Wednesday, August 17, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၄၉)

ကျွန်တော် စွဲလမ်းခဲ့သော
ဦးသုခ၏ ရုပ်ရှင်ကားတစ်ချို့
စံညိမ်းဦး

မြန်မာနိုင်ငံသို့ ၁၉၈၀ အလွန်နှစ်များတွင် တယ်လီဗေးရှင်းခေါ် TV ၀င်ရောက်လာခဲ့ပါသည်။ သို့သော် ယခု ကာလ ကဲ့သို့ အိမ်တိုင်းစေ့ မပိုင်ဆိုင်ကြသေးသောကာလ ဖြစ်သည်။ တစ်ရပ်ကွက်တွင် အလွန်ဆုံးရှိမှ နှစ် လုံးသုံးလုံး သာ ဖြစ်မည်ထင်သည်။ ကိုယ်နှင့်အလျဉ်းသင့်သော TV ရှိ မိတ်ဆွေအိမ်ကို သွားကြည့်ကြ ရသည်။ ထိုစဉ်က နိုင်ငံခြား ရုပ်ရှင်ကားကောင်းနှင့် မြန်မာဇာတ်လမ်းဟောင်းများကို အမြဲလို လွှင့်သည်။ စီးရီး လိုက် အပတ်စဉ် ကြည့်ရသော ရုပ်သံဇာတ်လမ်းတွဲများလည်း လွှင့်လျက်ရှိသည်။ ဟာသ ကြီး ၃ ယောက် တို့ ချာလိစ်အိမ်ဂျယ်တို့မှာ မလွတ်တမ်းကြည့်ဖြစ်သည်။ စစ်ကားကောင်းများလည်း ပြသ သည်။

စနေနေ့ညမျိုးဆို ဇာတ်ကားရှည်ကြီးများ ဖြစ်တတ်ရာ မိုးအတော်ချုပ်တတ်ပါသည်။ ထိုထိုသော ကာလ များမှ စ၍ မြ၀တီ ရုပ်သံမပေါ်ခင်အထိ ကြည့်ဖူးသော မြန်မာရုပ်ရှင်ကားများထဲတွင် အမှတ်ထင်ထင် ဖြစ်ကာ ဟဒယကိုစွဲစေသော ဇာတ်လမ်းများအား ယခုကဲ့သို့ ကိုးရီးကားများထွန်းကားလာသော သမယ တွင် အထူးပင် အောက်မေ့ရပါသည်။ TV ကို အထူးပြောရခြင်းမှာ ထိုထိုသော ရုပ်ရှင်ကားများ ရုပ် ရှင်ရုံ တွင် တင်စဉ်က ကျွန်တော်သည် ကလေးသာသာအရွယ် (သို့မဟုတ်) လူပင်ဖြစ်ဦးမည်မဟုတ်သော ကြောင့် ဖြစ်ပါသည်။

ဆရာကြီး ဦးသုခ၏ လက်ရာဟု မသိနားမလည်ခဲ့တဲ့ ဇာတ်လမ်းများစွာကို စွဲလန်းခဲ့တာရှိပါသည်။ " ရွှေ ခြည်ငွေခြည် တန်းပါလို့ " (၁၉၇၅)၊ " တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ (၁၉၇၆)၊ သြော် မိန်းမ" ဘ၀သံသရာ" (၁၉၅၆)၊ " ဘယ်သူပြိုင်လို့ လှပါတော့နိုင်"၊ " စကားပြောသော အသဲနှလုံး " (၁၉၆၈)၊ တို့မှာ ကျွန်တော် နှစ်သက်ခဲ့သော ကားများစွာထဲမှ ဖြစ်ပါသည်။ ထိုကားများကို ကြည့်စဉ်က ၀တ္ထုဇာတ်လမ်း ဇာတ်ညွှန်း ဘယ်--- ဒါရိုက်တာဘယ်သူဘယ်ဝါဟူ၍ အလေးအနက် မထားခဲ့ပါ။ စိတ်လည်း မ၀င်စားခဲ့လှ ပါ။ နောင် စာပေဖတ်ရှုအလေ့အထများလာတော့မှပင် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။ ဦးသုခ၏ အများဟု၍ လည်း ဇာတ်လမ်းနှင့်တွဲ၍ မှတ်သားမိခဲ့ခြင်းဖြစ်သည်။

ရွှေခြည်ငွေခြည် တန်းပါလို့သည် အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုမှ မှတ်မိသည်။ ညွန့်ဝင်း၊ ခင်ယုမေ၊ ချိုပြုံး၊ ဦးကျောက်လုံး၊ ခင်လေးဆွေ၊ ဒေါ်မေနွဲ့၊ ဂျော်လီဆွေ တို့ပါဝင်သည်။ ၁၉၇၅ တွင် ဇာတ်ကားဆုရဖး သည်ဟူ၍လည်း မှတ်သားမိပါသည်။ ဒါရိုက်တာဆု ဦးသုခ၊ ဇာတ်ဆောင်ဆု ဒေါ်ခင်ယုမေ၊ ဇာတ်ရံဆု ဒေါ် မေနွဲ့ဟု မှတ်မိသည်။ ၁၉၈၃ ခုနှစ် နောက်ပိုင် နိုင်ငံတကာရုပ်ရှင်ပွဲတင် ကားတစ်ကားလည်းဖြစ်ခဲ့သည်ဟု သိရသည်။ ဒေါ်မေနွဲ့ ကလေးငိုသံကြားမှ ဘုရားရှိခိုးဖို့ မြန်မြန်အဆုံးသတ်၍ ထသွားသော အပြော၊ အမူ အယာများကို သတိရမိပါသည်။ မောင်ချစ်နှမချစ်၊ သားနဲ့အမိအချစ်၊ မေတ္တာသံယောဇဉ်၏ သိမ်မွေ့နူးညံ့မှု ကိုပေးသောဇာတ်လည်းဖြစ်သည်။ ယု ကေခိုင်နှင့် အောင်ဆွေတို့ ဖွဲ့စည်းထားသော ဇာတ်လမ်းဖြစ်သည်။

" တစ်ဦးကမေတ္တာ၊ တစ်ဦးကစေတနာ" ကတော့ ဆရာ ကောက်လှိုင်း၏ ၀တ္ထုဖြစ်သည်။ ကောလိပ်ဂျင် နေ၀င်း၊ ကျော်ဟိန်း၊ တင်တင်ညို၊ မေသစ်၊ သန်းဖေလေး၊ ဦးကျောက်လုံးတို့ ပါဝင်သည်။ ကျောင်းဆရာ ဟောင်း၊ ထောင်ထွတ်၊ အရက်သမားကြီး ဆရာချစ်အဖြစ် ကောလိပ်ဂျင်၊ ထောင်ထွက် အလစ်သုတ်၊ ခါးပိုက်နှိုက်၊ အရက်သမားအဖြစ် "ဗိုလ်"က ကျော်ဟိန်း၊ ကျော်ဟိန်းချစ်သူက "မိုး" တင်တင်ညို၊ နောက် တော့ ကျော်ဟိန်းကို ဆရာချစ်က စာသင်ပေး၊ ကျော်ဟိန်း ဆယ်တန်းအောင်၊ --- ကောလိပ်တက်၊ ဘွဲ့ရ၊ တင်တင်ညိုနှင့် လက်ထပ်၊ ဆရာချစ်က သူတို့နှင့်အတူနေကာ ဇာတ်ပေါင်းသည်။ ဤကားတွင် ဆရားကြီး ၏ စကားတစ်ခွန်း က ရေပန်းစားသည်။ " တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်" ဟူ၍ပင်။

" ဘ၀သံသရာ" ဇာတ်ကတော့ တကယ့် အလွမ်းဇာတ်ဖြစ်သည်။ ရိုးရိုးကြီး ဇေယျ၏ သရုပ်ဆောင်ကောင်း မှု၊ မေသစ်နှင့် အတွဲညီမှုကြောင့်အပြင် "ဇာတ်" မှ ပေးချင်သော မက်ဆေ့ခ်ျကို လူများက လက်ခံကြသော ကြောင့်လည်း အထူးအောင်မြင်ပါသည်။ မတိမ်ကောနိုင်သော ဇာတ်ကားလည်းဖြစ်သည်။ ထိုကားမှ လူ တို့၏ နှုတ်မှစွဲကျန်ခဲ့သော သီချင်းမှာ "ဘ၀သံသရာ" သီချင်းပင်ဖြစ်သည်။ ကြောင်းကျိုးဆက်ဖြစ်စဉ်ကြီးကို ပုံပမာ ပြုပြီးစပ်ထားသော သီချင်းလည်းဖြစ်သည်။ ဘာသာရေးဆိုသည်ထက် လူ့ဘ၀ပြဆိုသီချင်း၊ သံဝေဂ ယူစရာသီချင်းဟုလည်းဆိုကြပါသည်။

နောက် " သြော် မိန်းမ"၊ ထိုဇာတ်ကားကလည်း ဇာတ်ကားဆု၊ ဒါရိုက်တာဆုတွေ ရခဲ့သော ဇာတ်ကားဖြစ် သည်။ ဇေယျ၊ ဖိုးပါကြီး၊ မြင့်မြင့်ခင်တို့ပါဝင်သည်ဟု မှတ်မိသည်။ ဇာတ်က ရိုးစင်းသောငြား ဖိုးပါကြီး၏ ဟာသကွက်များကြောင့် ပရိသတ်ကို မငြီးငွေ့စေခဲ့သောကားဖြစ်သည်။ အေ၀မ်းတင်တင်လှ၊ ၀င်းလှိုင်၊ ဇော်ဝမ်း၊ အံ့ကျော်၊ တင်တင်ညိုတို့ပါဝင်သော "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ကားကတော့ ဆရာမင်း ကျော်၏ ၀တ္ထုဖြစ်သည်။ အ သုံးလုံးခေါ် စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု အထောက်အကူပြု (၀ါ) အောက်ခံဖြင့်ဖွဲ့သော ပညာပေးဇာတ်ကား တစ်ကားဟုဆိုနိုင်သည်။ ကျောက်ပန်းတောင်းဘက်ရွာတစ်ရွာ သည် ဇာတ်နောက်ခံဒေသဖြစ်မည်ထင်သည်။

ကျေးရှာမှ အဘိုး၊ အဘွားများ လူငယ်များကို စာသင်ပေးကြ ရင်း သံယောဇဉ်၊ ၅၂၈ မေတ္တာ၊ တို့၏ အံ့မခန်းပုံကို တင်ပြနိုင်ခဲ့သည်။ အံ့ကျော်သည် အကောင်းဆုံး သရုပ် ဆောင်နိုင်ခဲ့ပြီး ပရိသတ်ရင်ကို ဆုပ်ယူ ဖမ်းစားနိုင်ခဲ့သည်။ စာရေးတတ်ဖတ်တတ်စ အံ့ကျော်သည် ဆရာမ ပေါက်စလေးများအလယ်တွင် "ရှက်လည်း ရှက်တယ် ၀မ်းလည်း သာတယ်ဗျာ" ဟူသော အသံကြီးဖြင့် ရှက်နေသော အမူအရာ မျက်နှာပေးမှာ တခါက လူဆိုးကြီး သရုပ်ဆောင်အံ့ကျော်ဆိုသည်ကိုပင် ကျွန်တော် တို့ မေ့ပျောက် သွားနိုင် လောက်အောင် သရုပ်ဆောင်ကောင်းခဲ့ပါသည်။ ဦးသုခ၏ အတတ်ပညာ၊ အမြော် အမြင်၊ အနုပညာပါးဝမှုကြောင့် ထိုဇာတ်ကားလည်း အောင်မြင်ခဲ့သည်။ နောက်ဆုံးခန်း ဆရာမများ မြို့သို့ နွားလှည်းနှင့် အပြန် ထန်းလျက်တောင်းရွက်ကာ အပြေးလိုက်၍ နှုတ်ဆက်သော အံ့ကျော်နှင့် ဆရာမတို့၏ နှုတ်ဆက်ခန်း စကားပြောဟန် ၀မ်းနည်းဟန်တို့မှာ ပရိသတ်ကို မျက်ရည်ကျစေခဲ့ပါသည်။ လူလူချင်း ရှိခဲ့ သော သံယောဇဉ်ကြိုး၏ အတင်း၊ အလျော့ကို ကျွန်တော်တို့ စိတ်ထိခိုက်ကြရပါသည်။ ဆရာကြီးဦးသုခ အောင်မြင်ခဲ့ ပါသည်။

၁၉၆၈ ခုနှစ်ရဲ့ အကောင်းဆုံး ဇာတ်ကား တစ်ခုကတော့ စကားပြောသော အသည်းနှလုံးဖြစ်သည်။ ၀တ္ထု မှာလည်း ဦးသုခပင်ဖြစ်သည်။ စိုးနိုင်၊ တင်တင်နွဲ့၊ ဦးဘချစ်၊ ဦးသိန်းမောင်၊ ဦးကျောက်လုံး၊ ကြည်ကြည်ဌေး၊ ဒေါ်ခင်ထွေး၊ မျိုးညိမ်းတို့ ပါဝင်သရုပ်ဆောင်ထားပါသည်။

အရပ်ရှည်ရှည်ကိုင်းကိုင်း၊ နဖူးပြောင်ပြောင်နှင့် စကားပြောလျှင် အာလုတ်သံဖြင့်ပြောသော ဦးဘချစ်၏ သရုပ်ဆောင်မှုတို့ နှစ်မွှာအသဲ" မှာလည်း ကျွန်တော် ကြိုက်ခဲ့ဖူးသည်။ ယခု ကားတွင်လည်း ဦးဘချစ်၏ သရုပ်ဆောင်မှုက ကွက်တိပင်။ အိမ်ထောင်ရေး ဖောက်ပြန်သူ ကြည်ကြည်ဌေး၊ ဦးကျောက်လုံး၏ ပိုင်းလုံး၊ ကြာကူလီစရိုက် သရုပ်ဆောင်ချက်၊ ဦးသိန်းမောင်၏ ၀တ်လုံပီပီ စကားပြောကလည်းကောင်းပြီး၊ တည်ငြိမ် ခန့်ညားမှု အပြည့်ဖြင့် သရုပ်ဆောင်ပုံ၊ ဒေါ်ခင်ထွေး၏ သမီး တင်တင်နွဲ့အပေါ် ထားသော မိခင်မေတ္တာ၊ ကရုဏာတရား၊ စိုးနိုင်၏ အေးဆေြးိငမ်သက်သော သရုပ်ဆောင်မှု၊ ဇာတ်ကားတစ်ကားလုံးသည် ဆရာကြီး ဦးသုခ အနုပညာပဉ္စလက်အောက်တွင် မှော်ဝင်စီးမျောနေပါသည်။

ပရိသတ်မျက်ရည်ကို တစတစဖြင့် "ခြူ" နေရာမှ အမြင့်ဆုံးအခန်းမှာ စိုးနိုင်တို့လင်မယား ဦးသိန်းမောင်ကို ကန်တော့ခန်းဖြစ်သည်။ ဦးသိန်းမောင်က မိဘမေတ္တာပြဆိုပုံပြင်တစ်ပုဒ်ကို ပြောပါသည်။ စိုးနိုင်၏မိခင် ကြည်ကြည်ဌေးမှာ ဦးဘချစ်နောက်အိမ်ထောင် သုံးဆက်ဖြင့် ဖောက်ပြားသော အမျိုးသမီးဖြစ်ခဲ့ရာ မိခင်ဟာ မိခင်ပဲဆိုတာ သိစေဖို့ စိတ်မနာစေဖို့ ဆုံးမသော ပုံပြင်လည်းဖြစ်သည်။ သူဆင်းရဲ လုလင်ငယ် တစ်ဦး သည် အဆင့်တန်းမြင့်လားသော မိန်းမ တစ်ဦးကို ချစ်ခင်စုံမက်သည်။ ထိုမိန်းမက ရွဲ့၍ မိခင်၏ အသဲနှလုံးကို ယူလာပေးနိုင်လျှင် သင့်ကို ချစ်မည်ဟု ဆိုသည်။ လုလင်ငယ် တမှိုင်မှိုင်တတွေတွေရှိရာ မိခင်လုပ်သူကမေးမြန်းသည်။ အကြောင်းစုံကို သိသော် သားအား သူ့အသဲနှလုံးကို ဒါးဖြင့် လှီးထုတ်၍ ပေးသည်။ လုလင်သည် အသဲနှလုံးကို ပိုက်၍ ထိုမိန်းမရှိရာသို့အလာ လမ်းတွင် ခလုတ်တိုက်၍ လဲကျသည်။ ထိုစဉ် မိခင်၏ အသဲနှလုံးမှနေ၍ "အို လူလေး ဘယ်များနာသွား သေးသလဲ"ဟု စိုးရိမ်တကြီး မေးရှာသည်။ ဤတွင် ဦးသိန်းမောင်လည်း မျက်ရည် တစမ်းစမ်း၊ စိုးနိုင်တို့ လင်မယားလည်း တရှုံ့ရှုံ့၊ ကျွန်တော် တို့ အားလုံးလည်း ဘယ်လိုမှ ထိမ်းမရခဲ့ပါ။ မျက် ရည်သည် ၀မ်းထဲမှ လှိုက်တက်ကာ ဘယ်က ဘယ်လို ကျလာမှန်းပင် မသိလိုက်တော့ပါ။ ဒါလည်း ဦးသုခပင် ဖြစ်ပါသည်။

အနုပညာ သဘာဝသည် ပုံသဏ္ဍာန်မျိုးစုံ ကွဲပြားသော်လည်း မြေအောက်အမြစ်ချင်း ရောယှက်ကူးလူးနေ သော သဘောရှိသည်။ ရုပ်ရှင်၊ ဂီတ၊ ကဗျာ၊ သဘင်၊ ပန်းချီ၊ ပန်းပု စသဖြင့် သွင်ပြင်များ ကွဲပြားသည်။ ဟန် ပန်များ ခြားနားသည်။ နည်းစနစ်များမတူကြ။ သို့သော် အနုပညာတည်းဟူသော ပင်မရေစီးကတော့ အခြေခံဖြစ်သည်။ အနုပညာ၏ ရှေ့ရှု့သဘောထားများကား ကွဲပြားနိုင်သည်။ ဖျော်ဖြေဖို့၊ အသိပေးပညာ ပေးဖို့၊ ၀ါဒဖြန့်ချိဖို့ စသဖြင့် အမျိုးမျိုးပင်။ မည်သို့သော ရှေ့ရှု့မှုဖြင့် ဖန်တီးမှုဖြစ်စေ အနုပညာ အားနည်း လျှင် တော့ "ဖွဲ" သာသာမျှသာ။ ယနေ့ ကြိုက်ကောင်းကြိုက်မည်။ မနက်ဖြန်တွင် လှည့်ကြည့်မည် မဟုတ်ပေ။ ဦးသုခသည် အနုပညာရော၊ အတတ်ပညာပါ အားကောင်းခဲ့ပါသည်။ ဘ၀ဖြတ်သန်းမှုလည်း စုံသည်။ ကြမ်း တမ်းသည်လည်းရှိသည်။ သူ၏အခြားသော ယုံကြည်ချက်များကိုကား ကျွန်တော် မဆန်းစစ် လိုပါ။ လူသည် ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ စီးဆင်းခွင့်ရှိပေသည်။

ဦးသုခ၏ အနုပညာသည် ဘာသာရေးအဆုံးအမများ ကျေးဇူးကြောင့်ဟု ဆိုရမည်။ နူးညံ့သောခံစားမှု၊ သိမ် မွေ့သော ရင်ခုန်မှု၊ စိတ္တပိုင်းဆိုင်ရာ အလှသဘာဝနှင့် လူ့အဖွဲ့အစည်းအား ကောင်းမြတ်သော စိတ်ကောင်း စိတ်မွန်များ ထားရှိဖို့ရေးကို ဦးတည်သည်ဟု ခံစားမိသည်။ ရုပ်ရှင်မှတဆင့် ကျွန်တော်တို့ထံ စီးဝင်စေသည်။ ဤကား ငြင်း၍မရသောအချက်ဖြစ်သည်။ တစ်ဖန် ပရိသတ်ကို စွဲငြိစေသော ရုပ်ရှင်ကား များကို ယခင်နှင့် ယခု နှိုင်းယှဉ်ကာ ရေတွက်ကြည့်ပါက (သေချာပါသည်) ယနေ့ခေတ် ဇာတ်ကား များသည် လက်ချိုးရေလို့ပင် ရမည်ထင်သည်။ ယနေ့ခေတ်သည် အထောက်အပံ့ပစ္စည်းမျိုးစုံ ခေတ်မီ ဆန်းသစ်သည် ဆိုသော်ငြား ထိုထိုသောခေတ်မှ ဇာတ်ကားများနှင့်မူ လားလားမျှ မဆိုင်ပါပေ။ ဖန်တီးမှု၊ သရုပ်ဆောင် ပညာ စသော အနုပညာ အတတ်ပညာအရည်သွေးပိုင်းမှစ တွေးထောင့်၊ မြင်ထောင့် ဇာတ်အိမ် ခိုင်ခံ့မှု၊ စေတနာ ထားမှုအဆုံး ကွာချင်တိုင်း ကွာနေကြောင်းကို သတိပြုမိပါတော့သည်။

စံညိမ်းဦး
.

No comments:

Post a Comment

thank you to say so