"ပြောမယ်လေ ... မြ စိတ်ဆင်းရဲမှု ဖြစ်သွားတော့မယ်လို့ တွေးနေမိလို့ပါ။ ကဲ ... ပြောတော့မယ် စုံအောင်ပဲ ပြောမယ်၊ နားသာထောင်ပေတော့ မြရဲ့၊ သတင်းကောင်းတော့ မဟုတ်ဘူး"
မေမေခင် က စကားအစချီကာ သူတို့ဇနီးမောင်နှံ၏ အိမ်တွင်းရေးမှာ ငွေကြေးကိစ္စ၊ ဆွေမျိုးကိစ္စ၊ နောင်ဘုရား ကိစ္စတွေပါ ၀င်ရှုပ်နေ၍ အခြေအနေ မည်သို့ဖြစ်နေပုံကို တစ်လုံးမကျန် ခရေစေ့တွင်း ကျ ပြောပြ လိုက်သည်။ ပြော၍ ဆုံးသောအခါ ဒေါက်တာမြသွင်အေးက စကားဆက်လိုက်၏။
"သြော် ... ဒါကြောင့် မြဆီကို ခင်ရေးတဲ့ စာတွေထဲမှာ အကြောင်းစုံ ရင်ဖွင့်ချင်တယ်ဆိုလို့ မြကို သိပ်တွေ့ ချင်တယ်လို့ အမြဲတမ်း ရေးထည့်နေတာကိုး"
ဟု သဘောပေါက်စွာ ပြောလိုက်သည်။
"ဟုတ်တယ် မြရယ်၊ ကဲ ... စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိတဲ့ ခင့်အိမ်တွင်းရေးကို သေသေ ချာချာသာ တွေးကြည့်ပေတော့"
ဖြစ်ပုံကို စုံစုံစေ့စေ့ ပြောရ၍ မောသွားဟန်တူသော မေမေခင်က စားပွဲပေါ်ရှိ ရေအေးပုလင်းထဲမှ ရေတစ်ခွက် ငှဲ့ပြီး သောက်လိုက်သည်။ ငြိမ်သက်စွာ နားထောင်နေသော ဒေါက်တာမြသွင်အေးက ထိုအခါ မှ သူ သိလိုသော မေးခွန်းတွေကို တစ်ခုပြီးတစ်ခု မေးလိုက်သည်ကို မေမေခင်က စိတ်ရှည် လက်ရှည် ဖြေနေသည်။
"အခုတင်က ခင်ပြောတဲ့အထဲမှာ ဟိုအိမ်ဝင်းဝ ပေါက်ပင်ကြီးအောက်က ကောက်ရလာတဲ့ ကြက်တူရွေး လေးအကြောင်း ပါတယ်၊ အဲဒီ ကြက်တူရွေးလေးက အခုရှိသေးလား"
"ရှိတယ် သူငယ်ချင်း ဟောဟိုမှာ ... လှောင်အိမ်ထဲမှာ"
မေမေခင် ညွှန်ပြရာသို့ ဒေါက်တာမြသွင်အေးက ကြည့်လိုက်သည်။ ထမင်းစားခန်းနှင့် ဧည့်ခန်းကို ကူးသော စင်္ကြံနေရာတွင် အပြင်ဘက်က ပတ်ပြီး ၀ရန်တာ ထုတ်ထားသည်။ ၀ရန်တာသို့ ထမင်း စားခန်း ထဲကိုလည်း ကောင်းမွန်စွာ မြင်နိုင်သည်။ ငှက်လှောင်အိမ် ချိတ်ထားသော နေရာအနီး တံခါးပေါက် ဘေးတွင် ကပ်လျက် ထမင်းစား စားပွဲက နေရာချထားသည်ဖြစ်ရာ မေမေခင်က ညွှန်ပြ မှ သတိပြု ကြည့်မိသော ဒေါက်တာမြသွင်အေးသည် သူနှင့် ခြောက်ပေကွာ လှောင်အိမ်နှင့် လှောင် အိမ်တွင်းမှ ငှက်ကလေး ကို ယခုမှ သေသေချာချာ မြင်မိတော့သည်။
"သြော် ... ဟိုမှာကိုး၊ မြက ငှက်လှောင်အိမ်ကို ဘေးတိုက်ထိုင်နေမိတာကြောင့် ခင့်ကိုသာ စိတ်ဝင် စားနေမိတာ နဲ့ အနားနီးနေတဲ့ ငှက်လှောင်အိမ်ကို သတိမထားမိ၊ မမြင်မိတာပဲ ခင်ရေ"
ဒေါက်တာမြသွင်အေးက ပြောပြောဆိုဆို ထိုင်ရာမှထပြီး ငှက်လှောင်အိမ်နားကပ်ကာ ငှက်ကလေး ကို သေသေ ချာချာ အနီးကပ်ကြည့်သည်။ သူ့ကို ရန်မူမည့်လူ မဟုတ်ဟူသော သဘာဝအသိဥာဏ် ကြောင့် ထင်သည်၊ ငှက်ငယ်သည် ကြောက်ရွံ့ထိတ်လန့်ခြင်း အမူအရာပျက်ခြင်း မရှိဘဲ ကြည်လင် သော မျက်လုံး လေးဖြင့် ဒေါက်တာမြသွင်အေးကို စိုက်ကြည့်နေသည်။
"သူငယ်ချင်းက ကြက်တူရွေးလေးလို့ ပြောတာ မဟုတ်ဘူး ခင်ရဲ့၊ သူက ကျေးသားလေး"
"အေး ... ဟုတ်တယ် မြ၊ ခင်က မွေးကာစမှာ ကြက်တူရွေးလေးလို့ ထင်ခဲ့မိတာ၊ တော်တော်လေး ကြီးလာ မှ ကျေးသားမှန်း သိတယ်၊ သိပ်လှတယ်နော် ... အမွေးရောင်က မြအသွေးပဲကွဲ့"
"ကျေးသားပဲ လှတာပေါ့ ခင်ရဲ့၊ ဒီအကောင် ကျေးသားဖြစ်ပြီး နှုတ်ဆိတ်လှချေလား၊ ဘာအသံမှ မထွက်ဘူး"
ဒေါက်တာမြသွင်အေးက သဘောကျစွာ ကြည့်ပြောပြီး ထမင်းစား စားပွဲပေါ်မှ ငှက်ပျောသီးတစ်လုံး ကို လှမ်းယူ အခွံနွှာပြီး လှောင်အိမ်တံခါးပေါက်ကလေးမှ ငှက်ပျောသီးကို လက်လျှိုသွင်းကာ ကျေးသားလေး ကို ယုယကြင်နာစွာ ကျွေးသည်။ နှုတ်မှလည်း ...
"မင်းမဟော်ရွှေကျေး ငှက်ငယ်လေးရေ ... မြကျွေးတဲ့ ငှက်ပျေသီးကို စား၊ မြကိုလဲ မှတ်ထား၊ မင်းကလေး ကို မွေးထားတဲ့ ဟောဒီ ခင်နဲ့ ညီအစ်မလို ချင်တယ်၊ သိရဲ့လား ငှက်ကလေးရယ်"
ဟု ချစ်ခင်စွာ တတွတ်တွတ် ပြောနေသည်။ သူ့ကို ယုယကြင်နာသူ မြအား ကျေးသားလေးသည် စိန်းစိန်း စိုက်ကြည့်နေရာမှ ငှက်ပျောသီးကို စားသည်ဆိုရုံ စားလိုက်သည်။
"သူ အစာဝနေပြီ မြရဲ့၊ မြကျွေးတာကို အသိအမှတ်ပြုတဲ့ သဘောနဲ့ စတိစားပြတာ"
မေမေခင်က လှောင်အိမ်နားထလာပြီး ဒေါက်တာမြသွင်အေးနှင့် ယှဉ်ရပ်၍ ကျေးသားလေးကို ချစ်မြတ်နိုးစွာ ကြည့်ပြီး ဖြေရှင်းပြသည်။ ဒေါက်တာမြသွင်အေးက လှောင်အိမ်ထဲ သွင်းထားသော လက် ကို ပြန်ရုပ်သိမ်းလိုက်သည်။
"ခင့်အကောင်က ဘယ်လိုလဲ ... အသံလဲ မထွက်ပါလား"
ဒေါက်တာမြသွင်အေးက မေးသည်။
"ဟို ကိုယ်တော်မြတ်က နားပူအောင် ဆူဆူညံညံ အသံပေးနေရင် လည်ပင်းလိမ်သတ်မယ်ချည်း ကြိမ်နေတာ သူကလေး နားလည်နေလား မသိဘူး၊ အဲဒီလိုပဲ တိတ်တိတ်ကလေးပဲ နေရှာတယ်၊ ခင့်အနေ နဲ့ ကတော့ တစ်ယောက်ထဲနေရတာ ငြီးငွေ့တော့ သူကလေး နားလည်တာ မလည်တာ ထည့်မတွက်ဘူး၊ စကားပြောဖော် မရှိတိုင်း သူကလေးကို တိုင်တည်ပြီး ပြောမိ ဆိုမိတယ်၊ တစ်ခါ တစ်လေလဲ မင်းမဟော် ကျေးလေးရယ် ... ခင်သီချင်းဆိုပြမယ်၊ နားထောင်နေလို့ပြောပြီး သူ့လှောင်အိမ်လေးနားမှာ ကုလားထိုင် တစ်လုံး နဲ့ထိုင်ပြီး ခင် အင်မတန်နှစ်သက်တဲ့ သီချင်းကို ဆိုပြ နေမိတယ် မြရဲ့"
မေမေခင် ပြောစကား ကြားရသောအခါ ...
"ဖြစ်မှဖြစ်ရလေ ခင်ရယ် ... ဘာသီချင်းတွေ ဆိုပြနေလဲကွယ်"
ဟု မြသွင်အေးက စိတ်မကောင်းစွာ မေးသောအခါ မေမေခင်က မချိပြုံး ပြုံးပြီး ပြန်ပြောသည်။
"ခင် အင်မတန် နှစ်သက်တဲ့ သီချင်းလေ၊ ဟို လွန်လေပြီးသောအချိန် ကျောင်းသားဘ၀က မြနဲ ကိုမင်းဇင် ကို မကြာခဏ ဆိုပြခဲ့တဲ့ ကျေးစေပတ်ပျိုးပေါ့"
ဒေါက်တာမြသွင်အေးက သတိရသွားသည်။
"အေး ဟုတ်သားပဲ ခင်ရေ၊ မြန်မာဘုရင် လက်ထက်က မင်းကြီးကတော် စာဆိုတော် ခင်ဆုံ ရေးခဲ့တဲ့ ကျေးစပတ်ပျိုးကလေး ဟုတ်လား၊ အေးကွယ် ... ခင့်သီချင်းသံလေး မြတို့ မကြာရတာ ကြာပြီး"
"ဟုတ်တယ် မြရဲ့၊ ရှေးဟောင်းနှေင်ဖြစ်တွေ တွေးပြီး ဆွေးစိတ်ပေါ်လာရင် ဒီပတ်ပျိုးကလေးကို ကျေးသားလေး အနားမှာပဲ တိုင်တည်တဲ့ သဘောနဲ့ ခင် သွားဆိုတော့တာပဲ ... အဲဒီလို ခင် သီချင်း ဆိုရင်လေ ကျေးသားကလေးက ခင့်မျက်နှာ စေ့စေ့ကြည့်ပြီး ခေါင်းကလေးငဲ့ပြီး နားထောင်နေ တတ်တယ် မြရယ် ..."
မေမေခင်၏ အသံမှာ ဆွေးမြေ့လှိုက်လှဲ ကြေကွဲလှသည်ဟု ဒေါက်တာမြသွင်အေးက ထင်သည်။ ထင်သည့်အတိုင်းလည်း မှန်ပါသည်။ မေမေခင်သည် ငြီးငွေ့ဖွယ် စိတ်ဆင်းရဲဖွယ် ကောင်းသော သူ့ဘ၀ကို သူ နာကြည်းကြေကွဲနေသည်။ အားကိုမှီခိုရာဖြစ်မည်ဟူသော မျှော်လင့်ချက်ကြီးဖြင့် ချစ်ခဲ့သော၊ လက်ထပ်ခဲ့သော လူက အတွင်းရန်သူလို ဖြစ်နေသောအခါ ပေါ့စလိုလို့ ကြောင်ရု့် ဆေးထိုးထား မှ ဆေးအတွက် လေးနေသူလို ဖြစ်နေရှာသည်။ ဒေါက်တာမြသွင်အေးသည် ချစ်သော သူငယ်ချင်း ကို ကြင်နာစွာ အငေးသားကြည့်နေသည်။ မေမေခင်က ဆက်ပြော၏။
"ခင် သီချင်းဆိုပြမယ်၊ ခင့်ကျေးသားလေး သီချင်းနားထောင်ပုံ ဘယ်လောက် ချစ်စရာကောင်း တယ်ဆိုတာ မြ ကြည့်နော် အရမ်းချစ်ပါတယ်ရှင်
ပြောပြောဆိုဆို မေမေခင်က ထမင်းစား စားပွဲမှ ကုလားထိုင်နှစ်လုံးကို ဆွဲယူလာသဖြင့် ဒေါက်တာ မြသွင်အေး က ကုလားထိုင်တစ်လုံးကို ကူသယ်ကာ ငှက်လှောင်အိမ်နားမှာ နေရာချပြီး သူငယ်ချင်း နှစ်ယောက် ထိုင်လိုက်ကြသည်။ ထို့နောက် မေမေခင်က ရင်ထဲ အသည်းထဲမှ ထွက်လာသည့် လှိုက်လှဲ သောအသံဖြင့် သီချင်းဆိုပြသည်။
လေယဉ်မြန်း ... စေမှန်းရေလျော်၊ ငယ်ယုံပူဘော်
နန်းစိန်ချိုင့်ပျော် ... ကြင်နာယွင်း ... မြတ်မှာတော်ရင်း
မင်းတင်ချေနော် ... ရွှေညီလာပျော်၊ စိမ်းမူးမေ့သော် ...
ကြင်နယ်ယွင်း ... မြတ်မှာတော်ရင်း ... မင်းတင်ချေနော် ...
လှော်သွေးဆယ်နည် ကြိုင်ရည် ပန်းပြည့်ညောင်လယ်
ကြံမျှော်မှန်းဆနောင်ဝယ် ကြင်ညာဘွား ချော့ဖြေဖျား
ပျော်ပါးပေလိ့မ်မယ် ...
မေမေခင် သီချင်းဆိုနေသည်ကို နားလည်သည့်အလား၊ လှောင်အိမ်ထ့ အမွေးရောင် မြ အလား ငှက်ကျေးသားလေးသည် နားလည်ဘိသကဲ့သို့ ဦးခေါင်းလေးကိုငဲ့ကာ နားကလေးစွင့်ကာ မေမေခင် မျက်နှာ ကို စူးစိုက်ကြည့်ကာ ချစ်စရာအပြုအမူလေးတွေကို ပြနေသည်။ ဒေါက်တာ မြသွင်အေးက ကြည့်နေ ဆဲဝယ် ခပ်ပြင်းပြင်း နင်းလာသော ခြေသံကြောင့် သုန်မှုန်မာန်မူသော မျက်နှာဖြင့် သူတို့အနား ရောက်လာသော မောင်မောင်မျိုးကို တွေ့ရသည်။
ရောက်မဆိုက်ပင် မောင်မောင်မျိုးက ပီယ၀ါစာ သာယာနာပျော်ဖွယ် ဆိုလိုက်၏။
"ငါ ထင်သားပဲ၊ ဒီသီချင်းသံ ကြားထဲက ဒီသတ္တ၀ါလေးကို ဖျော်ဖြေနေပြီဆိုတာ"
ထို့နောက် ရှုတင်းတင်းဖြင့် ဒေါက်တာမြသွင်အေးကို လှည့်ကြည့်သည်။
"မောင်မောင်မျိုးနှင့် ဒေါက်တာမြသွင်အေးတို့သည် တစ်ယောက်နှင့်တစ်ယောက် မည်သူမည်ဝါဟု သိပြီးသူချင်း၊ မြင်ဖူးပြီးသူချင်း ဖြစ်ကြ၏။ မောင်မောင်မျိုးသည် မေမေခင့် ယောက်ျားဖြစ်ကြောင်း ဒေါက်တာမြသွင်အေး က သိသလို၊ ဒေါက်တာမြသွင်အေးသည် မေမေခင်နှင့် အလွန်ချစ်သော ငယ်သူငယ်ချင်း များ ဖြစ်ကြောင်း မောင်မောင်မျိုးက သိ၏။ သို့သော် အစကပင် ရင်းနှီးခင်မင် ကျွမ်းဝင် ပြောဆိုမှု မရှိခဲ့ကြသည် တစ်ကြောင်း၊ ကြာမြင့်စွာ မတွေ့မမြင်ဘဲနေပြီးမှ ယခု လူချင်းဆုံမိ ရာတွင် မောင်မောင်မျိုးအနေဖြင့် ဇနီးသည် မေမေခင်နှင့် ပတ်သက်သမျှ သက်ရှိ သက်မဲ့ ရုပ်ဝတ္ထု ပစ္စည်းတို့တွင် မြွေအမြုတေ ရတနာကလွဲ၍ မည်သည်ကိုမှ လိုလားကြည်ဖြူခြင်း မရှိ။
ဒေါက်တာမြသွင်အေးကလည်း သူငယ်ချင်း မေမေခင်က ဇာတ်စုံခင်းထားပြီးဖြစ်၍ သုန်မှုန်ရှုသိုး သော မောင်မောင်မျိုးကို မေတ္တာစေတနာခမ်းသည်အလျောက် နှုတ်ဆက်လိုစိတ် မရှိချေ။
ထို့ကြောင့် ဧည့်သည်နှင့် အိမ်ရှင်သည် တစ်ယောက်ကို တစ်ယောက် တည်တည်းတင်းတင်းပင် မျက်နှာလွှဲနေကြသည်။ မေမေခင်ကိုယ်တိုင်ကလည်း သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးရန်း၊ စကားပြောစေရန် မကြိုးစားဘဲ မောင်မောင်မျိုး စကားကိုသာ ပြန်ချေလိုက်သည်။
"ရှင့်အလိုဆန္ဒ မပြည့်ဝတာနဲ့ မယားကို မယားမမှတ် ပစ်ပယ်ထားတော့ ခင့်အနားမှာ ဒီကျေးသား လေးပဲ ရှိနေတာကိုး၊ ဒီတော့ အနားမှာ အမြဲရှိနေတဲ့ ကျေးသားလေးကိုပဲ တိုင်တည်ရတယ်၊ ပြောဆို မှာကြားရတယ်၊ ဟိုတစ်ချိန်က ရှင်ကိုယ်တိုင် သာယာကြည်နူးမိပါတယ်ဆိုတဲ့ ဒီပတ်ပျိုးကို အခုတော့ နားကြားပြင်းကပ်နေပြီဆိုတာ ခင် သိပါတယ်၊ ရှင် နားမထောင်ချင်ရင် မကြားရတဲ့ နေရာမှာနေ၊ ခင်ကတော့ သစ္စာရှိတဲ့ အဖောမွန်ကလေးကို ဒီသီချင်းပဲ ဆိုပြနေမှာပဲ၊ ကျေးသား လေးသာ လူစကား တတ်မယ် ဆိုရင် ဒီသီချင်းကို အလွတ်တောင် ရနေလောက်ပြီ ရှင်ရေ"
မေမေခင် က လေရှည် တောက်လျှောက်ကြီး ပြောချလိုက်သောအခါ မောင်မောင်မျိုးသည် ထုံးစံ အတိုင်း မေမေခင် ကို ပြန်လည်ချေပခြင်း မပြုနိုင်သည်အလျောက် အပြစ်မဲ့ ကျေးသားလေးကို အသားလွတ် လှည့်မဲ့ လိုက်သည်။
"မင်း သတ္တ၀ါလေး လူစကားမတတ်ဘဲ အသံတိတ်နေတာ ကံကောင်းတယ်မှတ်၊ လူစကားတတ် ပြီး လူလိုပြောနေရင် ငါက နားကြားပြင်းကပ်လာတာနဲ့ကို လည်ပင်းလိမ် သတ်ပစ်မှာ၊ ခွေးမသား ကြက်တူရွေး သတိကောင်းကောင်းထားနေ"
"ကဲပါလေ ... ကျေးသားလေးကိစ္စ ထားပါဦး၊ ရှင် ရုံးဆင်းပြီး အခုအပြီးပြန်လာတာလား"
မောင်မောင်မျိုး ရုံးဆင်းလျှင် တစ်ခါတစ်ရံမှသာ အိမ်ကို ပြန်လာသည်။ သူ့အစ်ကိုအိမ်ကို တန်းသွား သည်က များသည်။ ညအိပ်ချိန်ဆယ်နာရီကျော်လောက်မှ ပြန်လာတတ်သဖြင့် မေမေခင်က ဤမေးခွန်း ကို မေးလိုက်ခြင်း ဖြစ်သည်။
"မဟုတ်ဘူး၊ ကိုကိုတို့ဆီ သွားမယ်လို့ ဆင်ဝင်အောက်မှာ ဂျစ်ကားရပ်ထားတာ တွေ့တာနဲ့ အိမ်ပေါ် တက်ကြည့်တာ၊ ငါ နားကလောတဲ့ မင်းရဲ့ ကျေးစေတမန်သီချင်းသံ ကြားရတော့ အိမ်ပေါ် တက်လာမိတာတောင် မှားသွားသေးတယ်"
မောင်မောင်မျိုးက ပြောပြောဆိုဆို ခြေကိုပြင်းပြင်းဆောင့်နင်းပြီး အိမ်ပေါ်မှ ဆင်းထွက်သွားသည်။
"ခင် သီချင်းဆိုနေစဉ်က ကိုမျိုးကလဲ လမ်းလျှောက်လာရင်း ကြားလိုက်တော့ ခြေထောက်တွေ တစ်ခါထဲ ရွှေ့မရတော့ဘဲ ဖြစ်သွားတယ် ခင်၊ ခင့်အသံနဲ့ ဒီသီချင်းဟာလေ သိပ်ပဏာရတာပါပဲ၊ ခင့်အသံကို ကိုမျိုး နားထဲက မထွက်နိုင်အောင်ကို ဖြစ်နေလို့ ခင့်ထံလာခဲ့ရပါတယ်" ဟူသော မြတ်မြတ်နိုးနိုး တန်ဖိုးထားသည့် စကားတွေကို လွန်ခဲ့သော ဆယ်နှစ်ကျော်အချိန်က ပြောခဲ့သော မောင်မောင်မျိုးသည် ယခု မေမေခင် သီချင်းသံကို နားကြားပြင်းကပ်လှသည်ဟုဆိုကာ မေမေခင့် အပါးမှ ထွက်ခွာသွားလေပြီ။
မေမေခင်သည် ကြေကွဲသောစိတ်၊ ငြီးငွေ့သော အသံဖြင့် ပြောလိုက်၏။
"ခင်တို့ ဇနီးမောင်နှံ ရာသက်ပန်ရဲ့ ဆက်ဆံမှုကတော့ အခု မြ မြင်ရ ကြားရတဲ့ အတိုင်းပဲလေ၊ စိတ်လဲ ဆင်းရဲပါတယ် သူငယ်ချင်းရာ"
"သူ ဒီလိုပဲ လုပ်နေတာ ကြာပြီလား"
ဒေါက်တာမြသွင်အေးက မေး၏။
"ဟို အမြုတေ ရတနာကို နောင်ဘုရားဆိုတဲ့ လူလိမ်နဲ့ သူ့အစ်ကို သူ့မရီး လက်ထဲ အပ်ခိုင်းတာ ခင် ငြင်းဆန်တဲ့နေ့ကစပြီး အိမ်မှာလဲ ထမင်းမစားဘူး၊ သွားချင်တဲ့ဆီ သွား၊ အချိန်မတော်မှ ပြန်လာ၊ စိတ်မချမ်းသာအောင် ပြော၊ ကျေးသားလေးကို သတ်မယ်ကြိမ်း၊ ဒီလောက် ရက်စက်တဲ့ ယောက်ျားမျိုး လောကမှာ မရှိဘူးလို့ ခင် ထင်မိတယ် မြရယ်"
"ခင်က ဒီလက်စွပ်အကြောင်းကို သာမန် ပေါ့ပေါ့တန်တန် လက်စွပ်လောက် မပြောဘဲ တန်ခိုး အာနိသင်တွေ အကြောင်းပါ ဖွင့်ပြောလိုက်တာ ခင် သိပ်မှားသွားတယ်လို့ မြ ထင်တယ်ကွယ်"
ဒေါက်တာမြသွင်အေးက သူ့ထင်မြင်ချက်ကို ပြောသောအခါ မေမေခင် ၀န်ခံသည်။
"ဟုတ်တယ် မြ၊ ခင်လဲ အမှန်အတိုင်း ဖွင့်ပြောမိတာ မှားသွားတယ်လို့ နောက်မှ စဉ်းစားမိတယ်၊ အေးလေ ... လင်ယောက်ျားကလွဲပြီး အားကိုးစရာမရှိတဲ့ ခင့်အဖို့ ကိုယ်ချစ်တဲ့လင်က ချော့တော့ လဲ ဟုတ်နိုးထင် ယုံကြည်မိတာနဲ့ ဖွင့်ဟလိုက်မိတာပဲ မြရယ်၊ ခင့်အပေါ်မှာ ဒါလောက် မထောက် မညှာ ရက်စက်ယုတ်မာလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့မိလို့ပဲ ... "
မေမေခင်က နောင်တရစွာ ပြောသောအခါ သူ့အနေဖြင့် ဤအတိုင်း ဖြစ်ရသည့်အတွက် ဒေါက်တာ မြသွင်အေးသည် မေမေခင်ကိကု များစွာ သနားသည်။ ဆက်လက်ပြီး အပြစ်မတင်ရက်ပေ။
"သူ သိလိုတဲ့ နောက်တစ်ချက်ဆိုတဲ့ အစွမ်းသတ္တိတန်ခိုးက ဘာလဲခင်" ဒေါက်တာမြသွင်အေးက စကားလွှဲလိုက်သည်။ မေမေခင်က အသံအုပ်ပြီး ပြော၏။
"အဲဒါက သူကိုယ်တိုင် ခံစားသွားရပြီး သူ မသိဘဲ ဖြစ်နေတာ မြရဲ့၊ ဒီရတနာကို ဆောင်ထားတဲ့ အခိုက် ဘယ်လောက် ခွန်အားကြီးတဲ့ လူကိုဖြစ်စေ ကိုယ့်လက် ကိုယ့်ခြေထောက်နဲ့ လိမ်ထား ဖက်ထား ညှစ်ထားလိုက်ရင် ခံရတဲ့လူက မြွေပတ်ထားတာ ခံရသလိုဖြစ်ပြီး ဘယ်လိုမှ မရုန်းနိုင် မခုခံနိုင်ဘူးလေ၊ ကိုယ့်ကိုလဲ သူတို့က ချုပ်ကိုင်ထားလို့ မရဘူး၊ မြွေတစ်ကောင် ကိုင်ထားရသလို ဖြစ်ပြီး အလိုလို ကြောက်လာတယ်၊ သုံးလေးယောက် ၀ိုင်းချုပ်ကိုင်ထားစေကာမူ မြွေတစ်ကောင် ကို လျှောထွက်နိုင် လွတ်မြောက်နိုင်တယ် မြရဲ့၊ သူ သိပ်သိချင်နေတဲ့ အချက်ဟာ ဒါပဲ၊ မယား အပေါ်မှာ ယုတ်မာ ရက်စက်တဲ့ လင်ကို ပြောချင်စိတ်မရှိလို့ မပြောခဲ့တဲ့ လျှို့ဝှက်ချက်ကို ညီအစ်မ ရင်းလို ချစ်တဲ့ မြကို ဖွင့်ပြောတာပဲ၊ သစ္စာရှိရှိ ပေါင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းကို ခင် ယုံပါရစေ မြရယ်"
"စိတ်ချပါ သူငယ်ချင်းရယ်၊ ခင့်အပေါ်မှာ အမြဲ နှုတ်လုံမယ်၊ သစ္စာရှိမယ်ဆိုတာ ယုံကြည်စိတ်ချပါ"
ဒေါက်တာ မြသွင်အေးက မေမေခင်ကို သနားကြင်နာစွာဖြင့် ခိုင်မြဲသော ကတိကိုပေးပြီး ဆရာဝန် ပီပီ ပွင့်ပွင့်လင်းလင်း မေးသည်။
"ဇနီးမောင်နှံခြင်း ဒါလောက် အဆင်မပြေ ဖြစ်နေကြမှ၊ တစ်ခန်းထဲ အတူအိပ်နေလို့ ဖြစ်ပါတော့ မလား ခင်ရဲ့"
မေမေခင်က မချိပြုံး ပြုံးသည်။ ထို့နောက် ခြောက်သွေ့သော အသံဖြင့် ဖြေရှင်းပြ၏။
"သူက ပြောထားတယ် ဟုတ်လား၊ အမြုတေ ရတနာကို သူတို့လက်ထဲ မအပ်သရွေ့ ဒီဇွဲကို ကျွတ်အောင် ချွတ်မယ်၊ ပေါင်းလဲ မပေါင်းဘူး၊ ဒီအိမ်ပေါ်ကလဲ မဆင်းဘူး၊ ကွာလဲ မကွာဘူးတဲ့ ... အဲဒီ စကားအတိုင်းပဲ၊ အိမ်ရှေ့ဘက်က အခန်းကျယ်ကြီးမှာ နေရာယူထားတယ်၊ အချိန်မတော်မှ ပြန်လာပြီး အဲဒီမှာ အိပ်တယ်၊ တစ်ခါတစ်ရံ သူ့အစ်ကိုနဲ့ မရီး လိုက်လာတတ်တယ်၊ အဲဒီ အခန်းကျယ်ကြီးမှာ စုအိပ်ကြတာပဲ၊ နောင်ဘုရား ဆိုတဲ့ လူကတော့ တစ်ခါထဲ လိုက်လာဖူးတယ်၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘုရားခန်းထဲမှာ စက်တော်ခေါ်တယ် မြရဲ့"
"သူလာချိန် ခင်က တံခါးဖွင့်ပေးဖို့ စောင့်နေရမှာပေါ့နော်" မေမေခင် ဦးခေါင်းခါသည်။
"မစောင့်ဘူး မြ၊ အိမ်ထဲ အ၀င်အထွက် တံခါးမကြီးမှာ တပ်ထားတဲ့ သော့အိမ်က အတွင်းကရော အပြင်ကရော သူ့သော့နဲ့သူ ဖွင့်လို့ ပိတ်လို့ရတယ်၊ သော့် တစ်ယောက်တစ်ချောင်း ယူထားပြီး ခင့်ကတော့ နေ၀င်ရင် ရှိသမျှတံခါး အားလုံးပိတ်ပြီး ခင့်အိပ်ခန်းထဲ ၀င်နေ တံခါးပိတ်ထားလိုက် တယ်၊ သူတို့ လာချင်တဲ့အချိန် သူတို့ဘာသာ တံခါးဖွင့် ၀င်အိပ်ကြ၊ မနက်လင်းရင် သူတို့ဆင်းသွား မှ ခင့်အခန်းဖွင့်ပြီး ခင် ထွက်တာ"
"သူတို့ ပြန်မဆင်းဘဲ တိတ်တိတ်ပုန်းနေပြီး ခင် အထွက်ကို စောင့်နေကြရင်ကော"
ဒေါက်တာမြသွင်အေးက စဉ်းစဉ်းစားစား မေးသည်။
"ဒါလောက်တော့ ခင် သတိရှိပါတယ် မြရယ် ... အခန်းထဲက သူတို့ကို ချောင်းကြည့် မြင်နိုင်အောင် လုပ်ထားတဲ့နေရာ ရှိပါတယ်"
"ခင်က ဘယ်အခန်းမှာ အိပ်လဲ"
"ဟောဒီ ကျေးသားလှောင်အိမ်လေးနဲ့ တွဲတဲ့အခန်းပေါ့၊ ခင်က ကျေးသားလေးကို ပစ်မထားဘူး၊ မျက်ခြည်ပြတ်မခံဘူး၊ အခု မြရှိနေလို့သာ ခင်တစ်ယောက်ထဲဆိုရင် သူ ရုံးဆင်းချိန်မရောက်မီ ကြိုတင်ပြီး ကျေးသားလေးကို ခင့်အခန်းထဲ ထည့်သိမ်းပြီး အခန်းကို သော့ခတ်ထားလိုက်တယ်၊ ညတိုင်း ခင့်အခန်းထဲမှာ သိပ်တယ်"
"ဒုက္ခများလိုက်တာ ခင်ရယ်၊ လှောင်အိမ်ဖွင့် လွှတ်လိုက်ပါလား၊ သူ့အတောင်တွေမှ မညှပ်ထားဘဲ၊ သူ ကောင်းကောင်းပျံနိုင်တာ ဘေးကင်းရာ သွားပါစေတော့လား ခင်ရယ်"
ဒေါက်တာမြသွင်အေး အကြံပေးသည်ကို မေမေခင်က ဦးခေါင်းခါသည်။
"မြ မသိပါဘူး ... ခင့်မှာ တိုင်ပင်ဖော် တိုင်ပင်ဘက် အဖော်ဆိုလို့ ဒီကျေးသားလေးပဲ ရှိတာ၊ သူ့ကို သိပ်ပြီးသံယောဇဉ် ဖြစ်နေပြီ၊ မခွဲရက်ဘူး မြရယ် ... နောက်တစ်ချက်ကလဲ လူက မွေးထားပြီးလို့ ကြာရှည်လေးမြင့် လူနဲ့ အတူနေသွားတဲ့ ကျေးတို့ ကြက်တူရွေးတို့ သာလိကာတို့ ရှဥ့်တို့ မျောက်တို့ ဆိုတာ မွေးလက်စနဲ့ ဆက်သာမွေးပေတော့၊ လွှတ်ပေးလိုက်ရင် သူတို့ မျိုးတူတွေက လက်မခံ တော့ဘူး၊ ၀ိုင်းဆိတ်ကြ ကိုက်ကြ ဒုက္ခရောက်ကုန် သေကုန်ကြတတ်တယ်၊ ဒါကြောင့် သနားပေ မယ့် လွှတ်လို့ မဖြစ်ဘူးလေး၊ အခုတော့ ခင် ဆိုပြခဲ့တဲ့ သီချင်းလို ဟောဒီ ကျေးသားဟာ ခင်ရဲ့ ငယ်ယုံပူဘော် ဖြစ်နေပါပြီ မြရယ်"
"ဒီအကောင်ကို စကားမသင်ဘူးလား ခင်"
အထူးသင်စရာ လိုသေးသလား မြရယ် ... နေ့ရှိသရွေ့ သူနဲ့ ခင်နှစ်ယောက်ထဲ သူ့ကို စကားပြော လိုက်၊ သီချင်းဆိုပ်ြလိုက် လုပ်နေတာ၊ အဲ ... ဟိုလူက အသံထွက်ရင် လည်ပင်းလိမ်သတ်မယ် ချည်း ကြိမ်းနေတာ၊ သူကလေး နားလည်နေလို့လား မသိဘူး၊ အခုအတိုင်းပဲ တိတ်တိတ် ဆိတ်ဆိတ်ပဲ နေတယ်"
သူငယ်ချင်းနှစ်ယောက် အတန်ကြာ နှုတ်ဆိတ်နေကြပြီးမှ ဒေါက်တာ မြသွင်အေးက သူ သိလို သည်ကို မေးပြန်သည်။
"ဒီ အမြုတေ ရတနာကို သူငယ်ချင်း ဘိုးအေက ဘယ်လိုရတာလဲကွယ်"
ထိုအခါ မေမေခင်က သူ့မိခင် ပြောပြခဲ့ဖူးသော ဘိုးအေ၏ အတ္ထုပ္ပတ္တိကို သူ မှတ်သားထားသမျှ သူငယ်ချင်းအား ဖောက်သည်ချလိုက်သည်။
ဆက်ရန်
.

အမရယ်.. ခင်တော်တော် ပဲ နေရဲတယ်။ အံ့သြရော။ လင်မယားဆိုတာ မချစ်တော့ရင်တစိမ်းပဲ။ ကိုယ်ပိုင်ဆိုင်တဲ့အိမ်မှာ ကိုယ့်အပေါ်တစိမ်းသ်သက်ဖြစ်နေတာ ဘယ်လောက်အန္တရာယ်များလဲ။ ရှေ့နေခေါ်ပီးကွာလိုက်
ReplyDeleteပီးရော။ မြေပွေးခါးပိုက် ပိုက်ထားတယ်။
စကားမစပ်ဖြစ်နိုင်ရင် အဲ့ဒီစာအုပ်ကိုပြေးငှားချင်တယ်။ မြန်မြန်ပီးချင်လို့။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။
မြတ်နိုး