Thursday, September 11, 2014

အချစ်ဆုံး အဖိုး နဲ့ ရှမ်းဆေးတော်ကြီး တခွက်

ရွှေစင်ဦး ဖေ့စ်ဘွတ်ခ် စသုံး ကထဲက စေတနာ အပြည့် နဲ့ တင်ကြ တဲ့  မြန်မာ့ရိုးရာ နဲ့ တခြား ရိုးရာ ဆေးနည်းပေါင်းစုံ ကို ဖေ့စ်ဘွတ်ခ် မှာ တွေ့ ရတဲ့ အပြင် ဆေးမြည်းတို လို့ ခေါ်တဲ့ ဘယ်ဆေးကျမ်း ထဲ မှာ မှ မပါတဲ့ ဆေး နည်း တွေ လည်းတွေ့ရပါတယ်။

အဖိုး နဲ့ ခမည်းခမက် တော်တဲ့ ရှမ်းအဖိုး ရဲ့ ပွဲတွေ့ရှမ်းဆေးတော်ကြီး ကို လဲ သတိရ သွား ပါတယ်၊ ကျနော့် အဖိုးဟာ အသက်၈၆ နှစ် မှာ ဆုံးသွားပေမဲ့ မဆုံး ခင် လပိုင်း လောက် မှာဘဲ ကျန်းမာရေး တော်တော်ဆိုးသွားတာပါ၊  ကျန်တဲ့ အချိန်တွေမှာ တော်တော်လေး ကျန်းမာရေးကောင်း ပါတယ်၊ အသက် ၈၀ ကျော်ထိ မန္တလေး လာလိုက် ရန်ကုန်သွားလိုက် လုပ်နေ ပါ တယ်၊  နောက်ဆုံး  ရှမ်းဆေးတော်ကြီး နဲ့ တွေ့ မှ ဘဲ ဘယ်မှ မသွားရတော့ဘဲ ရန်ကုန် က အဒေါ် အကြီးဆုံး ရဲ့ အိမ်မှာ အကျယ်ချုပ် ကျသွားပါတော့တယ်၊ အဲဒီ အကြောင်းလေး ကို အမှတ်ရ လို့ နဲနဲလေး ရေးပါမယ်။

ဘဘကြီး ဟာ မန္တလေး မှာ နေရတာ တော်တော်ပျော်ပါတယ်၊ သူ့  မြေးတွေ အများ ကြီး ရှိတဲ့ အပြင် သား၊ သမီး သုံးယောက် က လည်း မန္တလေး မှာ ဘဲ ရှိတော့ မန်းလေး မှာ ဘဲ နေချင် ပါ တယ်၊  သတ်သတ်လွတ် သမား ဖြစ်တဲ့ အတွက် ကျနော့် ချစ်မေ ရဲ့ လက်ရာ အကောင်း စား လေး တွေ အပြင် တခြား သမီး များ က လည်း ကောင်းနိုး ရာရာ လေး တွေ ပို့ပေး ကြတော့ အစားအသောက် ကလည်း အတော် အဆင်ပြေ ပါတယ်။

ကျနော် မှတ်မိသလောက် အိမ်ရှေ့ ဂွေးတောက်ရုံကြီး က နုထွတ်နေ တဲ့ ဂွေးတောက် ရွက် နုနု  လေး တွေ နဲ့ လမ်းထိပ် အကြော်ဆိုင် က ပူပူနွေးနွေး ဘယာကြော် များ ကို ရောကြော် ထား တဲ့ ဂွေးတောက်ရွက် ဘယာကြော်ချက်၊ ပဲနီလေး နဲ့ ကြာဇံ ပူပူနွေးနွေးလေး၊ အခုလို မိုးရာသီ ဆို မှို နဲ့ ကန်ဇွန်း ရွက်ကြော် ချက်၊ အင်ဥကြော်လေး နဲ့ အမြဲတမ်း မပါ မဖြစ်တဲ့ ကြက်သွန် နီ - မြေပဲကြော် က တခွက်၊ စားတော်ပဲပြုတ်- ကြက်သွန်နီလေး နဲ့သုပ်၊ ခရမ်းသီး နှပ် ကလေး တို့ အာလူး ချက် တို့လို ဟင်းလေး တွေ ဟာ ဘဘကြီး ကြိုက်တဲ့ ဟင်းလေး တွေပါ။

မြေးတွေ က လည်း အဖိုး ဘုရားစာ ဆိုခိုင်း တဲ့ အချိန်မှာ ပျော်ပျော်ပါးပါးကြီး ဆိုကြတဲ့ အတွက် ဘဘကြီး ဟာ အလွန် ဝမ်းသာပါတယ်၊ ရန်ကုန် အိမ် က မြေးသုံးယောက် ကတော့ ငယ်စဉ် အခါ က လွဲလို့ အဲဒီ အချိန်မှာတော့ သူတို့ အလုပ် နဲ့ သူတို့ မအား လို့ ဘုရားစာ ဆိုဖို့ စိတ်ကူး ကြ မယ် မထင်ပါဘူး၊  အစား အသောက် က လည်း မန္တလေးအိမ် လောက်တော့ အဆင်ပြေမယ် မထင် ပါဘူး၊  တသက်လုံး စား လာတဲ့ မေမေ ချက်တဲ့ ပူပူနွေးနွေး လက် ရာတွေ ဟာ တယောက် ပြီး တယောက် ပြောင်းနေ တဲ့ အိမ်အလုပ်သမကလေး တွေ ချက်တာ နဲ့ တခြား စီ ဖြစ် မှာ သေချာ ပါတယ်။

အကျယ်ချုပ် ကျသွားတဲ့ ကျနော့် အဖိုး အတွက် စိတ်မကောင်း သလို ရှမ်းဆေးတော်ကြီး ကို ကိုယ့် ရောဂါ နဲ့ တည့် မတည့် မသိ ဘဲ သောက်လိုက်မိ တဲ့ အဖိုး နဲ့ တိုက်လိုက် တဲ့ ရှမ်းအဖိုး ကို လည်း အဲဒီအချိန် က စိတ်တို မိ ပါတယ်၊ ဘဘကြီး သက်သာ သွားတဲ့ အချိန် မှာတော့ အဲဒီနေ့ က မြင်ကွင်း တွေ ကို မြင်ရောင် ပြီး ပြုံးချင်ပါတယ်။

ကျနော် အဖိုး ဟာ ကျန်းမာရေးတော်တော်ကောင်းပါတယ်၊ ရောဂါအကြီးအကျယ် လည်း မရှိတဲ့ အတွက် မန္တလေး မှာ ဆေးရုံ ဆေးခန်း နဲ့ ဝေးဝေး နေရပါတယ်၊ ရန်ကုန်အိမ် မှာ လည်း အဒေါ် လုပ်သူ ကိုယ်တိုင် လိုအပ်တာ ကုသ ပေးနေတော့ နေမကောင်း ဖြစ်တာ မရှိသလောက် ဘဲ ဆို ပါတော့၊ အဲလို နေတဲ့ အချိန်မှာ ဘဘကြီး ဟာ ရှမ်း အဖိုး နဲ့ အဖိုးအိုခြင်း စကားပြောကြတော့ ရှမ်းအဖိုး က သူ ကျန်းမာရေးကောင်းတာ ဟာ သူ ကိုယ်တိုင် ဖော်စပ်တဲ့ ရှမ်းဆေးတော် ကြီး ကြောင့် ဖြစ် တယ် လို့ ပြောပါတယ်၊ ရှမ်းဆေးတော်ကြီး ရဲ့ ကောင်းခန်း တွေ ကို အများကြီး ပြောပါတယ်၊ အဲဒီ အချိန် ကထဲက ဘဘကြီး ဟာ သူ့ရှမ်းဆေးကြီး ကို သောက် ချင် လို့ မျက်စပြစ်နေ ပါတယ်။

တနေ့တော့  နေလို့ ထိုင်လို့ သိပ်မကောင်းကြောင်း  ပြောလာပါတယ်၊ ရှမ်းအဖိုး ကလည်း သူ့ ရဲ့ ရှမ်းဆေးတော်ကြီး တိုက် ဖို့ အချိန်တန်ပြီ လို့ ယူဆပြီး ရှမ်းဆေး တခွက် တိုက် လိုက် ပါတယ်၊ နောက်နေ့ မနက် မှာ ဆီးတွေ ဝမ်းတွေ မှန်ပြီး  နေကောင်းသွား မှာ ဖြစ်ကြောင်း ပြော ပါတယ်၊ ဘဘကြီး လည်း သူ သောက်ချင်တဲ့ ရှမ်းဆေးကြီး သောက်ရ တဲ့ အတွက် ဝမ်းသာပြီး အိပ် သွားပါတယ်၊ နောက်နေ့ မနက် မှာတော့ အထက်မတက် အောက်မကျ နဲ့ မအီ မလည် ဝေဒနာ ကြီး ကို ခံစားနေရပါပြီ။

 ဝေဒနာ သိပ်မခံစား ဖူးတဲ့ ဘဘကြီး ဟာ အဲဒီ မအီမလည် ကြီး ဒဏ်ကို မခံနိုင်တော့ ပါဘူး၊ ဟေ့ ငါ့ ကို ဆေးရုံပို့ကြတော့ ငါ မခံနိုင်တော့ ဘူး၊ ဟေ့ ရွှေစင်ဦး လာအုန်း၊ ဒီ ရှမ်းဆေးတော် ကြီး ကို မသောက်နဲ့နော် သိပ် ခံရဆိုးတယ်၊ မော်မော် လာအုန်း ဒီ ရှမ်းဆေးတော်ကြီး ကို  ဘယ်တော့မှ မသောက် နဲ့ ဆိုပြီး တယောက်ပြီး တယောက် တွေ့ တဲ့ သူ ကို အမှာတော် ပါးနေ ပါတယ်၊ကျနော် တို့ လည်း ဆေးရုံ တင်ဖို့ရာ ဝေဒနာ ပြစရာ အကြီး အကျယ် ကလည်း မရှိ ဆေးခန်းလောက်သွား ရင် မရဘူးလား ဘဘကြီး ရယ် ဆိုတော့ မရဘူး၊ မရဘူး ငါ့ ဝေဒနာ က ဆေးရုံသွား မှ သက်သာ မှာ ဟေ့ မောင်ဝမ်းမောင် လာအုန်း ရှမ်းဆေးတော် ကြီး ကို ဘယ်တော့ မှ မသောက် နဲ့ ဆိုပြီး  ပြောနေပါတယ်။

မနီးမဝေး က ကြည့်နေတဲ့ ရှမ်းအဖိုး ရဲ့ မျက်နှာလေး ဟာ ဘဘကြီး ရဲ့ အမှာတော် နဲ့ ဝေဒနာ တွေ ကို ကြည့်ပြီး တစထက် တစ သေးငယ် လာလိုက် တာ ဇီးရွက်လောက် ဘဲ ကျန် ပါတော့ တယ်၊  မအီမလည် ခံစားချက်တွေ ကြောင့် ဘဘကြီး လည်း ဆေးရုံ တက်လိုက် ရ သလို ဘဘကြီး တခုခု ဖြစ်သွားမှာ ကြောက်လွန်းလို့ ရှမ်းအဖိုး ခမျာလည်း စိတ်ပူသွား တာ နေစရာ တောင် မရှိတော့ပါဘူး။

ဘယ်ဆေးဘဲ ဖြစ်ဖြစ် စွမ်းကြ မှာ ဖြစ်သလို ပေးတဲ့ သူကလည်း စေတနာ အပြည့် နဲ့ ပေးကြ မှာ ပါဘဲ ၊ ရောဂါ အကြောင်း၊ ဆေးအကြောင်း သေချာ မသိဘဲနဲ့ ဘယ်ဆေးမှ အလွယ်တကူ မသောက်သင့် ပါဘူး ဆိုတာ သိလိုက်ရပါတယ်။

နောက်ဆုံးတော့  ဒီသတင်း တွေ ကို ကြားသွားတဲ့ ရန်ကုန် က သမီး ဆရာဝန်မ ဒေါ် ကြီး က ဖေဖေ အသက်ကြီးပြီ၊ စိတ် မချ နိုင်တော့ ဘူး၊ တွေ့ချင်တဲ့ သား၊သမီး မြေးတွေ ရန်ကုန် လာတွေ့ ကြ ဆိုပြီး ဘဘကြီး ရဲ့ ခရီး သွားလာခွင့် တွေ ကို ဗီတိုအာဏာ နဲ့ ပိတ်ချ လိုက် ပါတော့  တယ်၊ ကျနော် တို့ မြေး တသိုက်၊ မန္တလေး အိမ်ကြီး နဲ့ ဘဘကြီး ရဲ့ ပျော်ရွှင်မှု့ တွေ ဟာ ထာဝရ ကွဲကွာ သွားပါပြီ၊ မြေးတွေ တယောက်စ နှစ်ယောက်စ ရန်ကုန်ရောက် တဲ့ အခိုက် မှာ မထိမ်းသိမ်းနိုင် လောက်အောင် ဘဘကြီး ဟာ ပျော်ရွှင် နေတတ်သလို လာမယ် ဆို တဲ့ နေ့မှာလည်း လမ်းထိပ် ထိ ထွက်ကြို နေရလောက်အောင် အထီးကျန် ဆန်နေ ရှာပါ တယ်၊ ပြန် မယ် ဆို လည်း မျက်နှာ မကောင်းတော့ ပါဘူး။

အခုအချိန်မှာ ပြန်စဉ်းစားမိရင် ဘဘကြီး ရဲ့ နောက်ဆုံး နေ့များအတွက် အလွန် စိတ် မကောင်း ဖြစ် မိပါတယ်၊ အားလုံး ဘဲ အသက်ကြီး သွားကြတဲ့ အချိန်မှာ  တော်ရာ နဲ့ ပျော်ရာ မှာ သားသမီး၊ မြေးမြစ် အစုံ အလင် နဲ့ နေရ ပါစေကြောင်း ဆုမွန် တောင်းပေးပါတယ်။

ကျေးဇူးတင်စွာဖြင့်
ရွှေစင်ဦး

1.လသာည ၊ 2.ကိုဆိုဆီ၊ 3.ကိုဇော်၊ 4.ကိုအောင်ခင်မြင့် (ပျူနိုင်ငံ)၊ 5.စနိုးလေး(နှင်းနဲ့မာယာ)၊ 6.ကိုမျစ် (မြစ်ကျိုးအင်း)၊7.မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)၊8.အင်ဂျင်းသန့်၊ 9.မကေ၊ 10ကိုဧရာ နဲ့ မသီတာ။

(သကြီး နဲ့ အမတင့် တို့ တက်ဂ် လုပ်ထားတဲ့ အတွက် ပိုစ့် လေးကို ဘလောဂ် မှာ ပါ တခါထဲ တင်လိုက်ပါပြီ တက်ဂ် လုပ်မဲ့စာရင်းလေး ကို ရေးပေးထားပါတယ်၊ အဆင်မပြေ လို့ မရေးအားရင်တော့ အသပြာ ငါးထောင် သာ အသင့်ဆောင်ထားပါလော)
https://www.facebook.com/shwe.zin1 (ရွှေစင်ဦး ရဲ့ ဖဘ အိမ်လိပ်စာ)
.

5 comments:

  1. ညီမရဲ့တောင်းဆုလေးအတိုင်း ပြည့်ပါစေလို့ ထပ်ဆင့် ဆုတောင်းပေးခဲ့တယ်... လောလောဆယ် တီတင့်ရဲ့ ဖဘဖွင့်မရလို့ ဖဘမှာတင်တဲ့ စတေးတပ်လေးတွေကို သွားပြီး အားပေးလို့ရသေးဘူးနော်... ဘလော့အတွက် အချိန်ပိုပေးလို့ရတာပေါ့လေ... :)

    ReplyDelete
  2. ရှမ်းဆေးတော်ကြီးက ကောင်းမဲ့ပုံဘဲနော်အမ။ စမ်းသောက်လိုက်ချင်တယ်။ မအီမလည်ဆိုတာ ဘယ်လို အရသာကြီးလဲ သိချင်လို့။း)

    အသက်ကြီးတဲ့သူတွေကို ကိုယ်တိုင် အသက်ကြီးလာမှ စာနာတတ်တာပါ။ ငယ်ရွယ်စဉ်ကတော့ သိဖို့ အတော်ခက်ပါတယ်။
    အခုနဲနဲ အသက်ရလို့ သိလာတယ်ဆိုပေမဲ့ သူတို့ ဆန္ဒကို လိုက်လျောဖို့ဆိုပြန်တော့လဲ ခဲယဉ်းပြန်တတ်သေးတာ မဟုတ်လား။

    ကိုယ်တိုင်ရေးစာတွေ များများရေးပါ အမရွှေစင်။ ဘကုန်းရွာကြီးကို စိမ်းကား မသွားပါနဲ့။

    ReplyDelete
  3. Pls, I want read more Myanmar stories. This blog is nice one. Nowadays, a lot of people are using facebook and communicate each other. But, I am not using facebook and more prefer blog . Reading from blog is suitable with slow internet connection. So, please publish new post

    ReplyDelete
  4. ရေးထားတာတောင် ကြာလှပြီ ကျေးဇူးပါ ဘလော့ က မသုံးဖြစ်ဘူးဖြစ်နေလိုပါ။

    ရွှေစင်ဦး

    ReplyDelete
  5. Thank you Ma shwezin .
    I really felt that I read Ah May Mar's writing.

    Thank you again.




    ReplyDelete

thank you to say so