အောင်တိုင် က မိဇံရှေ့ ကမ်းနဖူးတွင် ပဲ့ချိတ်ကို ရပ်ထားလိုက်၏။ ဆည်းဆာရောင်ထဲက ဂေါလာ ၏ မျက်နှာ သည် ရဲရဲနီသွား၏။ မိဇံ၏ မျက်နှာတင်မူ သွေးမရှိတော့။ အောင်တိုင်က စကားမဟမိ သေး။ သူတို့ မောင်နှမ အကဲ ကို တမင်စောင့်ကြည့်နေ၏။
"နင် က ဘာလုပ်မလို့လဲ၊ ပင်လယ်နားလိုက်မလို့လား"
ဂေါလာ ၏ အမေးကို မိဇံက ငိုမဲ့မဲ့မျက်နှာ နှင့် ခေါင်းညိတ်ပြ၏။
"ဘယ်သူမှ ပင်လယ်မထွက်တာ၊ ငါးတဲ ဘယ်သူရှိလို့လဲ၊ သွားအိမ်ပြန်နေ"
မိဇံ က တစ်ချိုးတည်း လှည့်ထွက်သွား၏။ သူခြေဆောင့်ကန်ထားခဲ့သဖြင့် ကမ်းနဖူးမှ သဲများပင် ချောင်းထဲ ပဲ့ကျ သွားသည်။
အောင်တိုင် က အလိုက်သိစွာ စက်ကို ပြန်နှိုးလိုက်၏။ ရယ်ချင်သော်လည်း မရယ်ရဲ။ သို့သော် မျက်နှာပိုး သတ်မရ ဖြစ်နေ၏။ ဂေါလာ ကတော့ သူ့ကို လုံးဝ ပြန်လှည့်မကြည့်၊ ထူးထူးခြားခြား လည်း နှုတ်ဆိတ် သွား၏။
အောင်တိုင် က အားနာသွားသဖြင့် စကားစသည်။
"အစ်ကို ဂေါလာ တို့် ငါးမန်းယက် တွေ ဒီနှစ်တော်တော် ရတာပဲ"
အကိုကြီး ဟိုဘက်ကမ်းက ၀ယ်လာသော ပစ္စည်းများကို အောင်တိုင်တစ်ခုစီ ကြည့်နေသည်။
ဒီဓာတ်အိုး က ကက်ဆက်ဖွင့်ဖို့ ၀ယ်လာတာလား အစ်ကိုကြီး။
ဘက်ထရီအိုး က မီးလည်း ထွန်းလို့ရတယ်ကွ။
ကျွန်တော် ကတော့ ဟိုဘက်ကမ်း မှာ ကက်ဆက်ဖွင့်နေကြတာပဲ မြင်ဖူးတယ်။
မီးထွန်း လို့ လည်း ရတယ်ကွ၊ မင်းမြင်ရမှာပါ။
ဟတ်ကဲ့၊ ဒါကော အစ်ကိုကြီး။
အဲဒါပေါ့၊ မီးချောင်းလေ၊ ဘက်ထရီနဲ့ ထွန်းဖို့။
တစ်ပေ မီးချေင်းလေးကို အောင်တိုင် ငေးကြည့်နေမိသည်။
မိုးဦးကျတော့မယ်ကွ၊ ညီလေးတို့အရပ်က လေပြင်းတော့ မီးခွက်မီးအိမ်တွေနဲ့ မဟန်ဘူး။
မီးချောင်း နှင့် ၀ါယာကြိုးခွေများကို ရှင်းလင်းတပ်ဆင်၍ အစ်ကိုကြီးကပြော၏။
မေသူတို့ အဖေအတွက် ဆေးကော အစ်ကိုကြီး ရခဲ့ရဲ့လား။.
အင်း နည်းနည်းတော့ရခဲ့တယ် ဟုဆိုလေသည်။
ဥပဒေ နှင့် မလွတ်မကင်းသော ပစ္စည်းမို့ အစ်ကိုကြီးက လူသိမခံချင်ပုံမရ။ အစ်ကိုကြီးအကြည့်ကို သူချက်ချင်း သဘောပေါက်လိုက်၏။ အစ်ကိုကြီးသည် သူတစ်စုံတစ်ခုဖြစ်မှာစိုး၍ သူ့ကိုပင် မလွှတ်ခဲ့။ အလိုက် သိစွာ နှုတ်ဆိတ်နေလိုက်လေ၏။
အင်အားကြီးသော အလင်းရောင် ကို အံ့သြမိသည်။ ပြင်ဆင်လုပ်ကိုင်တတ်သော အစ်ကိုကြီးကို လည်း ပို၍ အထင်ကြီးသွားမိသည်။ အလင်းရောင် သည် မီးခွက်မီးအိမ်ရောင်လို ရဲရဲနီနီမဟုတ်၊ ဖွေးဖွေးဖြူနေ၏။ ဆိုင်ရှေ့ သဲတလင်း ထဲတွင် အပ်ချထားသည်ကိုပင် မြင်ရမည်။ နေ့ခင်း အစ်ကိုကြီးပြောစဉ်က ဤမျှ အလင်းအား ကောင်းလိမ့်မည်ဟု မထင်ခဲ့၏။ ယုခုတော့ ပကတိ နေ့ခင်းကျနေသည်။ မီးညွှန့် ဟု သီးသန့် မရှိ။ လေမည်မျှတိုက်တိုက် မျက်တောင်မဖြတ်၊ မီးညွန့် မီးစွယ်ထွက်ခြင်း လှုပ်ခတ်ခြင်းမရှိ။ တည်ငြိမ်သော အလင်းရောင်ပင်။
အစ်ကိုကြီးပြောတုန်းက သူ့အိမ်မှာ ထွန်းဖို့ ၀ယ်လာသည်ဟု ထင်မိ၏။ ယခု မေသူ၏ ဈေးဆိုင်တွင် ထွန်းညှိ ထားသည်။ မီးရောင် ထဲက မေသူ၏ မျက်နှာသည် ပိုလှပိုကြည့်ကောင်း နေသည်။ တော်တောက်ပပလည်း ရှိ၏။
မေသူ ၏ မျက်လုံးနှင့်ဆုံမိသွားသည်။ ရင်ခုန်လာ၏။ တစ်ကိုယ်လုံးလည်း ပူနွေးလာသည်။ မေသူအနီး၌ ထိုင် လိုက်၏။ ထူးထူးခြားခြား စိတ်ထဲ၌ ခံစားမိလိုက်သည်။ မေသူ စကားနည်းနေ၏။ ခါတိုင်းလို ထမင်းစားပြီး ခဲ့ ပလားပင် လောက၀တ် စကားမမေး။ နေ့ခင်းလောက် လင်းသော အလင်းထဲတွင် ပါးစပ် တစ်လှုပ်၊ အကြည့်တစ်စွေ့ အပြုံးအရယ်များကိုပင် အဝေးက မြင်နိုင်သဖြင့် ငြိမ်ကုပ်နေသလား ထင်မိသည်။ အလင်းထဲတွင် ငြိမ်ကုပ်နေတတ်သော ၀င်ကစွပ်ကောင်တွေကို သတိရ၍ သူပြုံးမိလိုက်၏။ ဤနေ့ မှ မေသူကလည်း သူ့အပြုံးကို ထူးထူးခြားခြား ဖြစ်သလို
ကြည့်ပြန် သည်။ သူကလည်း မေသူ၏ မျက်လုံးနှင့် တမင်ဆုံ၍ ပြန်ကြည့်မိသွား၏။ မေသူက ဘာမှမပြော၊ အမူအရာ သာမဟုတ်၊ နှုတ်ပါ ဆိတ်နေသည်။
အစ်ကိုကြီး ဆေးရတယ် ဟုတ်လား။
အင်း။
ခု ဘယ်နှယ့်နေသေးလဲ။
ချက်ချင်းတော့ ဘယ်ကောင်းဦးမလဲ။
မီးချေင်း ကို သူမော့ကြည့်မိသည်။
အစ်ကိုကြီး ညနေ က လာထွန်းပေးသွားတာ ဟုမေသူက စိတ်မပါသလို ဆိုနေသည်။
ဈေးလာ ၀ယ်ရင်း မြင်သွားသော ကလေးများ၏ ပါးစပ်သတင်းကြောင့် လူကြီးတွေပါ ဘယ်ထရီအိုးနှင့် မီးချောင်း ကို လာကြည့်ကြသည်။ ဆိုင်မပိတ်မချင့်း ပြန်ကြမည်မဟုတ်မှန်း သိလိုက်၏။ ကလေးများသည် သူ့ကိုယ် ကိုပင် တိုးတိုက်လာကြ၏။ ကလေးများ ပြောဆိုဝေဖန် နေကြသံကို သူနားက အလေးမထားမိ၊ ရင်ထဲ တင်းကျပ်နေသလို တွေ့သည်။ မေသူ၏ မျက်နှာကို မကြာမကြာ ကြည့်မိသော်လည်း မျက်လုံးချင်း မဆုံမိကြ။ ကလေးလူကြီး များနေသဖြင့် စကားလည်း ပြောပေါက်မရ။ ဈေးကူရောင်းပေးနေရသော်လည်း သူ့လက် က ခါတိုင်းလို မသွက်။ မေသူလည်း ထူးခြားနေသည်ဟု ထင်မိသည်။
မေသူအနား၌ ထိုင်နေရသည်ကို ခါတိုင်းနေ့တွေလို မကြည့်နူးမိ။ ရင်ထဲအလေးကြီးတစ်ခု ပိနေသလို တင်းကျပ် နေ၏။ မကြာခဏ သက်ပြင်းချမိသည်။ ရင်ထဲက ဘယ်လိုမှမပေါ့။ ကလေးတွေကို မျက်စိစပါးမွေး စူးမိ၏။ လူကြီးတွေကို မျက်စိနောက်သည်။ အသံများကို နားကြားပြင်းပိုကပ်မိသည်။ ရွယ်တူ တန်းတူ ကာလသားများ ဈေးလာဝယ်ကြသည်ကို ကြည့်မရဖြစ်လာသည်။ သူမတ်တတ် ထရပ်လိုက်၏။ မေသူ၏ အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။ မေသူက ချက်ချင်း အကြည့်လွှဲပစ်၏။ ရင်ထဲ ပိုမောသွားသည်။
ပြန်တော့မလို့လားကွ။
မျှော်လင့်ထားသော မေသူ၏ အမေးမဟုတ်။ သင်းနိုင်၏ အမေးသာ။
ပြန်ဦးမယ်ဗျာ ဟု ပြောပြီး သူထွက်လာသည်။
ညသည် လရှိသော်လည်း အလင်းမဲ့နေသည်။ ကောင်းကင်ကို မော့ကြည့်ဖြစ်သည်။ မိုးအုံ့နေ၏။ စိတ်ထဲပို၍ ထိုင်းမှိုင်းလေးလံသွား၏။ ခြေလှမ်းများကို ဘယ်ဆီဘယ်ညာ ဦးတည်ချက်မဲ့လှမ်း လာသည်။

အခန်း (၃)

၎။
ညီလေးတစ်နေ့ညနေက ဆိုင်ရှေ့မှာ ရန်ဖြစ်ကြတယ်ဆို။
စပါးကြိတ်ခွဲနေသော ဟာလာစက်သံထဲက အစ်ကိုကြီး၏ အသုံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။ အစ်ကိုကြီး သည် စက်ကို လှည့်ပတ်ကြည့်လာရာမျှိသူ့အနားတွင် ခြေလှမ်းရပ်၍ ပြော၏။
ကျွန်တော့်ကို ခွေးလို့် ပြောတာနဲ့။
အစ်ကိုကြီး သူကြည့်၏။ အစ်ကိုကြီးက သူ့မျက်နှာကို မကြည့်၊ အသစ်လဲတပ်ထားသော ပင်နယံနှင့် စက်ဝင်ရိုး ကိုသာ ငေးနေ၏။
အမှန်က ဖေတင် သူ့ကို သည့်ထက် ပြောသည်။ ကောက်ရိုးပုံစောင့်တဲ့ ခွေးဟု ဆို၏။ ကာလသားတွေ အများ ရှေ့မို့ သူရှက်ရှက်နှင့် ဖေတင်ကို ဆွဲထိုးသည်။ ပိုးသီးကပါ ဖေတင်ဘက်က အကူဝင်၏။ သူတို့ နှစ်ယောက်စလုံးကို အောင်တိုင် ထိုးရိုက်ကန်ကျောက်ပစ် ခဲ့သည်။ သူတို့ကလည်း ပြန်ရိုက်နေကြ၏။ လက်နှိပ်ဓာတ်မီး တွေ ပိန်လိပ်ကွဲနအက်ကုန်သည်။ သင်းနိုင်၊ ဘိုးမှီ၊ ဗထိုနှင့် ရွှေဆိုင်တို့က ဖျန်ဖြေကြ သည်။ လူကြီး တွေက အောင်တိုင် နှင့် ဖေတင် ပိုးသီး တို့ကို ဆိုဆုံးမကြသည်။
ပါးစပ် နှင့် နှာခေါင်းမှာ သွေးထွက်သွားသော ဖေတင်နှင့် မျက်လုံးတစ်ဖတ် ပိတ်သွားသော ပိုးသီးတို့က မကျေမနပ် နှင့် ဆဲဆို၍ ထွက်သွားကြသည်။ မိုးမကျခင် မင်းသေရမယ်ဟု ကြိမ်းသွားကြသည်။ သူတို့ နှစ်ယောက် ဓာတ်မီးနှင့် ရိုက်ထားခဲ့ကြသော သူ့ခေါင်းက ကြက်ဥများကို ဆံပင်အုပ်ထားသဖြင့် မည်သူမျှ မမြင်၊ အောင်တိုင် ကလည်း သူအများရှေ့မို့ ယောင်၍ပင် မကိုင်မိအောင် သတိထားနေပြလိုက်၏။ ဘာမှ မဖြစ်သလို နေနေသည်။ အားလုံးက အံ့သြကြ၏။ မေသူဆိုင်ပိတ်၍ ပြန်သောအခါ ဗထိုနှင့် သင်းနိုင်က သူ့ကို လိုက်ပို့ကြသည်။ သူတို့နှစ်ယောက်က ရှေ့တစ်ယောက် နှစ်ယောက် သီချင်းအော်ဆို၍ လာကြသည်။ အောင်တိုင် က နှုတ်ဆိတ်၍ လိုက်ပါလာ၏။ အမေသိမှာစိုး၍ သူတို့နှစ်ယောက်ကို အိမ်နားမရောက်ခင် ပြန်လွှတ် လိုက်ရသည်။
မေသူက ပြောတာလား အစ်ကိုကြီး။
သူ့မျက်နှာကို ဤတစ်ခါ ထူးထူးခြားခြား လှည့်ကြည့်သည်။
အဒေါ်နိုင်း ကလည်း ပြောတယ်၊ ဖေတင်ဆိုတဲ့ ကောင်က မိုက်တိမိုက်ကန်းရယ်၊ ဘာလို့ရန်ဖြစ် ရတာ လဲကွာ။
သူနှုတ်ဆိတ် နေသည်။
မိုးချုပ်နေ၀င် ဒီဘက် က အပိုင်းကို ညီလေး မလာတာကောင်းမယ်။
မနေ့က မေသူ ဆိုင်က နှင်လွှတ်သည်ကို သတိရမိလိုက်၏။ မိုးမချုပ်ခင်ပြန်ဟုဆို၏။ သူက မပြန်၊ မေသူက မပြန်ရင် ဆိုင်ပိတ်တော့မယ် ဟုဆို၏။
မေသူ အရောင်းချရင် သွားအိပ်နေ၊ တို့အစ်ကိုကြီးဆိုင် တို့ရောင်းပေးရမယ်၊ မပိတ်ဘူး၊ ဘာလို့ ပိတ်ရ မှာလဲ။
အမယ် ဟု ဆိုပြီးမှ မေသူက စကားဆက်၏။
သူ့အတွက် ပြောမှန်း၊ ကိုယ့်အတွက် ပြောမှန်းမသိဘူး၊ သူတို့အိမ်က ဟိုဘက်အပိုင်းမှာ၊ ဖေတင်တို့က ဒီဘက်အပိုင်း နေတာ ညချောင်းရိုက်ရင် ဘယ့်နှယ့်လုပ်မလဲ။
မကြောက်သေးဘူး။
အမှန်လည်း သူမကြောက်၊ ဆိုင်ပိတ်အောင် နေ၏။ ပြောမရရင်တော့ အစ်ကိုကြီးနဲ့ တိုင်ပြောမယ်ဟု မေသူက ဆို၏။
အမှန်လည်း သူသီချင်းအော်ဆို၍ ပြန်လာသည်။ သူ့ကို ချစ်သောမေသူ ရန်ခုန်နေမှာပဲ၊ အိပ်လို့မှ ပျော်ပါ့မလား ဟူသော အတွေးဆုံူးမှာတော့ သီချင်းသံက အလိုလို ရပ်သွား၏။ ဖေတင်တို့နှင့် ရင်ဆိုင်ရန် အတွက် တုတ်ပတ်သံပြား ကို ထက်ထက်သွေး၍ အခွေအလိပ်လုပ်ကိုင်လာသည်ကို မေသူမသိ။ မည်သူမျှ မသိ။
ဒီကောင်ကို ကျွန်တော် မကြောက်ပါဘူး အစ်ကိုကြီးရာ။
ကြောက်တယ် ရယ်တော့ ဘယ်ဟုတ်မလဲ ညီလေးရာ၊ ရန်ဆိုတာ မရှိရင် ပိုကောင်းတာပေါ့။ ညီလေးက သီချင်း အော် ဆိုဆိုသွားတော့ တစ်ဖက်သား ကို ပမာမခန့်ဘူးလို့ စိန်ခေါ်သလို ဖြစ်မနေဘူးလား။
မျက်လုံးချင်း မဆိုင်လိုသဖြင့် သူမျက်လွှာချလိုက်၏။
ညီလေး တို့ ဖြစ်ကြတာက အကြောင်းမ...အေး ဈေးဆိုင်ရှေ့ဆိုတော့ မေသူလည်း အားနာစရာ၊ မကောင်းဘူးပေါ့ကွာ။
ကျွန်တော်က အစ်ကိုကြီး ပစ္စည်းတွေမို့ ၀င်ကူရောင်းပေးတဲ့ သဘောပါ။ ခုတလော သူ့အဖေလည်း နေမကောင်း တော့ မေသူက လက်မလည်လို့။
အစ်ကိုကြီး ၏ ထူးထူးခြားခြားအကြည့်ကြောင့် သူငြိမ်နေ၍ မရတော့၊ နှုတ်ထွက်သွား၏။
ဒီကောင် တွေက ဈေးလာဝယ်ရုံမကဘူး၊ မေသူ့ကို စော်ကားတာ။
အစ်ကိုကြီး ကား သူ့ကို ကြည့်နေဆဲ။
အရင်တစ်ခါ လည်း အစ်ကိုကြီး ရှာနေတယ်လို့် ကျွန်တော့်ကို စော်ကားတယ်၊ အစ်ကိုကြီး သိက္ခာကိုလည်း ပမာမပြုဘူး၊ မေသူ ကို စာပေးသွားကြသေးတယ်။
မေသူ က ပြောတာလား။
ဟုတ်ကဲ့ မေသူက နောက်တစ်နေ့မှာ စာထုပ်ပြတယ်၊ ကျွန်တော်စိတ်ဆိုးပြီး ဆွဲဆုတ် ပစ်လိုက်တယ်။ ကက်ဆက် အငှားဆိုင် လုပ်ပါလား၊ တိပ်ခွေတွေ သူတို့နေ့တိုင်းလာငှားမယ်လို့ ပြောတယ်တဲ့၊ ကျွန်တော့် ရှေ့တင် ရိသဲ့သဲ့လာလုပ် ကြတယ်။ တစ်ရက်မဟုတ်ဘူး၊ အိမ်ရှေ့က သီချင်းဆိုဆိုပြီးလည်း စကြတယ်၊ ကျွန်တော် တုတ်ထိုင်နေတာ မြင်လျက်နဲ့ အားမနာဘူး။
သူ့ရင်ထဲ ရှိသမျှ အောင်တိုင်ပြောချလိုက်၏။ အစ်ကိုကြီးကမူ သူ့ကိုမကြည့်တော့။ ခေါင်းငုံ့၍ ပင်နယံ အသစ် ကိုသာ ငေးနေသည်။
အစ်ကိုကြီးဆိုင်မှာ မီးချောင်းထွန်းပေးထားတာ မှားတယ်။
ဆတ်ခနဲ သူ့ကို လှည့်ကြည့်လိုက်၏။
သူမီးခွက်မှုတ်တတ်သည်ကို အစ်ကိုကြီး လုံးဝမသိနိုင်ပါဘူးဟူသော အတွေးစိတ်နှင့် ဆက်ပြော၏။ သူ့ဒေါသသည် ခေါင်းထောင်ထလာသည်။
သူတို့ အတွက် ထွန်းပေးထားတယ်လို့များ ထင်နေကြလား မသိဘူး၊ ဆိုင်မပိတ်မချင်း မပြန်ဘူး၊ ဆိုင်ရှေ့မှာ ခေါင်းပန်း လှန်ကြတယ်၊ ထွေးခင်းကြတယ်၊ ဂေါ်လီပစ်ကြတယ်၊ ငြင်းကြခုံကြနဲ့ ဟိုဘက်ကမ်းက အချိုရည် ရောင်းတဲ့ ဆိုင်ကျနေတာပဲ၊ မိုးဖွားကျလာတာတောင် မပြန်ကြဘူး၊ ဆိုင်ထဲဝင် အိမ်ပေါ် တက် လုပ် လာကြတာ၊ အစ်ကိုကြီး ဓာတ်အိုးနဲ့ မီးချောင်းအိမ်ပြန်သိမ်းထားရင် ကောင်းမယ်။
သူတို့ကို မလိုလို့ သိမ်းထားလိုက်တယ်ထင်ရင် မကောင်းဘူးနဲ့တူတယ် ညီလေးရာ။
ထင်ရုံမကဘူး၊ တမင်ပြောရမယ်အစ်ကိုကြီးရာ၊ ဒီက အကောင်တွေအကြောင်း အစ်ကိုကြီး မသိပါဘူး၊ ပြောမှ သိမယ့် အကောင်တွေဗျ။
သူစိတ်ဆိုးလာပြီကို သိပုံရ၏။ အစ်ကိုကြီးက မလှမပ ရယ်သည်။
အစ်ကိုကြီး အသာနေ၊ ဒီနေ့ည်နေ ကျွန်တော်သွားသိမ်းမယ်၊ ပြောလည်း ပြောမယ်၊ မင်းတို့ကစားဖို့ မီးထွန်း ပေးထားတာ မဟုတ်ဘူးလို့။
အစ်ကိုကြီး က သူ့ကို ရယ်ရယ်မောမောနှင့် လာဖက်ထား၏။
ဒီလောက်လည်း အလောသုံးဆယ် မလုပ်ပါနဲ့ဦး ညီလေးရာ.. အစ်ကိုကြီး ကြည့်စီစဉ်ပါ့မယ်။ လူကြိး တွေကတော့ ခုမှ ရွာထဲကကောင်လေး ကောင်မလေးတွေ အဲဒီမှာ စုကြ၊ ကစားကြ၊ ပြောကြဆိုကြနဲ့ ရင်းရင်း နှီးနှီးရှိလို့ ကောင်းတယ်ပြောတာပဲ ညီလေးရာ၊ အစ်ကိုကြီးတို့က မီးထွန်းတာလည်း ဘာမှ ကြာသေးတာ မုဟုတ်တော့ လူကြီးတွေ တစ်မျိုးတစ်မည် အထင်အမြင် လွဲမှာလည်း စိုးရတယ်မဟုတ်လား။
အဲဒီမှာ တရုန်းရုန်းနဲ့ ရန်ဖြစ်ကြတော့ အစ်ကိုကြီးက မပြောပြဘူးလား။
အစ်ကိုကြီးက သူ့ကို လက်ကာပြထား၏။
နောက်တော့ သူတို့ သဘောပေါက်လာကြလိမ့်မယ် ညီလေးရာ။ သူတို့သဘောပေါက်လာကြရင် အစ်ကိုကြီး တို့တောင် မသိမ်းနေရပါဘူး။ လူကြီးတွေက သိမ်းခိုင်းလာပါလိမ့်မယ်။ ညီလေး အမြင် မှန်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စခုလောလောဆယ်တော့ အစ်ကိုကြီး ကြည့်စီစဉ်ပါမယ်နော် ညီလေး၊ ဟိုကောင်တွေ ရန်ရယ်လို့လည်း မဟုတ်ဘူးပေါ့ကွာ၊ ခုရက်ပိုင်းမှာတော့ ညီလေးမိုးချုပ်ရင် ဒီဘက်ပိုင်း နည်းနည်း ဆင်ခြင်လိုက်ပါ။
ဟိုကောင်တွေကို ညီလေး ပမာမထားဘူးဆိုတာ အစ်ကိုကြီးသာ မဟုတ်ဘူး လူတိုင်းသိပါတယ်၊ ဟိုနေ့က ညီလေးကို နှစ်ယောက်ဝိုင်းချကြတာ တောင်သူတို့ပဲ ကွဲပြဲကုန်ကြတာ မဟုတ်လား၊ ငါ့ညီလာဖြစ်လို့လဲ အစ်ကို့ညီ အကြောင်း အစ်ကိုကြီးက ပိုသိတာပေါ့၊ အဲဒါကြောင့်လည်း ဒီတစ်ရွာလုံးထဲက ညီလေးတစ်ယောက်ပဲ အစ်ကိုကြီးနဲပ သစ္စာရေသောက်ဖူးတဲ့လူရှိတယ်ဆိုတာ ညီလေး သိပါတယ်၊ င့ါညီကို ထိရင် အစ်ကိုကြီးကော နေပါ့မလား၊ ဒီရွာမှာ အဝေးလက်နက်ကိုင်နိုင်တာ အစ်ကိုကြီးပဲ ရှိတယ် မဟုတ်လား၊ ပြောလို့သာ ပြောရတာပါ။
ဟိုကောင်တွေလည်း ညီလေးကို နောက်ထပ် မစော်ကားရဲပါဘူး၊ အစ်ကိုကြီးကလည်း ပြောထားမယ်လေ၊ ဒါပေမဲ့ အစ်ကိုကြီးတို့မှာက အမေနိုင်းရှိသေးတယ်မဟုတ်လား၊ အမေနိုင်းဟာ ညီလေးကို ဘယ်လောက် ချစ်တယ် ဆိုတာ အစ်ကိုကြီးပြောဖို့ မလိုတော့ပါဘူး၊ ခုထိသူများလို ပင်လင်ပြင် မထွက်ရဘဲ ကြည့်၊ ဘာပဲဖြစ်ဖြစ်တို့ အမေနိုင်းကို တို့ညီအစ်ကိုတွေ ညှာတာထောက်ထားရမယ်၊ မုဆိုးမသားတွေဆိုပြီး ရမ်းကား တယ် ဘာရယ်ညာရယ် ပြောမှာစိုးလို့ပေါ့ ညီလေးရာ၊ နို့မို့ အစ်ကိုကြီး အဲဒီနေ့ကပင် ဒီကောင်တွေ သွားရှင်းပစ်ချင်တာ၊ အမေနိုင်းမျက်နှာ ထောက်နေရလို့ပေါ့၊ တို့ညီအစ်ကို တစ်ခုခုဖြစ်သွားရင် အမေနိုင်း ဘယ်လို ဘ၀ ရောက်သွားမယ် ဆိုတာ ညီလေး စဉ်းစားခြင်ပါကွာ၊ ဘာလုပ်လုပ် စိတ်လိုက် မာန်ပါ မလုပ်ပါနဲ့၊ ညီလေးလည်း ဘုန်းကြီးကျောင်း နေဖူးတာပဲ၊ ဒေါသအတ္ထနာဇာနာ တိတဲ့၊ ဒေါသဖြင်လာရင် ကျိုးကြောင်း မဆင်ခြင်နိုင်တော့ ဒီလိုမဟုတ်လား။
အစ်ကိုကြီး၏ ရှည်လျားသော အပြောကြောင့် သူ့ဒေါသပြေသွားသည်မှာတော့ အမှန်ပင်။ သို့သော် စိတ်ထဲ က လုံးလုံး ပေါ့မသွားသေး၊ ခဏတော့ ငေးငေးငိုင်ငိုင် ဖြစ်နေ၏။
ကဲ...အစ်ကိုတို့ တော်ကြစို့ကွာ၊ စက်ရက်လိုက်တော့မယ်နော် ညီလေး၊ စက်က စိတ်ချရပါပြီ၊ ရေမိုးချိုးကွာ၊ စောစောပြန် အမေနိုင်းမျှော်နေလိမ့်မယ်၊ အစ်ကိုကြီးကို စောစောပြန်လာဖို့ မှာလိုက်တယ်၊ ထမင်းစားပြီးရင် အိမ်မှာပဲ အေးအေးဆေးဆေးနေ၊ ဘယ်မှမထွက်နဲ့ အမေစိတ်ချမ်းအောင် သုံးလေးရက် တော့ နေပြလိုက်ပါကွာ၊ ဆိုင်ကိုလည်း အစ်ကိုကြီး ကြည့်လိုက်ပါ့မယ်စိတ်ချပါ။
ပခုံး ပုတ်၍ ပြောသော အစ်ကိုကြီး၏ စကားကြောင့် တဒင်္ဂတော့ သူစိတ်ပြေသွားသည်။
ဟင်....အောင်တိုင် နင် ဘယ်သူ့အားကိုးနဲ့ ဖေတင်တို့ကို ရိုက်လွှတ်ရတာလဲ၊ တကယ့်တကယ့် ဖြစ်ကြရင် ယောက်ျားသားအားကိုးစရာဆိုလို့ နင့်မှာ ဘယ်သူရှိလဲ၊ နင့်နောက်မှာ မားမားမတ်မတ် ဘယ်သူရပ်မှာလဲ၊ တစ်မျိုးလုံး တစ်ဆွေလုံးမှာ ယောက်ျားသားဆိုလို့ ငါတစ်ကောင်တည်း ရှိပါလားဆိုတာ နင်သတိရရဲ့လား၊ တစ်မျိုးလုံး တစ်ဆွေလုံး မုဆိုးမတွေ အစ်ကိုမောင်ဘွား လင်သား အဖေမဲ့တဲ့ ကျိန်စာသင့်မျိုးတွေဆိုတာ နင် မသိဘူးလား၊ မောင်ထွန်းသောင် မျက်နှာကြောင့် ဖေတင်တို့က ထီမတဲ့လား၊ ဟိုတရုတ်မမျက်နှာကို နင်တစ်ကမ္ဘာ ထင်ပြီး....။
တော်စမ်းပါ အမေရာ...။
အိမ်ပြန်လာသော အောင်တိုင်ကို သူ့အမေက ဆီးမာန်သောအခါ အောင်တိုင်ကလည်း စိတ်ပေါက်ပေါက် နှင့် အမေ့ကို ပြန်အော်ပစ်လိုက်၏။
အမေ့စကား ကိုလည်း နင်နားမထောင်ဘူး၊ အ၀ဇာတသား၊ ဟိုဘိန်းစားသမီးကိုမှ နင်ကြိုက်နေလို့ ရန်ဖြစ် ကြတာဆို၊ ငါ့ကို မနက်ကမှ ဇံဇံလေးလာပြောလို့ သိရတာ၊ အဲဒီညကပင် နင်အကောင်ပျောက်သွားရင် ငါအမေမှာ ဘယ်သူ့တိုင်တည်ရမှာလဲဟင်၊ နင့်မှာ အဖေရှိလို့လား၊ ဦးကြီး ဦးလေး ရှိလို့လား၊ ညီအစ်ကို ကော ရှိလို့လား၊ တစ်မျိုးလုံးမှာ တစ်ကောင်တည်းပါလား ဆိုတာ နည်းနည်းမှ နင်အသိတရား မရှိဘူးလား၊ တရုတ် ဘိန်းစားက ခုသေတော့မယ်၊ နင်ဘာသိလို့လဲ၊ တို့ရွာမှာ ဒီလိုသေတဲ့ လူတွေ အများကြီး၊ နင်တို့ တစ်ကောင်ကြွတ်ချင်း ပေါင်းလို့ လူဖြစ်မယ်ထင်သလား။
“နားလည်တယ် အမေရာ”
“ဟင်…….ဟင် …….အဖေကြီး ရှင့်သားပြောတာကိုပင်လယ်ပြင်ကလာ ကြည့်ပါအုံး။ လိမ္မာလှတဲ့ သားဆိုး၊ အနိုင်းစကားကို နားထောင်လိုက်တာ၊ သြော်…အစ်ကိုကြီး အတိုင်း၊ အနိုင်းကို အစ်ကိုကြီးတူ ပြန် ပြောတာ လာကြည့် ပါဦး”
သေသူများကို အမေက တ ငိုသောအခါ အောင်တိုင် ထမင်းစားချင်စိတ် ပင် ပျောက်သွားသည်။ နတ်ဆိုးမ မိဇံ သင်းပြောလို့ အမေသိသွားတာ၊ နေနှင့်ဦးပေါ့ဟုလည်း ဒေါသထွက်သွားသည်။
မေသူကို တစ်ညနေလုံး သတိရနေသည်။ ဈေးဆိုင်ရှေ့တွင် လူအုပ်ကို မျက်စိထဲ မြင်နေမိ၏။ အစ်ကိုကြီး က သူသွားနေမည် စိတ်ချဆိုသော စကားကို ပြန်လည် ကြားယောင်မိသော အခါ ရင်ထဲ နွမ်းလျသွား မိသည်။
မေသူနဲ့ငါ ကြိုက်နေကြတယ်ဆိုတာ အစ်ကိုကြီးလည်း သိပြီးသားနေမှာပါ။ နေ့ခင်းကလည်း အစ်ကိုကြီး ကို ငါပြောခဲ့တာပဲ၊ အစ်ကိုကြီးက မေသူလောက်ကိုတော့ ကြိုကမှာအဟုတ်ပါဘူး၊ အစ်ကိုကြီးက စလတွေ အများကြီး တတ်တာပဲ၊ တက္ကသိုလ်ကတောင် ထွက်လာတာ၊ တက္ကသိုလ်မှာတောင် ကျောင်းဆရာ လုပ်ရင် ရတယ်လို့ အစ်ကိုကြီးက ပြောဖူးတာပဲ၊ မေသူနဲ့ အစ်ကိုကြီး တန်းလည်း အတန်ဘူး၊ လိုက်လည်း မလိုက်ပါဘူး၊ အသက်ကလည်း တစ်ဝက်မက ကွာတာ၊ အစ်ကိုကြီးက သူ လေးဆယ်နီးပြီလို့ ပြောဖူးတာပဲ၊ မေသူက ခုမှ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနှစ်၊ မေသူကလည်း အစ်ကိုကြီးကို ကြိုက်မှာမဟုတ်ဘူး၊ ငါအစ်ကိုကြီးကို ခင်သလို အားကိုးရလို့ သူ့အဖေအတွက် ဘိန်းရှာပေးလို့ အားကိုးပြီး ခင်တာနေမှာပါ။ မေသူက…။
“လာကြဟေ့၊ ဘယ်သူက လှည့်ကြည့်လိုက်ကြလဲ’’
အမေ့အသံကြောင့် အိမ်ရှေ့သို့လှမ်းကြည့်လိုက်၏
ဂေါလာနှင့် ကောင်းကျော်တို့ ၀င်လာကြသည်။ သူ နဖူးပေါ်လက်တင်၍ တွေးနေရာမှ ထထိုင်လိုက်၏။ သူ့အနား ၌ပင် သူတို့နှစ်ယောက် လာထိုင်ကြ၏။
“နင်တို့လည်း ကြားပြီးရောပေါ့ ” ဟု အမေက စကားစ၏။
“ညနေက ဇံဇံ ထမင်းလာပို့ရင်း ပြောလို့ သိရတယ်၊ တစ်ရက်နှစ်ရက်တောင် ရှိပြီဆို၊ ကျွန်တော်တို့ ရွာမတက် မိုလို့ မသိုတာ။”
“ဟုတ်တယ်လေ၊ အဲဒီညကပင် အကောင်ပျောက်သွားရင် ငါဘယ်လို နေမလဲ၊ ဘယ်သူပြောလို့ သိရ မှာလဲ၊ နင်တို့ပဲ စဉ်းစားကြည့်ကြစမ်း၊ ကိုယ်က တစ်ကောင်ကြွက်၊ အမျိုးထဲမှာ ယောက်ျားသားဆိုလို့ တစ်ကောင် တည်း၊ ဘယ်မှာလဲ သူ့ရှေ့က ရပ်မယ့်လူ၊ မောင်ထွန်းသောင် ရှိနေလို့၊ နို့မို့ နင့်ကို ဟိုက အကောင်ဖျောက်ပစ်လိုက် ပြီလို့ ငါပြော တယ်ဟဲ့ ”
“ဒီလောက်လည်း မဟုတ်နိုင်ပါဘူး အဒေါ်နိုင်းရာ၊ ဒီကောင်တွေ အလုပ်ဝံ့ပါဘူး”
“ဟဲ့ မလုပ်ဝံ့မပြောနဲ့၊ ဖေတင့် အဖေဆိုတာက ဟိုဘက်ကမ်း ခါးစောင်းတင်ထားတာ၊ ပိုးသီအဖေ ဆိုတာကလည်း ကြည့်ဦး၊ ပသျှူးသာဆိုတယ်၊ ရုံးပေါက် ဂါတ်ပေါက်ဟဲ့၊ ငါ့သားအတွက် ငါစိုးရိမ်တာပေါ့၊ ငါတို့ မှာက တစ်ကောင်ကြွက်ဟဲ့”
ကောင်းကျော်နှင့် အမေကသာ အပြန်ပြန်အလှန်လှန် ပြောနေကြသော်လည်း ဂေါလာကမူ လုံးဝ စကား ၀င်မပြော။ အောင်တိုင်ကိုသာ ကွက်ကြည့်ကွက်ကြည့် လုပ်နေ၏။ အောင်တိုင်က မည်သူ့ကိုမှ မကြည့်။ ငူငူကြီး ထိုင်၍ မျက်နှာငုံ့ထား၏။
“ဘယ်သူက စဖြစ်တာလဲ”
“အလကားပါ အစ်ကိုရာ”
ဂေါလာ ၏ တည်တည်ငြိမ်ငြိမ် အမေးကို အောင်တိုင်က အသံဖော့၍ပြော၏။
“ဟိုတရုတ်မလေး ဆိုင်မှာ သူ့အစ်ကိုကြီး ပစ္စည်းတွေ ရှိတယ်ဟုတ်လား၊ အဲဒါ ကူရောင်းပေးနေတော့ ကောင်မလေး ကို လာပိုးနေတဲ့ ဖေတင်တို့က အလိုလို့ ဖြစ်ကြတာ နေမှာပေါ့”
` “အစ်ကိုကြီး ပစ္စည်းတွေ လည်း အဲဒီဆိုင်မှာ…”
အမေ့စကား ကို ဂေါလာက အံ့သြသွား၏။
“ဟုတ်တယ်လေ ဂေါလာ ရဲ့၊ အဲဒီဆိုင်က ပစ္စည်းတွေအားလုံးနီးနီး မောင်ထွန်းသောင် ပစ္စည်းတွေဟာ၊ တရုတ်ကြီး မှာ ဘာရှိတော့လို့လဲ၊ ဘိန်းစားလို့ ကုန်ပြီ၊ အိမ်နဲ့ခြံတောင် မောင်တွန်းသောင်ကို ရောင်း ထားတယ်လို့ ပြောကြတာပဲ။ ငါက မောင်ထွန်းသောင် ကို အားနာလို့ မမေးမိဘူး၊ မေသူကို ဟိုဘက်ကမ်း မှာ ကျောင်းထားပေးတာလည်း မောင်ထွန်းသောင်ပဲတဲ့”
ကောင်းကျော်နှင့် ဂေါလာတို့ ညီအစ်ကိုနှစ်ယောက်စလုံး အကြည့်ကို သူရင်မဆိုင်ရဲသဖြင့် မျက်နှာလွှဲ ထားလိုက်၏။
“မောင်ထွန်းသောင် ကိုလည်း ပြောရဦးမယ်၊ ဒီကောင်လေးကို ညညဈေး မရောင်း ခိုင်းပါနဲ့လို့၊ ဖြစ် လာရင် ငါတို့မှာက တစ်ယောက်တည်းဟဲ့”
“ဈေးရောင်းတာကတော့ ရောင်းရမှာပေါ့ အဒေါ်နိုင်းရာ၊ အစ်ကိုကြီး ပစ္စည်းမို့ ကူရောင်းတာပဲ၊ ကိုယ့်ကို မတရားလာလုပ်တာတော့ အောင်တိုင် သာမဟုတ်၊”
ဆက်ရန်
.
ချစ်အစ်မကြီး ဒီမှာကျန်ခဲ့တာလားဟင် နဲနဲ ခုန်သွားလို့ 
ReplyDelete"အစ်ကို ဂေါလာ တို့် ငါးမန်းယက် တွေ ဒီနှစ်တော်တော် ရတာပဲ"
++++++++
အကိုကြီး ဟိုဘက်ကမ်းက ၀ယ်လာသော ပစ္စည်းများကို အောင်တိုင်တစ်ခုစီ ကြည့်နေသည်။
ဒီဓာတ်အိုး က ကက်ဆက်ဖွင့်ဖို့ ၀ယ်လာတာလား အစ်ကိုကြီး။
ဟီ ဖားထားတာ စာတွေ အများကြီးရိုက်တင်ပေးလို့  ကျေးဇူးများကြီးတင်ပါတယ်
ညီမရေ တစ်ဝကြီး ဖတ်သွားပြီနော်။ ဆက်ရန်လေးကိုတော့ ဆက်မျှော်နေတယ်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုAMK ရေ
ReplyDeleteကျနော် စာအုပ်ပြန်ကြည့်ပါတယ်... မူရင်းစာအုပ်ထဲမှာ လည်း အဆက်အစပ် က အဲဒီအတိုင်း ဘဲ ဒါပေမဲ့ ကြားထဲ မှာ အခန်း (၃) တော့ ကျန်ခဲ့တယ် အခုပြန်ထဲ့ ထားပါတယ်
စာဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်