ဒီလိုနဲ့ ကျနော့် ဘဝမှာ ပထမဆုံး ချစ်သူကို စတင်တွေ့ခဲ့ပါတယ်၊ ကျနော့် ချစ်သူဘဝကို မတင်ပြခင် ကျနော် တို့ မိသားစု ဆက်ဆံရေး ကို နဲနဲလောက် ပြောပြချင်ပါတယ်၊ ကျနော့် ဟာမိဘ၂ပါးက လိုလို ချင်ချင် နဲ့ မွေးလာတာ မဟုတ်ဘူးနော်၊ ရှေ့ပိုင်းမှာလည်း ကျနော် ပြောပြခဲ့ပါပြီ။
နောက်ပြီး အကြီးဆုံး သမီးဖြစ်တဲ့အတွက် ဆိုပြီး မိဘတွေရဲ့ ချစ်ခြင်းကို ထူးခြားစွာ မခံခဲ့ရပါဘူး၊ မိဘ ရုန်းကန်နေတဲ့ အချိန်မှာ မွေးလာတာကိုး၊နောက်ပြီး ကျနော့် အဖိုးချစ်တယ်ဆိုတာလည်း အဖိုးက ကျနော် သိတတ်တဲ့ အချိန်မှာ ဘုန်းကြီးဝတ်နဲ့ ဆိုတော့ တခြားအဖိုးတွေလို ချစ်ခြင်းကိုပီပီပြင်ပြင် ဖော်ပြခဲ့နိုင်တာ မဟုတ်ပါဘူး၊ ကျနော်ကြီးလာတဲ့ အချိန်ကြမှ အဖိုးချစ်ခဲ့တာကို ခံစားသိခဲ့တာပါ။
အဲဒီတော့ မိသားစုထဲမှာ ချစ်ခြင်းကို မရခဲ့တော့ သူငယ်ချင်းတွေနဲ့ဘဲ ချစ်ခြင်းကို ရှာဖွေခဲ့ပါတယ်။ သူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကျနော့် စိတ်ရင်း အခံကိုက ယောက်ကျားလေးတွေကို သိပ်ပေါင်းလို့ မရခဲ့ပါဘူး၊ ဖေဖေကို ကြည့်ပြီးတော့ ကို ယောက်ကျားလေး တွေကို မုန်းတဲ့ အဆင့်ထိခံစားမိပါတယ်။
မေမေ နဲ့ ကိုယ်ချင်းစာပြီး မိန်းမတွေဟာ ယောက်ကျားတွေရဲ့ တဆင့်ခံဖြစ်ရတာကို သိပ်မုန်း ပါတယ်။ မိန်းခလေး သူငယ်ချင်းတွေကို တော့ အမြဲတန်း ဖေးဖေးမမ နဲ့ ဆက်ဆံခဲ့ပါတယ်။ အဲဒီတော့ ကျနော့် ကို မိန်းခလေး သူငယ်ချင်းတွေက ချစ်ကြပါတယ်။ ယောက်ကျားလေး သူငယ်ချင်းတွေကိုတော့ ဘယ်တော့မှ အနစ်နာခံပြီးတော့ မပေါင်းပါဘူး၊ မယုံကြည်တဲ့ စိတ်အရင်းခံက ရှိပြီးသား ဆိုတော့ ကျနော်က အမြဲတန်း အသာစီးနဲ့ဘဲ ပေါင်းပါတယ်။
ကျနော့် အပေါ် အနစ်နာခံပေါင်းတဲ့ ငယ်ပေါင်းတွေနဲ့ဘဲပေါင်းဖြစ်ပါတယ်။ ကြီးမှ တွေ့တဲ့ သူတွေက ကျနော့်ကို သိပ်ကြည့်မရကြပါဘူး။ ကျနော်ကလည်း ထိုနည်း၄ုင်း ပေါ့။ နောက်ပြီး ကျနော့် ရဲ့အချစ်ဆုံး သူငယ်ချင်း တွေမှာ အစွန်းရောက် စရိုက် ၂မျိုးရှိတဲ့ သူတွေ ပါပါတယ်။ တချို့က အရမ်း ရိုးသားပြီး စာတော်သော သူငယ်ချင်းများ ရယ်၊ သိပ်လှပြီး ပွေရှုတ်တဲ့ သူငယ်ချင်း များရယ်ပေါ့။ ဆန့်ကျင်ဘက် တွေပေါ့ဗျာ။ သူတို့ အခြင်းခြင်းလည်း သိပ်ကြည့်ရကြတာ မဟုတ်ဘူး။
သိပ်ရိုးတဲ့ သူငယ်ချင်းတွေက ကျနော် အဲဒီလို သူငယ်ချင်းတွေနဲ့ ပေါင်းနေတာကို စိုးရိမ်ကြတယ်။ ကြုံတိုင်း သတိပေးစကား ပြောကြတယ်။ ဟို စံပြသူငယ်ချင်း တွေကလည်း ကျနော့် ကို ဘယ်လိုဟာတွေနဲ့ ပေါင်းနေတာ လည်း ဆိုပြီး အမြဲတန်း အကောခံရတယ်။
ရိုးတယ် ဆိုတဲ့နေရာမှာ သာမန်မဟုတ်ပါဘူး။ တော်တော်ကို ရိုး ကြတာပါ။ အခုထိဘဲ အပျိုကြီး ဆရာမကြီးတွေ အဖြစ် ဘဝကို ဂွတိဂွကြ လျှောက်လှန်း နေကြဆဲပါ။ ကျနော်က အင်တာနက်သုံးပြီး သူတို့ အတင်းတွေ တုပ်နေပြီ၊ သူတို့က အင်တာနက်မပြောနဲ့ ကွန်ပျူတာ သုံးတာတောင် ခလုပ်မှားနှိုတ်ရင် ပေါက်ကွဲမှာ စိုးလို့ဆိုပြီး ကွန်ပျူတာကိုင်ခါနီး ဆိုရင် ဘုရားစာတွေရွတ်ပြီး၊ microsoft ဖခင်ကြီး ဘီဂိတ်ကို မေတ္တာပို့ ၊ သွေးဆေး တခွက် တခွက်သောက် ပြီးမှ ကိုင်ကြပါတယ်။ တကယ် ပြောတာပါ ဟား..ဟား၊
မန္တလေးသူတွေ ဖြစ်ပြီး ကျနော့်ဆိုင်လာဖို့ လူရှုတ်လို့ စက်ဘီးမစီးတတ်လို့ မလာရဲကြဘူးတဲ့၊ ညံချက် ကတော့ဗျာ၊ မန္တလေး သူတွေသိက္ခာကြပါတယ်။ ကျနော်တို့ မန်းသူတွေဆိုတာ မွေးကထဲက စက်ဘိးဖက်ကြီးလာကြတာ မဟုတ်လား၊ မတတ် မနေရ ပညာရပ်တွေထဲမှာ စက်ဘီးစီးတာ အခုဆိုရင် ဆိုင်ကယ်စီးတာပါ ပါသွားပါပြီ။ ကျနော် တို့ငယ်ငယ်က ဆိုရင် ၃-၄ တန်းရောက်လာပြီ ဆိုရင် စက်ဘိးစီးတတ် ဖို့အချိန်တန်ပြီဆိုပြီး မိဘ၊ ညီအကို မောင်နုမ တွေက ဝိုင်းသင်ပေးကြပါတယ်။
အသင်ခံရတဲ့သူကလည်း အားကျိုးမာန်တက်သင်ပါတယ်။ တတ်တာကတော့ ဒူးကွဲ၊ လက်ပြဲမှ သွေးနဲနဲ လောက်ထွက်မှ တတ်ကြပါတယ်။ မသင်ရဲလို့ ကြောက်နေတဲ့ သူဆိုရင် ဝိုင်းအဟားခံရပါတယ်။ အဲဒိတော့ သွေး ထွက်ခါမှထွက်ရော တတ်အောင်တော့ သင်ကြပါတယ်။
ကဲ အဲဒါတွေခဏထားပြီး ကျနော့် ရဲ့ချစ်ဇာတ်လမ်းလေး ဆက်လိုက်မယ်နော်။
ကျနော့် ဘဝမှာ အဲဒီ အချိန်ထိ ဂရုတစိုက်နဲ့ ချစ်မဲ့သူ မရှိခဲ့ပါဘူး။ မိန်းခလေး သူငယ်ချင်းတွေကလည်း သူတို့ကိုဘဲ ဂရုစိုက်ခံချင်တာ မဟုတ်လား၊ မိဘ တွေကလည်း ကျနော့်ထက် အငယ်တွေနဲ့ အလုပ်ရှုတ် နေတာဆိုကျနော်ကို အထူးပြုပြီး ချစ်ချိန် မရပါဘူး။
အဲဒီအချိန်မှာ ကျနော့် ကို ဂရုတစိုက်နဲ့ဖေးဖေးမမ ဆိုတော့ နဲနဲ ထူးထူးဆန်းဆန်းခံစားရပါတယ်။ ချစ်သေးတာ မဟုတ်ဘူးနော် စိတ်မှာ တမျိုးခံစားရတာကိုပြောတာ၊ အဲဒီ အချိန်မှာ ကျနော့် သူငယ်ချင်း တွေကလည်း တအားထူးဆန်းနေကြပါတယ်။ ကျနော် လို မလှမပ ကိုမှ တစွဲလန်းလန်း လုပ်နေတာ ဆိုတော့၊ သူတို့က ကျနော့် ထက်ပိုပြီး သူလာတဲ့အချိန် တွေကို မှတ်မှတ်သားသား နဲ့ ဂရုစိုက်ကြပါတယ်။ ကျနော် က အဲဒီ အချိန်ထိ ဘယ်လိုမှ မနေသေးပါဘူ။
အဲဒီလောက်ထိ ချစ်ခဲ့တာနော် ဟဲ..ဟဲ၊ ကျနော်တို့ က ညဘက်ဆိုရင် စာအုပ်ဆိုင် (Evening wi) ကိုအမြဲတန်းသွားပါတယ်။ ဟို ဖေဖေမကြိုက်တဲ့ သူငယ်ချင်း နဲ့ ကျနော်နဲ့ က စာအရမ်းဖတ်တာဆိုတော့ စာအုပ်ဆိုင် မသွားတဲ့ ရက်မရှိပါဘူး။ အီးဗနီးဝိုင် က ကိုပေါက်ဆိုရင် ကျနော်တို့က အရမ်းနိုင်စားပါတယ်။ အခုတော့ ကိုပေါက်က ကညန မှာ အရာရှိ ကြီးကြီး ဖြစ်နေပြီး၊ စာအုပ် မကိုင်ဘဲ၊ မိန်းမ မရိုက်ရဲ တိုင်း golf ရိုက်တံ တွေကိုင်ကိုင် ပြီး ဂေါက်သီးတွေကို အားရှိပါးရှိ ရိုက်နေတာ တွေ့ပါတယ်...။
အဲဒီလို ကျနော်တို့ စာအုပ်ဆိုင်ကို သွားတဲ့ အချိန်ကို ကိုယ်တော်ချောက သိသွားပါတယ်။ စာအုပ်ဆိုင် သွားတိုင်း နောက်ကနေ လိုက်လိုက်ပြီး စကားပြောပါတယ်။ ကျနော် တို့သူငယ်ချင်းတွေကလည်း ပြန်ပြောပါတယ်။ ဒီလိုနဲ့ ရင်းနှိးသွားကြပါတယ်။ စာအုပ်ဆိုင်က ကိုပေါက်နဲ့လည်း ခင်သွားပါတယ်။ အဲဒီလို သူငယ်ချင်းတွေနဲ့ ရက်ပေါင်းများစွာပေါ့၊
နောက်တော့ ကျနော့် သူငယ်ချင်းတွေ စာအုပ်ဆိုင်မှာ ထိုင်နေရင်၊ ကျနော်တို့ ၂ယောက်ထဲ ဘုရားဘက်ကို လမ်းလျှောက် တြပါတယ်။ အဲဒီမှာ ကျနော့်ကို စာပေးပါတယ်။ ရင်ခုံစရာ အရေးအသား တွေနဲ့ပေါ့၊ ဟား..ဟား၊ အဲဒီ အချိန်မှာ ကျနော်က ဂျာနယ်ကျော် မမလေး ရဲ့ သူလိုလူကို အခေါက်ပေါင်း များစွာ ဖတ်ပြီး အရသာခံနေပါပြီ။ နောက်ပြီးဆရာမြသန်းတင့် ရဲ့ ဘာသာပြန် gone with the wind ထဲက စကားလက် နဲ့ ရက်ဘတ်တလာ ကို စွဲလန်းပြီး အက်ရှလေ နဲ့မီလာနီ တို့ကဖမ်းစားနေပါပြီ။
စာအိတ် ကလေးကတော့ မိုက်တယ်ဗျာ၊ သူကိုယ်တိုင် ဆေးချယ်ပြီး ကိုယ်တိုင်လုပ်ထားတဲ့ စာအိတ် ကလေးနဲ့ဗျ၊ သူ့အမေစီက ဒါးမြတိုက်လာတဲ့ ပန်းလေးတွေကလည်း အမြဲတန်းပါတယ်။ အဲဒီလို စာအိတ်ကလေးတွေ နဲ့ ပန်းပွင့်ပေါင်း အများကြီးပေးခဲ့ပါတယ်။ ဒါပေမဲ့ သနားခါး မလိမ်း၊ ပန်းမပန် တဲ့ မနူးညံတဲ့ ကျနော့် အတွက်တော့ အလကားပါဘဲ။
နောက်ဆုံး အိမ်နဲ့ ဝေးရာမှာသာ နေချင်တဲ့ ကျနော် နဲ့ အပြင်မှာ တွေ့ကြတော့တာပေါ့၊
lady first ဆိုတာကို စာအုပ်ထဲမှာသာ ဖတ်ဘူးတဲ့ ၊ မေတ္တာတရားကို တသက်လုံး ကောင်းကောင်း မခံစားဘူးတဲ့ ကျနော် ဟာ နောက်ဆုံးတော့ အလွန်ချစ်တတ်၊ ဂရုစိုက်တတ်တဲ့ ကျနော့်ရဲ့ချစ်ချစ်ကြီး ကို ဘယ်လိုမှ မငြင်းပယ်နိုင်တော့ဘဲ ချစ်ခရီးလမ်းကြောင်းကို စပြီး လျှောက်မိ ကြပါတော့တယ်။
သမီးရီးစား သက်တမ်း ၁၁ နှစ် ရဲ့ နိဒါန်းအစပေါ့ဗျာ။ ကဗျာမဆန် ပေမဲ့ ......ကဗျာလည်း မမဲ့ခဲ့ပါဘူး.... ...။
(နောက်မှ အဆင်ပြေရင် ဆက်လက်ဖော်ပြပေးပါမယ်။ အခုတော့ ဒီလောက်နဲဘဲ နားလိုက်ပါတော့ မယ်ဗျာ၊ ကျေးဇူးတင်ပါတယ်)
.
(နောက်မှ အဆင်ပြေရင် ဆက်လက်ဖော်ပြပေးပါမယ်။ အခုတော့ ဒီလောက်နဲဘဲ နားလိုက်ပါတော့ မယ်ဗျာ၊ ကျေးဇူးတင်ပါတယ်)
.
ခုမှ ဖတ်မိတယ်
ReplyDelete=)
အခုထိဘဲ အပျိုကြီး ဆရာမကြီးတွေ အဖြစ် ဘဝကို ဂွတိဂွကြ လျှောက်လှန်း နေကြဆဲပါ...တဲ့ ဟားဟား မမရွှေစင်နော် အပျိုကြီးတွေကြားရင် အထောင်းခံနေရဦးမယ်။း))
ReplyDeleteချစ်ညီမလေး