Sunday, May 15, 2011
နတ်သမီး ဖြစ်သွားတဲ့ စည်းစိမ်ရှင်
အင်း......ရိပ်သာက ပြန်လာပြီးတော့ စည်းစိမ် ဘာတွေလုပ်ချင်ပြန်ပြီလဲဆိုတော့ ထုံးစံအတိုင်း ကမ္ဘာအနှံ့ ထိုင်ရာမထ လျှောက်လည် ချင် ပြန်ပါတယ်... မသွားခင်တုန်းကလဲ သွားချင်လိုက်တာ စိတ်တွေ က တားမရ ဆီးမရ ပြန်ချင်တော့လဲ ဖြေးဖြေးပေါ့ ... လေး ငါးရက်လောက် ထပ်နေပါအုံး ဆိုတော့လဲ ထိန်းမနိုင် သိမ်းမရ အောင် ကို  ပြန်ချင် နေပါတယ်..။
ဒီနှစ်တော့ ခါတိုင်း နှစ်တွေထက် ၁ဝ ရက်ပိုနေခဲ့ပါတယ် မေ ၁ရက် ပြန်မဲ့ အစား မေ ၁၁ ရက်မှ ပြန်လာ ခဲ့ ပါတယ်....  ၁ဝ ရက် ပို နေရတဲ့အကြောင်းရင်း ကို  ဆက်ရေးပေးပါ့မယ်...။
ပြန်ထွက်တဲ့နေ့မှာ လာကြို တဲ့ ကျွန်တော့်အမတော် ... ခါတိုင်းလို မဟုတ်ဘဲ ငြိမ်ချက်သားကောင်း နေတာ ကို က ထူးခြားဖြစ်စဉ် တခုပါ....  ဘာထူးတုန်း  မေးတော့ ဒီလိုပါဘဲ တဲ့ .... သူ မပြောတော့လဲ ငြိမ်ငြိမ်လေး ပြန်ခဲ့ ပါတယ်.... အိမ်ရောက်တော့ သူရဲ့ချစ်ချစ်ကြီး နဲ့ တရားအကြောင်း ပြောရင်းဆိုရင်း ကိုကြီးကျောက် သတင်း ကို ကြားပါတယ်..။
ဒါနဲ့ မနေနိုင်တော့ဘူး အမတော် ကို မေးရပါတယ်.... 
ကြားရတဲ့ သတင်း တွေ က ကိုယ် မကြားချင်ဆုံး သတင်း တွေ ပါဘဲ  သြ….. လောကကြီးမှာ ကိုယ် မဖြစ်စေ ချင် တာလဲ ဖြစ်နေတယ်... ကိုယ်ဖြစ်စေချင်တာလဲ ဖြစ်ချင် မှ ဖြစ်တာပါလား ..။
ကိုကြီးကျောက် က ကျန်ရစ်တဲ့ကျွန်တော်တို့တတွေ ကို တရားပြ သွားပါတယ်... ရောဂါဝေဒနာ တွေ တချိန်လုံး ဖိစီး နှိပ်စက် နေတာတောင် အပြုံးမပျက် သေမင်း ကို သတ္တိရှိရှိ ရင်ဆိုင် ပြီး နေထိုင်ပြသွားတယ် ...ဘ၀ ကို ရယ်ရယ်မောမော ဖြတ်သန်း သွားတယ်....  စည်းစိမ် တို့သာဆို ကိုကြီးကျောက် လို စိတ်ဓါတ် နဲ့ သေမင်း ကို ရင်ဆိုင် နိုင်ပါ့မလား...။
ကျွန်တော် ရိပ်သာဝင်စဉ်တလျှောက်လုံးမှာ ကိုကြီးကျောက် နဲ့ တကွ ချစ်သောဘလော့မောင်နှမများ ခင်မင် ရတဲ့ မိတ်ဆွေများ နဲ့ အားလုံး သော သတ္တဝါတွေအတွက် နေ့စဉ်မေတ္တာ ပို့သ ခဲ့ပါတယ် ... ။
ကျနော် တွေးမိတာက ကိုကြီးကျောက် တယောက် ကောင်းရာ ဘုံဘ၀ မှာထက် နောက်ဘဝမှာ ပျော်ပျော် ပါးပါး ဘလော့ဂါ တယောက်များ ပြန်ဖြစ်ချင် နေမလား... လို့ပါ...  ဖြစ်ခွင့်ရှိလို့ဖြစ်မယ်ဆိုရင် ... စည်းစိမ် ကတော့ ကိုကြီးကျောက် ကို နောက်ဘ၀ မှာလဲ ဘလောဂါ တယောက်သာ ထပ်ပြီး ဖြစ်စေချင်ပါတယ်ဗျာ ... ဘယ်အချိန်မှာများ ကျွန်တော်တို့ ရဲ့ကိုကြီးကျောက် စာတွေ အသစ် တက်လာမှာပါလိမ့် ....။
ကိုကြီးကျောက် ကောင်းရာဘုံဘဝမှာ စည်းစိမ်ပြုခဲ့တဲ့ ကုသိုလ်အစုစု အတွက် အမျှပေးဝေ ပါတယ် ကိုကြီးကျောက် ရေ အမျှ...အမျှ...အမျှ။
--------------------------------------------------------------------
တရားထိုင်တယ်ဆိုတာ အကျင့် ရသွားရင် သိပ်မခက်တော့ ပါဘူး....၊ ထမင်းစား သလိုပါဘဲ ကျွန်တော်တို့ အားလုံး ထမင်းနေ့စဉ် စားရင် ဟင်း လေးငါး ခြောက်မျိုးနဲ့စားတတ်ကြတယ် ထမင်းစားတယ်သာ ပြောတာပါဗျာ ထမင်း တမျိုး ထဲ စားတာမှ မဟုတ်တာဘဲ ထမင်း နဲ့ဟင်း တွဲစားကြတာကိုး .... တရားမှတ် တယ် ဆိုတာလဲ မဟာစည် နည်းစနစ် နဲ့ဆိုရင် ဖောင်းတယ် ပိန်တယ်မှတ် တဲ့ နည်းပါ.... ဖောင်းတယ် ပိန်တယ် တမျိုးထဲ မှတ်ရမှာ မဟုတ်ပါဘူး....  ဒွါရ ခြောက်ပါး က အာရုံတွေ ပေါ်လာ ရင် လဲ လိုက် မှတ်ပေး ရပါတယ်.... အဲဒါ တွေ မရှိမှ ပင်တိုင်ဖြစ်တဲ့ ဖောင်းတယ် ပိန်တယ် ကို  ပြန်မှတ်ရပါတယ်။
ထမင်းစားတယ်လို့ပြောပေမယ့် ထမင်းကို အမြဲတမ်း စပြီး စားတာ မဟုတ်ပါဘူး ရေနွေးလေး ... ဟင်းရည်လေး အရင်သောက်တဲ့အခါလည်း သောက် ဆိုတာမျိုး ရှိပါတယ် အဲဒီလို ပါဘဲ တရား ထိုင်ထိုင်ခြင်း စိတ်ကလေး က အိမ်ရောက်သွားရင်လဲ စိတ်ကလေး အိမ်ရောက်တာကို လိုက်မှတ် ပေးရပါ့မယ် ...  ဒါက စိတ္တနုပဿနာ သတိ ပါဘဲ.... အဲဒီအခါမှာ ဖောင်းတယ် ပိန်တယ် မှတ်ရင် မှားပါတယ် ... စစ တော့ ခါတိုင်းနှစ် တွေ ရိပ်သာ ဝင်ရင် နှစ်ရက် သုံးရက်နေရင် စိတ်ကလေးက တည်ငြိမ်နေပါပြီ အင်း ဒီနှစ်တော့ တော်တော် ရုန်းလိုက်ရပါတယ် …ပြောပြပါမယ်....။
ဒီအချိန်ဆို အမကြီး စာတွေ တင်ရတော့မှာ အင်တာနက် လိုင်း ကောင်းပါစေ ... လိုင်းမကောင်း ရင် တော့ ည ဘယ်အချိန်ရောက်မှ အိပ်ရမှာပါလိမ့် ... တို့အမကြီးများ နောက်တပုဒ် ဘာစာများ တင်ပေးမှာလဲ စာအုပ် ကလဲ ရှာမပေးခဲ့ရဘူး ... ဟင်... စိတ်ကလေး လွတ် သွားပြန်ပြီ..... ဘုရား တပည့်တော် ရိပ်သာ မှာပါလား ... ဆရာတော်ဘုရား က မိန့်ထားပါတယ်  စိတ်က အိမ်ရောက်နေရင် အိမ်ရောက်တာက ထင်ရှားတယ် ထင်ရှားတဲ့ အတိုင်း မှတ်ပေးလိုက်ပါတဲ့... အင်း မှတ်မှ ...။
တော်တော်လေး ကြာတော့ နာတာ ကျင်တာ ကိုက်တာ ခဲတာတွေ လာပါပြီ..... ဝေဒနာနုပဿနာ သတိပဌာန် ပေါ့.. အဲလိုဆိုရင်လဲ လိုက်ပြီး မှတ်ပေး ရပါတယ်...  ထမင်းစားသလိုပါဘဲ ကိုယ်ကြိုက်တဲ့ဟင်း သုံးလေးခွက် လောက်ရှိပြီဆိုရင် တပြိုင်နက် တော့ ဟင်း ၂ခွက် သုံးခွက်ပြိုင်နှိုက် လို့မရဘဲ ကိုယ့် အကြိုက်ဆုံး တခွက်ကို အရင်စားရသလိုပေါ့...... နာတာ ကျင်တာ ကိုက်တာ ခဲတာ တွေကို  ပြိုင်မှတ် လို့ မရပါဘူး ... ထင်ရှားတာ တခုသာ မှတ်ပါ .... ဒီလို နာရတဲ့ အထဲ မှာ စိတ်က အင်တာနက်ကြီးထဲ ရောက်သွားပြန်ပြီ .... ဆရာမ မေငြိမ်း ဘလော့မှာ ရေးထားတဲ့ စာတန်းလေး လိုပေါ့ ငါသည် နာကျင်သောကိုယ် ရှိသူဖြစ်လျက် နာကျင်သောစိတ် ကင်းသူဖြစ်လတ္တံ့ .. တဲ့ သြ စိတ် စိတ် မြန်လိုက်တာ... နာတာ က မပျောက် သေးဘူး စိတ်က ပြန်ထွက်သွားပြန်ပြီ...။
နာတာ ကျင်တာ ကို မှတ်ရင် ချက်ခြင်းတော့ မပျောက်ပါဘူး.....  အဲလို မပျောက်ရင်တော့ ဖြတ်ခဲ့လို့ မရပါဘူး နာတာ ကိုး..... နည်းနည်းတော့ သည်းခံပြီး ဆက်ထိုင်ကြည့်နေရပါတယ်.... အတော် မခံသာတဲ့ အချိန် ရောက်မှ ပြင်ရုံ ရှိတာဘဲ... အဲဒါဆို ပြင်ချင်တဲ့စိတ်ကလေးကို စမှတ်ပေးရပါတယ်... အမှတ်ကလေး နဲ့ ပြင်တော့ ကာယနုပဿနာ သတိ ပြန်ဖြစ်သွားတာပေါ့.... မှတ်စိတ် မလွတ် ဘဲနဲ့ ပြင်ပြီးမှတ်တော့ စောစောက နာတာ ကျင်တာ ကလည်း လျော့သွားပါတယ်။
ထိုင်ပြီးတဲ့နောက် စင်္ကြန်လျှောက်ချိန် တွေ မှာ မျက်လွှာ ချထားရပါတယ်... မျက်လုံးအကြည့် ကို မထိန်း နိုင်ရင်တော့ အာရုံ ခေါ်ရာနောက်ကို စိတ်က ပါသွားပါတယ်... မျက်လွှာချထားတာတောင်... မျက်စိရှေ့အောက် မြင်ရတဲ့ ဖိနပ် တွေ ကို မြင်ပြန်တော့ ချော အစိမ်းရောင် လွင်ပြင် ရဲ့ ဖိနပ်ပို့စ်ကြီး သတိရပြီး သူဘလော့မှာ တင်ထား တဲ့ ဖိနပ်တွေ က ဒီလောက်မစုံပါဘူး ဆိုပြီး စိတ်က တွေးမိသွားတယ်... အတွေးစိတ်တခု ဖြစ်သွားပြန်ပြီလေ။
ဆွမ်းစားပြန်တော့လည်း ဒီလိုမျိုးဟင်းတွေများ ဘလော့ပေါ်တင်ရရင်တော့...  ရှယ် ဘဲ ထမင်းဟင်းစုံ ချက်တင် တတ်ကြတဲ့ ဘလော့ဂါတွေ ဆီကို စိတ်ကရောက်ပြန်ရော.... သူတို့ဒီလို ဟင်းမျိုး တခါမှတောင် မတင်ဘူး ကြဘူး ဆိုပြီးတော့ ဆက်တွေးနေမိသေးတယ်... အချိုပွဲတွေကလည်း စုံနေတာပါဘဲ.... ပန်းသီး အခွံသင် ပြီးသားလေး တွေ စားရပြန်တော့ ဘလောဂါ အမချစ်ကြည်အေး ကို သတိရ မိပြန်တယ် ပန်းသီးနဲ့ အမချစ် ဆိုင်မဆိုင်တော့ အမချစ်ကြည် ကို တွေ့မှသာ မေးကြည့်ပါတော့...။
ညမိုးချုပ်ချုပ်မှာ လရောင်ဆမ်း တဲ့ လမ်းလေးတွေပေါ်မှာ စင်္ကြန်လျှောက် နေရပြန်တော့လဲ .... ညီမ လသာည ပြန်ရောက်နေပြီလား မသိဘူး သူ့ဘလော့ပေါ်မှာရေးထားတဲ့ ဘဝတဆစ်ချိုးပြန်ပြီဆိုတော့ အင်း အဆင်မှ ပြေပါ့မလားမသိဘူး မေတ္တာပို့အုန်းမှ .... ထွက်ပြန်ပြီ ဒီစိတ် ပြန်ဆွဲထားရအောင်ကလည်း နဖားကြိုး ထိုးပြီး ပြန်ခေါ်လို့မရတော့ အသာလေး သိစိတ်လေး နဲ့ မှတ်နေရတာပေါ့...။
ညနေပိုင်း ရောက်ပြန်တော့ ဆွမ်းချက်ကျောင်း က နောက်နေ့အတွက် ပြင်ဆင် ကြော်လှော် နေ တဲ့ အနံ့တွေက နှာခေါင်းမှာ လာပြီး ကလူကျီစယ်နေပြန်တယ်... မွှေးလိုက်တာ အရမ်းဘဲ...  သြ ဒါလေးကလဲ မမြဲပါဘူး ....၊ နောက်ဆုံး တွေးမိတာက တော့ ဘလော့ဂ် တော ထဲ က တော်တော် နဲ့မထွက်နိုင် ဘဲ  စွဲမက်စရာ ဘလောဂ် အငွေ့ နဲ့  မွှေးကြိုင် နေတဲ့ ဟင်း အငွေ့ ကလေးတွေ ကို ရှုမှတ်ရင်း .. သြ စည်းစိမ်ရှင် လည်း နတ်သမီးဖြစ်သွားပါရောလား လို့ တွေးမိလိုက်ပါတယ်..။
အင်း ဒါနဲ့ ဆရာတော်ဘုရား  ကို တရားလျှောက်ရတော့မယ် ... ဘုန်းဘုန်းဘုရား တပည့်တော် တော့ အတွေး တွေ များလွန်း နေပါတယ်ဘုရား လို့ လျှောက်ရတော့တာပေါ့....။
------------------------------------------------------------------
နောက်ပိုစ့် တွေမှာ နတ်သမီး ဘဝက စုတေ သွားတဲ့ စည်းစိမ်ရှင် အကြောင်းကို လည်း ဆက်ရေးပေးပါ အုန်းမယ်..။
ဘလော့ဂါ များ တရားစခန်း သွားမယ်ဆိုရင် လည်း နတ်သမီး ဘဝ ခဏ သာ ဖြစ်စေ ဖို့ ကျိုးစားကြပါလို့ အကြံ ပေး ပါရစေ။ 
လေးစားစွာဖြင့်
စာရေးသူ - စည်းစိမ်ရှင်
.
17 comments:
  1. အင်း...
    ရိပ်သာထွက်ဆိုတော့ လည်း အရမ်းမဲ့  မပြောရဲပါဘူး၊
    နတ်သမီးဘဝ ခဏ သာ ဖြစ်စေချင်တာက ကြာကြာ
    ဖြစ်လေ အပါယ်ကျဘို့  များလေပဲ မှုတ်လား၊ နတ်သက်
    ကြွေရင် အပါယ်ကို ဒိုင်ပင်ထိုးကြတာက ပိုများတယ်လို့ 
    ကြားဘူးနေလို့ ပါ။ အမှန်ကတော့  လူ့  ဘဝကသာ
    အမြင့်မြတ်ဆုံးပါပဲ။ လူ့ ဘဝမှသာလျှင် စေလိုရာ၊ သွား
    လိုရာ သွား လို့ ရတာပါ။ အဲ့ ဒီဘဝမျိုးနောက်တစ်ခါ
    ရဖို့  အနိမ့် ဆုံးစူဠသောတာပန် ဖြစ်မှ သေချာနေတာ
    ဆိုတော့  ဖြစ်အောင်လုပ်သင့် ပါတယ်။ စကားလုံးနဲ့ 
    အလုပ်က သိပ်မကြီးကျယ်ပါဘူး၊ ဟိုလိုဒီလိုလည်း
    မဟုတ်ပါဘူး၊ တရား သာ များများနာ၊ နားလည်အောင်
    လေ့ လာ၊ အချိန်ရတိုင်း ပွားများဆင်ခြင်၊ သူတော်ကောင်းကိုမှီဝဲဆည်းကပ်.. ဒါလေးတွေပါပဲ။
    ReplyDelete
  2. ဆိတ်များရင်လဲ တစ်ကောင်လောက်မျှပါ ကျောင်းအစ်မ :)
    ReplyDelete
  3. ကိုကြီးကျောက်အတွက်တော့ စိတ်မကောင်းပါ မစည်းစိမ်းရေ။။
    ဒါနဲ့ တရားထိုင်ရင်းတောင် သူများကို သတိရတယ်ပေါ့
    ပြန်လာတာကိုလည်း ၀မ်းသာပါတယ်။
    ကြိုဆိုပါတယ် ။
    ကိုယ်မလုပ်နိုင်တာ လုပ်နိုင်တဲ့ မစည်းစိမ်ကိုလည်း လေးစားအားကျမိတယ်
    ချီးလည်း ချီးကျူးမိပါတယ်။
    နတ်သမီးဖြစ်သွားတာလေး စိတ်ဝင်စားတယ်
    လုပ်ပါဦး
    ReplyDelete
  4. မရွေစင်နဲ့မစည်းစိမ်ရေ..
    နေကောင်းတယ်နော..
    နတ်သမီးဘ၀ကနေစုတေပုံလေးဆက်ပါဦး။
    ReplyDelete
  5. ဒေါ်စည်းစိမ် ရေ
    ဒေါ်ရွှေစင်လည်း ဘုန်းဘုန်းမေးရင် ဘယ်လို လျှောက်ရပါမလည်း ပေါင်မုန့်ထောပတ်သုပ် နဲ့ လဘက်ရည် တော့ မြင်မှာ မဟုတ်ဘူး ဘလော့ဂ်လေး ကတော့ သေချာပေါက်မြင်နေမှာ
    ReplyDelete
  6. ကိုယ်တွေထိုင်ရင် အဲဒီထက်ပိုဆိုးနိင်တယ်။
    ReplyDelete
  7. အဖြူရောင်နတ်သမီးMay 15, 2011 at 4:17 PM
    မမစည်းစိမ် ပြန်လာပြီကွ...
    တရားစခန်း အတွေ့အကြုံလေး မျှပါ မမရေ...
    နားထောင်ချင်လို့...
    ReplyDelete
  8. နတ်သမီးဖြစ်တုန်း ဘကျောက်နဲ့ တွေ့ ရင် ပြောပြအုန်းနော် နတ်သုဒ္ဒါအရသာ ကိုလည်း ရှယ်ပေးအုန်း
    ReplyDelete
  9. Welcome back Sa Sa.Thanks for sharing your experience.
    Gyidaw
    ReplyDelete
  10. စည်းစိမ်ရေ...သာဓု သာဓု သာဓုပါ ညီမ၊ အတွေးစိတ်တွေဆိုတာကလည်း စိတ်အာရုံနဲ့ အတွေးထိတွေ့မှုကြောင့် ဖြစ်လာတဲ့ ဖဿ- အပွင့်ဓါတ်တခု မဟုတ်လား၊ တွေးမိပြီ ဆိုတာ သိတာနဲ့ ထောက်ကနဲ မီးခလုတ်ပိတ်လို့ မီးငြိမ်းသလို ပြတ်ကျသွားတတ်တာ...။ မှတ်ရင်းနဲ့ အတွေးတွေ နဲပါးလာတာပါပဲ။ အမလည်း ဒီလိုပဲ ဖြစ်တာပဲ စစချင်း ၃ရက်လောက် အတွေးနဲ့ နပမ်းလုံးပြီး မှတ်ရတာ....။ ညီမပြောသလိုပဲ ဘလော့ဂ်နဲ့ပတ်သက်တဲ့ အတွေးတွေက အဆိုးဆုံး..။ အတော် မှတ်ယူရတယ်။ အမလည်း ကျည်တောက်ပြန်စွတ်ရဦးမယ်။ အမြီးက အတော်ကောက်နေပြီလေ... တရားအလုပ်ဆိုတာကလည်း မီးဝေးချိတ်ပမာ မဟုတ်လား...ညီမ လုပ်နိုင်တာ ချီးကျူးပါတယ် ညီမရေ....:))
    ReplyDelete
  11. This comment has been removed by the author.
    ReplyDelete
  12. စစ..
    သတိရရင် သတိရတယ်မှတ်နေတာပါပဲ..
    အဲဒီင်္တော့..
    (...သတိရနေတယ်လို့ စိတ်ကဖြစ်နေတယ်..
    အင်း..သတိရနေတယ်.. ဟုတ်တယ်
    သတိရနေတယ်...... ဟော သတိရနေတယ်..)
    အဲလိုနဲ့.. သတိရတာထဲက မထွက်တော့ဘူး..။
    (စစကို သက်သက်နောက်သွားသည်(^^)/
    ReplyDelete
  13. သတိရနေတယ်ဆိုတာလေးကလဲ ခဏလေးပါ ခဏနေတော့ တခြားအတွေးတခု (သို့) ဝေဒနာ တခုခု (သို့) ဓမ္မဖြစ်စဉ် တခုခုဖြစ်မယ် ဖြစ်ပြီဆိုကတည်းက အပျက်ကတော့ ရှိမှာသေချာတယ် သတိရတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်သွားတာဘဲနော
    ReplyDelete
  14. တရားမှတ်ရင်း နတ်သမီးဘဝ ရောက်သွားတယ် ဆိုတော့ နတ်သားဘယ်နှစ်ပါး တွေ့ ခဲ့သေးလည်း ဟင်..အဲ့လေ.. ဖြစ် ပျက် ၊ ဖြစ် ပျက် ၊ ခန္ဓာ ငါးပါး ၊ စိတ်တွေကတော့ များမှ များပဲ နော် ...( အားရ ဝမ်းသာ သာဓု သုံးကြိမ် ခေါ်လိုက်ပါတယ် စစ ရေ..ဆက်လက် ပွားများ နိုင်ပါစေ၊ ကိုယ်တိုင်တော့ တရားထိုင်တဲ့အဆင့်တောင် မရောက်နိုင် မလုပ်နိုင်သေး ပါ ...)
    ခင်တဲ့ ဖွားကိ ။
    ReplyDelete
  15. အစ်မ စည်းစိမ်ရဲ့ နည်းကလေးမှတ်သွားပြီး ရိပ်သာမ၀င် ဘလော့ဂ်ဂင်းရင်း တရားမှတ်တော့မယ်... ဖတ်ရင်ဖတ်တယ်..နောက်တစ်အိမ်ကူးရင် ကူးတယ်.. စာတွေထဲ မျောပြီး ခံစားမိရင်..မျောသွားတယ်.။ ကိုယ်အိမ်ပြန်ရောက်တော့ သံသရာတစ်ပတ်လည်. အံမယ်.. မဆိုးဘူးဟ။
    စခန်းဝင်ပြီးအားထုတ်နိုင်တာကို သာဓု သာဓု သာဓု ၀မ်းမြောက်ဝမ်းသာခေါ်ဆိုပါသည်ခင်ဗျာ။
    ReplyDelete
  16. မမလေးရေးထားတာဖတ်ပြီး ညီမလေးက ရီမိတယ် (ငရဲတော့ ကြီးတော့မယ်ထင်တယ်နော်။) ဘာလို့လဲဆိုတော့ အဲလိုတွေ ကိုယ်လည်း ဖြစ်ခဲ့ဖူလို့လေ.....ညီမလေး မြန်မာပြည်မှာနေတုန်းက ရိပ်သာလေးကြိမ်ဝင်ခဲ့ဖူးတယ်။ မမလေးထက်တောင် ဆိုးသေးတယ်။ စိတ်တွေပျံ့လွင့်တာပြောပါတယ်။ အခုများတော့၇ိပ်သာနဲ့ ဝေးနေတာကြာပေါ့....း(
    သာဓု သာဓု သာဓု ပါမမလေးရေ...
    ချစ်ညီမလေး
    ReplyDelete
  17. ယုံတယ် ယုံတယ်။ စိတ်က ဒီလိုဘဲ အားများရာနောက် လိုက်လိုက်နေတတ်တယ်။ ဘလော့ပေါ် စိတ်ရောက်တော့ ကမ္ဘာတစ်ပတ် သွားရောပေါ့။း))
    ကျန်းမာချမ်းသာပါစေ။
    ReplyDelete
thank you to say so