Thursday, April 22, 2010

ရွှေစင်ဦး ကိုယ်တိုင် ဆောင် ခဲ့တဲ့ မင်္ဂလာဆောင် (ဇာတ်သိမ်း)


ဒီနေ့တော့ ရွှေစင်ဦး ကိုယ်တိုင် ဆောင်ခဲ့တဲ့ မင်္ဂလာပွဲလေး နဲ့ ဇာတ်သိမ်းပွဲလုပ်ရပါတော့မယ်..၊ ကျနော် တို့ မန္တလေး ရဲ့ မင်္ဂလာ ထုံးစံလေး တွေကို ပြောပြရင်းနဲ့ ကိုယ် ကိုယ် တိုင် ဆောင်ခဲ့ တဲ့ ပွဲ ဟာ ကိုယ့် အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး မင်္ဂလာပွဲ ဖြစ်ကြလိမ့်မယ် ထင်လို့ ညီမ အပျိုလေးများ .. ၊ မောင်ငယ် လူပျိုလေးများ (အကိုကြီး များ မပါ ဒီတသက် စွန်မယ် မထင်တော့ တဲ့ အတွက်ပါ .. ကိုကြီးကျောက် အား စောင်းပြောခြင်းမဟုတ်ပါ) ကိုယ့် မင်္ဂလာပွဲ ကို ကိုယ်တိုင် ပျော်ရွှင်စွာ ဆင်နွဲစေဘို့ ဆုတောင်း ပေးရင်း ဒီပို့စ် လေးကို ရေးပါမယ်...။

ကျနော် ရဲ့ သမီးရီးစား သက်တမ်း ၁၁ နှစ်ကာလ (ဒီမှာ ဖတ်လို့ရတယ်) ရောက်တဲ့ အခါမှာ ကျနော့် ဖေဖေ ရဲ့ မထင်မှတ်တဲ့ သဘော တူညီချက်ကြောင့် ကျနော်တို့ မင်္ဂလာဆောင်ဖြစ်သွားပါတယ်..၊ မင်္ဂလာဆောင် မယ် ဆိုရင် အရင်ဆုံး စေ့စပ်ကြောင်းလမ်း ရပါတယ်..။

ကျနော် တို့ ရဲ့ စေ့စပ်ပွဲ ကို ကျနော်တို့ အိမ်မှာဘဲ ကျင်းပခဲ့ပါတယ်.. ကြီးကြီး ကျယ်ကျယ်မဟုတ်ပါဘူး.. ကျနော်တို့ ဘက်က လူကြီးသူမ အနည်းငယ် ခေါ်ပြီး အိမ်မှာ စောင့်နေယုံပါဘဲ..၊ ချစ်ချစ်ကြီးတို့ ဘက်က လူကြီးသူမများနဲ့ စေ့စပ်ပွဲ မှာ ကျွေးဘို့ လဘက်ရည် ကိတ်မုံ နဲ့ ပန်းကန်များ လက်သုတ်များ ထိ အကုန်လိုလေးသေး မရှိယူလာပါတယ်...။ 

အဲဒီမှာ အားလုံး ကို အရင် ကျွေးမွေးပါတယ်..၊ စားသောက်ပြီးသွားတဲ့ အခါ ယောက်ကျားလေး ဘက်က လူကြီးများက မင်္ဂလာ စကား အနည်းငယ်ပြောပြီး ကျနော့် ကို တင်တောင်းမဲ့ ပိုက်ဆံ ထုတ်လေး ကို လင်ဘန်းလေး နဲ တင်ပေးပါတယ်...၊ သိတ်မများပါဘူး.. အခု ရွှေဈေး နဲ့ တွက်ကြည့်တော့ ရွှေ ၅ကျပ်သား ဘိုး လောက် ဘဲရှိ ပါတယ်...၊ အဲဒါ မင်္ဂလာ အခမ်းအနားလုပ်ဘို့ပါ...။

တခြား လက်ဝတ်လက်စား တွေ မပါပါဘူး..၊ လက်ဝတ်လက်စား တွေလည်း တင်မတောင်းနိုင်ပါဘူး.. ချစ်ချစ်ကြီး တို့ဘက်ကလည်း လူလတ်တန်းစား တွေဘဲ ဆိုတော့ ဒီလောက်ဘဲ တတ်နိုင်ပါတယ်..၊တချို့ ပိုက်ဆံရှိသူ များဆိုရင်တော့ အဲဒီအချိန်မှာ ရွှေတွေ ဘာတွေ တင်တောင်းကြပါတယ်..၊ အဲဒါကတော့ ၂ဘက် စီးပွားရေးပေါ်မှာ မူတည်ပြီး တင်တောင်းတဲ့ တန်ဘိုး တွေ ကွာသွားပါတယ်..၊ နောက်ပြီး အဲဒီ စေ့စပ်ပွဲမှာ ဘဲ ချစ်ချစ်ကြီး ကို ဒီရပ်ကွက်သား အဖြစ်လက်ခံဘို့ ရပ်ကွက်လူကြီး ကိုခွင့် ပန်ပြီး ရပ်ကွက် ဓမ္မာရုံ အတွက် ငွေ အနည်းငယ် လှူဒါန်းရပါတယ်.. ဒါကတော့ ရပ်ကွက်ထုံးစံပါ...။

နောက်ပြီး ရပ်ကွက်ထဲက အပျိုလေးတွေကို ဧည့်ခံဘို့ အပျိုဖိတ်၊ လူပျို တွေကို လူပျိုဖိတ်၊ အသက်ကြီးကြီး အမျိုးသမီးများ ကို ဧည့်ခံ ဆိုပြီး ပစ္စည်း တမျိုးစီနဲ့ ဖိတ်ရပါတယ်...၊ နောက်တခါ သတို့ သမီး အိမ်ကနေ ဧည့်ခံတဲ့ နေရာထိ ကားတန်းနဲ့ သွားရပါတယ်..၊ အဲဒီအချိန်မှာ ကားတန်းဘို့ အတွက် ကားရှိတဲ့ မိတ်ဆွေ တွေကို လည်း ပစ္စည်း တမျိုးနဲ့ ဖိတ်ရပါတယ်.. အဲဒါကိုတော့ ကားကူ ဖိတ်တာလို့ ခေါ်ပါတယ်.. ကိုယ်ဘာ သာ ဘယ်ကားမှ ငှားစရာ မလိုပါဘူး.. ကူတဲ့ကားနဲ့တင် လုံလောက်ပါတယ်...၊ မင်္ဂလာဆောင် တချိန်လုံး မှာ ကားကူတွေဟာ တချိန်လုံး stand by အနေအထားနဲ့ စောင့်နေပါတယ်..၊ ဟိုပို့လိုက်အုန်း .. ဒီမှာ..သွားကြိုပေးအုန်း ဆိုပြီး အကုန်ခိုင်းလို့ရပါတယ်.. အားရဝမ်းသာဘဲ ကူညီကြပါတယ်..။

နောက်ပြီး မင်္ဂလာ ဆွမ်းကျွေးလုပ်မဲ့ရက်..၊  မင်္ဂလာ အခမ်းအနား လုပ်မဲ့ ရက်တွေ အကုန်ရွေးပါတယ်.. နောက်နေရာ ရွေးပါတယ်..၊ ကျနော် ရဲ့ မင်္ဂလာဆွမ်းကျွေးကတော့ ကျနော် တို့ ကျောင်းထိုင် ဘုန်းကြီး ရှိတဲ့ မြတောင်တိုက်ထဲ က ကျောင်းတကျောင်းမှာ ဘဲ ဆွမ်းကျွေးပါတယ်...။

နောက်ပြီး မင်္ဂဆောင် ကို တော့ ကျနော် ရေးပြထားတဲ့ အတိုင်းဘဲ ဖေဖေ က ၁၀ ရက်အတွင်း ဆိုတော့ ဘယ်ခန်းမ မှ မရတော့ ကျနော်ပြောခဲ့ တဲ့ ကျောင်းထဲက အဆောင်မှာဘဲ လုပ်ရပါတယ်...Dining Room အသစ်ထဲမှာပါ..၊ နေရာ သိပ်မကျယ်ပါဘူး ခန်းမ အလတ်စား တခုစာ လောက်တော့ ရှိပါလိမ့်မယ်.. ၂ဘက် မိတ် နဲ့ ဆိုတော့ ထိုင်စရာတောင် ဦးရတဲ့ အဖြစ်မျိုးရောက်သွားပါတယ်...။

ချစ်ချစ်ကြီး ရဲ့ မိဘ များကတော့  ကျနော်တို့ မင်္ဂလာပွဲ အတွက် အပျော်ဆုံးလူသားတွေ ဖြစ်မယ် ထင်ပါတယ်..၊ ချစ်ချစ်ကြီး ကို ကျနော် က ၁၁နှစ်လုံး ကြောရရုံ ကျန်ပြီး မယူဘဲ ပစ်သွားမှာ အတော် စိုးရိမ် တယ်ထင်တယ်..၊ ကျနော် တို့ ယူတော့ မယ်ဆိုတော့ အတော်ကို ဝမ်းသာလုံးဆို့ နေကြပါတယ်...။

ပထမဆုံး ကျနော် တို့ အတွက် ခန်းဝင် ပစ္စည်းများ ဘီရို၊ မှန်တင်ခုံ၊ အိပ်ရာခမ်းနား အားလုံး ကို ယောက်ခမ အမကြီး ရယ် ကျနော်ရယ် .. ကျနော် အမ အရင်းကဲ့သို ချစ်ခင်ရတဲ့ လူရွှင်တော် ဦးဂျော်လီ သမီးရယ် (ဒီမှာ သူ့အကြောင်းဖတ်လို့ရတယ်) (ကျနော် တို့ အသိုင်းအဝိုင်း ထဲမှာ တော့ အလည်ဆုံး လို့ ယူဆလို့ ခေါ်သွားပါတယ်) သွားဝယ်ကြပါတယ်.. ၊ မေမေ ကတော့ ဘာမှမသိပါ..၊ ယောက်ခမကြီးက ကျနော် တို့ ကြိုက်တာ ကို အကုန် ရွေးဝယ်ခိုင်းပါတယ်..၊ တရက်ထဲ နဲ့ အပြီး ဝယ်ရပါတယ်..၊ ကုတင် ကိုတော့ အော်ဒါ မှာ ထားခဲ့ ရ ပါတယ်.. အရေးကြီးတယ်လေ...ကျိုးကြရင် နံမည် ကြီးနေမယ်...။

ကဲ.. ဒါတွေ ဝယ်ပြီးသွားတော့ သတို့သမီး ဝတ်ဘို့ ဝယ်ပါတယ်.. ကျနော် ကလည်း ကိုယ် ဘာဝတ် လို့ ဘာဝယ်ရမယ် ဆိုတာ ကို ဘဲ မပြောတတ်ပါဘူး..၊ အဲဒီ အမ ကဘဲ အကုန် ရွေးဝယ်ပေးပါတယ်..၊ ဒီလုံချည်လေး ဒီလိုဝတ်.. အင်ကျီလေး ကို ဒီလိုချုပ်မယ်.. ပုဝါလေး ဒီလို ချမယ် ဆိုပြီး တော့ အကုန်လုံး ဒါရိုက်တာ လုပ်ပြီး စီစဉ် ပေးပါတယ်...၊  မင်္ဂလာ ဆောင်ဘို့ ၂ရက် အလိုမှ ဝတ်စုံ ရမယ်လို့ ပြောတယ်...၊။

ကြုံလို့ တခါထဲ ပြောလိုက်အုန်းမယ်..၊ မင်္ဂလာ ဝတ်စုံ ရတဲ့ အခါ ဘယ်လိုမှ အဆင်မပြေ ပါဘူး အဲဒီ ဝတ်စုံ ဝတ်ပြီး ရှောက်သီးဆေးပြားဘဲ ရောင်းရမလို.. ဇာတ်စင် ပေါ်ဘဲ တက် က ရမလို ဖြစ်နေတဲ့ အတွက် .... အားလုံး ဒုက္ခရောက်နေပါတယ်...၊ မင်္ဂလာဆောင်က ရောက်တော့ မယ် ဝတ်စရာက မရှိပါဘူး... အဲဒါနဲ့ အမ သမီး ကဘဲ ကျနော်တို့ ထက် တလ စောပြီး မင်္ဂလာဆောင်ထား တာ ဆိုတော့ သူ့ဝတ်စုံ လေး ကိုဘဲ ငှားဝတ်လိုက်ရပါတယ်.. အဲဒါလေး နဲ့ ကြ လှသဗျ... မင်းသမီးလေး ကြနေတာဘဲ.. အလကား စတာပါဗျာ ကိုယ့်ပွဲ မှာတော့ ဘယ်လောက် အရုပ်ဆိုးဆိုး ကိုယ်က မင်းသမီးဘဲပေါ့...။

ကဲ.. မင်္ဂလာ ဆွမ်းကျွေးပွဲ ရောက်ပါပြီ... ကျနော် မှတ်မိတာတော့ ဘုန်းဘုန်း က တရားဟောတာ တအား ကြာနေလို့ ဘိုက်ဆာတာဘဲ မှတ်မိပါတယ်...၊ တခါထဲ စားလို့ ရတဲ့ အချိန်လည်း ရောက်ရော... ဘယ်သူ မှ ခေါ်မနေနိုင်ဘဲ ကိုယ်ဝမ်းကိုယ် အရင်ဖြည့်ရပါတယ်...။

အဲဒီမှာ.. ကျနော့်ရဲ့ ဖခမည်းတော် က ဘယ်အချိန် က အကဲခတ် နေတယ် မသိပါဘူး ကျနော် တယောက် ထဲ စားတော်ခေါ်နေတာကို မြင်သွားပါတယ်..၊ မေမေ ကို သွားပြောပါတယ်.. မော့် သမီး သွားပြော လိုက်အုန်း ကြမ်းလိုက်တာ... ဟို.. သူ့ ဟာ(ချစ်ချစ်ကြီး ရည်ညွှန်းပါတယ်) ကို မခေါ်ဘဲနဲ့ စားနေတယ်.. ဆိုပြီး လာပြောခိုင်းပါတယ်...၊ ကျနော်လည်း ငါ့ဝမ်း ပူစာ မနေသာ ဆိုတော့ ချစ်ချစ်ကြီး ကို ထမင်းစား ခေါ်ဘို့ မေ့သွားပါတယ်...၊။

ချစ်ချစ်ကြီး ကလည်း ကျနော် သွားခေါ် မှ ယဉ်ကျေးသိမ့်မွေ့စွာ နဲ့ ရှက်သွေးဖြာ တဲ့ မျက်နှာ နဲ့ လာစားပါတယ်....၊ အဲဒီ အချိန်က စပြီးတော့ ကျနော့် ဖေဖေ လည်း သူ့သမီး နဲ့ သူ့သားမက် အကြောင်း ကို စတင် အကဲခတ်မိသွားပါတယ်.. သူထင်တာက သူသမီး အတီးအတ လေး ကို ဟို အကောင် က လှည့်ဖျား ပြီးတော့ ယူထားတာလို့ ထင်နေတာပါ...၊ နောက်တော့ တဖြည်းဖြည်း သဘောပေါက် သွားပါ တယ်.. သြ.. ငါသမီး လို ဂျမ်းတော မျိုးကို ယူတာ ငါ့ သားမက်လေး အ ရှာလို့.. ဆိုပြီး တသက် လုံး အခုထိ သူ့သားမက်လေး ကို ချစ်သွားရှာပါတယ်..။

ကဲ..မင်္ဂလာ ဆောင်မယ့် ရက်ရောက်လာပါပြီ... ဆွမ်းကျွေး နဲ့ ၂ရက်ဘဲ ခြားမယ်ထင်တယ်..၊ မဆောင်ခင် ညကထဲ က ကျနော် ဟာ မြို့ ထဲက အမျိုးအိမ် တအိမ်မှာ သွားအိပ် ရပါတယ်...၊ မနက် ၃ နာရီ မိတ်ကပ် လိမ်း ရမှာ မလို့ ဆိုပြီး အဲဒီ အိမ်မှာ အိပ်ရပါတယ်.. ကျနော် မျက်နှာ ကို မိတ်ကပ်လိမ်း ရတာ ပြသာနာ မရှိပေမဲ့.. ဆံပင်မရှိတဲ့ ခေါင်းကလေး ကို ကလစ်ပေါင်း ရာချီပြီး ရှယ်ဆံထုံး လေး ထုံး ရမှာ ကြာမှာ စိုးလို့ လို့ ပြောပါတယ်..။

ကဲ.. အားလုံးပြီးသွားပါပြီ.. လာခေါ်မဲ့ သတို့သားကား က ရောက်မလာသေးပါဘူး.. နောက်မှ သတို့သား အိပ်ပျော် နေလို့ မနည်း နှိုး နေရလို့ ကြာသွားပါတယ်တဲ့..၊ ချစ်ချစ်ကြီး ဟာ မင်္ဂလာဆောင် ဘို့ ကိစ္စ အားလုံး မှာ ဘာတခုမှ တာဝန်မယူရပါ.. သူ့ မိဘ တွေနဲ့ သူ့ညီ ၂ယောက် ၊ ညီမ တယောက် က အားလုံး စီစဉ်ပေး ပါတယ်...၊ သူ ပင်ပန်းမှာ တခုဘဲရှိပါတယ်.. (တလွဲ မတွေးပါနဲ့) မင်္ဂလာဆောင်မှာ ဧည့်ခံရမှာ ကို ပြောတာ ပါ...။

ကဲ... အားလုံး မျှော်လင့် နေကြတဲ့ မင်္ဂလာပွဲ ကြီးရောက်ပါပြီ.. ၂ဘက်ဆွေမျိုးတွေ ပျော်ရွှင်နေပုံ ကတော့ သတို့သမီး သတို့သားက အရှုံးပေးရမယ်ထင်ပါတယ်... ၊ လာရောက်ကြတဲ့ မိတ်ဆွေများကလည်း ဒီလို စားရဘို့ ၁၁နှစ်တိတိ စောင့်နေရတာ ဆိုတော့ တော်တော် ကြီးကို ပျော်ကြပါတယ်..ကျွေးတာကတော့ ထုံးစံအတိုင်း လဘက်ရည် နဲ့ ကိတ်မျိုးစုံ လဘက်ပါဘဲ...။

လူတွေ အရမ်းများ နေတဲ့ အတွက်.. ကျနော်ဟာ ချစ်ချစ်ကြီး နဲ့ ၂ယောက်တွဲ ပြီး လိုက်နှုတ်ဆက် မနေနိုင်ပါဘူး... ချစ်ချစ်ကြီး ကို ရော့ ဒါကိုင်ထားဆိုပြီး လက်ကိုင် ပန်းစည်းလေး သူ့လက်ထဲ ထည့်လို့ ကျနော် တယောက် ထဲ ဧည့် စုံအောင် လိုက်ပြီး နှုတ်ဆက်ရပါတယ်...၊ ချစ်ချစ်ကြီး ကတော့ ပန်းစည်းလေး ကိုင်လို့ မခို့တရို့ လေး တကိုယ်တော် လိုက်နှုတ်ဆက်နေပါတယ်....။

မင်္ဂလာပွဲကြီး ဟာ အောင်မြင်စွာပြီးဆုံးသွားပါပြီ.. ၊ ကျနော် တို့ဟာ အဲဒီတည ဘဲ မန္တလေး မှာ အိပ်ပြီး နောက်နေ့ မနက် ၅နာရီလောက်ထပြီး ၂ကိုယ်တော် ဟန်းနီးမွန်း ခရီးကို ဆိုင်ကယ်လေး စီးလို့ တလခွဲ တိတိ ရှမ်းပြည်တခွင် ပြဲပြဲစင်အောင် လျှောက်သွားကြပါတယ်ခင်ဗျား...။

ကဲ ပျော်စရာ အကောင်းဆုံး ကိုယ့် ကိုယ်တိုင် ဆောင်တဲ့ မင်္ဂလာဆောင်ပွဲလေး ပြီးဆုံးသွားပါပြီ.. နှစ်ဘက် ဆွေမျိုးများ သဘောထားကြီး မှု့ကြောင့် စိတ်ညစ်စရာ ဘာမှ မရှိခဲ့ပါဘူး... ကျနော့် ယောက်ခမ အမကြီး က ဗွီဒီယို မရိုက်ရလို့ အနည်းငယ်စိတ်ကောက်တာဘဲ ရှိပါတယ်.. သူက မင်္ဂလာဆောင်ကို ဗွီဒီယို ထည့်ချင်ပါတယ်... ကျနော် က အထည့် မခံပါဘူး.. အဲဒီတခု ဘဲ နဲနဲ အထစ်အငေါ့ရှိပါတယ်.. ။

ကျန်တာ အားလုံး အဆင်ပြေပြေ ချောချော မွေ့မွေ့ ပါဘဲ...၊ အားလုံး ကို မှာ ချင်တာကတော့ ကိုယ့်အိုး နဲ့ ကိုယ့်ဆန် တန်ရုံဘဲ လုပ်ကြစေချင်ပါတယ်.. မတန်မရာတွေ ပကာသန တွေလျှောက်လုပ်ပြီး ပျော်ရမဲ့ အချိန်မှာ မပျော်ရဘဲ .. စိတ်ဆင်းရဲ မခံကြပါနဲ့..။

ကျနော် နဲ့ ချစ်ချစ်ကြီး သဘောအတိုင်းသာ ဆိုရင် မင်္ဂလာဆွမ်းကျွေးလောက် နဲ့ ပြီးချင်ပါတယ်.. ကြက်တူရွေး က တော်တော် မယ်ဘော် က ကဲကဲ ဖြစ်နေလို့ ဒီလို မင်္ဂလာဆောင်လိုက်ရတာပါ..။

နောက်ပြီး ၂ဘက်ဆွေမျိုး များကို ဘဘောထားကြီးကြီး နဲ့ အားလုံး သူ့ဘက်ကိုယ့်ဘက် ခွင့်လွှတ်သည်းခံ ပြီးတော့ ပေါင်းသင်းဆက်ဆံရပါမယ်..၊ လင်နိုင် မယားနိုင် တာ မကောင်းသလို အနိုင်ခံ ရတဲ့ သူတွေဟာ လည်း ကျက်သရေ မရှိပါဘူး.. နိုင်တဲ့ သူတွေကလည်း ထိုနည်း၎င်း ပါဘဲ...။

ကျနော် ဟာ အိမ်ထောင် မကျခင် ကလည်း ချစ်ချစ်ကြီး မိဘအိမ် ဝင်ထွက်နေသလို  အိမ်ထောင် ကျပြီး တော့လည်း ချစ်ချစ်ကြီးဘက်မှာ ဘဲ လိုက်နေခဲ့ပါတယ်...၊ အခုချိန် ထိ သာမန် စိတ်အခန့်မသင့် တာလေး တွေက လွဲလို့ မခေါ်နိုင် မပြောနိုင် ဘာမှ မဖြစ်ခဲ့ပါဘူး..၊ ချစ်ချစ်ကြီး လည်း ဒီအတိုင်းပါဘဲ...၊ အဲဒီလို ၂ဦး၂ဘက် မပြေလည် တာ သိပ်မရှိတော့ ၂ယောက်စလုံး စိတ်ချမ်းသာရပါတယ်..၊ အိမ်ထောင်ရေး မှာ သူ့ဘက် ကိုယ့်ဘက် အဆင်ပြေဘို့ ကလည်း အရေးကြီးပါသေးတယ်ဗျာ...။

အားလုံး ဘဲ ဘဝ တသက်တာ မှာ ပျော်ရွှင်ချမ်းမြေ့မှု့ တွေနဲ့ တွေ့ဆုံ ပြီး .. သာယာတဲ့ အိမ်ထောင် တွေကို ထူထောင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးရင်းနဲ့ ရပ်နား ပရ စေတော့ဗျာ....။

(အားလုံးကို မှာစရာလေး တခုရှိပါတယ်.. တသက်မှာတခါဘဲ မင်္ဂလာဆောင်ပါ.. နှစ်ခါဆိုရင်အသက် ထွက်လိမ့်မယ်.. ဧည့်ခံရတာ ပင်ပန်းလွန်းလို့ပြောတာပါ..)

အားလုံးအား လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး 
(ပုံများအား Google မှယူပါ၏)
.

32 comments:

  1. ကိုယ်တွေထက်သမီး၇ည်းစားသက်ကြာသဟ...
    လက်ထက်ပွား...ကလေးကဘယ်လောက်၇ပြီလဲ?
    ဟဟ

    ReplyDelete
  2. စိတ်ဝင်စားစရာ ကောင်းလိုက်တာ အစ်မရယ်။

    "၁၁" နှစ် !!!

    ReplyDelete
  3. ရေးထားတာ ချစ်စရာ...
    တချိန်လုံး တပြုံးပြုံးနဲ့ ဖတ်သွားတယ်....း))

    ReplyDelete
  4. ၁၁ နှစ်ကြာ သမီးရည်းစား ဘဝ ကို ၁၀ ရက် အချိန်လေးအတွင်း အလောတကြီး မင်္ဂလာ ဆောင်ဖို့  စီစဉ်လိုက် တာဆိုတော့ ဘာကြောင့်များလည်း လို့  အတွေးချော်လိုက် မိသေးတယ် မရွှေစင်ရေ ...း))

    ခုရော ချစ်ချစ်ကြီး အပြင် ဂျုနီယာ ချစ်ချစ်ကြီး တွေ ချစ်ချစ်လေးတွေ ဘယ်နှစ်ယောက်ရှိနေပြီလည်း ..
    ဒါဆို ပို စိုပြေမယ် နော့် ။။
    နောက်ဆက်တွဲဇာတ်လမ်းများ.. စောင့်မျှော်လျှက် ..

    ReplyDelete
  5. အားကျသွားပါသည် အစ်မရေ..
    ရည်းစားသက်၁၁ နှစ်ဆိုတော့ နည်းတဲ့ သံယောဇဉ်နဲ့ နည်းတဲ့ နားလည်မှုမျိုး ဟုတ်မယ်မထင်ဘူးနော်..
    ဒါကြောင့်လဲ အိမ်ထောင်ရေးက အဆင်ပြေ ချောမွေ့နေတာဖြစ်မယ်
    နှစ်တစ်ရာတိုင်ပါစေ အစ်မရေ....

    ခင်မင်စွာ

    ချော

    ReplyDelete
  6. စိတ်ကူးပြောင်းရင် ကောင်းမလား တွေးသွားရပြီ
း)

    ReplyDelete
  7. Ha ha ha ha

    I think as if i was there at that time. I can imagine the whole situation " including the manner of your Chit Chit Gyi"

    Thank you for your interesting post.

    Ray

    ReplyDelete
  8. အမ...ဒီပိုစ့်ကိုအကြိုက်ဆုံးပဲ။ ဖတ်နေရင်းနဲ့ပျော်နေရတယ်။ ရှမ်းပြည်တခွင်ဟန်းနီးမွန်းခရီးအမှတ်တရလေးတွေရေးပါအုံး။

    ReplyDelete
  9. ဖတ်လို့ကောင်းလိုက်တာ မရွှေစင်ရေ ..။
    ချစ်ချစ်ကြီးကို သရုပ်ဖော်ပုံက ရယ်နေရတယ်။
    ရှက်သွေးဖြာတဲ့ မျက်နှာတို့ မခို့တရို့တို့ ဟီး :D
    ပျော်စရာကောင်းလိုက်တာနော်။
    မရွှေစင်နဲ့ ချစ်ချစ်ကြီးတို့ ဇနီးမောင်နှံ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ကြပါစေ ... ။

    ReplyDelete
  10. ရေးတတ်လိုက်တာ.. ထပ်တူရင်ခုန်ကြည်နူးစွာနဲ့ ဖတ်သွားပါတယ်ဗျာ..စားမြုံပြန်လိုက်ဦးမယ်။

    ReplyDelete
  11. ရွှေစင်ရေ...ဒါမှ ရွှေစင်ကွ...ချစ်ချစ်ကြီးနဲ့ ဟန်းနီးမွန်းထွက်တာ တလခွဲကြီးတောင်မှ...ပျော်စရာကြီး...တချိန်လုံး ရီပြီးဖတ်သွားတယ် သယ်ရင်းရေ...:)

    ReplyDelete
  12. ဆရာမရေ.. ကျွန်တော်လည်း ဆရာမလို.. အကြောင်းအရာကြီးကို ရေးနိုင်အောင် ကြိုးစားလိုက်အုံးမယ်နော်.. ဟဲဟဲ. အခုတော့ အဲလို ရေးဖို့လမ်းစ ကမတွေ့သေးဘူးဗျ.. ကူရှာပေးပါအုံးနော်.. :)

    ReplyDelete
  13. နေမကောင်းလို့လည်လည်မထွက်ဖြစ်တာအမရေ။
    စာကြွေးတွေအကုန်ဖတ်သွားပါတယ်။
    ဟာသဥာဏ်ရှိတဲ့အမရေးတဲ့စာတိုင်းဟာပျော်စရာ
    နဲ့ရယ်စရာတွေပါဘဲ။ဆက်လက်အားပေးနေတယ်နော်။

    ReplyDelete
  14. ''မနက် ၅နာရီလောက်ထပြီး ၂ကိုယ်တော် ဟန်းနီးမွန်း ခရီးကို ဆိုင်ကယ်လေး စီးလို့ တလခွဲ တိတိ ရှမ်းပြည်တခွင် ပြဲပြဲစင်အောင် လျှောက်သွားကြပါတယ်ခင်ဗျား...။''
    အဲဒီ့နေရာကို သဘောအကျဆုံးပါပဲ။:)

    ReplyDelete
  15. မရွှေစင်ရေ ဖတ်ရင်း ဖတ်ရင်း စိတ်ချမ်းသာရ ၀မ်းသာကြည်နူးရပါတယ်။

    မအယ်

    ReplyDelete
  16. ကျွနုပ်အတွက်မပါဟုဆိုသဖြင့် ပြင်းထန်စွာကန့်ကွက်ပါသည်။
    ချစ်ချစ်ကြီးလဲ ဇတ်မင်းသားလေးသိန်းဇော်လို ပန်းစည်းကြီးကိုင်နေရရှာတယ်..အင်း...မိန်းမလိုချင်တော့လဲ..ဒီလောက်တော့လုပ်ပေးရမှာပေါ့

    ReplyDelete
  17. မကြီးရွှေစင်ရေ...
    မင်္ဂလာဆောင်ရတာ ပင်ပန်းမယ်ဆိုတာ ဖြစ်နိုင်တယ်...။
    အစ်ကိုကြီးကို ပန်းစီးကိုင်ထားခိုင်းတယ်တဲ့...ဟိဟိ...း))
    ရည်းဇားသက် ၁၁ နှစ်တောင်ကြာတာ ဒီခေတ်မှာ မရှိတော့ဘူးဗျာနော့်...။
    ပျော်ပြီးဖတ်သွားတယ်....။
    စကားမစပ် အနော့်အလှည့်ကျရင် ဆင်းရဲသားမို့ တင်တောင်းစရာပိုက်ပိုက်မရှိလို့ ခိုးပြေးမည်...။ ဒါဘဲ...း))
    (မအားလို့ပါဗျာ...။ စိတ်ကောက်နဲ့နော် မကြီးရ....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  18. oh 11 yrs. it's better if we take time in marriage. :)
    We have been 4 yrs . end of this yr, we'll be together . hee hee :)

    ReplyDelete
  19. တွေ့လား၊ သူများတွေက ၁၁ နှစ်ကြာမှတဲ့ သိပ်မလောနဲ့၊
    ………………………………………………………….. :D
    ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။….

    ReplyDelete
  20. အော်...ငါ့အစ်မတို့ အကြောင်းများ ဖတ်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ... နည်းနာနိသယတွေကို သေချာလေ့လာသွားပါသည်... မမရွှေစင်တို့က ရည်းစားသက်တမ်း ၁၁နှစ်ကြာမှ ယူတာဆိုတော့ ညီမလေးအလှည့်ကျရင် အားကျ မခံ ရည်းစားသက်တမ်း ၂၂နှစ်လောက် ထားလိုက်ရင် ကောင်းမလား ??? ဘိုးဘွားရိပ်သာရောက်မယ့် အချိန်နဲ့ မင်္ဂလာဆောင်မယ့် အချိန်နဲ့တော့ တစ်ထပ်တည်း ဖြစ်လောက်ပါရဲ့ :D :D

    ချစ်ညီမလေး

    ReplyDelete
  21. မင်္ဂလာပါ ရွှေစင်...

    အင်း... ရည်းစားသက် ၁၁ ဆိုတော့ အတော်ကြာတာဗျ။ ဧကန်န... ရည်းစားထားတာ အသက်တော်တော် ငယ်သေးတယ် ထင်တယ်.. :P :P....... စတာနော်....

    ဟာသလေးနှောပြီး ရေးထားတဲ့ အရေးအသားက အလွန်သွက်.... ပျော်ရွှင်မှုတွေ စီးဆင်းစေခဲ့တယ်.... :) :)

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  22. စာကြွေးတွေဖတ်လိုက်ရတာ အမောပဲ...
    ဒီ post လေးကိုတော့ ဖြည်းဖြည်းလေးဖတ်သွားတယ်(စိတ်ဝင်စားလို့)..ဟိ

    ReplyDelete
  23. အမ... မရဘူး..အမတို့ဆောင်တုန်းက ဓာတ်ပုံထည့်ပေးပါ။

    အမ...ကျေနပ်ရာပဲနော်... ပျော်တပြုံးပြုံးဖတ်တယ်..
    ပီးတော့..အမက လက်ကိုင်ပန်းကို ချစ်ချစ်ကြီးကိုပေးထားတော့ ချစ်ချစ်ကြီးခမျာ လန်းနေမှာနော်..ဟီးဟီး..ကြည့်ချင်ထှာ့..

    အမ.. အမက ချစ်ချစ်ကြီးကို အပျော်ကြံပီး ထားခဲ့လိုက်.(မင်္ဂလာဆောင်သွားတဲ့အခါ ပြောတာပါ).ပီးရော... ဟီးဟီး

    အမ..အမတို့၂ယောက် ရန်ဖြစ်တာတွေဘာတွေလဲ လုပ်ပါဦး.. ရီရမှာ...။အဟီး

    မြတ်နိုး

    ReplyDelete
  24. အင်း...
    ကျွန်တော်လဲ ၁၁နှစ်ထဲရောက်နေပြီ။
    ကျွန်တော်လဲ မင်္ဂလာဆောင်မှဖြစ်တော့မယ်နဲ့ တူတယ်။
    အစ်မကို အားကျလို့ ။

    ReplyDelete
  25. အင်း...
    ကျွန်တော်လဲ ၁၁နှစ်ထဲ ရောက်နေပြီ။
    အစ်မကို အားကျလို့  မင်္ဂလာဆောင်တော့မယ်

    ReplyDelete
  26. အင်း...
    ကျွန်တော်လဲ ၁၁နှစ်ထဲရောက်နေပြီ။
    အစ်မကို အားကျလို့ မင်္ဂလာဆောင်တော့မယ်။
    အစ်မတစ်ယောက် ဘဝခရီးလမ်းတလျှောက် ထာဝရ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  27. အင်း...
    ကျွန်တော်လဲ ၁၁နှစ်ထဲရောက်နေပြီ။
    အစ်မကိုအားကျလို့ မင်္ဂလာဆောင်တော့မယ်။
    အစ်မတစ်ယောက် ဘဝခရီးလမ်းတလျှောက် ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  28. အင်း...
    ကျွန်တော်လဲ ၁၁နှစ်ထဲရောက်နေပြီ။အစ်မကိုအားကျလို့ မင်္ဂလာဆောင်တော့မယ်။အစ်မတစ်ယောက် ဘဝခရီးလမ်းတလျှောက် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  29. အစ်မ
    ကွန်မန့် ပေးလို့ မရဘူး။

    ReplyDelete
  30. ချစ်ချစ်ကြီး ပန်းစီးကိုင်တာ သဘောကျတယ်ထင်တယ်..

    ကျနော်တို့ ၂ယောက်တွဲပြီး ပန်းစီးလေး ကိုင်ပြီး လိုက်နှုတ်ဆက်နေတာ ဧည့်သည် တွေက နှုတ်ဆက်မနိုင် တော့လို့ ..

    လူခွဲပြီး နှုတ်ဆက်ရပါတယ်.. ပန်းစီး ကို ဟိုချ ဒီချလုပ်တော့ လည်း ဓါတ်ပုံဆရာက ဓါတ်ပုံ ရိုက်မယ် ဆိုတော့ ပန်းစီးရှာရပြန်ရော

    ဒါကြောင့် ချစ်ချစ်ကြီး ကို မပျောက်အောင် ပေးကိုင်ခိုင်းထားတာပါဗျာ...

    အားလုံးကျေးဇူး
    ရွှေစင်ဦး

    ReplyDelete
  31. ဖတ်ပြီးရယ်သွားပါတယ်

    ReplyDelete
  32. ဟေ့. . ဟေ့. . .အပေါ်က မိညို. .
    ငါတို့ ရှိတယ်ကွ. . .အဲဒီလောက် နီးနီးပဲ.. .
    အားကျတယ် အမရေ. . အားကျတယ်။

    ကျနော်လည်း ဂလိုပဲ မင်္ဂလာဆောင် ပို့စ်လေး ရေးထားမိသေးတယ်။ ကျနော့်အမြင်ကိုပါ။
    “ ကျွန်တော်နဲ့ မင်္ဂလာဆောင် ” တဲ့.. .

    ReplyDelete

thank you to say so