Tuesday, August 16, 2011

အောင်ခက် ၏ အမှောင်လမ်း

အမှောင်လမ်း
အောင်ခက်

မညိုသည် စကားတစ်လုံးမျှမဆို။
ကျွန်တော်လည်း စကားတစ်လုံးမျှမဆိုမိ။
အားငယ်ဝမ်းနည်းမှု့ ဖြင့် ရီဝေနေသော မညိုမျက်လုံးအစုံသည် ကျွန်တော့်အား စိုက်ကြည့်နေသည်။ သည် အကြည့်ထဲ ၌ မညိုသည် သူ့ရင်ထဲက ဝေဒနာကို ပြောနေသည်လား၊ ကျွန်တော့်ရင်ထဲက ဝေဒနာ ကို ရှာဖွေနေသည်လား။ ကျွန်တော်နားမလည်မိပေ။

မညို အသိထဲက ကျွန်တော့်ကို မုန်းတီးဖို့၊ နားကြည့်ဖို့ ကြိုးစားနေလိမ့်မည်။ ကျွန်တော်လည်း သူ့အပေါ် မုန်းတီးပစ်ဖို့၊ နားကြည်းပစ်ဖို့ ကြောက်ရွံ့စွာ လိုလားတောင်းဆိုနေမိသည်။ သို့သော် မညိုရင်ထဲက ခံစားနေရသည်များကို မညိုမျက်လုံးထဲမှာ ကျွန်တော်တွေ့နေရသည်။ ခံစားမှုဆိုတာ က ဘယ်သူများ လုံခြုံ အောင် ၀ှက်ထားနိုင်လို့လဲ မညိုရယ်။

ကျွန်တော်မှာ မောပန်းနေသော ခံစားမှုများဖြင့် မညိုမျက်နှာလေးကို အသိမဲ့စွာ ငေးကြည့်နေမိ သည်။ မညို၏ နွမ်းရော်မှိန်ဖျော့နေသော မျက်လုံးအစုံတွင် မျက်ရည်စတို့ စိုစွတ်ရစ်ဝိုင်းလာနေ သည်။ ကျွန်တော့် ရင်ထဲ က တင်းကျပ်လာသော ပင့်သက်မောကို တိတ်တခိုး မှုတ်ထုတ်ပစ်လိုက် မိသည်။ မညို ဘာပြောချင် နေသလဲ။ ကျွန်တော်နားထောင်ချင် နေမိသည်။ သို့ပေမယ့် မညိုပြော မည့်စကားတွေ ကျွန်တော်သိနေနှင့် ပြန်သည်။ မကြားချင်တော့ပေ။ မညိုမျက်လုံးအိမ်မှ မျက်ရည် ဥတို့ပါးပေါ်သို့ တစ်လုံးချင်း လိမ့်ဆင်း လာနေသည်။ မျက်လုံးအိမ်တွင် မျက်ရည်တို့ ပြည့်ဖုံးလိုက် လာသည်။ တွေတွေကျလာနေသည့် မျက်ရည် တွေကို မညိုသုတ်မပစ်။ ရှိုက်သံတစ်ချက်မထွက်။ မညိုတင်းခံထားသည်။ သူ့အပေါ်နှုတ်ခမ်း သားလေးကို ခပ်တင်းတင်း ဖိကိုက်ထားသည်။ မျက် ရည်ကြည်လေးများ လျှံနေသေည့် မျက်လုံးအစုံဖြင့်ပင် ကျွန်တော့် မျက်နှာ ကို စူးစိုက်ကြည့်နေပြန် သည်။

ကျွန်တော့်ရင်၌ ငိုပစ်လိုက်ချင်သော ၀မ်းနည်းစိတ်တို့ နင့်ခနဲ ဆောင့်တက်လာသည်။ မျက်လုံး အိမ်သို့ မျက်ရည် များ ၀ိုင်းတက်လာသည်။ မညိုထံမှ ကျွန်တော် မျက်နှာလွှဲပစ်လိုက်မိသည်။ ကျွန်တော့်ဘေးရှိ စားပွဲငယ် ပုလေးသည် ကျွန်တော့်စာအုပ်များနှင့် ရှုပ်ထွေးနေသည်။ ဆေးလိပ်တို၊ ပြာခွက်၊ လွင့်ကျ နေသော ဆေးလိပ် ပြာတို့နှင့် ပွကြဲနေသည်။ ကျွန်တော်မဂ္ဂဇင်း တစ်အုပ်ကို ဆွဲ လှန်နေမိသည်။ ကျွန်တော့်အာရုံထဲ၌ မကြည့်ဘဲမညိုမျက်နှာလေးကို မြင်နေမိသည်။ ကျွန်တော့် နှလုံးသားတစ်ခုလုံး ၀မ်းနည်းမှု တို့ဖြင့် တုန်ခါနေတော့သည်။ မဂ္ဂဇင်းစာရွက်ကို လှန်နေသော ကျွန်တော့်လက်များ တုန် နေပြန်သည်။ ထိန်းထားသည့်ကြားက မျက်ရည်တစ်ပေါက် သည် စာမျက် နှာပေါ်သို့ ပေါက်ခနဲ လွတ်ကျ သွားပြန်သည်။ ကျွန်တော့်အာရုံများေ၀၀ါးသွားသည်။ ကျွန်တော့်အဖြစ် ကို လွှတ်မချမိရန် တင်ထား လိုက်မိသည်။ မျက်ရည်စွန်းသွားသော စာမျက်နှာကို သုံးလေးရွက် ဆက်တိုက်လှန်ပစ်လိုက်ရင်း ဖိထား လိုက်သည်။ အာရုံ ကို ငြိမ်အောင်ထိန်းသည်။ မျက်ရည်စ ကို သိမ်းပစ်သည်။

ပင့်သက်ကလေးများကို ချိတ်ချနေမိ၏။ သို့ပေမယ့် ကျွန်တော့်ရင်ထဲ၌ တမြည့်မြည့်နာကျင် လိုက်လာ နေသည်။ တရှိုက်ရှိုက် ငိုနေမိပြီ။ ကျွန်တော့် ငိုနေမိပြီ မညိုလို့ ကျွန်တော့အာရုံထဲ၌ တိုးတိုးကလေး ရွတ်နေ မိပြန်သည်။ မညိုသည်ကော။

မညိုထံမှ ရှိုက်သံတစ်ချက် ပွင့်ထွက်လာသည်နှင့် အတူထိုင်ရာမှ ရုတ်ခနဲ ထလိုက်သံ ကြားလိုက် ရသည်။ ကျွန်တော်လှည့်မကြည့်တော့။ စားပွဲငယ်ပေါ်တွင် တံတောင်ထောက်ထားသည့် လက်တစ် ဖက်ဖြင့် ကျွန်တော့် ခေါင်း ကို ထိန်းထားလိုက်ရင်း မျက်စိအစုံကို ဇွတ်မှိတ်ပစ်ထားလိုက်မိသည်။ အံကို တင်းတင်းကြိတ် ထားမိသည်။ မညိုဘာလုပ်မည်ဆိုသည်ကို ကျွန်တော်သိနေသည်။ မညို လှုပ်ရှား နေမှုများ ကို ကျွန်တော်မကြည့်ရဲတော့ပေ။ မညိုကိုလှုပ်ရှားနေမှုများကို ကျွန်တော်မကြည့် ရဲတော့ပေ။ ကြာလျှင် ကျွန်တော်ပါ မညိုလို ဟန်မဆောင်ပဲ ငိုချပစ်မိတော့မည်။ မညိုကို ကျွန်တော် ချစ်သည်။ သည် အချစ် ကို ကျွန်တော့်ရင်ထဲမှာပဲ ထားတော့မည်။ ကျွန်တော့်အချစ်ကို မညို နားမ လည်စေချင်။ ကျွန်တော့် အငို ကို မညိုမိသစေချင်တော့ပေ။ သည်အချစ်အတွက် မညိုကိုကျွန်တော် ခွင့်လွှတ်လိုက်ပြီ။ ခွင့်လွှတ်ပြီ။ ခွင့်လွှတ် လိုက်နိုင်သည့် အချစ်သည် ကျွန်တော့်အတွက် မိုက်မဲမှု လား၊ သတ္တိနည်းမှုလား၊ အသုံးမကျ မှုလား၊ ကျွန်တော် မဝေခွဲတတ်တော့။

မညို ကို ကျွန်တော်ဒုက္ခမပေးရက်တော့ပေ။ အခန်းကျဉ်းကလေးထဲ၌ မညိုဘ၀ ကို တိရစ္ဆာန်ရိုင်းမ တစ်ကောင် လို အစား ဆင်းရဲ၊ အနေဆင်းရဲစွာဖြင့် မွေးထားသလို မွေးမထားရက်တော့ပေ။ ရက်စက်သော၊ အညှာအတာ ကင်းမဲ့သော၊ မေတ္တာတရားခေါင်းပါးသော သူအဖြစ် ကျွန်တော် မနေရဲတော့။ မိန်းမသား တစ်ဦး ၏ လွတ်လပ်မှုကို ကာမပိုင်လင်ယောက်ျားဆိုသည့် သော့ဖြင့်အသေခတ် ပြီးဘ၀တစ်ခုကို သတ်ပစ် ရဲလောက်သည့် သတ္တမျိုး ကျွန်တော့်တွင် မရှိ။ ကျွန်တော့်အချစ်အတွက် ကျွန်တော့်တစ်ဘ၀လုံး ရင်စည်း၍ ကျိတ်ခံ တော့မည်။ သို့ပေမယ့် ကျွန်တာ်၏ ခွင့်လွှတ်ခြင်း၊ မညို ကိုနားလည်နေသည့် ကျွန်တော့် နားလည်မှုများကို မညိုသိနေစေချင်ပြန်သည်။ သည်တစ်ခါ ကျွန်တော်၏အချစ်ကို မညိုနားမလည်ချင် နေပါစေဆိုသော စိတ်ဖြင့် ရှုပ်ထွေးလာကုန်ပြန် သည်။ ကျွန်တော်မသိတော့။ မရှင်းတတ်တော့။ ကျွန်တော် ပင့်သက် အထပ်ထပ် ချနေမိပြန်သည်။

အိပ်ခန်းတွင်းဘက်မှ မညိုလှုပ်ရှားသံများ ကြားနေရသည်။ တိုးသက်အားနည်းလာနေသော ရှိုက် သံ၊ သူမပိုင် သံသေတ္တာငယ်ကလေးကို ဆွဲထုတ်သံ၊ ဖွင့်သံ၊ ပိတ်သံနှင့်အတူ သူမရဲ့ လှုပ်ရှားနေ သံများသည် ကျွန်တော့်အာရုံထဲဝယ် တိုးဝင်လာနေသည်။ ကျွန်တော့ရင်ထဲ၌ တစစ်စစ်နာကျင် လာနေပြန်သည်။

 သည်နေ့ မညိုနှင့် ကျွန်တော် လမ်းခွဲကြတော့မည်။ ကိုယ်လမ်းကိုယ် လွတ်လပ်စွာ လျှောက်ကြ တော့မည်။ တစ်ဦး ကို တစ်ဦး မည်သူမျှ တားဆီးပိတ်ပင် ချုပ်နှောင်ပိုင်ခွင့် မရှိကြတော့။ မညိုက သူ့ ပစ္စည်းလေး များကို စုစည်းသိမ်းဆည်းကာ သူ့သံသေတ္တာငယ်လေးတစ်လုံးနှင့် ကျွန်တော့်အိမ် ခန်းငယ် ကလေး မှ အပြီးအပိုင်ထွက် ခွာသွားတော့မည်။ သည်အတွက် နှစ်ဦးသား သွေးအေးအေး ဖြင့် ဆုံးဖြတ်ခဲ့ကြစေကာမူ တကယ်တမ်း ရင်ဆိုင်လာကြရသေအာခါ ဟန်ဆောင်နိုင်စွမ်း မရှိကြ တော့။ နှုတ်က ဖွင့်မပြောကြသော်လည်း ရင်ထဲကိုယ်စီ၌ နာကျင်မှုတွေ ရှိနေကြသည်။
ချစ်သူတို့ ဘ၀ ကို အချစ်ကြီးစွာဖြင့် လမ်းခွဲလိုက်ကြသည့် ဘ၀။ အချစ်ကြီးစွာဖြင့် စွန်လွှတ်လိုက်ကြ သည့်ဘ၀။ သည်အရာ တွေအားလုံးကို ကျွန်တော်နားလည်နေမိသည်။ သည်အသိ၊ သည်နား လည်မှု များ က ကျွန်တော့်နှလုံးသားကို အထပ်ထပ်ရိုက်ခတ်နေသလို ခံစားနေမိရပြန်သည်။

သူရယ်၊ ကျွန်တော်ရယ် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြမည်။ ကိုယ့်လမ်းကိုယ် သွားကြမည်။ ကျွန်တော် တို့ နှစ်ဦးသား သဘောတူညီစွာ ခိုင်မာဆုံး ဖြတ်ခဲ့ကြပြီ။ သည်အသိဖြင့် တစ်ဦးကို တစ်ဦး ယုံကြည်စွာ လမ်းခွဲထွက်ရဲကြသည်။ သို့ပေမယ့် ပြောင်းလဲတတ်သော လူ့စိတ်ကြောင့် အသိသက်သေ လူကြီးများ ရှေ့တွင်တရားဝင်မှု ရယူခဲ့ကြသည်။ စာချုပ်တံဆိပ်ခေါင်း နှစ်လုံးကို နှစ်ဦး သဘောတူ ၀ယ်ခဲ့ကြသည်။ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲမှု ကို နှစ်ဦးသဘောတူ တစ်ယောက်တစ်ရွက် ရေးကူး ကြသည်။ ရပကွက် ကောင်စီရုံး သို့ နှစ်ဦးသဘောတူ သွားရောက်ခဲ့ ကြသည်။

ရပ်ကွက်လူကြီးများက ကျွန်တော်တို့နှစ်ဦးကို အံ့အားသင့်ခဲ့သည်။ အစဉ်အေးချမ်းစွာ နေထိုင်ခဲ့ သော ကျွန်တော် တို့ ဇနီးမောင်နှံ အတွက်မမျှော်လင့်သော အကြောင်းအရာများဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့ နှစ်ဦးအား "ရန်မူလေး တစ်မှုအတွက် သည်လောက်မြန်မြန် ဆန်ဆန်မဆုံး ဖြတ်ကြ ဖို့၊ စဉ်းစဉ်း စားစား လုပ်ကြဖို့၊ လင်မယားဆိုသည်မှာ လျှာနှင့်သွားလို မတော်တဆဆိုသလို ထိမိခိုက်မိဆိုတာ ဖြစ်တတ်ကြစမြဲမို့ ခွင့်လွှတ်ကြဖို့၊ သည်းခံကြဖို့၊ အိမ်ထောင်တစ်ခု တည်ထောင်တယ်ဆိုတာ လွယ်လွယ် ကူကူ တည်ဆောက်မဖြစ်သလို အိမ်ထောင်တစ်ခု ပျက်ဖို့ ဆိုတာလည်း လွယ်လင့်တကူ မဆုံးဖြတ်ဖို့"များ ပြောဆို ဆုံးမကြသည်။ သည်တစ်ည စဉ်စားကြ ကာနောက်တစ်နေ့ညနေမှ လာကြရန် ပြန်လွှတ် လိုက်သည်။

သို့သော် ကျွန်တော်တို့ဘ၀များကို ကျွန်တော်တို့ သိနေကြသည်။ ကျွန်တော်တို့ အခြေအနေ အားလုံးကို ကျွန်တော် တို့ နှစ်ဦးသား နားလည်နိုင်ကြသည်။ သည်ဘ၀ သည်အခြေအနေတွေက ကျွန်တော်တို့ နှစ်ဦးကို ဆက်လက်ပေါင်းစည်းနေထိုင်ခွင့် မပေးတော့။ ကျွန်တော့်အတွက် သည်းခံ နိုင်ခွင့်၊ ခွင့်လွှတ်နိုင်ခွင့် မပေးတော့။ သည့်အတွက် ကျွန်တော်တို့နှစ်ဦးစလုံး အချိန်ယူကာ စဉ်းစားဆုံး ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ထိုစဉ်းစားသည့်အချိန်မှစ၍ မညိုတစ်နေရာ၊ ကျွန်တော်တစ် နေရာအိပ်ခဲ့သည်။ မညိုက ကျွန်တော်တို့ နှစ်ဦးအိပ်သည့် အတွင်းခန်းကွပ်ပျစ်ခု တင်လေးမှာ တစ်ယောက်တည်း၊ ကျွန်တော် က အိမ်ရှေ့မှာ စောင်တစ်ထည်၊ ခေါင်းအုံးတစ်လုံး၊ ခြင်ထောင် တစ်လုံးသာ ရှိ၍ မညိုကို ပေးအိပ် ခဲ့သော်လည်း မညိုမအိပ်ခဲ့။

နှစ်ယောက် ထောင်ထားသော ခြင်ထောင်ကို ဖြုတ်ပစ်ကာ ကျွန်တော့်ဘေးကို လာချပေးသည်။ ကျွန်တော် လည်း မထောင်။ မဆန်းတော့ပေ။ ထိုညများကား ကျွန်တော့်အဖို့ မက်မက်မောမော နှစ်ခြိုက်စွာ အိပ်စက် အနားယူခြင်း တို့ကိုရကြတော့မည်မဟုတ်ပေ။ ထိုရက်များအတွင် ကျွန်တော် တို့အခန်းငယ်ကလေးသည် ကျိန်စာ မိနေသည့် အိမ်ခန်းကလေးနှင့် လူသာနှစ်ဦးကို မြင်နေမိ သည်။ အခန်းတွင်း၌ အပူတွေ ဝေ့ပျံ နေသလို အသက်ရှူကျပ်စွာ ခံစားနေရသည်။

နောက်ဆုံးညက အဖြစ်ကလေးသည် ကျွန်တော်တို့ နှစ်ဦးသား၏နှလုံးသားကို လောင်မြိုက်စေခဲ့ သည်။ သူလည်းဟန်မဆောင်နိုင်တော့။ ကျွန်တော်လည်း ဟန်မဆောင်နိုင်တော့။ ထိုညကအဖြစ် သည် ကျွန်တော့်နှလုံးသားကို ဆောင့်ဆွဲသလို ဆွဲနုတ်ခံလိုက်ရသည်။ ထိုညက သူနှင့်ကျွန်တော် ကွာရှင်ပြတ်စဲခြင်း စာကိုကျွန်တော် စာရေးနေကျ စားပွဲငယ်ကလေးပေါ်မှာ ရေးကူးမိသည်။ ပြီး တော့ သူလည်းအစောကြီး အိပ်ရာဝင်ခဲ့သည်။ ကျွန်တော်လည်း အိပ်ရာမှ လှဲနေလိုက်သည်။ နှစ် ဦးသား တစ်ညလုံး အိပ်မပျော်။ တစ်ယောက်ဆီမှ တစ်ယောက် သက်ပြင်းချသံ၊ လူးလိမ့်သံ ကြားနေ ရသည်။ အဝေးမှ နာရီသံချောင်းခေါက်သံ သုံးချက်ကြားလိုက်ရသည်။ ကျွန်တော်ပင့် သက်ချပြီး ဇွတ်အိပ်ပစ်လိုက်ဖို့ ကြိုးစားကြည့်မိ၏။ ထိုအချိန် မညိုထံမှ ငိုရှိုက်သံတစ်ချက် လွင့် ထွက်လာသည်။ ကျွန်တော့်ခန္ဓာတစ်ခုလုံး တုန်တုန်လှုပ်လှုပ်ဖြစ်သွားမိ၏။ မညိုရှိုက်သံသည် ကျွန်တော့် နှလုံးသားထဲသို့ စီးဝင်လာနေ၏။ ထို့နောက် မညိုအိပ်နေရာမှ ထလိုက်သံ ကြားလိုက် ရပြီးမညိုသည် ကျွန်တော့်ထံ ပြေးလာကာ ကျွန်တော့်ကို ဖက်လျက် စိတ်ရှိစွာ ငိုချတော့သည်။ ကျွန်တော် မည်သို့ဖြေသိမ့်ရမှန်း မသိတော့။ မညိုကိုသာ ပြန်ဖက်ထားမိသည်။

"အစ်ကို၊ အညို့ကို နားလည်တယ်မဟုတ်လားဟင်"
မညိုသည် ရှိုက်သံတွေကြားကပင် ကျွန်တော့်ကို အထပ်ထပ်မေးနေတော့သည်။
"အစ်ကို နားလည်ပါတယ် မညို"
ကျွန်တော်သည်မျှသာ ပြောနိုင်သည်။ ကျွန်တော့်နှလုံးသား များကဗလောင်ဆူလျက်၊ နားကြည်းမှု ဖြင့်အံကြိတ်ထားလိုက်မိသည်။ ကျွန်တော်တို့ ရှုံးခဲ့ပြီ မညိုလို့ ကျွန်တော့်စိတ်ထဲ၌ တွေးနေမိ သည်။
ကျွန်တော် မတွေးရဲတော့ပေ။ သည်အတိတ်ကလေးများသည် ကျွန်တော့်ဘ၀တစ်လျှာက်လုံး လွမ်းကျန် နေရစ်ရတော့မည်။ တွေးမိတိုင်း ရင်မှာကျဉ်နေရစ်ရတော့မည်။ အိမ်ဝါးကြမ်းခင်း ကလေးတွေ ဖြတ်နင်း ထွက်လာ သည့် မိညို၏ ခြေသံကိုနားထောင်ရင်း ကျွန်တော့်ပင့်သက်ချပစ် လိုက်မိသည်။ ကျွန်တော်ရှေ့ဖြတ်လျှောက်သွားသည့် ခြေသံကို ကြားနေရသော်လည်း ကျွန်တော် မညိုကို မော်မကြည့်။
ခေါင်းငုံထားမိသည်။ မညို ကျွန်တော့်ကို ကြည့်ချင်ကြည့်သွားမည်။ မျက်ရည်တွေ ဝေနေဦးမည့် မညိုမျက်နှာကို ကျွန်တော်မတွေ့ရဲတော့။

သည်ကြားထဲက မညိုအိမ်ရှေ့ဆင့်ကလေးအရောက် ကြည့်မိအောင် ကြည့်လိုက်မိသေးသည်။ "မညို သွားတော့မှာလား" ဆိုသည့်စကာူးကို မမျှော်လင့် ဘဲမေးဖြစ်အောင် မေးမိသေးသည်။ ကျွန်တော့် အာခေါင် ၌ အာစေးများခြောက်ခန်းနေသည်။ ကျွန်တော့်အသံတွေသည် တုန်အက်နေသည်။ ငိုသံတွေပါသွားမှန်း ကျွန်တော့် ဘာသာ ကျွန်တော် သိလိုက်သည်။ ကျွန်တော့်မျက်လုံးအိမ်၌ မျက်ရည်တွေ ဝေလာသည်။ မျက်ရည် တွေ နှင့် စိုကျန်နေ သော မညိုမျက်နှာလေးသည် ကျွန်တော့်ကိုကြည့်လျက်။ ခေါင်းတစ်ချက် ညိတ်ကာ ချာခနဲလှည့် ဆင်းသွားသည်။

"မနက်ဖြန်ညနေ ကောင်စီရုံးကို သွားရအောင်၊ လာခဲ့နော်"လို့ မှာလိုက်ချင်သည့် စကားကိုပင် ကျွန်တော်မပြောလိုက်နိုင်။ စကားပြောနိုင်သည့် အင်အားလည်း ကျွန်တော့်မှာ မရှိတော့။ နောက်ဆုံး သံသေတ္တာလေး တစ်လုံးကို မနိုင့်တနိုင် ဆွဲရင်း မိမိရှေ့မှ ခပ်သွက်သွက်ကလေး ထွက် သွားသော မညိုကိုပင် ကြာရှည်စွာ ကြည့်မနေရက်တော့ပေ။ ကျွန်တော်သည် ထိုင်ရာမှနောက်သို့ ပစ်လှန် အိပ်ချလိုက်ပြီး မျက်စိအစုံကို မှိတ်ထားလိုက်သည်။ မျက်ရည်ပူများသည် ကျွန်တာ့်ပါးပြင် ပေါ်သို့ လိမ့်ဆင်း ကျလာနေသည်။ ကျွန်တော် သုတ်မပစ်။
သည်သံသေတ္တာငယ် ကလေးကို ဆွဲကာ ကျွန်တော့်နောက်က ကျုံ့ကျုံ့ကလေး ပါလာသည့် မနေ့ မညို။ ကျွန်တော် တို့ နှစ်ဦး မင်္ဂလာဦး အိမ်တက်နေ့ သစ်ကလေးကို သတိရလာနေမိပြန်သည်။ ထိုနေ့က အပြုံးအပျော် တွေနှင့် ဝေနေသည့် မညိုမျက်နှာကလေး။ ကြည်နူးမှုတွေနှင့် တောက်နေ သည့် မျက်လုံးအစုံ။

"သေတ္တာအစ်ကို့ပေး၊ အစ်ကိုဆွဲခဲ့မယ်"လို့ပြောတော့......
"အိုအစ်ကိုကလဲ၊ ညီမထဘီတွေနဲ့ ငရဲကြီးနေပါ့မယ်၊ ညီမဆွဲနိုင်ပါတယ်"လို့ ပြောရင်း အပြုံးက လေးတွေနှင့် လုဆွဲနေခဲ့ကြသည် ကလေးများကို သတိတရ ဖြစ်ပေါ်လာနေမိပြန်သည်။
သည်နေ့ သည်သေတ္တာငယ်ကလေးကို ဆွဲကာ ထွက်ခွာသွားသော မညို။ မညိုအပြန်လမ်း။ မညို မိသားစု။ မိသားစုစီးပွားရေး။ နောက်မညိုတာဝန်။ မညိုဘ၀၊ သိမြင်နေသလို ဖြစ်နေသည့် မညို၏ ရှေ့ဘ၀ခရီးကို ကျွန်တော်မစဉ်းစားရဲတော့ပေ။ ထိုအသိကိုလက်မခံချင်စွာ ကျွန်တော်ခေါင်းယမ်း ပစ်လိုက်မိရင်း ထထိုင်လိုက်မိပြန်သည်။

မှောင်ရီဆင်းစပြုနေသော ဆည်းဆာအလင်းစများသည် ကျွန်တော့်အိမ်ခန်းငယ်လေးထဲသို့ မညို ဆင်းသွားသော တံခါးပေါက်မှလည်းကောင်း၊ အိမ်ရှေ့မှ ခပ်ကျဲကျဲလေး တောင်ရိုက်ထားသည့် ၀ါးခြမ်းပြားများ ကြားမှလည်းကောင်း ဟင်းလင်းပြင်မှာ ကျသလို ကျနေသည်။ ကျွန်တော်သည် ဆေးလိပ်တိုတို့နှင့် ပြည့်နေသော၊ ဆေးလိပ်ပြာစများဖြင့် ပေကျံနေသော၊ အရောင်လွင့်ပျက်စပြု နေသော ဆေးလိပ်ခွက်ငယ်ကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေမိပြန်သည်။

ဆေးလိပ်ခွက်နှုတ်ခမ်း သားအချို့နေရာ၌ မီးကျွမ်းစပြုနေသည်။ သည်ဆေးလိပ်ခွက်ကလေးကို လှလို့ ဟုဆိုကာ ကုန်တိုက်မှာ ၀ယ်ယူလာခဲ့ကြသည်။ ဆေးလိပ်ခွက်မှ မျောက်ကလေး သုံးကောင် ကိုကြည့်ရင်း မညိုတစ်လမ်းလုံး ရယ်မောလိုက်လာသည့် အဖြစ်ကို သတိတရ ဖြစ်လာနေမိပြန်သည်။ ပါးစပ်ကို လက်အစုံဖြင့် ပိတ်ထားသည်က တစ်ကောင်။ မျက်စိအစုံကို လက် နှစ်ဖက်ဖြင့် ပိတ်ထားသည်က တစ်ကောင်။ နားနှစ်ဖက်ကိုပိတ်ထားသည်က တစ်ကောင်။ သည်သုံးကောင် ကြည့်ပြီး မညိုမှာ အိမ် အထိအရယ်မတိတ်။ အိမ်ထောင်ဦးဘ၀က မညိုရုပ်၊ မညိုအရယ်၊ မညိုအပြုံး၊ မညိုအသံတွေ ကြား နေမြင်နေမိပြန်သည်။ ကျွန်တော်သက်ပြင်းချကာ ပက်လက်လှန် အိပ်ပစ်လိုက်မိ ပြန်၏။

ထိုအချိန်က မညိုရုပ်ရည်ကလေးသည် ကျွန်တော်နှင့်ပင် မတန်ဟုကိုယ့်ဘာသာ ကိုယ် စဉ်းစားခဲ့ ဖူးသည်။ မညိုအသားအရေလေးတွေက စိုပြည်နေသည်။ မညိုမျက်နှာကလေးသည် ၀င်းလက် နေပြီးအပြုံးစလေး တစ်ခုကို အမြဲတမ်း တွေ့နေရသည်။ အမြဲတမ်း ဖော်ရွှေနေတတ်သည့် မျက်နှာ လေး။ မျက်လုံးအနက်ကလေး တစ်စုံကလည်း တောက်လို့။ တကယ့်လို့ အပြစ်ကင်းစင်နေသည့် ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေသည်။ သူဝတ်ဆင်ထားတတ်သည့် အ၀တ်အစား အဆင်အပြင်ကလေးတွေကလည်း တကယ့်ကိုအေးအေးငြိမ်းငြိမ်း အဆင်ကလေးတွေ။ လူကိုပါ ကြည်လင်ပြီး တောက်နေသလို ထင်နေရသည်။ ကြည့်နေရင်းက သူရဲ့စိတ်ထားလေးကိုပါ မြင်နေရ သလိုခံစားနေရသည်။

မညိုဘ၀နှင့် မညိုကို ပထမမည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ မညိုမှာ ဘ၀အမှောင် ရိပ်များအောက်မှာ ဖြတ်သန်နေရရှာသည်။ ရန်ကုန်မြို့ နယ်နိမိတ်အတွင်းရှိ ရပ်ကွက်ငယ်လေး တစ်ခုအတွင်းမှာ နေထိုင်နေရရှာသည့် ဖခင်ဒုက္ခိတကြီးနှင့် မိခင်အိုကြီး။ လင်ကုန်ရှုံးခဲ့သည့် ကလေးတစ်ယောက်နှင့် အစ်မငယ်။ ကျောင်းလမ်းမပေးမှာ အပူအပင်မဲ့သေးစွာ ဆော့ကစားနေ ကြသေးသည့် ညီမလေးတွေ၊ မောင်လေးတွေ။ သည်အရာတွေအတွက် သူ့ဘ၀ကို မညိုစွန့်ပေး ထားလိုက်သည်။ ဘ၀တစ်ခုကို ဆန့်ထုတ်ထားခဲ့သည်။ အရောင်းအ၀ယ်လုပ်ငန်းဖြင့် မန္တလေးသို့ တက်ခဲ့သည်။

တစ်လတန်သည်၊ နှစ်လတန်သည် နေပစ်ခဲ့သည်။ နောင်ငွေထုပ်ပိုက်၍ မညိုပြန်လာ တတ်သည်။ သို့ပေမယ့် အမေတို့ အဖေတို့ မညိုကိုနားမလည်။ မိသားစုတစ်ခုလုံး မညိုကို နား မလည်။ မကြာခဏ ကုန်ရေင်းကုန်ဝယ် သွားလုပ်သည်ဟုသာ မညိုကို သိထားကြသည်။ မညို ရောင်းဝယ်နေရသည်က ကုန်ပစ္စည်းမဟုတ်။ လူကုန်။ သည်အရာကို မညိုမိသားစုမသိ။ မသိအောင် လည်းမညိုကနေသည်။ အိမ်ပြန်ရောက်လျှင် အိမ်ထဲက အိမ်ပြင် မညိုမထွက်။ ယောက်ျားလေးများနှင့် အရောတ၀င်မနေသည့်အတွက် မညိုကို မိသာစုအားလုံးက ယုံသည်။ ကျွန်တော်နှင့် တွေရသည်က မညိုကို အမှောင်ရိပ်ကလေးထဲမှာ။

မညိုရဲ့ ကုန်ရောင်းကုန်ဝယ်ရာ နေရာလေးမှာ။ တွေ့စကပင်......
"မညိုကို ကျွန်တော်ချစ်တယ်ဗျာ၊ မညိုကို ကျွန်တော်တကယ်လက်ထပ် ယူမယ်ဗျာ"
လို့ အထပ်ထပ်ပြောနေမိသည်။ ကျွန်တော့်ကို ကြည့်ပြီး အူရိုင်းလေးအဖြစ်၊ အစမ်းလေးအဖြစ်နှင့် ဟက်ဟက်ပက်ပက်ရယ်မောမပစ်နိုင်ဘဲ.......
"အစ်ကိုကလဲ သိပ်စိတ်ကူးယဉ်တာပဲနော်"
လို့ပြုံးကာရယ်ကာ ပြောနေတတ်ပြန်သေးသည်။ ကျွန်တော့်ထက်ပင် ငယ်နေသေးသည့် မညိုကို ပင်"မညို"ဟု တလေးတစားခေါ်နေမိသည့် အဖြစ်ကိုပင် မညိုရယ်ချင်ဖြစ်နေလိမ့်မည်။ ကျွန်တော့် မှာတစ်ချိန်လုံး စကားတွေထိုင်ပြောနေမိသည်။ မညိုထွက်ခွာသည်အထိ ကျွန်တော့်အတွေးနှင့် ကျွန်တော်ပြောနေမိသေးသည်။

မညိုကို ကျွန်တော် တွယ်တာနေမိသည်။ သည်ကစမညိုနှင့် ကျွန်တော်ခင်မင်မိသည်။ ရန်ကုန် ရောက်လျှင် မညိုက ကျွန်တော့်လမ်းဘေးစာအုပ် အဟောင်းဆိုင်ကလေးဆီသို့ ရောက်လာသည်။ စကားတွေ ပြောကြသည်။မညိုကို သည်ဘ၀က ထွက်ဖို့ တိုက်တွန်းသည်။ သည့်အတွက် မညို အိမ်ကစာအုပ်ငှားဆိုင် ကလေးဖွင့်ဖို့ နှစ်ယောက်သား ထူထောင်ကြသည်။ ဘ၀တစ်ခုကို ပါတည် ထောင်ဖို့ ဆုံးဖြတ်ကြသည်။

သည်အိမ်ခန်းကလေးသည် ကျွန်တော်နှင့် မညိုနှစ်ဦးသဘောတူ ငှားခဲ့ကြသည့် အိမ်ခန်းကလေး၊ အိမ်စပေါ် သုံးရာ၊အိမ်လခနှစ်ဆယ်။ စပေါ်အတွက် နှစ်ဦးသား စုဆောင်းပေးခဲ့ကြသည်။
တစ်နှစ်ကျော်ကျော်မျှ မညိုသည် အခန်းကျဉ်းကလေးထဲမှာ နေထိုင်သွားခဲ့သည်။ တစ်ခါတစ်ရံ သည်အခန်းကလေးထဲ၌ မပျော်ပိုက်သလို မညိုငေးငိုင်နေတတ်သည်။ ကျွန်တ်ာမညိုကို သနားနေ မိသည်။ မညိုကို အတောင်ဖြတ်ပြီး မွေးမြူခံထားရသည့် လှောင်အိမ်ထဲက ကြက်တူရွေးမလေး တစ်ယောက်လို မြင်နေမိပြန်သည်။

မညိုခန္ဓာကိုယ်သည် တဖြည်းဖြည်း ပိန်လိုက်လာသည်။ အသားအရေတို့ကလည်း ယခင်ကလို မကြည်လင် တော့။ တောက်ပနေတတ်သည့် မျက်လုံးကြီး များသည်လည်း မျက်တွင်းများ ကျကာ မှိုင်းရီ နွမ်းနယ် နေတော့သည်။ အားငယ်ဆွေးမြည့်နေသည့် အရိပ်များမညိုမျက်နှာပေါ်၌ အမြဲတွေ့နေ ရတတ် တော့သည်။ ဝေဒနာတစ်ခုကို ကျိတ်ခံစားနေရ ဟန်ရှိသည်။ ကျွန်တော်လည်း စာအုပ်အဟောင်းလေးများ ရောင်းမကောင်း သည့်နေ့များ၌ မညိုနှင့် မျက်နှာချင်းဆိုင်ဖို့ ကျွန်တော့်မှာ ၀န်လေးလေးလာနေမိသည်။ ဘာမှန်း မသိဘဲ အလိုလိုအားငယ် ကြောက်သလိုလို ကြောက်လာနေမိသည်။ တစ်ခါ တစ်ခါ အကြော်လေး တစ်ခု နှင့်၊ ဆားနှင့် ထမင်း စားလာတတ်သည့် မညို။ မုန့်ဟင်းခါးလေး တစ်ပွဲကို လင်မယားနှစ်ယောက် သူ့ညှာ ကိုယ့်ညှာစား ကြရင်း က မစားနိုင်ကြဘဲ ပိုလျှံသွားခဲ့ကြသည့် ကျွန်တော် တို့ ထမင်းဝိုင်းလေး သည် ကျွန်တော့်ကို အမြဲတစေခြောက်လှန့် နေတော့သည်။ မညိုကို ချစ်လို့ ကယ်တင်ခြင်း ထက် နှစ်ရာ များ ရောက်နေ ပြီလားဆိုသည့် အတွေးကို ကျွန်တော့်ဘာသာ ကျွန်တော် တွေးမိပြန်သည်။

"အစ်ကို...အညိုက အစ်ကို့အတွက် လူပိုတစ်ယောက် ဖြစ်နေပြီနော်၊ အစ်ကို့ကို ကြည့်ရတာ အညိုတော့ ပင်ပန်းလိုက်တာ အစ်ကိုရယ်"
ကျွန်တော့်ကို ကြည့်ရင်း မညိုကောက်ချက်ချ စကားလေး များကို....
"အစ်ကိုက မပင်ပန်းပါဘူး မညိုရယ်၊ မညိုသာ စိတ်မချမ်းသာမှာ စိုးတာပါ"
"အညို့ အတွက် မပူစမ်းပါနဲ့အစ်ကိုရယ်၊ အညိုကနေတတ်ပါတယ်၊ အစ်ကိုသာ အညို့အတွက် တပင်ပန်းပန်း ဖြစ်နေတာနဲ့ ဘာမှမလုပ်ရဖြစ်နေမှာ စိုးလို့၊ အစ်ကိုစာရေးချင်တာ မရေးရ၊ စာဖတ် ချင်တယ် ဆိုတာလဲ မဖတ်ရနဲ့ အစ်ကိုကြည့်ပြီး အညိုကသနားနေတာပါ"
မညိုက ပျပျလေးပြုံးကာ စကားဆိုနေတတ်သည်။ အရင်ကလို လှိုက်လှဲသော အပြုံးလေးများ မဟုတ် ပေမယ့် အားတင်းပြုံးလေး ပြုံးပြတတ်သည်။ မညိုကို ပို၍သနားနေမိပြန်သည်။ ထို့နေ့လို ညမျိုး၌ မညိုကို ကျွန်တော် စကား တွေ ပြောနေမိပြန်သည်။

"မညိုရယ်....ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ သေရာစွဲ ပါမသွားပါဘူး၊ ချမ်းချမ်းသာသာနဲ့ သေလဲ ဒီမသာပဲ၊ ဆင်းဆင်းရဲရဲနဲ့သေလဲ ဒီမသာပဲ မဟုတ်လား မညို၊ မသေခင်လးဆိုတဲ့ အတွင်းမှာ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ချင်တဲ့ စိတ်ကလေးတစ်ခုတည်း ထားပြီး ဘ၀ကို အသက်ရှင် နေလို့ ဘာအကျိုးထူးမှာလဲ၊ မညိုစဉ်းစားကြည့်လေ၊ လူဟာသေဖို့အတွက် ကောင်းကောင်းစား၊ ကောင်းကောင်းဝတ် ပြီး သေဖို့စောင့်နေတဲ့ မသာကြီး အတိုင်းပဲ၊ မဟုတ်ဘူး လားမညို၊ လူဟာ လူဖြစ်ရ ကျိုးနပ်ဖို့အတွက် လူတန်ဖိုးရှိဖို့တော့ လိုတယ်မညို"
သည်အခါမျိုးများတွင် မညိုသည် အိပ်ချင်စိတ်များဖြင့် သမ်းဝေနေရင်းက ကျွန်တော့်စကားများကို နားထောင် နေတတ်ပြန်သည်။ တစ်ခါတစ်ရံ ကျွန်တော့်မေးခွန်းများကို သဘောတူ ခေါင်းညိတ် ထောက်ခံ နေတတ်၏။

"ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်နိုင်မှ လူဖြစ်ကျိုးနပ်တယ်ဆိုရင်တော့ အစ်ကိုတော့ ဒီ အတွက် ငွေပဲ ရှာတော့မယ်၊ ငွေရနိုင်တဲ့နေရာမှန်သမျှ ခိုးမှာပဲ၊ ၀င်လုမှာပဲ၊ မရရင် ဓားပြတိုက်မှာပဲ သိလားမညို၊ မဆန်းတော့ ဘူးလေ၊ လူဆိုတာ သေရမယ့် လူချည်းပဲ၊ မသေခင် လူဖြစ်ကျိုးနပ် အောင် ကြိုးစား ရတော့မှာပေါ့၊ မဟုတ်ဘူးလား မညို၊ မဟုတ်သေးဘူး မညို၊ လူဆိုတာ လူ့ယဉ် ကျေးမှုတွေ ရှိတယ်၊ လူနဲ့ ဆိုင်တဲ့ ကိုယ်ကျင့်တရား တွေရှိတယ်၊ လူသမိုင်းအတွက် ထမ်းရွက်ရ မယ့်တာဝန်တွေရှိတယ်၊ ဒါတွေ စောင့်ထိန်းနိုင်မှ၊ ဆောင်ရွက်နိုင်မှ လူ့တန်ဖိုးဆိုတာ ရှိတာပါ မညို ရယ်၊ အစ်ကိုတော့ ရိုးသားမှုကို အချစ်ဆုံး ပဲ၊ သူခိုးဓားပြစိတ်နဲ့ လူဘ၀ကို ရှင်သန်ဖို့ ကြိုးစားနေ တဲ့လူတွေအတွက် ရှင်သန်လဲ တစ်ခဏပါ၊ သူတို့အတွက် နေရာကလဲ ကျဉ်းကျဉ်းလေးပါ။ အစ်ကိုတော့ စားဖိုဝတ်ဖို့အတွက် လေးလောက်နဲ့ အစ်ကို့မျိုးရိုး တွေရဲ့ ဂုဏ်သိက္ခာကို မဖျက်ဆီး ၀ံ့ဘူး၊ အစ်ကို့သား သမီးတွေကိုလဲ သူများ လက်ညှိုးထိုး မခံနိုင်ဘူး၊ သိလားမညို။ ငတ်သေးသွား ပါစေ၊ အစ်ကိုဂုဏ်ယူစွာ သေသွားမယ်"

ကျွန်တော်သည် မညိုကို လူကျင့်ဝတ်၊ လူသိက္ခာ၊ လူတန်ဖိုးများကို ပြောပြနေတတ်သည်။ မညို စိတ်ဓာတ်ကျ မသွားစေရန် ရည်ရွယ်ပြောခဲ့သည်။ သို့ပေမယ့် တစ်ခါတစ်ရံ ထိုစကားများသည် မညို အတွက်လား၊ ကျွန်တော့်အတွက်လား ဆိုသည်ကိုပင် မဝေခွဲတတ်ဖြစ်နေတတ် ပြန်သည်။ တစ်ခါတစ်ခါ အားငယ်နေသည့် မိမိဘ၀ကို ပြန်လည် အားပေးမိသလို ဖြစ်နေတတ်ပြန်သည်။ မညို သည်ကော ခံနိုင်ရည်အား ရှိပါ့မလား။ နားလည်နိုင်ပါ့မလား ဆိုသည်ကို ကျွန်တော့်အတွေးများက သံသယပွားဆဲ။
တစ်နေ့။ ကျွန်တော်ယုံကြည်မှုများ အားလုံးကို မညိုဖျက်ဆီးပစ်လိုက်သည်။ သူ့အတွက်ဟု ရည် ညွှန်းခဲ့သော စကားများသည် ကျွန်တော့်အတွက် သက်သက်ဖြစ်ခဲ့ရသည်။ သူယုံကြည်သော ဘ၀တန်ဖိုးကို မညို ပွင့်လင်းစွာ ဆိုလိုက်သည်။

ထိုနေ့က ကျွန်တော်ဒေါသများ ၀ုန်းခနဲ ပေါက်ကွဲခဲ့ရသည်။
ကျွန်တော့်တစ်ကိုယ်လုံး ဘာမှမထိန်းနိုင်တော့ဘဲ ဒေါသစိတ်ဖြင့် မွှန်သွားသည်။ ကျွန်တော့်တို့ နှစ်ဦးအလယ် မှ ပြင်ထားသည့်ထမင်း စားပွဲငယ်လေးကို လက်သီးအစုံဖြင့် အောင်မှ ပင့်လှန်တအား ကုန်ထိုးမှောက်ပစ်လိုက်သည်။ ကျွန်တော့်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိသည်။ ကျွန်တော့် မျက်လုံးအစုံ ကား ဒေါသဖြင့် မီးဝင်းဝင်းတောက်နေပေလိမ့်မည်။ ကျွန်တော်သည် လက်နှစ်ဖက်ဖြင့် မညို လည်ပင်း ကို ခပ်ညှစ်ညျစ်ဆုပ်ကို လှုပ်ယမ်းပစ်လိုက်သည်။ ကျွန်တော့်ရင်ထဲ၌ ဒေါသဖြစ်ခြင်း၊ နာကြည်းခြင်း၊ ရှက်ခြင်းတို့ဖြင့် ရောထွေးပူလောင်လျက်။ "မညို...."ဆိုသည့်ခေါ်သံသည် ဒေါသ ဖြင့် ဟိန်းထွက်သွားသည်။ မညိုက မည်သို့မှမလှုပ်။ မျက်စိအစုံကို မှိတ်ကာ ငိုရှိုက်နေတော့သည်။ ကျွန်တော့် မှာ မညို ကို စိုက်ကြည့်နေမိသည်။ မညိုကို အပြစ်မဲ့သည့် ကလေးလေးတစ်ယောက်လို မြင်လာနေမိသည်။ သနားသာ နေမိပြန်သည်။

"မီးဆိုတာ ပူတယ်လို့ပြောနေလျက်က ဘာလို့များ ကိုင်ချင်ရတာလဲ မညိုရယ်"
ကျွန်တော့်မှာ သက်ပြင်းချပစ်လိုက်မိ၏။]
"မညို၊ ဒီကိစ္စက မင်းငိုရမှာ မဟုတ်ပါဘူး၊ ငိုရမှာက အစ်ကိုပါ၊ အစ်ကို့အဖို့က ငိုရုံတွင် မဟုတ် ဘူး ကိုယ့်ကိုယ်ကို သတ်သေရမှာသိလား မညို၊ ကိုယ့်ကိုယ်ကို သတ်သေရမှာ"
ကျွန်တော့် အသံများ တုန်ခါနေသည်။ ငိုသံတွေ ပါနေသည်။ မျက်ရည်စများ ရစ်ဝိုင်းလာနေမိ၏။

"မညို၊ မင်းအစ်ကို့ကို နားမလည်ဘူးလားဟင်၊ ပြောစမ်းပါ၊ အစ်ကို့ဘ၀ကို မင်းနည်းနည်းတော့ ထည့်စဉ်းစားဖို့ ကောင်းပါတယ်၊ မင်းကို အစ်ကိုညာယူခဲ့တာမှ မဟုတ်ဘဲနဲ့၊ အစ်ကိုက လမ်းဘေး ကစာအုပ် အဟောင်းသည် ဆိုတာလဲ မင်းသိသားနဲ့၊ ဒါပေမဲ့ မင်းမငတ်စေရဘူး မညို၊ ငတ်ချင်း ငတ်ရင် အစ်ကိုအငတ်ခံမယ်၊ ထိုက်သင့်သလိုတော့ မင်းစားရမှာပေါ့၊ အေး...ဒါပေမဲ့ အစားတစ် လုတ် အတွက် နဲ့တော့ အစ်ကို့ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တတော့ ရောင်းမစားနိုင်ဘူး မညို၊ ရောင်းမစားနိုင်ဘူး"
ကျွန်တော့်ရင်၌ နာကြည့်းမှုတွေနှင့် တင်းလာနေမိသည်။ မညိုက ကျွန်တော့်ပခုံးကို မှီကာ ငိုရှိုက် နေတော့သည်။

"အညို့ ကို ခွင့်လွှတ်ပါအစ်ကို၊ အညိုသတ္တိမရှိတော့ဘူး၊ အညို့ဘ၀ကို ဒီအတိုင်း လည်စင်းမပေး နိုင်တော့ဘူး အစ်ကို၊ ဘာမှအဓိပ္ပာယ်မရှိတဲ့ အညို့ဘ၀၊ လူတစ်ယောက်ကို ဒုက္ခပေးသလို ဖြစ်နေ တဲ့အညို့ ဘ၀၊ ဘာတန်ဖိုးမှ မရှိတော့ပါဘူး အစ်ကိုရယ်၊ အညို့ကိုခွင့်လွှတ်ပါ၊ အညို့ကို ခွင့်လွှတ် ပါ။"

ထိုအသံသည် ကျွန်တော့်နားထဲသို့ ကပ်၍အော်လိုက်သလို ပွင့်ထွက်လုမတတ် ကြားလိုက်ရသည်။ ကျွန်တော် သည် ဆတ်ခနဲ လန့်နိုးသည်။ မျက်ရည်စတွေနှင့် ခြောက်သွေ့သွားသည့် ကျွန်တော့် မျက်နှာပြင် သည် တင်းကျပ်သလို ခံစားနေရမိသည်။ ကျွန်တော် ခြင်ထောင် မထောင်မိ၊ စောင်မခြုံ မိ။ အိပ်ပျော် သွားမိသည် ထင်သည်။
မညိုထွက်သော တံခါးသည် သည်အတိုင်းပွင့်လျက်။ အပြင်ဘက်မှ လရောင်ငယ်သည် အမှောင် တစ်ခြမ်း ဖြင့် ကျွန်တော့် အိမ်ခန်းကျဉ်းလေးထဲသို့ ၀င်နေသည်။ အိမ်ရှေ့ မှ မညီညာသော လမ်း ကျဉ်းငယ်ကလေး သည် မပီဝိုးဝါး အမှောင်လမ်း။

(၁၉၈၃ ဇန်န၀ါရီလထုတ် ခရမ်းနုရောင်ပွင့်သစ် ၀တ္ထုတိုစာစဉ်မှ)
.

3 comments:

  1. မညိုရဲ့အကြောင်းလေးပိုဖတ်ရတာ
    တစ်မျိုးတော့တစ်မျိုးပါပဲ
    စိတ်မကောင်းသလို ၀မ်းနည်း သလိုကိုပြောတာပါ။
    စာသားလေးတစ်ခုကိုသဘောကျနေတာ

    ချမ်းချမ်းသာသာနဲ့ သေလဲ ဒီမသာပဲ၊ ဆင်းဆင်းရဲရဲနဲ့သေလဲ ဒီမသာပဲ မဟုတ်လား
    ဆိုတဲ့စာသားလေးကို....
    အမရွှေစင်..ချမ်းမြေ့ပါစေ

    ReplyDelete
  2. အမ မြန်မာဝတ္ထုတိုလေးတွေ တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    စကားမစပ် နုနုရည်(အင်းဝ) ရဲ့ "အသက် နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်အကြောင်း"
    ဝတ္ထုရှည်တင်ပေးပါလား ဟင်......။

    ReplyDelete
  3. “ သူခိုးဓားပြစိတ်နဲ့ လူဘ၀ကို ရှင်သန်ဖို့ ကြိုးစားနေ တဲ့လူတွေအတွက် ရှင်သန်လဲ တစ်ခဏပါ၊ သူတို့အတွက် နေရာကလဲ ကျဉ်းကျဉ်းလေးပါ။ ”ဆိုတာ ဟုတ်သလိုလို နဲ့ တကယ်တော့လည်း မဟုတ်ပြန်ဘူး....
    တူနှစ်ကိုယ် တဲအိုပျက်မှာနေရ နေရ.. ထမင်းရည်ပူ သောက်ရ သောက်ရ ဆိုတာ လည်း တကယ့် လက်တွေ့  ဘဝ မှာ သိပ် မရှိနိုင်ကြတော့ဘူး နော်...

    ReplyDelete

thank you to say so