“ရော့ မင်း ဒီဖဲထီးသံလုံး ကိုယူ၊ လာလာ တို့ငှက်ရဲကျောက်ဆောင်ဘက်သွားရအောင် ”
သူသဲပြင်ထဲ၌ ဟိုထိုးဒီထိုးလုပ်ထားသော ဖဲထီးသဲလုံးကို အောင်တိုင်ဆီပြန်ပေး၏။ အောင်တိုင်က မယူချင် ယူချင်နှင့် ပြန်ယူလိုက်၏။ စိတ်ထဲကမူ မကျေနပ်။ ဒီနေ့တော့ ဒုက္ခပဲ၊ ဒီကောင့်ဆီမှာ တစ်ညလုံး တပည့်ခံဖို့ လိုက်လာသလို ဖြစ်နေပြီ၊ ခုဒီဖဲထီးသံလုံးကို ငါ့ကိုင်ခိုင်းတာ တပည့် တပန်းတစ်ယောက်ကို လက်တို လက်တောင်း ခိုင်းဖို့ခေါ်လာသလိုပါလားဟု အောင်တိုင်အတွေး ပေါက်လာသည်။
ရွယ်တူဆီမှာတော့ အောင်တိုင် တပည့်မခံချင်။ ကောင်းကျော် နှင့် စာလျှင် သူ့ အစ်ကိုဂေါလာ ဆီမှာ တပည့်ခံ လိုက်ရတာမှ တော်ဦးမည်ဟု နာနာကြည်းကြည်း တွေးမိ၏။ ထို့ကြောင့် ကောင်းကျော် သဲပြင်ကို ဖဲထီးသံလုံး နှင့် စွပ်ကယ်စွပ်ကယ်ထိုးပြီး နမ်းကြည့်သည်ကိုပင် ဘာလုပ်တာလဲဟုသာ မကျေမနပ်နှင့် နှုတ်ဆိတ် လိုက်ပါလာ၏။ သို့သော် ကောင်းကျော်ကမူ သူ့ကိုနှိမ်လိုသည့်သဘော မပြ။ သူသိသမျှ ကြုံဖူး သမျှသာ တစ်လမ်းလုံး လေရှည်ဆွဲ၍ အောင်တိုင်ကို ပြောပြလာ၏။ အောင်တိုင့်အမေမှာ ဆလုံဖြစ်သည့် အပြင် မိုးတွင်း က ဘုန်းကြီးကျောင်းလည်း အတူနေထား ရသဖြင့် ကောင်းကျော် က အောင်တိုင်ကို အခင်ကြီး ခင်နေ၏။
“လိပ်ဥ ဥသွားတဲ့ နေရာနားတစ်ဝိုက်ကို လိပ်မကြီးက လျှောက်ကစားဖွထားခဲ့တော့ ကျင်းရှာရတာ မလွယ် ဘူး ကွ၊ ဖဲထီးသံလုံးနဲ့ ထိုးကြည့်ရတယ်၊ သဲပြင်ကို ဖဲထီးသံလုံးနဲ့ ထိုးကြည့်တော့ ဥကျင်းမိရင် ပျော့စိစိ တွေ့တယ်၊ ဥပေါက် တစ်လုံး တလေ ကွဲတဲ့အတွက် ဖဲထီးသံလုံးကို ပြန်နုတ်ပြီး နမ်းကြည့်ရင်ညှီနံ့ရတယ်၊ အဲဒါ ဆိုရင် ဥကျင်းမိပြီပေါ့၊ ခုဒီရေသူမ ကျောက်စွန်းနားက သဲသောင် မှာ တက်ဥသွားတဲ့ လိပ်မကြီးဟာ နောက် ဥတစ်ကျင်း လာဥဦးမယ်၊ အဲဒါကြောင့် လိပ်ဥရှာတဲ့ လူတွေဟာ ဘယ်နေ့ ဘယ်ရက်က ဥထား ခဲ့မှန်း မသိတဲ့ ဥကျင်းကို တွေ့တာထက် ဥနေ တဲ့ လိပ်မ ကို ပိုပြီးမက်မောကြတယ်။
ဥနေတဲ့ လိပ်မကြီးကို တွေ့ရင် နောက်တစ်လအကြာ အချိန်နေ့ရက် တိတိကျကျမှာ နောက်ဥတစ် ကျင်းရဖို့ ကျိန်းသေ တယ်လေ၊ ဒီလိုမဟုတ်လား ”
အောင်တိုင် က သူ့စကားကို စိတ်ဝင်စားသော်လည်း ဆရာလုပ်မှာစိုး၍ အင်းမလုပ် အဲမလုပ် လိုက်လာသော အခါ ကောင်းကျော်မှာ သူ့စကားသူ ပြန်ထောက်ခံပြော၍ ရှေ့ကစိုက်စိုက် စိုက်စိုက် နှင့် ငှက်ရဲ ကျောက်ဆောင်ဘက် လျှောက်နေ၏။ သည်နေ့မှာ တပည့်တပန်း လုံးလုံးဖြစ်လာရသော အောင်တိုင် ကလည်း နောက်က ထက်ကြပ်မကွာ လိုက်ပါလျက် ရှိလေသည်။
သူတို့ နှစ်ယောက် ငှက်ရဲကျောက်ဆောင်နား ရောက်လာကြချိန်မှာ ပင်လယ်နက် အဝေးဆီတွင် လရောင် ကို လှမ်းမြင်ရ၏။ တနင်္လာရီတောင်တန်းတွေကို လရောင်ကျော်နေလေပြီ။ တောင်တန်း တောအုပ်တွေ ကွယ်နေသဖြင့် လရောင်သည် ပင်လယ်ကမ်းခြေသို့ မရောက်သေး၊ ပင်လယ် ပြင်၌သာ ဦးစွာ ကျရောက် နေ၏။
လှိုင်းသံတို့ ပိုဆူလာ၏။ လရောင်ထဲက အိမ့်လှိုင်းလုံးကြီးတွေ ပိုမြင့်လာသည်။ ကမ်းခြေဘက် ပြေး လာသော ချိုးလှိုင်းကြီးများသည် ငှက်ရဲကျောက်ဆောင်ကို တ၀ုန်းဝုန်းနှင့် လာရိုက်နေကြ၏။ လှိုင်းလုံးကြီး တွေ လာရိုက်၍ ရေငန်စဉ်သောအခါ ငှက်ရဲကျောက်ဆောင်ပေါ် သွားနားကြသော ညငှက်တွေက နေရာ ရွှေ့နေကြ၏။ ခုန်ဆွခုန်ဆွနှင့် နေရာရွှေ့နေသော ညငှက်စွန်ရဲများသည် တစ်ကောင်နှင့် တစ်ကောင် နေရာကောင်း လုရင်းလည်း ရန်ဖြစ်စကားများနေကြ၏။
ကျောက်ဆောင် မည်းမည်းထီးထီးများပေါ်တွင် သူတို့တစ်ရပ်နီးပါးခန့်မြင့်သော ပင်လယ်ငှက် ကြီးတွေကို လှမ်း ကြည့်ကာ အောင်တိုင်မှာ အသည်းတယားယားဖြစ်နေ၏။
ရေလှိုင်းကြီးတစ်လုံးသည် ကျောက်ဆောင်ကို ၀ုန်းခနဲလာရိုက်၏။ အမှောင်ထဲတွင် ရေပန်း ရေသီးတွေ ဖွေးဖွေး လွင့်စဉ်သွားကြသည်။ ငှက်ရဲကြီုးများပင် လန့်အော်ထပျံကြ၏။ ကျောက်ဆောင် ပေါ်မှ ထပျံသွားသော ငှက်ကြီးများ၏ ဖြန့်ကားထားသော တောင်ပံနှစ်ဖက်မှာ လူကြီးတစ်လံပင် ကျော်ပေမည်။ လှိုင်းရိုက်ရေစဉ်သဖြင့် ကျောက်ဆောင်ပေါ် ပျံဝဲနေကြသော ငှက်ကြီးများသည် လရောင်ရှိရာ အမြင်ထိ ပျံ တက်ကြ၏။ ပြီးမှတစ်ဖန် ပျံဝဲကာ ခြေထောက်နှစ်ချောင်း တွဲလောင်း အလျင်ချပြီး ကျောက်ဆောင်ပေါ် ပြန်နားကြ၏။
ရေကြည်အိုင်နှင့် ကျောက်ဆောင်သံတန်းကြား အောင်တိုင်တို့ ဖြတ်လျှောက်နေကြစဉ် ချိုးလှိုင် တစ်လုံး သည် သဲခုံပေါ်ဝေါခနဲ တက်လာ၏။ သူတို့ခြေမျက်စိ မြုပ်သွားသည်။ နောက်လှိုင်းတစ်လုံး လာနှင့် ငှက်ရဲကြီး တစ်ကောင်၏ တဗြောင်းဗြောင်း အတောင်ပံ ခတ်လိုက်သံသည် ငှက်ရဲကျောက် ဆာင်ကိုပင် ပြန်၍ ပဲ့တင်ထပ်သွား၏။ ကျောက်ဆောင်ပေါ်က ငှက်ရဲများသည် ရုတ်ခြည်း ကျွတ်ကျွတ်ဆူညံသွားကြ၏။ အောင်တိုင် ပင် လန့်ဖျပ်ပြီး အသံကြားရာသို့ လှည့်ကြည့်မိပြီးသား ဖြစ်သွားသည်။
ကျောက်ဆောင်ပေါ်မှ ထပျံသွားသော ငှက်ရဲကြီးတစ်ကောင်သည် လှိုင်းထိပ် မှ လူကြီးခြေသလုံး လောက် ရှိသော ငါးကြီးတစ်ကောင်ကို အတင်းဆင်းကုပ်သည်။ ရေထဲမှ ငါးံကြီးကို ဖွေးခနဲ ဆွဲတင် လာ၏။ ငါးရသွားသော ငှက်ရဲကြီးနောက်ကို ကျောက်ဆောင်ပေါ်က ငှက်ရဲကြီးများ အော်ဟစ်ဝိုင်း လိုက်ကြသည်။ သူ့ခြေထောက်နှစ်ဖက်နှင့် စွန့်စွန့်စားစား ဆင်းကုပ်ရထားသော ငှက်ရဲကြီးကလည်း တခြားငှက်များ လုစားကြမည် စိုးသဖြင့် တောတန်းတောင်ခြေဘက် သို့ ပျံပြေးသွား၏။
ကျောက်ဆောင်ပေါ်က ငှက်ကြီးများ ပို၍ ဆူဆူညံညံ ဖြစ်သွားကြသည်။ ဒီရေတက်စ ပြုလာပြီဖြစ် သဖြင့် လှိုင်းသံလည်း ပိုဆူလာ၏။ မကြာခင်ပင် ကျောက်ဆောင်ပေါ်မှ လှမ်းငုံ့ကြည့်နေသော ငှက်ရဲကြီး တစ်ကောင် သည် လှိုင်းလုံးထဲမှ ငါးကြီးတစ်ကောင်ကို ဆင်းကုပ်ပြန်၏။ ငါးကြီးမှာ လူကြီးတစ်ယောက် ပေါင်လုံးခန့် ရှိသဖြင့် ရေပေါ်မှ တစ်လံခန့်သာ မြင့်ချီလာနိုင်ပြီး ငါးကြီးရော ငှက်ရဲကြီးပါ ရေထဲ ပြန်ကျ သွားကြသည်။ စောစောက ငါးဆင်းကုပ်၍ ချီသွားသော ငှက်ရဲကြီးကို အားကျမခံဘဲ သူ့ထက်ကြီးသော ငါးကြီး ကို ဖမ်းကုပ်ထားမိသော ငှက်ရဲကြီးမှာ ယခုတော့ လွှတ်မရ ချမရနှင့် ဒုက္ခလှလှကြီး ရောက် နေလေပြီ။
ဆာလောင်မွတ်သိပ်မှု အာဟာရဇောနှင့် ငါးကြီး၏ ကျောကုန်းကိုတအား ခြစ်ကုပ်ထားသော သူ၏ ရှည်လျားချွန်ထက်သည့် ခြေသည်းနှစ်ဖက်မှာ ရုတ်တရက် ပြန်ဖြုတ်မရ ဖြစ်နေ၏။ ငါးကြီးကလည်း အတင့်ရဲ လွန်းသော ငှက်ကြီး ကို ရေနှစ်သက်ရန် ရေအောက်သို့ တအား ငုပ်ဆွဲနေပုံရ၏။ ဆောက် တည်ရာ မရ ဖြစ်နေသော ငှက်ရဲကြီးသည် ကြီးမားကျယ်ပြန့်သော အတောင်ပံကြီုး နှစ်ဖက်ကို လေထဲတွင် နစ်ပါမသွားအောင် ဂဌုန်တောင်ပံဖြန့်၍ ကာကွယ်ထား၏။ နောက်ဆုံးကြိုးစားခြင်း အနေဖြင့်လည်း ငါးကြီးကို မြှောက်ချီ ထမ်းပျံနိုင်ရန် ကြိုးစားနေ၏။ သို့သော် ငှက်ရဲကြီုးသည် ငါးကြီး အားရေပေါ်မှ လေးတောင် တစ်လံပင် မြှောက်ချီမရတော့။ တစ်ထွာတစ်မိုက်သာ ဆွဲနိုင်ပြီး ရေထဲ ပြန်ကျ၏။
ရေထဲတွက် ကျက်စား၍ ရေထဲတွင် အားသန်သော ငါးကြီးကလည်း ငှက်ရဲကြီးကို အတင်းရေထဲ ဆွဲနှစ်ရန် ရေထဲပြန်ရောက်လာတိုင်း ကြိုးစားနေ၏။ သို့သော် ငှက်ရဲကြီးက သူ့အား မိုးပေါ် ထမ်းပျံ မပြေးနိုင်သလို သူကလည်း ငှက်ရဲကြီးအား ရေထဲ ဆွဲနှစ်မပြေးနိုင်ပေ။ သူငှက်ရဲကြီးအား ရေထဲ ဆွဲနှစ်သတ်ရန် လုပ်တိုင်း ငှက်ရဲကြီးသည် သူ၏ကြီးခိုင်ပြန့်ကားသော တောင်ပံကြီးနှစ်ဖက်ကို လေထဲရေပေါ်တွင် ဖြန့်ကာထား၏။ သူ့အတောင်ပံကြီုး နှစ်ဖက်ကို လေရိုက်ရေရိုက်ထားသောအခါ ငှက်ရဲကြီးကို ဘယ်လိုမှ အောက်သို့ ဆွဲနှစ်၍ မရ၊ ရေပေါ် ရှပ်၍ ငါးကြီးလျှောက်ပြေးသောအခါ ငှက်ရဲကြီးမှာလည်း ရေပေါ်ရှပ်တိုက်၍ လွင့်ပါနေရ၏။

ရေထဲ ကျနေသော သူ၏ အတောင်စွန်း နှစ်ဖက်မှ ရေပန်းရေမွားများသည် ငါးကြီးဆွဲတိုင်း နောက်တွင် ဖွေးဖွေးစင်တန်း၍ ပါနေကြ၏။ သူ့နောက်တွင် အကူပေးလိုသော ငှက်ရဲကြီးများက အထိတ်တလန့် အော်၍ ပျံလိုက်နေကြ၏။ သို့သော် ရေထဲက ငါးကြီး၏ ကိုယ်လုံးကို မြင်သောအခါ သူတို့်မှာ အကူမရဲကြ။ အစာရမ္မက်လွန် သော ငှက်ရဲကြီးကိုသာ မနိုင်မှန်းနိုင်မှန်း မသိဘဲ ဆင်းကုပ်ရလေမလားဟု တစ်ယောက်တစ်ပေါက် ပြစ်တင်မာန်မဲနေကြသလို ဆူဆူညံနေကြ၏။
ယခုမှ ၀န်နှင့်အား မြားနှင့်လေး မမျှဘဲ လောဘရမ္မက်ကြီးစွာ ဆင်းကုပ်မိလေခြင်းဟု နောင်တရ ဟန်ရှိသော ငှက်ရဲကြီးခမျာမှာ စောစောက ကျောက်ဆောင်ပေါ် အတူတကွ နားခဲ့ဖူးကြသော သူငယ်ချင်းများကို ကယ်ကြပါ ကူကြပါ အော်ဟစ်ရင်း ငါးကြီးဆွဲခေါ်ရာပင်လယ် သမုဒ္ဒရာနက်ထဲ မျက်စိသူငယ် နားသူငယ်နှင့် ပါနေရရှာ၏။ သူ၏ မဆင်မခြင် ဆင်းကုပ်မိသော ခြေသည်းရှည်နှစ် ဖက်ကိုမူ ယခုထိ ပြန်ဖြုတ်၍ မရသေး။ ကူနိုင်လိုသူနိုင်ငြားလိုက်ကြည့်ကြသော ငှက်ရဲကြီးများပင် ယခုအခါ လက်လျှော့၍ တအိအိမြည်ညည်းပြီး ကျောက်ဆောင်ပေါ် ပြန်လာနေကြလေပြီ။
“ဟဲ့ကောင် အောင်တိုင် ဘားငေးကြည့်နေတာလဲ လာကွာ၊ ဒီရေအတက်ကြမ်းလာပြီ၊ အတော်ကြာ သဲတန်ကျောက်ဆောင်တွေပါ ရေမြုပ်တော့မယ် ”
ငှက်တစ်ပြန် ငါးတစ်ပြန် ဖြစ်နေရာမှ ပင်လယ်နက်ထဲ လွင့်ပါသွားသော ငှက်ရဲကြီးကို ငေးကြည့်နေ သောငှက်ရဲကြီးကို ငေးကြည့်နေသော အောင်တိုင်အား ကောင်းကျော်ကလှမ်းခေါ်အော်ပြောသည်။ ပင်လယ်အတွေ့အကြုံများ၍ သူ့အစ်ကို ဂေါလာနှင့် လိပ်ဥတူး အကြိမ်ကြိမ်အခါခါ လိုက်ဖူးထား သော ကောင်းကျော်အနေကမူ မြင်နေတွေ့နေကျမို့ ဆန်းပုံမရတော့။ မြင်ရဖန် ကြုံရဖန်များ၍ သူ့အ နေက ရိုးနေပြီဖြစ်လေသည်။
အောင်တိုင် လှမ်းကြည့်သောအခါ ကောင်းကျော်သည် သူ့ရှေ့ခြေလှမ်းသုံးလေးဆယ်ခန့်လောက် ရောက် သွား လေပြီ။
သည်နေ့မှ ကောင်းကျော် ပြောသမျှ လိုက်နာရတော့မည်ကို အတပ်သိလိုက်သော အောင်တိုင် သည် ကောင်းကျော်၏ နောက်ကို အပြေးကလေးလိုက်လာရလေသည်။
လထွက်လာပြီဖြစ်သဖြင့် သောင်ပြင်ပေါ်က ကျောက်လုံး ကျောက်တုံးများကို သဲသဲကွဲကွဲမြင်လာရ ၏။ သူတို့ လျှောက်နေကြသော ချိုင်ကို သာဝတိသာချိုင်ဟု ခေါ်ကြောင်းတော့ အောင်တိုင်သိ၏။ ဤချိုင်မှာ သူတို့်ရွာနှင့် ပိုလှမ်း၏။ နောက်ထပ် ရက်သတ္တလေးငါးပတ် ကြာ၍ လှိုင်းလေတို့ ပိုငြိမ် လာလျှင် ဤချိုင်၌ ယာယီတံငါတဲများနှင့် တံငါလှေများ ဆိုင်ထားသည်ကို မြင်ရပေတော့မည်။
အောင်တိုင့်အဖေ၏ လုံးထွင်းလှေနှင့် ယာယီတဲငယ်သည်လည်း ဤချိုင်တစ်နေရာရာ၌ ရှိလာရပေ မည်။ ယခင့်ယခင် နှစ်တွေက ဤချိုင်သို့ အောင်တိုင်တို့် အဖေကို ထမင်းလာပို့ရမည်မှာ မုချပင် တည်း။
အဖေ ဘယ်နေရာလောက် တဲဆောက်မလဲဟု အောင်တိုင် ငေးရင်း တွေးလာ၏။ ကောင်းကျော် ကတော့ ဟိုဟိုဒီဒီ ကြ့ည်ကာ ရှေ့သွက်သွက် လျှောက်နေ၏။ တုံ့ခနဲ့ ရပ်သွားသော ကောင်းကျော် ၏ ခြေလှမ်းနှင့်အတူ အောင်တိုင်၏ ခြေလှမ်းကလည်း တုံ့ခနဲ ရပ်သွား၏။ သူ့ကို နောက်ပြန် မသိမ သာ လက်ကာပြပြီး ကောင်းကျော်သည် ရှေ့တူရူသို့ စူးစူးစိုက်စိုက် ကြည့်နေမိ၏။
သူတို့ရှေ့ရှိ ခြေလှမ်းသုံးလေးဆယ်လောက် အကွာတွင် လူကြီးတစ်ယောက်ဖက် နီးပါးခန့်ရှိသော မည်းမည်းဝိုင်းဝိုင်း အရာဝတ္ထုတစ်ခု ပင်လယ်ဘက်မှ တွားတက်လာနေသည်ကို လရောင်ထဲ၌ အတိုင်းအသားမြင်နေရ၏။ တရွေ့ရွေ့တက်လာနေသော အရာဝတ္ထုကို ရုတ်တရက် အောင်တိုင် မဝေခွဲတတ်၊ လိပ်ကြီးလားဟုတော့ အောင်တိုင် တွေးမိ၏။ သို့သော် ဤမျှ ကြီးသော ပင်လယ်လိပ် ကြီးကိုတော့ အောင်တိုင် တစ်ခါမှ မမြင်ဖူး။ ထို့ကြောင့် သူ့ထက် အတွေ့အကြုံ ရင့်နေသော ကောင်းကျော် ကို မေးရ၏။
“ဟင်ကွ၊ ကောင်းကျော် အဲဒါဘာလဲ ”
“လိပ်၊ လိပ်”
“လိပ် ဟုတ်လား”
အံ့သြ၀မ်းသာလွန်း၍ အောင်တိုင်က အသံကျယ်သွား၏။
“မအော်ရဘူးကွ၊ အသာကြည့်နေရတယ်”
ကောင်းကျော်က ကြားရုံမျှ လေသံနှင့် တီးတိုးပြောကာ သဲပြင်တွင်အသာလေး ၀မ်းလျား ထိုးမှောက်နေရ၏။ အောင်တိုင်လည်း ကောင်းကျော်နည်းတူ လိုက်၍ ၀မ်းလျားထိုးမှောက် နေရ၏။
ပင်လယ်ဘက် မှ တွားတက်လာသော လိပ်မကြီးသည် ဒီလှိုင်းတက်ရောက်ရာ ရေစပ်နှင့် ခြေလှမ်း ငါးဆယ်ကျော် လောက်ထိ သဲသောင်ပေါ်သို့ တွားတက်လာ၏။ ကောင်းကျော် သည်လည်း လိပ်မကြီး နည်းတူ သဲသောင်ပြင်တွင် ရွေ့ရွေ့တွား၍ ကျောက်တုန်းတစ်ခုနား သို့်ခိုကပ်သွား၏။ အောင်တိုင်ကလည်း လိုက်ကပ် ရသည်။
“ဟေး ...ကောင်၊ တို့လိပ်မကြီးနား သွားကပ်လို့ ဖြစ်ပါ့မလား၊ လိပ်မကြီးမြင်သွားရင် ပင်လယ်ထဲ ပြန် ဆင်းပြေး သွားပါဦးမယ်”
ကောင်းကျော်က လိပ်မကြီးနှင့် ပိုနီးသော ကျောက်တုန်းတစ်တုန်းနားတွင် သွားကပ်ရန် ၀မ်းလျားထိုး စရွေ့ လာသော အခါ လိပ်မကြီး စိုးရိမ်သွားသော အောင်တိုင်က ခြေထောက် ဆွဲထား၍ အသံတိုးတိုးနှင့် သတိ ပေး၏။
“မင်း နားမလည်ပါဘူး၊ ဒီအချိန်မှာ မတော်တဆ တခြားလိပ်ဥရှာသမားတွေ မမျှော်လင့်ဘဲ ရောက်လာရင် ဒီလိပ်မကြီးကို တို့ပင်လယ်ထဲက တက်လာကတည်းက မြင်ထားတယ်၊ စောင့်ကြည့်နေတယ်ဆိုတာ ပိုပြီး ပြောအား ရှိအောင် နီးနီးနားနား ကပ်ထားမှကွ၊ တို့်က ကလေးတွေဆိုတော့ လူကြီးတွေက မတရား အနိုင် ကျင့်ချင် ကျင့်မှာ၊ မင်းဖြည်းဖြည်းသာ တွားလာခဲ့၊ လိပ်မကြီးဟိုဘက် လှည့်ပြီး ကျင်းယက်စ ပြုနေပြီ၊ တို့ကို မမြင်နိုင်ဘူး၊ လရိပ် ကျနေတဲ့ရှေ့ကျောက်တုံးနား တွားလာခဲ့”
ကောင်းကျော်က လေကြွားသံနှင့် တိုးတိုးပြောသလိုပင် အောင်တိုင်ကလည်း လရိပ်ကျနေ သော ကျောက်တုံးခြေရင်းအမှောင်ထဲ တွားဝင်ရ၏။ အောင်တိုင်မှာ အသက်ပင် ရဲရဲမရှုရဲ၊ ပထမဦးဆုံး အတွေ့အကြုံမို့ ရင်ထဲတဒိတ်ဒိတ် ခုန်နေ၏။
ကောင်းကျော်ပြောသည်မှာ မှန်၏။ သဲပြင်ပေါ်မှ လိပ်မကြီးသည် ချက်ချင်း သဲထဲ မြုပ်ဝင် သွား၏။ သဲမှုန်သဲပွင့်များ ကျစ်စာအဖြစ် အပေါ်သို့ ဖွားဖွား ဖွားဖွား လွင့်တက်လာကြသည်။ လိပ်မကြီး ဥများ ဥရန် ကျင်းယက်နေပြီဖြစ်ကြောင်း ကောင်းကျော်က တီးတိုး ထပ်ပြော၏။ သူကား အတွေ့အကြုံ ရင့်နေပြီမို့ အတပ်သိ နေ၏။ မကြာခင် သဲမှုန် သဲပွင့်များ အပေါ်သို့ စဉ်တက်မလာတော့ဘဲ စဲသွား၏။ လိပ်မကြီး ဥ ဥနေပြီ ကွ ဟု ကောင်းကျော်က အားရ၀မ်း သာပြန်ပြော၏။ အောင်တိုင်ကမူ လိပ်ကျင်းရှိရာသို့သာ မျက်တောင် မခတ် စိုက်ကြည့်နေ ၏။
ဥ ဥပြီးသွားသော လိပ်မကြီးသည် သူ့ကျင်းသူ ပြန်၍ သဲတွေနှင့် ယက်ဖုံး၏။ ပြီးလျှင် သူ့ဥ ကျင်းနား တ၀ိုက်ရှိ သဲသောင်ပြင်ကို ပတ်ချာလှည့်၍ ယက်ကန် ဖွကစား၏။ သူ့လှည့်ပတ် ယက်ကန်၍ ဖွကစား ထားခဲ့သော နေရာအ၀န်းအ၀ိုင်းမှာ တလင်းရာ တစ်ဝန်းခန့်ပမာဏ ရှိလေသည်။ ဤသည်မှာ သူ၏ဥကို ရှာဖွေ ယူလိုကြသော ရန်သူများ ဥကျင်းကို ရုတ်တ ရက် ရှာမတွေ့နိုင်အောင် သဘာဝအသိနှင့် ကျင်းဖျောက် နေပြီဆိုသည်ကိုတော့ စောစော ကပင် ကောင်းကျော်ပြောပြထား၍ အောင်တိုင် သိထားပြီး လေပြီ။
ကျင်းဖျောက်ယက်ကန် ကစားပြီးသော လိပ်မကြီးသည် သူ့ဥများကို စိတ်မချသလိုနှင့် ဦးခေါင်းမော့ကာ အရပ် လေးမျက်နှာ ၌ လူသူလေးပါး ဘေးရန်ကင်း မကင်းကို ကျီးကန်း တောင်းမှောက် လှည့်ပတ် ရှာဖွေ ကြည့်၏။ စိတ်ချရပြီဟု ထင်သွားပုံရသည်။ ခဏသာ လှည့်ပတ်ကစားပြီး ပင်လယ်လှိုင်းများ တဖျပ်ဖျပ် ရိုက်ခတ်နေသော ရေစပ်သို့ တအိအိ လျှောဆင်းပျောက်ကွယ်သွားလေသည်။ လိပ်မကြီး ပင်လယ်ထဲက တက်လာစဉ် ကတည်း ကပင် လိုက်လဲချောင်းကြည့်နေကြသော အောင်တိုင်နှင့် ကောင်းကျော်တို့မှာ လွယ်လွယ် ကူကူ ပင် လိပ်ဥများကို သဲတွင်းထဲမှ စဖော်ကြ၏။
အကယ်၍ လိပ်မကြီး ပင်လယ်ထဲမှ တက်လာသည်ကိုလည်း မမြင်လိုက်၊ ဥထားခဲ့သော ဥကျင်း နေရာ ကိုလည်း အတိအကျ မသိရလျှင်တော့ လိပ်မကြီးယက်ကန်ကစားထားခဲ့ သော တလင်းရာ တစ်ဝန်း အပြန့်ရှိ သဲသောင်ထဲကို အသင့် ပါလာသော ဖဲထီးသံလုံးနှင့် ထိုးရှာကြရပေလိမ့်မည်။
“ဒီလိပ်က ပြင်သာလိပ်ခေါ်တယ်တဲ့ကွ၊ ဥထဲမှာတော့ အဆိမ့်ဆုံး လိပ်မျိုးပဲ၊ ပြတို့ ကြက်တူရွေးတို့လို အနှစ် မနည်းဘူး”
သဲထဲက လိပ်ဥများကို အောင်တိုင် စောင်ပိုင်းထဲ ကောက်ထည့်နေစဉ် ကေင်းကျော်က လူတက်ကြီးလုပ်၍ ပြော နေပြန်၏။ အောင်တိုင်သာ ၀မ်းသာအားရနှင့် သူ့စောင်ပိုင်းထဲ လိပ်ဥတွေ အလျင်စလို ကောက်ထည့် နေသော်လည်း သူကမူ သဲကျင်းနှုတ်ခမ်းပေါ် ထရပ်ကာ ဟိုဟိုဒီဒီ ကြည့်၍ လိပ်ဋီကာ ချဲ့နေပြန်၏။
“ဆောင်းရမ်းနဲ့ ပြက ဥနည်းတယ်ကွ၊ ပြင်သာနဲ့ ကြက်တူရွေးသာ ဥများတာ၊ ငါထင်တယ်၊ တို့ဥတွေက နှစ်ရာကျော် ... ဟိုက်...ဟို ဟိုမှာ လိပ်ဥရှာသူတွေ လာနေတယ် မြန်မြန်ထည့် ကွ”
ရုတ်တရက် အောင်တိုင် ရင်ထိတ်သွား၏။ သလဲနှင့်ရောနေသောလိပ်ဥများကို ကမန်းကတန်း လက်ခုပ်နှင့် ကျုံးကျုံးထည့် ရ၏။ ကောင်းကျော် က စောင်ကို ဖေးမ ၀င်ကိုင်ပေးသည်။ သူလည်း လူရိပ်လူခြည် မြင် သဖြင့် လျှာမရှည်နေနိုင်တော့။
အောင်တိုင်က ကမန်းကတန်း တစ်ချက်လှမ်းကြည့်၏။ လရောင်ထဲတွင် မည်းမည်း လူရိပ်နှစ်ရိပ် သည် သူတို့် နှင့် အတော်နီးလာလေပြီ။
“အောင်တိုင် ဒီလိပ်ဥ တွေ ငါနေရာ သွားရွေ့ထားလိုက်မယ်ကွ၊ မရွေ့မိရင်အဲဒီလူတွေပါ တို့ တစ်ဝက် ပေးရမယ် ဆိုတဲ့ ဥပဒေ ရှိတယ်၊ သူတို့ ဒီနားမရောက်ခင် ကျန်တဲ့ ကျင်းထဲက လိပ် ဥတွေ မင်းရနိုင် သလောက် ကျုံးယူပြေးလာခဲ့ကွာ၊ တို့ ကျင်းတွင်းထဲ မမိရင် သူတို့်ကို ပေးစရာမလိုဘူး”
ဆက်ရန်
.

Come and sweep Pho Kyawt 6,7,8.Thanks Shwezin.
ReplyDeleteGyidaw
အမကြီးရေ.........
ReplyDeleteဖတ်ပြီးသွားပြန်ပြီ.....
စာပေအကျိုးကြောင့် အမကြီးရွှေစင်
ကျန်မာချမ်သာပါစေဗျာ။