Saturday, August 27, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၈)

မယ်တော် မာယာ
ဌေးမောင်
 
ဗုဒ္ဓ မာတာ တိယံ နာမိ မြတ်စွာဘုရား မယ်တော်ဟူသော အမည်သည် အတ္ထိရှိ၏။ ဧတံ ထိုမြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုကား ဒုလ္လဘကံ အလွန်ရခဲလှပါ၏။ ဘုရားဟု မိထွေးတော် ဂေါတမီက မြွတ်ဟခဲ့လေသည်။ မင်း၏ အမေဟူသော အမည် မင်း၏မိဖုရားဟူသော အမည်ကို မိန်းမတို့သည် လွယ်လွယ် ကူကူရနိုင်ပေ၏ ဟု လည်း မဟာပဇာပတိ ဂေါတမီက ဆိုခဲ့သေးသည်။

မဟာပဇာပတိ၏ အဓိပ္ပါယ်မှာ ထူးမြတ်သော သားသမီး အရှင်မဟူ၍ ဖြစ်ပြီး၊ ဂေါတမီမှာ ဂေါတမ အနွယ်ကို ဖော်ပြလေသည်။
အလောင်းတော် မင်းသားကို ဖွားမြင်ပြီးနောက် ခုနှစ်ရက် မြောက်သည့်အခါ မယ်တော် မာယာကွယ်လွန် ရှာလေသည်။ ဤသည်မှာ အလောင်းတော်မင်းသားတို့၏ မယ်တော်တိုင်း ကြုံတွေ့ရသည့် ဓမ္မတာ ဖြစ်သည်။

မယ်တော် မာယာ၏ အသက် ၅၅ နှစ်၊ ခြောက်လနှင့် ရက်(၂၀)တွင် ပဋိသန္ဓေရသည်။ သက်တမ်းမှာ ဆယ်လနှင့် ခုနှစ်ရက်မျှသာကျန်သည်။ ကွယ်လွန်ပြီးသောအခါ တုသိတာနတ်ပြည်၌ သန္တုဿိတနတ်သား ဖြစ်သွားလေသည်။

မယ်တော်မာယာက သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး နောက်နှစ်ရက်သုံးရက်မျှတွင် မိထွေးတော်ဂေါတမီက သားတော် နန္ဒမင်းသားကို ဖွားမြင်သည်။ မယ်တော်မာယာမရှိတော့သည့်အတွက် သိဒ္ဓတ္ထမင်းသားကို ပြုစု မွေးမြူရန် နို့ထိန်းသည် မိန်းမများကို မိန်းမပေါင်း ထောင်သောင်းအတွင်းမှ ရွေးချယ်ယူရသည်။ နို့ချိုတိုက် ကျွေးရန် မိန်းမ(၆၀)၊ ရေချိုးပြီး အမွေးနံ့သာလိမ်းကျံပေးရန် မိန်းမ (၆၀)၊ ရင်ခွင်ပိုက်ရန် မိန်းမ(၆၀) တစ် လက်မှ တစ်လက်သို့ ပြောင်းလွဲချီရန် မိန်းမ(၆၀)စုစုပေါင်း မိန်းမ (၂၄၀)ရှိလေသည်။
နို့ချို တိုက်ကျွေးရန် နို့ထိန်းသည်များရှိသော်လည်း သိဒ္ဓတ္ထမင်းသားငယ်ကို မိထွေးတော် ဂေါတမီကိုယ်တိုင် နို့ချိုတိုက်ကျွေးခြင်းကများသည်။

ဂဂါင်္ဝဠုသဲစုမက ပွင့်တော်မူသမျှ မြတ်စွာဘုရားရှင်တို့သည် လူသားဘ၀မှသာ ဘုရားရှင်ဖြစ်ထွန်းရသည်။ သာသနာတော်ဝင်ရာ၌ လူသားအစစ်လား ယောက်ျားအစစ်လားဟု စစ်မေးခြင်းရှိသည်။ လူသားဘ၀သည် ရခဲလှသည်။ ကြီးမြတ်လှသည်။ ဗြဟ္မပြည်က အပ်ကိုချ မြေမှအပ်တစ်စင်းနှင့် ထိဖို့က လွယ်သေးသည်။ လူ့ အဖြစ်ရဖို့က မလွယ်ဟု ဆိုရိုးစကားရှိသည်။

ကြီးမြတ်သော လူ့ဘ၀ကို ရရှိခြင်းအတွက် မိခင်ဖခင်တို့၏ ကျေးဇူးကား အတိုင်းမသိများလှချေသည်။
မိခင်အနေဖြင့် ကာလလရေကြည်တည်သည်မှ ကိုးလကျော် ကိုယ်ဝန်ဆောင်ရပြီး ဆယ်လအတွင်း မွေး ဖွားရသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အပူအငန် အစပ်အခါး အစားအစာရှောင်ရသည်။ သန္ဓေသား သည် အမိ၏ အာဟာရကို မှီတွယ်အားပြုရသည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မိခင်လောင်းမှာ အအိပ် အနေအထိုင်အထ ဆင်ခြင်ရသည်။ မိမိ၏ရင်သွေး အင်္ဂါစုံစေရန် တင့်တယ်စေရန် ရတနာသုံးပါးကို ဆည်း ကပ်၍ ဆုမွန်ကောင်းတောင်းရသည်။ ရင်သွေးရတနာကို ကျန်းမာသန့်စင်စွာ ဖွားမြင်ပြီးသောအခါမှာ မှတ် ခြင်ယင်မသန်းရအောင် ကြည့်ရှုရသည်။ အပူအအေးမျှတအောင် ဂရုစိုက်ရသည်။ ကျင်ကြီးကျင်ငယ်ကို သန့်ရှင်းပေးရသည်။

လသားအရွယ် ရင်သွေးငယ်အဖို့ အမိ၏ နို့ချိုသည် အလွန်အရေးကြီးသည်။ နို့ရည်က အာဟာရဖြစ်စေရုံမျှ မက ရင်သွေးကို ဖျားနာခြင်းမဖြစ်သော်လည်း အကာအကွယ်ပေးသည်။ ကိုယ်ခန္ဓာ ၃၂ ကောဋ္ဌသတွင် နို့ ရည်မပါပေ။ မိခင်၏ မေတ္တာစွမ်းပကားကြောင့် သွေးမှနို့ရည်ဖြစ်လာရသည်။ မိခင်၏သားအိမ်နှင့် သားမြတ် ကြောင့်သာ သားသမီးရတနာများထွန်းကားရခြင်းဖြစ်လေသည်။

ကိုယ်ဝန်ဆောင်မိန်းမသည် တစ်ရက်လျှင် သင်္ချိုင်းကို သုံးကြိမ် မျက်စောင်းထိုးသည်ဟု အရပ်စကား ရှိသည်။ မွေးဖွားချိန်၌ အသက်နှင့်ရင်းရသည်ကတော့ အမှန်ပင်။ မိခင်သည် စိတ်ရှည်သည်။ ဇွဲ ကောင်း သည်။ သတ္တိရှိသည်။ လေးစားချီးကျူးဖွယ်။

ဖခင်၏ကဏ္ဍ ဖခင်၏တာဝန်မှာလည်း ကြီးလေးလှပါသည်။ မိသားစု (ဇနီးနှင့် သားသမီးတို့)တာဝန်ယူရ သည်မှာ လွယ်ကူ သက်သာသည်မဟုတ်။ စားဝတ်နေရေး ပြည့်စုံဖို့၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဖူလုံဖို့ ဖခင်၏ အဓိကတာဝန်ဖြစ်သည်။ မိသားစုအတွက် လုံလောက်သော၊ ပိုလျှံသော ၀င်ငွေရရန်အတွက် ဖခင် သည် ကာယအား ဥာဏအားကို သုံးစွဲရသည်။ အပင်ပန်း အဆင်းရဲခံရသည်။ မိမိတစ်ယောက် တည်းအတွက်ဆိုလျှင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းကို များစွာ သည်းခံမည် မဟုတ်သော် လည်း မယားနှင့် သားသမီးမျက်နှာထောက်ထားသောအခါ မည်မျှပင် ဆင်းရဲစေ၊ ကျိတ်မှိတ်ကုန်းရုန်း၍ အလုပ် လုပ်ကြ သည်။ ဖခင်ကျေးဇူး အထူးရှိပါပေသည်။

" သားတို့ ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကျက မိဘတို့ ၀မ်းငြိမ်းစတမ်း" ဟု ကိုးခန်း ပျို့တွင် ရှင်မဟာရဋ္ဌသာရက ရေးဖွဲ့ပြခဲ့သည်။

" သဗြဟ္မာနိသုတ်တွင် ... "သားသမီးတို့သည် နှစ်သက်ဖွယ်သော ကိုယ်အကျင့် နှုတ်အကျင့်ဖြင့် အမိအဖ တို့ကို ပူဇော်အပ်ကုန်၏။ ထိုသို့ ပူဇော်၍ မိဘတို့နှင့် နေရသော သားသမီးသည် ဗြဟ္မနှင့်အတူ နေရ သည် မည်၏။ အဝေးမှဆောင်၍ ပူဇော်အပ်သော အလှူခံထိုက်သော ရဟန္တာနှင့် အတူနေ ရသည် မည်၏။ ဗြဟ္မဟာ ဟူသောအမည် ပုဗ္ဗဒေ၀ဟူသောအမည် ပုဗ္ဗာ စရိယ ဟူသော အမည် ပုဗ္ဗဒေ၀ဟူသော အမည် ပုဗ္ဗာစရိယ ဟူသောအမည်၊ အာဟုနေယျဟူသောအမည်သည် အမိ အဖ တို့၏ အမည်တည်း။ ထိုသို့ အဘယ်ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူသနည်း ဟူငြားအံ့၊ အမိအဖ တို့သည် သားသမီး တို့အား များစွာ ကျေးဇူးရှိကုန်၏။ အသက်ရှည်အောင် မွေးပေတတ်ကုန်၏။ ဤလောက ကို ပြပေတတ် ကုန်၏။ ထို့ကြောင့် ထိုအမည်တို့ကို ဟော်တော်မူကုန်၏"။

မိဘက သားသမီးအပေါ် ဗြဟ္မကဲ့သို့ ဗြဟ္မ၀ိဟာရတရားလေးပါး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထား သည်။ ထို့ကြောင့် မိဘသည် ဗြဟ္မမည်၏။
ဘုရား၊ ရဟန္တာတို့သည် မိမိအပေါ် မကောင်းမှုပြုသူကိုပင်လဆင် အပြစ်မယူ၊ ကောင်းကျိုးချမ်းသာ အကျိုး စီးပွားကိုသာ ပေးတော်မူ၏။ မိဘတို့သည် သားသမီးအားလုံးအပေါ် ကောင်းကျိုးချမ်းသာခြင်းသာ ဖြစ်စေ လို၏။ ထို့ကြောင့် မိဘသည် ပုဗ္ဗဒေသ မည်ပေသည်။

မိဘက သားသမီးကို လောကီလောကုတ္တရာနှစ်ဖြာအကြောင်း သိမှတ်စရာများ သင်ကြားပေးသည်။ ထို့ ကြောင့် မိဘသည် ပုဗ္ဗာစရိယဖြစ်ပေသည်။
မိဘတို့၏ ကျွေးမွေးသုတ်သင်ကျေးဇူးကြောင့် မိဘသည် အဝေးမှ ဆောင်၍ အလှူခံလျုက်သော အာဟုနေယျ ပုဂ္ဂိုလ်နှင့် တူပေသည်။
အမိကို ညာဘက်ပခုံးထက် အဖကို ဘယ်ဘက်ပခုံးထက်တင်၍ နှစ်တစ်ရာပြုစုသော်လည်း ကျေးဇူးဆပ်၍ ပြည့်စုံခြင်း မရှိချေ။ မြတ်စွာဘုရားသည် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာ တရား ဟောကြားတော်မူခဲ့သည်။

ကောသလမင်းက ဗာရာဏသီပြည်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ဗာရာဏသီမင်းကျဆုံးပြီး သားတော်က ထွက်ပြေးလွတ်မြောက်သွားသည်။ ကောသလမင်းက မုဆိုးမ မိဖုရားကို ကြင်လျာတော်မြှောက်သည်။ နှစ် အတော်ကြာသောအခါ ထွက်ပြေးခဲ့သော မင်းသားက စစ်အင်အားစုဆောင်းပြီး ဗာရာဏသီကို လာ၍ တိုက် ခိုက်သည်။ မယ်တော်မိဖုရားက တိတ်တဆိတ် တမန်လွှတ်စာပို့၍ မြို့ကိုပိတ်ဆို့ကာ ရိက္ခာ ဖြတ်ရန် အကြံ ပေးသည်။ မင်းသားက ထိုသို့ ဆောင်ရွက်ရာ ခုနှစ်နှစ်ကြာသည့်အခါ မြို့ကိုရပြီး၊ ကောသလမင်း လည်း ကွယ်လွန်လေသည်။

ဂေါတမဘုရား လက်ထက်၌ ထိုမိဖုရားသည် ကောလိယ မင်းသမီး သုပ္ပ၀ါသာ ဖြစ်လာသည်။ အိမ်ထောင် ပြု၍ ကိုယ်ဝန်ရလာသောအခါ ခုနှစ်နှစ်ကြာ ကိုယ်ဝန်လွယ်ရပြီး ခုနှစ်ရက်ကြာမျှ ၀မ်းနာဝေဒနာခံစားနေရ လေသည်။ မင်းသမီးက ခင်ပွန်းကို မြတ်စွာဘုရားထံ စေလွှတ်၍ လျှောက်ထားစေသည်။ မြတ်စွာဘုရားက ကြီးမြတ်သောအာရုံဖြင့် မေတ္တာပို့သည်။ သုပ္ပ၀ါသာသည် ရောဂါမရှိ ပကတိချမ်းသာစေ၊ ရောဂါမရှိ ပကတိ ချမ်းသာလျက် ရောဂါကင်းသောသားကို ဖွားစေသတည်း။

မြတ်စွာဘုရား၏ မေတ္တာတန်ခိုးဖြင့် မင်းသမီးသည် သားရတနာ သီဝလိကိုဖွားမြင်လေသည်။ သီဝလိသား ငယ်မှာ ခုနှစ်နှစ်သားအရွယ်ဖြစ်လာသည်။ ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက်၏ အသိဥာဏ်နှင့် စွမ်း ဆောင်နိုင်မှု ရှိသည်။ ကောလိယမင်းသမီးက ဘုရားရှင်နှင့် သံဃာတော်များကို ခုနှစ်ရက်ဆွမ်း ဆက်ကပ် လှူဒါန်းသည်။ နောက်ဆုံးရက်တွင် ရှင်သာရိ ပုတ္တရာက သီဝလိအား " ချမ်းသာပါ၏လော "ဟု မေးသည်။ သီဝလိက " မချမ်းသာပါဘုရား၊ လောဟကုမ္ဘီငရဲ ခံရသကဲ့သို့ ပါဘုရား" ဟု ပြန်လည်လျှောက် ထားသည်။ ထိုသို့ အပြန်အလှန် ပြောကြားခြင်းကို မင်းသမီးအလွန် နှစ်သက်သည်။

ဘုရားရှင်ကား " ချစ်သမီး သုပ္ပ၀ါသာ၊ ဤကဲ့သို့ သားမျိုး နောက်ထပ်လိုချင်သေးသလော" ဟုမေးတော် မူရာ မင်းသမီးက " ခုနှစ်ယောက်မက လိုချင်ပါသေးသည်ဘုရား" ပြန်၍ လျှောက်ကြားလေသည်။
မိခင်မေတ္တာ ကြီးမားလှပေသည်။

ဂေါတမ ဘုရားရှင်လက်ထက်၊ စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ်မှာ မျိုးနွယ်အမည် ကစ္စာနဖြင့် ထင်ရှား လေသည်။ ပုရောဟိတ်ကစ္စာနသည် ရှေးဘ၀မှ ကုသိုလ်နှင့် ဆုတောင်းကြောင့် ရွှေအဆင်းရှိလေသည်။
တစ်ခါ၌ ဘုရင်ကြီးက ပုရောဟိတ်ကစ္စနကို ဘုရားရှင်ထံသွား၍ ပင့်ဖိတ်ရန် တာဝန်ပေးသည်။ ဘုရားရှင်ထံ ရောက်သည့်အခါ ဘုရားက " ဧဟိဘိက္ခု" ခေါ် တော်မူသဖြင့် ကစ္စာနနှင့် အဖော်ခုနှစ်ဦး ရဟန်းဖြစ်သွား လေသည်။

ထိုစဉ်အခါက ရွှေပန်းတိမ်သည် မောင်မစ္စကဆိုသူရှိသည်။ သူ့မှာ မယားနှင့် သားနှစ်ယောက်ရှိသည်။
တစ်နေ့သောအခါ မောင်မစ္စက က ရှင်ကစ္စည်းကို မြင်သောအခါ " ရွှေအဆင်းဖြင့် လှပတင့်တယ်ပေသည်။ ကျွန်ုပ်၏ ဇနီးဖြစ်သော် ကောင်းလေစွ" ဟု စိတ်ဖြင့် ပြစ်မှားမိသည်။ ထိုအပြစ်ကြောင့် မောင်မစ္စက မိန်းမ ဘ၀ပြောင်းလဲသွားလေသည်။ မိန်းမဘ၀တွင် အိမ်ထောင်ကျ၍ သားနှစ်ယောက်မွေးဖွားပြီးသောအခါမှ မူလယောက်ျားအဖြစ် ပြန်ရောက်ရလေသည်။ ထိုအခါ မောင်မစ္စက က ရဟန်းဝတ်သွားသည်။

နောင်အခါ သီတင်းသုံးဖော်ရဟန်းတို့က " ယောက်ျားဘ၀ နှင့်ရသော သားနှစ်ယောက်နှင့် မိန်းမဘ၀နှင့် ရသော သားနှစ်ယောက်တို့အား မည်သူ့ကိုပို၍ ချစ်သနည်း" ဟု ရဟန်းမောင်မစ္စက ကိုမေးမြန်းသည်။ ထို ရဟန်းက " မိန်းမဘ၀ဖြင့်ရသော သားနှစ်ယောက်ကို ပို၍ချစ်ပါသည်" ဟူ၍ ဖြေကြားလေသည်။
မိခင်မေတ္တာ မိခင်သတ္တိကား ကြီးမားပါဘိသည်။

 ဌေးမောင်

(၁)  မဟာဗုဒ္ဓ၀င်-ဒုတိယတွဲ
(၂) ဂိဟိဝိနယ ပကာသနီကျမ်း

1 comment:

  1. မိဘမေတ္တာနဲ့ သတ္တိကတော့ သားသမီးနဲပတ်သက်လာလျင် တစ်ပြားသားမှမလျော့ဘူးဆိုတာ ယုံကြည်ပါတယ် မရွေစင်ဦး။ ဒါကြောင့်လဲ “မာတုကာမ၊ ဟူသမျှမှာ၊ အမေတူမျိုး၊ မချိုးနှိမ်ရာ၊ ပစ္စယဓမ္မ၊ နှစ်ဝနှစ်ဖြာ၊ ချီးမြောက်ကြ၊ ဒါနမင်္ဂလာ”လို့ ဆိုထားကြတာနေမှာပါ...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete

thank you to say so