Monday, October 4, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၈)

ပုန်းအောင်းစရာနေရာသစ်

နောက်တစ်နေ့၊ အိမ်သစ်ကြီးကိုရောက်တော့ ဘယ်လို မြင်ကွင်းနဲ့များ ဆုံရမှာပါလိမ့်ဆိုပြီး ကျွန်မရင် တွေတဒိုင်းဒိုင်းခုန်နေသည်။ မြေအောက်ထပ်ကို ဆင်းပြီး မီးသွေးမီးဖိုခန်းတံခါးဖွင့်လိုက် တော့ အရိပ်ထဲမှ သဏ္ဍာန် ၇ ခု ထွက်လာသည်။ သည်တော့မှ ကျွန်မ သက်ပြင်းချနိုင်တော့၏။ ကျွန်မ၏ မိတ်ဆွ ၆ ယောက်နှင့် ကျန်တစ်ယောက်မှာ ရုပ်ချော၊ သဘောကောင်း ဟင်နရီဝိုင်းဘောင်း ဖြစ်ရမည်ဟု ကျွန်မ တန်းသိ လိုက်သည်။

ကျွန်မ ၀မ်းသာလိုက်ပုံမှာ ပြောမပြနိုင်လောက်အောင်ပင်။ သူတို့အားလုံးကို အဖိတ်အစင်မရှိ၊ ပကတိ လူကောင်း များအဖြစ်နှင့် ကျွန်မ ပြန်တွေ့ရပြီ။ ဟင် ကျွန်မထပ်ပြီး အံ့သြရပြန်ပါသည်။ သူတို့ နောက်မှ လူစိမ်း ၃ ယောက် ထပ်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။

ဂျိုးဇက်ဝိုက်၊ မာရီယံဝီလ်နာနှင့် အဲ့လက်စ်ရိုစင်တို့ဖြစ်ပါသည်။ သူတို့သုံးယောက်က ကျွန်မကို အားတုံ့ အားနာရှက်ကိုးရှက်ကန်း အမူအရာဖြင့် နှုတ်ဆက်ကြသည်။ သူတို့တွေက လောကကို ထီ မထင်သည့် ပုံစံ မျိုးတွေ၊
ဟင်နရီပြောလို့ အစီအစဉ်သိရသဖြင့် သူတို့ပါ ထွက်ပြေးခဲ့ကြောင်း ကျွန်မကို ပြောပြကြသည်။

ချက်ချင်း ကျွန်မ၏ စိုးရိမ်စိတ်တွေ ထိပ်တက်လာသည်။ ကျွန်မ လက်ထဲတွင် အသက် ၁၀ ချောင်း ပါကလား။ သို့သော် လောလောဆယ် ကျွန်မတွင် တွေးပူချိန်မရသေးပါ။ ဆေးသုတ်သမားတွေ အချိန် မရွေး ရောက်လာနိုင်သည်မဟုတ်လား။

အားလုံးကို အပေါ်ထပ်သို့ ပြေးတက်စေပြီး အထပ်ခိုးပေါ် အတင်းတက်ခိုင်းရသည်။ ဆေးသမားတွေ ပြီးသည် အထိ သူတို့ကို သော့ခတ်ထားရမည်။
ဗိုလ်မှူးရုဂ်မာက အိမ်ပြင်ဆင်သည့်ကိစ္စနှင့် ဆေးသုတ်လုပ်ငန်းကိုပါ အိမ်သစ်တွင်နေပြီး ကြီးကြပ်ဖို့ တာဝန် ပေးသဖြင့် ကျွန်မအတွက် အပုံကြီး အသက်ရှူချောင်သွားသည်။ ရက်အနည်းငယ်အတွင်း တော့ ဘာအခက်အခဲ မှ မရှိဘဲ သူတို့ဆီကို အစားအသောက်တွေ ကျွန်မ ပို့ပေးနိုင်သည်။ တပိုတပါး သွားဖို့ ပုံးနှစ်ပုံး လည်း တင်ပေးထား၏။

မြေအောက်ထပ်ပြီးသွားသည်နှင့် ညမှောင်သည်အထိ စောင့်ပြီး ကျွန်မ၏ မိတ်ဆွေများကို အောင်မြင်စွာ ခေါ်ထုတ်လာခဲ့သည်။ သူတို့၏ မြေအောက်ခန်းမှာ ကျယ်ကျယ်လွင့်လွင့်နင့် ဆေးနံ့ နှင့် လွှစာနံ့ကလေး သင်း နေပါသည်။
ကျွန်မတို့ အားလုံးသည် ဘ၀လမ်းကြောင်းအသစ်စဖို့ ဖြစ်လာခဲ့ပါပြီ။ အချက်ပေးစနစ်အမျိုးမျိုး ကျွန်မတို့ တီထွင်ကြ၏။

အ၀င်ဝကော်ဇောအောက်တွင် မီးခလုတ်တစ်ခု တပ်ထားလိုက်သည်။ ၀ါယာကြိုးကို အောက်ထပ်နှင့် ဆက်ထား၏။ မီးခလုတ်ထားသည့် ကော်ဇောပေါ်ကို ကျွန်မနင်းလိုက်လျှင် သူတို့ အခန်းထဲတွင် မီးလုံးကလေး မှိတ်တုတ်မှိတ်တုတ် အချက်ပြနေလိမ့်မည်။ ပုန်းဖို့ နောက်တစ်နေရာ လည်း ကျွန်မတို့ ထပ်တွေ့ထားသေးသည်။ တစ်အိမ်လုံးကို အနွေးဓာတ်ပေးသည့် မြေအောက်ခန်း မှ မီးသွေးမီးဖိုခန်းမှ အပြင်သို့ ထွက်သည့် အရေးပေါ်ကယ်ပေါက်တစ်ခုရှိသေးသည်။

အရေးဟယ် အကြောင်းဟယ်ဆိုလျှင် ကျွန်မဆီက မီးစိမ်း အချက်မပြမချင်း သူတို့သည် လိုဏ်ခေါင်း ကလေး ထဲတွင် ၀င်ပုန်းနေနိုင်သည်။
မြေအောက်ခန်းမှာ နွေခေါင်ခေါင်တွင်ပင် စိမ့်စိမ့်ကလေး အေးနေသဖြင့် နေလို့ကောင်းလှသည်။ ရေချိုးခန်း ရှိသည်။ အိမ်သာရှိသည်။ ရုံးခန်းတွင် ဗိုလ်မှူးဖတ်ပြီးသည့် သတင်းစာတွေကို ကျွန်မ သူတို့ဆီ ပို့ပေးသည်။ ဤသို့ဖြင့် သူတို့ လျှို့ဝှက်စခန်းကလေးမှာ အလွန် ဇိမ်ကျသည့် ကွန်းခိုစခန်း ကလေး ဖြစ်နေပေသည်။

သို့သော် သည်အိမ်ကို ဗိုလ်မှူးပြောင်းလာသောအခါ သူတို့၏ ချမ်းမြေ့ရိပ်မြုံကလေး တစ်စစီပျက်စီး လုခမန်း ဖြစ်သွားတော့၏။
သူ တစ်နေ့ ရောက်လာလာချင်းမေးသည်။
" မြေအောက်ခန်းပြီးသွားပြီလား "
ကျွန်မ တစ်ကိုယ်လုံးကို အပ်ကလေးတွေ ဆူးကလေးတွေနှင့် ၀ိုင်းထိုးသလို ကျွန်မ ခံစားလိုက်ရ၏။ အသံ ကိုထိန်းပြီး ကျွန်မ ပြန်မေးလိုက်ပါသည်။

" မြေအောက်ခန်းကို ဗိုလ်မှူးဘာလုပ်ဖို့ စိတ်ကူးရှိပါသလဲ "
" ငါ့ကိုယ်ရံတော် ရဲဘော်တစ်ယောက် အဲဒီမှာ ထားမယ်လေ "
ကျွန်မ ၏ မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လျှံလာသည်မှာ ကျွန်မလူတွေအတွက် ဟန်ဆောင်မှု မဟုတ်ပါ။
တုန်ယင်သော အသံဖြင့် ကျွန်မ အသနားခံမိပါသည်။

" အဲဒါတော့ မသင့်ဘူး ထင်ပါတယ် ဗိုလ်မှူး "
ကျွန်မ၏ စိတ်အစဉ်သည် အတိတ်ကို ပြန်ပြေးနေ၏။ ဆိုဗီယက်စစ်သားတွေ၊ ပြန်မတွေးချင်စရာ၊ အတိတ် ၏ အရိပ်မည်းကြီး၊ ဂျာမန်စစ်သားတစ်ယောက်နှင့် ကျွန်မ မည်သို့ အတူနေရဲပါမည်လဲ။
ဗိုလ်မှူးက ကျွန်မ၏ ပခုံးပေါ်လက်တင်ပြီး
" ကောင်းပါပြီ အိုင်ရင်းရယ် မင်းစိတ်မချမ်းမသာဖြစ်မယ့် အလုပ်မျိုး ငါဘယ်တော့မှ မလုပ်ဘူး စိတ်ချ၊ ဟုတ်ပြီလား "

မကြာမတင်အတွင်း အိမ်သစ်တွင် ကျွန်မတို့ နေသားတကျ ဖြစ်သွားသည်။ ဗိုလ်မှူးထွက်သွားလျှင် အိမ်ရှေ့တံခါးမကြီးကို ကျွန်မ သော့ခတ်လိုက်၏။ သော့ကို အတွင်းဘက်သော့အိမ်ထဲတွင် တန်းလန်း ထားခဲ့သည်။ အပြင်မှ ဖွင့်မရသဖြင့် ကျွန်မ မသိဘဲ သူအထဲမ၀င်နိုင်ပါ။
သူထွက်သွားချိန်သည် ကျွန်မ၏ မိတ်ဆွေများ တစ်နေ့တာ အလုပ်တွေ လုပ်ချိန်ဖြစ်၏။ ရေမိုးချိုးကြ၊ ကော်ဖီသောက်ကြ၊ ဘီဘီစီမှ လွှင့်နေသည့် စစ်သတင်းများကို နားထောင်ကြနှင့်။ ထိုအချိန်တွင် ကျွန်မက အိမ် သန့်ရှင်းရေး ကို လုပ်ရသည်။ ညနေတွင် စက်ရုံကို သွားပြီး စားသောက်ရိပ်သာတွင် အရာရှိများကို ညစာ ကျွေးရသည်။ ပြီးတော့ ဗိုလ်မှူးအရင်ရောက်အောင် အိမ်ပြန်သည်။

အခွင့်အရေးရလျှင် ရသလို ဟယ်လင်နှင့်ကျွန်မ အဆက်အသွယ်လုပ်သည်။ ထို့ထက်ပို၍ အခြေအနေ ကောင်းလျှင် သူ့ကို ဟင်နရီနှင့်တွေ့ဖို့ ကျွန်မ အိမ်အထိခေါ်သွားသည်။
လယ်တောသုံး ထရပ်ကားကလေးနှင့်လာဖို့ သူနှင့် ကျွန်မ သဘောထူထားကြ၏။ သူ့ကို အိမ်မှာ ထားခဲ့ပြီး ကျွန်မက တောထဲတွင် ပုန်းနေသည့် မိတ်ဆွေတွေအတွက် သူ့ကားဖြင့် ရိက္ခာသွားပို့ သည်။
မနက် ၆ နာရီထိုးလို့ လာဗော့ကို ဗိုလ်မှူး ထွက်သွားလျှင် ဟယ်လင် သူ့ကားဖြင့် ရောက်လာတတ်၏။ မြေအောက်ခန်း ထဲအထိ ကျွန်မ လိုက်ပို့သည်။ ကျွန်မတို့ကို မြင်လျှင် မြင်ချင်း အဝေးကြီးက မြူးထူး အော်ဟစ်နေသော ဟင်နရီ့ကို ကျွန်မက ပြုံးကြည့်နေမိ၏။
------------------------
ဆက်ရန်
.

5 comments:

  1. ရင်ထိတ်စရာပေပဲ။
    စွန့်ဝံ့တာ လေးစားစရာပဲ။

    ReplyDelete
  2. အမရေ ဆက်ရန်လေး မျှော်နေတယ်နော်

    ReplyDelete
  3. ဖြတ် ပြီး ဖတ်မိ ပေမဲ့  အင်း...
    နဲနဲ တော့  ထိပ် သလို တော့ ဖြစ်သား ။
    နောက် မှထပ်မွှေ ကြည့် ပါ အုံးမယ်ဗျာ။

    ReplyDelete
  4. စိတ်ဝင်စားစွာနဲ့ ဒီအပိုင်းလေးကို ဖတ်သွားပါတယ် ဆရာမရေ...

    ReplyDelete
  5. ဇာတ်ရဲ့ အနိမ့်အမြင့်တွေက ဖတ်သူကို စိတ်လှုပ်ရှားစေတယ်။

    ReplyDelete

thank you to say so