Tuesday, June 1, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၈) ဒု ပိုင်း

အခန်း (၂၈) ဒုပိုင်း
"ကျွန်တော် ပြောတာကြားရဲ့လား မစ္စတာဖင်တန်"
"ဟုတ်ကဲ့...ကြား...ကြားပါတယ်" မစ္စတာဖင်တန်က အံ့အားကြီးသင့်နေသည်။
"ဘယ်လိုအကြောင်းများရှိလို့လဲ မစ္စတာရို့စနော့စကီး"
"ကျွန်တော် က ဂျူးဒါ့စ်*လို လူမျိုးကိုတစ်သက်လုံးမကြိုက်ဘူးဗျာ၊ အကြောင်းကအဲဒါပဲ၊ အဲဒီတော့ ဒီအချိန် ကစပြီးခင်ဗျားကို နယ်စားကုမ္ပဏီဘုတ်အဖွဲ့ဝင် အဖြစ်ကထုတ်ပစ်လိုက်ပြီ၊ အခုပြောတာတွေနဲ့ပတ်သက် ပြီး တရားဝင်စာမကြာခင် ရောက်လာလိမ့်မယ်၊ ငွေစာရင်းကို ဘယ်ဘဏ်သို့လွှဲပြောင်းပေးဖို့ ကိစ္စလဲ တစ်ပါ တည်းပါလာလိမ့်မယ်"

"ကျုပ်တော့ဘာမှနားမလည်တော့ဘူး မစ္စတာရို့စနော့စကီး၊ ကျုပ်ဘာတွေလုပ်...."
အေဘယ်ကဖုန်းပြန်ချလိုက်သည်။ သူ့သမီးဖလော်ရင်တီနာ ရုံးခန်းထဲဝင်လာသည်။
"ဖေဖေဘာတွေဖြစ်နေတာလဲ...ဟင်၊ ကြားရတာကလဲ ၀မ်းသာစရာမဟုတ်ပါလား ဖေဖေ"
*မိတ်ဆွေ ယောင်ဆောင်သော ရန်သူ။ သို့မဟုတ်ခရစ်တော်အပေါ်တွင် သစ္စာဖောက်သော သာဝက တပည့်ကြီးတစ်ဦး။
"ဟုတ်တယ်သမီး၊ ၀မ်းသာစရာတော့မဟုတ်ဘူး၊ ဒါပေမယ့်သမီးနဲ့ဘာမှမဆိုင်ပါဘူး၊ သမီးဘာမှမပူပါနဲ့၊ ဒါနဲ့ ဥရောပခရီးထွက်ဖို့အတွက် အ၀တ်အစားတွေအားလုံးအဆင်သင့်ချုပ်ပြီးပြီလား သမီး"

"ဟုတ်ကဲ့ပါဖေဖေ၊ အားလုံးချုပ်ပြီးပါပြီ၊ ဒါပေမဲ့လန်ဒန်နဲ့ပါရီမှာ သူတို့ဘယ်လိုပုံစံတွေ ၀တ်နေကြမယ် ထင်တာပဲ၊ ဒါဆိုရင်တော့ သမီးအ၀တ်တွေက အလကားဖြစ်ကုန်တော့မှာပဲ"
"မပူပါနဲ့သမီးရယ်၊ သမီးဝတ်စုံတွေက အကောင်းဆုံးအလှဆုံးဖြစ်နေမှာပါ၊ အဲဒီကလူငယ်တွေနဲ့ မိန်းကလေး တွေက သမီးနောက်ကိုပဲ တမ်းတမ်းစွဲလိုက်နေရမှာတောင် ကြောက်ရသေးတယ်၊ ဒါပေမဲ့ အဲဒီ အတွက် မစိုးရိမ်ပါနဲ့၊ ဖေဖေကသူတို့ကို မောင်းထုတ်ပစ်မှာပေါ့ ဟဲ..ဟဲ၊ ကိုင်း...ဒီတော့ တို့သားအဖ နှစ်ယောက် နေ့လယ်စာသွားစားကြစို့၊ ထမင်းစားရင်း လန်ဒန်မှာဘယ်နေရာတွေ သွားကြမယ်ဆိုတာ ဆွေးနွေး ကြတာပေါ့၊ ဟုတ်လား"

နောက် ၁၀ရက်ကြာသောအခါ အေဘယ်တို့သားအဖနှစ်ယောက်တို့သည် ဘိုးအင်း၃၇၇ဂျက်လေယျဉ်ပျံ  ကြီးဖြင့် နယူးယောက်မြို့၊ အိုင်ဒယ်လ်ဝိုင်းလ်လေဆိပ်မှ လန်ဒန်မြို့ဟိသသရောလေဆိပ်သို့ ထွက်ခွာ လာခဲ့ ကြသည်။ လေယဉ်ခရီးက စုစုပေါင်း၁၄နာရီခန့်ကြာသည်။ လေယဉ်ပေါ်တွင် သီးသန့် အိပ်စင် များပါရှိသော် လည်းဘရွတ်လမ်းမှ ကလာရိုက်ဂ်ျဟိုတယ်သို့ ရောက်သောအခါ သားအဖ နှစ် ယောက် စလုံး အိပ်ရေးဝအောင် အိပ်ပစ်လိုက်ကြသည်။

ယခုကဲ့သို့ ခရီးထွက်လာခဲ့ကြခြင်းအတွက် ရွည်ရွယ်ချက်သုံးခုရှိသည်။ လန်ဒန်၊ ပါရီနှင့်ဖြစ်နိုင်လျှင် ရောမ မြို့တွင်ပါ နယ်စားဟိုတယ်သစ် အဆောက်အအုံသစ် ကန်ထရိုက်ကိစ္စကို သေချာအောင်လုပ်ရန် ဖြစ်သည်။ ဒုတိယ အချက်မှာ ဖလော်ရင်တီနာသည် ခေတ်သစ်ဘာသာဗေဒပညာကို လေ့လာရန် ရက်ကလစ် တက္ကသိုလ် သို့မသွားခင် ဥရောပနိုင်ငံများအကြောင်းကို ပထမဆုံးကြိုတင်မြင်ဖူးထားစေချင် သောကြောင့် ဖြစ်သည်။ နောက်ဆုံးနှင့်တတိယအချက်က အေဘယ်အတွက်ပို၍ အရေးကြီးသည်။ သူက မွေးရပ်မြေရှိ သူ၏ ရဲတိုက်ကြီးသို့သွားရောက်ပြီး အခြေအနေကို သိချင်သောကြောင့်ဖြစ်သည်။

လန်ဒန်မြို့တွင် သားအဖနှစ်ယောက်စလုံးအတွက် အဆင်ပြေသည်။ အေဘယ်၏အကြံပေးပုဂ္ဂိုလ်များက "ဟိုက်ပတ်ခ်"ပန်းခြံလမ်းထောင့်တွင် ဟိုတယ်အတွက် နေရာတွေ့ထားကြပြီ။ ထို့ကြောင့် အေဘယ်က အခန်း ၅၀၀ပါ နယ်စားဟိုတယ်သစ်ကြီးအမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် လိုအပ်သောညွှန်ကြား ချက်များ ပေးလိုက်သည်။
ဖလော်ရင်တီနာ လန်ဒန်မြို့တွင် ပျော်သည်။ သူမသည်နေ့လယ်စားပွဲများ၊ ညစာစားပွဲများနှင့်ကပွဲများသို့ တက်ရောက်သည်။ သူမ၏ဖခင်ပြောခဲ့သည့်အတိုင်းပင် လန်ဒန်သူ လန်ဒန်သားတွေက သူမ၏လှပခေတ် မီသော အဖိုးတန်ဝတ်စုံများကို အထူးပင်စိတ်ဝင်စားကြသည်။ ထူးခြားချက်ကတော့ အင်္ဂလိပ် လူမျိုး များသည် စစ်ဒဏ်ကိုမချိအောင်ခံလိုက်ကြရသော်လည်း စိတ်ဓာတ်ကျမနေကြ။ သူတို့နိုင်ငံကို အင်အား ကြီး နိုင်ငံ တစ်ခုဟူ၍ပင် ယုံကြည်ထားဆဲဖြစ်သည်။

ပါရီမြို့တော်ရောက်တော့လည်း အစစအရာရာအဆင်ပြေသည်။ အေဘယ်နှင့်ဖလော်ရင်တီနာတို့မှာ နှစ်ယောက်စလုံးပြင်သစ်စကားကို ကျွမ်းကျင်စွာပြောတတ်ကြသောကြောင့် အင်္ဂလိပ်တွေနှင့် ပေါင်းရသလို ပင် အဆင်ပြေသည်။
အေဘယ်သည် ရာစပယ်လမ်းမကြီးပေါ်မှ ဟိုတယ်ဟောင်းတစ်ခုကို ၀ယ်ယူပြီးအသစ်ပြန်ဆောက်ရန် စီစဉ် ညွှန်ကြား ခဲ့သည်။
ထို့နောက် ရောမမြို့သို့ဆက်လက်ထွက်ခွာခဲ့ကြသည်။ အီတလီတွင် စီးပွားရေး တည်ငြိမ်မှု မရှိသော ကြောင့် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းကို ဆိုင်းငံ့ထားရန် အေဘယ်ကဆုံးဖြတ်လိုက်သည်။

ထိုမှတစ်ဆင့် ပိုလန်နိုင်ငံသို့ ခရီးဆက်ခဲ့ကြသည်။ ၀ါဆောမြို့သို့ရောက်လာသောအခါ တက္ကစီကားဌား၍ ဆလိုနင်မြို့ကလေးသို့ ထွက်ခွာလာခဲ့ကြသည်။
"ဖေဖေ့ကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားနေသလိုပဲ"
ဖလော်ရင်တီနာက ဖခင်ဖြစ်သူ၏ အမှုအရာကိုကြည့်ပြီးပြောလိုက်သည်။

"ဟုတ်တယ်သမီး၊ ဖေဖေ့စိတ်ထဲဝမ်းသာဝမ်းနည်းခံစားနေရတယ်၊ ဒါဟာဖေဖေရဲ့ဇာတိချက်ကြွေ မွေးရပ် မြေပဲ၊ အမေရိကမှာအကြာကြီးနေပြီးမှ ပြန်ရောက်လာတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတယ်၊ ဖေဖေ ကတော့ အခုတွေ့နေရတာတွေအားလုံးဟာ ဖေဖေငယ်ငယ်တုန်းက မြင်ခဲ့ရတာတွေအတိုင်းပဲလို့ ထင်နေ မိတယ်"
ဆလိုနင်မြို့နားသို့ နီးလာလေလေအေဘယ်၏ စိတ်သည်ပို၍လှုပ်ရှားလာလေဖြစ်သည်။ တစ်ချိန်တုန်းက သပ်သပ် ရပ်ရပ်နှင့် သာသာယာယာရှိခဲ့သော အိမ်ကလေးများမှာ စစ်ဒဏ်ကြောင့်ပြိုပျက်နေကြပြီ။ အေဘယ် သည် ဒေါသလည်းထွက်မိသည်။ ၀မ်းလည်းနည်းမိသည်။

မကြာမီတွင်ပင် သူတို့သည် ရဲတိုက်ကြီးရှေ့သို့ ရောက်လာခဲ့ကြသည်။ ရဲတိုက်ကြီး၏သံတံခါးကြီးများရှေ့ တွင် ကားကိုရပ်လိုက်သည်။ အေဘယ်ကကားပေါ်မှ ကမန်းကတန်းခုန်ဆင်းပြီး ရဲတိုက်ကြီးကိုကြည့်ကာ ပြောလိုက် သည်။
"ဖေဖေငယ်ငယ်တုန်းက အတိုင်းပဲသမီး၊ ဘာမှပြောင်းလဲမှုမရှိသလိုဘဲ၊ ကဲ...လာ၊တဲအိမ်ကလေးကို အလျင် သွားကြည့်ကြမယ်၊ အဲဒီမှာဖေဖေငါးနှစ်သားအထိ နေခဲ့တာခုဆိုရင် တစ်ယောက်မှရှိတော့မယ် မထင် တော့ ပါဘူး၊ ပြီးတော့မှ ရဲတိုက်ကြီးထဲဝင်ကြည့်ရတာပေါ့...."

ဖလော်ရင်တီတာက သူမဖေဖေနောက်မှလိုက်လာခဲ့သည်။ သူတို့သည် ခြေသွားလမ်းကလေးအတိုင်း ၀က်သစ်ချတောထဲသို့ ၀င်လာခဲ့ကြသည်။ သစ်တောကြီးကတော့ ဘာမှပြောင်းလဲမှုမရှိ။ မိနစ် ၂၀လောက် လျှောက်လာ ခဲ့ပြီးသောအခါ ကွက်လပ်ကလေးတစ်ခုသို့ ရောက်လာကြသည်။ သူတို့သည် တောလိုက် မုဆိုး ၏ တဲအိမ်ကလေးကို တွေ့ကြရပြီ။

အေဘယ်သည် အိမ်ရှေ့တွင်ရပ်ကာအိမ်ကလေးကို ငေးစိုက်ကြည့်နေမိသည်။ အိမ်ကလေးမှာ သက်ကယ် အမိုး တွေ ဖရိုဖရဲဖြစ်နေကြပြီ။ ပြတင်းပေါက်တွေလည်း ပျက်စီးနေကြပြီ။ တစ်ချိန်က သီးနှံစိုက်ခင်း ကလေး မှာ ယခုအခါမြက်ပင်ပေါင်းပင်ပင်များသာ ဖုံးလွှမ်းလျက်ရှိခဲ့ပြီ။
သည်အိမ် ကလေးကို စွန့်ပစ်သွားခဲ့ကြပြီလား။
ဖလော်ရင် တီတာက ဖခင်လက်ကိုဆွဲကာ အိမ်ရှေ့သို့လျှောက်လာခဲ့သည်။

အေဘယ်က မလှုပ်မယှက်ရပ်ကြည့်နေသည်။ ဖလော်ရင်တီနာက တံခါးကိုဖြည်းဖြည်းခေါက်လိုက်သည်။ ပြီးတော့ တိတ်ဆိတ်စွာ ရပ်စောင့်နေကြသည်။ ဖလော်ရင်တီနာက နောက်တစ်ကြိမ်ထပ်ခေါက်လိုက်ပြန် သည်။ အတွင်းကတစ်စုံတစ်ယောက် လှုပ်ရှားသံကိုကြားရသည်။
"အေး...အေး...လာပါပြီ...လာပါပြီ"

ပိုလန်စကားနှင့်ပြန်ပြောသည်။ ခဏအကြာတွင်တံခါးဟလာသည်။ ပိန်လှီခါးကုန်းပြီး ၀တ်စုံနက်ဝတ်ထား သော အဘွားကြီးတစ်ယောက် သူတို့ကိုရပ်ကြည့်နေမိသည်။ သူမ၏ခေါင်းတွေဆံပင်တွေ ဆွတ်ဆွတ်ဖြူ နေကြပြီ။ လက်နှီးရောင်ပ၀ါစုတ်ကို ခေါင်းတွင်မသေမသပ် စည်းပတ်ထားသည်။ သူမသည် မျက်လုံးများကို မှေးကာ ဧည့်သည်များကို ကြောင်ကြည့်နေသည်။

"ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး"
အေဘယ် ကအင်္ဂလိုခပ်တိုးတိုးပြောလိုက်သည်။
"မင်းတို့ဘာလိုချင်ကြတာလဲ"
အဘွားအိုက မသင်္ကာသံဖြင့် ပြန်မေးလိုက်သည်။
သူမမှာ သွားတစ်ချောင်းမှမရှိတော့၊ ပါးရေနားရေတွေလည်း တွန့်ရှုံ့နေကြပြီ။
အေဘယ် ကပိုလန်စကားဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့အထဲခဏ၀င်ပြီး စကားပြောလို့ရမလား အမေ"
အဘွားအိုက စိုးရိမ်မကင်းသည့်အမူအရာဖြင့် ဧည့်သည်နှစ်ယောက်၏ မျက်နှာကိုအပြန်အလှန် ကြည့်နေ သည်။
"ဟယ်လင်နာဟာ ဘယ်သူ့ကိုမှမကောင်းမလုပ်ခဲ့ပါဘူးကွယ်" အဘွားအိုက ညည်းသံဖြင့်ပြောသည်။
"ဟုတ်ပါတယ်အမေ၊ အမေ့မှာစိတ်ကောင်းစေတနာကောင်းရှိတာ ကျွန်တော်သိပါတယ်၊ အမေ့အတွက် ကျွန်တော်သတင်းကောင်းယူလာပါတယ် အမေ"
ခဏနေပြီးမှ အဘွားအိုက တံခါးဖွင့်ပေးသည်။ အခန်းထဲတွင် အေးစိမ့်နေသည်။ အဘွားအိုက သူတို့အား နေရာ မပေး။
အခန်းက ပြောင်းလဲမှုမရှိသေး။ ယခင်အတိုင်းပင် စားပွဲတစ်လုံး၊ ကုလားထိုင်နှစ်လုံး ရှိမြဲရှိနေသေးသည်။ ခင်းစရာ ဟူ၍ဘာမှမရှိ။ ဖလောရင်တီနာ က ကြက်သီးပင်ထသွားမိသည်။ အေဘယ်၏စိတ်အာရုံသည် အတိတ် ဆီသို့ ပြန်ရောက်သွားသည်။

"မီးဖိုက ထင်းလည်းမရှိတော့ဘူး" အဘွားအိုက မီးဖိုကိုတုတ်နှင့် လှမ်းထိုးရင်းပြောသည်။ ထင်းတစ်စတွင် မီးငွေ့ငွေ့ လောင်နေသေးသည်။ အဘွားကြီးက အကျီအိတ်ကိုလက်နှိုက်ပြီး ပြောပြန်သည်။ "ငါ့ကို စက္ကူပေး ကြပါ"သူမက အေဘယ်၏မျက်နှာကို စိုက်ကြည့်သည်။ "မင်းတို့မှာစက္ကူများမပါလာဘူးလား"
"ကျွန်တော်တို့ မမှတ်မိတော့ဘူးလား အမေ"
"ဟင့်အင်း...မမှတ်မိဘူး"
"ကျွန်တော် ၀လာဒက်လေ...အမေ"
"သြော်...၀လာဒက်...၀လာဒက်...ငါ့သားလေးကိုမင်းသိသလား"

ဝလာဒက်ဟာကျွန်တော်ပါအမေ
မဟုတ်နိုင်ဘူး၊ မဟုတ်နိုင်ဘူး၊ သူကသိပ်ကောင်းတာ၊ သူ့မှာဘုရားသခင်ပေးတဲ့ အမှတ်ပါတယ်၊ ဘခင်ကြီး က သူ့ကိုခေါ်သွားတယ်၊ ဟုတ်ပါတယ်၊ အမေ့သားလေးကို ဘခင်ကြီးခေါ်သွားတာ
အဘွားအို ၏အသံက အက်သံပါလာသည်။ သူမသည်ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ အကြောပြိုင်းပြိုင်း နှင့် အရေတွန့် နေသော လက်နှစ်ဖက်က ပေါင်ပေါ်တွင် ဂနာမငြိမ်လှုပ်ရှားနေကြသည်။

"ကျွန်တော်ပြန်လာပြီ အမေ၊ ၀လာဒက်ပြန်လာပြီလေ"
သို့သော် အဘွားအိုက မကြားတော့၊ သူမအနီးတွင်ဘယ်သူမှမရှိသလို ငုတ်တုတ်ကြီးငြိမ်၍သာ ထိုင်နေ တော့သည်။ အတန်ကြာမှ အဘွားအိုက စကားပြောသည်။
"သူတို့က ငါ့လင်'ဂျာစီယို'ကို သတ်လိုက်ကြတယ်၊ ငါ့သားသမီးအားလုံးကိုလဲ ခေါ်သွားကြသည်။ ဆိုဖီယာ လေးတစ်ယောက် ပဲကျန်ခဲ့တာ၊ ငါကဆိုဖီယာကို ဖွက်ထားတာ၊ ဒါနဲ့သူတို့ပြန်ထွက်သွားကြသည်။"
 "ဆိုဖီယာ အခုဘယ်မှာရှိသလဲ အမေ"

"မရှိတော့ဘူး၊ နောက်တစ်ကြိမ်စစ်ဖြစ်တော့ သူ့ကိုလဲသူတို့ခေါ်သွားကြတယ်"
အေဘယ် တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားမိသည်။
အဘွားအို ကဆက်ပြောသည်။
"မင်းတို့က ဘာလိုချင်လို့လဲ၊ ဒါတွေကိုဘာဖြစ်လို့ မေးနေကြတာလဲ"
"အမေ့ကိုကျွန်တော့သမီး ဖလော်ရင်တီနားကို ပြချင်လို့ပါ"
"ငါ့မှာလဲ ဖလော်ရင်တီနားဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ပါတယ်၊ ခုတော့မရှိတော့ဘူး ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်"
"အဲဒါကို ကျွန်မတို့လဲ သိပါတယ်... ဘွားဘွား"

ဖလော်ရင်တီနာက ၀င်ပြောလိုက်သည်။
''ညည်းက ဘယ်လိုလုပ်လို့ သိတာလဲ၊ အဲဒီတုန်းက ညည်းမှမမွေးသေးတာ''
"ရွာထဲက လူတွေပြောပြပါတယ်... ဘွားဘွား"
"ညည်းမှာ စက္ကူကလေးများ မပါဘူးလား၊ ငါမီးထိုးဖို့ စက္ကူလိုချင်တယ်"
အေဘယ် က စိတ်ပျက်လက်ပျက်အမူအရာဖြင့်ဖလော်ရင်တီနာအား လှည့်ကြည်းလိုက်သည်။
"စက္ကူတော့ မပါဘူး အမေ၊ ကျွန်တော်တို့ စက္ကူယူမလာခဲ့မိဘူး"

"အဲဒီတော့ မင်းတို့က ဘာလိုချင်လို့လဲ"
အဘွားကြီးအသံက မာလာသည်။
"ဘာမှမလိုချင်ပါဘူး အမေ၊ အခု ကျွန်တော်တို့ ပြန်တော့မယ်"
အေဘယ် က ပိုက်ဆံအိတ်ထဲတွင် ပါလာသမျှသော ပိုလန်ငွေစက္ကူအားလုံးကို အဘွားကြီး လှမ်းပေး လိုက်သည်။
"ကျေးဇူးပဲ ကျေးဇူးပဲ"
အဘွားကြီး က ၀မ်းမြောက်ဝမ်းသာလှမ်းယူသည်။

ထို့နောက် အေဘယ်က သူ၏ မွေးစားမိခင်အိုကြီးအား နမ်းရှုပ်နှုတ်ဆက်ရန်ကိုယ်ကိုကုန်းလိုက် သည်။ သို့သော် အဘွားအိုက အနမ်းမခံ၊ နောက်သို့ ဆုတ်သွားသည်။
ဖလော်ရင် တီနာက ဖခင်၏လက်ကိုဆွဲကာ တဲအိမ်ကလေးထဲမှ ပြန်ထွက်လာခဲ့ကြ့ပီးသစ်တော လမ်း အတိုင်း ကားရပ်ထားသောနေရာသို့ လျှောက်လာခဲ့ကြသည်။
အဘွားအို သည် အေဘယ်တို့ သားအဖ မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ပြတင်း ပေါက်မှ ရပ်ကြည် နေသည်။ ထို့နောက် အေဘယ်ပေးခဲ့သော ငွေစက္ကူများကို တစ်ရွက်စီလုံးခြေကာ မီးဖိုထဲသို့ ပစ်ထည့် သည်။ ချက်ချင်းပင် စက္ကူများပေါ်တွင် တင်လိုက်သည်။

ပြီးတော့၊ မီးဖိုဘေးတွင် ကျကျနန ထိုင်ချလိုက်သည်။ သူမ၏ လက်နှစ်ဖက်ကို မီးကင်ရင်း အကျေနပ်ကြီး ကျေနပ် နေမိတော့သည်။
ကားဆီသို့ ပြန်လျှောက်လာစဉ်တွင် အေဘယ်သည် တစ်လမ်းလုံး ဘာစကားမျှမပြောဘဲ ခေါင်းငိုက် စိုက်ဖြင့် သာ လျှောက်လာခဲ့သည်။
မကြာမီတွင်ပင် ရဲတိုက်ကြီး၏ သံဂိတ်တံခါးကြီးများကို ပြန်လည်မြင်ကြရသည်။ အေဘယ်က အဘွားအိုနှင့် တဲအိမ်ငယ် အကြောင်းကို မေ့ပစ်ရန်ကြိုးစားပါမည်ဟု သမီးဖြစ်သူအား ကတိပေးသည်။ ထို့နောက် "ကမ္ဘာပေါ် မှာအလှဆုံး ရဲတိုက်ကြီးကို မြင်ရတော့မယ် သမီး"ဟု ပြောလိုက်သည်။
"ဒါလောက် တောင်မှလား…ဖေဖေ"
"ဖေဖေ ပိုမပြောပါဘူးသမီး"

ထို့နောက် သားအဖနှစ်ယောက် ကားပေါ်တက်ကြသည်။ ကားကလေးသည်ရဲတိုက်ကြီးဆီသို့ အရှိန်နှင့်မောင်းလာခဲ့သည်။
အေဘယ်၏စိတ်သည် အတိတ်ဆီသို့ပြန်ရောက်သွားသည်။ ရဲတိုက်ကြီးတွင် နယ်စားကြီးလီယွန်၊ ဖလော်ရင် တီနာတို့နှင့် ပျော်ရွှင်စွာနေခဲ့ရသောဘ၀ကို သတိရမိသည်။ စစ်အတွင်းအကျဉ်းသားဘ၀ ဖြင့် နယ်စားကြီး သေဆုံးသွားရသည်ကို ပြန်လည်သတိရသည်။ လီယွန်၊ ဖလော်ရင်တီနာနှင့် ရဲတိုက် အမှုထမ်း များအသတ်ခံရသည်ကို မြင်ယောင်လာသည်။

သူတို့သည်ကားပေါ်မှဆင်းလိုက်ကြသည်။ တစ်ယောက်မျှစကားမပြောကြ။ ဖလော်ရင်တီနာက ဖခင်၏လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူမဖခင်၏မျက်နှာတွင် မျက်ရည်တွေ စီးကျ နေကြသည်။
ရဲတိုက်ကြီးကား စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့လေပြီ။ လေးဘက်လေးတန် အုတ်တံတိုင်း ကြီးများ လည်း ပြိုပျက်ခဲ့ပြီ။ ခမ်းနားလှပသော အိပ်ခန်းဆောင်များ၊ ဧည့်ခန်းဆောင်များလည်း ပင်ကို အလှ မရှိကြတော့။

အေဘယ်သည် ဘုရားကျောင်းအနီးမှ မြေစာပုံသုံးပုံဆီသို့ လျှောက်လာခဲ့သည်။. ဖလော် ရင်တီနာက ဖခင် နောက်မှ ကပ်လိုက်လာသည်။
မြေပုံစာများတွင် မြက်ပင်ပေါင်းစပ်များ ဖုံးလွှမ်းနေကြပြီ။ တစ်ချိန်သောအခါက ရဲတိုက်ရှင် နယ်စားကြီး၊ သူ၏သားဖြစ်သူ လီယွန်နှင့်အေဘယ်၏ မွေးစားအစ်မကြီး ဖလော်ရင်တီနာတို့၏ သချိုင်္င်းမြေပါဟု ကျိန်ပြောသော်မှ ယုံနိုင်စရာ မရှိတော့။
အေဘယ် က မြေစာပုံများကိုဦးညွှတ်၍ အရိုအသေပြုလိုက်သည်။ သူ့မျက်နှာတွင် မျက်ရည်တွေ စီးကျ လာကြ သည်။
"ပြန်ကြ ပါစို့..ဖေဖေရယ်၊ ဒီမှာကြာကြာနေရင် ဖေဖေအတွက်ပိုဆိုးပါလိမ့်မယ်"
ဖလော်ရင် တီနာက ဖခင်၏လက်ကိုဆွဲကာ ကားဆီသို့ပြန်လျှောက်လာခဲ့ကြသည်။

နောက်တစ်နေ့တွင် သူတို့သည်လန်ဒန်သို့ လေယဉ်ဖြင့်ထွက်ခွာလာခဲ့ကြသည်။ ကလာရိုက်ဂ်ျ ဟိုတယ် တွင်ပင် တည်းခိုကြသည်။ ဖလော်ရင်တီနာက မိတ်ဆွေဟောင်းများနှင့် ပြန်လာတွေ့ရ၍ ၀မ်းသာနေသည်။ အေဘယ် ကတော့ အားအားရှိတိုင်း သတင်းစာများကိုသာ သဲကြီးမဲကြီးဖတ်ရှုနေ သည်။ သူ့ခရီးထွက် နေစဉ်အတွင်း အမေရိကတွင် ဘာတွေဖြစ်ပျက်နေကြသလဲဆိုသည်ကို သူကအလွန်သိချင် နေသည်။
သူသည်စနေနေ့ထုတ် "လန်ဒန်တိုင်း"သတင်းစာကြီးမှ အတွင်းမျက်နှာပါ သတင်းတစ်ပုဒ်ကို မျက်စိ ရောက်သွား မိသည်။
လေယဉ်ပျက် သော သတင်း။

"အင်တာစတိတ်"လေကြောင်း ကုမ္ပဏီမှ ဗိုင်းကောင့်လေယဉ်ပျံတစ်စီးသည် ယမန်နေ့နံနက်က မက္ကစီကို စီးတီး လေဆိပ်မှ ပျံအထွက်တွင် ရုတ်တရက် ပေါက်ကွဲပျက်စီးသွားခဲ့သည်။ ခရီးသည်များ နှင့် လေယဉ် အမှုထမ်းများ အပါအ၀င်စုစုပေါင်း ၁၇ယောက်သေဆုံးသည်။ အင်တာစတိတ် ကုမ္ပဏီ ၏ လေယဉ် ထိန်းသိမ်း ပြုပြင်မှု ညံ့ကြောင်း မက္ကစီကိုအစိုးရအာဏာပိုင်များက ဝေဖန်ပြေပြစ်သည်။

အေဘယ်က တယ်လီဖုန်းကိုချက်ချင်းကောက်ကိုင်ပြီး ပင်လယ်ရပ်ခြား ဖုန်းအော်ပရေတာကို လှမ်းတောင်း လိုက်သည်။
ဒီနေ့စနေနေ့ပဲ၊ သူ့အိမ်မှာရှိလိမ့်မယ်လို့ တွေးလိုက်ပြီးအေဘယ်က တယ်လီဖုန်းနံပါတ် မှတ်တမ်း စာအုပ် ကလေးတွင် အိမ်ဖုန်းနံပါတ်ကို ရှာကြည့်သည်။
"နာရီဝက် လောက်တော့ စောင့်ရပါလိမ့်မယ် ရှင်"
အော်ပရေတာ က စကားပြန်သည်။
"ကျေးဇူး တင်ပါတယ် အော်ပရေတာ"

အေဘယ်က တယ်လီဖုန်းကို ပြန်ချထားလိုက်ပြီး ထိုင်စောင့်ရင်း စဉ်းစားနေသည်။ မိနစ် ၂၀အကြာ တွင် တယ်လီဖုန်းမြည်သံ ပေါ်ထွက်လာသည်။
"ပင်လယ်ရပ်ခြားလိုင်း ၀င်လာပါပြီရှင်"
"အေဘယ်လား၊ ကျုပ်ဟင်နရီပါ၊ ခင်ဗျားဘယ်ကပြောနေတာလဲ"
"ကျွန်တော်လန်ဒန်ကပြောနေတာ မစ္စတာအော့စဘွန်း"
"ပြီးပါပြီလားရှင်"

အော်ပရေတာအသံပြန်ပေါ်လာသည်။
"ဘုရားရေကျုပ်ပြောတောင် မပြောရသေးပါဘူးဗျာ" အေဘယ်က ပြန်ပြောလိုက်သည်။
"အိုး..ဆောရီးပါရှင်၊ ကျွန်မကအမေရိကကို ပြောလို့ရပြီလားလို့ မေးတာပါရှင်"
"သြော်…ဟုတ်ကဲ့၊ ရပါပြီ ရပါပြီ၊ ဘုရားရေ…သူတို့စကားက တစ်မျိုးပါလား မစ္စတာအော့စဘွန်း"
အော့စဘွန်းကရယ်လိုက်သည်။

"မက္ကစီကိုစီးတီးလေဆိပ်မှာ အင်တာစတိတ် လေယဉ်ပျက်ကျသွားတာ မစ္စတာအော့စဘွန်း ဖတ်ပြီးပြီလား"
"ဟုတ်ကဲ့ဖတ်ပြီးပါပြီ၊ ဒါပေမဲ့ပူစရာမရှိပါဘူး၊ လေယဉ်ပျံက အာမခံလုပ်ထားပြီးသား၊ ဒါကြောင့် ငွေကြေး ဆုံးရှုံးမှု မရှိပါဘူး၊ ရှယ်ယာတွေအတွက်လဲ ထိခိုက်မှုမရှိနိုင်ပါဘူး"
"ကျွန်တော် က အာမခံကိစ္စကို သိပ်ပြီးစိတ်မ၀င်စားဘူး၊ မစ္စတာကိန်းအနေနဲ့ ဘယ်လောက်အား ရှိတယ် ဆိုတာ တစ်ပွဲတစ်လမ်း စမ်းကြည့်ဖို့ အခွင့်ကောင်းဖြစ်မလားလို့ ကျွန်တော်က စဉ်းစားမိ လို့ပါ"

"ခင်ဗျား ပြောတာ ကျုပ်သဘောမပေါက်သေးဘူး အေဘယ်၊ ခင်ဗျားဘာပြောချင်တာလဲ"
"သေသေ ချာချာနားထောင်ပါ၊ တနလာင်္နေ့မနက် စတော့အရောင်းအ၀ယ်ဖွင့်တဲ့အခါ မစ္စတာအော့ စဘွန်း ဘာလုပ် ရမယ်ဆိုတာ ကျွန်တော်ပြောပြမယ်၊ အင်္ဂါနေ့ကျတော့ ကျွန်တော်နယူးယောက်ကို ရောက်လာ လိမ့်မယ်"

ဟင်နရီအော့စဘွန်းက အေဘယ်၏ညွှန်ကြားချက်များကို စိတ်ဝင်စားစွာ နားထောင်နေသည်။
နောက်မိနစ် ၂၀အကြာတွင် အေဘယ်က တယ်လီဖုန်းကို ပြန်ချလိုက်သည်။
သူ့လုပ်ငန်းပြီး သွားပြီ။

အခန်း (၂၉) ဆက်ရန်
.

1 comment:

  1. buy tramadol uk buy tramadol online from india - what's maximum dosage tramadol

    ReplyDelete

thank you to say so