Tuesday, May 10, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၂)

အခန်း(၁၄)
အယ်လီ

ဟိုအဝေးကြီးမှ ဂျိန်းဂရက်ခ်ျ လှမ်းပြီး စိတ်ကူးယဉ်နေသည့် နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အနုပညာ ရပ်ကွက် မှ အလယ်အလတ်တန်းစားများနေသည့် ဒေသတွင် အယ်လီမက်ဂရက်ခ်ျ အေးချမ်းစွာ ကြီးပြင်းခဲ့သည်။
အဖေက အလုပ်သမားရေးရာ ဥပဒေ အကျိုးဆောင်ရှေ့နေကြီး။ နိုင်ငံရေးတွင် အလွန် အကွက်မြင် သူ၊ အမေ က ဖက်ရှင်ကြော်ငြာ မဂ္ဂဇင်းကြီးတစ်ခု၏ ဒါရိုက်တာ အဖွဲ့ဝင်။
"အယ်လီ ဘာလုပ်လုပ်၊ အဖေနဲ့အမေတို့ရဲ့ ရောင်ပြန်ဟပ်မှုတွေချည်းပဲ၊ တစ်ခုပဲ ရှိတယ်၊ အဖေရဲ့ ဥပဒေ ဦးနှောက် လည်း မရလိုက်ဘူး။ အမေရဲ့ အလှဆင်ယင်မှု နည်းနာတွေလည်း မရလိုက်ဘူး" ဟု အစ်မလုပ်သူ မာဂရက် ကို ရင်ဖွင့်သည်။ မာဂရက်က မိဘနှစ်ပါးစလုံး၏ ပညာ အမွေ ရလိုက်သူ။

အယ်လီသည် ၁၄လမ်းတောင်ပိုင်းတွင် ရေပန်းစားသည့် ခေတ်စမ်း စာရေးဆရာများ၊ တော်လှန် ပန်းချီဆရာ များနှင့် ကာလပေါ် ဂီတ၏ အငွေ့အသက်များနှင့် ကြီးပြင်းလာသူ ဖြစ်လေသည်။ ရောက်သည့် နေရာတွင် ရပ်မနေလိုဘဲ ရှေ့သို့ တိုးဝှေ့ တိုက်ခိုက်လိုခြင်းသည် အနုပညာ ရပ်ဝန်း ဒေသ၏ လွှမ်းမိုးမှု ဖြစ် လေသည်။
၉လမ်း၊ အရှေ့ပိုင်းမှ ပန်းချီပြခန်းများတွင် အဟောင်းနှင့် အသစ်တို့၏ အားပြိုင်မှုကို တွေ့ရသည့် အချိန်။

အယ်လီ့ ကို ဂျိန်းရာဆယ်နှင့် မာရီလင်မွန်ရိုးတို့၏ ခေတ်ဖြစ်သော ၁၉၄၀ပြည့်နှစ်တွင် မွေးဖွားသည်။ မိန်းကလေး များက အစ်ကိုကာလသားတို့ စွဲမက်အောင် အလှပြိုင်နေသောခေတ်။ သို့သော် အယ်လီက သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကို တံမြက်စည်းတစ်ချောင်း ထောင်ထားသလိုပဲဟု ပြောလေ့ ရှိပြီး အားငယ်နေ တတ်သည်။
"ရင်မရှိ၊ တင်မရှိ၊ အမို့အမောက် ကောက်ကြောင်းမဲ့ အဲဒီပုံကို ဘယ်သူ ကြိုက်မှာလဲ" ဟု လည်း ညည်းတွားတတ်၏။
သူ့ခန္ဓာကိုယ် နှင့် ပတ်သက်ပြီး အယ်လီက ကျိန်စာသင့်နေသလားဟုလည်း တွေးမိ၏။ မခံချင်စိတ် ဖြင့် ပုံပြောင်း လာအောင် အပြင်းအထန် ကြိုးစားသည်။ ရင်သား လေ့ကျင့်ခန်းကို လက်မောင်းတွေ ပြုတ်ထွက် မတတ် အပင်ပန်းခံပြီး လေ့ကျင့်သည်။

ရင်သား အလှအတွက် အထောက်အကူပြု ပစ္စည်းများ တစ်ခုပြီးတစ်ခု ၀ယ်သည်။ ကြော်ငြာတွင် ပါသမျှ လိမ်းဆေး တွေ၊ လူးဆေးတွေ ၀ယ်သုံးသည်။ ထူးထူးခြားခြား တက်မလာ။ ယောက်ျား ကလေးများက ရင်သား အလှ ကို မြတ်နိုးတတ်ကြောင်း ဆယ့်ငါးနှစ်သမီး အရွယ်ကတည်းက အယ်လီ နားလည်ခဲ့၏။ ထို့ကြောင့်လည်း အသေအလဲ ကြိုးစားခြင်း ဖြစ်သည်။
အရွယ်ရောက်လာချိန်တွင် အယ်လီ သူ့ကိုယ်သူ ပြန်သုံးသပ်သည်။

"အင်း ငါ့ဘ၀ တစ်ဝက်က ယောက်ျားလေးတွေ ကြိုက်ရာ ကြိုက်ကြောင်း ကြိုးစားခဲ့ရတယ်။ ကျန်တစ်ဝက်က သူတို့ ကြိုက်နိုးကြိုက်နိုးနဲ့ စောင့်ရတယ်"
ခုနစ်တန်းတွင် အယ်လီသည် တောင်းဆိုချက်တွေကို လက်မှတ် ထိုးတတ်နေပြီ အဖွဲ့အစည်းတွေ ထဲ ၀င်သည်။ နိုင်ငံရေးအဖွဲ့အစည်းများ၏ မဲဆွယ်ပွဲတွေကို ပါဝင် ကူညီသည်။
ရွယ်တူ ကလေးတွေက ရုပ်ပြစာအုပ်များ ဖတ်နေချိန် တီဗွီမှ ကာတွန်းကားများ ကြည့်နေချိန်တွင် အယ်လီက နိုင်ငံရေးရာ ဥပဒေရေးရာတွေကို ဝေဖန်နိုင်နေပြီ။
အိုက်စင်ဟောင်ဝါ ကို လူတိုင်း ထောက်ခံနေချိန်တွင် အယ်လီက အက်ဒ်လေကို မဲပေးသည်။ ၁၉၅၆ခုနှစ် အိုက်စင်ဟောင်ဝါ နောက်ထပ် အရွေးခံရတော့ ဒေါသူပုန်ထသည်။ တွေ့သမျှလူကို အိုက်စင်ဟောင်ဝါ မကောင်း ကြောင်း၊ နစ်ဆင် က သာဆိုးကြောင်း လျှောက်ပြောသည်။

နှင်းဆီသွေးရောင် မျက်နှာကလေးမှာ ဒေါသကြောင့် ပို၍ နီးမြန်းနေသည်။
အိုက် တစ်ခုခုဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ တိုင်းပြည်တစ်ခုခု ဖြစ်သွားရင်။

၁၉၅၀ ပြည့်တစ်ဝိုက် လူတော်များ၊ လူတုံးများ၏ ခေါင်းဆောင်မှုအောက်တွင် လူမည်း အခွင့် အရေး တောင်းဆိုသံများ အမေရိကန်တွင် စတင်ပေါ်ပေါက်ခဲ့သည်။
ဆန္ဒပြပွဲမှန်သမျှ အယ်လီ တက်သည်။ တောင်ပိုင်းသို့တိုင် ခရီးထွက်ပြီး အရေးတော်ပုံ၏ သမီးပျို အဖြစ် လှုပ်ရှားသည်။ အဖမ်းအဆီးခံရမည့်ကိုလည်း မကြောက်။ အဖမ်းခံရလျှင် ပိုပြီး တောက်ပြောင်လာမည်။ ပိုပြီး ၀တ္ထုဆန်လာမည်ဟု ယုံကြည်ထား၏။

တရားမျှတမှုအတွက် ပိုက်ပွဲဝင်ရမည်ဟူသော အဖေ့မူအတိုင်း အမေရိကန်နိုင်ငံသည် အသားရောင် ခွဲခြားရေး အဆိပ်သင့် နိုင်ငံဘ၀မှ လွတ်မြောက်စေရမည်ဟု အယ်လီ အခိုင်အမာ သန္နိဌာန် ချထား လိုက်သည်။ မိမိ၏ အချစ်ဦးမှာ လူမည်းတစ်ယောက် ဖြစ်ခဲ့ခြင်းအတွက်လည်း အယ်လီ ဂုဏ်ယူနေ၏။
၁၉၅၅ခုနှစ် တွင် ရောက်လာသော အားနက်စ်ဂျုံးသည် အယ်လီတို့ အတန်းထဲတွင် တစ်ဦးတည်း သော လူမည်း ကျောင်းသား ဖြစ်သည်။ အားနက်စ် အမေက အလုပ်နှင့်အကိုင်နှင့်ဖြစ်၍ အယ်လီက လူမည်း ကျောင်းသား ကို စပြီး စိတ်ဝင်စားခြင်း ဖြစ်သည်။

"နင် မရောက်ခင်တုန်းကဆိုရင် ငါတို့အတန်းထဲမှာ အမေ အလုပ်လုပ်တဲ့ ကျောင်းသား ငါတစ်ယောက် တည်း ရှိတယ်။ တခြားကျောင်းသူ၊ ကျောင်းသားတွေရဲ့ အမေတွေက ဖဲရိုက်လိုက်၊ ပါတီတက်လိုက်နဲ့ အချိန်ကုန် နေကြတာ၊ ငါ့အမေက နေ့တိုင်း အလုပ်တိုက်ကို သွားတယ်" ဟု အားနက်စ်ကို အယ်လီ ရင်ဖွင့် သည်။

"နင် ငါ့ကို စကား စပြောတဲ့ နေ့ကို ငါမှတ်မိတယ်၊ သမိုင်းပြီးတဲ့ အချိန်လေ၊ နင်သာ ငါ့ကို စကား လာမပြော ရင် နောက်နေ့ ငါးကျောင်းဆက် မတက်ဖို့ ဆုံးဖြတ်ပြီးသားဟု အားနက်စ်က ၀န်ခံသည်။
"တခြား ကျောင်းသားတွေက ငါ့ကို တရင်းတနှီး လုပ်ကြပါတယ်။ ဒါပေမယ့် တကယ် မဟုတ်ဘူး ငါ သိတယ်။ ဘယ်သူ မှ သူတို့အိမ် ကို အလည်လာဖို့ ငါ့ကို မဖိတ်ကြဘူး၊ ငါက ငမည်းကောင်ကိုး"
"အဲဒီ စကားလုံး ကို ငါ့ရှေ့မှာ မပြောနဲ့ဟာ၊ ဘယ်တော့မှ အဲဒီအကြောင်း မစဉ်းစားနဲ့နော်"

သူငယ်ချင်းတွေက ၀ိုင်းပြီး ကျဉ်ထားသည့်အတွက် အယ်လီက ပို၍ပင် ဂုဏ်ယူလိုက်သေးသည်။ သူတို့ နှစ်ယောက် သည် ပို၍ နီးစပ်လာသော ပတ်ဝန်းကျင်ကို ဆန့်ကျင် တိုက်ခိုကဖို့ အင်အားစုကလေး တစ်ခု ဖြစ်လာ၏။
အနားနက်စ် က အတန်းထဲမှ ဘော်ကြော့ ကျောင်းသားများကို ကြည့်ပြီး "အလကားငတုံးတွေ" ဟု မှတ်ချက် ချသည်။ "သူတို့ကိုယ်သူတို့ "ဂရေ့စ်ကယ်လီများ အောက်မေ့နေကြသလား မသိဘူး၊ လက်အိတ်ဖြူနဲ့ ဆံပင် ကို ပခုံးပေါ်အထိ ၀ဲလို့" ဟု အယ်လီက အတန်းသူများကို ဝေဖန်သည်။

အတန်းတူ အတန်းသားများကလည်း သူတို့ကို "ကျီးကန်းနဲ့ ဘဲဥ၊ ငမဲကျွန်နဲ့ ငဖြူမ" စသည်ဖြင့် တိုက်ခိုက် သည်။ အားလုံးက သူတို့ကို ၀ိုင်းပြီး ၀က်အူတင်းလေ၊ သူတို့နှစ်ယောက်က ပိုပြီး စည်းရုံး လေလေ ဖြစ်လာ၏။
အားနက်စ်နှင့် အယ်လီသည် မခံချင်စိတ်ဖြင့် စာကို ကြိုးစားသည်။ နှစ်ယောက်စလုံး အဆင့် အမြင့်ဆုံး အမှတ်တွေ ရကြ၏။ ကျောင်းအားရက်များတွင် ဟစ်ပီတို့ ကြက်စားရာ ဂရင်းဝစ်ခ်ျရွာမှ စာအုပ်ဆိုင်များသို့ သွားသည်။ ပယ်ရီကိုမိုဇာသီချင်းကို အတူတူ နားထောင်ကြသည်။ လက်ချုပ် သားရေ ခြေညှပ်ဖိနပ်ကို ၀ယ်စီးသည်။ ၀ါရှင်တန် ပန်းခြံတွင် ကျေးလက်သီးချင်းတွေ သွား နားထောင်သည်။

အားနက်စ်က သူအကြိုက်ဆုံး ဟယ်ရီဘယ်လ်ဖွန်တီ၏ သီချင်းများနှင့် အယ်လီကို မိတ်ဆက် ပေးသည်။ အယ်လီက အာသာရင် လူစီကို ထောက်ခံသည့် ဆန္ဒပြပွဲသို့ ထွက်ခဲ့ရသည် လူမည်းကျောင်းသူ ဖြစ်၏။ တက္ကသိုလ် အာဏာပိုင်များ၏ အကြောင်းပြချက်က ကျောင်းလုံခြုံရေး အတွက်တဲ့လေ။
"ကျောင်း လုံခြုံရေး အတွက်တဲ့၊ အလကားပြောတာ၊ အဖြူကျောင်းမှာ အမည်းမထားချင်တာပဲ" ဟု လည်း မကျေ မချမ်း ပြောသေး၏။
အားနက်စ် ၏ အမြင်က တစ်မျိုး။

"ကိုယ်ကတော့ မာတင်လူသာကင်းရဲ့ လမ်းကိုပဲ ကြိုက်တယ်။ အကြမ်းမဖတ်ဘဲ ငြိမ်းချမ်းစွာ တိုက်ပွဲ ၀င်တာ ဟာ အကောင်းဆုံး လက်နက်ပဲ၊ မဟတ္တမဂန္ဒီက သက်သေပြသွားခဲ့ပြီလေ"
ကျောင်းဆင်း လို့ အခြားကလေးတွေ ကစားကွင်းထဲ ဆင်းပြေးလျှင် သူတို့နှစ်ယောက်က စာကြည့်ခန်း ထဲတွင် အချိန်ကုန်သည်။ စာကြည့်တိုက် ပိတ်သွားလျှင် အားနက်စ်တို့အိမ်တွင် အိမ်စာများကို အပြီး လုပ်သည်။ အယ်လီက အဖေနှင့်အမေ ရုံးဆင်းချိန်နှင့် ကိုက်ပြီး အိမ်ပြန်သည်။

"သမီးမှာ တခြား အပေါင်းအသင်း မရှိဘူးလား" ဟု အဖေနှင့်အမေက မေးတော့ စိတ်ချဉ် ပေါက်ပေါက်ဖြင့် အယ်လီ ဖြေသည်။
"မိန်းကလေးတွေက အ၀တ်အစားနဲ့ ကောင်လေးတွေအကြောင်းပဲ ပြောကြတာ၊ ယောက်ျားလေး တွေ ကျတော့ အားကစားနဲ့ သူတို့အဖေတွေ ဘယ်လောက် ချမ်းသာကြောင်း ပြိုင်နေကြတာ၊ အယ်လီက အတွေး အခေါ်သမားလေ"
"ဘာလို့ လူမည်းကိုမှ ရွေးပြီး ပေါင်းတာလဲ" ဟု အမေက မေးတော့ အယ်လီ အထိတ်တလန့် ဖြစ် သွားပြီး
"ဟင် မေမေ က အဖြူအမည်း ခွတဲ့ သဘောလား၊ ဖေဖေ ကြားသွားပါ့မယ် မေမေရယ်"
မာဂရက် သည် သမီးကလေး၏ အထီးကျန်ဘ၀ကို တွေးပြီး စိတ်ပူနေသည်။

"တန်းမတူ တဲ့ လူကိုမှ သမီးက ရွေးပေါင်းတာကိုး၊ စိတ်ထဲက မပါတောင် တန်းတူ ရည်တူ အပေါင်း အသင်း ထား ဖို့ လိုတယ် သမီးရဲ့"
"ဘာဖြစ်လို့၊ သမီးကို ခိုင်မာတဲ့ အကြောင်းတစ်ခုခု ပြစမ်းပါ မေမေ"
"တန်းတူ ရည်တူဆိုတော့ သမီးအတွဲထားချင်လာရင်တောင် ရွေးလို့ လွယ်တာပေါ့ကွယ်"
"အတွဲ ကို သမီးမှ စိတ်မ၀င်စားတာပဲ"
"တစ်နေ့ သမီး စိတ်ဝင်စားလာမှာပါ"

အားနက်စ်ဂျုံးတို့ မိသားစုသည် ဘရော့ဒ်ဝေးရပ်ကွက်တွင် ဧရာမရှေးအိမ်ကြီး တစ်လုံးမှာ နေကြ၏။ ကျောင်း မှ ပေးလိုက်သည့် အိမ်စာတွေ ပြီးသည့်အခါ စာအုပ်တွေ ဘေးချပြီး ကမ္ဘာလောကကြီး အကြောင်း နှစ်ယောက်သား ရှာဖွေ စူးစမ်းကြ၏။ ဤသို့ ဖြင့် တစ်ဦးနှင့်တစ်ဦး ပို၍ ပို၍ နီးစပ်လာ ကြသည်။

အားနက်စ်၏ အဖေမှာ အမြဲတမ်း အိမ်ပြန်နောက်ကျသူ ဖြစ်၏။ အမေက ကျောင်းဆင်းလျှင် ဈေးဝယ် ရ သဖြင့် အားနက်စ်နှင့် အယ်လီတို့မှာ ကျယ်ဝန်းလှသော အိမ်ကြီးထဲတွင် ပျော်စရာ အချိန် ပိုတွေ အများကြီး ရနေကြ၏။ ဤသို့ဖြင့် မေတ္တာယှက်နွယ် ချစ်ကြိုးသွားမိကြလေသည်။ အားနက်စ်၏ အခန်းမှ စီးမိုး၍ မြင်နေရသည့် ဟတ်ဆင်မြစ်ကြီး စီးဆင်းနေပုံ မြင်ကွင်းမှာ ရှုမငြီး နိုင်စရာ ရှုခင်းသာ ဖြစ်၏။ သို့သော် သူတို့နှစ်ယောက် တစ်ခါမှ သဘာဝအလှကို ငေးမောခြင်း မပြုမိကြ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ဖြင့် အချစ်သည်းရင်း အချိန်ကုန်လျက် ရှိ၏။

အယ်လီသည် အရောင်အသွေး ကွဲပြားခြင်းကို မသိနိုင်ဘဲ လူမည်းကလေးအား စွဲလန်းစိတ်ဖြင့် ဘာကိုမှ မမြင် နိုင်ဘဲ ဖြစ်နေ၏။ သို့သော် ပတ်ဝန်းကျင် ကမ္ဘာကြီးတွင်မူ အသားရောင် ခွဲခြားမှု တိုက်ပွဲသည် ဆူပွက် ပြင်းထန်လျက်သာ။

ဆက်ရန်
.

No comments:

Post a Comment

thank you to say so