ဒါရိုက်တာ ဦးသုခ
စာရေးဆရာ လူထုဦးလှတို့ရဲ့ အမြ
အောင်မြင့်ဦး(မန္တလေး)
စာရေးဆရာ လူထုဦးလှတို့ရဲ့ အမြ
အောင်မြင့်ဦး(မန္တလေး)
သတင်းစာများတွင် ပါဝင်သော သတင်းများသည် ပစ္စပ္ပုန်ကာလတွင် သာမန်သတင်းသာဖြစ်ပြီး နောင်နှစ် ပေါင်းများစွာ ကြာသောအခါတွင်မူ သမိုင်းဝင်သတင်း၊ တန်ဖိုးရှိသော သတင်းများ ဖြစ်လာပါသည်။
စာရေးဆရာ ဒါရိုက်တာ ဦးသုခသည် ရုပ်ရှင် ဇာတ်ကားပေါင်း ၃၄ ကားရိုက်ကူးခဲ့ပြီး၊ ဒါရိုက်တာ အကယ်ဒမီ ဆုကို ၆ ကြိမ်ရရှိခဲ့သည်။ ယခုဖော်ပြလိုသည်မှာ ဒါရိုက်တာ ဦးသုခရိုက်ကူးခဲ့သော်လည်း ရုပ်ရှင်အဖြစ်သို့ မရောက်ရှိခဲ့သော ရုပ်ရှင်ကား တစ်ကားအကြောင်းပင် ဖြစ်သည်။ ထိုရုပ်ရှင် ဇာတ်ကားမှာ သတင်းစာ ဆာ၊ စာရေးဆရာကြီး လူထုဦးလျ၏ ထောင်နှင့် လူသားစာအုပ် (၁၉၅၇ ခုနှစ်၊ စာပေဗိမာန် စာပေဒေသာဆုရ) ထဲမှ "အမြ" ၀တ္ထုကို ဒါရိုက်တာ ဦးသုခက ရုပ်ရှင်ရိုက်ကူးခဲ့ခြင်းပင် ဖြစ်သည်။
" အမြ" ရုပ်ရှင် ဇာတ်ကားရိုက်ကူးခဲ့ခြင်း အကြောင်းကို ပြန်လည် ဖော်ပြရာတွင်လည်း (၁၉၃၄ ခုနှစ်ခန့်က) သူရိယသတင်းစာတွင် ကျိုက်လတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသော "သတင်းထောက်သုခ"ကို ဂုဏ်ပြုခြင်းဖြင့်လည်းကောင်း၊ မူရင်းဝတ္ထုရေးသားသူ သတင်းစာဆရာ၊ စာရေးဆရာကြီးလူထု ဦးလှကို ဂုဏ်ပြုခြင်းအားဖြင့်လည်းကောင်း၊ "အမြ" ရုပ်ရှင် ဇာတ်ကားအကြောင်း ခြေရာကောက်သတင်းများကို မန္တ လေးလူထု သတင်းစာတွင် ဖော်ပြခဲ့သည့် မူရင်း စာလုံးပေါင်း သတ်ပုံအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။
ဒါရိုက်တာ သုခနှင့်မေရှင်
လူထုဦးလှ၏ ထောင်နှင့်လူသားမှ "အမြ" နေရာတွင် မေရှင်က ခေါင်းဆောင်မည်။ စာရေးဆရာ ဒါရိုက်တာ သုခသည် တီဘီရောဂါပျောက်ကင်း၍ ရန်ကုန်ဆေးရုံကြီးမှ ဆင်းပြီး နောက်တစ်နေ့တွင် ရွှေဝယ်သီရိရုပ်ရှင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစံလွင်နှင့်အတူ မန္တလေးသို့ထွက်ခဲ့ပြီး ၄င်း၏ ဆရာ ဆရာကြီး မြမျိုးလွင်၏ နေအိမ်၌ တည်းခိုခဲ့ပေသည်။ မန္တလေးစာဆိုတော်နေ့ ပွဲသဘင်သို့ တက်ပြီးနောက် ဦးသုခနှင့် ဦးစံလွင်တို့ သည် မန္တလေးမှ မိတ်ဆွေအချို့နှင့်အတူ တောင်ကြီးသို့ သွားရောက် လည်ပတ်ပြီးလျှင် နိုဝင်ဘာလ ၂၇ ရက်နေ့ မန္တလေးသို့ ပြန်ရောက်ကြ၏။
လူထုဦးလှနှင့် သုခ
တောင်ကြီးမှ ပြန်လည် ရောက်ရှိသော ညဥ့်၌ပင် ဒါရိုက်တာ ဦးသုခနှင့် လူထုဦးလှတို့သည် ည ၇ နာရီမှ သန်းခေါင်ကျော် ၁၂ နာရီတိုင် ယခင်က စာပေး၍သာ ဆွေးနွေးခဲ့ကြရသော ဇာတ်လမ်း တစ်ခု၏ အကြောင်း အရာများကို ဆွေးနွေးကြသည်။ ထိုဇာတ်လမ်းမှာ အခြားမဟုတ် လူထုဦးလျ၏ ဒုတိယစာအုပ် ဖြစ်သော "ထောင်နှင့်လူသား" ထဲမှ "အမြ"၏ အဖြစ်အပျက်မှန်ပင် ဖြစ်လေသည်။ ထို့နောက် ၂၈-၁၁-၅၇ ရက်နေ့ ညနေ ၃ နာရီ အချိန်မှ ၅ နာရီတိုင် တက္ကသိုလ်မှ မြန်မာစာ ကထိက ဦးချမ်းမြ၊ ရဲမင်းကြီးဟောင်း ဦးခင်မောင်၊ စာရေးဆရာ ချစ်ညို၊ ရွေဝယ်သီရိရုပ်ရှင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစံလွင်တို့ပါ ဆက်လက်၍ ဆွေးနွေးကြပြန်သည်။ ဦးချမ်းမြ၊ ဦးခင်မောင်နှင့် ချစ်ညိုတို့က "အမြ"၏ ဇာတ်လမ်းမှာ ထူးထူး ခြားခြား ကောင်းလှသည်။ ရုပ်ရှင်ရိုက်ဖို့ ကောင်းသည်ဟု ဘတ်ပြီးစကပင် ၄င်းတို့အလိုအလျောက် ပြောနေ သူများဖြစ်ရာ ဒါရိုက်တာ ဦးသုခနှင့် ဥာဏ်ချင်းထပ်သောကြောင့် ဖိတ်ခေါ် ဆွေးနွေး ကြခြင်းဖြစ်ပေသည်။
တူညီသော အတွေးအခေါ်များ
ဦးချမ်းမြ၊ ဦးခင်မောင်နှင့် ချစ်ညိုတို့၏ စဉ်းစားတင်ပြချက်များသည် ဦးသုခနှင့် လူထုဦးလှတို့၏ လွန်ခဲ့သည့် ညကဆွေးနွေးချက်များနှင့် တထပ်ထဲကဲ့သို့ ဖြစ်ကြရာများစွာ အံ့သြအားရဖွယ်ပင် ဖြစ်ပေသည်။
သုခ၏တင်ပြချက်
ဦးလှရေးသည့် ဇာတ်ကြောင်းတွင် "အမြ" သည် မိန်းမရှာ ဖြစ်နေသည်။ သို့ရာတွင် ဦးခင်မောင်၊ ဦးချမ်းမြ နှင့် ချစ်ညို တို့ ၃ ဦးလုံးကပင် ဘတ်သွားယင်း နှင့် မိန်းမရှာအမှတ်သင်ညာ ပျောက်ပြီး တကယ့် မိန်းမ အမျိုးကောင်း သမီးကြီးတစ်ဦးကဲ့သို့ မြင်ပုံကို တင်ပြကြသည်။ ထိုအခါ ဒါရိုက်တာ ဦးသုခက မိမိ ဆေးရုံမှ မဆင်းမီကတည်းက စိတ်ကူးစီစဉ်ထားပုံကို တင်ပြပြီး ရွှေဝယ်သီရိဦးစံလွင်နှင့် တိုင်ပင်ကာ "အမြ" နေရာတွင် မိန်းမ အစစ်ကိုထားဖို့ မိန်းမအစစ်ဆိုရာ၌ ဤနေရာတွင် မေရှင်ထက် သာသူမရှိနိုင်ဟုဆိုကာ နိုင်ငံကျော် မင်းသမီးကြီး မေရှင်ကို အခြားကုမ္ပဏီများက ပဌမတန်း မင်းသမီးများကို ပေးနေကြသည်ထက် ၅၀၀၀ိမျှ ပို၍ ပေးကာ စာချုပ်ပြီး ဖြစ်ကြောင်းနှင့် ထုတ်ဖော်ပြောပြလေသည်။ ဤအစီအစဉ်ကို ဆွေးနွေး နေသူအားလုံးကပင် ၀မ်းမြောက်စွာ ထောက်ခံကြတော့၏။
အခြားနာမည်ကျော် ဇာတ်လိုက်များ
အမြ၏ ဇာတ်လမ်းကို ပြုပြင်မွမ်းမံပြီး ရိုက်မည်။ ရုပ်ရှင်အမည်၊ မေရှင်အပြင် ဇာတ်လမ်းနှင့် ကိုက်ညီမည့် နာမည်ကျော် ဇာတ်လိုက်များ မည်သူ မည်ဝါတွေ ပါကြမည် စသည်တို့ကို ကားစတင်ရိုက်ကူးမည့် ဇန်န၀ါရီလ မတိုင်မီကပင် သိရပေလိမ့်မည်။
လူ့ဘ၀သရုပ်ဖော်နိုင်နင်းသူ
အချစ်နှင့် လောကလူသားတို့၏ သဘာဝကို သရုပ်ဖော်ရာ၌ အနိုင်နင်းဆုံး ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသုခ သည် ၄င်း၏ စိတ်တိုင်းကျ ဇာတ်လမ်းကို စိတ်တိုင်းကျ ပြုပြင်မွမ်းမံပြီးလျှင် စိတ်တိုင်းကျ ဇာတ်လိုက်များဖြင့် အစွမ်းကုန်ကြိုးစားရိုက်ကူးပေတော့မည်။ ၁၉၅၈ ခုနှစ်အတွင်းမှာပင် မေရှင် အများဆုံး သရုပ်ဆောင်ရမည့် ဒါရိုက်တာဦးသုခ၏ လက်ရာသစ်ကို တွေ့ကြရပေလိမ့်သတည်း။
(မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်း)
လူထုသတင်းစာ အမှတ် ၉၈၇ (၃-၇-၁၉၅၇) စာမျက်နှာ ၄။
အမြဇာတ်ကားတွင် မေရှင် ဤသို့ ပါဝင်မည်
မန္တလေးမှ စာရေးဆရာတစ်ဦး ဖြစ်သော လူထုဦးလှရေးသည့် "ထောင်နှင့်လူသား" စာအုပ်ထဲမှ "အမြ"၏ အကြောင်းကို ရွှေဝယ်သီရိရုပ်ရှင် ကုမ္ပဏီက ၀ယ်ယူ၍ ဒါရိုက်တာ သုခရိုက်မည့် အကြောင်းကို ဤသတင်း စာတွင်ဖော်ပြပြီးဖြစ်ကြောင်း။
အမြနေရာတွင် မေရှင်၊ မောင်ခင်အောင်၏ နေရာတွင် မြင့်စိုး၊ ဆရာမလေး ညွန့်ညွန့် နေရာတွင် မေသစ်၊ အမြ၏ လျှို့ဝှက်ရည်းစားနေရာတွင် ဇေယျတို့နှင့် ယခုဇန်န၀ါရီလ ၃၀ ရက်နေ့ကစ၍ ရိုက်ကူးတော့မည်ဟု သိရှိရကြောင်း။
(မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်း)
လူထုသတင်းစာ အမျတ် ၁၀၃၂ (၂၃-၁-၁၉၅၈) စာမျက်နှာ ၄။
အမြကန်တော့ပွဲပေးအခမ်းအနား
မင်းသမီးမေရှင်၊ မေသစ်နှင့် ဇေယျကြီး စသော ဇာတ်တော်မည့်သူများ၊ ဒါရိုက်တာ ဦးသုခ၊ အေ၀မ်းဦးတင် မောင်၊ ဒဂုန်ဦးလှဘူး ရွေဝယ်သီရိ ဦးစံလွင်စသော မိတ်ဟောင်း ဆွေဟောင်းများ စည်ကားစွာ ရောက်ရှိ ကြခြင်း။
ရန်ကုန်တိုက်ခွဲမှ
လူထုဦးလျရေးသော ထောင်နှင့်လူသား စာအုပ် အမြဇာတ်လမ်းကို ရွှေဝယ်သီရိရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ အလင်္ကာကျော်စွာ ဦးသုခက ရုပ်ရှင်ရိုက်ကူးရန် ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့ ရှစ်မိုင်ခွဲရှိ မြဇော် စတူဒီယိုတွင် ကန်တော့ပေးပွဲ အခမ်းအနားတစ်ရပ် ကျင်းပကြောင်း။
အဆိုပါ အခမ်းအနား၌ အမြဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြမည့် နိုင်ငံတော် လက်ဟောင်း မင်းသမီး ကြီး မေရှင်၊ မေသစ်၊ မြင့်စိုး၊ ရိုးရိုးကြီး ကိုဇေယျ။ ကလေးဇာတ်လိုက်ကလေးနှင့် တက်ရောက်အားပေးကြ သော ရုပ်ရှင်လောကမှ မင်းသမီး ပညာသည်များ၊ ရုပ်ရှင် စာစောင်နှင့် သတင်းစာတိုက်များမှ ရုပ်ရှင် သတင်းထောက်များကို တွေ့ရှိရကြောင်း။
မိတ်ဟောင်းဆွေဟောင်းများ
အဆိုပါ ကန်တော့ပွဲပေး အခမ်းအနားတွင် အေ၀မ်း ဦးတင်မောင်၊ ဒဂုန်ဦးလှဘူး၊ ရွှေဝယ်သီရိ ဦးစံလွင်၊ ဘောဂဗလ ဦးတင်အုန်းနှင့် လူထုဦးလှ၏ မိတ်ဟောင်းဆွေဟောင်း မိတ်သင်္ဂဟများကိုလည်း တွေ့ရကြောင်း။
လူထုဦးလျနှင့် အေ၀မ်းဦးတင်မောင်၊ ဒဂုန် ဦးလှဘူးတို့မှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ငယ် သူငယ်ချင်း များဖြစ်ကြရာ ပြန်လည် တွေ့ဆုံကြရသဖြင့် အထူးရွှင်ရွှင်ပျပျ ရှိနေသည်ကို တွေ့ရကြောင်း။
နံနက်စာ
ကြွရောက်လာသော ဧည့်သည်တော်များအား ရွှေဝယ် သီရိရုပ်ရှင် ဦးစံလွင်က နံနက်စာထမင်းဖြင့် ကျွေးမွေး ဧည့်ခံပြီး မြဇော်စတူဒီယိုအတွင်းရှိ ရုပ်ရှင် ပစ္စည်းကိရိယာများကို လိုက်လံပြသကြောင်း။ အမြ ဇာတ်ကားကို ဒါရိုက်တာ ဦးသုခက အမြန်ဆုံးရိုက်ကူးတော့မည်ဟု သိရှိရကြောင်း။
(မူရင်းစာလုံးပေါင်း သတ်ပုံအတိုင်း)
လူထုသတင်းစာအမျတ် ၁၀၄၀ ဂ၁-၂-၁၉၅၈) စာမျက်နှာ ၂၊ ၈။ မှ
အသည်တို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ဒါရိုက်တာ ဦးသုခ ရိုက်ကူးခဲ့သော " အမြ " ရုပ်ရှင် ဇာတ်ကားဆိုင်ရာ အထောက်အထားများပင် ဖြစ်သည်။ သို့သော် " အမြ " ရုပ်ရှင် ဇာတ်ကားမှာ မည် သည့်အကြောင်းကြောင့် ရုံတင် မပြသဖြစ်ခဲ့သည်ကိုတော့ မသိရပါ။ " အမြ "ကို ရုပ်ရှင် ရိုက်ကူးခဲ့သည် ဒါရိုက်တာဦးသုခ၊ "၀တ္ထု" ရေးသားခဲ့သူ လူထုဦးလှနှင့် "အမြ" နေရာက ပါဝင် သရုပ် ဆောင်ခဲ့သူ ဒေါ်မေရှင်တို့မှာ အနိစ္စရောက်သွားကြပြီဖြစ်သည်။
လာမည့် ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့သည် ဦးသုခ နှစ်တစ်ရာ ပြည့်ဖြစ်သလို ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်နေ့သည်လည်း လူထု ဦးလှ နှစ်တစ်ရာ ပြည့်ဖြစ်လေသည်။ ဆရာကြီး နှစ်ဦး၏ နှစ်တစ်ရာ ပြည့်အထိမ်းအမှတ်ကို ဤစာတိုစာစဖြင့် ဂါရ၀ပြုအပ်ပါသည်။
အောင်မြင့်ဦး (မန္တလေး)
၁၅-၁၀-၂၀၀၉
သုခိအတ္တာနံ ပရိဟရန္တု
ဆရာကြီး ဦးသုခ
သက်ထွန်း (သရဖူ)
ဆရာကြီး ဦးသုခ
သက်ထွန်း (သရဖူ)
ကျွန်တော် တက္ကသိုလ် ကျောင်းသားဘ၀တွင် ရှုမ၀၊ ငွေတာရီ၊ မြ၀တီ၊ ရတနာမွန်၊ ဥာဏ်လင်း၊ ဓမ္မပဒေသာ မဂ္ဂဇင်းများတွင် ပါရှိသော ဆရာကြီး ဦးသုခ၏ ဆောင်းပါးဝတ္ထုများကို ဖတ်ခဲ့ရသည်။ နှစ်ခြိုက်သဖြင့် လစဉ် ဖတ်ရှုစုဆောင်း သိမ်းဆည်းမိသည်။ ဆရာကြီးသည် လောကီ၊ လောကုတ္တရာ ကောင်းကျိုး ချမ်းသာ ရရှိစေ ရန် ရည်ရွယ်ချက်ဖြင့် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ ဘံသုတ္တနိကာယ်၊ လောကနီတိကျမ်းများထဲမှ နှီးနွယ်ရာ၊ ဘာသာရေး ဗဟုသုတအစုံစုံကို လူငယ်များ သဘောပေါက်အောင် ဆွေးနွေး ပုံစံမျိုးဖြင့် ရေးသားလေ့ရှိ သည်။ စာပေကျမ်းဂန်ထဲမှ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေးမှလာသော ယဉ်ကျေးမှု စိတ်နေသဘောထားများကို လူငယ်များနားဝင် လက်ခံချင်လာအောင် ပုံစံ အမျိုးမျိုးဖြင့် သိမ်းသွင်းလေ့ရှိ သည်။
ငါးရာငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဓမ္မပဒ၊ (၃၈)ဖြာ မင်္ဂလာ၊ နီတိကျမ်းများကို အခြေပြု၍ သဘောတရား တစ်ခုခု ကို လက်ခံချင်လာအောင် အားထုတ်လေ့ရှိသည်။ ဆရာကြီး ဦးသော်ဇင်၊ ဒဂုန်ဦးစန်းငွေ ဆရာကြီး ဦးထွန်းမြင့်၊ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)တို့သည် ပါဠိပိဋကတ်နှံ့စပ်သော်လည်း၊ လူငယ် များက ဆရာကြီးများ၏ စာကို ကြောက်ရွံ့ကြသည်။ ဆရာကြီး ဦးသုခသည် ပါဠိကြောက်စိတ်မရှိရအောင် ကြံဆောင်လေ့ရှိသည်။ လူငယ်များသာမက၊ စာဖတ်တတ်သူတိုင်း ဆရာကြီး၏ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတနသုတ်၊ လောကနီတိ၊ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ၊ ချယ်ရီအလှစာအလှ၊ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ၊ သုတရသ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ၊ သုတရသ ဓမ္မအစုံ၊ ဓမ္မကထာ စာပဒေသာ၊ သုခ၀တ္ထု တို များကို မက်မက်မောမော ဖတ်ရှုကြသည်။ ဆေးခါးကြီးကို သကြားအုပ်ပြီး တိုက်ကျွေးတတ်သည်။
ကျွန်တော် မန္တလေး ရုပ်ရှင်မှ ဘ၀သံသရာဇာတ်ကားကို မမှန်မိတော့ပါ။ ဘ၀သံသရာဇာတ်ကားထုပ်သည် လည်း (၂၄-၃-၈၄)နေ့ ဦးကျားကြီးဝင်းမှ စတင်လောင်ကျွမ်းသည့် မန္တလေးမီးကြီးထဲတွင် ပါဝင်သွားသည်ဟု ကြားသိရသည်။ ဘ၀ သံသရာသီချင်းကိုတော့ ၀ါတွင်း၊ ဓမ္မရုံမှ ကက်ဆက်ဖွင့်သည်ကို ကြားနေရသည်။ ရိုးမသွား၊ အီမသွား ရှင်သန်နေဆဲ လယ်တီ ဆရာတော်ဘုရားကြီး၏ " ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာ လေးရပ်၊ လေးကျွန်းပတ်လည်၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိခိုးခလျှက်၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတတ်သိရန်၊ နိဒါန်းပြန်ပိမ့်" အစချီသည့် ပဋိစ္စသမုပ္ပါဒ် လင်္ကာကြီးကို ပါရမီရှင် ဆရာကြီး ဦးသုခက ...
" ဘ၀သံသရာ၊ ရှည်လျားထွေပြား၊ မနေမနား၊ တသွားတည်းသွားကြတာ၊ ခရီးပန်းတိုင် မရောက်မချင်း၊ တစ်ယောက် ဆင်းတစ်ယောက်တက်၊ ဆက်လက်ထွက်ခွာလာ၊ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ" ဘ၀သံသရာ သီချင်းတစ်ဖြစ်လဲစေသည်။
ကျွန်တော်သည် နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်တိုင်း၊ ဆရာတော်၊ သံဃာတော်များမှ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတနသုတ် စသော ပရိတ်တော်ကို ချီးမြှင့်ရွတ်ဆိုပေးလေ့ရှိသည်။ ဗျောသံကြားနှင့် တရားနာသည်။ တရား ကိုယ်အနက်မသိ ၀ါးတားတား၊ ဆရာကြီး ဦးသုခ၏ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတနာသုတ် တို့သည် ဆရာ တပည့် စာသင်နေသည့် ပုံစံမျိုး၊ အချင်းချင်း ဆွေးနွေးသည့်ပုံစံမျိုးဖြင့် ရေးသားထားသည့်အတွက် ကျွန်တော် အပါအ၀င် စာဖတ်သူတိုင်း နားလည်လွယ်ခဲ့သည်။ အနက်ကို ရှင်းရင်း ဘ၀နေနည်းတွေ သင်ပေးနေသည်။ မိဘနှင့် သားသမီး၊ လင်နှင့်မယား၊ လုပ်ငန်းကြီးကြပ်သူနှင့် အောက်လက်ငယ်သား တို့၏ ပြောဆို နေထိုင်မှုကို လမ်းညွှန်နေသည်။ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့ နှိုးဆော် နေသည်။ လူမှုဆက်ဆံရေး ဘ၀လမ်းညွှန်ဖြစ်သည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မို့၊ နံနက် ည ဘုရားဝတ်တက်နေရသည်။ "ပကိဏ္ဏက နမက္ကာရအစိန္တေယျကြီး" ဘုရားရှိခိုးသည် ရွတ်ဆိုဝက်တက်သူတိုင်း နည်းလည်အောင် ဦးထွန်းမြင့်၊ ဦးသော်ဇင်တို့ အားထုတ်ပေးကြ သည်။ သဘောပေါက် ရွတ်ဆိုသင့်သည်။ ကြည်နူးဖွယ်ရာ ဖြစ်မည်။ မြန်မာစာ ဒုတိယနှစ်တွင် သုခမှတ်စု၊ ရည်ညွှန်းစာအုပ်အဖြစ် ပြဌာန်းသည်။ ဆရာသင်သလောက် ဖတ်မိသည်။ ယခု စာဖတ်ခိန်ရတော့မှ တစိမ့် စိမ့် ဖတ်ဖြစ်သည်။ ကျမ်းပေါင်း (၂၀၀)ကျော်မှ ဘာသာရေးနှင့် ဆိုင်သော၊ ယဉ်ကျေးမှုနှင့်ဆိုင်သော၊ အဘိ ဓမ္မာနှင့်ဆိုင်သော မှတ်စုမှတ်ရာအဖြာဖြာကို ဒက်ကနဲ၊ ဒက်ကနဲ သိနိုင်သဖြင့်၊ ပညာရှာသော သုတေသီတိုင်း အသုံးဝင်သော စာအုပ်ဖြစ်သည်။ ဆရာကြီး ဦးထွန်းမြင့်၏ ပါဠိသတ်ဝေါဟာရ အဘိဓာန် ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၏ က၀ိလက္ခဏာသတ်ပုံ၊ ဒီပနီ ... ၀ိသောဓနီကဲ့သို့ အားကိုးအား ထားစရာဖြစ်သည်။ ဆရာကြီးများ၏ စာများကို ရှာဖွေဖတ်ရှုလေ၊ မိမိဘာမျှမသိ၊ မတတ်သူ ဖြစ်သည်ကို သိလာမိသည်။ ရှက်မိသည်။ လိုချင်စိတ်၊ စူးစမ်းစိတ် ပြင်းပြသော ဆရာကြီး ဦးသုခ ကြံစည်အားထုတ်သမျှ စာပေရတနာဖြစ်နေသည်။
စတုတ္ထနျစ်တွင် သုခ၏ ၀တ္ထုစာတမ်း တင်သွင်းရန်အတွက် သုခ၏ ဆေးရုံပေါ်မှ ဘ၀သံသရာနှင့် အခြား ၀တ္ထုတိုများ၊ သုခ ၀တ္ထုပေါင်းချုပ် ရှာဖွေဖတ်ရှုခဲ့ရသည်။ ဆရာကြီး ဦးသုခ၏ ၀တ္ထုတိုများသညလ်ညး ငါးရာ့ ငါးဆယ်၊ ဓမ္မပဒ၊ နီတိ၊ မာဃဒေ၀ လင်္ကာသစ်လာ ဇာတ်လမ်းဇာတ်ကွက်များကို ကျောရိုးပြု၍ ၀တ္ထုတို တစ် ပုဒ်ပြီးတိုင်း တွေးစရာကျန်ရစ်အောင် ရေးလေ့ရှိသည်။ ၀တ္ထုတိုခေါင်းစဉ်များသည်လည်း တိုတိုတုတ်တုတ် နှင့် ထိမိသည်။ အဓိပ္ပါယ်ပါသည်။ ပါဠိသက္ကတနှံ့စပ်သည်။ အချို့သော ၀တ္ထုခေါင်းစဉ်များကို ပါဠိဘာသာ သက္ကတဘာသာ စကားလုံးများ အသုံးပြုထားသည်ကို တွေ့ရသည်။
ပယောဂ တိဟိတ် အဒိန္နာဒါနာ
ပရိယေသန ကာယကံ
သဗ္ဗေသတ္တာ ... စသော ခေါင်းစဉ်များဖြစ်ကြသည်။
အိမ်ထောင်ရေး၊ စီးပွားရေး၊ မိဘမေတ္တာ၊ ဘာသာတရား ပညာပေးသဘောတရားများကို ဇာတ်လမ်း ဇာတ်ကွက် ဆင်၍ ကြုံသလို၊ သင့်သလို ရွှေနားတော်သွင်းလေ့ရှိသည်။ ဘ၀သံသရာ၊ လောကဓံ၊ ၀ဋ်ကြွေး၊ ကံတရား၊ ခင်ပွန်းဘကီး (၁၀)ပါး၊ ငါးပါးသီလ၊ ဘုရား၊ တရား၊ သံဃာ သရဏဂုံ(၃)ပါး၊ စိတ်၊ သင်္ခါရ၊ သေခြင်း တရား၊ တဏှာ၊ ၀ိဘာဂ၊ မေတ္တာတို့ကို လူငယ်အများသိရှိစေရန် နိုင်နိုင်နင်းနင်း စာပေ တန်ဆာဆင်၍ ရေးသားလေ့ရှိသည်။ ၀တ္ထုတို ဆရာ ဦးသုခ အကိုင်အတွယ်ကောင်းသဖြင့် လေးကျန်ခြင်း မရှိ။ မှတ်သားစရာ ကျန်ရစ်ခဲ့သည်။ စာရေးတိုင်း စေတနာပါသည်ကို တွေ့နေရသည်။ နေရာတိုင်း အဆုံး အမ၊ ဗဟုသုတမရှိ၍ ရိုင်းစိုင်းနေသည်ကို ပြုပြင်ပေးလိုသည်။
ကျွန်တော်သည် ကာမဘုံသားပီပီ လောကဓံ၏ အထုအထောင်းကို ဒလစပ်ခံရသည်။ စိတ်ပျက်အားငယ်မိ သည်။ တစ်ခုမှ မပြီးသေးခင် နောက်တစ်ခုရောက်လာသည်။ အချို့ ရူးသွားကြသည်။ သတ်သေသွားကြ သည်ဆိုသည်မှာ ယုံတမ်းစကားမဟုတ်၊ ဖြစ်နိုင်သည်။ ၀န်ထမ်းဘ၀နှစ်လေးဆယ်တွင်လည်း လောကဓံ၏ ချိုမြိန်သော အရသာကို တ၀ကြီး ခံစားခဲ့ဖူးသည်။ အိမ်ထောင်သက် နှစ်ဆယ့်ငါးနှစ် တွင် ဇနီးနှင့် စိတ်သဘောထားတိုက်ဆိုင်မှုများစွာ ကြုံခဲ့ရသည်။ သမီး၏ စိတ်ဒုက္ခပေးမှုကို ပူလောင်စွာ ခံစားမိခဲ့ရသည်။ ဆရာကြီး ဦးသုခ၏ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ၊ သုတရသ ဓမ္မ စာစုံ၊ ချယ်ရီအလှ စာအလှ၊ စိတ်ဆို သောစိတ်နှင့် ၀ဉ္စနာဒီပနီ၊ သဗ္ဗေသတ္တာနှင့် အခြားဝတ္ထုတိုများ ဖတ်မိခဲ့သောကြောင့် ဖြေဆည်ရာ ရှိခဲ့ပါ သည်။ လောကဓံရှစ်ပါး နားလည်ခဲ့ရသည်။ ဘယ်လို အမှားကင်းအောင် နေမေ ၀ဋ်ကြွေးပါလာရင်တော့ ရှောင်ပြေး လို့ မရသည်ကို သဘောပေါက်မိသည်။ သရဏဂုံ (၃)ပါး ယုံယုံကြည်ကြည် ဆည်းကပ်ဖို့ ဖြစ်ပျက် သင်္ခါရများက သတိပေးနေသည်။ ကျေးဇူးရှိခဲ့သူ မိခင် ဖခင်ကျေးဇူးတရားကို သိတတ်ဖို့ တိုက်တွန်း နေသည်။
ဦးသုခ၏ ဂုဏ်ရည်မတူလို့လား ဇာတ်ကား၊ သည်ဆောင်း ဟေမန်ဇာတ်ကား၊ ဘ၀သံသရာဇာတ်ကားတို့ အမေပြောပြလို့သာ ကြားသိရပါသည်။ မှုန်ဝါးဝါး၊ ဦးသုခ၏ စကားပြောသော အသည်းနှလုံးဇာတ်ကားကိုမူ ဦးသိန်းမောင် နှင့် ဒေါ်ခင်သီတာထွေးတို့ အခြေအတင် စကားပြောကို နှစ်ခြိုက်၍ နှစ်ကြိမ်ထပ်၍ ကြည့်မိ သည်။ သြော် မိန်းမဇာတ်ကား နှစ်ကြိမ်ကြည့်မိသည်။ ဘ၀သံသရာသီချင်းကြောင့် ဘ၀သံသရာဇာတ်ကား အောင်မြင်ကြောင်း ရုပ်ရှင်ဝါသနာအိုးကြီးများထံမှ ကြားသိရသည်။ ဦးပြုံးချို၏ တေးဘုမ္မာသည် ရဟန်းရှင် လူပရိသတ်အားလုံး လက်ခံသီဆို ကြည်ညိုကြရသည်။ အထူးခြားဆုံး လက်ရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါ သည်။ တေးဘုမ္မာသီချင်းကို ဆရာကြီး ဦးသုခကိုယ်တိုင် နှစ်သက်စွဲလမ်းခဲ့သည်။ ၀တ္ထု၊ ဆောင်းပါးများ သာမက ဂီတ ရုပ်ရှင် နယ်ပယ်တွင်လည်း အောင်မြင်မှုသရဖူဆောင်းခဲ့သည်။ ဘာရေးရေး၊ ဘာရိုက်ရိုက် မြန်မာယဉ်ကျေးမှု၊ ၃၈ ဖြာမင်္ဂလာ အခြေခံသော ပညာပေးကားမျိုးဖြစ်သည်။
မြန်မာ့ရုပ်မြင်သံကြားမှ လပြည့်နေ့ထူးများတွင် ထုတ်လွှင့်ပြသလေ့ရှိသော ရဟန်းစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ ဇာတ်လမ်း နှစ်ကားစလုံး ဒါနနှင့် သီလကို ဖော်ကျူးသည်။ သိက္ခာပုဒ်တော်ထံမှ အကြောင်း အရာအချို့ကို လူအများသိနားလည်စေရန် ဆရာ နိုင်နိုင်နင်းနင်း၊ ဖန်တီးတင်ပြသွားသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် တောနေနေ၊ မြို့နေနေ၊ ဆင်းရဲ ချမ်းသာမရွေး စောစောထ၍ ဆွမ်းချက် ကြသည်။ ဆွမ်းဦးကို ဘုရားဆွမ်းတော်တင်၊ သံဃာတော်များကို ဆွမ်းလောင်းကြသည်။ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ (၃)ရပ်မပူမပင် အားထုတ်နိုင်ရန် အာဟာရဒါန ပြုကြသည်။ လှူဒါန်းသူရော အလှူခံပုဂ္ဂုလ်ပါ ထားရှိရမည့် စိတ်နေစိတ်ထားကို ပေါ်လွင်အောင် ရိုက်ပြသည်။ တောင်ပုလုဆရာတော်ကြီး၊ ဝေဘူဆရာ တော်ကြီး၊ မင်းကွန်း ဒုတိယဓမ္မနာဒဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ ရွှေဟင်္သာ ဆရာတော်ကြီးများ ဖူး မျှော်ကန်တော့တိုင်း ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံဖို့ သြ၀ါဒပေးခြင်း ခံခဲ့ရသည်။
ဆရာကြီး ဦးသုခ၏ တစ်ပါးသီလသည် ၀ိသုဒ္ဓိခုနစ်ပါးအနက် အခြေခံကျသော ၀ိသုဒ္ဒိကို ကွဲသွားအောင် ရိုက်ပြသည်။ ဆရာကြီး ဦးသုခ၏ ရုပ်ရှင်၊ ဇာတ်လမ်းတို့သည် လောကီရေး၊ လောကုတ္တရာရေးများကို မျက်စိထဲ နှလုံးသားထဲစွဲကျန် ရစ်အောင် ပရိသတ်ကို ပညာပေးလေ့ရှိသည်။ စကားပြောသော အသဲနှလုံး၊ တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ၊ အကာကအချစ် အနှစ်က မေတ္တာ ... ဇာတ်ကားတို့မှာ မိဘနဲ့ သားသမီး၊ လင်နဲ့မယား ဆက်ဆံ ရေးကို ဓမ္မပဒ၊ နီတိ၊ မာဃဒေ၀ လင်္ကာသစ်လာ စကားတန်ဆာဆင်၍ ရိုက်ပြသည်။ ရုပ်ရှင်ကြည့်ပရိသတ် ရင်နင့်ရအောင်၊ မျက်ရည်ကျရအောင် ရိုက်ပြနိုင်စွမ်းရှိသည်။ ဆရာကြီး ဦးသုခ၏ စာအုပ်များ ဖတ်မိရင် လက်ကမချချင်လောက်အောင် စွဲမိသည်။ ဇာတ်ကား၊ ဇာတ်လမ်းများ ကြည့်မိသောအခါ အချီ အချစကား ပြောများ နှစ်ခြိုက်သဖြင့် နှစ်ကြိမ် သုံးကြိမ် ကြည့်မိခဲ့သည်။ ဆရာကြီး ဦးသုခသည် ရုပ်ရှင်ကားပေါင်း (၃၄)ကားနှင့် ရုပ်မြင်သံကား ဇာတ်လမ်း (၅)ခု ရိုက်ကူးတင်ဆက်ခဲ့ပါသည်။
၁။ သြော်မိန်းမ (၁၉၅၄ ခုနှစ်)
၂။ ဘ၀သံသရာ (၁၉၅၆ ခုနှစ်)
၃။ စကားပြောသော အသဲနှလုံး (၁၉၇၃ ခုနှစ်)
၎။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃ ခုနှစ်)
၅။ ရွှေချည် ငွေချည်တန်းပါလို့ (၁၉၇၅ ခုနှစ်)
အထက်ဖော်ပြပါ ဇာတ်ကားတို့အတွက် ဒါရိုက်တာ အကယ်ဒမီဆုကို (၆)ကြိမ် ရရှိခဲ့ပါသည်။ ဆရာကြီး၏ ရုပ်ရှင်ဇာတ်ကားများသည် လူ့ဘုံခန်းဝါထဲတွင် နေ့စဉ် ဖြစ်ပျက်နေသည်များကို ထိထိမိမိရိုက်ပြနိုင်စွမ်းရှိ သည်။
ကျွန်တော် ဆရာကြီး ဦးသုခ၏ အမေနေ့ဟောပြောပွဲ အခမ်းအနားသို့ ၀န်ထမ်းဘ၀တွင် အလုပ်ပိနေသဖြင့် တစ်ကြိမ် တစ်ခါမျှ နားထောင်ခွင့်မရခဲ့ပါ။ ဆရာ ရေးခဲ့တဲ့ အမေ၊ အမေစားရသော ထမင်းတစ်နပ်၊ ထိုတစ် နေ့၊ မိချစ် ဘချစ် အမေဆိုတာ တစ်ယောက်ထဲ ... ၀တ္ထုတိုပေါင်းချုပ် စာအုပ်ဖတ်မိတော့ ကျွန်တော့်အမေ ခေတ်ပညာမတတ်လင့်ကစား ကျွန်တော် လူလားမြောက်သည်ထိ စားရေး၊ နေရေး၊ ပညာတတ်မြောက်ရေး တာဝန်ကျေခဲ့သည်။ အမေ သေသွားသော်လည်း ကျွန်တော် လုပ်ကိုင်စားသောက်ရန် အမွေထားခဲ့သေး သည်။ ကျွန်တော် လစဉ်ကြေး ကန်တော့ပြီး တာဝန်ကျေလှပြီဟု အောက်မေ့နေမိသည်။ ကျွန်တော်သည် အမေက တောင်းဆိုသော တစ်လလောက်ခွင့်ရက်ရှည်ယူပြီး အမေ နားလာနေပါဆိုတာတောင် မနေနိုင် ခဲ့ပါ။
တစ်နှစ်တစ်ကြိမ် သွားရောက်ကန်တော့ပြီး ပြန်မိသည်။ အသက် (၉၉)နှစ်အရွယ်ထိ ကျန်းကျန်း မာမာ နေသွားရသော်လည်း ရုတ်တရက် ၀မ်းပျက်သေဆုံးချိန်၌ အမေအနား၌ ကျွန်တော်မရှိခဲ့ပါ။ ဆရာကြီး ဦးသုခ စာများဖတ်၍ စိတ်ထိခိုက်မိပါသည်။ မိမိကိုယ်မိမိ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့ရသည်။ မိဘစုံစုံလင်လင် ရှိ သေးသော ပုဂ္ဂိုလ်များ မိအိုဖအိုများကို ကျေးဇူးဆပ်ကြပါ။ မေတ္တာပေးကြပါဟု တိုက်တွန်းလိုပါသည်။
ဆရာကြီး ဦးသုခသည် မြန်မာနိုင်ငံတော် ချီးမြှင့်သော အလင်္ကာကျော်စွာဘွဲ့ကို ၁၉၅၈ ခုနှစ်တွင် ရရှိခဲ့ပြီး မဟာသဒ္ဓမ္မ ဇောတိကဘွဲ့ကို ၁၉၉၄ ခုနှစ်တွင် ရရှိခဲ့သည်။ လူမှုထူးချွန်မှု (ပထမ)ကို ၁၉၉၄ ခုနှစ်တွင် ချီး မြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် (၁၀၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆရာကြီး ဦးသုခကို စာပေပါရဂူဘွဲ့ အပ်နှင်းခဲ့ ပါသည်။ စိတ်ကို ပုံစံအမျိုးမျိုးဖြင့် (စာပေဖြင့်တစ်ဖုံ၊ ရုပ်ရှင် ဇာတ်လမ်းဖြင့် တစ်သွယ်၊ ဟောပြော မှုတစ်နည်း) ပြုပြင်ပေးတတ်သော သုခိအတ္တာနံ ပရိဟရန္တု၊ ဆရာကြီး ဦးသုခ၏ စာအုပ်များသည် ဘ၀ကို ပြောင်းလဲ စေသော အဆုံးအမ စာအုပ်များ ဖြစ်သောကြောင့်၊ တည်တံ့ခိုင်မြဲ အဓွန့်ရှည်ပါစေဟု ဆုတောင်း အပ်ပါသည်။ သုခစာပေ ရတနာ ဘဏ္ဍာတိုက် ထိန်းသိမ်းကြပါစို့။
သက်ထွန်း (သရဖူ)
.
No comments:
Post a Comment
thank you to say so