေါင်ပေါ်ရှိ လက်ပွေ့အိတ်ကိုသာ ကြည့် နေလိုက်သည်။

"အခြားတစ်ဘက်မှာတော့ တရားခံဟာ သက်သေတစ်ယောက်ပဲ တင်ပြနိုင်ပါတယ်။ အဲဒီသက်သေ ကလဲ သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက်များကို တရားစီရင်ရေးအဖွဲ့က အသေအချာ စဉ်းစား သုံးသပ် ပြီးတဲ့နောက်မှာတော့ ထွက်ဆိုချက် အများအပြားဟာ လက်ခံနိုင်စရာ မရှိဘူးလို့ သဘောရပါတယ်။ တရားခံပြ သက်သေရဲ့ သဘောထားတွေဟာဆိုယင် ရန်လိုနေတယ်။ ပူးပေါင်း ဆောင်ရွက်မှုလည်း မရခဲ့ပါဘူး။ တရားခံဟာ ဒီအမှုတွေကို သူတစ်ယောက်တည်း ကျူးလွန်ခဲ့ပါတယ် ဆိုတာကို ရုံးတော်က လက်မခံနိုင်ပါဘူး။ ဗိုလ်မှူးကြီးမယ်လကွန်၊ မစ္စက်ကုတ်နေနဲ့ ရဲသားများရဲ့ ထွက်ဆိုချက် များမှာ တိကျခိုင်မာပြီး တရားစီရင်ရေးမဏ္ဍိုင်ကို အထောက်အကူ ဖြစ်စေပါတယ်။"

လိုသာဒီလာရေး က တရားသူကြီးကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်သည် လွန်ခဲ့သော ငါးရက် လုံးလုံး ကြည့်ခဲ့သလိုပင် ထီမထင်သည့်အကြည့် ဖြစ်သည်။
"ဒါ့ကြောင့် ရုံးတော်က တွေ့ရှိသမျှသော အချက်အလက်များနဲ့ အထောက်အထားများကို စဉ်းစား သုံးသပ်ပြီး ဆုံးဖြတ်ချက်တရပ်တို့ တညီတညွတ်တည်း ချမှတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကတော့ စွဲချက် ၂၆ ခု စလုံး နဲ့ ပတ်သက်ပြီး လိုသာဒီလာရေးမှာ စွဲချက်အတိုင်း အပြစ် ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်"
လိုသာကတော့ မတုန်မလှုပ်၊ ကျောက်ရုပ်၊ လူပရိသတ်များထဲမှ ဝေဖန်သံများ ပွစိပွစိ ပေါ်လာသည်။ သတင်းထောက်သုံးယောက်က သတင်းစာတိုက်သို့ သတင်းပို့ရန် ရုံးခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားသည်။ အေဘရာဟင်က သူ့ဘေးရှိ စင်တိန်ကို ခေါင်းဆိတ်ပြလိုက်သည်။

"ကြိုးစင်ပါလို့ ကျွန်တော် ပြောထားသားပဲ၊ ပြစ်ဒဏ်စီရင်ချက် လာယင်ကြည့်ပါ၊ မှန်ရစေ့မယ်"
အေဘရာဟင်က ခပ်တိုးတိုး ပြောလိုက်သည်။ တရားရုံးရှေ့ဘက် စာရေးက အသံဗလံများ ငြိမ်အောင် သတိပေးနှိုးဆော်လိုက်သည်။ တရားသူကြီးက သစ်သားတူကို နာနာထုပြီး အသံတိတ်အောင် အချက် ပေးလိုက်သည်။ အသံများ တိတ်သွားသောအခါ တရားသူကြီးက ပြောလိုက်သည်။
"ပြစ်ဒဏ်စီရင်ချက်မချခင်မှာ တရားခံဘက်က ရုံးတော်ကို လျှောက်ထားလိုတာများ ရှိယင် ကြားနာဖို့ အသင့် ရှိပါတယ်"

တရားသူကြီးသည် တရားခံရှေ့နေ လူငယ်လေးကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ ရှေ့နေလေးက ချက်ချင်းမတ်တတ် ထလိုက်သည်။ လိုသာဒီလာရေးသည် ကိုယ်တိုင်ရှေ့နေ မငှားနိုင်သဖြင့် တရားရုံး က မစ္စတာရယ်ဂျီနယ်အော်စမွန်းဆိုသူ လူငယ်ရှေ့နေပေါက်စလေးကို ငှားပေးသည်။ သူသည် အသက်ငယ်ပြီး အတွေ့အကြုံနည်းရုံသာမက အမှုကြီးများကိုလည်း ယခုမှ ပထမဆုံးလိုက်ဖူးခြင်း ဖြစ် သည်။ အခြေအနေ အရပ်ရပ်က သူ့အတွက် မျှော်လင့်ချက် မရှိသလောက် ဖြစ်ခဲ့ရသည်။

"တရားသူကြီးမင်းခင်ဗျား ... ရုံးတော်က ခွင့်ပြုမယ်ဆိုယင် ကျွန်တော့်အမှုသည်အတွက် ပြစ်ဒဏ်ကို လျှော့ပေါ့ သက်ညှာပေးဖို့ သက်သေတစ်ယောက်ကိုခေါ်ယူ တင်ပြချင်ပါတယ်"
"မစ္စတာအော်စမွန် ခင်ဗျားက ဒီအဆင့်ရောက်မှ သက်သေတင်ချင်သေးတယ် ဟုတ်လား။ အရင်ကရော ဒါမျိုး ရှိလို့လား"
တရားသူကြီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ရှိပါတယ် ခင်ဗျာ၊ ၁၉၂၃ခုနှစ် နိုင်ငံတော်နှင့် ဗန်ဒါစပိုင်း အမှုမှာရယ်၊ ၁၉၁၄ခုနှစ်က နိုင်ငံတော်နဲ့ အလက်စန္ဒားရဲ့ အမှုမှာ ရယ်တုန်းက အခုလိုပဲ ခေါ်ယူ တင်ပြခဲ့ပါတယ် တရားသူကြီးမင်း ခင်ဗျား"
တရားသူကြီးသုံးယောက် ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ပြီးမှ အဖြေပေးလာသည်။

"ကောင်းပြီလေ ... မစ္စတာအော်စမွန်၊ ခင်ဗျားရဲ့ သက်သေကို ခေါ်ယူ တင်ပြဖို့ ရုံးတော်က ခွင့်ပြုပါ တယ်"
"ကျေးဇူးပါပဲ တရားသူကြီးမင်း၊ မစ္စက်စင်တိန်ဒီသိရိကုတ်နေ ခင်ဗျာ၊ သက်သေအဖြစ် လာရောက် အစစ်ခံဖို့ ကျွန်တော် ခေါ်ယူပါတယ်"
တရားရုံးတစ်ခုလုံး အံ့အားသင့်ပြီး ငြိမ်ကျသွားသည်။ တရားသူကြီးပင် အံ့အားသင့်ပြီး ဆတ်ခနဲ နောက် လန်သွားသည်။ ထို့နောက်မှ တရားရုံးထဲတွင် အသံအမျိုးမျိုး ထွက်လာသည်။ အံ့သြသံ၊ လိုလားသံ၊ မလိုလားသံများ စုံနေသည်။ စင်တိန်က နေရာမှ ထလိုက်ရာ သတင်းထောက်များက သူမကို မြင်ရရန် ထလိုက်ကြသည်။

သတင်းစာဆရာများပင် နေရာ၌ ပြန်ထိုင်သွားကြပြီး အသံဗလံများ တဖြည်းဖြည်း စဲသွားသည်။ ရုံးဝန်ထမ်းတစ်ယောက်က စင်တိန်အား တွဲပြီး သက်သေထွက်ဆိုရာစင်ပေါ်သို့ ပို့ပေးသည်။ ရုံးထဲရှိ လူတိုင်း လိုလိုပင် စင်တိန်အား ဖွင့်ဟ ချီးကျူးကြသည်။ သို့သော် ဘလိန်းနှင့် အေဘရာဟင် အပါအ၀င် လူ အနည်းငယ် ကသာ ဘ၀င်မကျ ဖြစ်ကြသည်။ စင်တိန့်လုပ်ရပ်ကို မလိုမလား ဖြစ်ကြသည်။
မစ္စတာ အော်စမွန်က စတင်စစ်မေးရန် မတ်တတ်ရပ်လိုက်သည်။ စမေးသော သူ့အသံက မ၀ံ့မရဲဖြင့် ခပ်တိန်တိန်ဖြင့် နေသည်။

"မစ္စက်ကုတ်နေ ... ဒီတရားခံကို ... အဲ အကျဉ်းသားကို စတင် သိကျွမ်းခဲ့တာ ဘယ်လောက် ကြာပြီလဲ ဆိုတာ ရုံးတော် ကို ကျေးဇူးပြုပြီး ပြောပြစေလိုပါတယ်"
"ကျွန်မ လိုသာဒီလာရေကို စသိခဲ့ရသော ၁၄နှစ်လောက် ရှိပါပြီ"
စင်တိန် က တရားခံ ၀က်ခြံထဲမှ လိုသာကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ခင်ဗျား မှတ်မိသလောက် ပြောပြ စမ်းပါ"

"အဲဒါ ၁၉၁၉ခုနှစ်တုန်းက ဖြစ်ပါတယ်ရှင်၊ ကျွန်မကို သဲကန္တာရထဲမှာ ပျောက်ဆုံးနေချိန်က ဖြစ်ပါတယ်၊ ကျွန်မတို့ စီးလာတဲ့ ပရိုတီကက်စယ်သင်္ဘောကြီး ပင်လယ်ထဲမှာ နစ်မြုပ်သွားပြီးတဲ့နောက်၊ အရိုးစု ကမ်းခြေ မှာ ကျွန်မတစ်ယောက်တည်း သောင်းတင် ရောက်ရှိသွားပါတယ်၊ ကျွန်မဟာ ကာလာဟာရီ သဲကန္တာရထဲမှာ တစ်နှစ်ခွဲလောက် ဆန်လူမျိုးလူပုလေး အဘိုးအဘွား လင်မယားနဲ့ လျှောက်ပြီး သွားလာ နေခဲ့ပါတယ်"

ထိုဇာတ်ကြောင်းကို ရုံးထဲမှ လူအားလုံး သိရှိပြီးသား ဖြစ်သည်။ သို့သော် စင်တိန်ကိုယ်တိုင်က ပြန်ပြော ပြသောအခါ အားလုံး စိတ်ဝင်တစား နားထောင်နေကြသည်။ စင်တိန်ကလည်း အသေးစိတ် ပြန်ပြော ပြသည်။ နောက်ဆုံး သားအမိနှစ်ယောက် ခြင်္သေ့လက်က လွတ်ရန် သစ်ပင်ပေါ်တက်ပြေးပုံ၊ ခြင်္သေ့က ပတတ်ရပ်ပြီး လိုက်တက်ပုံ၊ သူမ ခြေထောက်ကို ခြင်္သေ့က လက်သည်းများဖြင့် လှမ်းကုတ်ခြစ်ပုံများ ကို ကြားရသူ အသည်းတယားယား ဖြစ်အောင် ပြောပြနေသည်။

"အဲဒီအချိန်မှာပဲ လိုသာဒီလာရေး ရောက်လာတာလား"
အော်စမွန်က စကားဆက်ပေးလိုက်သည်။
"အို ... ကျွန်မ တောင်းပန်ပါတယ်၊ အတိတ်က ဖြစ်ရပ်တွေကို ပြန်သတိရပြီး ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွား လို့ စကားစပြတ်သွားတာပါ"
"မစ္စက်ကုတ်နေ၊ သိပ်ပင်ပန်းနေယင် ပြောပါ၊ အနားယူချင်ယင် တရားခွင်ကို ခေတ္တရပ်ပေးပါမယ်" တရားသူကြီး က ၀င်ပြောသည်။

"ဟင့်အင်း ... ကိစ္စမရှိပါဘူး တရားသူကြီးမင်း ရပါတယ်၊ ကျွန်မ ဆက်ပြောပါမယ်၊ ဟုတ်ပါတယ် ဒီအချိန်မှာပဲ လိုသာဒီလာရေး စခန်းချနေပါတယ်၊ ခြင်္သေ့ဟိန်းသံတွေကြောင့် သူရောက်လာတာပါ၊ ခြင်္သေ့ က ကျွန်မကို သစ်ပင်ပေါ်က ဆွဲချဖို့ ကြိုးစားနေတုန်းမှာ သူက ခြင်္သေ့ကို ပစ်သတ်လိုက်ပါတယ်"
"သူက ခင်ဗျားရဲ့အသက်ကို ကယ်လိုက်တာပေါ့ ဟုတ်လား မစ္စက်ကုတ်နေ"
"ကျွန်မ ကို ခြင်္သေ့စာမဖြစ်အောင် သူ ကယ်လိုက်တာပါ၊ ကျွန်မသားလေးကိုလဲ ကျွန်မနဲ့အတူ သူပဲ ကယ်တင် ခဲ့တာပါ"
"အဲဒီနောက် ဘာတွေ ဆက်ဖြစ်သေးသလဲ မဒမ်"

"သစ်ပင်ပေါ်က ကျတဲ့အတွက် ဒဏ်ရာကြီးစွာ ရပါတယ်။ ခြင်္သေ့အကုတ်ခံရတဲ့ ကျွန်မခြေထောက် ဟာလဲ အနာကြီး ရောင်ကိုင်းပြီး လာပါတယ်၊ ကျွန်မ ရက်အတော်ကြာ သတိမေ့သွားပါတယ်၊ ကျွန်မ ကလေး ကိုရော ကျွန်မကိုယ်ကျွန်မရော မပြုစုမကြည့်ရှုနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်"
"အဲဒီအချိန်မှာ ဒီကအကျဉ်းသားက ဘယ်လိုပြုမူ တုံ့ပြန်ပါသလဲ"
"သူ ကျွန်မကို ပြုစုစောင့်ရှောက်ပါတယ်၊ ကျွန်မနဲ့ ကျွန်မကလေးအတွက် လိုအပ်သမျှကို သူ လုပ်ပေး ပါတယ်"
"သူ ခင်ဗျားအသက်ကို ဒုတိယအကြိမ် ကယ်သေးသလား မဒမ်"

"ဟုတ်ပါတယ်၊ သူနောက်တစ်ကြိမ် ကယ်ပါသေးတယ်"
စင်တိန်က ခေါင်းညိတ်ပြီး ဖြေလိုက်သည်။
"အခုတော့ နှစ်တွေလဲ ကြာညောင်းလာခဲ့ပြီပေါ့ မစ္စက်ကုတ်နေ၊ ခင်ဗျားက ချမ်းသာတဲ့ သန်းကြွယ် သူဌေးမကြီး ဖြစ်နေပြီ မဟုတ်လား"
စင်တိန် က ငြိမ်နေသည်။ အော့်စမွန်က ဆက်ပြောသည်။

"လွန်ခဲ့တဲ့ သုံးနှစ်လောက်က တရားခံဟာ သူ့ရဲ့ငါးဖမ်းစည်သွပ်လုပ်ငန်းအတွက် ငွေရေးကြေးရေး အကူအညီ ရဖို့ ခင်ဗျားကို ချဉ်းကပ်ခဲ့ပါတယ်၊ အဲဒါ မှန်ပါသလား"
"သူဟာ ကျွန်မရဲ့ ကုတ်နေသတ္တုတွင်းရဲ့ ဘဏ္ဍာရေးကုမ္ပဏီမှာ ချေးငွေရဖို့ ချဉ်းကပ်ခဲ့တာပါ၊ ငွေလာ ချေး ခဲ့တာပါ"
လိုသာ၏ စည်သွပ်စက်ရုံနှင့် ငါးဖမ်းစက်လှေများကို စင်တိန်က လာရောက် ချိပ်ပိတ် သိမ်းပိုက်တဲ့အထိ အော်စမွန် က စစ်မေးသွားသည်။]

"ဒီတော့ ဒီမှာ မစ္စက်ကုတ်နေ၊ ခင်ဗျားရဲ့ လုပ်ရပ်ဟာ သူ့ကို သက်သက် တမင်ပျက်စီးရာ ပျက်စီး ကြောင်း လုပ်တာ မဟုတ်ဘူးဆိုယင်တောင်မှ သူ့အပေါ်မှာ ခင်ဗျားဟာ မမျှမတပြုမူ ဆက်ဆံတယ်လို့ သူ့ဘက်က ယုံကြည်စရာအကြောင်း ရှိနေတယ်လို့ ခင်ဗျားဆိုနိုင်သလား။
စင်တိန့် ခေတ္တတွေသွားပြီးမှ ပြန်ဖြေသည်။
"ကျွန်မရဲ့ လုပ်ရပ်တွေဟာ လ်ုပငန်းဆိုင်ရာ အခြေခံစည်းမျဉ်းတွေပေါ်မှာ အမြဲတမ်းရပ်တန့်ပြီး လုပ်တာ ပါ၊ ဒါပေမယ့် လိုသာဒီလာရေး ဘက်က ကြည့်ယင်တော့ တစ်မျိုး မြင်ချင်မြင်မှာပေါ့၊ ကျွန်မလုပ်ရပ်တွေ ဟာ တမင်သက်သက် လုပ်တာလို့ မြင်ကောင်း မြင်နိုင်ပါတယ်

"ခင်ဗျား သူ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ အဲဒီတုန်းက သူက စွပ်စွဲခဲ့သလား"
စင်တိန်သည် သူမလက်ကို ငုံ့ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကျွန်တော် မေတ္တာရပ်ခံပါတယ် ... မကြားရလို့ ပြန်ပြောပါဦး"
စင်တိန်က အော်စမွန်အား ဘ၀င်မကျသည့် အကြည့်ဖြင့် လှမ်းကြည့်သည်။ သူမအသံကလည်း ဒေါသ သံဖြင့် တင်းမာလာသည်။
"ဟုတ်တယ် ... သူ့ကို ပျက်စီးအောင် ကျွန်မ လုပ်နေတယ်လို့ သူက ပြောခဲ့တယ်"
"မစ္စတာအော်စမွန်၊ ခင်ဗျားရဲ့ သက်သေအပေါ်မှာ ခင်ဗျားထောက်ထား ညှာတာမှု ရှိပါလို့ ပြောပါရ စေ၊ မစ္စက်စင်တိန် စိတ်ပြန်လည် တည်ငြိမ်မှုရအောင် တရားခွင်ကို ၁၅မိနစ် ရပ်နားပြီး အနားပေးတယ်"

တရားသူကြီးက စင်တိန့် အခြေအနေကြည့်ကာ အနားပေးလိုက်သည်။
တရားခွင်ပြန်လည် စတင်သောအခါ စင်တိန်သည် သက်သေခံရာ စင်မြင့်ပေါ်သို့ ပြန်သွားသည်။ ပဏာမ လုပ်ရိုးလုပ်စဉ်ကိစ္စများ ပြီးဆုံး၍ မစ္စတာအော်စမွန်က ဆက်လက် စစ်မေး မေးမြန်းရန် ပြင်ဆင် နေချိန်တွင် စင်တိန်က စင်မြင့်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည်။

သူမရှေ့ဘက် တတိယခုံးတန်းတွင် ထိုင်နေသော ဘလိန်းမယ်လကွန်က သူမကို ပြုံးပြပြီး အားပေး သည်။ စင်တိန်သည် ဘလိန်းအား ပြန်ကြည့်နေမိရာ တခြားသူများ သံသယ၀င် ရိပ်မိသွားမည်ကို စိုးရိမ် လာသည်။ ထို့ကြောင့် ဘလိန်းနှင့် မျက်လုံးချင်း ဂဟေဆက်မိနေသည်ကို အတင်းလွှဲဖယ်ကာ ပရိသတ် နောင်ပိုင်း သို့ မော်ကြည့်လိုက်သည်။

စင်တိန် အကြည့်သည် အချိန်ဖြုန်းသည့်အနေဖြင့် အမှုမဲ့ အမှတ်မဲ့ မော်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။ လိုသာဒီလာရေး က မနက်တိုင်း လူအုပ်ထဲ၌ တစ်စုံတစ်ရာ လိုက်ရှာနေသော နေရာကို သူမ မေ့နေ သည်။ သို့သော် ယခု သူမ၏ ဤနေရာမှ အမှုမဲ့အမှတ်မဲ့ လှမ်းကြည့်လိုက်သောအပေါ်ဘက်နေရာ သည် လိုသာ လှမ်းကြည့်ရာနေရာနှင့် အမြင့်ထောင့်ချင်း တစ်ထပ်တည်း ဖြစ်နေသည်။
သူမ မျက်လုံး နောက်ဆုံးခုံတန်း၏ ထောင့်ဘက်စွန်းသို့ ရုတ်တရက် ရောက်သွားသောအခါ ထိုနေရာမှ မျက်လုံးတစ်စုံက သူမအား ဖမ်းစားထားလိုက်သဖြင့် စင်တိန် အကြည့်မှာ ထိုနေရာမှ ရွှေ့ပြောင်း လွှဲဖယ်မရအောင် ဖြစ်သွားသည်။ ရုတ်တရက် အံ့အားသင့်ပြီး မိုက်ခနဲ ဖြစ်သွားသည်။

စင်တိန်အား ဖမ်းစားလိုက်သော မျက်လုံးအစုံမှာ လိုသာ ၏ မျက်လုံးအစုံ ဖြစ်နေသည်။ သူမ လိုသာ့ အား ပထမဆုံး စတွေ့ချိန်က တွေ့ခဲ့ဖူးသော မျက်လုံးအတိုင်း ဖြစ်သည်။ အ၀ါရောင်မျက်လုံးက တောင်ပ ရွှန်းလဲ့ပြီး အနက်ရောင်မျက်ခုံးက ပို၍ လှအောင် လိုက်ဖက်ညီစွာ အနားသတ်ပေးထားသည်။
သို့သော် ယခု သူမတွေ့လိုက်ရသော မျက်နှာသည် အလွန်ပင် ငယ်ရွယ်နုပျိုနေသည်။ ကြံ့ခိုင်သန်စွမ်း မှု အပြည့်အ၀ ရှိပုံကို မျက်နှာသွင်ပြင်က ဖော်ပြနေသလို မုန်းတီး နာကြည်းမှုများ တနင့်တပိုး ခံစား နေရပုံ ကိုလည်း ပေါ်လွင်နေသည်။

မိခင်တို့၏ သဘာဝ အသိစိတ်ဓာတ်ဖြင့် စင်တိန် အလိုအလျောက် တစ်မုဟုတ်ချင်း သိရှိ ခံစားလိုက်ရ သည်။ စင်တိန် သည် မိမိ၏သားငယ်အား တစ်ခါမှ မမြင်ဖူးခဲ့။ ဤသည်မှာလည်း မိမိ၏ခေါင်းမာမှု ကြောင့်ပင် ဖြစ်သည်။ မိမိသားငယ်ကို မိမိဝမ်းမှ ကျွတ်ကျွတ်ချင်း အညစ်အကြေး စိုစိုရွှဲရွှဲနှင့်ပင် ယူသွား ခိုင်းခဲ့သည်။ ကလေးမျက်နှာကို မမြင်မိစေရန်အတွက် မကြည့်ဘဲ မျက်နှာလွှဲထားခဲ့သည်။
သို့သော် ယခုတော့ မိမိသားငယ်မှန်း အလိုအလျှောက် သိလိုက်သည်။ သူ့မျက်နှာကို မြင်လိုက်ရုံမျှဖြင့် သူ့အား ကိုးလလွယ် ဆယ်လဖွားခဲ့ရသော မိမိဝမ်းဗိုက်က အလိုအလျောက် လှုပ်ရှားနာကျင်လာသလို ခံစားလိုက်ရသည်။ စင်တိန် အံ့အားသင့်ပြီး အော်မိမလို ဖြစ်သွား၍ ပါးစပ်ကို လက်နှင့်ကမန်းကတမ်း လှမ်းအုပ်လိုက်မိသည်။

"မစ္စက်ကုတ်နေ ... မစ္စက်ကုတ်နေ"
တရားသူကြီးက မိမိအား စိုးရိမ်တကြီး လှမ်းခေါ်နေသံကို ကြားရသည်။ ထို့ကြောင့် စင်တိန်တရားသူ ကြီး ဘက် သို့ လှည့်ကြည့်လိုက်သည်။
"မစ္စက်ကုတ်နေ၊ ခင်ဗျားနေကောင်းရဲ့လား၊ ဆက်ပြီး အစစ်ခံလို့ ဖြစ်ပါ့မလား" တရားသူကြီးက စိုးရိမ် တကြီး မေးသည်။
"ကျွန်မ နေကောင်းသွားပါပြီ တရားသူကြီးမင်း"
စင်တိန့် အသံ သည် ဟိုအဝေးကြီးမှလာသော အသံလို ဆို့နင့် တိမ်ဝင်နေသည်။ သူမသည် နောက်ဆုံး တန်းထောင့်ရှိ ကောင်ကလေး ...၊ မိမိ၏ သားအငယ် မင်းဖရက်အား ပြန်မကြည့်ဖြစ်အောင် မိမိ၏ စိတ်အင်အား ကို စုစည်းကာ ခံကတုပ် လုပ်ထားလိုက်သည်။

"မစ္စတာ အော်စမွန်၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ မေးနိုင်ပါပြီ ရှင်" စင်တိန်က တရားခံရှေ့နေအား လှမ်း ပြောလိုက်သည်။
ရေခန်းခြောက်နေသော မြစ်ထဲတွင် မိမိထံမှ ဓားပြတိုက် လုယက်ပုံ့၊ တိုက်ခိုက်သတ်ပုတ်ပုံတို့ကို ရှေ့နေက ပြန် မေးနေရာ သူ့မေးခွန်းများအပေါ် စင်တိန် မနည်းကြိုးစားအားစိုက် ဖြေနေရသည်။
"ဒါဖြင့် ခင်ဗျားက ပြောင်းတိုသေနတ်ကို ရအောင် မကြိုးပမ်းမချင်း သူက ခင်ဗျားကို လက်ဖျားနဲ့ တောင် မတို့ဘူးပေါ့၊ ဟုတ်လား"
"ဟုတ်ပါတယ်၊ အဲ့ဒီအချိန်အထိ သူကျွန်မကို လုံးဝ မထိပါဘူး"

"ခင်ဗျားလက်ထဲ ပြောင်းတိုသေနတ် ရောက်လာတယ်၊ ခင်ဗျားက ကျည်ဆန်ထပ်ဖြည့်ဖို့ ကြိုးစားတယ် လို့ ခင်ဗျား ပြောခဲ့တယ်နော်"
"မှန်ပါတယ်ရှင်"
"သေနတ်ကို ကျည်ဆန်ထပ်ဖြည့်လို့ရသွားယင် ခင်ဗျား ပစ်မှာလား"
"ဟုတ်ကဲ့"
"ခင်ဗျား သူ့ကို ပစ်သတ်မယ်လို့ ပြောနိုင်သလား"
"ကျွန်တော် ကန့်ကွက်ပါတယ် တရားသူကြီးမင်း၊ ဒီမေးခွန်းဟာ ဖြစ်လို့ဖြစ်ငြား မှန်းဆပြီးမေးတဲ့ မေးခွန်းမျိုးပါ" တရားလိုရှေ့နေက ချက်ချင်းထပြီး ကန့်ကွက်လိုက်သည်။

"မစ္စက်ကုတ်နေ၊ ရှေ့နေကြီးမေးတဲ့မေးခွန်းကို ခင်ဗျား မဖြေချင်ယင် မဖြေဘဲ နေလို့ ရပါတယ်"
တရားသူကြီးဟာ သရွန်က ၀င်ပြောလိုက်သည်။
"ကျွန်မ ဖြေပါမယ်၊ ဟုတ်ပါတယ်၊ ကျွန်မ သူ့ကို သတ်ပစ်မလို့ပါ"
စင်တိန့်က ရှင်းလင်းပြတ်သားစွာပင် ဖြေလိုက်သည်။
"အဲဒါကို အကျဉ်းသားကော သိတယ်လို့ ခင်ဗျားထင်သလား"
"တရားသူကြီးမင်း ခင်ဗျား၊ ကျွန်တော် ကန့်ကွက်ပါတယ်၊ သက်သေဟာ ဒီကိစ္စကို ဘယ်လိုမှ မသိနိုင်ပါဘူး"

တရားသူကြီးက ၀င်ရောက်အဖြေမပေးမီပင် စင်တိန်က ရှင်လင်း ပြတ်သားစွာ ဖြေလိုက်သည်။
"သူ ကျွန်မကို သိပါတယ်၊ ကျွန်မအကြောင်း ကောင်းကောင်း သိပါတယ်၊ ကျွန်မမှာ အခွင့်အရေး ရလာယင် ကျွန်မ သူ့ကို သတ်မယ်ဆိုတာ သူသိပါတယ်"
တရားရုံးတစ်ခုလုံး စင်တိန်အဖြေကြောင့် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ တစ်မိနစ်လောက်ကြာမှ ပြန်ငြိမ် သွားသည်။ ထိုသို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် စင်တိန်က နောက်ဆုံးတန်းထောင့်စွန်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် လူမရှိဘဲ လစ်လပ်နေသည်။ မင်းဖရက် မရှိတော့။ ထွက်သွားပြီ။ မင်းဖရက်ကို မတွေ့ရ တော့သဖြင့် စင်တိန်ရင်ထဲ၌ နင့်ခနဲ ခံစားလိုက်ရသည်။ စင်တိန်အား အော်စမွန်က မေးခွန်း ထပ်မေး သည်။ စင်တိန်က သူ့ဘက်လှည့်ပြီး ပြောလိုက်သည်။

"ကျွန်မ ကောင်းကောင်း မကြားလိုက်ရလို့ ရှင့်မေးခွန်း ပြန်မေးပါဦးရှင်"
"ခင်ဗျားလက်ထဲမှာ ပြောင်းတိုသေနတ်ကိုင်ပြီး ရပ်နေတုန်းက တရားခံဟာ ခင်ဗျားကို စော်ကားယင် ခင်ဗျားက သတ်ဖို့ ရည်ရွယ်ပါသလား"
"ကျွန်တော် ကန့်ကွက်ပါတယ်၊ တရားသူကြီးမင်း၊ တရားလိုဟာ သူမအသက်နဲ့ပစ္စည်းဥစ္စာကို ကာကွယ်ဖို့သာ ရည်ရွယ်တာပါ" တရားလိုသက်သေက ၀င်ပြောလိုက်သည်။
"ခင်ဗျား မေးခွန်းကို သင့်တင့်အောင် ပုံစံပြောင်းပြီး ပြန်မေးပါ မစ္စတာအော်စမွန်" တရားသူကြီးက ၀င်ပြောသည်။

"ဟုတ်ကဲ့၊ ကောင်းပါပြီ တရားသူကြီးမင်း၊ ဒီမှာ မစ္စက်ကုတ်နေ၊ အကျဉ်းသားဟာ ခင်ဗျားလက်ထဲက လက်နက်ကျသွားအောင်ရယ်၊ ခင်ဗျားသူ့ကို မပစ်နိုင်အောင်ရယ် အင်အားသုံးတဲ့အခါမှာ လိုအပ်တာ ထက်ပိုပြီး အင်အားသုံးပါသလား"
"ဟင့်အင့်း မသုံးပါဘူး၊ ကျွန်မလက်ထဲက သေနတ်ကို ဆွဲယူပြီး လွှဲပစ်လိုက်တာပါပဲ"
"အဲဒီနောက်တော့၊ သူ့လက်ကောက်ဝတ်ကို ခင်ဗျားက ကိုက်လိုက်တယ်ဆိုပါစို့၊ ခင်ဗျား သူ့အသားထဲ မှာ သွားမြုပ်ဝင်သွားအောင် ကိုက်လိုက်တဲ့အချိန်မှာ သူက ခင်ဗျားကို ရိုက်သလား၊ ဒါမှမဟုတ် လက်တုံ့ပြန်တဲ့ အနေနဲ့ ခင်ဗျားကို ဒဏ်ရာ အနာတရဖြစ်အောင် လုပ်သလား"

"မလုပ်ပါဘူး"
"သူတော်တော်နာမှာပဲ၊ ဒါပေမယ့် ခင်ဗျားအပေါ်မှာ တရားလွန်အမင်း မတုံ့ပြန်ဘူး မဟုတ်လား"
"ဟုတ်ပါတယ်၊ သူဟာ ကျွန်မအပေါ် ထူးထူးခြားခြား ညှာပါတယ်၊ ညင်ညင်သာသာပဲ တုံ့ပြန်ပါတယ်"
"သြော် ... အကျဉ်းသားဟာ ခင်ဗျားကို ထားပြီး ထွက်မသွားခင်မှာ ခင်ဗျား အသက်ရှင်သန်ဖို့အတွက် ရေလုံလုံလောက် ရှိ မရှိ ကြည့်ရှု စီစဉ်သွားရဲ့လား"
"ကျွန်မမှာ ရေအပို လုံလုံလောက်လောက် ရှိတယ်ဆိုတာကို သူစစ်ဆေးကြည့်ရှု သွားပါတယ်၊ ကျွန်မကို ကယ်ဆယ်မယ့် လူတွေရောက်လာချိန်အထိ မော်တော်ကားပျက်အနားမှာပဲနေဖို့ အကြံ ပေးသွားပါတယ်"

"သတင်းစာအချို့မှာ အကျဉ်းသားက ခင်ဗျားအပေါ် မရိုးမသား ပြုမူကောင်း ပြုမူနိုင်တယ်လို့ ရေးသား ခဲ့ကြပါတယ်" အော်စမွမန်က ခပ်ဆိုင်းဆိုင်း မေးလိုက်သည်။
"ဒါဟာ မဟုတ်မမှန်သက်သက်လည်ဆယ်ရေါ်သားတာပါ"
"ကျေးဇူးပါပဲမဒမ်၊ ကျွန်တော့်မှာ မေးခွန်းတစ်ခုပဲ ကျန်ပါတော့တယ်၊ ခင်ဗျားဟာ သူ့ကို ကောင်းကောင်း သိပါတယ်။ သူ ခင်ဗှားကို ပထမဆုံး ခြင်္သေ့ လက်က ကယ်တင်ပြီးတဲ့နောက် ခင်ဗျားနဲ့ခင်ဗျားကလေးကို ကျွေးမွေးဖို့ တောပစ်ထွက်တော့ ခင်ဗျားလိုက်ပါသွားခဲ့တယ်၊ သူပစ်ခတ်တာကို ခင်ဗျား မြင်ဖူးမှာပေါ့"
"မြင်ဖူးပါတယ်ရှင်"

"တကယ်လို့ အကျဉ်းသားဟာ ခင်ဗျားကိုဖြစ်စေ၊ ဗိုလ်မှူးကြီး မယ်လကွန်ကိုဖြစ်စေ၊ သူ့နောက်ကို ရောက်နေတဲ့ ရဲတစ်ယောက်ယောက်ကိုဖြစ်စေ သတ်ချင်တယ်ဆိုယင် သတ်လို့ရတယ်လို့ ခင်ဗျား မထင် ဘူးလား"
"လိုသာဒီလာရေး ဟာ ကျွန်မ တွေ့ဖူး၊ သိဖူးသမျှ သေနတ်သမားတွေထဲမှ လက်အဖြောင့်ဆုံးလူပါ၊ ကျွန်မတို့ အားလုံးကို သတ်ချင်တယ်ဆိုယင် အလွယ်လေး ပစ်သတ်လို့ရတဲ့ အခွင့်အရေးတွေ သူ့မှာ ရှိခဲ့ပါတယ်"
"ကျွန်တော့်မှာ နောက်ထပ် မေးစရာ မရှိတော့ပါဘူး၊ တရားသူကြီးမင်း"
ထိုအခါ တရားသူကြီးက တရားလိုရှေ့နေကို မေးလိုက်သည်။

"ခင်ဗျားကရော သက်သေကို ပြန်လှမ်းမေးခွန်း မေးချင်းသေးသလား"
"ကျွန်တော့်အတွက် မေးစရာ မလိုတော့ပါဘူး"
တရားလိုရှေ့နေက မတ်တတ်ထဖြေပြီး ပြန်ထိုင်လိုက်သည်။
"မစ္စက်ကတ်ုနေ၊ ခင်ဗျား အခုလို ထပ်မံ အစစ်ခံ ထွက်ဆိုတဲ့အတွက် ရုံးတော်က ကျေးဇူးတင်ပါတယ်၊ ခင်ဗျားနေရာ ခင်ဗျား ပြန်နိုင်ပါပြီ"
စင်တိန်သည် သူ့နေရာသူ ပြန်ရာတွင် လူအုပ်ထဲသို့သာ ကျီးကန်းတောင်းမှောက် ကြည့်ကာ သားအဖြစ်ကို လိုက်ရှာနေသဖြင့် အောက်ဆုံးအဆင့် လှေကားထစ်ကို ခလုတ်တိုက်မိကာ လဲမလို ဖြစ် သွားသည်။ အေဘရာဟင် က လှမ်းဆွဲပြီး ဖေးကူကာ နေရာတွင် ထိုင်လိုက်စေသည်။

"အေဘီ ... ကျွန်မ အစစ်ခံတုန်းက ဒီအခန်းနောက်ဆုံးတန်းမှာ ကောင်ကလေးတစ်ယောက်ကို တွေ့ လိုက်တယ်၊ ရွှေရောင်ဆံပင်လေးတွေနဲ့ အသက်၁၃နှစ်လောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် သူက ထွားတော့ ၁၇နှစ်လောက် ထင်ရတယ်၊ သူ့နာမည်က မင်းဖရက် ... မင်းဖရက်ဒီလာရေး၊ သူ့ကို လိုက်ရှာစမ်းပါ၊ ကျွန်မ သူနဲ့ စကားပြောချင်လို့ပါ"
စင်တိန်က အေဘရာဟင်အား ခပ်တိုးတိုးလေး ကသောကမျော ပြောလိုက်သည်။
"အခု တွေ့ချင်တာလား"
"ဟုတ်တယ်၊ အခုပဲ တွေ့ချင်တာ"
"တရားခံ ရှေ့နေက အပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ လျှောက်လဲပေးမယ်၊ ကျွန်တော် အဲဒါကို လွတ်သွား လိမ့်မယ်"

"ကိစ္စ မရှိပါဘူး၊ သွား သာရှာပါ"
အေဘရာဟင်က ထိုင်ရာမှ ထလိုက်သည်။ တရားသူကြီးဘက်သို့ ဦးညွတ် အရိုအသေပေးလိုက်ပြီး နေရာမှ ထွက်သွားသည်။
တရားခံရှေ့နေအော်စမွန်က သူ့နေရာမှ ထလိုက်ပြီး လိုသာဒီလာရေးအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေး ရန် စင်တိန် နောက်ဆုံးထွက်ဆိုချက်များကို ကိုးကားအသုံးချကာ လျှောက်လဲတော့သည်။ တချို့နေရာ များတွင် စ်ငတိန်၏ ထွက်ချက် စကားလုံးအတိုင်း ကားကာ တင်ပြသွားသည်။ ကျွန်မကို ကြောက်စရာ ကောင်းတဲ့ သေတွင်း က သူကယ်တင်ခဲ့ပါတယ်၊ ကျွန်မနဲ့အတူ ကျွန်မကလေးကိုလဲ ကယ်တင်ခဲ့ပါ တယ်" ဆိုသည့်အချက်ကို အတူ တင်ပြသွားသည်။

"အော်စမွန်က ဆက်လက် လျှောက်လဲသည်။
"မစ္စက်ကုတ်နေဆီက ကျေးဇူးဥပကာရနဲ့ ရက်ရော လိုက်လျှောမူကို ရလိမ့်မယ်လို့ အကျဉ်းသား ထင်ခဲ့ ပါတယ်၊ ဒါကြောင့် သူ့ဆီက ငွေချေးခဲ့ပါတယ်၊ ပစ္စည်းတွေ အပေါင်ထားပြီး ငွေချေးခဲ့ပါတယ်၊ ဒါဟာ သူ့အတွက် မှားယွင်းတဲ့ ယုံကြည်မှုပဲ၊ သူမအပေါ်မှာ ယူထားခဲ့တဲ့ ယုံကြည်မှုဟာ သစ္စာဖောက်ခံလိုက် ရပါတယ်"
သူ၏ လျှောက်လဲချက်မှာ နာရီဝက်ခန့်ကြာသည်။ စင်တိန်သည် ထိုလျှောက်လဲချက်အပေါ် စိတ်မ၀င် စားနိုင်၊ မင်းဖရက်ဆီသို့သာ စိတ်ရောက်နေသည်။ မင်းဖရက်က သူမအား စိုက်ကြည့်နေခဲ့ပုံ က သူမ ဘ၀င်ကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ သူ့အကြည့်က ခါးခါးသီးသီး မုန်းတီးမနေမှုကို အထင်းသား ပေါ်လွင်စေသည်။ ဤသည်မှာ သူအပြစ်ကြောင့်ပင် ဖြစ်သည်။ ထိုအပြစ်ကြီးသည် မိမိ ရင်ထဲ၌ နစ်မြုပ်နေခဲ့သည်မှာ ကြာခဲ့ပြီး ဖြစ်သည်။

သူမ တွေးလိုက်သည်။
"အခုဆို သူတစ်ယောက်တည်း ဖြစ်နေရှာပြီ၊ သူ့အတွက် အကူအညီ လိုမယ်၊ ငါသူ့ကို တွေ့အောင် ရှာရမယ်၊ သူ့အတွက် တစ်နည်းနည်းနဲ့ အဆင်ပြေအောင် လုပ်ပေးရမယ်"
စင်တိန်သည် မင်းဖရက်မျက်နှာလေးကို တစ်ခဏမြင်လိုက်ရုံမျှဖြင့်ပင် သူမ အနှစ်နှစ် အလလက တည်ဆောက် ကာဆီးထားခဲ့သော အသိအမှတ် မပြုရေး အုတ်တံတိုင်ကြီးသည် တမုဟုတ်ချင်း ပြိုကွဲ ကြေမွသွားလေပြီ။ သူမတမင်မေ့ ဖျောက်ဖယ်ထားခဲ့သော မိခင်တို့၏ သဘာဝ ခံစားချက်သည် အလို အလျောက် ပြန်လည် ရှင်သန်လာသည်။

အော်စမွန်၏ လျှောက်လဲချက်မှာ နောက်ဆုံးအသနားခံသည့် အပိုင်းသို့ ရောက်လာသည်။ လိုသာ ဒီလာရေး အား အပြစ်ဒဏ်လျှော့ပေါ့ပေးသင့်ကြောင်း အသနားခံ လျှောက်လဲသွားသည်။
"တရားခွင်ကို မွန်းလွဲ ၂နာရီအထိ ခေတ္တရပ်နားမယ်၊ ပြန်စတဲ့အချိန်ကျယင် ပြစ်ဒဏ်စီရင်ချက် ချမှတ် မယ်" တရားသူကြီးက ပြောလိုက်သည်။
စင်တိန်သည် ရုံးခန်းထဲမှ ကမန်းကတန်း ထွက်သွားသည်။ အေဘရာဟင်ကို လိုက်ရှာရင်း သားငယ်ကို မြင်ရလိုမြင်ရငြား လိုက်ကြည့်သည်။ အေဘရာဟင်ကို တရားရုံးအ၀င်အ၀ လှေခါးထစ်များပေါ်မှာ သွား တွေ့သည်။ ရဲစောင့်တစ်ဦးနှင့် စကားပြောနေသည်။ စင်တိန်က မြင်သောအခါ စကားဖြတ်ပြီး စင်တိန်ဆီ ရောက်လာသည်။

"ရှင်သူ့ကို တွေ့သလား"
စင်တိန် အလောတကြီး မေးသည်။
"မတွေ့ဘူး၊ ခင်ဗျားပြောတဲ့ ပုံသဏ္ဍာန်မျိုး တစ်ယောက်မှ မတွေ့ဘူး"
"ဒီကောင်လေးကို မတွေ့တွေ့အောင် ရှာပြီး ကျွန်မဆီ ခေါ်လာစေချင်အေဘီ၊ ရှင်လိုအပ်သလောက် လူအင်အား သုံးပြီး ရှာပါ။ ကုန်ချင်သလောက် ကုန်ပါစေ၊ တစ်မြို့လုံး အနှံလိုက်ရှာပါ။ သူ့ကို တွေ့ဖို့ အတွက် ဖြစ်နိုင်တဲ့နည်းအားလုံး သုံးပါး မြို့ထဲက တစ်နေရာရာမှာ သူ ရှိရမယ်"
"ကောင်းပြီလေ ရှာပါ့မယ်၊ သူ့နာမည်က မင်းဖရက်ဒီလာရေးလို့ ခင်ဗျား ပြောခဲ့တယ်နော်၊ ဒါဆိုယင် သူ ဟိုအကျဉ်းသားနဲ့ အမျိုးတော်သလား"
"သားတော်တယ်"

"သြော် ... ဒါကြောင့်ကိုး၊ ခင်ဗျား သူ့ကို ဘာ့ကြောင့် မဖြစ်မနေ တွေ့ချင်နေရတာလဲ၊ သူ့ကို တွေ့ယင် ခင်ဗျား ဘာလုပ်မလဲဆိုတာ ကျွန်တော် မေးခွင့် ရှိပါသလား"
"ဟင့်အင်း ... မမေးပါနဲ့ ... တွေ့အောင်သာ ရှာပါ"
အေဘရာဟင် တစ်ဘက်သို့ လှည့်ထွက်သွားသောအခါ စင်တိန် သူ့ကိုယ်သူ စိတ်ထဲမှ မေးမိပြန်သည်။
"ငါ ဘာကြောင့် သူ့ကို တွေ့ချင်ရတာလဲ၊ ဒီလောက်နှစ်တွေ ကြာပြီးမှ ဘာကြောင့် တွေ့ချင်ရတော့တာ လဲ၊ အဖြေကတော့ လွယ်လွယ်နဲ့ရိုးရိုးလေးပါ၊ သူက ငါ့သား ဖြစ်နေတာကိုး၊ သူ့ကို တွေ့ယင်တော့ ငါဘာလုပ်မလဲ၊ သူဟာ ငါ့အတွက် အဆိပ်ပဲ၊ သူငါ့ကို မုန်းနေတယ်ဆိုတာ သူ့မျက်လုံးတွေက ပြနေ တယ်၊ ငါ သူ့ကို အမေဆိုတာ သူမသိရှာပါဘူးလေ၊ ဒီတော့ ငါတို့ မျက်နှာချင်းဆိုင်ဆုံယင် ငါဘာလုပ် မလဲ ... ငါလဲ မသိဘူး"

ဆက်ရန်
.

1 comment:

  1. Wonderful twist and turn.This part shows instinct of mother covered all her ego and hatred.The story dragged me eventhough i'm busy with parties.Thank you sisters.
    HAPPY HOLIDAYS.
    Gyidaw

    ReplyDelete

thank you to say so