စွယ်စုံအနုပညာရှင် ဆရာကြီးဦးသုခဘ၀ပုံရိပ်လွှာ
အပိုင်းအစများ မောင်ပံသု (မန္တလေး)
အပိုင်းအစများ မောင်ပံသု (မန္တလေး)
ဆရာကြီးဦးသုခ ကို ဦးစံခိုင်+ဒေါ်မျှင်တို့က ၁၂၇၁ ခုနှစ်၊ တပို့တွဲလဆန်း(၅)ရက်နေ့ (၁၄.၁၁.၁၉၁၀) သောကြာနေ့မှာ ဧရာဝတီတိုင်း ကျိုက်လတ်မြို့၌ မွေးဖွားခဲ့ပါသည်။ နာမည်ရင်းက ဦးသိန်းမောင်ပါ။ ညီအစ်ကိုမောင်နှမလေးယောက်ရှိရာက ညီအငယ်ဆုံး ဦးတင်လှက ဆုံးသွားပါ သည်။ ညီ ဦးအုန်းမောင်နှင့် နှမဒေါ်တင်ပု၊ ဇနီးဒေါ်ကြင်မေတို့ ဖြစ်ကြပါသည်။ သားအကြီးက သရက်စီးပွားရေးဘဏ် မန်နေဂျာ (အငြိမ်းစား) ဦးအောင်မြင့်ပါ။ သမီးအငယ်က ဆုံးသွားပြီး သားအငယ် ဆုံး ကိုရဲအောင် က ဂျပန်မှာ အလုပ်သွား လုပ်နေပါသည်။ ဦးအောင်မြင့်က ဘဘ ဦးသုခနှင့် အလွန်တူပါသည်။
အဘက အကယ်ဒမီသူဌေးပါ။ ဒါရိုက်တာအကယ်ဒမီဆု(၆)ဆု၊ ရုပ်ရှင်ဝါသနာအိုးများ ချီးမြှင့်သည့် သူရဿတီ ရွှေစင်ရုပ်တုဆု၊ အလက်ာကျော်စွာဘွဲ့၊ စာပေပါရဂူဘွဲ့ စသည့်ဘွဲ့တွေ ဆုတွေ ရခဲ့သူပါ။ ဘဘက ကျောင်းအတန်းပညာ (၈)တန်းသာတတ်ပေမယ့် စာများများဖတ် ပညာများများ လေ့လာခဲ့သဖြင့် ဒီဘွဲ့တွေ ဒီဆုတွေရယူနိုင်ခဲ့တာပါ။ ၁၉၇၂ခုနှစ်လောက်ထိ ကျောင်းနေခဲ့ပါသည်။ ကျိုက်လတ် အလယ်တန်း ကျောင်းနှင့် ဖျာပုံအထက်တန်းကျောင်းတွေဟာ ဘဘ ပညာရည်နို့ သောက်စို့ခဲ့ရာ ကျောင်း တွေပါ။ အမျိုးသား ကျောင်းဆရာဦးခင်ညွန့်က ဘဘရင်ထဲ အစွဲဆုံးဆရာပါ။ အသက်(၁၆)နှစ် အရွယ်က စပြီး ကျောင်းစာအပြင် စာနယ်ဇင်းတွေ လေ့လာဖတ်ရှုခဲ့ပါသည်။
ထိုစဉ် ကာလက မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက် ရောက်ရှိနေ ချိန်ပါ။ အချို့က အင်္ဂလိပ်စာသာ အထင်ကြီး နေကြပေမယ့် ဘဘကတော့ ဇိနတ္ထပကာ သနီ ဇာတ်ကြီးဆယ်ဘွဲ့၊ မဃဒေ၀ လင်္ကာသစ်တွေ ဖတ်ပြီး မြန်မာစာ အထင်ကြီးနေသူပါ။ ဒီလို ဖတ်ပါ များတော့ ပါဠိဘာသာလည်း တတ်မှန်းမသိတတ် နေပါသည်။ အင်္ဂလိပ်စာကိုလည်း အံဝင်ဂွင်ကျ အဆင့်မြင့်မြင့် ရေးတတ်၊ ပြောတတ်၊ သုံးနှုန်းတတ်ပေမယ့် မတတ်ပါဘူး ဟု နှိမ့်ချပြောတတ်ပါ သည်။ ပါဠိ၊ သက္ကဋဘာသာ တတ်အောင်သင်ချင်ကြောင်း တဖွဖွ ပြောဖူး ပါသည်။ စာများများ ဖတ်လာခဲ့၍ ဒီဘာသာတွေ ဘဘကျွမ်းနေပေမယ့် ကိုယ့်ကိုယ်ကို အားမရဟု ဆိုပါသည်။ ဘကို အချို့က လူပြန်တော် (ဘုန်းကြီးလူထွက်)လားဟု မေးကြသောအခါ "အဲလောက်အထိ ကံမကောင်းခဲ့ပါ" ဟု ဖြေကြားပါသည်။
ဘဘက ဇာတ်သဘင်ပညာလည်း တတ်ပါသည်။ သင်ဆရာတော့ ဘဘမှာ မရှိပါ။ မြင်ဆရာ၊ ကြားဆရာ တွေဆီက အတုခိုးပညာယူလိုက်ခြင်းပဲ ရှိပါသည်။ ဇာတ်မင်းသားကြီး ဦးဗလစိန်တို့၊ ဇာတ်မင်းသမီးကြီး ဒေါ်စိန်ချစ် တို့၏ ပညာရိပ်ကို ဘဘခိုးပါသည်။ အတုယူပါသည်။ ဘဘ၏ ရုပ်ရှင်ပညာလက်တွေ့ ဆရာက ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အေ၀မ်း ဦးတင်မောင်ပါ။ ပရိသတ်ထဲမှာ "ကိုပုတုဘယ်မှာလဲ" မေးတဲ့ပြီး ပြေးကာ ဦးစွာ ဘဘဦးတင်မောင် ကို ကန်တော့ပါ တယ်။ ဆရာကို အလွန်ရိုသေလေးစားတဲ့ ဘဘပါ။ ဒါကြောင့် မို့လည်း ပြဇာတ်တွေရော၊ ရုပ်ရှင်ကား တွေပါ အောင်မြင်တာပါ။
"အနုပညာဝါသနာပါတဲ့ လူငယ်တွေ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ စကာကို လက်တွေ့ အကောင်အထည်ဖော်ကြပါ။ သဒ္ဓါနဲ့ပညာ၊ သမ္မာဝီရိ၊ စောင်းနဲ့ညှိသော် ညီသောအခါ၊ အကျိုးပေါ် လာ၏ဆိုတဲ့ အဆိုအမိန့်အတိုင်း ဦးထိပ်ထား ကျင့်သုံးကြပါ။ ၀ါသနာပါ တယ်ဆိုရုံနဲ့မဖြစ် မူးသူများထက် ရူးမှ ဖြစ်မှာပါတဲ့။ ဘဘ အရင်ဒါရိုက်တာတွေက ရုပ်ရှင်ပညာ မြင်ဆရာတွေပါတဲ့။ ဒါရိုက်တာ ဦးခန့်တို့၊ ဦးဘဇင်းတို့၊ ဦးဘရှင်တို့ စတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါသတဲ့။ ဘဘပညာ၊ ဘဘသိက္ခာ ကြောင့် ဘဘက ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး သရုပ်ဆောင်တွေ အပေါ်မှာ သြဇာညောင်းပါတယ်။ ဘယ်သူမှ ပြန်မလှန်ကြပါဘူး။ ဘယ်သူမှ ထပ်တွန့်မတတ်ဝံ့ကြပါ ဘူး။
ဘဘ ဦးသုခက ဆရာကြီး ဒဂုန်တာရာရဲ့ "တာရာမဂ္ဂဇင်းမှာ" "ငါ့ပညာကို မရောင့်ရဲ၊ ငါ့ဘ၀ကို ကျေနပ်၏။ အမေ စားရသော ထမင်းတစ်နပ်၊ အနုပညာရူးစသော ၀တ္ထုများ ရေးသားခဲ့ပါ ၏။ ဘဘ၀တ္ထုတိုများနှင့် ပတ်သက်ပြီး ကွယ်လွန်သူ နာမည်ကြီး စာရေးဆရာ တင့်တယ်က "သုခ ၀တ္ထုတိုများတွင် ပါဝင်သော ဇာတ်ကောင်များ မှာကား ငွေ ငါးကျပ်သာ တတ်နိုင်သော တီဘီရောဂါ ရှိသူ၊ ကျောက်သွေးသမား ကိုတစ်လုတ်ဖြူ၊ တရားသူကြီး ဦးထွန်းဇော်၊ အယ်ဒီတာ ကိုချစ်ထူး၊ ပွဲစားဦးဘိုးဘ၊ တောသူကလေးစိန်ဥ စသည် အားဖြင့် ဇာတ်ကောင်အမျိုးမျိုး ပါဝင်လျက် ရှိနေသည် ကို တွေ့ရသည်။ ပတ်ဝန်းကျင်ကို သုခ အဘယ်မျှ နှံ့စပ်အောင် ကြည့်ထောင့်အမျိုးမျိုးမှ သုံးသပ် ထားသည်ကို သိလိုပါက သုခ၏ ၀တ္ထုများကို ဖတ်ရှုရန် ပင်ဖြစ်ကြောင်း တင်ပြခဲ့ဖူးပါသည်။
ဆရာမောင်ထင်က "စာရေးဆရာ သုခသည် ကဗျာဥာဏ်ရွှင်သူ ဖြစ်၏။ သူ၏ အရေးအသားတို့သည် ကဗျာ ဆန်သည်၊ အတွေ့အကြုံလည်းစုံသူတစ်ဦး ဖြစ်သည်။ သူအစုံတွေ့ရ သော အတွေ့အကြုံတို့ကို သူ၏ အတွေးအခေါ်ဖြင့် အနက်အဓိပ္ပာယ် ထုတ်ဖော်ပေးရာ၌လည်း ကဗျာဆန်လှပေသည်ဟု အကဲဖြတ်သည်" ဟု ရေးသားဖူးပါသည်။
ဘဘက ၀တ္ထုဆောင်းပါး၊ ကဗျာတွေအပြင် မင်္ဂလာသုတ်၊ မေတ္တာသုတ်၊ ရတနာသုတ်၊ သုခမှတ်စု၊ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ၊ ဓမ္မကထာစာ ပဒေသာ၊ စိတ်ဆိုသောစိတ် ပဉ္ဇနာဒီပနီ စသော စာအုပ် တွေ ပြုစုခဲ့ပါတယ်။ ဘဘရဲ့ စာဖတ်ပရိသတ်က ဖြစ်နိုင်ရင် ပရိတ်ကြီး (၁၁)သုတ်လုံး ကုန်အောင် ဘဘ ရေးစေချင်တယ်။ ဘဘကို လူပုဂ္ဂိုလ်မျးသာမက ရဟန်းပုဂ္ဂိုလ်များ ကပါ လေးစားကြပါတယ်။ ဘဘရဲ့ စာပေနယ် က ဆရာတွေက အရာရှိ ဦးထွန်းမြင့်၊ ဒဂုန်ဦးစန်းငွေ၊ ဦးသော်ဇင်တို့လို့ ဆိုပါတယ်။ ဘဘခြေရာ နင်း မည့် ပုဂ္ဂိုလ် သားစဉ်မြေးဆက်ကို မပေါ်သေးဘူးလို့ ဘဘက ဆိုပြန်ပါတယ်။ ဒါပေမယ့် ဘဘမြေးမ ၀င်းဝင်း (ဒဂုန်အရှေ့)ကတော့ စာတွေ စရေးနေပါ ပြီ။
ဘဘက စေတနာ့ဝန်ထမ်း ကျောင်းဆရာ လုပ်ခဲ့ပါသေးတယ်။ အမျိုးသားကျောင်းကထွက် ပြီး ကျိုက်လတ် မှာ မြန်မာစာသင်ခဲ့ပါတယ်။ ကိုယ်တိုင်က မြန်မာစာချစ်ခဲ့တော့ တပည့်တွေကို ကိုယ့်စာကိုယ်ချစ်အောင် ကိုယ့်လူမျိုး ကိုယ်ချစ်အောင် စည်းရုံး သင်ကြားနိုင်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အချစ်တိုးစေမယ့် ကျောင်း ပြဇာတ်တွေကတော့ ဘဘက စီစဉ် ညွှန်ကြားသူ ဒါရိုက်တာပေါ့။ ရန်ကုန် စမ်းချောင်းမင်းလမ်းမှာ နေသွား တဲ့ ကျိုက်လတ်သား တရားရုံးချုပ်ရှေ့နေ ဦးတင်ညွန့်တို့က မင်းသားတွေပေါ့။
"ဘဘအောင်မြင်တာ ဘာကြောင့်ပါလဲ" ဟု မေးတော့ "သဘင်ကြောင့်ပေါ၊ တချို့က သဘင်ကို အထင် သေးတာ မဟုတ်ပေမယ့် ဇာတ်သဘင်ကို အထင်င်္ကြီးအောင် မမြင်တတ်ကြဘူး။ ဗုဒ္ဓနိပါတ်တော်တွေက သဘင်က စခဲ့တာပါပဲ ၀တ္ထုသီချင်းရေးမလား သဘင်၊ ဇာတ်ကြီးဆယ်ဘွဲ့ ကြည့်မလား သဘင်ပါ၊ ဇာတ်အိမ်ဖွဲ့ပုံတွေ၊ တရားရပုံတွေ ချစ်ခန်းကြိုက်ခန်း တင်ပြပုံတွေ အိုင်ကျင်း ယက်ပုံတွေဟာ သဘင်ပါ။ အနူတော လူချော၊ အဖြူထဲမဲနေတာ၊ အပုထဲရှည်နေတာက ပိုထင်ပေါ်တာပေါ့ကွယ်" တဲ့။
၁၃၀၆ခုနှစ်၊ နတ်တော်လမှာ ပထမဆုံးစာဆိုတော်နေ့ အထိမ်းအမှတ်ပွဲအနေနဲ့ ရန်ကုန်မြို့ မြိုင်ရုံမှာ ဦးပုည ရဲ့ ပြဇာတ်ကပြခဲ့ပါတယ်။ "မြန်မာ့သဘင်က အဆင့်မြင့်တန်ဖိုး ရှိပါတယ်။ လုပ်တဲ့ လူတွေ မဟုတ်ကြလို့ လူပြောခံရတာပါတဲ့။ ရွှေမန်းဦးတင်မောင် မကွယ်လွန်မီက "ကိုတင်မောင် ရယ်၊ ခင်ဗျားဇာတ်မှာ ကြိုက်တဲ့ဇာတ်ရုပ်ချ၊ ကျုပ် ကပြပေးပါမယ်" လို့ ဘဘပြောခဲ့ ဖူးပါတယ်။ ဘဘဟာ မြန်မာမှုအနု သဘင်ကို ချစ် သလို သဘင်ပညာတတ်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် အနုပညာ နယ်မှာ အောင်မြင်တာလို့လည်း ၀န်ခံ ထားပါတယ်။
ဘဘက "အတ္တ" ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးလိုတဲ့ ဆန္ဒ ရှိပါတယ်။ ရိုက်ဖြစ်ချင်ရိုက်ဖြစ်မှာ ပါတဲ့။ ဒါပေမယ် လူကြိုက်များချင်မှ များမှာပါတဲ့။ ဘာကြောင့်တုန်းဆို " ဘဘအကြိုက်ချည်းရိုက် မှာကြောင့်" တဲ့။ ဒါပေမယ့် မရိုက်ဖြစ်ခဲ့ပါဘူး။ ရဟန်းမစားရသော ဆွမ်းတစ်နပ် ရုပ်မြင်သံကြား ဇာတ်လမ်းပြ အပြီး ဆရာကြီး မင်းသုဝဏ် က ၀မ်းသာလှိုက်လှဲသံနဲ့ ပထမဆုံး ဖုန်းဆက်ပါသတဲ့။ ဘဘက ဒီကားရိုက်လိုက်ရလို့ ရုပ်ရှင် အနုပညာ လောကမှာ နေပြီး သေပျော်ပါပြီတဲ့။
အပြင် လောကမှာ သေပျော်တာတော့ မဟုတ်သေးပါဘူးတဲ့။ လောကမှာ နေပျော်ပါသေးတယ်တဲ့။ ဒါပေမယ့် မြတ်ဘုရားသော်မှ မလွန်ဆန်တော်မူနိုင်တဲ့ ခရီးကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့မှာ မြန်းကြွ သွားရှာပါတယ်။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် အမေနေ့ ဗိသုကာကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ရင်း တရား သံဝေဂ ယူခဲ့ရပါတယ်။ ဘဘ (၇.၁၂.၂၀၀၅) ကျွန်တော်တို့ကို ထာဝရခွဲခွာခဲ့ သလို (၇.၄.၂၀၀၈) နေ့မှာ အမေ လူထု ဒေါ်အမာ ကလည်း ဦးလေး လူထု ဦးလှ လည်း (၇.၈.၁၉၈၂) မှာ ထာဝရခွဲခွါ သွားခဲ့ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေ ဒီနေ့ ဒီရက် ဒီလောက က ထာဝရ ခွဲခွါ ကြရအောင်လို့ ညှိများ ထားကြလေ ရော့လားဟု မှတ်ထင်ရပါကြောင်း။
မောင်ပံသု (မန္တလေး)
ဆက်ရန်
.
No comments:
Post a Comment
thank you to say so