(၂၆)
ပြင်သစ်ကမ်းရိုးတန်း အနောက်တောင်ပိုင်းရှိ ဘာရစ်ပင်လယ်ကမ်းစပ် မြို့ကလေးသည် ဥရောပ တစ်ဝန်းမှ မင်းစိုးရာဇာများ၊ သူဌေး သူကြွယ်များ အပန်းဖြေ အနားယူရာနှင့် လောင်းကစား ပျော်ပါးရာ မြို့ကလေး ဖြစ် သည်။
ဇူလိုင် မှ စက်တင်ဘာလ အတွင်း ရာသီကာလ၌ ထိုမြို့တွင် အစည်ကားဆုံးဖြစ်သည်။
ကိုယ်ပိုင် အပန်းဖြေ အိမ်ဂေဟာများ ထိုမြို့၌ မရှိသူများက နာမည်ကျော် ဇိမ်ခံ ဟိုတယ်ကြီးဖြစ်သည့် ပလိုင်းစ် တွင် တည်းခိုကြသည်။
သြဂုတ်လကုန်ပိုင်း ရက်တစ်ရက်၏ မွန်းလွဲပိုင်းတွင် ထရေစီဝှစ်တနေသည် ပြင်သစ် မြို့စားကတော် ကလေး မာဂရစ်ဒီချန်တလီအဖြစ်နှင့် ထိုမြို့သို့ ရောက်လာပြီး ပလိုင်းစ် ဟိုတယ်၏ သီးသန့်အခန်းတွဲတစ်ခု တွင် တည်းခိုသည်။
ဆံပင်အတုဖြင့် ပုံဖျက်လာသည်။
သူမအခန်းသို့ ဟိုတယ် အောက်ထပ်မှ တက်လာရာတွင် ဓာတ်လှေကားဝ၌ လူတစ်ယောက်နှင့် မတော် တဆ တိုက်မိပြီး လက်ကိုင်အိတ် လွတ်ကျသွားသည်။
ထိုလူက လက်ကိုင်အိတ်ကို ကပျာကယာ ကောက်ယူပေးကာ တောင်းပန်သည်။
ထိုသူ့အသံ မှာ ဥရောပအလယ်ပိုင်းသားတို့၏ လေသံဖြစ်သည်။
ထရေစီ သူ့အခန်းထဲရောက်၍ အ၀တ်အစားလဲပြီးနောက် အနားယူလိုက်သောအခါ ထိုအဖြစ်ကို ပြန်တွေး မိပြီး ပြုံးလိုက်သည်။ အလုပ်ကတော့ စလာချေပြီ။
ထိုည ၈ နာရီ တွင် မြို့စားကတော်လေး ချန်တလီသည် ဟိုတယ် အရက်ဆိုင်ခန်းထဲမှ စားပွဲ တစ်လုံး၌ တစ် ယောက်တည်း ထိုင်နေသည်။
ထိုစဉ်တွင် နေ့လယ် က ဓာတ်လှေကားဝ၌ သူမနှင့် တိုက်မိသူက ထရေစီစားပွဲမနီးသို့ ချဉ်းကပ်လာသည်။
" စိတ်မဆိုးပါနဲ့နော်၊ နေ့လယ်က ကျွန်တော်ရဲ့ ကသောကမျောနိုင်မှုကြောင့် ၀င်တိုက်မိရတဲ့ကိစ္စကို အခု ထပ် တောင်းပန်ပါရစေဦးဗျာ "
" ကိစ္စမရှိပါဘူးရှင် ... မတော်တဆ ဖြစ်တာပဲဟာ "
ထရေစီက လှလှလေးပြုံးပြီး ပြောလိုက်သည်။
" သြော် ... ခင်ဗျားဟာ သိပ် သဘောကောင်းတာပဲနော်၊ ကျွန်တော် ခင်ဗျားကို အရက် တစ်ခွက်လောက် တိုက်ခွင့်ပြုပါခင်ဗျာ အဲဒါလက်ခံမှ ကျွန်တော် ဘ၀င်ကျမှာ "
" အင်းလေ ... ရှင် ဆန္ဒရှိရင်တော့ လုပ်ပါ "
ထိုအခါ ထိုသူက ထရေစီနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်၌ ၀င်ထိုင်လိုက်သည်။
" ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက် ပေးခွင့်ပြုပါခင်ဗျာ၊ ကျွန်တော် ပါမောက္ခ အဒေါ့ဖ်ဇပ်ကာမင်ပါ "
" ကျွန်မ ကတော့ ... မာဂရစ်ဒီချန်တလီပါ "
ဇပ်ကာမင်က စားပွဲထိုးတစ်ယောက်အား လှမ်းခေါ်လိုက်ပြီးနောက် ထရေစီအား မေးလိုက်သည်။
" ခင်ဗျား ဘာသောက်နေသလဲ "
" ရှန်ပိန်ပါ ဒါပေမယ့် ... "
ထရေစီ စကားမဆုံးမီမှာပင် သူကပြောသည်။
" ဟုတ်ကဲ့ ... ကျွန်တော် အဲဒါပဲ တိုက်ပါရစေ၊ တကယ်တော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာဘာမဆို ကျွန်တော် လုပ်ချင်တာ လုပ်နိုင်တဲ့ အခြေအနေကို ရောက်လုဆဲဆဲ အနေအထားမျိုးမှာ ရောက်နေတဲ့ လူပါ"
" တကယ်ပဲလား၊ ရှင့်ဘ၀က ပန်းခင်းထားတဲ့ လမ်းကြီးပဲနော် "
ထရေစီက ပြုံးတုံ့မပြုံးတုံ့ဖြင့် ပြောလိုက်သည်။
" ဟုတ်ပါတယ် "
ဇပ်ကာမင်က အနီးသို့ ရောက်လာသော စားပွဲထိုး တစ်ဦးအား ရှန်ပိန်တစ်ပုလင်းမှာလိုက်ပြီး ထရေစီအား စကားဆက်ပြောသည်။
" အထူးခြားဆုံး ကိစ္စတစ်ရပ် ကျွန်တော့်မှာ လာကြုံနေတယ်ဗျာ၊ တကယ်တော့ အဲဒီကိစ္စကို ကျွန်တော် သူတစိမ်းတစ်ယောက်နဲ့မပြောဆို မဆွေးနွေးသင့်ပါဘူး၊ ဒါပေမယ့် အဲ့ဒီကိစ္စက မျိုသိပ်ထားလို့မရအောင် ဖြစ်နေတယ်ဗျာ "
ဇပ်ကာမင်သည် ထရေစီဘက်သို့ ကိုယ်ကို ကိုင်းလိုက်ပြီး အသံကို နှိပ်ကာ ပြောလိုက်သည်။
" အမှန်အတိုင်း ပြောရရင် ကျွန်တော်ဟာ သာမန်ကျောင်းဆရာ တစ်ယောက်ပါ၊ အင်းလေ ... အခုတော့ မဟုတ်တော့ ဘူးပေါ့၊ တစ်ချိန်က ကျောင်းဆရာ တစ်ယောက်ပါလို့ ဆိုကြပါစို့၊ ကျွန်တော် ကျောင်းဆရာ တစ်ယောက်ပါလို့ ဆိုကြပါစို့၊ ကျွန်တော် ကျောင်းဆရာ ဘ၀တုန်းက သမိုင်းသင်ခဲ့တယ်၊ သင်ရတာ ပျော်စရာကောင်းပါတယ်၊ ဒါပေမယ့် သိပ်ပြီး စိတ်လှုပ်ရှားတက်ကြွစရာ မကောင်းဘူး "
ထရေစီက ယဉ်ကျေးမှုသဘောအရ စိတ်ပါသယောင် ဟန်ပြပြီး နားထောင်နေသည်။
" ဆိုကြပါစို့ဗျာ၊ လွန်ခဲ့တဲ့ လေးငါးခြောက်လက အထိ ဘာမှ စိတ်အားတက်ကြွစရာမရှိဘူး "
နေပါဦး၊ ကျွန်မ မေးပါရစေဦး၊ အဲဒီ ရှင်ပြောတဲ့ လေးငါးခြောက်လအတွင်း ဘာတွေများ ထူးထူးခြားခြားဖြစ် လာလို့လဲ "
သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ ကိစ္စတစ်ရပ်ဗျာ၊ ၁၅၈၈ ခုနှစ်တုန်းက စပိန်က အင်္ဂလန်ကို လက်နက်တင် သင်္ဘောတွေ လျှို့ဝှက်စေလွှတ်ခဲ့တဲ့ကိစ္စပေါ့၊ ကျွန်တော်က အဲဒါကို ကျောင်းသားတွေ ပိုစိတ်ဝင်စားလာ အောင် သင်ပြနိုင်ဖို့အတွက် သုတေသနလုပ်တယ်၊ စာကြည့်တိုက် ပြတိုက်တွေကနေ အချက်အလက်ရှာ တယ်၊ အဲဒီမျာတင် ကျွန်တော် တခြားစာရွက်ဟောင်းတွေနဲ့ ရောနှောညပ်နေတဲ့ စာရွက်တစ်ရွက် ရလာ တယ်။ စာရွက်က ဖီးလစ်မင်းသားက လက်နက်သင်္ဘောတွေ လျှို့ဝှက်လွှတ်လိုက်တဲ့အကြောင်းရွှေတုံးတွေ တင်သွားတဲ့ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိပြီး နစ်သွားတယ်လို့ ယူဆရတဲ့အကြောင်း ခြေရာခံလိုက်စရာ သဲလွန်စမရှိတဲ့အကြောင်း တွေပေါ့ဗျာ "
" နေစမ်းပါဦးရှင်၊ ကျွန်မ မရှင်းလို့ပါ၊ နစ်သွားတယ်လို့ ယူဆရတယ် ဟုတ်လား "
ထရေစီက တွေးတွေးဆဆ မေးလိုက်သည်။
" ဟုတ်ပါတယ်၊ တကယ်နစ်သွားတာပါ၊ ဒါပေမယ့် ကျွန်တော် မမျှော်လင့်ဘဲ သုတေသနလုပ်ရင်း ရတဲ့ အှတ်တမ်းအရဆိုရင် အဲဒီသင်္ဘော မာလိန်းမှူးနဲ့ သင်္ဘောသားတွေက သင်္ဘောကြီးကို လူသူသိပ်မသိတဲ့ ပင်လယ်ကမ်းစပ်က ကျောက်ဆောင်လိုဏ်ဂူတစ်ခုကြားမှာ တမင်သက်သက် နှစ်မြှုပ်ပစ်လိုက်တာပဲ၊ သင်္ဘောနစ်သွားတယ်လို့ အရောင်ပြပြီး နောက်မှ သူတို့လာဖော်ပြီး အပိုင်စီးမယ်ပေါ့၊ ဒါပေမယ့် သူတို့ အဲဒီ ကို ပြန်မရောက်ခင် ပင်လယ်ဓားပြတွေနဲ့တွေ့ပြီး သူတို့အားလုံး အသက်ခံလိုက်ရတယ်လေ "
ပါမောက္ခ ဇပ်ကာမင်က အရက်ကို တစ်ကျိုက်သောက်လိုက်ပြီး နားလိုက်သည်။ ထို့နောက်မှ ဆက်ပြော သည်။
" သူတို့အားလုံး သေသွားပေမယ့် အဲဒီ စာရွက်စာတမ်းက ကျန်နေခဲ့တယ်၊ ဒါပေမယ့် ပင်လယ်ဓားပြ သင်္ဘောက သင်္ဘောသား အားလုံးက စာ မရေးတတ် မဖတ်တတ်ဆိုတော့ သူတို့လက်ထဲရောက်နေတဲ့ အဖိုးတန် စာရွက်ဟာ အလဟဿ ဖြစ်နေတာပေါ့ "
ပါမောက္ခကြီးက သူ့အသံကို နှိပ်လိုက်ပြီး ထရေစီ၏ နားရွက်နား မသိမသာကပ်ကာ တိုးတိုးလေးပြောလိုက် သည်။
" အခုတော့ အဲဒီစာရွက်စာတမ်းကို ကျွန်တော် ရထားပြီ ရတနာတွေကို ဘယ်လိုရှာရမယ်ဆိုတဲ့ အသေးစိတ် လမ်းညွှတ်ချက်တွေပါတဲ့ စာရွက်စာတမ်းပေါ့ "
" အို ... ပါမောက္ခကြီး၊ ရှင့်အတွက် ရတနာပုံဆိုက်တာပေါ့ရှင် "
ထရေစီက ချီးမွမ်းထောမနာ ပြုသောအသံဖြင့် ပြောလိုက်သည်။
" အဲဒီ သင်္ဘောက ရွှေတွေဟာ ကနေ့ ပေါက်ဈေးနဲ့ဆိုရင် ဒေါ်လာသန်းငါးဆယ်လောက်တန်မယ်၊ ကျွန်တော့် အတွက် လုပ်စရာဆိုရင် အဲဒါတွေကိုသွားပြီး ဖော်ထုတ်ယူဖို့ပဲရှိတယ် "
" ဒါဖြင့် ပါမောက္ခကြီးအတွက် ဘာများ အခက်အခဲရှိနေလို့လဲ "
" ငွေပေါ့၊ အဲဒီရွှေတွေ သွားဖော်ထုတ်ဖို့အတွက် သင်္ဘောတစ်စင်းလိုတယ်လေ "
" ဟုတ်တာပေါ့၊ အဲဒါ ဘယ်လောက်ကုန်မှာမို့လဲ "
" ဒေါ်လာ တစ်သိန်းလောက်ကုန်မယ်၊ ဒီနေရာမှာ ကျွန်တော် မိုက်မဲခဲ့တဲ့ လုပ်ရပ်တစ်ခုအတွက်တော့ ၀န်ခံပါရစေ၊ ကျွန်တော့်တ်စသက်တာ စုလာတာ ဒေါ်လာနှစ်သောင်းရှိတယ်၊ အဲဒီငွေနဲ့ ဒီမြို့က လောင်းက စားဝိုင်းကာစီနိုမှာ လာကစားတာပဲ၊ သင်္ဘောနဲ့ ထွက်ရှာဖို့အတွက် လုံလောက်မယ့် ငွေတစ်သိန်း ရနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ဗျာ "
ပါမောက္ခကြီးအသံမှာ မချိတင်ကဲဖြင့် တဖြည်းဖြည်း တိမ်ဝင်သွားသည်။
" ဒါပေမယ့် ရှုံးသွားတယ်ဆိုပါတော့ "
ထရေစီက ထောက်ပေးလိုက်သည်။
ပါမောက္ခကြီးက ခေါင်းညိတ်လိုက်သည်။ မျက်မှန်နောက်ရှိ ပါမောက္ခကြီး၏ မျက်လုံး၌ မျက်ရည်များ မသိ မသာ ဝေ့၀ဲလာသည်ကို ထရေစီ သတိထားလိုက်မိသည်။
စားပွဲထိုးက ရှန်ပိန် အရက်ပုလင်း ယူလာသည်။ ဖော့ဆို့ကို ဖောင်းခနဲ မြည်အောင်၊ ဖောက်လိုက်ပြီး သူတို့ နှစ်ယောက်ရှေ့ရှိ ဖန်ခွက်များထဲသို့ ရွှေရောင်ဖျော့ဖျော့ ယစ်ရွှေရည်များကို လောင်းထည့်လိုက်သည်။
" ကံကောင်းပါစေ "
ထရေစီက ဖန်ခွက်မြှောက်ပြီး ဆုတောင်းလိုက်သည်။
" ကျေးဇူးပါပဲ "
ပါမောက္ခကြီးက ပြန်ပြောသည်။
အရက်ကို တစငုံချင်းတစ်မြုံ့ချင်း အရသာခံသောက်ကြသည်။
" ကျွန်တော် ခင်ဗျားကို ငြီးငွေ့စရာ ကောင်းတဲ့ အကြောင်းတွေ ပြောမိတဲ့အတွက် ခွင့်လွှတ်ပါဗျာ၊ ခင်ဗျားလို လှပတဲ့ မိန်းမချောလေး တစ်ယောက်ကို ကျွန်တော်ရဲ့ ဒုက္ခတွေ မပြောသင့်ပါဘူး "
" ဒါပေမယ့် ရှင်ပြောတဲ့ အကြောင်းတွေကို ကျွန်မ စိတ်ဝင်စားနေတယ်၊ အဲဒီနေရာမှာ ရွှေတွေတကယ်ရှိ တယ်ဆိုတာ သေချာရဲ့လား "
" သံသယဖြစ်စရာ လုံးဝ မရှိပါဘူး၊ သေချာပါတယ်၊ မူလက သင်္ဘောတွေ စေလွှတ်လိုက်တဲ့ အမိန့်စာရွက် တွေရယ် သင်္ဘောမာလိန်းမှူးကိုယ်တိုင် ဆွဲထားတဲ့ မြေပုံရယ် ကျွန်တော့်မှာရှိပါတယ်၊ ရတနာတွေ အတိ အကျရှိတဲ့ နေရာကို ကျွန်တော် သိပါတယ် "
ထရေစီက ပါမောက္ခကြီးအား စဉ်းစဉ်းစားစားအသွင်ဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည်။
" ရှင် လိုနေတာက ဒေါ်လာ တစ်သိန်းနော် "
" ဟုတ်ပါတယ် ... ရမယ့် ရွှေတွေက ဒေါ်လာသန်း ငါးဆယ်ဖိုးပါ "
ပါမောက္ခကြီးက ရှန်ပိန်ကို နောက်ထပ် တစ်ငုံသောက်လိုက်သည်။
" ဖြစ်နိုင်စရာ ရှိပါတယ် "
ထရေစီက စကားကို ထိုမျှဖြင့် ရပ်ထားလိုက်သည်။
" ဘာ ... ဘယ်လို ... "
" ရှင် အစုစပ်လုပ်ဖို့များ စိတ်ကူးသလား "
" အစုစပ် ... ဟုတ်လား၊ ဟင့်အင်း မစဉ်းစားဘူး၊ ကျွန်တော် တစ်ယောက်တည်းလုပ်ဖို့ပဲ စီစဉ်ထားတယ်၊ ဒါပေမယ့် အခုတော့ ကျွန်တော့် ပိုက်ဆံတွေလဲ လောင်းကစားဝိုင်းမှာ ဆုံးပြီ "
ပါမောက္ခကြီး အသံမှာ တိမ်ဝင်သွားသည်။
" ဒီမှာ ပါမောက္ခကြီး ကျွန်မက ရှင့်ကို ဒေါ်လာ တစ်သိန်းပေးမယ်ဆိုရင် ဘယ့်နှယ်လဲ "
" မဖြစ်ပါဘူး မြို့စားကတော် ... ကျွန်တော် ခွင့်မပြုနိုင်ပါဘူး၊ ခင်ဗျားငွေတွေ အကုန်ဆုံးရှုံးသွားနိုင်တယ်"
ပါမောက္ခကြီးက ခေါင်းခါပြီး ငြင်းလိုက်သည်။
" ဒါပေမယ့် ရတနာတွေ အဲဒီမှာ ရှိတယ်ဆိုတာ သေချာတယ် မဟုတ်လား "
" ဒါတော့ သေချာပါတယ်၊ ဒါပေမယ့် မမျှော်လင့်တာတွေ ဘာမဆို ဖြစ်လာနိုင်တာ၊ အာမခံချက် လုံးဝ မရှိဘူး "
" ဘ၀မှာ အာမခံချက်ဆိုတာ မရှိသလောက်ဘဲ မဟုတ်လား၊ ရှင့် ပြဿနာက တကယ် စိတ်ဝင်စားစရာပါ၊ တကယ်လို့ ကျွန်မက ကူညီဖြေရှင်းပေးနိုင်မယ်ဆိုရင် ကျွန်မတို့ နှစ်ယောက်စလုံးအတွက် အကျိုးရှိမယ် မဟုတ်လား "
" တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ခင်ဗျား ပိုက်ဆံတွေ ဆုံးရှုံးသွားရင် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ပါဘူး "
" ကိစ္စ မရှိပါဘူး၊ ကျွန်မ ဒီအတွက် ခံနိုင်ရည်ရှိပါတယ် "
" အင်း ... ဒီလိုဆိုရင်ပြီးတာပဲ၊ ရလာတဲ့ အကျိုးအမြတ်ကိုတော့ ခင်ဗျားနဲ့ ကျွန်တော် တစ်ဝက်စီ ခွဲယူကြ တာ ပေါ့ "
" ဟုတ်ကဲ့.... ကျွန်မ လက်ခံပါတယ် "
ထရေစီက အပြုံးဖြင့် ပြောလိုက်သည်။
" ကုန်ကျစရိတ်နုတ်ပြီး အသားတင် ကျန်တဲ့အပေါ်မှာတ စ်ဝက်စီခွဲမှာနော် "
" ဒါပေါ့ရှင် ... ဒါမှ သဘာဝကျတော့မပေါ့၊ ကဲ ... ဘယ်တော့်လောက် လုပ်ငန်းစနိုင်မလဲ "
" ချက်ချင်းပဲ စမှာပေါ့၊ ကျွန်တော့်လုပ်ငန်းအတွက် အသုံးပြုချင်တဲ့ သင်္ဘောတစ်စင်းတွေ့ထားတယ်၊ ခေတ်မီ ရေအောက် ရှာဖွေ တူးဖော်ရေး ကိရိယာတွေ ပါပြီး သင်္ဘောသား လေးယောက် ရှိတယ်၊ အဲ ကျွန်တော်တို့ ရှာဖွေရရှိမယ့် ပစ္စည်းထဲက သူတို့ကို ရာခိုင်နှုန်း နည်းနည်းတော့ ကော်မရှင် ပေးရလိမ့်မယ် "
" ပါမောက္ခကြီး ကောင်းသလိုသာ လုပ်ပါ "
" ကျွန်တော်တို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အလုပ်စမှ ဖြစ်မယ်။ ဒါမှမဟုတ်ရင် သင်္ဘော လယ်လွတ်သွားနိုင် တယ် "
" ကျွန်မ ငါးရက်အတွင်း ရှင့်ကို ပိုက်ဆံပေးမယ် "
" ဒါဆို ကျွန်တော့်အတွက် စီစဉ်စရာ ရှိတာတွေ ကြိုတင်စီစဉ်ဖို့ အချိန်ရတာပေါ့။ ကျွန်တော်တို့ နှစ်ယောက် မတော်တဆ တွေ့ကြုံရမှုဟာ နှစ်ဦးနှစ်ဝအတွက် အကျိုးရှိတာပေါ့ဗျာ "
" ဟုတ်ပါတယ်ရှင် "
" ကဲ ... ကျွန်တော်တို့ရဲ့ စွန့်စား ရှာဖွေမှု အောင်မြင်စေကြောင်း ဆုတောင်းပါတယ် "
ပါမောက္ခကြီးက ရှန်ပိန်ခွက်ကို မြှောက်ပြီး ဆုတောင်းလိုက်သည်။
" ကျွန်မတို့ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်ရှင့် "
ဖန်ခွက်ချင်း ထိလိုက်သံ မြည်သွားသည်။ ထိုစဉ်မှာပင် အခန်းထောင့် တစ်ဖက်ဆီသို့ မျက်စိရောက်သွားသောအခါ ထရေစီ မျက်နှာ တင်းမာသွားသည်။
အခန်းထောင့်မှ စားပွဲတစ်လုံးတွင် စတီဗင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဂျက်က ထရေစီအား ပြုံးပြီး ကြည့်နေသည်။ ဂျက်နှင့်အတူ လက်ဝတ်ရတနာများ ပြိုးပြိုးပြက်ပြက် ၀တ်စားထားသော မိန်းမလှကလေး တစ်ဦုးထိုင်နေသည်။
ဂျက်က ထရေစီကို ခေါင်းညိတ်ပြလိုက်သည်။
ထရေစီကလည်း ပြန်ပြုံးပြလိုက်သည်။
မြို့စားကြီး မာတစ်နီ၏ အိမ်ခြံဝင်းဘေးတွင် ဂျက်အားခွေးတစ်ကောင်နှင့်အတူ နောက်ဆုံး တွေ့ခဲ့ရသည် ကို ပြန်သတိရမိသည်။
" ကဲ ... ကျွန်တော့်ကို ခွင့်ပြုပါဦး၊ လုပ်စရာတွေ အများကြီးရှိသေးတယ်၊ ကျွန်တော် ခင်ဗျားနဲ့ အဆက် အသွယ် မပြတ် လုပ်နေမှာပဲ "
ထရေစီက လက်ကမ်းပေးလိုက်သည်။
ပါမောက္ခကြီးက ထရေစိ၏ လက်ကို ဖွဖွလေးနမ်းပြီး နေရာမှ ထွက်သွားသည်။
" ခင်ဗျား မိတ်ဆွေက ခင်ဗျားကို တစ်ယောက်တည်းထားပြီး ထွက်သွားတာ မြင်လိုက်လို့ လာတာပါ "
ထရေစီက အသံကြားသဖြင့် မောကြည့်လိုက်သည်။
သူမ စားပွဲဘေး၌ ဂျက်ရပ်နေသည်ကို တွေ့ရသည်။
လွန်ခဲ့သော ငါးမိနစ်ခန့်က အဒေါ့ဖ်ဇပ်ကာမင် ထိုင်သွားသော ကုလားထိုင်တွင် ဂျက်က ၀င်ထိုင်လိုက်သည်။
" ချီးကျူး ဂုဏ်ပြု ပါတယ်ဗျာ ... မာတစ်နီ အိမ်မှာ ခင်ဗျားလုပ်သွားပုံက သိပ်တော်ကြီး သိပ်သေသပ်တာပဲ "
" ရှင်ကတောင် ချီးကျူးတယ်ဆိုတော့ ဂုဏ်ယူစရာပဲပေါ့ဂျက် "
" ပါမောက္ခ ဇပ်ကာမင်က ဘာလိုချင်လို့တဲ့လဲ "
ဂျက်ရ သူ့ရှေ့ရှိ ဖန်ခွက်ကို ဆော့ကစားရင်း မေးလိုက်သည်။
" အို ... ရှင် သူ့ကို သိသလား "
" ဆိုပါတော့ "
" သူ ... သူက ကျွန်မနဲ့ အတူတူ အရက်သောက်ချင်လို့ပါတဲ့ "
" သြော် ... ဒါဖြင့် သူက မြုပ်သွားတဲ့ ရွှေသင်္ဘောအကြောင်းကို ပြောသေးသလား "
" အဲဒီ အကြောင်း ရှင် ဘယ်လိုလုပ် သိသလဲ "
" ဒါဟာ ကမ္ဘာမျာ ရှေးအကျဆုံး လိမ်နည်းပါဗျာ "
ဂျက်က သူမကို တအံ့တသြကြည့်ရင်း ပြောလိုက်သည်။
" ဒီတစ်ခါတော့ ရှင် ပြောသလို မဟုတ်ပါဘူး "
" ခင်ဗျား သူပြောတာကို ယုံကြည်တယ်လို့ ဆိုချင်တာလား "
" ဒီအကြောင်း ဆွေးနွေးပိုင်ခွင့် ကျွန်မမှာ မရှိပါဘူး ဒါပေမယ့် ပါမောက္ခကြီးမှာ တခြားလူတွေ မသိသေးတဲ့ အတွင်းလျှို့ဝှက်ချက်တွေ သိနေတာရှိတယ် "
" ထရေစီ သူ မင်းကို လိမ်ဖို့ ကြိုးစားနေတာ၊ သူပြောတဲ့ သင်္ဘော ဖော်ဖို့ ကိစ္စမှာ သူက မင်းကို ဘယ် လောက်ရင်းနှီးမြှုပ်နှံခိုင်းသလဲ "
" ဒါ အကြောင်းမဟုတ်ပါဘူး၊ ဒီကိစ္စက ကျွန်မအလုပ်၊ ကျွန်မ ပိုက်ဆံပါ "
" ကောင်းပြီလေ .... နောက်မှ ကျွန်တော်က သတိမပေးဘူးလို့ မဆိုနဲ့နော် "
" ဘာလဲ ရှင်က ဒီရွှေတွေကိစ္စမှာ ရှင်ကိုယ်တိုင်လုပ်ဖို့ စိတ်ဝင်စားနေလို့လား "
" ခင်ဗျား ဘာကြောင့် ကျွန်တော့်အပေါ် အမြဲတမ်း သံသယ ရှိနေရတာလဲဗျာ "
" ဒါက ရှင်းပါတယ်၊ ကျွန်မ ရှင့်ကို မယုံဘူး၊ ရှင်နဲ့ ပါလာတဲ့ အမျိုးသမီးက ဘယ်သူလဲ "
ထရေစီသည် ပါးစပ်က လွှတ်ခနဲ ထွက်သွားပြီးမှ သူ့မေးခွန်း မှားမှန်း သိသွားသည်။
" ဆူဇန်တဲ့၊ မိတ်ဆွေတစ်ယောက်ပါ "
" ချမ်းသာတယ်ဆိုပါတော့ "
" အင်း ... ဆိုပါတော့ဗျာ၊ ခင်ဗျား နက်ဖြန် ကျွန်တော်တို့ နှစ်ယောက်နဲ့ အတူတူ နေ့လယ်စာ လာစားနိုင် မလား"
" ကျေးဇူးပါပဲရှင်၊ သူများကိစ္စမှာ ကျွန်မ ကြားဝင် မနှောက်ချင်ပါဘူး "
*
အဒေါ့ဖ်ဇပ်ကာမင် ပြဿနာကြီးတစ်ရပ်နှင့် ကြုံနေရသည်။
သူသည် အာမန်ဂရန်ဂါ၏ ရုံးခန်းထဲ၌ ဂရန်ဂါရှေ့တွင် ထိုင်ပြီး သူလုပ်ခဲ့မိသော ဖြစ်ရပ်အတွက် အတုန် လှုပ်ကြီး တုန်လှုပ်နေမိသည်။
ဂရန်ဂါသည် လျှို့ဝှက်မှောင်ခို လောင်းကစားရုံပိုင်ရှင်ဖြစ်သည်။
သူ့လောင်းကစားဝိုင်းများတွင် ငွေပေါသူများနှင့် အမြဲ ပြည့်လျှမ်းနေသည်။
အစိုးရက ကြီးကြပ်သော လောင်းကစားဝိုင်းများတွင် လောင်းကြေးငွေကို အကန့်အသတ်ဖြင့်သာ လုပ်ရ သည်။
သူ၏ မှောင်ခို လောင်းကစားဝိုင်းတွင်မူ ကြိုက်သလောက် လောင်းကစားနိုင်သည်။
ဂရန်ဂါ၏ လောင်းကစားဝိုင်းသို့ လာနေကျ ဖောက်သည်များမှာ အာရပ် မင်းသားများ၊ အင်္ဂလိပ် မင်းဆွေ မင်းမျိုးနှင့် ဂုဏ်သရေရှိများ၊ အရှေ့တိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အာဖရိကမှ အကြီးအကဲများဖြစ် သည်။
တကယ်တော့ ဂရန်ဂါသည် မြေအောက် ရာဇာတစ်ဦးဖြစ်သည်။
မြေအောက်တွင် အဆက်အသွယ်ကောင်းပြီး သြဇာ တိက္ကမရှိသကဲ့သို့ ရဲဘက်တွင်လည်း မီးသေသည်။
သူ၏ မှောင်ခို လောင်းကစားရုံသည် ရဲ့ မသိချင်ယောင်ဆောင်ခြင်း ခံထားရသည်အထိ သူ အစွမ်းထက် သည်။
သူသည် လက်မှတ် မှောင်ခိုမှအစ မူးယစ်ဆေးအရောင်းအ၀ယ် ဒုစရိုက်မှုအားလုံးဖြင့် စီးပွားရှာနေသူဖြစ် သည်။
" ယခုအခါ ပါမောက္ခဆိုသော အဒေါ့ဖ်ဇပ်ကာမင်သည် ဆရာကြီး အာမန် ဂရန်ဂါ၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရသည်။
" မြုပ်သွားတယ်ဆိုတဲ့ ရွှေသင်္ဘောကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးခဲ့တဲ့ မြို့စားကတော်ဆိုသူအကြောင်း ငါ ဒီထက်ပိုပြီး သိချင်တယ် ပြောစမ်း "
ဇပ်ကာမင်က တံတွေးကို မျိုချလိုက်ပြီး သူသိသမျှ ရှင်းပြသည်။
" သူက မဆိုးမလေ ... သူ့ယောက်ျား သေသွားတော့ ငွေအတော်များများ ကျန်ခဲ့တယ်၊ သင်္ဘောဆယ်ဖို့ အတွက် ဒေါ်လာတစ်သိန်း မတည်မယ်တဲ့၊ သူဆီက ငွေရပြီး မကြာခင်ဘဲ ရှာဖွေရေးသင်္ဘော မတော်တဆ ဖြစ်သွားလို့ ငွေထပ်လိုတယ်ဆိုပြီး ဒေါ်လာငါးသောင်း ထပ်တောင်းမယ်၊ နောက်တော့ အကြောင်းတစ်ခု ထပ်ပြပြီး ဒေါ်လာတစ်သိန်းထပ်တောင်းမယ်၊ ခင်ဗျား သိပါတယ်၊ အလျင်လုပ်နေကျ အတိုင်းပေါ့ "
သူရှင်းပြနေသောကိစ္စကို မကျေမနပ်ဖြင့် အံကြိတ်ကြည့်နေသော ဂရန်ဂါကို မြင်လိုက်ရသောအခါ ဇပ်ကာ မင်ပျာပျာသလဲ မေးလိုက်သည်။
" ဘာ ... ဘာပြဿနာများရှိလို့လဲ အကြီးအကဲ "
" ပြဿနာကတော့ ပါရီက ငါ့ အဆက်အသွယ်တွေက အခုပဲ ငါ့ဆီ တယ်လီဖုန်းဆက်ပြီး အကြောင်းကြား တယ်၊ ခင်ဗျားပြောတဲ့ မြို့စားကတော်အတွက် နိုင်ငံကူး လက်မှတ်အတု သူတို့ လုပ်ပေးလိုက်တာတဲ့၊ သူ့ နာမည် အရင်းက ထရေစီဝှစ်တနေ၊ အမေရိကန်မတဲ့၊ ကဲ ... သိပြီလား "
ဂရန်ဂါက ပြောလိုက်သည်။
ဇပ်ကာမင် ပါးစပ် အဟောင်းသားနှင့် ဖြစ်သွားသည်။
" သူ ... သူ ... သင်္ဘောကိစ္စမှာ တကယ် စိတ်ဝင်စားပုံရပါတယ် "
" အဲဒီမိန်းမက လူလိမ်၊ မင်းက လူလိမ်ကို ပြန်လိမ်ဖို့ ဂျင်ကို ထုံးတို့ဖို့ ကြိုးစားနေတာလား "
" ဒါ ... ဒါဖြင့် သူကဘာဖြစ်လို့ ကျွန်တော့် အစီအစဉ်ကို မငြင်းလုကိဘဲ ငွေထုတ်ပေးမယ်လို့ သဘောတူရ တာလဲ "
" ဒါတော့ ငါလဲ မသိဘူး၊ ဒါပေမယ့် အဲဒါကို သိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်၊ ငါ့ကို ဘယ်သူမှ အရူးလုပ် လို့မရဘူး၊ ကဲ မင်းအခု သူ့ဆီ တယ်လီဖုန်း ဆက်စမ်း၊ မင်းတို့ သင်္ဘောရှာဖွေမယ့် ကိစ္စမှာ မင်း မိတ်ဆွေ အနေနဲ့ သူ့ကို သွားတွေ့မယ်၊ မင်း သူ့ကို တကယ် ကိုင်နိုင်မယ်လို့ ထင်သလား "
" စိတ်ချပါ အကြီးအကဲ ... မပူပါနဲ့ "
" အေး ... ငါ့အတွက် မပူပါဘူး၊ မင်း အတွက်သာ ပူတာပါပဲ ပါမောက္ခကြီးရယ် "
အာမန်ဂရန်ဂါသည် လျှို့ဝှက်နက်နဲမှုကို မကြိုက်။ ရေအောက်တွင် နစ်မြုပ်နေသော ရတနာသင်္ဘောကြီး ဆို သောနည်းဖြင့် လိမ်လည်လာခဲ့ကြသည်မှာ နှစ်ပေါင်း ရာချီနေပြီ။
အလွန်အသော နသောသူများကိုသာ ယနေ့အဖို့ ဤနည်းဖြင့် လိမ်၍ရပေမည်။ ထရေစီလို တကယ် ချင်ကလယ် တစ်ယောက်ကို ဤနည်းဖြင့် လိမ်ဖို့ဆိုသည်မှာ တကယ်တော့ မဖြစ်နိုင်။
ဤအချက်သည်ပင် ဂရန်ဂါအတွက် လျှို့ဝှက်ချက်ဖြစ်နေသည်။ ဘ၀င်မကျစရာ ဖြစ်နေသည်။
ထိုကိစ္စကို ဖြေရှင်းမည်။ အဖြေရလျှင် ထရေစီကို ဘရူနိုဗင်းဆင့်လက်ထဲ လွှဲပေးလိုက်မည်။
ဗင်းဆင့်က အပြတ်ရှင်းပေလိမ့်မည်။
အာမန် ဂရန်ဂါသည် ကားပေါ်မှ ဆင်းလာပြီး ထရေစီတည်းခိုသည့် ဟိုတယ်ထဲသို့ ၀င်လာသည်။
ထိုဟိုတယ်၌ အသက် ၁၁ နှစ်ကတည်းက အလုပ်လုပ်လာသော ဧည့်ကြိုစာရေးမဂျုးဂရေ့စ်ထံ ချဉ်းကပ် သွားသည်။
" မြို့စားကမတော် မာဂရစ်ဒီချန်တလီနေတဲ့ အခန်းက နံပါတ် ဘယ်လောက်လဲ "
" သုံးတစ်တစ် - ပါမွန်စီယာဂရန်ဂါ "
" အင်း ... ကျေးဇူးပဲ "
" နောက်ပြီး သုံးတစ်နှစ် "
" ဘာ ... ဘယ်လို ... "
ဂရန်ဂါက ထွက်သွားတော့မလို လုပ်ပြီးမှ ပြန်မေးလိုက်သည်။
" မြို့စားကတော်က သူ့အခန်းနဲ့ ဆက်လျက် အခန်းတစ်ခန်းကိုလဲ ယူထားသေးတယ် "
" ဟုတ်လား ... အဲဒီမှာ ဘယ်သူနေသလဲ "
" ဘယ်သူမှ မနေဘူး "
" ဘယ်သူမှ မနေတာ သေချာရဲ့လား "
" သေချာပါတယ် ... အဲဒီ အခန်းကို သော့ပိတ်ထားတယ်၊ အခန်း သန့်ရှင်းတဲ့ အလုပ်သမားတွေတောင် ၀င်ခွင့်မပေးဘူး "
ဂရန်ဂါ မျက်နှာတွင် တွေဝေသွားသည့် လက္ခဏာနှင့် မျက်မှောက်ကြုတ်လိုက်သည်။
" မင်းမှာ သော့အားလုံးကို ဖွင့်လို့ရတဲ့ သော့ဝိဇ္ဇာ ရှိသလား "
" ရှိတယ် "
အမျိုးသမီးက မဆိုင်းမတွပင် ထုတ်ပေးလိုက်သည်။
တကယ်တော့ ဟိုတယ် စည်းမျဉ်းတွင် ဧည့်ကြို စာရေးသည် ဧည့်သည်များ၏ အခန်းနံပါတ်ကို မပြောရပါ။
သို့သော် ဂရန်ဂါကတော့ ပိုင်သည်။ သော့ပင်တောင်းယူ၍ရသည်။ ဂရန်ဂါ ဓာတ်လှေကားဆီသို့ လျှောက် သွားသည်ကို ဂျူးဂရေ့စ်က ရပ်ကြည့်နေသည်။ ဂရန်ဂါလို လူမျိုးကို သူမ မည်သည့်အခါမျှ ကဏကောစ မလုပ်ရဲပါပေ။
ဂရန်ဂါ ထရေစီ၏ အခန်းဝသို့ ရောက်သောအခါ အခန်းတံခါး ဟ နေသည်ကို တွေ့ရသည်။ ထို့ကြောင့် တံခါးကို အသာတွန်းဖွင့်ပြီး အထဲသို့ ၀င်သွားသည်။ ဧည့်ခန်းထဲတွင် မည်သူမျှ မရှိ။
" ဟလို ... ဘယ်သူမှ မရှိကြဘူးလား ခင်ဗျာ "
ဂရန်ဂါက မေးလိုက်သည်။
အခြား အခန်းတစ်ခန်းမှ အမျိုးသမီးအသံ တသံ ပေါ်လာသည်။
ကျွန်မ ရေချိုးနေလို့ပါ၊ ခဏစောင့်ပါဦး၊ အခုလာခဲ့ပါမယ်၊ အဲဒီမှာ အရက်ရှိပါတယ်၊ ကြိုက်သလို ထည့် သောက်နှင့်ပါရှင် "
ဂရန်ဂါ အခန်းထဲ လှည့်ပတ်ကြည့်လိုက်သည်။ ဘာမျှ ထူးထူးခြားခြားမရှိ။ အိပ်ခန်းထဲသို့ သွားကြည့်သည်။ မှန်တင်ခုံပေါ်၌ အဖိုးတန်လက်ဝတ်ရတနာများ ဖြစ်သလို ပစ်ထားသည်ကို တွေ့ရသည်။
" အခု ပြီးတော့မှာပါ၊ ခဏကလေးနော် "
ရေချိုးခန်းထဲမှ အသံ ထွက်ပေါ်လာပြန်သည်။
"အေးအေးဆေးဆေးသာ ချိုးပါ မြို့စားကတော်"
ဂရန်ဂါသည် ဤအခန်းနှင့် ဆက်နေသော ဟိုဘက်အခန်းသို့ ကူးသည့် တံခါးပေါက်ဆီသို့ လျှောက်သွား သည်။
အခန်းတံခါးကို သော့ခတ်ပိတ်ထားသည်။
ထို့ကြောင့် အင်္ကျီအိတ်ထဲမှသော့ ၀ိဇ္ဇာကိုထုတ်ယူပြီး ဖွင့်လိုက်သည်။
ထိုအခန်းထဲသို့ ဂရန်ဂါ ၀င်သွားသောအခါ မှိုတက်နေသော ပုပ်အဲ့အဲ့အနံ့မျိုးရသည်။
ထိုအခန်းတွင် မည်သူမျှမနေဟု ဟိုတယ် စာရေးက ပြောသည်။
သို့ဆိုလျှင် ဤအခန်းကို သူမ အဘယ်ကြောင့် လိုအပ်ပါသနည်း။
ဂရန်ဂါ၏ မျက်လုံးအစုံက တစ်နေရာသို့ ရောက်သွားသည်။
အလုံးခပ်တုတ်တုတ်ဝါယာကြိုး အမည်းတစ်ချောင်းသည် နံရံရှိ လျှပ်စစ်ဓာတ်အား ပလပ်ပေါက် တစ်ခုမှ နေ၍ အခန်းနံရံနှင့် အခင်းပေါ်ကဖြတ်ပြီး ဗီရိုတစ်ခုဆီသို့ သွယ်တန်းပျောက်ကွယ်သွားသည်ကို တွေ့ရ သည်။
ဆက်ရန်
.
မမ ဒါက အပိုင်း ၂၂ ဖြစ်ရမှာ..။
ReplyDelete