Saturday, May 29, 2010

က.. ကဝက်ကင်း ငါးသလောက် င..ငပိရည် ဒ..ဒညင်းဝက်


ရွှေစင်ဦး လေး ခေတ်မှီသွားပြီ... မနေ့က ရေးလိုက်ရလို့.... ၊ အင်း နောက်ထပ် ကျန်သေးတယ် a to z တဲ့ က ကြီး ကနေ အ တဲ့...၊ a to z တုန်း ကတော့ ငါ့ ကို မတက်ဂ် ကြလို့ တော်သေးတယ်လို့.. နို့မို ဆိုရင် ခွေးအ ကြီး လှည်းနင်း သလို ထစ်အ ထစ်အ နဲ့ a ...ah...ah ဖြစ်နေမှ ခက်မယ်လို့ ... ။

ကဲ ဒါဆိုရင် ကိုယ့် မြန်မာစာဘဲ က ကြီး ကနေ အ ထိတော့ ရေးတတ်မှာ ပါလို့ ဆိုရင် .. ပိုဆိုး သွားမယ် ထင်တယ်.. မနေ့ကတောင် ချစ်ညီမ က ဋ ဘယ်လို ရေးရလည်း မေးတာ မသိလို့ ရန်ဖြစ်ရပြီ.. ခင်ဗျား ဒါလေး တောင် မသိဘူးလား တဲ့ စာတွေ ရေးနေပြီးတော့ တဲ့ .... အင်း ဟုတ်ပါတယ် ရေးတဲ့ စာတွေထဲ မှာလည်း ဋ တို့ ဘာတို့ တော့ ပါဘူး ဘူးထင်တာဘဲ လို့ .....မှားပါတယ်.. ရွှေစင်ဦး လေး အပြစ်ပါ.....။

ကဲ... ဘယ်သူ တက် တက် မ တက် တက် ရွှေစင်ဦး တို့ တော့ မတက် လိုက် ရတဲ့ တက်စာတွေ ရေးပြီ... 

က....ကဝက်ကင်း ငါးသလောက်
င..... ငပိရည်
ဒ.... ဒညင်းဝက် အတို့ နဲ့
ရ..... ရန်ကုန် မှာ 
စ...... စားခဲ့တယ် 
အ.....အရင် တုန်းကပါ..။

ရွှေစင်ဦး လေး ဘလော့ဂ် ထဲမှာ စာရေး နေတာ သိတဲ့ မိတ်ဆွေ များနဲ့ ဆွေတော် မျိုးတော် တွေကတော့ မျက်ခုံးတွေ လှုတ်နေကြမှာဘဲ... ဘယ်တော့ များ ငါ့ တို့ အကြောင်းရေးမလဲ ဆိုပြီး စိတ်တွေပူလို့ တွေ့ လိုက်ရင် ဟေ့ ငါတို့ အကြောင်းတွေ လျှောက်မရေးနဲ့ နော် တဲ့ ... နှုတ်ဆက် စကားလေး က သင်းတယ်... လျှောက် မရေးပါဘူး လို့ ထိုင်ဘဲ ရေးမှာပါလို့.... ။

အင်း တချို့ ကိုယ်ရေး ကိုယ်တာ တွေ တော့ လည်း မရေးသင့် တာတွေ ရှိတာပေါ့နော်.. ကိုယ့် အကြောင်း ကိုယ် က တော့ ကိုယ့်သဘောပေါ့... ရွှေစင်ဦး လေး ကြည့် ပါလား ... ရေးလိုက်တာ ရေးလိုက်တာ.. ရစရာ မရှိဘူး ... တော်သေး ချစ်ချစ်ကြီး က အရှက် မရှိလို့ .. အင်း ရွှေစင်ဦး ကတော့  အရှက်  ရှိမဲ့ပုံ.....။

ကဲ.. စလိုက်ကြရအောင် ကဝက်ကင်း ငါးသလောက်လေး အကြောင်း.... 

ဒီဖြစ်စဉ်လေး မှာတော့ အခြားသူများရဲ့ ကိုယ်ရေးကိုယ်တာ များဖြစ်နေတဲ့ အတွက် နံမည် များဖော်ထုတ် မရေးသား နိုင်ပါဘူး... ၊ နောက်ပြီး ရွှေစင်ဦး လေး ရေးတာလည်း ကိုယ်နဲ့ ဆိုင် တဲ့ အဖြစ်အပျက်လေး ဘဲ ရေးတာ ဆိုတော့ ခွင့်လွှတ်နိုင်လိမ့် မယ်ထင်ပါတယ်..၊ စာဖတ်သူ များလည်း ရွှေစင်ဦး လေး ကိုတော့ ယုံတယ် မဟုတ်လား.. ရွှေစင်ဦး လေး ဘယ်တော့ မှ ညာ မပြောတတ်ပါဘူး... လိမ် ယုံလေးပါ.... ချစ်ချစ်ကြီး ပါးလေး ချစ်စနိုး .... အညှိုး နဲ့.... ။

လွန်ခဲ့ တဲ့ နှစ်တော်တော်များများက ရွှေစင်ဦး တယောက်ထဲ ရန်ကုန် ကို သွားခဲ့ ရပါတယ်... ကိစ္စ ကတော့ လင်ကွာ မယားကွာ ကိစ္စပါ... ရွှေစင်ဦး က ဘာသိလို့လဲ.. ဘာတတ်လို့ လဲ ... ဘာမှ မသိသလို ဘာမှ လည်း မတတ်ပါဘူး... ဒါပေမဲ့ လင်မယား နှစ်ယောက် စလုံးက ရွှေစင်ဦး ကို ချစ်ကြလို့ .. လေးစား ကြလို့... ပါဘဲ... သူတို့ ညှိနှိုင်းမှု့ တွေမှာ ရွှေစင်ဦး လို အတွင်းသိ အစင်းသိ ပါနေရင် ၂ဘက်စလုံး အတွက် ပြောမနာ ဆိုမနာ ဆိုပြီး  စဉ်းစား ပြီး ခေါ်ကြတယ် လို့ ထင်ပါတယ်..။

သူတို့ ၂ယောက် မှာ သားသမီး မရှိသလို.. ၂ယောက် သိပ် မုန်းလို့ ကွဲကြတာ မဟုတ်ပါဘူး..၊ ဒါပေမဲ့ ၂ဘက် မိဘ တွေနဲ့ ပါတ်သက် လို့ တော့ တော်တော် ကြီး ကြီးမားမား ဖြစ်ပြီး ခဲ့ကြပြီ ဖြစ်တဲ့ အတွက် ဘယ်လို မှ ပေါင်းသင်း လို့ မဖြစ်ကြတော့ပါဘူး... အင်း သာမန်ပြသာနာ တွေ မဟုတ်ပါဘူး .. တယောက် နဲ့ တယောက် (ချွေးမ နဲ့ ယောက်ခမ) ဘယ်လို မှ မျက်နှာ ပြန်ကြည့် မရအောင် ဖြစ်ခဲ့ ကြတာတွေပါ...။

အဲဒီတော့ သူတို့ ဟာ ကွဲ ကို ကွဲ မှ ဖြစ်မယ်..ဆိုတော့ .. ငွေရေးကြေးရေး တွေပါလာပါပြီ... ယောက်ကျား လေး(ကက) ဘက်က အတော် ကိုချမ်းသာ ပါတယ်..... အဲဒီခေတ်က တန် ဘိုးနဲ့ တွက်ရင် အတွင်း ပစ္စည်း မပါ အပေါ် ရံ တန်ဘိုး ကို သိန်းတထောင်  သတ်မှတ်ပါတယ် တဲ့... အဲဒီမှာ .. သူ့ယောက်ကျား (ကက)ဝေစုက သိန်း ၃ဝဝ ကျော် ပေါ့ .. သူ့ အတွက် သိန်း ၁၅ဝ တဲ့ ..... (အမယ်လေး ပြောရတာ လျှာယား တာ .... ရွှေစင်ဦး လေး ဖြင့် အဲဒီတုန်းက ငွေ ၁ဝ သိန်းတောင် မမြင် ဘူးဘူး ...) အဲဒါ ရမှ ကွာရှင်း တဲ့ လက်မှတ်ထိုး ပေးမယ် တဲ့... အဲဒီလို မရရင် အားလုံး အတွင်းရေး တွေ ဖွင့်ချမယ်ပေါ့... ။

သူ မခံ ချင် လို့ပါ... နောက်ပြီး အညှိုး နဲ့ နစ်နာကြေး တောင်းတာပါ တဲ့...၊ ကျနော် လည်း အဲဒီကြမှ နံမည်ကြီး ရှေ့နေ တွေ စီ ရောက်ဘူးတော့တယ်.. ဟို ဒေါ်မြင့်မြင့်ခင် စီလား တောင် မသိဘူး ရောက်ခဲ့ သေးတယ်...၊ တချို့ ရှေ့နေ တွေ ကတော့ တိုင်ပင်ခ ကိုက သောင်းနဲ့ချီတောင်းပါတယ်...။

သူတို့ ပစ္စည်းခန်း တွေ အဲလို ရှင်းနေချိန်မှာ .. ရွှေစင်ဦး လေး ရောက်သွားတာပါ..... ရောက်ပြီး နောက်ရက် သိပ်မကြာပါဘူး (ညနေပိုင်း) မိန်းမ (မမ) လုပ်တဲ့ သူက ရွှေစင်ဦး ကို ဈေးထဲကို ခေါ်သွားပါတယ်.. ဘာ စားချင် လည်း ဘာချက်ကြွေးရမလည်း ဆိုပြီးပါ... (သူဟာ အလွန် ဟင်းချက်ကောင်းပြီး အကောင်း လည်း အင်မ တန်ကြိုက် သူပါ) ... ဟိုကြည့် ဒီကြည့် နဲ့ ငါးသလောက် အကြီးကြီး တွေ တွေ့ပါတယ်.. အဲဒါ ကဝက်ကင်း ငါးသလောက် တဲ့  ဆူ လိုက် လတ် လိုက်တာ တဲ့.. မမရွှေစင် ကြိုက်လားတဲ့... ။

ဒါမျိုးများ မေးစရာမလိုဘူး သိပ်ကြိုက် ဆိုတော့ .. အစိမ်းချက် မှ ကဝက်ကင်း က ကောင်းတယ်.. ရော်ဘာ သီး လေး တွေနဲ့ အုပ်ချက်ပေးမယ် ဆိုပြီး ကဝက်ကင်း ငါးသလောက်... ရော်ဘာသီး... ငပိရည်.. ဒညင်း ဝက် .... တို့စရာ ဝယ်လာ ပါတယ်.... အိမ်ရောက်တော့ လည်း သူကိုယ်တိုင် မီးဖို ထဲ ဝင်ပြီး ချက်ကြွေး ပါတယ်.. ရော်ဘာသီး ဆိုတာ ကျနော်လည်း အဲဒီတခါဘဲ စားဘူးတာပါ(ချဉ်တင်တင်လေး).. ကျနော်တို့ မရမ်းသီး ကို ငါးဟင်း ထဲ ထည့်ချက် သလို ပါးပါးလှီး ပြီး ငါးသလောက် ထဲ ထည့်ချက်တာပါ... ။ 

နောက်တခါ ငါးပိရည် ဖျော်တာလည်း ရှယ်ပါ... ငါးနဲ့ဖျော်ပြီး ငရုပ်သီးလှော် နဲ့ အမယ်လေး သားရေတောင် ကျလာပြီ.. ဒညင်းဝက် အကြီးကြီးတွေ ကိုလည်း  ဆီနဲ့ကြော်ပါတယ်.. တခြားဟင်း တွေတော့ မမှတ်မိ တော့ဘူး... အဲဒီ ၃ ခွက်နဲ့ တင် ရွှေစင်ဦး ဟာ ထမင်း စားကောင်း သလား မမေးပါနဲ့... ဆရာကြီး ရွှေဥဒေါင်း စကားနဲ့ ပြောရရင် တကယ့်ကို မမေ့နိုင်သော ထမင်းတနပ် ထဲမှာ ပါ ပါတယ်.....။

ပို မမေ့ နိုင်စရာက ..... စားပြီးလို့ ကိုယ့်အခန်းထဲ ကိုယ်ဝင် စာအုပ်လေး ဖတ်ပြီး တက် မယ် ကျန်ခါရှိသေး ခွမ်း ဆို တဲ့ ထုသံ နဲ့ အတူ မှန်ကွဲသံ တွေ ကြားလိုက်ရပါတယ်... ချပြီးဟေ့ ဆိုပြီး ဆွဲရ တွန်းရအောင် ထမိန်လေး ပြင်ဝတ်ပြီး အမြန် ပြေးထွက် ရပါတယ်... ၊ ချကုန်ကြပါပြီ.. အိမ်ရှေ့ ဆက်တီ မှာ ထိုင်နေတဲ့ ယောက်ကျားလုပ်သူ (ကက) ကို ဓါတ်ဘူး နဲ့ ကောက်ထု လိုက်တာပါ... အရှောင်ကောင်းလို့ လူမထိဘဲ မှန်ချပ်ကြီး ထိပြီး ကွဲသံ ရှသံ တွေ ပေါ်လာတာပါ......၊ အဲ.. ကျနော်လည်း မိန်းမ (မမ) လုပ်သူ ကို ပြေးဖက် ထားရပါတယ်.. ဆက်မလုပ် နိုင်အောင်ပါ....။

အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဘဲ ယောက်ကျား (ကက) နဲ့ အမျိုး တော်သူ တယောက်  ရဲ့ မိန်းမ လည်း အဲဒီ အိမ် မှာ ရောက်နေ ပါတယ်... ကျနော် တို့ ဈေးသွားတော့ ချက်ကြ ပြုတ်ကြ စားကြတော့ လည်း အတူတူ ပါပါတယ်..၊ သူ့ ကို ကျနော် လည်း အဲဒီတခါ ပထမဆုံး တွေ့ဘူး တာပါ..၊  သူ က တစခန်း ထပါတယ်...၊ ဒီလို မတရား လုပ်တာမျိုး မခံဘူး ဆိုပြီး မိန်းမ (မမ) လုပ်တဲ့ သူကို သတ်မယ် ဖြတ်မယ် လုပ်ပါတယ်... အဲဒီမှာ သူ့အကြောင်း သိတဲ့ သူ့ယောက်ကျား က အမြန်ပြေးလာပြီး သူ့မိန်းမ ကိုထိန်းပါတယ်.. ။

အဲဒီမိန်းမ က စိတ်မမှန်ဘူး လို့ ကျနော် ထင်ပါတယ်.. တအား ဒေါသ ကြီးပြီး ဟိုမိန်းမ (မမ) လုပ်သူ ကို မလုပ်ရလို့ ဆိုပြီး သူယောက်ကျား နဲ့ ဖက်သတ်ကြပါတယ်...၊ သတ် တာမှ တကယ့် ကို အကြီးအကျယ်ပါ .. အဝတ် မကပ် ပါ.. အဲဒီမှာ သူယောက်ကျား က သူလည်း မထိမ်းနိုင်ဘူး တံခါးတွေ ပိတ်ထားပါ.. ဟိုမိန်းမ  (မမ) လည်း အပြင်ရှောင်နေပါ ဆိုလို့ ကျနော် လည်း တွေ့ သမျှ တံခါး တွေ ပိတ်ပြီး ကားတစီး နဲ့ မိန်းမ (မမ) လုပ်တဲ့ သူကို ခဏ အပြင် သွားခိုင်းလိုက်ရပါတယ်...။

အဲဒီ အချိန်က စပြီး မိန်းမ (မမ) ဟာ တခါ ထဲ အိမ်က ဆင်းသွား ပါတယ်....။ (အင်း ရေးလိုက် ရတော့ သာ ခဏ .. အဲဒီအချိန် တုန်းက ရွှေစင်ဦး လေး မှာ ဟိုပြေးရ ဒီပြေးရ နဲ့ စားထား တဲ့ ငါးသလောက် လေးတောင် ဘယ်ချောင် ရောက်သွားမှန်း မသိပါဘူးဗျာ..)

သြ.. ပြောဘို့ မေ့နေတယ်.. ယောက်ကျားလေး (ကက) က ကျနော့် နဲ့ ပိုရင်း နှီး တယ် ဆိုတာပါဘဲ..၊ အဲဒီ အချိန်က စပြီး တော့ မိန်းမ (မမ) လုပ်တဲ့ သူ က လိုချင်သမျှ တွေ အကုန် ဖုန်းဆက် တောင်း တော့ တာပါဘဲ... ရှေ့နေ နဲ့ ခွဲခြမ်း တဲ့ ပစ္စည်း တွေက သပ်သပ် ပါ... ငွေသား မြေကွက် ခြံကွက် ကားတစီး .. (သူလိုချင်သလောက် မရပေမဲ့  တော်တော်တော့ များပါတယ်) အဲဒါတွေက ကွာရှင်းစာချုပ် မှာ လက်မှတ်ထိုး တုန်းက ပေးလိုက် ရတာတွေပါ... နောက်  အိမ်မှာ ရှိတဲ့ ပစ္စည်း တွေ တောင်းတာ သတ်သတ် ပါ... (သူတို့ ၂ယောက် ပိုင် တာတွေ ထဲက ပါ) ဥပမာ... သူတို့ အိပ်တဲ့ ခုတင်ကြီး ... မွေ့ရာ .. မှန်တင်ခုံ.. ကျန်တဲ့ အသေး အမွှား တွေပါ....။

ကဲ... ကျနော်လည်း ပြန်ချင်ပြီ ခွဲခန်း လေး ပြီးရင် ရွှေစင်ဦး လေး လည်း ချစ်ချစ်ကြီး နဲ့ တွဲခန်း လေး လုပ်တော့ မယ် ပြန်ပါတော့ မယ်ဆိုတော့မှ .. ဟိုမွေ့ရာတွေ ကုတင် တွေ ဇာတ်လမ်းက စလာတာပါ.. အဲဒါနဲ့ ကျနော် ရှိတုန်းမှာ ဘဲ အပြတ်ဖြတ်မယ် ဆိုပြီး ... ကျနော့် ကို တောင်းအေစ် ထင်တယ် .. အဲဒီထဲ မှာ သူ့ အခန်း ထဲ က ပစ္စည်း တွေ စုပြီး ... ကျနော် ရယ် ဒရိုင်ဘာ ရယ် မိန်းမ (မမ) လုပ်တဲ့သူ နေတဲ့ အိမ်ကို ပြန်သွား ပို့ ရ ပါတယ်... ။

အိမ်လည်း ရောက်ရော ပစ္စည်းတွေ ချနေတုန်း ကျနော် ကိုလည်း အအေးနဲ့ ဧည်ခံပြီး.. သူနောက်ဆုံး နေ့ က အိမ်က ဆင်းသွားရတာဟာ လုပ်ကြံဇာတ် လို့ ထင်ကြောင်း.. သူ့ ကို သက်သက်မဲ့  အိမ်ကဆင်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်မယ် ဖြတ်မယ် လုပ်တာကို သူမခံနိုင်ကြောင်း ... ယောက်ကျား (ကက) ဖြစ်တဲ့ သူဟာ သိပ်ယုတ်မာ ကြောင်း ပြောရင်း ပြောရင်း နဲ့ ဖြတ်ဆို ထသွားပြီး ကားသော့ ကို ဖြုတ်လိုက်ပါတယ်... ၊ နောက်ပြီး မမရွှေစင် ကိုတော့ အားနာပါတယ်.. ဒီကား ကို ယူထားလိုက်ပြီ တဲ့ ... မမရွှေစင် ကို တက်စီ ငှားပေးလိုက်မယ်.. တက်စီ နဲ့ သာ ပြန်လိုက် ပါတော့ တဲ့.... အင်း ကျနော် လည်း ဒုက္ခတော့ ရောက်ပြီ ဆိုပြီး .. အသနား တော့ ခံလိုက် ပါသေး တယ် .. ။

မလုပ်ပါနဲ့လို့.. သေချာ တရားဝင်ခွဲပြီး ကြပြီ မဟုတ်လား ဆိုတော့ မဟုတ်ဘူး ... ဒါယုတ်မာတဲ့ သူတွေ အတွက် ယုတ်မာကြေး သတ်သတ် ဆိုပြီး ပြောပါတယ်...၊ ကျနော် လည်း  ယောက်ကျား (ကက) လုပ်တဲ့ သူစီ ဖုန်းဆက် ပြောရတော့တာပေါ့... အင်း ဟို ကလည်း အတော် စိတ်ကုန်နေတယ် ထင်တယ်... ပေးသာ ပေး ခဲ့လိုက်တော့တဲ့ .. နောက် ဘယ်တော့မှ မပတ်သက်တော့ နဲ့ လို့ ပြောခဲ့ ...  ကျနော့် လည်း မြန်မြန် ပြန်ခဲ့ ဆိုလို့ (အင်း ဟုတ်ပ တော်ကြာ ရွှေစင်ဦး လေးပါခေါ်ထားလိုက်ရင် ဒုက္ခ) ...အငှားကား လေး ပေါ်တက် ယောင်ချာ ယောင်ချာ.. နဲ့ ရွှေစင်ဦး လေး ပြန်လာခဲ့ ပါတယ် ဗျာ....။

အင်း ကားပေါ် မှာ လည်း စဉ်းစားခဲ့ သေးတယ် ရွှေစင်ဦး လေးလည်း ဒီလိုများ ရရင် နစ်နာချင်သလောက် နစ်နာ စမ်းပါစေ... အနစ်နာ များ ခံလိုက်ချင် စမ်းပါတယ်လို့... . ။

လေးစားစွာဖြင့်
ရွှေစင်ဦး

(ပုံများ ကို Google မှ ယူပါ၏။ တိုက်ဆိုင်မှု့ ရှိလျှင် မတော်တဆ ဟု မယူဆ ပါနှင့် တဲ့ ရေးပါသည်) 
.

14 comments:

  1. ငါးသလောက် နဲ့ ငါးပိရည် ဒညင်းသီး စားပြီး သွေးတွေလည်း တက်နေပါဦးမယ်.. :)

    ReplyDelete
  2. အမရွေစင်..

    မောသွားတာပဲ.. ဖတ်လိုက်ရတာ..။

    အဲဒါကွဲသွားတာပေါ့နော်..။ ဟို.. မိန်းမကလည်း ပစ္စည်းတွေ မက်တယ်လို့ နားလည်တယ် ဟုတ်လားအမ..။

    အင်း အိမ်ထောင်ရေးမှာ ဒီထက် နက်ရိုင်းတာတွေ ရှိမယ်ထင်တယ်နော်..။ သိပါဘူးနော်..။

    မဗေဒါကို အမ အစားတွေ ကောင်းကောင်းစားကြောင်း ကြွားနေတာတော့ ဟုတ်ဘူးနော်.. ဟီး .. နောက်တာပါ.. အတည်လည်း ဒါပါပဲ..။

    ခင်တဲ့

    မဗေဒါ (၈၈)

    ReplyDelete
  3. အနော်တို့ကတော့..စားပြီးနားမလည်ပဲ..
    ချစ်ရေးကြိုက်ရေး..အိမ်ရှောင်ရေးတွေ ဘာမှမသိပါ..

    ReplyDelete
  4. ဟာ..
    ဒ ...ဒညင်းသီးစားပြီးတော့များ မရွှေစင်တို့  ဒူးကလေးနှံ့  နေရ မလား အောင်းမေ့ပါတယ် ။ င.. ငပိရည် နဲ့  ငေါင်တောင်တောင် ဖြစ်သွားရတာကိုးး..
    ရ ... ရန်ကုန်မှာ ရန်တွေ လည်း စုံပါ့ နော် ။
    နှစ်ယောက်အိပ်ကုတင်ကြီး ကျတော့ ဘယ်လိုစီစဉ်လိုက်တာတုံး ... တယောက် တဝက် ပိုင်းယူကြတာ လား ဟင် ။..

    ReplyDelete
  5. အစ်မလည်း ဖြန်ဖြေရေး အကျိုးဆောင် ဖြစ်ခဲ့သေးတာကိုးး)) ကြား လေးကြား မ၀င်ကောင်းဘူးဆိုတာ ကြားဖူးတော့ နောက်ဆုံး အစ်မရွှေစင် အမုန်းခံနေမှာလား ဘာများဖြစ်မလဲလို့ စိတ်ပူသွားသေးတာ.. တော်သေးတာပေါ့..း))

    အစ်မ.. ရော်ဘာသီးဆိုတာ အခု တစ်ခါပဲ ကြားဖူးတယ်။ အဲဒါ အောက်အရပ်မှာပဲ ရှိတာလား..။ ချဉ်ချဉ်လေးဆိုတော့ ငါးသလောက်က ပိုနှုးပြီး ပိုစားကောင်းမယ်ထင်တယ်နော်..

    ReplyDelete
  6. သြော် . . . .ဒီလိုတွေလည်း ရှိသေးတာကိုး။
    ဖြစ်ရလေ။
    အမရေးထားတာတွေ စားရတာ တတ်ချင်စရာတွေချည်းပဲ အေ့. . .ဆောရီးနော်။

    ReplyDelete
  7. ညီမတို့ အထက်ဘက်မှာ ဒညင်းဝက်ဆိုတာ မရှိသလို ကြားလဲမကြားဖူးခဲ့ပါ
    ရန်ကုန်ရောက်မှ စပြီးစားဖူးတာပါ
    ဒါပေမဲ့ ကြိုက်တယ်.. ငါပိရည်ကောင်းကောင်းနဲ့ဆို ရှယ်ဘဲနော်..
    အိမ်ထောင်ရေးအကြောင်းကတော့
    မဝေဖန်တတ်ပါဘူး မရွှေစင်ရယ်
    ဒါပေမဲ့ ကွဲကြပြီဆိုကတည်းက မခံမရပ်နိုင်စရာ ခါးသီးတဲ့အဖြစ်တွေကိုယ်စီရှိကြလို့ဘဲ နေမှာပါ..
    တော်ပြီ.. အပျိုကြီးဘဲလုပ်တော့မယ်း)

    ReplyDelete
  8. ကက နှင့် မမ ကြားမှာ ရရ တစ်ယောက် ကက အတွက်လား မမ အတွက်လား ခခယယ ဝင်ပါကြောင်း ဃဃငင သိလိုက်ရပါပြီ၊ အသံထွက်အတိုင်းရေးလိုက်သည်၊

    ReplyDelete
  9. ကကြီးရေက ဘဲ ရှိသေးတဲ့ ဘ၀လေးမှာ
    ငါတကော ကောနေကြမှတော့
    ဒီးဒီး ဒုန်းဒုန်း အုံးဒိုင်းဂွမ်းသံတွေနဲ့ပေါ့
    ရပါတယ် ရပါတယ် ပြေလည်သွားမှာပါ ဆိုပြီး ပြေးပေါက် မှားခဲ့ရပြီပေါ့
    စားတုန်းက စားပြီး ဘာအခုမှ ပြေးပေါက် မှားတာလဲ
    အရင်တုန်းကတည်းက မစဉ်းစားဘဲနဲ့များ....
    အနစ်နာ အင်မတန်ခံချင်သော အမကြီးရွှေကို လေးစားအားကျလျှက်

    ချစ်ညီမ
    seesein

    ReplyDelete
  10. တင်ပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။ လောလောဆယ်တော့ မာယာကိုအေးဝင်းက ဆရာမြသန်းတင့် `အုတ်လှငယ်` ကလောင်အမည်နဲ့ နွယ်နီမဂ္ဂဇင်းမှာရေးထားတွေကို `သမိုင်းကြေးမုံ` အမည်နဲ့ ထုတ်ထားတဲ့ စာအုပ်ထဲက ဆောင်းပါးလေးတွေ သူ့ဘလော့ဂ်မှာ ပြန်တင်ပေးနေတာကို ကျနော်က သားရေယိုနေတာဗျ။ အဲဒီစာအုပ် ရှာလို့ရနိုင်လား။

    ReplyDelete
  11. အော်....ငါ့အစ်မခမျာမှာလည်း တက်စာတွေစားပြီး ဆွဲရ လွဲရ ပြေးရ လွှားရ နဲ့ ဇိမ်နဲ့တောင် မတက်လိုက်ရဘူးပေါ့လေ :)))


    ချစ်ညီမလေး

    ReplyDelete
  12. အစ်မရယ် ဟင့် ဂလုဂလုတွေချည်းပဲရေးတယ်
    တော်ပြီ ပြန်ပြီးထမင်းပြန်စားတော့မယ်း)
    သွားရည်တွေကျပါ့ အစားသောက်နော် အကွဲပြဲတော့ သွားရည်မကျပေါင်ဗျာ

    ReplyDelete
  13. အမ..ဒညင်းဝက်ကြော်စားချင်တယ်...
    ငါးသလောက်ဟင်းလည်းစားချင်တယ်။

    ReplyDelete
  14. ကကင်းဝက်ဆိုတာ မကြားဖူးဘူး ရာဘာသီးက ရေငံပိုင်း မြိတ်ဘက်မှာ မှ ရှိတယ် ထင်နေတာ။ အစားအကြောင်း ဖတ်နေတုန်း ကားအကြောင်း လည်း ရောက်တော့ မကြားစကောင်း (တက်ကဆီ နဲ့ ) ညောင်းခဲ့ရ ဗိုက်လဲ ဟောင်းလောင်း ဖြစ်ရော့ပေါ့ စိတ်ကောင်းဘူး

    ReplyDelete

thank you to say so