Sunday, October 3, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃ဝ) အဆက် (၁)

"အင်း…ကျုပ်တို့ ကြိုးစားပေမယ့် မရတော့ဘူးဆိုတော့ မတတ်နိုင်ဘူး"
ပြောပြောဆိုဆို ဖွန်ဂါဘီရာသည် မြွေကြီး၏ ကိုယ်တစ်နေရာကို သံချောင်းပူပူဖြင့် တို့လိုက်လေ သည်။
မြွေကြီးသည် နာကျင်သဖြင့် လူးလွန့်လှုပ်ရှားလာလေသည်။

မြွေကြီးသည် နာကျင်သဖြင့် လူးလွန့်လှုပ်ရှားလာလေသည်။ ဒေါသထွက်လာဟန်ဖြင့် ရှူးရှူးရှဲရှဲ ဖြစ်လာရာမှ ရုတ်တရက် ပါးပျဉ်ထောင်ကာ တွန်ဂါတာအား ပေါက်လိုက်လေသည်။
မြွေပေါက်လိုက်သည့်နေရာမှာ တွန်ဂါတာ၏ မျက်လုံးတစ်ဖက်အောက်နား ပါးပြင်တွင် ဖြစ်သည်။ ပြင်းစွာ နာကျင်ခြင်းဝေဒနာ ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် တွန်ဂါတာ၏ ပါးစပ်တွင် သွေး များ အလိုလို ထွက်လာသည်။ ထို့နောက် နာကျင်ခြင်းဝေဒနာကို မခံနိုင်တော့သည့်အဆုံး၌ သူ သည် လုံးဝ သတိမေ့သွားတော့သည်။ "ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ၊ အခု သူသေသွားပြီ၊ ခင်ဗျားက သူ့ကို သတ်လိုက်တယ်။ ဒီလူ အသက်မသေဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျုပ် စောစော ကတည်း က ပြောထားတယ် မဟုတ်လား"

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် တွန်ဂါတာ သေဆုံးသွားပြီဟု တထစ်ချ တွက်လျက် ဆရာဝန်အား ဒေါသ ကြီးစွာဖြင့် အပြစ်တင်လေသည်။
သို့ရာတွင် ဒေါက်တာက ခေါင်းခါပြလေသည်။
"မဟုတ်ပါဘူး၊ သေသွားတာ မဟုတ်ပါဘူး"
ပြောပြောဆိုဆို ဒေါက်တာသည် စစ်သားနှစ်ဦး၏ အကူအညီဖြင့် တွန်ဂါတာ၏ ဦးခေါင်းမှ ခမောက် ကို ချွတ်ပစ်လိုက်သည်။
စစ်သားတစ်ဦးက အက်ဒါမြွေကြီးကို လျင်မြန်စွာ ဖမ်းကိုင်၍ အခန်းနံရံဘက်သို့ တအား လွင့် ပေါက်လိုက်ပြီးနောက် မြွေ၏ ဦးခေါင်းကို ရိုင်ဖယ်သေနတ်ဒင်ဖြင့် ကြေမွသွားအောင် ရိုက်သတ် လိုက်သည်။
ဆရာဝန်ကို ဗိုလ်ချုပ် ဖွန်ဂါဘီရာအား-

"သူဟာ သေတာမဟုတ်ပါဘူး၊ သတိမေ့နေတာပါ။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေလို့ အခုလို မေ့သွားတာပါပဲ"ဟု ရှင်းပြလေသည်။
ဆက်လက်၍ ဆရာဝန်သည် စစ်သားနှစ်ဦး၏ အကူအညီဖြင့် တွန်ဂါတာအား ပွေ့ချီကာ အခန်းနံရံ အနီးရှိ ကင်းကော့ ခေါ် တောတွင်းစခန်းသုံး ခေါက်ခုတင်တစ်လုံးပေါ်တွင် တင်ထားလိုက်သည်။
ဒေါက်တာသည် တွန်ဂါတာ၏ သွေးခုန်နှုန်းကို သေချာစွာ စမ်းသပ်ကြည့်ပြီးနောက် "အခြေအနေ ကောင်းပါတယ်"ဟုဆိုကာ လက်မောင်းတွင် ထိုးဆေးတစ်လုံး ထိုးပေးလိုက်သည်။
"ဒါက သူ့ကို အားဆေးထိုးပေးလိုက်တာပဲ။ ချက်ချင်းဆိုသလို သိသာလာပါလိမ့်မယ်။ ဟော ပြော ရင်းဆိုရင်း သတိပြန်ရလာပြီထင်တယ်။ ဒါပေမဲ့ မြွေကိုက်ခံရတဲ့အတွက် ရောဂါပိုးမွှားဝင်မှု (အင် ဖက်ရှင်)တော့ ရှိသင့်သလောက် ရှိမှာပဲ။ ဒါကြောင့် ပဋိဇီဝဆေး (အင်တီဘိုင်အိုတစ်)တစ်လုံးတော့ ထိုးပေးဦးမှပဲ"

ပြောပြောဆိုဆို ဒေါက်တာသည် နောက်ထပ် ထိုးဆေးတစ်လုံး (ပဋိဇီဝဆေး)ထိုးပေးလိုက်ပြန် သည်။
ထိုအချိန်၌ တွန်ဂါတာသည် သတိရလာကာ လူးလွန့်စပြုလာသည်။ တဖြည်းဖြည်းနှင့် သတိ ကောင်းစွာ ရလာသော အခါ စစ်သားနှစ်ဦးက ကူညီဖေးမ၍ ထိုင်နေနိုင်အောင် ထူပေးလိုက်သည်။
သူ၏ မျက်လုံးများသည် ချက်ချင်းကြည်လင်ခြင်းမရှိသေးဘဲ အတန်ကြာမှ ပုံမှန်မြင်လာလေရာ သူ့အား အကဲခတ်ကြည့်နေသူ ဖွန်ဂါဘီရာအား မြင်မိလေသည်။
"မိတ်ဆွေကြီး၊ ခင်ဗျား အခုလို လူသားတို့ရဲ့ လောကကို ပြန်ရောက်လာတာကို ခရီးဦးကြိုပြုပါ တယ်"

ဖွန်ဂါဘီရာက နှုတ်ဆက်သလို ပြောလိုက်ရာ တွန်ဂါတာသည် မည်သို့မျှ ပြန်မပြောဘဲ ဖွန်ဂါဘီရာ ၏ မျက်နှာ ကိုသာ စူးစိုက်ကြည့်နေလေသည်။
ဖွန်ဂါဘီရာကပင် ရှင်းပြလေသည်။

"ခင်ဗျားက ရုတ်တရက်တော့ သဘောပေါက်မှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ စမ်းသပ်ချက်က ဒီလိုပါ။ ဒေါက်တာကြီးဟာ အက်ဒါမြွေကြီးရဲ့ အဆိပ်တွေကို စောစောက ထုတ်ယူထားလိုက်ပြီး ဖြစ်ပါ တယ်။ ခင်ဗျား ကိုယ်တိုင် ထင်ခဲ့မိတဲ့အတိုင်းပါပဲ"
တွန်ဂါတာသည် စကားမပြောနိုင်သေးသဖြင့် ခေါင်းခါပြလိုက်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာကလည်း သူ ဘာဆိုလိုသည်ကို ရိပ်မိဟန်ဖြင့် ဆက်ရှင်းပြပြန်သည်။

"အဆိပ်ထုတ်ထားတဲ့ မြွေက ကြွက်ကိုပေါက်လိုက်တာ ကြွက်ဟာ ဘာကြောင့်သေသွားတာလဲလို့ မေးချင်တယ် မဟုတ်လား။ ဒါလည်း အဖြေရှိပါတယ်။ လွယ်လွယ်ကလေးပါပဲ။ ဒေါက်တာဟာ ဒီ အခန်းထဲ ပြန်ဝင် မလာခင် ကြွက်ကို ထိုးဆေးတစ်မျိုး ထိုးပေးလိုက်တယ်။ ဆေးက အချိန်အနည်း ငယ်အတွင်း သေသွားစေနိုင်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်။ အဲဒါကို မြွေကိုက်ခံရပြီး သေသလိုထင် ရအောင် အချိန်အတိအကျ တွက်ချက်ပြီးမှ ထိုးပေးခဲ့တဲ့အတွက် ကြွက်ဟာ မြွေကိုက်ခံရပြီး စက္ကန့် ပိုင်းအတွင်း သေသွား လေတော့ မြွေဆိပ်ကြောင့်လို့ထင်ရတယ်။

အမှန်တော့ ဒေါက်တာကြီးက ကြိုတင်ထိုးထားလိုက်တဲ့ အဆိပ်ဆေးကြောင့် ကြွက်သေသွားတာ ဖြစ်တယ်။ မိတ်ဆွေကြီးခင်ဗျား၊ စောစောက ခင်ဗျားထင်မိတဲ့အတိုင်း ကျုပ်တို့အနေနဲ့ ခင်ဗျားကို ချက်ချင်း သေအောင်လုပ်လို့ မဖြစ်သေးဘူး။ သို့သော်လည်း မကြာခင် အချိန်မှာ ခင်ဗျားရဲ့ ကံကြမ္မာကို မပြောနိုင်ဘူး။ တစ်ခု တော့ရှိတယ်၊ ကျုပ်တို့တွက်ချက်ပြီး လုပ်တာကိုင်တာတွေ မှားယွင်း လွဲချော်သွားနိုင်တယ်။ ဥပမာ မြွေကြီးကို ကျုပ်တို့က အဆိပ်ထုတ်ယူထားလိုက်တယ်ဆိုပေမယ့် သူ့အစွယ် မှာ အဆိပ်အကြွင်း အကျန်ရှိနေနိုင်သေးတယ်။ နောက်တစ်ကြိမ် ကျုပ်တို့ ဒါမျိုးစမ်းလိုက်ရင် ခင်ဗျား အဆိပ်သင့်သွား နိုင်တယ်။ ဘာပဲဖြစ်ဖြစ်ကြာရင် ခင်ဗျားရဲ့စိတ်တွေ ချောက်ချားပြီး လုံးလုံး စိတ်နောက် သွားတဲ့အထိ တောင် ဖြစ်သွားနိုင်တယ်"
"ကျုပ်ကတော့ အတတ်နိုင်ဆုံး ခံနိုင်အောင် ကြိုးစားပြီး ကျိတ်ခံမှာပဲ"

တွန်ဂါတာက လျှော့ပေးရန် မရည်ရွယ်ကြောင်း ပြောလိုက်သည်။ ဖွန်ဂါဘီရာသည် တွန်ဂါတာ ခေါင်းမာ နေခြင်းကို သဘောကျဟန် မတူချေ။
"ခင်ဗျား ခေါင်းမာတာကို ချိုးနှိမ်ဖို့ ကျုပ်တို့မှာ နောက်တစ်နည်း ရှိသေးတယ်။ ခင်ဗျားအနေနဲ့ ဖွန်ဂါဘီရာ ရဲ့ နောက်လိုက်ခွေးများဆိုတာ ကြားဖူးမှာပေါ့။ အဲဒါ ကျုပ်ရဲ့ လက်ရွေးစင် ခွေးကြီးတွေ ကို ခင်ဗျားတို့ မာတာဘယ်လီ လူမျိုးတွေက ခေါ်တာပါ။ တကယ်လည်း သူတို့ကို ထိန်းချုပ်ရအ လွန်ခက်တယ်။

သူတို့ကို ခင်ဗျားဆီ လွတ်ပေးလိုက်ရင် ခင်ဗျားရဲ့ လက်တစ်ဖက်၊ သို့မဟုတ် ခြေ တစ်ဖက် ပြတ်သွား နိုင်တယ်။ ကျုပ်တို့က ဒီနည်းကို အသုံးမပြုချင်ပါဘူး။ အသုံးမပြုဖြစ်အောင် ခင် ဗျားကိုယ်တိုင်က လုပ်နိုင်တယ်။ ကျုပ်တို့ မေးတာကို ပြောပြရုံပဲ။ ကိုင်း…ခင်ဗျားလည်း ပင်ပန်းလှ ရော့မယ်။ ကျုပ်တို့ မေးတာကို အခုချက်ချင်း အဖြေမပေးပါနဲ့၊ သုံးလေးရက် အချိန်ယူ စဉ်းစား လိုက်ပါဦး။ ခင်ဗျား အနားယူလို့ အင်အားပြန်ပြည့်လာတော့မှာပဲ ဖြေပါ။ အခုတော့ စိတ်အေးလက် အေး နားနေလိုက်ပါ"

တွန်ဂါတာ သည် အချိန်အတိုင်းအဆ ပမာဏကို ကောင်းစွာ မသိတော့ချေ။
သူသည် စစ်ရေးပြကွင်း၌ လူဘယ်နှစ်ယောက် ကွပ်မျက်ခံရသည်ကိုလည်း မမှတ်မိတော့။ သူ၏ ဦး နှောက်ထဲ ကြည်လင်ခြင်းမရှိသဖြင့် ကောင်းစွာ မစဉ်းစားနိုင်ခြင်း ဖြစ်လေသည်။
သူ၏ မှတ်ဉဏ်လည်း ပုံမှန်အတိုင်း မကောင်းတော့ဘဲ ဖြစ်နေသည်။ ဤအကျဉ်းစခန်းတွင် သူ သည် မည်မျှကြာကြာ ရောက်နေခဲ့သည်ကိုလည်း မမှတ်မိတော့ချေ။
ညဘက်တွင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမရှိ။ သူများတကား အိပ်ပျော်နေခိုက် တွန်ဂါတာ သည် အိပ်မပျော်ဘဲ မျက်လုံးကြောင်နေတတ်သည်။ အပြင်ဘက်တောစပ်မှ တောခွေးရိုင်းများ အူ သံ၊ ဟောင်သံ များကိုကြားနေရပြီး ပို၍ စိတ်ဓာတ်ချောက်ချားခဲ့ရလေသည်။

သူ့အား နှိပ်စက်ညှဉ်းပန်းသည့် နည်းတစ်ခုမှာ ရေလုံးဝမတိုက်ဘဲ ရေအငတ်ထားခြင်းပင် ဖြစ် သည်။ ရေငတ်သည့် ဒဏ်က အလွန်ခံရခက်လေသည်။
ထို့ကြောင့် တွန်ဂါတာသည် သူ့ကိုယ်သူ ပြန်အားပေး၍ စိတ်ကို တင်းထားရလေသည်။
ယခုအချိန်အထိ မိမိ အသက်ရှင်နေသေးသည့် အကြောင်းကား ဘုရင်ကြီး လိုဘင်ဂူလာ၏ သင်္ချိုင်း ဂူသာလျှင် ဖြစ်သည်ဟုလည်း အဖန်ဖန် ဆင်ခြင်သုံးသပ်မိသည်။ မိမိအနေဖြင့် သင်္ချိုင်းဂူ တည်ရှိ ရာနေရာကို လျှို့ဝှက်စွာ ထားနိုင်သမျှ ကာလပတ်လုံး ဖွန်ဂါဘီရာက မိမိအား သတ်ပစ်လိမ့်မည် မဟုတ် သည်မှာ သေချာနေပေသည်။

အကယ်၍ မိမိက သင်္ချိုင်းဂူရှိရာသို့ ခေါ်ဆောင်သွားမည်ဆိုပါက နိုင်ငံခြားသို့ လေယာဉ်ဖြင့် ပို့ ပေးပါမည်ဟူသော ဖွန်ဂါဘီရာ၏ စကားကိုလည်း လုံးဝမယုံကြည်မိချေ။ ဖွန်ဂါဘီရာသည် ရှိုနာလူ မျိုးပီပီကတိသစ္စာ တည်မည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့် အသက်ရှင်နေရန် အရေးကြီးပေသည်။ အသက်ထင်ရှား ရှိနေသမျှ ကာလ ပတ်လုံး မိမိတို့ မာတာဘယ်လီလူမျိုးတို့ လွတ်မြောက်ရေးအတွက် မျှော်လင့်ချက် ရောင် ခြည် သည် ရှိသင့်သလောက် ရှိနေမည် ဖြစ်ပေသည်။

မိမိသာ သေသွားပါက မာတာဘယ်လီ တိုင်းရင်းသားတို့သည် ကျွန်တွင်း၌ နစ်သည်ထက် နစ်ကြရ ပေမည်။ ယုတ်မာရက်စက်သော ရန်သူ၏ နှိပ်စက်ညှဉ်းပန်းမှုကို အကန့်အသတ်မရှိ ခံကြရမည် ဖြစ်သည်။
ထို့ကြောင့် မိမိ၏ လူမျိုးအတွက် မိမိ အသက်ရှင်နေရန် တာဝန်ရှိသည်ဟု တွန်ဂါတာသည် သုံး သပ်မိလေသည်။

အမှန်တော့ သူ့အဖို့ မြန်မြန်သေလျှင် ဆင်းရဲဒုက္ခ ခံစားနေရသည့်ဘ၀မှ မြန်မြန်လွတ်မြောက်မည် ဖြစ်သည်။ သို့သော်လည်း မိမိတို့ မာတာဘယ်လီ တိုင်းရင်းသားလူထုအကျိုးအတွက် မိမိသည် သည်းခံ ၍ အသက်ရှင်အောင်နေမှ ဖြစ်ပေမည်။
တွန်ဂါတာသည် အိပ်မပျော်သော်လည်း နံနက်အရုဏ်တက်ချိန်ကို လဲလျောင်းလျက်ပင် စောင့်နေ လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်တောင့်တင်းလျက် အိပ်ရာမှ ထရန်ပင် ၀န်လေး နေမိသည်။

နံနက်မိုးလင်းလျှင် သူ့အား အကျဉ်းသားများ ကွပ်မျက်ရာ စစ်ရေးပြကွင်းသို့ ခေါ်ထုတ်မည်ဆိုပါ က လမ်းလျှောက်သွားနိုင်မည် မဟုတ်သောကြောင့် စစ်သားများက ပွေ့ချီသွားရမည် ဖြစ်ပေသည်။
ယင်းအဖြစ်ကိုလည်း သူသည် စက်ဆုပ်မိလေသည်။ ရန်သူရှေ့တွင် မိမိက ခွန်အားချည်နဲ့သော အဖြစ်မျိုးရောက်နေခြင်းကို မုန်းတီးမိသည်။
မကြာမီ အကျဉ်းစခန်းတစ်ခုလုံး စတင်အသက်ဝင် လှုပ်ရှားစ ပြုလာလေသည်။ လက်နက်ကိုင် အ စောင့်များ ချီတက်လှုပ်ရှားသံ၊ အမိန့်ပေးသံများ ကြားရစ ပြုလေပြီ။ မလှမ်းမကမ်းရှိ အဆောင်တစ် ခုမှ အကျဉ်းသား တစ်ဦးအား အပြင်ဘက်သို့ အတင်းဆွဲခေါ်၍ အကျဉ်းသားက ဟစ်အော် ညည်း ညူသံ ကိုလည်း ကြားနေရသည်။

မကြာမီ မိမိတဲသို့လည်း လာကြပေတော့မည်ဟု တွန်ဂါတာက တွက်မိလေသည်။
သူသည် ရေသောက်ရန် သံဇလုံကို လှမ်းယူလိုက်မည်ပြုပြီးမှ ယမန်နေ့ညကပင် ရေကုန်နေပြီဖြစ် ကြောင်း သတိရကာ စိတ်ပျက်သွားမိလေသည်။
သို့စဉ်လျက် သံဇလုံတွင် ရေအကြွင်းအကျန် ရှိလိုရှိငြား ဇလုံကို ခွေးတစ်ကောင်လို လျှာဖြင့် လျက် ကြည့်လေသည်။ သို့သော် ရေတစ်စက်မျှပင် မရှိအောင် ခြောက်သွေ့နေပေသည်။

ဆက်ရန်

.