အစ်ကိုကြီး အိမ် လာရင်း သူတို့အိမ်ရှေ့က ဈေးဆိုင် တွင် မေသူ ထိုင်နေတာမြင်လျှင် လေကာ ကျောက်တုံး ခြေရင်း နား သွားထိုင်၍ စကားပြောနိုင် သေး၏။ ပဲကြီးလှော်ဝယ်ပြီး စားရင် စကား ပြောရမည်။ မေသူက တစ်မတ် ငါးမူးတန် ဆိုလျှင် တစ်ခါတလေ ပိုက်ဆံမယူဘဲလည်း ပြန်လွှတ် တတ်၏။ ဒါ ငါ့ကို မေသူ ကြိုက်နေလို့လား၊ သူက ပိုက်ဆံအတင်းပေးလျှင် အို...နေပါစေဆို ကိုအောင်တိုင် တို့ ကျေးဇူး က ကျွန်မ အပေါ် ဆပ်မကုန် အောင်ပါပဲတဲ့။
မဟီမှာ ကျောင်းသွားနေလို့ စကားကပြောတတ်လိုက်တာ၊ မေသူကို သူတစ်ခါ မှစကားပြော၍ မနိုင်တော့။ ငါ့ကိုချစ်လို့မဟုတ်ဘဲ ကျေးဇူးရှိတယ်ဆိုတာကြောင့် ပဲလှော်တွေ ထန်းလျက်တွေ အလကား တစ်မတ်ငါးမူး ဖိုး ပေးပေးနေတာလား၊ ကျေးဇူးရှင်ဆိုတဲ့ အသိနဲ့ထက် ငါတော့ ချစ်လို့ပေးတာပဲ လိုချင် တယ်၊ သူ့ကို ငါချစ်.....
"ဘာယူမလဲဟင် ကိုအောင်တိုင် ယူလေ"
ဈေးဆိုင်ဘေးက ကျောက်တုံးပေါ် ကျောကပ်ကာ သူ့ကိုတစ်လှည့် ဈေးဆိုင်ထဲက ပစ္စည်းတွေ တစ်လှည့် မတ်တတ်ကြီး ကြည့်နေသော အောင်တိုင်ကို မေသူက ခါးတိုင်းလို ပဲလှော်ထန်းလျက် ၀ယ်သည်ဟု ထင်ပုံရ၍ ပြော၏။
"အလကားတော့ မယူချင်ဘူး၊ ပေးတာများပြီ"
"ဒါဆိုလည်း ပေးလေ၊ ပိုက်ဆံပေးခဲ့"
သူလှမ်းပေးသော ပိုက်ဆံတစ်မတ်ကို တကယ်ယူ၏။ သို့သော်မေသူပေးသော ပဲလှော်နှင့် ထန်းလျက်က တစ်မတ်ဖိုး မက။ ဘာပဲဖြစ်ဖြစ် အောင်တိုင်စိတ်ထဲ အတိုင်းမသိ ကြည်းနူးသွား သည်။
"လမ်းကြုံ နေတာပဲ အစ်ကိုကြီးအိမ် ခဏ၀င်ကြဦးမယ်သား"ဟူသော အမေ၏စကားကြောင့် သူ့အတွေး ထဲက မေသူထွက်ပြေးသွားပြန်၏။ အဖေ၏သောကကြောင့် အမေ့မှာ ဆောက်တည်ရာ မရဖြစ်နေ၏။ သူ့ ရင်ထဲ မှာလည်း အဖေ့အတွက် စိုးရိမ်စိတ်တွေ ပြည့်လာရပြန်၏။
လမ်းလည်း ကြုံနေသဖြင့် ဦးဂျလားအိမ်ကို ၀င်ကြ၏။ "အောင်တိုင်တို့ အဖေခုထိပြန်မရောက် သေးဘူး အစ်ကိုကြီး ရဲ့"ဟူသော စကားသည် အမေ့ပါးစပ်မှ ဦးဆုံးထွက်ပေါ်ပြန်သည်။
"သိပ်တော့လည်း ပူမနေပါနဲ့ အနိုင်းရယ်၊ တခြားလှေအချိုကလည်း မရောက်ကြသေးဘူးတဲ့၊ ပင်လယ်သား တွေဆိုတာ ခက်သားပဲ၊ တစ်ခါတစ်ခါ လှိုင်းလေမသင့်ရင် တစ်ညတလေ ပင်လယ် ထဲနေပြီ နောက်တစ်နေ့ ညနေ လှိုင်းလေသင့် မှ ပြန်လာကြတာလည်း ရှ်ိတာကိုး၊ ကဲ....မိုးချုပ်နေပြီ၊ ပြန်ကြ ပြန်ကြ၊ အကြောင်း ထူးရင် အစ်ကိုကြီး လာပြောမှာပေါ့၊ တစ်လှေတည်း မှမဟုတ်တာ၊ လှေသုံးလေးစင်းပဲ၊ ကူဖော်လောင်ဖက် ရနိုင် ပါတယ်။ ဒီညဥ့်လယ်မှာလည်း ပြန်ရောက်ချင် ရောက်လာကြပါလိမ့်မယ်"
ဦးဂျလားက နှစ်သိမ့်စကားဆိုသည။်
ဦးဂျလားစကားနှင့် ဦးကျားကြီး၏စကားက ပင်လယ်ပြင်တွင် တစ်ညတလေ အိပ်ချင်အိပ်ရမှာဟူ သော ထပ်တူထပ်မျှအပြောကိုတော့ အောင်တိုင် မှတ်မှတ်ရရရှိသည်။
"နင်ပြန်ရင်ပြန်၊ အမေ ငါးတဲ သွားကြည့်ဦးမယ်"
"အမေကလည်းဗျာ၊ ဦးဂျလားနဲ့ ဦးကျားကြီးတို့က အမေ့ကို ပြောလိုက်တာပဲ မဟုတ်လား၊ အဖေတို့ ပင်လယ်ပြင် မှာ တစ်ညတလေ ကြာချင်ကြာမယ်လို့၊ သွားမနေပါနဲ့"
သားစကားကို အမေအလေးထားပုံရ၏။ သို့သော် အမေ့သောကသည် ငြိမ်းပုံမရသေး။
"အေး...သူတို့ကတော့ ပြောတာပဲ လူလေးရယ်၊ အမေတို့ ငယ်ငယ်ကလည်း ဒီလိုပဲ ပင်လယ်ပြင်မှာ မုန်တိုင်းမိ လို့ သီဟိုဠ်က စွယ်တော်ဓာတ်၊ ကုလားပြည်က ဘုရားတွေတောင် ဖူးခဲ့ရတယ်တဲ့၊ အစိုးရချင် ပြန်ပေးတာ၊ မပြောကောင်းမဆိုကောင် သားအဖေတို့များ အဲသလို ဖြစ်ရင်တော့ ဒုက္ခ"
ကောင်းကျော် စကားကို သတိရ၍ ရောက်ဖူးသွားတာပေါ့အမေရာဟု ပြောလိုက်မိသော်လည်း အောင်တိုင် စိတ်ထဲ က လုံးဝမကောင်း။
အဖေ တို့ဘယ်ကို ရောက်သွားသည်ကို မည်သူမှမသိကြ။ တစ်နေ့ ပြန်လာနိုး တစ်လသတင်း ကြားရနိုးနှင့် မျှော်လိုက်ကြ သည်မှာ နေ့ရက်လ နှစ်တွေသာ ကုန်သွားသည်။ ဘာသတင်းမှ မကြားရ။ အဖေတို့နှင့် အတူ သူတို့ရွာက လှေးလေးစင်း နှင့် ယောက်ျားသား ဆယ့်ငါးယောက် ပျောက်လွင့်သွားသည်။ ကြာသော် ပင်လယ်ပြင် သွားသော မပြန်ခရီးသည်များအဖြစ် သတ်မှတ် လိုက်ရလေသည်။
အဖေ တို့အား မည်သူက ပင်လယ်ပြင်သွား မပြန်ခရီးသည်များအဖြစ် သတ်မှတ်သတ်မှတ်၊ အမေကမူ တစ်နေ့ ပြန်လာလိမ့်မည်ဟူသော မျှော်လင့်စိတ်နှင့် ရက်လ အတော်များများ ပင်လယ်နား သွား၏။ ပင်လယ်ပြင် ကို လှမ်းကြည့်ကာ ငေးမော၏။
မိုးကျ၍ လှိုင်းကြီး လေထန်းလာချိန်မှ တော့ ပင်လယ်နားတွင် အမေလည်း နေ၍မရတော့၊ ကမ်းစောက်သော ကမ်းကြီးသတ်လှိုင်းလုံးများ သည်အဖေရှိရာ ပင်လယ်ပြင်သို့ အမေ့အား ဆွဲခေါ် သွားလိမ့်မည်ကို သိသောအောင်တိုင်နှင့် တကွတစ်ရွာလုံး ဆွေမျိုးတွေက ဖျောင်းဖျခေါ်ငင်ကြရသည်။ သတိတရားရရန် အမျိုးထဲက ပင်လယ်ပြင်သွား မပြန်ခရီးသည်များကို လက်ချိုးရေတွက်ပြကြသည်။ အောင်တိုင်တို့ အဘိုး၊ ဦးကြီး၊ ဦးလေး၊ ယခုအောင်တိုင်၏အဖေ၊ မည်သူ တစ်ဦးတစ်ယောက်မှ ပြန် မလာကြ။ သည်မှာ တွင်အမေသတိရသည်။ အဖေ၊ အစ်ကို၊ မောင်၊ ဦးကြီး၊ ဦးလေး၊ လင်ယောက်ျား အားလုံး ကို ပင်လယ်က သတ်လေပြီ။
မပြန်ခရီးသွားကြလေပြီ။ ပင်လယ်ကို အမေစိတ်နာသည်။ ပင်လယ် ဘက်ကိုလုံးဝခြေဦးမလှည့်တော့။ ပင်လယ်ပြင် ကို မြင်ရလျှင် အမေ၏မျက်ရည်တို့သည် ပင်လယ်နှင့်အပြိုင် အိုင်ဖွဲ့ရသည်။ ပင်လယ် ဟူသော အသံကိုပင် အမေမကြားနိုင်ဖြစ်ခဲ့ရသည်။ အဖေသေပြီး ပင်လယ်ထွက်မည်ဆိုသော သားကို သူ့သတ်ပြီးမှထွက်၊ သူသေပြီးမှာ သွားဟု ယတိပြတ်ဆိုခဲ့သည်။ ရွာရှိအကုန် သူတို့ကမူ လင်စိတ်နှင့် ရူးသွားပြီ ဟု သမုတ်ခဲ့ကြသည်။ အောင်တိုင်ပင် တစ်ခါတစ်ခါ အမေ့ကို သံသယ၀င်ချင်သည်။ အမေသည် အဖေ့ကိုအလွန်ချစ် သည်။ ရိုးလွန်းသော ဆလုံးပီပီသားကိုသခင် လင်ကိုဘုရား အမှတ်ပြုကျိုးနွံခဲ့သည်။ လင်သားကို အားကိုးမှီခို လိုစိတ်ထက် ချစ်စိတ်မြတ်နိုးစိတ်က ပိုခဲ့သည်။ ထို့ကြောင့် နင် ပင်လယ်ပြင် ထွက်မှ ထမင်းစားရမှာ မဟုတ်ဘူး၊ ငါ့မှာ လက်ခြေရှိတယ်။ နင့်အဖေ မရှိပေမယ့် နင်ထမင်းမငတ်စေရ ဘူး။ ငါလုပ်ကျွေး ပါ့မယ်ဟု ကြုံးဝါးခဲ့၏။
လူလားမမြောက်သေးသော သားကို တကယ်လည်း လုပ်ကျွေးခဲ့၏။ ဤသားအား အမေသည် သူ့အဖေ၊ သူ့ အစ်ကို၊ သူ့မောင်၊ သူ့ဦးကြီး၊ သူ့ဦးလေး၊ သူ့ယောက်ျားတို့ကဲ့သို့ ပင်လယ်ပြင်၏ သတ်ဖြတ် ၀ါးမျိုးခြင်း မျိုးကို မခံနိုင်ဟု ကြွေးကြော်ခဲ့ သည်။
လင်ယောက်ျားဆုံးပါးပြီး နှစ်နှစ်သုံးနှစ်အကြာမှာ လူပျိုပေါက်လူလား မြောက်သောသားကို ပင်လယ်ပြင် ထွက် လိုက်သွားမှာ စိုး၍ မျက်စိအောက်က အပျောက်မခံနိုင်ရှိခဲ့သည်။ အဖေဆုံးပြီး နောက်မှ အစ်ကိုကြီး ကိုထွန်းသောင် ဆီ ခါတိုင်းလို သွားသွားလာလာနေသည်ကိုပင် စိတ်မချ။ ခဏခဏလာကြည့် စုံးစမ်း တတ်၏။ ထို့ကြောင့် အစ်ကိုကြီးကပါ အစ်မနိုင်းတစ်သက် ပင်လယ်ပြင်ကို မထွက်စေရပါဘူးဟူသော ကတိဝန် ခံချက်နှင့် ခေါ်ခိုင်းရလေသည်။
"ညီလေး မင်းအမေ စိတ်မချမ်းမသာဖြစ်မယ့် အလုပ်မျိုးတော့ လုံးဝရှောင်ပါကွာ၊ မိခင်ရဲ့တန်ဖိုး၊ မိခင်ရဲ့ မေတ္တာ ကို အမိမဲ့သွားမှ နားလည်တာ၊ အစ်မနိုင်းကို ငါကိုယ်ချင်းစာတယ်၊ ပင်လယ်ပြင် ထွက်တာ အစ်ကိုကြီး လည်း သဘောမကျဘူး၊ အသက်အန္တရာယ်နဲ့ နီးတယ်၊ မင်းကနုကမငုပ်၊ လိပ်ထိုး၊ မုတ်ကောင် ရှာလည်း တော်သားပဲ၊ ခုဆိုမင်းအမေနဲ့ ယာစပါးစိုက်၊ အစ်ကိုကြီး ဟာလာစက်နဲ့ အုန်းခြံမှာလည်း မင်း ရှိတော့ လူငှားမလိုတော့ဘူး။ မင်းပင်လယ်ထွက်ဖို့ စိတ်မကူးပါနဲ့ကွာ၊ အစ်ကိုကြီး ညီလေးတို့သားအမိကို တစ်လနှစ်ရာ ထောက်ပံ့မယ်၊ ဆန်ရေ စပါးကကိုယ့်လက်ထွက်ပဲ၊ နှစ်ရာဆို လုံလောက်ပါတယ်၊ ကိုယ်ပိုင်ခြံ စိုက်တတ် အောင်လည်း အစ်ကိုကြီး ဆောင်ရွက်ပေးဦးမယ်"
အစ်ကိုကြီး ထောက်ပံ့နေသည်မှအမှန်။ အမေက အစ်ကိုကြီးခြံတွင် မြက်ရှင်းပေါင်းသင်လုပ်ပေး ရသလို သူက ဟာလာစက်နှင့် အစ်ကိုကြီး၏ အိမ်ဗာဟီရ တာဝန်ယူရသည်။ အလုပ်အားသော ကိုယ်ပိုင်အချိန်ကို ကနုကမာငုပ်သည်။ လိပ်ထိုးသည်။ မုတ်ကောင်ရှာသည်။ ရသမျှသော ကနုကမာလိပ်ခွံ၊ မုတ်ကောင်များကို အစ်ကိုကြီးအား ပြန်ရောင်းပြီး အပိုဝင်ငွေ ရှာရသည်။ သားအမိနှစ်ယောက် ကောင်းစွာ လုံလောက်၏။
သို့သော် အောင်တိုင့်စိတ်က မပျော်။ တစ်ခါတစ်ခါ ပင်လယ်ပြင်ထွက်၍ စွန့်စားကြည့်ချင်သည်။ သူတို့ အရွယ်ပင်လယ်ပြင်မထွက်ဖူးသည်မှာ သူတို့ရွာ၌ သူတစ်ယောက်သာ ရှိလေသည်။ ထို့ ကြောင့်လည်း သူ့အမေအားအကိုးဆုံး၊ အလေးစားဆုံး ဦးဂျလား ကို အပူကပ်၍ ပြောရ၏။ သို့ သော် သူ့ကွန်ချက်က ဟင်းစားပင် ရမည့်ပုံမပေါ်ပေ။ အမေ၏ငိုကြီးရှိုက်မ အသံကိုကြားရသော အခါပြောမိတာ မှာလေးခြင်းဟုသာ နောင်တရမိနေ၏။ အမေ့ကို သူသနားသည်။ သူသာ ပင်လယ် ပြင်ထွက်၍ အဖေ့လို ဖြစ်သွား ခဲ့လျှင် ဤတစ်ခါမုချ အမေရူးရလိမ့်မည်။ အားကိုးအားထားမဲ့သော အရူးမကြီးဘ၀နှင့် စားရမဲ့မဲ့ သောက်ရ မဲ့မဲ့ လျှောက်နေမည်ကိုလည်း တွေးမိသွားသည်။ အမေဦး ဂျလားအားပြောကြား နေသော စကား က သူ့စိတ်ကို ပို၍ ထိခိုက်စေသည်။
"သူ့အဖေတုန်းကလည်း ပင်လယ်ပြင်က ပြန်မလာတော့ဘူးဆိုတာ အစ်ကိုကြီးကို ကျွန်မလာ ပြော ကတည်းက သိနေပါတယ်အစ်ကိုကြီး၊ ကျွန်မတို့ မိသားစုထဲက ယောက်ျားသားတွေ အားလုံးဟာ ပင်လယ်နတ် ကျိန်စာမိထားသူတွေပါ၊ ဒီသားကို ကျွန်မပင်လယ်ပြင် မထည့် ပါရစေ နဲ့၊ အစ်ကိုကြီးကို မယုံကြည် လို့ မဟုတ်ပါဘူး၊ ပင်လယ်နတ်မိစ္ဆာကို ကြောက်လို့ပါ။ ကျွန်မစိတ် ထဲသိနေပါတယ်၊ ပင်လယ် လွှတ်ရင် နတ်မိစ္ဆာတွေ ကျွန်မသားလေးကို ပြန်မလွှတ်တော့ပါဘူး၊ ပင်လယ်သွား မပြန်လမ်းကို သူ့အဖေ လိုပဲ ကျွန်မသားလေးသွားတာ အစ်ကိုကြီးတို့ ကြည့်နိုင် ကြမှာလား..."
သူ့အမေ စကားအဆုံး၌ ဦးဂျလား မှိုင်ကျသွား၏။
"ငါကလည်း ကလေးကို သနားလို့ပါ၊ သူ့ခမျာ သူများတွေလို ပင်လယ်ပြင်သိပ်ထွက်ချင်နေတယ် ဆိုတာ လာလာပြောလို့ပါ။ ငါ့ညီမ စိတ်မချမ်းသာမယ့်အလုပ် အစ်ကိုကြီး နောက်ထပ် လာမတိုက်တွန်း တော့ပါဘူး၊ စိတ်ချပါ၊ အောင်တိုင်ကို အစ်ကိုကြီးလည်း တိုက်တွန်းပြောပါ့မယ်"
နောက်ဆုံး စကား နှင့် ဦးဂျလားလည်း လက်လျှော့်ပြန်သွားလေ၏။
"ဟင်...သား ပင်လယ်ပြင် မထွက်တတ်ရင် သူ့သမီးနဲက မပေးစားနိုင်ဘူးတဲ့လား၊ ငါ့သားကို ပြောလို့လား"
"မဟုတ်ပါဘူး အမေ"
"ပင်လယ်ပြင် မထွက်တတ်လို့ သူ့သမီးနဲက မစေားစားဘူးဆိုရင်လည်း ရှိပါစေ၊ နင်ပင်လယ်ပြင် တော့ ငါ့တစ်သက် မထွက်ရဘူးမှတ်၊ နင်ပင်လယ်ပြင် ထွက်ရင် နင့်အဖေလို သေမှာပဲ၊ ငါ တို့အ မျိုးမှာ ယောက်ျားသား ဆိုလို့ နင်တစ်ယောက်တည်းပဲ ရှိတော့တယ်၊ နင့်ကို ငါအဆုံးအရုံးမခံနိုင် ဘူးအောင်တိုင်၊ နင်ပင်လယ် မထွက်တက်လို့ တစ်ရွာလုံး မိန်းကလေးတွေ နင့်ကိုမကြိုက်ကြဘူး ဆိုရင် ငါမပူဘူး။ ဟိုဘက်ကမ်း က မိန်းမတစ်ယောက် သားကိုအမေရှာပေးစားမယ်၊ အမေ့မှာပိုက် ဆံရှိပါတယ်။ သား အတွက် အမေပိုက်ဆံ စုထားတယ် ဘာမှမပူနဲ့"
အမေ့ မျက်နှာ ကို လုံးဝမကြည့်မိ၊ ငိုင်၍သာ ထိုင်နေ၏။
"ဟင် သား နင်ရေဒီယို လိုချင်လို့လား၊ ဒီတစ်ခါ မဟီသွားတဲ့လူရှိရင် အမေ၀ယ်ပေးပါ့မယ် သားရယ်"
"မလိုချင်ပါဘူးအမေ၊ ရေဒီယို ကက်ဆက် ဘာလုပ်ရမှာလဲ၊ အစ်ကိုကြီးအိမ်ရှိသားပဲ၊ တိတ်ခွေ တွေလည်း အများကြီး၊ ကျွန်တော်နားထောင်ချင်တဲ့အချိန် နားထောင်လို့ ရတာပဲ"
အမေ၏ အသံ ခဏဆိတ်သွားသည်။ သူ့မျက်နှာကို စူးစူးစိုက်စိုက် ကြည့်နေမှန်းသိသည်။ သက် မချသံသဲ့သဲ့နှင့်အတူ အမေ့စကားက ပေါ်လာပြန်၏။
"ငါ့သား ဘာကိုစိတ်ညစ်နေလဲဟင်၊ ဇံဇံ ကပါ ပင်လယ်ထွက်တတ်မှ ကြိုက်မယ်ပြောလို့လား လူလေးရယ်"
"မဟုတ်ပါဘူးအမေရာ၊ သားဘာမှစိတ်မညစ်ပါဘူး၊ ဦးဂျလားကိုပင်လယ်ပြင် လိုက်ရပါစေပြော မိတာ လည်း စကားစပ်မိကြလို့ပါ၊ ပင်လယ်ပြင်က ပြန်လာတဲ့ ကောင်းကျော်တို့ ဗထိုတို့ အကြွားပိုတာ မခံချင်ဖြစ် မိလို့ပါ၊ အမေ့ကိုသားကတိပေးပါတယ်၊ အမေ့တစ်သက် သားပင်လယ် ပြင်ကို မထွက်ပါဘူးလို့ သားပင်ပြင်ထွက်မှာ အစ်ကိုကြီးကလည်း မလိုဘူး၊ အမေနဲ့သားတို့ကို အစ်ကိုကြီး တစ်လနှစ်ရာတောင် ထောက်ပံ့ နေထားတာပဲ၊ စားမကုန်ပါဘူး"
"ဒါပေါ့သားရယ်၊ အမေနဲ့သား စားမကုန်ပါဘူး၊ သားဖေဖေ ရှာဖေါထားခဲ့တဲ့ ငွေတွေလည်း အမေ့ မှာရှိသေးတာပဲ၊ သားလိမ္မာတာကို အမေ၀မ်းသာလိုက်တာ ငါ့သားအသက်ရှည်လို့ ဘုန်းကြီးပါ စေ အန္တာရယ် မျိုး ကိုးဆယ်ခြောက်ပါး ကင်းပါစေ၊ သွားလေရာ လာလေရာ ခလုတ်မထိ၊ ဆူးမငြိ ပါစေနဲ့ အသံကြား သနားပါစေ၊ မျက်နှာမြင် ချစ်ခင်ပါစေ၊ လာမယ့်ဘေး ဝေးပါစေ၊ ကျမယ့်မီး..."
အမေ၏ ရှည်ရှားသော ဆုပေးဆုတောင်းသံများကို ငြိမ်နားထောင်ရင်း စိတ်ကျဉ်းကျပ်နေမိသည်။ အမေ့တစ်သက်ပင်လယ်ပြင်ကို တကယ်မထွက်တော့ဟုလည်း စိတ်ဆုံးဖြတ်လိုက်လေသည်။
အိမ်ဘေး က အုန်းပင်ရင်းတွင် အခွံရွေးနေသော အစ်ကိုကြီး သူ့အနားလျှောက်လှမ်းလာ၏။ သူသက်ပြင်း တစ်ချက် ရှိုက်လိုက်သည်။
"ပင်နယံမဟုတ်အစ်ကိုကြီး၊ ဖိုင်ဘာရှေ့က သားရေကြိုးချော်နေတာပါ၊ ရပါတယ်"
သူက ရပါတယ်ဆိုသဖြင့် အစ်ကိုကြီးက ခြေလှမ်းတုံ့သည်။ မိဇံဘက် လှည့်ကြည့်၏။
"မိဇံတို့ ငါးတော်တော် ရကြပလား"
"သိပ်မရသေးဘူး အစ်ကိုကြီး"
"နင့်အစ်ကိုကြီး ဂေါလာကိုပြောပါဦးဟ၊ တိပ်ခွေတွေ အသစ်ဝယ်လာတယ်၊ လာငှားပါဦးလို့"
"ဟုတ်ကဲ့ အစ်ကိုကြီး၊ ပြောလိုက်ပါ့မယ်"
မိဇံနှင့်အစ်ကိုကြီးကို ပြောနေကြချိန်တွင် သူကအကောင်းပကတိ ဘာမှမဖြစ်သော သားရေကြိုး တွေကို ဟိုဆွဲသည်ဆန့်လုပ်နေ၏။
"ညီလေး၊ မရသေးဘူးလား၊ မိဇံလေး စပါးကြိတ်ပေးလိုက်ပါကွာ၊ ပင်လယ်နား သွားရဦးမယ်ဆိုပဲ" ဟုပြောပြီး အစ်ကိုကြီး အခွံပုံနားပြန်ထွက်သွားသည်။
"ရပါတယ် အစ်ကိုကြီး၊ ကျွန်မထားခဲ့မယ်"ဟု အစ်ကိုကြီးကိုပြန်ပြောကာ "အစ်ကိုအောင်တိုင် ကြိတ်ခွဲပြီးရင် ညနေကျ လာပို့ထားပေးနော်၊ ဇံဇံပင်လယ်နား ငါးရုပ်သွားရင် မိုးချုပ်မှ ပြန်ရောက် မယ်"ဟု သူ့ကိုပါ တစ်ဆက်တည်း ပြော၍ ခြေလှမ်းရွှေ့၏။
"မိဇံနေဦး နေဦး၊ ရပါပြီဟ၊ တစ်ခါတည်းသာယူသွား"ဟု ကမန်းကတန်း ပြောလိုက်ရ၏။ စက်ကို လည်းချက်ချင်းနှိုးလိုက်သည်။
မိဇံဆန်တောင်းကို ကမ်းကြီးသတ်နား သွား၍ သူတစ်ခေါက်မပို့ချင်။ လသာရက်ဖြစ်သဖြင့် အစ်ကိုကြီးနှင့် အတွင်း ကျွန်းဘက် ငှက်ပစ်သွားမည်ဟု မှန်းထားသည်။
"အစ်ကိုအောင်တိုင်ကတော့လေ၊ ဇံဇံတို့ကျ စေတနာကို မရှိချင်ဘူး၊ စက်အကောင်းကြီး ပျက်နေ တယ်တဲ့ ညာတာ"
"နင်မသိဘဲ မပြောစမ်းပါနဲ့ဟာ"
"ဘာမသိတာလဲ၊ စောစောက သူပဲပြောပြီး"
နှုတ်ခမ်းစူ၍ အမူလုပ်သောအပြောကို အောင်တိုင်က မသိယောင် မကြားယောင် ဆောင်သည်။ မိဇံ စပါးတောင်းကို လှမ်းကောက်၍ "နင့်ဟာတစ်နေလှမ်းပြီးသားတော့ ဟုတ်ပါတယ်နော်"ဟု ပြောလိုက်၏။
"ဘာဖြစ်လို့လဲ"
"ကြေကုန်မှာစိုးလို့"
"စေတနာမထားရင် ကုန်ပါစေ၊ လုပ်ပေါ့"
စိတ်အမျက်နှင့် တစ်ချက်စွေကြည့်သည်။
တကယ်လုပ်ပေးလိုက်ရဟု တွေးပြီးမှ သနားသလို ဖြစ်မိသဖြင့် ပိုဂရုစိုက်လိုက်သည်။
ကတော့ထဲမှာ ကျလာသော ဆန်စေ့တွေကို မိဇံက တစ်ဆုပ်ကောက်၍ လက်ဝါးဖြန့်ကြည့်၏။
"ငါစေတနာနဲ့ လုပ်ပေးတာပါဟ"
"ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ရမယ့်လူလားဟ"
နှုတ်ဆိတ်၍ သူ့မျက်နှာကိုမိဇံက မော့ကြည့်၏။ အောင်တိုင် တစ်လုံး သိမ့်သိမ့်လှုပ်သွားသည်။ အပြုံးရောထားသော မိဇံ၏ မျက်နှာသည် ဤတစ်ခါ အလှဆုံးဟု ထင်လိုက်၏။ မေသူ၏ မျက်နှာ ကိုလည်း ချက်ချင်းပြေးမြင်လိုက်သည်။ မျက်နှာနှစ်ခု ပေါင်းစည်းသွားသလို ခံစားမိ၏။ တစ် ယောက်တစ်မျိုး အလှပင်။
"ကဲ...ပင့်ပေးဦး အစ်ကိုအောင်တိုင်"
ဤတစ်ခါ ငြင်းမရသဖြင့် ဆန်တောင်းကို ပင့်ပေးလိုက်၏။ သူ့မျက်နှာကို မိဇံတစ်ချိန်လုံး ကြည့်နေ သလားထင်၍ မျက်လုံးချင်းမဆိုင်ရဲတော့။
"ပိုက်ဆံပေးခဲ့ဦးလေဟာ"
"အမယ်....ပေးရမယ့်လူလားလို့"
ဟင်ဟူသော အသံနှင့် သူ့အတွေးသည် နောက်ကျူသွား၏။ မိဇံသူ့အနားက ခြေလှမ်းလေးငါး လှမ်းရွေ့ သွားပြီ၊ ခပ်တည်တည်ပင်၊ စောစောကသူ့စကားကို တုံ့ပြန်သွားတာပါလားဟု တွေး လိုက်ချိန်မှာ မိဇံက တစ်ချက်ပြုံးပြထားခဲ့၏။
သူ့အိတ်ကို ယောင်ယောင်အမှားမှားနှင့် စမ်းမိသွားသည်။ မနေ့ညနေက မေသူကိုပေးရန် အကြွေးတစ်မတ်နှင့် ဤညနေမေသူ့ဆီအသွားတွင် ပဲလှော်ထန်းလျက် ၀ယ်စားရန် မေ့မှာစိုး၍ အိတ်ထဲထည့်ထားသော အကြွေသုံးမတ်ထဲမီ မတ်စေ့နှစ်စေံကို နှိုက်၍ အစ်ကိုကြီး ဆန်ကြိတ်ခွဲခ ပုံထဲသို့ အသံမြည်အောင် ထည့်လိုက်ရလေ၏။
ရင်ခုန်နေ၏။ မေသူ၏ မျက်နှာကို ရဲရဲမကြည့်ဝံ့။ ခေါင်းငုံ့ထားမိ၏။ ပဲကြီးလှော်ကို တစ်စေ့ချင်းဝါး ကာ သဲတလင်း ကိုသာ ကြည့်နေမိသည်။ မေသူ မေးလိမ့်မည်ဟု သူမထင်မိသောစကား။
"ယုံရမှာလား"
"ယုံပါ မေသူရယ်၊ တကယ်ပါ"
သူ ခေါင်းမေ့လာသည်။
"မနေ့ညကပင် သိပြီးပါပြီနော်"
"ဘာကိုလဲဟင်"
"မိဇံနဲ့ဆိုတာ"
"မ...မဟုတ်ပါဘူး။ အမေနောက်နောက်နေတာကို သူ့တို့တကယ်ထင်လို့ပါ"
"တကယ် မဟုတ်ဘူးပေါ့"
"မကန်းကိုက် မဟုတ်ဘူး"
သူကျိန်လိုက်သည်ကို မေသူကရယ်၏။ "ပင်လယ်ထွက်ရတာမှ မဟုတ်တာ ကျိန်ရဲတာပေါ့"ဟု ဆိုသည်။
"ပင်လယ်ထွက်ရလည်း ကျိန်ဝံ့ပါတယ်"
"ပဲ့ချိတ်အတူစီးပြီး ပင်လယ်နားတော့ ထွက်ကြတယ်နော်။ လသာတဲ့ညဆိုတော့ ပျော်စရာ နေမှာ ပေါ့"
နတ်မနှစ်ကောင် ဘယ်အထိထွန်ထားခဲ့ကြပြီကို သူသိလိုက်၏။ သက်ပြင်တစ်ချက်ကို မသိမသာ ရှိုက်၏။ မေသူ၏ မျက်နှာကိုကြည့်သည်။ လေကြောင့် မီးညွန့်အလှုပ်မှာ မေသူ၏မျက်နှာပေါ် အရိပ်တစ်ခု ဖုံးသွား၏။ ခေါင်းပေါ်တွင် တွဲလီတွဲလောင်း ချိတ်ဆွဲထားသော ပိတ်စဘောင်းဘီ တွေကို မော့်ကြည့်မိသည်။
"နွေလဆို တို့ဘက် ရေတက်နည်းလို့ သူတို့အုန်းခြံထဲက ချောင်းမှာ အစ်ကိုကြီးက ပဲ့ချိတ်သွား ထားတာ။ ပဲချိတ်သွားယူရင်း သူ့အဖေတို့ ငါးတဲလိုက်မယ်ဆိုတော့ မကောင်းတတ်လို့ ခေါ်သွား တာပါ။ ပဲ့ချိတ်က သူ့တို့ အိမ်သားတွေ အစ်ကိုကြီးက ကြည့်ခိုင်းထားတာ။ မိအိုတို့ တမင် အထင် လွဲပြီး ပြောသွားတာကို မယုံပါနဲ့"
"မိဇံကို တကယ်မချစ်ဘူးပေါ့"
"မချစ်ပါဘူးဆို"
"မိဇံကကော"
"သူ့စိတ်ထဲ ဘယ်သိနိုင်မလဲ"
"မိဇံကတော့ ကိုအောင်တိုင်ကို ချစ်နေမှာပါ။ မိဇံသာ မဟုတ်ဘူး"
တစ်ရွာလုံး မိန်းကလေးတွေက သူ့ကိုကြိုက်နေကြလားမှ မသိတာ
"တစ်ရွာလုံးကြိုက်ကြိုက်၊ တစ်ပြည်လုံးကြိုက်ကြိုက် တို့ကြိုက်တာကတော့ တစ်ယောက်တည်း ပဲ"
"ဘယ်သူပါလိမ့်"
"ပြောဖို့လာတာပဲ။ ပြောရမလား"
မေသူက သူ့ကိုရွှန်းရွှန်းစားစား ပြုံးကြည့်၍ ခေါင်းညိတ်ပြ၏။
"သူလေ၊ မေသူပေါ့"
"ဟင်..."
မေသူ၏ငုံ့သွားသော မျက်နှာကို သူစိုက်ကြည့်နေသည်။ ပြောလိုက်ရ၍ရင်ထဲ ပေါ့သွားသော် လည်းရင်ခုန်နှုန်းက ပိုမြန်လာသည်။ ငယ်စဉ်မုန်တိုင်းထဲက ရင်ခုန်သံထက်ပင် ကျယ်လာသည်ဟု ထင်၏။
"တကယ်ပါ မေသူရယ်။ မေသူကို ချစ်မိတာခု ကြီးလာမှမဟုတ်ဘူး။ ဟိုတုန်းကအင်း...ဟို ငယ်ငယ် မုန်တိုင်း တိုက်ပြီးတဲ့ နှစ်ကပင်ပါ။ မေသူဟိုဘက်ကမ်းမှာ ကျောင်းသွားနေတယ်ဆိုတော့ မပြန်တော့ဘူး ထင်လို့ အမြဲလွမ်းနေရတယ်။ အစ်ကိုကြီးကို မေးကြည့်တော့ နွေကျောင်းပိတ်ရင် ပြန်လာလိမ့်မယ် ဆိုလို့ မော်တော် လာချိန်ဆို ဆိပ်ကမ်းပြေးပြီး ကျောက်မောင်နှမပေါ်က နေ့စဉ် မျှော်ရတယ်"
"နွေကျောင်းပိတ်ရင် မေသူပြန်လာသားပဲ"
"အစ်ကိုကြီး ပြောတဲ့နှစ်က မေသူ မပြန်ဘူး။ နောက်တစ်နှစ်မှ စပြီး ရွာပြန်လာတာ သုံးနှစ်တောင် ကြာ တယ်"
"အဖေနောက်မိန်းမ ယူထားတယ်ပြောလို့ ရှက်ပြီးမပြန်ဘဲနေတာ။ ဒေါ်လေးကလည်း မပြန်နဲ့ ဆိုလို့"
"မဟီမှာ မေူတို့ ဆွေးမျိုးရှိလား"
"အဖေ့နှမ တစ်ယောက်ရှိတယ်"
"ရွာကိုမလွမ်းဘူးလား။ အမေနဲ့ရွာကို လွမ်းတယ်ဆိုတာ သီးချင်းတောင်ရှိတယ်"
"အမေမှမရှိတော့တာ"ဟု မေသူကညှိုးညှိုးငယ်ငယ်ပြော၏။
"အဖေရှိတာပဲ မေသူရယ်။ ပြီးတော့ တို့ကို သတိမရဘူးလား"
မေသူက မဖြေ။ ခေါင်းငုံ့နေ၏။
"တို့တော့ မေသူကို နေ့တိုင်းသတိရတယ်"
"မေသူလည်းသတိရပါတယ်။ မဟီက သူငယ်ချင်းတွေကို မုန်းတိုင်းကြီးထတုန်းက မေသူတို့ ညကြီးမင်းကြီး အမှောင်ထဲမှာတွေ့ကြတာ၊ ကျောက်ဖျာကြီးထဲဝင်ပြီး အပူကင်ကြတာတွေကို ပြောပြတော့ သိပ် ဆန်းကြယ် တဲ့ ဖူးစားရှင်တွေပဲတဲ့။ ပုံပြင်ထဲမှာတောင် ဒါမျိုးမကြားဖူးဘူးတဲ့။ သူ့ကို မဟီက သူငယ်ချင်း တွေ သိပ်တွေ့ချင်ကြတာ။ ကျေးဇူးရှင် အသက်ရှင်ပဲဆိုတာ ငယ်ငယ်က ဖေဖေပြောဖူးတာ မှတ်မိ သေးလား"
အောင်တိုင်က ၀မ်းသာအားရ ခေါင်းညိတ်ပြသည်။
"မေသူ ရွာကို ပြန်ပြန်လာတာလေ။ သူ့ကို သတိရလို့ပဲ။ ဟိုဘက်ကမ်းလာတဲ့ ရွာကလူတွေတွေ့ တိုင်းလည်း မေးရတယ်။ အဖေ့ကိုတော့ လွမ်းလည်းမလွမ်းဘူး။ ဒေါ်လေးကလည်း နောက်မိန်းမ ယူရမလားလို့ မုန်းတယ်။ သူ့ဆလုံမက ဟိုဘက်ကမ်းက။ သူ့သံယောဇဉ်ကြောင့် ရွာပြန်တာ။ ရွာကလည်း သိပ်ပြောင်းလဲနေတယ်ဆိုတော့ ကြည့်တော့ ကြည့်ချင်တာပေါ့"
"ဒီပြောင်းလဲတယ်ဆိုတဲ့စကား မေသူခဏခဏပြောတာ တို့မှတ်မိပါတယ်။ ဒါပေမယ့် ရွာက ဘယ်လောက်ပဲ ပြောင်းလဲ ပြောင်းလဲ လူတွေဘယ်လောက်ပဲ ပြောင်းပြောင်းလဲ၊ မပြောင်းလဲတာ တစ်ခုတော့ ရှိတယ်၊ မေသူမှတ်မိလား"
"ဘာလဲ"
"တို့ရင်ထဲက အချစ်"
"မိဇံကို မဟုတ်လား"
"မဟုတ်ဘူး။ မေသူကို"
"အို...သူ...သူများမြင်"
မေသူစကားမဆုံးခင် အောင်တိုင်က ရေနံဆီမီးခွက်ကို ဟူးခနဲ မှုတ်ထည့်လိုက်သည်။ တစ်နေ့ ကပင်လေတိုက်၍ မီးခွက်ငြိမ်းသွားသည်ကို သူမှတ်ထားသည်။ မေသူအနားတွင် ဓာတ်မီးခြစ်ရှိ သည်ကိုလည်း စောစောကပင် မြင်ထားပြီး။ ထို့ကြောင့် လျှပ်တစ်ပြက် ဖက်နမ်း ပစ်လိုက်သည်။
မေသူက သူ့ကိုတွန်းပစ်လိုကသောအခါ ချက်ချင်း မီးခြစ်ကို ကောက်ယူလိုက်သည်။ တဂျစ်ဂျစ် ခြစ်ကာ မီးခွက် ကို ပြန်ညှိပေးသည်။
မေသူက သူ့မျက်နှာကို မကြည့်ဝံ့သလို မျက်လွှာချ၍ တိုးတိုးရေရွတ်သည်။
"သိပ် ဥာဏ်များတယ်"
"ခြစ်လိုက်ရတာ လက်ကိုနာသွားတယ်။ မီးခြစ်ကောင်းကောင်းတစ်ခုံး ၀ယ်ထားပါလားလားဟာ။ ဟေ ပေါက် လာပြီနော်။ တောင်ပင်လယ်က လှိုးဘူတာ တစ်ရက်နှစ်ရက်ရှိပြီ။ မိုးများရွာမလား မသိဘူး။ ပြန်ဦးမှ ထင်တယ်"
ဆက်ရန်
.

Thanks Shwezin and Sa Sa.Come and read part 13 n 14.This week very hot in Geneva up to 32...hooooo.How's in our beloved Manlay.
ReplyDeleteGyidaw