Monday, October 4, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃ဝ) အဆက် (၂)

အခန်းတံခါးမှ ကန့်လန့်ကို ဆွဲသံကြားရပြီးနောက် တံခါးပွင့်လာလေသည်။
တွန်ဂါတာ သည် မတ်တတ်ထရန် ကြိုးစားရာ ဒူးဆစ်များမခိုင်ဘဲ ယိုင်လဲကျသွားလေသည်။

လက်နက်ကိုင် အဆင့်တစ်ဦးသည် တံခါးဝအနီး ကြမ်းပြင်တွင် တစ်စုံတစ်ခုချပေးပြီးနောက် ချက် ချင်းပင် ပြန်ထွက် သွားကာ တံခါးကို အပြင်ဘက်မှ ပြန်ပိတ်လိုက်သည်။
တွန်ဂါတာ သည် အံ့အားသင့်သွားမိသည်။ ယခုလိုအဖြစ်မျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူး သဖြင့် အံ့သြမိခြင်း ဖြစ်သည်။ နောက်ထပ် ဘာများ လာပို့ပေးမည်နည်းဟုလည်း စောင့်ကြည့်ရာ မည်သူမှ နောက်ထပ် မလာတော့ချေ။

တံခါး၏အပြင်ဘက်တွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ရံဖန်ရံခါ အခြားအကျဉ်းသား များအား အစောင့် များက ဆွဲခေါ်သွားသံကိုသာ ကြားရလေသည်။
အလင်းရောင် တဖြည်းဖြည်း များလာပြီဖြစ်ရာ တွန်ဂါတာသည် စောစောက လာပေးသွားသော အရာဝတ္တု ကို ကြည့်လိုက်ရာ ပလတ်စတစ်ပုံးတစ်လုံးဖြစ်ကြောင်း တွေ့ရလေသည်။
အတွင်း ၌ ရေတစ်ဂါလန်ခန့်ရှိသည်ကို တွေ့ရလေသည်။

တွန်ဂါတာသည် ရေသောက်ရန် ဟန်ပြင်လိုက်ပြီးမှ ခေတ္တ တန့်သွားမိပြန်သည်။ ယခင်တစ်ကြိမ် လှည့်စား ခံခဲ့ရသည်ကို သတိရ၍ ရေကို ရုတ်တရက် မသောက်ဝံ့ခြင်းပင် ဖြစ်သည်။
ထိုစဉ်က သူသောက်ရန် လာပေးသော ရေတွင် ဆရာဝန်က ဆားခပ်များများနှင့် အလွန်ခါးသော အာလန် ဓာတ်သတ္တု ရောစပ်ထားခဲ့သည်။ ထိုရေသောက်ပြီးနောက် တွန်ဂါတာသည် အကြီး အကျယ် ရေငတ် သည့် ဝေဒနာကို မချိမဆံ့ ခံခဲ့ရဖူးလေသည်။

လောလောဆယ် ရေအလွန်ငတ်နေသဖြင့် သူသည် ရေကို လက်ညှိုးဖြင့်တို့၍ အသာမြည်းကြည့် ရာ ရေကောင်းရေသန့် (ရေချို)ဖြစ်ကြောင်း တွေ့ရလေသည်။
သည်တော့ မှ သူသည် အားရပါးရ သောက်ချလိုက်သည်။
ယခုအချိန်တွင် လက်နက်ကိုင်အစောင့်တစ်ဦး ၀င်လာပါက ရေပုံးကို ခြေဖြင့် ကန်ပစ်မည်မှာ သေ ချာသောကြောင့် အလျင်အမြန် ကောက်ချလိုက်ခြင်းပင် ဖြစ်သည်။
ထို့နောက် သူသည် မိနစ်အနည်းငယ်မျှ နားနေလိုက်သည်။

ခဏမျှကြာသော် တွန်ဂါတာသည် ပြန်ထ၍ ရေထပ်သောက်ပြန်သည်။ ယင်းသို့ ရေကို တ၀ကြီး သောက်လိုက်ပြီးနောက် အတန်ကြာ ဆီးမသွားဘဲနေခဲ့ရာမှ ယခုတော့ အားရပါးရ ဆီးသွားလေ သည်။
မွန်းတည့်ချိန် တွင် သူ့အား လာခေါ်ထုတ်သောအခါ တွန်ဂါတာသည် အားအင်ပြည့်လာကာ ကောင်းစွာ မတ်တပ် ထနိုင်ပြီဖြစ်၍ ရှိုနာလူမျိုး အစောင့်များကို ဆဲရေးကြိမ်းမောင်းလိုက်လေသည်။
ထုံးစံအတိုင်း သူ့အား အကျဉ်းသားများကို သေဒဏ်ပေးကွပ်မျက်ရာ စစ်ရေးပြ ကွင်းတစ်ဖက်စွန်း ရှိ အုတ်နံရံ နားသို့ ခေါ်သွားကြသောအခါ တွန်ဂါတာသည် အတော်ပင် လန်းဆန်းလျက် စိတ်ဓာတ် ပင် တက်လာ သလို ဖြစ်နေလေသည်။

ယခု မိမိသည် ရေ၀၀သောက်ထားရပြီဖြစ်၍ ရန်သူ ရှိုနာစစ်သားတို့၏ ညှဉ်းပန်းမှုဒဏ်ကို ကောင်း စွာ ခံနိုင် လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မိလေသည်။
တွန်ဂါတာသည် လူလူချင်း မည်သူ့ကိုမှ မကြောက်တော့ချေ။
စစ်ရေးပြကွင်းအလယ်သို့ လျှောက်သွားစဉ် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိလေသည်။ အုတ်နံရံ အနီးတွင် နေပူရှိန် ကာကွယ်ရန် ယာယီရွက်ထည်မိုး ပြုလုပ်ထားပြီး ယင်းအမိုးအောက် တွင် စားပွဲတစ်လုံး နှင့် ကုလားထိုင်နှစ်လုံး ချထားသည်။ စားပွဲက နေ့လယ်စာစားရန် တည်ခင်း ထားပုံရသည်။

ထိုစားပွဲတွင် ခပ်တည်တည်ထိုင်နေသူကား ဗိုလ်ချုပ် ဖွန်ဂါဘီရာပင် ဖြစ်လေသည်။ တွန်ဂါတာ အနေဖြင့် ထိုလူနှင့် မတွေ့ခဲ့ရသည်မှာ ရက်အတော်ပင် ကြာသွားပြီဖြစ်သည်။
ယခု လူချင်းပြန်ဆုံရသောအခါ တွန်ဂါတာသည် စိတ်ဓာတ်ပြန်ကျသလို ဖြစ်မိလေသည်။ ဒူးဆစ် များမှာလည်း မခိုင်တော့သလိုဖြစ်လာကာ ယိုင်လဲကျတော့မယောင် ဖြစ်သွားသည်။
သူတို့က မိမိအတွက် ဘာများ အစီအစဉ် ပြုလုပ်ထားလေသနည်း။ ဘာလုပ်မည်ကို သိရလျှင် မိမိ အနေ ဖြင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားနိုင်မည် ဖြစ်ပေသည်။ ယခုတော့ ဘာမှန်းမသိရသည့် အတွက် စိတ်တုန်လှုပ် ချောက်ချားသလို ဖြစ်နေမိသည်။

တွန်ဂါတာအား အစောင့်များခေါ်၍ ဖြတ်လျှောက်သွားစဉ် ဖွန်ဂါဘီရာသည် ထိုင်နေရာမှ မော်၍ပင် မကြည့်ချေ။ သူသည် စားပွဲတွင်ထိုင်၍ နေ့လယ်စာ စားနေလေသည်။ စားရာတွင်လည်း ဇွန်း ခက်ရင်း ဖြင့်မစားဘဲ အာဖရိကတိုက်သားတို့ ဓလေ့အတိုင်းဖြင့်သာ စားနေသည်။

ပြောင်းဖူးမုန့်၊ ငါးကြော်များ စားနေသည်ဖြစ်ရာ အစားအစာများ၏ အနံ့ကို ရသောအခါ တွန်ဂါတာ သည် ဆာလောင်မွတ်သိပ်ပြီး စားချင်လာသဖြင့် သွားရည်များပင် ကျမိလေသည်။
ထိုနေ့အဖို့ ကွပ်မျက်သတ်ပစ်ရန် တရားခံတစ်ဦးသာ ကျန်တော့လေသည်။ ထိုသူအား ကားစင် တင်၍ ကြိုးတုပ်နှောင် ထားပြီးဖြစ်ကြောင်း တွန်ဂါတာ က သတိပြုမိလေသည်။
သေချာစွာ ကြည့်လိုက်သောအခါ သူသည် အလွန် အံ့အားသင့်သွားမိသည်။

အသတ်ခံရမည့် တရားခံမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်တည်း။
အမျိုးသမီးမှာ မိန်းကလေးငယ် တစ်ဦးဖြစ်ပြီး အ၀တ်အစားမပါဘဲ ဗလာကျင်းနေလေသည်။ ကိုယ် လုံးကိုယ်ဟန် အချိုးကျလှပပြီး ကြော့ရှင်းသော အင်္ဂါရုပ်လည်း ရှိသူဖြစ်သည်။
သူမခမျာ ကြိုးဖြင့် တုပ်နှောင်ထားခြင်းခံရသဖြင့် မိမိ၏ အရှက်ကို ကာကွယ်ဖုံးအုပ်ရန် မည်သို့မျှ မတတ်နိုင်ရှာချေ။ အလွန် ရှက်ကြောက်လျက်ရှိကြောင်း သူမ၏ မျက်လုံးများတွင် ပေါ်လွင်နေလေ သည်။
တွန်ဂါတာသည် ထိုမိန်းကလေး၏ မျက်နှာကို မကြည့်ဝံ့ချေ။

ထိုအခိုက် လက်နက်ကိုင် အစောင့်များသည် တွန်ဂါတာ၏ လက်မောင်းနှစ်ဖက်ကို ဖမ်းချုပ်ကိုင် ထားရာမှ လွတ်ပေးလိုက်သည်။
တွန်ဂါတာ သည် ကားစင်တွင် တုပ်နှောင်ထားသော မိန်းကလေးဆီသို့ လျှောက်သွားလေသည်။ အနီး သို့ ရောက်သောအခါ အလွန်အံ့အားသင့်သွားမိသည်။
ထိုမိန်းကလေး ကား အခြားမဟုတ်၊ တွန်ဂါတာ၏ ချစ်သူ ဆရာမကလေး ဆာရာပင်တည်း။

သူမသည် အလွန်အမင်း ရှက်ကြောက်နေရာမှ တွန်ဂါတာကို ကြည့်ပြီး-
"အို…သခင်…သခင်…သခင်ကို သူတို့ ဘယ်လိုလုပ်လိုက်တာလဲ"ဟု မာတာဘယ်လီဘာသာဖြင့် ခပ်တိုးတိုး ပြောရှာလေသည်။
တွန်ဂါတာ သည် ဘာမှမပြောဘဲ သူမ၏ မျက်နှာကို လက်ဖြင့် ယုယစွာ သပ်လိုက်ချင်သော်လည်း ရှိုနာ လူမျိုး လက်နက်ကိုင်အစောင့်များ ရှိနေသဖြင့် စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။
"မင်း ကို သူတို့ ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ"

"ကျွန်မက ရှင်ညွှန်ကြားတဲ့အတိုင်း တောင်ပေါ်ဒေသမှာ သွားရှောင်နေလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မဆီကို သတင်းတစ်ခု ရောက်လာတယ်။ ကျွန်မ စာသင်တဲ့ကျောင်းက ကလေးတစ်ယောက် ၀မ်းကိုက်ရောဂါ အပြင်းအထန်ဖြစ်နေပြီး ဆရာဝန်လည်းမရှိလို့ အခက်အခဲ တွေ့နေပါတယ်လို့ ဆိုပါတယ်"
"အဲဒါ မင်းကို သက်သက် လိမ်ခေါ်တာပဲ"

"ဟုတ်ပါတယ် လိမ်ခေါ်တာပါ။ ကျွန်မလည်း သွားစရာ ရှိုနာစစ်သားတွေက အသင့်စောင့်နေကြ တယ်။ ကျွန်မရဲ့ အမှားကို သခင်က ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်"
"အခု အခြေအနေကျမှတော့ ဒါတွေက ကိစ္စမရှိတော့ပါဘူး"

"ကျွန်မအဖို့တော့ ကိစ္စရှိတယ်ရှင့်။ နောက်ကို သခင်က ဘာမှ လုပ်မပေးပါနဲ့တော့။ ကျွန်မဟာ မာရှိုကာနီ ရဲ့ သမီးဖြစ်ပါတယ်။ မျိုးရိုးဇာတိဂုဏ်အရ ရှိုနာစစ်သားတွေ လုပ်သမျှကို ခံနိုင်ရည် ရှိပါ တယ်"
ဆာရာက ဤသို့ပြောလိုက်၍ တွန်ဂါတာသည် ၀မ်းနည်းစွာနှင့် ခေါင်းခါလိုက်လေသည်။ သူသည် ဆာရာ ၏ နှုတ်ခမ်းလေးကို လက်များဖြင့် အသာထိလိုက်ရာ သူ၏လက်မှာ တုန်နေလေသည်။
ဆာရာ က တွန်ဂါတာ၏ လက်ချောင်းများကို နမ်းလိုက်သည်။

တွန်ဂါတာသည် ဘာမှမပြောဘဲ ချာခနဲ လှည့်ကာ ဖွန်ဂါဘီရာ စားသောက်နေသည့် နေရာသို့ လျှောက်သွား လေသည်။
စစ်သားများက သူ့အား ဟန့်တားခြင်း မပြုကြချေ။
တွန်ဂါတာ သည် ကုလားထိုင်လွတ်တစ်လုံးတွင် ၀င်ထိုင်ချလိုက်သည်။

"ပထမဆုံး အရေးကြီးတာက အမျိုးသမီးကို ကြိုးတွေတုပ်ထားရာက လွှတ်ပေးပြီး အ၀တ်အစား ၀တ်ဆင် စေဖို့ လိုတယ်"
ဖွန်ဂါဘီရာ သည် သူ၏လူများအား အမိန့်ပေးလိုက်ရာ ချက်ချင်းပင် စစ်သားများက ဆာရာအား လွှတ်ပေး လိုက်ပြီး စောင်တစ်ထည်ဖြင့် ကိုယ်ကို လွှမ်းခြုံပေးလိုက်သည်။
ထို့နောက် ဆာရာအား ခေါ်ထုတ်သွားကြသည်။

သူမသည် နောက်သို့ ပြန်လှည့်ပြီး တွန်ဂါတာအား-
"သခင်…အို…သခင်"ဟု လှမ်းခေါ်လိုက်ရှာသည်။
တွန်ဂါတာသည် ဖွန်ဂါဘီရာအား ခပ်တည်တည် ကြည့်၍-
"သူ့ကို နောက်ထပ် မနှိုပ်စက်ပါနဲ့"ဟု ပြောလိုက်သည်။

"ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ပါဘူးဗျ၊ နောက်လည်း မနှိပ်စက်ပါဘူး။ ခင်ဗျားကသာ သူ့ကို နှိပ်စက် ချင်အောင် အကြောင်းမပေးပါနဲ့"
ပြောရင်းနှင့် ဖွန်ဂါဘီရာသည် ပြောင်းဖူးမုန့်တစ်ပန်းကန်ကို တွန်ဂါတာဘက်သို့ တွန်းပေးလိုက် သည်။ တွန်ဂါတာက ဂရုမစိုက်ဘဲ-
"သူ့ကို ပြည်ပကို ခေါ်ထုတ်သွားပြီး 'ဖရန်စစ်တောင်း'အရပ်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီအသင်းကို ပို့ပေးရမယ်"ဟု တောင်းဆိုလိုက်သည်။
"တူတီလေဆိပ်မှာ လေယာဉ်ငယ်တစ်စင်း အသင့်ရှိနေပါပြီ။ ကဲ…ရဲဘော်ကြီး စားလိုက်ပါဦး။ ခင်ဗျား ကိုယ်တိုင် ပုံမှန်အားရှိလာဖို့ လိုတယ်"
"ဆာရာက ပြည်ပမှာ လွတ်လပ်စွာရောက်နေပြီဆိုတာ ကျုပ်ဆီကို သတင်းပို့ခိုင်းရမယ်။ သတင်းပို့ ဖို့လည်း လျှို့ဝှက်စကားဝှက် တစ်ခု ကျုပ် သူနဲ့ စီစဉ်ထားလိုက်မယ်"
"ကောင်းပါပြီ၊ သဘောတူပါတယ်"

ဖွန်ဂါဘီရာက ပြောရင်း တွန်ဂါတာအတွက် လက်ဖက်ရည်တစ်ခွက် ပို့ပေးလေသည်။
"ပြီးတော့ စကားဝှက် စီစဉ်ဖို့အတွက် ကျုပ်တို့နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် ပေးရမယ်"
"ဒီလိုရှိပါတယ် ခင်ဗျားအနေနဲ့ သူ့ကို စကားပြောနိုင်ပါတယ်။ ဒါပေမဲ့ စစ်ရေးပြကွင်း အလယ် ကောင်မှာ ဖြစ်ရမယ်။ ကျုပ်လူတွေက ခင်ဗျားတို့ရှိရာနဲ့ ကိုက်တစ်ရာအဝေးမှာ နေကြလိမ့်မယ်။ တစ်ခုတော့ သတိ ပေးထားပါရစေ။ ခင်ဗျားတို့ကို စက်သေနတ်တစ်လက်က တောက်လျှောက် ချိန် ထားမယ်။ ခင်ဗျားနဲ့ အမျိုးသမီး စကားပြောဖို့လည်း အချိန် ငါးမိနစ်သာ ပေးမယ်"

အပိုင်း (၃၁) ဆက်ရန်
.

2 comments:

  1. သောစေယျံOctober 4, 2010 at 7:02 AM

    စာတွေကကောင်းတယအပိုင်းလိုက်တင်သာဆိုတော့ မြဝတီက လွှင့်နေတဲ့ တရုပ်ကားတွေကြည့်နေရတဲ့အတိုင်း ပါပဲ အော် တခုတောင်းပန်ချင်တယ် ကြော်ငြာတော့ မဝင်လိုက်ပါနဲ့ .........................အဟ်

    ReplyDelete
  2. ဆရာမရေ.. ဒီနေ့မှပဲ ဒီအပိုင်းလေးကို ဖတ်နိုင်တော့တယ်..

    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

    ReplyDelete

thank you to say so