"ဘာလဲ … ခင်က မယုံဘူးလား"
မောင်မောင်မျိုး မတုန်မလှုပ်နေသော မေမေခင်ကို စေ့စေ့ကြည့်ပြီး မေး၏။ မေမေခင်က ခပ်ပြုံးပြုံး မျက်နှာဖြင့် ပြန်ပြောသည်။
"သိဒ္ဓိတင်စရာ မလိုပါဘူး မောင်ရယ်၊ နောင်ဘုရား သိဒ္ဓိတင်တတ်တယ်ဆိုရင် ဟောဒီ ခင့်ဆံထုံး မှာ ထိုးထားတဲ့ ပုလဲဆံထိုးကလေးကို တင်ခိုင်းလိုက်ပါ၊ ဒီပုလဲကလဲ အခုကာလ မုတ်ကောင်လို့ ခေါ်နေကြတဲ့ ယောက်သွားကောင်ရဲ့ အမြုတေပါပဲ၊ သိပ္ပံယောက်သွား၌ ဖြစ်သော ပုလဲသည် ပဘာဝိသေသယုတ္တာ၊ အရောင်အ၀ါ အထူးနှင့် ယှဉ်ကုန်၏။
နာနာကဏ္ဍာနာ၊ အထူးထူးသော သဏ္ဍာန် ရှိကုန်၏လို့ ကျမ်းဂန်ဆိုထားတာပဲ၊ အဲဒီတော့ ဒီပုလဲဆံထိုး ကလေးကိုပဲ သိဒ္ဓိတင် ခိုင်းကြည့်ပါဦး၊ ဒီပုလဲဆံထိုးကလေးမှာ တန်ခိုးဣဒ္ဓိပါတ်တွေ ကိန်းအောင်း လာတာမှန်ရင် ခင့်လက်စွပ်ကြီးကို ကိုယ်တိုင်သွားဆက်ပါမယ် …"
မေမေခင်က အခြေခံ ခိုင်ခိုင်လုံလုံဖြင့် ပြောပြနေသော စကားကို ဆုံးအောင်နားထောင်ပြီးမှ မောင်မောင်မျိုးက ပြောသည်။
"ခင့် စကားတွေကလဲ ပြောင်သလို ပျက်သလိုနဲ့ နောင်ဘုရားကို မရိုမသေ မလုပ်ကောင်းပါဘူး ခင်ရယ်၊ ကဲပါ လက်စွပ်ကို နက်ဖြန်မှ ကြည့်ပါဆိုတာ မဆိုင်းနိုင်တော့ဘူး၊ အခုကို သိပ်ကြည့်ချင်ပါ တယ်၊ ကိုင်ဖူးတယ်ရှိအောင် ကိုင်ကြည့်ပြီး ခင့်ကို ပြန်ပေးပါမယ်၊ ခင် ဆန္ဒမရှိတဲ့ အလုပ်ကို မတိုက်တွန်းတော့ပါဘူး၊ ကိုမျိုး ကြည့်ရုံပဲ ကြည့်ပါတော့မယ် …"
မောင်မောင်မျိုးက တောင်းတောင်းပန်ပန် ပြောသည်။ နက်ဖြန်အထိ ဆိုင်းလိုက်လျှင် မေမေခင် စိတ်ပြောင်းပြီး ပြလိုတော့မည် မဟုတ်။ ယခု စကားစရခိုက် ပူပူနွေးနွေးအချိန်မှာ ထုတ်ပြကောင်း ပြပေမည်။ လက်စွပ်ကို ထုတ်ပြသည်နှင့် တစ်ပြိုင်နက် မောင်မောင်မျိုးသည် အနိုင်အထက် ယူကာ နောင်ဘုရား ထံ သွားတော့မည် ဖြစ်သည်။ ရခဲကြုံခဲလှသော မြွေအမြုတေ ရတနာ၏ တန်ခိုးအစွမ်း ကို မေမေခင် ထံမှ ကြားသိရသမျှဖြင့်ပင် မောင်မောင်မျိုးသည် လိုချင်လောဘ တားဆီးမရ ပေါ်လာ ပြီ ဖြစ်သည်။
မေမေခင်သည် စကားပြောရင်းမှာပင် ခင်ပွန်းလင် မောင်မောင်မျိုးကို ယုံကြည်စိတ် ကင်းမဲ့လာ သည်။
ကြည့်ရုံတင်ပါလို့ လိမ်ပြောပြီး ငါထုတ်ပြတဲ့အခါ လက်ရုံးအားကိုးနဲ့ အနိုင်ထက် လုယူသွားရင် ငါဘာတတ်နိုင် မှုာလဲ။ ဆွေစဉ်မျိုးဆက် အမြတ်တနိုး ထိန်းသိမ်းလာရတဲ့ ရတနာကို ငါ လက်လွတ် အဆုံးရုံးခံရ တဲ့ အဖြစ်ပဲရောက်လိမ့်မယ်။
လက်စွပ်အကြောင်း ငါ ပြောမိတာမှားပြီ။ ငါ့ယောက်ျား ချော့တာ အဟုတ်ထင်မိတာ ငါ့ပျော့ကွက်၊ ငါ့သတိ ချို့ယွင်းချက်ပဲ။ အခုလဲ ဒီလက်စွပ်ကို နောင်လက်လွပ်ဆုံးရှုံးးရလိမ့်မယ်။ ထို့ကြောင့် လက်မလွန် နှုတ်မလွန်စေရန် သတိ ကြီးစွာထားပြီးမှစကားပြန်သည်။
"နေရာတကျ သိမ်းထားပြီးဖြစ်နေလို့ နောက်မှ အေးအေးဆေးဆေး ကြည့်ပါတော့ ကိုမျိုးရယ် "…
"ကိုမျိုးကို မယုံလို့လား ခြင်ရယ်… "
မောင်မောင်မျိုးက ညင်သာ ပျော့ပျောင်းသော အသံဖြင့် ပြောသည်။
"ချစ်လို့ယူထားတဲ့ လင်တစ်ယောက်လုံးကို မယုံဘဲ နေပါ့မလား၊ ဒီလက်စွပ်တန်ခိုးကို ခင်သိသလောက် ပြောခဲ့ပြီပဲ၊ အဆင်သင့်တဲ့နေ့ ထုတ်ယူပြပါ့မယ်"
"ခင်ရယ် … ကြည့်ရုံကလေးပါ ဆိုကာမှ ကိုမျိုးကို မယုံတဲ့သဘော ရှိနေလို့သာ ထုတ်မပြတာပေါ့၊ ကိုယ်ချစ်တဲ့ မယားကတောင် မယုံကြည်အောင် သိက္ခာကျရတာတော့ ကိုမျိုး ၀မ်းနည်းပါတယ် ခင်၊ လူကြားမှာ တောင် ကိုမျိုး ရှက်မိပါတယ်"
"နက်ဖြန်မှ ကြည့်လို့ ပြောတယ်လေ"
"ဟင့်အင်း ခင်ရယ် … ကိုမျိုးက အခုကို ကြည့်ချင်တာ၊ ထုတ်ပြပါ ခင်ရယ် … နော် … နော် …"
ကလေးဆိုးကြီး နွဲ့သလို အတင်းကပ်ချွဲနေသောအခါ မေမေခင်က ခပ်ပြုံးပြုံးမျက်နှာဖြင့် …
"တကတည်းမှပဲ ကိုမျိုး ပြန်ငယ်သွားလိုက်တာ နက်ဖြန်ခါဆိုရင် ပုခက်ထဲ ထည့်သိပ်ရတော့ မယ် ထင်တယ်၊ ကိုမျိုး လက်ကြီးကို ဖယ်စမ်း၊ ခင် သွားယူပြပါတော့မယ်"
ဟု ဆိုမှ မောင်မောင်မျိုးမှာ ပြုံးနိုင် ရယ်နိုင် ရှိလာတော့သည်။ မေမေခင်သည် အခန်းထဲ ၀င်သွား သောအခါ မောင်မောင်မျိုးက ၀င်လိုက်ရန် ဟန်ပြကာရှိသေး၊ မေမေခင်က လျင်မြန်စွာ ပြန်ထွက်လာသည်။
"ကဲ … ဟောဒီမှာ လက်စွပ် … ကြည့်လေ …"
မေမေခင်က လက်စွပ်ကို ပြပါသည်။ သို့သော် လက်လွတ်စပယ်ပြခြင်း မဟုတ်။ သူ့လက်ဝဲဘက် လက်ခလယ်မှာ ၀တ်ထားပြီး လက်သီးတင်းကျပ်စွာ ဆုပ်ထားလျက်က ပြခြင်း ဖြစ်သည်။ လက်စွပ် ကို လွယ်ကူစွာ ဆွဲချွတ်မရအောင် လက်သီးဆုပ်ထားခြင်း ဖြစ်သည်။
မေမေခင်၏ လက်သီးဆုပ် ကို ကြည့်ပြီး မောင်မောင်မျိုး မထီမဲ့မြင် ပြုံးသည်။ ထို့နောက် ယောက်ျားတစ်ယောက် ခွန်အားကို မေမေခင်လို သွယ်ပျောင်းနွဲ့နှောင်းသော ကိုယ်လုံးကိုယ်ထည်ရှိသူ မိန်းမသားတစ်ယောက်က တုပြိုင်နိုင်လေမည်လား ဟူသောစိတ်ဖြင့် မေမေခင် ဆုပ်ထာသော လက်သီးဆုပ် ပြေသွားစေရန် လက်ကောက်ဝတ်ကို အားရှိသလောက် ညှစ်ကိုင်ပြီး လိမ်လိုက်မည်၊ လက်သီးဆုပ် ပြေသွားလျှင် လက်စွပ်ကို ချွတ်ယူရန် မခဲယဉ်းတော့ပြီ ဟူသော ရည်ရွယ်ချက်ဖြင့် လိမ်ရန်ပြင်လိုက်သည်တွင် အထူးသတိထား စောင့်ကြည့် အကဲခတ်နေသော မေမေခင်သည် မောင်မောင်မျိုးနှင့် လျင်မြန်စွာ ကိုယ်လုံးချင်း ထိလိုက်သည်။
ထို့နောက် ယာလက်ဖြင့် မောင်မောင်မျိုး၏ လက်မောင်းနှစ်ဘက်နှင့် တကွသော ကိုယ်အထက်ပိုင်းကို သိုင်ား တင်းကျပ်စွာဖက်ပြီး ညှစ်လိုက်သည်။
"အမယ်လေး ခင် … လွှတ် … လွှတ် … မောင့်ရင်ထဲမှာ အသက်ရှူလို့ မရတော့ဘူး၊ ခင့်လက်ကြီး က မြွေကြီး ပတ်ထားသလိုပဲ … လွှတ်ပါ … လွှတ်ပါ"
မောင်မောင်မျိုးသည် သူ ညှစ်ကိုင်ပြီး လိမ်လိုက်မည်ဟု အားခဲထားသော မေမေခင်လက်ကို လွှတ် လိုက်ရသည်။ ယောက်ျားတစ်ယောက်၏ ရှိသမျှအားကိုသုံးကာ အမြုတေရတနာ လက်စွပ်ကို အနိုင်အထက် ချွတ်ယူမည် ဟူသော အစီအစဉ်ကို အကောင်အထည် မဖော်နိုင်တော့ဘဲ၊ မေမေခင် ၏ လက်တစ်ဖက်ထဲငြဖ့် သိုင်းဖက် ဖျစ်ညှစ်ထားခြင်းကြောင့် အသက်ရှူမှားကာ လူးလွန့်ရုန်းကန် ရင်း အင်အားမရှိသကဲ့သို့ လည်းကောင်း၊ အရိုးတွေ အဆစ်တွေ ပြေလျော့နေသကဲ့သို့ လည်းကောင်း၊ ထူးဆန်းသော ဝေဒနာကို လျှပ်တစ်ပြက် ခံစားလိုက်ရသည်။
မေမေခင်က သိုင်းဖက်ဖျစ်ညှစ်ထားရာမှ လွှတ်ပြီး ဖျတ်ခနဲ နောက်သို့ နှစ်လှမ်းကွာမျှ လျင်မြန်စွာ ဆုတ်လိုက် သည်။ မောင်မောင်မျိုးသည် မျက်လုံးအပြူးသားဖြင့် မေမေခင်ကို စူးစူးဝါးဝါး ကြည့်နေသည်။ မေမေခင် အနားသို့မူ တစ်လက်မမျှ မတိုးဝံ့ချေ။
"မြွေအမြုတေ ၀တ်ထားပြီး မြွေစိတ်ဝင်လာသလား၊ မိန်းမလက်ကြီးက လူလက်လိုကို မဟုတ်တော့ ဘူး၊ ကိုယ့်လင် ကိုယ်ဖက်တဲ့ မယားတစ်ယောက်လက်နဲ့ မတူဘဲ လူအရှင်လတ်လတ်ကို မျိုမယ့် စပါးကြီးမြွေတစ်ကောင် ပတ်ထားတဲ့အတိုင်း၊ နံရိုးတွေ ကျိုးကုန်မလားတောင် ထင်ရတယ်"
ဖြူဖြူဖွေးဖွေး သွယ်သွယ်နွဲ့နွဲ့ကလေး ဖြစ်နေသော မေမေခင်ကို မောင်မောင်မျိုးက မြွေတစ်ကောင်ကို ကြည့်ရသူ မြင်ရသူ၏ စက်ဆုပ်သော မျက်နှာထားမျိုး ပြောသည်။
မေမေခင်က ခပ်ပြုံးပြုံးမျက်နှာဖြင့် အေးအေးလေး ပြန်ပြောသည်။
"ခင်က မိန်းမတစ်ယောက် ခွန်အားပါ ကိုမျိုး၊ ဒါလောက်လဲ မသန်စွမ်းပါဘူး၊ ရှင် ယောက်ျားကြီး တစ်ယောက်လုံး ဖြစ်ရက်နဲ့ မိန်းမသားက လက်တစ်ဖက်ထဲနဲ့ ဖက်ထားတာကို လွတ်အောင် မရုန်း နိုင်ဘူးဆိုတာ ဟန်ဆောင်နေတာများလား"
မောင်မောင်မျိုးက ဘာမှပြန်မပြောဘဲ မေမေခင်ကို မျက်မှောင်ကုတ်ပြီး ကြည့်နေသည်။ မေမေခင် က ဆက်ပြော၏။
"ခင်က မဖက်ချင် မညှစ်ချင်ပါဘူး၊ ဒါပေမဲ့ ရှင်က ခင့်လက်ကို လိမ်ချိုးပြီး လက်စွပ်ကို လုယူဖို့ ကြံစည်လာမှတော့ ခင်ကလဲ ခွန်အားရှိသလောက် ကာကွယ်ရတာပါ၊ ခင့်ကို စိတ်ဆိုးလား"
အေးအေးဆေးဆေး ပြောဆိုမေးမြန်းနေသော မေမေခင် စကားက မောင်မောင်မျိုးစိတ်ကို ပိုပြီး မခံချိမခံသာ ဖြစ်စေသည်။
"တော်စမ်း"
မောင်မာင်မျိုးက ငေါက်ငန်းဟန့်တားလိုက်၏။ မေမေခင်က စိတ်ဆိုးဟန်မပြဘဲ ရယ်နေသည်။ စစ်ပွဲနိုင်သော စစ်သူကြီး ရယ်နည်းမျိုး ဖြစ်၏။
"ဒီမှာဟေ့ … မေခင် …"
ဟန်ဆောင်သော အချစ်မေတ္တာ ကရုဏာတွေ၊ အခိုက်အတန့် ပေါ်လာသော မြတ်နိုးကြင်နာမှုတွေ က လွင့်စင်ပျောက်ကွယ်တာ နန်းဇာတိရုပ် ပြန်ပေါ်လာကြသော ဇနီးမောင်နှံ ရာသက်ပန်သည် ကိုမျိုး ခင်ဟူသော စကားလုံး အသုံးအနှုန်းတွေ ပျောက်ကုန်ပြီး ရှင် … မေခင် … မင်း ဟူသော စကားလုံးတွေ ပြန်ရောက်ကြပြီ ဖြစ်၏။
"မင်းလက်စွပ်ကို ငါ သေသေချာချာ မြင်ဖူးချင်တယ်၊ နောင်ဘုရားက စေတနာနဲ့ သိဒ္ဓိတင်ပေးလို တယ်၊ ဒါကို မင်းက တို့တတွေအပေါ်မှာ အထင်သေး အမြင်သေးနဲ့ အယုံအကြည်ကင်းမဲ့တဲ့ စကား တွေ ပြောတယ်။ မြွေအမြုတေ ၀တ်ထားပြီး မြွေလို အစွမ်းပြတယ်၊ ငါနဲ့ မင်းနဲ့ အင်မတန်ချစ်တဲ့ လင်မယားပါ၊ ငါ စကားတစ်ခွန်း ခိုင်ခိုင်မြဲမြဲ ပြောမယ်၊ မင်းရဲ့ လက်စွပ်နဲ့ မင်းရဲ့ လင်နဲ့ ဘယ်သူက အဖိုးတန်လဲ၊ လက်စွပ်ကို ငါ့သဘောအတိုင်း နောင်ဘုရားလက်ထဲကို သိဒ္ဓိတင်ဖို့ အပ်မလား၊ ငါနဲ့ လင်မယားလို မနေဘဲ ကင်းကင်းကွာကွာ နေထိုင်မလား … အဲဒါ မင်း ဆုံးဖြတ်"
သူ့ကလိမ်ကျမှု ဘွင်းဘွင်းပေါ်မှတော့ ပြောင်ပြောင်ပြောတာပဲ ကောင်းသည်ဟု သဘောပိုက်၍ မောင်မောင်မျိုးက နိုင်လုံးကိုင်သည်။ အားကိုးအားထား ကင်းမဲ့သူ မေမေခင်သည် လင်ယောက်ျား ၏ အရိပ်အကာအကွယ်မရှိဘဲ ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ဟု မောင်မောင်မျိုးက ပုံသွေ တွက်ပြီး တင်းမာလိုက်ခြင်း ဖြစ်သည်။
"ရှင့်စကားက ဘာလဲ၊ လက်စွပ်ကို ဟု သူတော်ယောင် သီလကြောင်လက် …"
မေမေခင် စကားမဆုံးမီ
"ဟေ. နောင်ဘုရားကို စော်ကားပြောတာ ငါ့ကို စော်ကားပြောတာနဲ့ အတူတူပဲ မေခင်"
ဟု မောင်မောင်မျိုးက ဒေါသဖြင့် ဖြတ်ပြောလိုက်သည်။
"ကောင်းပါပြီရှင်၊ ဒီလိုလူကို ဘုရားဆိုတဲ့ စကားလုံးကြီးနဲ့ တွဲပြီး မခေါ်ချင်ဘူး၊ ရှင့်နောင်တော်လို့ပဲ သုံးမယ်"
မောင်မောင်မျိုးက ဆိတ်ဆိတ်နေသည်။
"အဲဒီလူလက်ထဲတော့ လက်စွပ် မအပ်ဘူး၊ လင့်လုပ်စာရယ်လို့ တစ်ပြားမှ မစားရ မသုံးရ မကိုင်ရဘဲ စိတ်ဆင်းရဲအောင် ညှဉ်းဆဲနေတဲ့ လင်ကိုလဲ ကင်းကင်းနေလိုတာကြောင့် ဘယ်နေ့ ကွာချင်သလဲ ပြော …"
မေမေခင်က နှုတ်မှ မမျှော်လင့်သော ရဲရဲတောက် စကားကို ကြားလိုက်ရသောအခါ ရုတ်တ်ရက် သော် မောင်မောင်မျိုး အံ့သြသွားသည်။ အံ့သြရာက ခံပြင်းသောစိတ် ပေါ်လာသည်။
"ဟား … ဟား … ဟား … ဟား … မင်းကို ကွာလဲ မကွာဘူး၊ ပေါင်းလဲ မပေါင်းဘူး၊ ဒီအိမ်ပေါ်မှာပဲ နေမယ်၊ ငါ ဘယ်ကိုမှ မဆင်းသွားဘူး၊ ဒီအိမ်ပေါ်မှာ နေမြဲတိုင်းနေပြီး မင်းဇွဲကို ကျွတ်အောင် ချွတ်မယ်၊ အဲဒါ မင်း ကောင်းကောင်း စဉ်းစားပေတော့"
မောင်မောင်မျိုးက လေသံတင်းတင်းမာမာဖြင့် မခန့်လေးစား ပြောနေသော်လည်း မေမေခင်ကို လက်ချည်းသက်သက်ဖြင့် နိုင်ထက်စီးနင်းလုပ်ရန် စိတ်မကူးဝံ့တော့ပေ။ လက်တစ်ဖက်ထဲဖြင့် ဖက်ညှစ်သည်ကိုပင် ခံနိုင်စွမ်းမရှိသော မောင်မောင်မျိုးသည် မေမေခင် လက်နှစ်ဘက်လုံးနှင့် ညှစ်လျှင် မည်သို့ ခံစားရမည်ကို တွေးကြောက်ပြီး ဖြစ်နေသည်။ ထို့ကြောင့် နှုတ်ကသာ ဟန်ရေး ပြပြီး ခြိမ်းခြောက် ပြောဆိုနေသည်။
"ပေါင်းလဲ မပေါင်းဘူး၊ ကွာလဲ မကွာဘူး၊ ဒီအိမ်ပေါ်ကလဲ မဆင်းဘူးဆိုတော့ ရှိပါစေလ … ရှင့် သဘောအတိုင်း စိတ်ချမ်းသာသလို နေပေါ့၊ ရှင့်နောင်တော် ဆိုတာကြီးနဲ့တော့ လူချင်းလဲ မပတ်သတ်ချင်ဘူး၊ ပစ္စည်းလဲ မပတ်သက်ချင်ဘူး၊ အဲဒီတော့ ရှင် အမြင်မှန်ရလာ၊ သတိတရား ရလာတဲ့အထိ စိတ်ရှည်ရှည်ထားပြီး မြင့်မြတ်တဲ့ သဘောထားနဲ့ စောင့်ကြည့်နေမှာပေါ့၊ တစ်ခုတော့ ရှင့်ကို သတိပေးထားမယ်၊ ခင့်အနေနဲ့ ကြိုတင် သတိပေးစကား ပြောရမှာပေါ့ …"
မေမေခင်က ပြောသောအခါ မောင်မောင်မျိုးက ခပ်မဲ့မဲ့မျက်နှာဖြင့် …
"အင်း … သဘောထား မြင့်မြတ်တဲ့ မိန်းမကြီးရဲ့၊ ဘာလဲ ဆိုစမ်းပါဦး"
ဟု ခပ်ရွဲ့ရွဲ့ မေးသည်။
"ဆိုမှာပါ၊ သေသေချာချာသာ နားထောင်၊ ခင့်ကို လက်နက်နဲ့ အနိုင်အထက် နှိပ်စက်သတ်ဖြတ်ပြီး အမြုတေ ရတနာကို ယူမယ်ကြံရင် ရှင့်အဖို့ သစ္စာရှိတဲ့ ငယ်ပေါင်း အချစ်ဦး ဇနီးမယား ဆုံးမယ်၊ အမြုတေ ရတနာရော ပစ္စည်းဥစ္စာရော အားလုံး လက်လွတ်ဆုံးရှုံးမယ်၊ လူသတ်ကောင် ရာဇ၀တ် သားအဖြစ်နဲပ အချုပ်ခန်းထဲဝင် ကြိုးစင်ပေါ်တက်ရမယ်၊ ဒီရတနာဟာ ခင့်မေမေရဲ့ အဘိုးနဲ့ ထိုက်တန်လို့ ကံအားလျော်စွာ ရယူ ပိုင်ဆိုင်ခဲ့တယ်၊
ထိုက်တန်သူသာလျှင် ပိုင်ဆိုင်ထိုက်တဲ့ ပစ္စည်း အမွန်အမြတ်ဖြစို့ ခင့်မေမေရဲ့ ဘိုးဘိုးမှာ အမွေခံ သားသမီးတွေ အများအပြား ရှိတဲ့အထဲ က ခင့်မေမေ ဖခင်သာလျှင် ဆက်ခံပိုင်ဆိုင်ခဲ့ရတယ်၊ ခင့်ဘိုးဘိုးမှာ သားသမီး ငါးယောက် ရှိတဲ့ အထ့က ခင့်မေမေနဲ့ ထိုက်လို့သာ မေမေ့လက်ထဲရောက်ပြီ … အခု ခင် ပိုင်ဆိုင်နေတာ၊ အဲဒီတော့ ခင့်လက်ထဲကနေပြီး ထိုက်တန်သူထံ အလိုအလျောက် ရောက်သွားမယ့် ရတနာကို ခင့်သတ်ပြီး ယူလဲ ရှင်နဲ့မတန်ရင် မရဘဲ ကြိုးစင်တက်ရရုံသာ အဖတ်တင်မယ်ဆိုတာ ခင်က ကြိုတင် သတိပေး ခြင်းပါ"
မေမေခင်က စိတ်ရှည်လက်ရှည် ရှင်းပြသည်ကို မောင်မောင်မျိုးက မယုံရခက် ယုံရခက် မျက်နှာ ဖြင့် မေမေခင်ကို ကြည့်ရှုထားထောင်နေရာမှ …
"ထိုက်တယ် မထိုက်ဘူးဆိုတာ ဘယ်လို သိရမှာလဲ"
ဟု မျက်နှာတင်းတင်းဖြင့် မေးသည်။
"လက်ရှိပိုင်ဆိုင်တဲ့ ဥစ္စာရှင်က ကြည်ဖြူစွာ ပေးသည်တိုင်အောင် မထိုက်ရင် အလိုအလျောက် ပျောက်သွားတယ်၊ ဒါဟာ ခင် လုပ်ကြံပြောနေတာ မဟုတ်ဘူး၊ ခင့်ဘိုးဘိုး ဆုံးခါနီးမှာ သားအကြီး ဆုံး လက်ထဲ ထည့်တယ်၊ မထိုက်တော့ ပျောက်သွားတယ်၊ ပျောက်ပုံကလဲ ဘယ်လောက် ထူးဆန်းသလဲဆိုရင် အမြုတေ ရတနာ လက်စွပ်က်ကို မနက် ဆယ်နာရီလောက်မှာ ဘိုးဘိုးက သားအကြီးဆုံးကို ၀တ်ပေးတယ်၊ အိမ်က ဘယ်မှ မထွက်ရ မသွားရသေးဘဲ နေ့ခင်းမှာ လက်စွပ် ကျွတ်ကျပြီး ပျောက်သွားတယ်၊ အဲဒီမှာတင် ဘိုးဘိုးက အတိအလင်းပြောတာပဲ၊ သားကြီးနဲ့တော့ မထိုက်တာ ထင်ရှားပြီ၊
အငယ်လေးယောက် ဒီအိမ်နဲ့ ဒီခြံဝင်းထဲမှာ ရှာကြစမ်း၊ ထိုက်တန်သူ တွေ့ လိမ့်မယ်လို့ ဆိုတဲ့အတိုင်း ရှာကြတာ ခင့်မေမေ့ပဲ တွေ့တယ်၊ ဒါပေမဲ့ ဘိုးဘိုးက အားလုံး ကျေနပ် အောင် တစ်ယောက်ပြီးတစ်ယောက် ၀တ်ပေးတယ်၊ ဒီလိုပဲ ပျောက်ကြတယ်၊ မေမေပဲ ပြန်တွေ့ တယ်၊ အဲဒီတော့မှ ညီအစ်ကို မောင်နှမတွေ အားလုံးက လက်လျှော့လိုက်ကြရလို့ မေမေ ပိုင်ခဲ့ တာ၊ မေမေ့လက်ထဲက ခင်နဲ့ထိုက်တော့ ခင့်ဆီမှာ အခုထက်တိုင် မပျောက်မပျက် ရှိနေတာပေါ့"
ထိုအခါ မောင်မောင်မျိုးက ဥာဏ်နီဥာဏ်နက် ပေါ်လာသည်။
"ဒါဖြင့် ငါနဲ့ ထိုက် မထိုက် သိရအောင် ၀တ်ကြည့်မယ်လေ၊ ပေးစမ်း …"
မေမေခင်က ရယ်၏။
"ဘာရယ်တာလဲ"
မောင်မောင်မျိုးက မလုံမလဲ မေးသည်။
"သြော် … ရှင့်စိတ်ဟာ ဟိုယခင်ကလို ခင့်ကို သစ္စာရှိရှိ ကြင်ကြင်နာနာနဲ့ ချစ်နေမယ်ဆိုရင် ခင် ပေးချင်လှပေါ့ရှင်၊ ထိုက်တာ မထိုက်တာ ဘေးဖယ်ထား၊ ရှင့်အလိုဆန္ဒ ပြည့်ဝအောင် ၀တ်ပေး လိုက်မှာပဲ၊ အခုတော့ ခင့်အပေါ်အမှာ သစ္စာရော မေတ္တာရော အကြင်နာရော အားလုံးခန်းခြောက် ပြီး ရှင့်အသည်းနှလုံးထဲမှာ ကိုအောင်စိုး၊ မိမိလေးနဲ့ ဟိုကြောင်သူတော်လူသာ ကိန်းအောင်နေတဲ့ အချိန်မှာ ဒါလောက်မြင့်မြတ်တဲ့ ရတနာကို ပုံပေးလိုက်ရင် ခင့်ထက်မိုက်တဲ့လူ ရှိပါတော့မလား၊
နောက်ပြီး ဒီလက်စွပ်ရပြီးတာနဲ့ တစ်ပြိုင်နက် ရှင့်မရီးတော်များရှိရာကို ကဆုန်စိုင်းပြေးတော့မှာ ခင်က ကြိုတင်သိပြီးပါပြီ … အဲဒီတော့ ရှင့်တို့နဲ့ မထိုက်လို့ ပျောက်သွားဦးတော့ ခင်က ဘယ်နေရာ ကို လိုက်ရှာရမှာလဲ၊ ဒါလောက်တော့ ခင် စဉ်းစားဥာဏ်လေး ရှိပါသေးတယ်"
မောင်မောင်မျိုး၏ အတွင်းသဘောကို အတတ်သိသလို မေမေခင်က ပြောသောအခါ မောင်မောင်မျိုးက မျက်နှာပျက်ပျက် လေသံမာမာဖြင့် ပြန်ပြောသည်။
ဆက်ရန်
.

6 comments:
တော်သေးတယ်.. ပါမသွားသေးဘူး...
ဒီအပိုင်းဖတ်ပြီး ရယ်နေရတယ်။
တခြားကြောင့်တော့မဟုတ်ဘူး ...
"ကိုမျိုးကို မယုံလို့လား ခြင်ရယ်… "
ဆိုတာလေ ...
စာရိုက်သူ မှားတာ မဖြစ်နိုင်ပါဘူးလို့ (အဲလိုပဲ ဇွတ်ဖားရတာပေါ့)
မောင်မောင်မျိုးတို့ ချွဲတာပဲ နေမှာပါနော်။
ခင်က ခြင်တောင် ဖြစ်သွားတယ် ... ဟီးးးး
မောင်မျိုးကတော့ တနေ့ထက်တနေ့ ကြောက်စရာကောင်းလာဘီ။
ကွာလိုက်တာ မဟုတ်ဘူး။ ယုတ်မာနေမှန်း သိ၇က်နဲ့ ဆက်ပေါင်းမယ်လို့ပဲ
မောင်မျိုးက သူက ပေးမကွာဘူး ပြောတယ်လေ........
ရဲသွားတိုင်လိုက် ပြီးတာပဲ။ လက်စွပ်လုတဲ့ကိစ္စ တိုင်လိုက်တာနဲ့တောင် ပွဲပြတ်တယ်။
Post a Comment