Wednesday, November 4, 2009

ငယ်ဘဝများ(၉)နှင့် ကျနော့် ဘဝဖြစ်စဉ်တချို့ ပထမပိုင်း


အိမ်မက်ကမ္ဘာလေးထဲက ပြန်လာခဲ့ပါပြီ၊

ကျနော် ခရီးထွက်ရင် ဘာ tension မှမထားတော့ဘူး၊ ရောက်ချင်တဲ့နေရာရောက်၊ စားချင်တာစား၊ လုပ်ချင် တာလုပ်၊ ဒါထက် ပျော်စရာကောင်းတာ ဘာရှိသေးသလည်း၊ ဒါပေမဲ့လည်း ပျော်စရာ ဆိုတာ အမြဲတန်း အတွက် မရဘူးလေ၊ အဲဒီလိုဘဲ အိမ်မက်ဆိုတာ မနိုးတန်း မက်လို့ရတာ မှမဟုတ်တာ။ အချိန်တန်ရင် တော့ နိုးထရစမြဲဘဲ မဟုတ်လား။

တခါတလေတော့လည်း မနိုးတန်းဘဲ မက်နေချင်တော့တယ်၊ အိမ်မက်ကောင်းရင် မနိုးချင်တော့ဘူး မဟုတ်လား။ အဲဒီလိုဘဲပေါ့ ကျနော်ရဲ့ ခရီးသွားအိမ်မက်လေးက ကောင်းလွန်းတော့ မနိုးချင်ဘူးဗျာ။ ဒါပေမဲ့ အခုကျနော် အိမ်မက်ကောင်းလေးထဲက ပြန်လည်နိုးထလာခဲ့ရပါပြီ။

လူတိုင်း လူတိုင်းမှာ tension တွေ၊ stress တွေ၊ ဒုက္ခတွေ၊ သောက အပူတွေရှိကြတာပါဘဲ၊ အဲဒါတွေကနေ လူတိုင်းလွတ်မြောက်ချင်ကြတယ်။ နောက်ပြီး တချို့လူတွေက ကိုယ့်ရဲ့ ဒုက္ခ မှ ဒုက္ခ၊ ကိုယ့် အပူကမှ အကြီးကျယ် ဆုံးလို့ ထင်ကြတယ်၊ ဒါပေမဲ့ ဒီလိုပါဘဲ၊ ကိုယ့် အတွက်တော့ ကိုယ်ကြီးကျယ်ကြတာပါဘဲ။ အဲဒီတော့ ကိုယ်ချင်းစာ တရားလေးနဲ့ အားလုံးကို နားလည်ပေးလိုက်ကြပါ။ လောကကြီးဟာ အဆင်ပြေ သွား မှာပါ။

ကြီးကြီးကျယ်ကျယ်နဲ့ တရားချနေတယ်လို့ မထင်ကြပါနဲ့အုန်း၊ ကျနော်ဟာ ငယ်တုန်းက စကားကို အဲဒီလို မစဉ်မချင် ပြောခဲ့လို့ ဦးလေးတယောက်က ၅နှစ်လောက် စကားမပြောတာခံခဲ့ရပါတယ်၊ ကြုံရင် ရေးပြပါအုန်းမယ်။ ကိုယ်တွေ့ ကြုံဘူးလို့ပြောပြတာပါ။

ကျနော် တက္ကသိုလ်မှာ ပထမနှစ် ကို ဒုတိယအကြိမ် တက်နေတုန်းကထင်တယ်။ ကျနော့် ဖေဖေက မြစ်ကြီးနား ကိုပြောင်းရပါတယ်။

မေမေနဲ့ နှစ်ယောက်ပြောင်းသွားကြတာပေါ့၊ ကျနော်ရယ် လုပ်ငန်းကြီးနှစ်ခုရယ်၊ မောင်နှမ ၅ ယောက် ရယ်၊ ဗမာငွေ ၃၀၀ရယ် ထားပစ်ခဲ့တယ်ဗျာ၊မောင်နှမ အားလုံး ကျောင်းသားတွေပါဘဲ။ သြ ဖေဖေ ရဲ့ အမှာစကားတခုလည်း ထားခဲ့သေးတယ်၊ အဲဒီ လုပ်ငန်း ၂ခုလုံးကို ဆက်ပြီးအောင်မြင်အောင်လုပ်တဲ့။ ဝင်ငွေရစရာဆိုလို့လည်း ကျနော်တို့မှာ အဲဒီလုပ်ငန်း ၂ခု ဆက်လက်လည်ပတ်နိုင်မှ ရမှာပါ။အဲဒီလုပ်ငန်း ၂ခုလုပ်ဖို့ အရင်းအနှီးနဲ့ ကျနော်တို့ မောင်နှမ ၆ ယောက် စားဖို့သောက်ဖို့နဲ့ ကျောင်းစရိပ် အားလုံးမှ ထားခဲ့တာ ၃၀၀ကျပ်တိတိထဲပါ။

ကျနော်တို့ရဲ့လုပ်ငန်းကြီး၂ခုက စာစဉ်ရောင်းတဲ့ လုပ်ငန်းပါဘဲ။ တခုက အဝေးသင် ရူပဗေဒ စာစဉ် အမေးအဖြေ နဲ့ သမိုင်းစာစဉ် အမေးအဖြေပါဘဲ။ မြနန္ဒာ ဆိုတဲ့ ရူပဗေဒ ကတော့ ကျနော်ဖေဖေ ဦးစီးဖွင့်လှစ်ထားတာပါ။ အနီးကပ် အချိန်ရောက်မှဘဲ တခြားစာသင်တဲ့ ဆရာတွေကို ခေါ်ပြီးအိမ်မှာဘဲ အနီးကပ်သင်တန်း ဖွင့်ပါတယ်။ ရူပဗေဒ က နံမည်ကြီးစာသင် အကောင်းဆုံးဆရာတွေ သင်တာဆိုတော့ အဲဒီခေတ်စာပေးစာယူ သင်တန်းမှာ ရူပဗေဒ မှာ မြနန္ဒာ က နံမည်ကြီးပါတယ်။ ဒါပေမဲ့ မြနန္ဒလိုဘဲ နံမည်ကြီးတဲ့ တခြား သင်တန်းတွေလည်း ရှိပါသေးတယ်။ အဲဒီဆရာတွေဘဲ သင်တာပါဘဲ။ တချို့ဆရာ တွေဘဲ ကွဲပါတယ်။

စာစဉ် အမေးအဖြေတွေကိုတော့ တခြားဆရာတွေကလည်း စိတ်မဝင်စားတော့ ကျနော်တို့ဘဲ သီးသန့် လုပ်ပါတယ်။ ဒါပေမဲ့ စာစဉ်မေးခွန်း အဖြေတွေကိုတော့ ဝယ်ရတာပေါ့၊ အဲတာကလည်း အိမ်မှာ စာသင်တဲ့ ဆရာတွေကိုဘဲ ဖြေခိုင်းရတာပါ။ ဖြေဆိုခပေးရတာပေါ့။ အစောပိုင်း နှစ်တွေတုန်းကတော့ ဒီလိုပါဘဲ တအားကြီး အောင်မြင်တယ်မဟုတ်ပါဘူး။

နောက်ပိုင်းနှစ်တွေမှာ ကျူရှင်တွေ မဖွင့်ရ၊ စာရွက်စာတန်းတွေ ရောင်းချခွင့် မရှိ ဆိုပြီး သတင်းစာထဲမှာ စာမျက်နှာ အပြည့် ဥပဒေတွေထုတ်ပြီး၊ ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ ဆိုတော့ လူတွေတော်တော် ကြောက်သွားပြီး ဆက်မလုပ်တဲ့သူတွေ တော်တော်များသွားပါတယ်။

ဒါပေမဲ့ ကျနော်တို့ ကတော့ ဆက်လုပ်ပါတယ်။ ကျနော်နံမည်ခံနဲ့ပေါ့ အဖမ်းခံရရင်လည်း၊ ကျနော်ဘဲ အဖမ်းခံရမှာဘဲ၊ ဒါပေမဲ့ နဲနဲမှ အကြောက်အလန့် မရှိတတ်တဲ့ သူဆိုတော့ နောက်မဆုတ်နဲ့ ကိုကံချွန်ပေါ့၊ ဒါပေမဲ့ ကျနော် ချစ်ချစ်ကြီးကတော့ အင်မတန်ကြောက်တတ်ပါတယ်။ ကျနော်က အဲဒီအချိန်ကထဲက ချစ်ချစ်တွေဘာတွေ ရှိနေပြီနော်၊ အဲဒီတော့ ထောင်ကြရင် ထောင်ဝင်စာ လာမတွေ့ဘူးလို့ ချိန်းချောက် ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဆက်လက်လှုတ်ရှားပါတယ်။

ကျနော်တို့မှာ ရွေးစရာမရှိပါဘူး၊ ဒါမလုပ်ရင် တခြားငွေရမဲ့ လုပ်ငန်းလည်း မလုပ်တတ်သေးတော့ ဒါဘဲ ဆက်လုပ်ရပါတယ်။ အဲဒီလုပ်ငန်းရဲ့ လုပ်ငန်းစဉ် လေးတွေပြောပြချင်ပါသေးတယ်။ ပထမဆုံး ဒီအလုပ် လုပ်မယ်ဆိုရင် စာပေးစာယူတက်တဲ့ ကျောင်းသူကျောင်းသား တွေရဲ့ လိပ်စာတွေကို ဝယ်ရပါတယ်။ အဲဒါရုံးမှာ တရားမဝင် ဝယ်ရတာပါ၊ တခုကို ၅၀ ပြားဆို ၅၀ပြား၊ bargain လုပ်ပြီးဝယ်ရတာပေါ့၊

နောက်ပြီး အဲဒီလိပ်စာတွေကို စာအိပ်ပေါ်မှာ ရေးပြီးတော့ ကြော်ငြာထည့်ပြီးတော့ စာတိုက်ကနေပို့ ရပါတယ်၊ ရန်ကုန်ကဆို ငြိမ်း စာစဉ်ဆို နာမည်ကြီးပေါ့၊ မန္တလေး မှာလည်းအများကြီးပါ၊ ဒါပေမဲ့ ဥပဒေထုတ်လိုက်တော့ နဲနဲ နည်းသွားပါတယ်။ အပြိုင်တွေတော့ ရှိပါသေးတယ်။ အဲဒီမှာ ကြော်ငြာ ရေးတာက စပြီးတော့ ကျနော်ရေးရတာပါ၊

အဲဒီနှစ်က ကျနော့်ရဲ့ ကြော်ငြာမှာ အရင်နှစ်တွေက မြနန္ဒာ မှာတက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အောင်စာရင်း ကို ထည့်ပေးလိုက်ပါတယ်၊ ခုံနံပါတ် နံမည် ဂုဏ်ထူးနဲ့ qualify ဖြစ်တဲ့သူ တွေကိုထဲ့ပေး လိုက်တာပါ။  နံမည် အရမ်းကြီးသွားပါတယ်။ ဘယ်သူမှ လိုက်မမှီတော့ပါဘူး။

စာစဉ်တွေ အရမ်းရောင်းရပါတယ်။ အဲဒီခေတ်က စာပေးစာယူ သင်တန်းဟာတော်တော် ကျယ်ပြန့်ပါတယ်၊ ကျနော်တို့ ကြော်ငြာဟာ အထက်ဗမာပြည်အားလုံး အတွက် လုပ်ရပါတယ်။ ကျောင်းသားတွေလည်း တတန်း တတန်း ကို ထောင်နဲ့ ချီပါတယ်။ လူတော်တွေလည်း အများကြီးရှိပါတယ်။ တကယ်ကို ကျောင်းတက်ဖို့ အဆင်မပြေတဲ့  အတွက် စာပေးစာယူတက်ရပေမဲ့ ကျိုးစားချင်စိတ်အပြည့် ရှိတဲ့ သူတွေပေါ့။ ခိုးချတာတွေ ဘာတွေလည်း ကျနော်တော့ မကြားဘူးပါဘူး၊ သာမန် တခြားဒေး တက်တဲ့ သူတွေလိုတော့ နဲနဲပါးပါး ခိုးချင်ခိုးမှာပေါ့ ၊ အခုခေတ်ကြားဘူးသလို ခိုးပြီးမှ အောင်တာတွေတော့ တကယ်မကြားဘူးပါဘူး။

qualify တက်ပြီးတော့ M.Sc တွေဘာတွေရပြီး ဆရာ၊ ဆရာမ တွေလုပ်တဲ့ သူတွေအများကြီးရှိပါတယ်။ တော်ကြပါတယ်။ တော်တာတွေကိုလည်း စိတ်ဝင်စားကြပါတယ်။ ပြောရရင်တော့ မြနန္ဒာ ဟာအများကြီး အောင်မြင်ပါတယ်။ ပိုက်ဆံလည်း တအားရပါတယ်။ ကျနော် ဖေဖေနဲ့ မေမေ ဟာ မြစ်ကြီးနား ကို ပထမတခေါက်ဘဲ ပစ္စည်းတွေပါလာလို့ ရထားနဲ့ သွားရပါတယ်၊ နောက် ၄ နှစ်နေတဲ့ အတွင်းဘယ်တော့ မှ ရထားနဲ့ မသွားရပါဘူး၊ အသွားအပြန် လေယဉ် နဲ့ ဘဲသွားပါတယ်။ မြစ်ကြီးနား မှာမပူမပင်နေရပါတယ်။

နောက်သင်တန်း တခုကတော့ အိမ်မွန် ဆိုတဲ့ သမိုင်းစာစဉ်ရောင်းတဲ့ သင်တန်းပါဘဲ။ အဲဒါက ပထမတော့ ဖေဖေ သူငယ်ချင်းတယောက် ကဖွင့်တာပါ၊ ဒါပေမဲ့ အဲဒီဖေဖေသူငယ်ချင်းက သမိုင်းနဲ့ M.A ပြီးပေမဲ့ တက္ကသိုလ် မှာ ဆရာမလုပ်ပါဘူး။ ဒါပေမဲ့ ရန်ကုန်က ငြိမ်း စာစဉ်တို့ ဘာတို့က ဗမာတပြည်လုံး အတွက်လုပ်တာဆိုတော့ နံမည်အရမ်းကြီးပြီး ငွေအရမ်းရတာကို အားကျပါတယ်။

အဲဒီ ဖေဖေ သူငယ်ချင်းက အဲဒီလိုဘဲ အောင်မြင်အောင်လုပ်မယ် ဆိုပြီး စလုပ်ခဲ့တာပါ။ ဒါပေမဲ့ ဖေဖေ ကလည်း ဝိဇ္ဖာက မဟုတ်တော့ သိပ်နားမလည်တဲ့အတွက် ဖေဖေ ရဲ့ တခြားသူငယ်ချင်းတယောက် (တက္ကသိုလ် က သမိုင်းဆရာပါဘဲ) သူက အကြံပေးပြီးတော့ အိမ်မွန် ဆိုတဲ့ နံမည်ကို ရွေးပေးပါတယ်။ စာစဉ်တွေလည်း ဖြေပေးပါတယ်၊ ဝိဇ္ဖာ ဘာသာရပ်က တခြားဆရာတွေနဲ့လည်း စာစဉ်ဖြေဘို့ မိတ်ဆက်ပေးပါတယ်။ အနီးကပ် တော့ သူကိုယ်တိုင် နဲ့ တခြားဆရာတွေ သင်ပါတယ်။ ကျနော်တို့က ကျနော်တို့ အခန်းသင် တယ်ဆိုရင် အခန်းခ ၂၀% ဘဲရပါတယ်။

ဒါပေမဲ့ လုပ်ငန်းတာဝန်ခံကတော့ ကျနော့် နံမည် နဲ့ ရုံးနဲ့ ဆက်သွယ်ရတဲ့ လုပ်ငန်း မှန်သမျှ ကျနော် လုပ်ရပါတယ်၊ အဆင်မသင့်လို့ အဖမ်းခံရရင်လည်း ကျနော်ဘဲပေါ့ဗျာ။ ဒါပေမဲ့ ဖေဖေသူငယ်ချင်း က စိတ်အလွန်မြန် ပါတယ်။ ရေရှည် လုပ်ရတဲ့ လုပ်ငန်းတွေ ဘာတွေနားမလည်ပါဘူး။ ပထမ ၂ နှစ်လောက် တော့ အရင်းကြေ ရုံတော့ ရတာပေါ့၊ ဒါပေမဲ့ စိတ်မရှည်တော့ ပါဘူး၊ ကျနော်တို့ဘဲ ဆက်လုပ်ခိုင်းပါတယ်။ သူမလုပ်တော့ ပါဘူး။

ကျနော် ဆက်လုပ်ရတာပေါ့၊ နောက်ပိုင်းမှာ နဲနဲ ပိုအောင်မြင်လာပါတယ်။ ဒါပေမဲ့ အမွေခွဲ တဲ့သူတွေလည်း ပေါ်လာပါတယ်။ ခုနက သမိုင်းဆရာကလည်း သူ့နံမည် ပေးထားတဲ့ အလုပ်၊ အခုလည်း ၁၀တန်း စာအုပ်တွေ ကို အိမ်မွန် နံမည်နဲ့ဘဲထုတ်ထားတာဆို့တော့ သူနံမည်နဲ့ သူဘဲပြန်လုပ်ချင် တယ်ပြောပါတယ်။

 ကျနော် ကမပေးချင်ပါဘူး။ ကျနော် နံမည်နဲ့ ၄ နှစ်လောက်ကျိုးစားထားရတဲ့ လုပ်ငန်းဆိုတော့ တကယ်မပေးချင်ပါဘူး။ ဒါပေမဲ့ ဖေဖေ ဆုံးဖြတ်ချက် အရ ပေးလိုက်ရပါတယ်။ ကျနော်လည်း ဆက်လုပ်ချင်ရင် အိမ်မွန်ရှေ့မှာ ရွှေ တလုံးထည့် ပြီး ဆက်လုပ်ခွင့် ပေးပါတယ်။ ရွှေအိမ်မွန် ဆိုတဲ့ နံမည်နဲ့ ဘဲ ကျနော် လုပ်ငန်းဆက်လုပ်ခဲ့ပါတယ်။ ၈၈ အရေးအခင်း ကျောင်းတွေပိတ်သွားတဲ့ အချိန်ထိပေါ့။

ကျနော်ပြောတာက နံမည်ကောင်းဆိုတာ တအားအရေးကြီးပါတယ်။ နံမည်ကောင်း တခုမွေးဖွားရတာ တော်တော်ခက်ပါတယ်။ အဲဒီ နံမည် ကို မပျက်စီးသွားအောင် ထိမ်းသိမ်းရတာလည်း ပိုပြီးတော့ ခက်ခဲ ပါတယ်။

ကျနော်တို့ လုပ်ငန်းတွေ အောင်မြင် လာခဲ့တာဟာ လူတွေကို အဆင်ပြေအောင် လုပ်ပေးခဲ့တာက စခဲ့တာပါ။ အဲဒီခေတ်က ပ+ဒု နှစ်ဝက် စာစဉ်အမေးအဖြေအားလုံးမှ ၉၀ ကျပ်ပါဘဲ၊ နောက်မှ ၁၃၀ ကျပ်တက်သွားတာပါ။ စာပေးစာယူလုပ်ရတာဆိုတော့ သူတို့သိချင်တာကို သူတို့လိုအပ်တာကို သေချာ လုပ်ပေးရပါတယ်။ အဲဒီမှာ ယုံကြည်မှု့ တည်ဆောက်ရတော့တာပါဘဲ။

သူတို့စာစဉ်တွေ မရောက်ဘူးဆိုရင် ပြန်ပို့ပေးတာတွေ၊ ဘယ်နေ့က ပို့လိုက်ပါပြီ အခုလောက်ဆိုရင် ရောက်တော့ မှာပါတို့၊ စာသေချာပြန်ပေးရပါတယ်။ အကုန်လုံးကို လေးလေးစားစားဖြေပြီး စာပြန်ပေး ရတာပါ။ အဲဒီမှာ ပိုပြီးတော့ လူတွေရဲ့ယုံကြည်မှု့ ကို ပိုရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ချင်းပြည်နယ်က ချင်းလူမျိုးတွေက ဆက်ဆံရတာတော်တော်ခက်ပါတယ်။ စာစဉ်ဝယ်ဘို့ကိစ္စကို စာ၂စောင်၊ ၃စောင်လောက် အပြန်အလှန်ရေးပြီးမှ ဝယ်ပါတယ်။ ဆက်ဆံရတာ ခက်ပါတယ်။ နောက်ပိုင်း သိတော့လည်း အားလုံးဒီမှာဘဲ အစဉ်အဆက်အားပေးကြပါတယ်။

ကဲ  ငွေ ၃၀၀ နဲ့ ကျနော်တို့ဇာတ်လမ်းလေး ပြန်စလိုက်ရအောင်။ ကျနော် ငွေ၃၀၀ နဲစာအိပ်တွေဝယ် လိပ်စာတွေရေးပြီး စာတိုက်ကနေပို့ရပါတယ်။ လိပ်စာတွေရေးတဲ့ အချိန်မှာ ရပ်ကွက်ထဲက ၈တန်း ၉တန်း ကလေးတွေကိုခိုင်းရပါတယ်။ ၅ ယောက်လောက် ၁၅ ရက်လောက် ရေးခိုင်းရပါတယ်၊ လိပ်စာရေးခ ပေးရပါတယ်။ လိပ်စာတွေ ရေးထားပြီး ဖြေးဖြေးချင်း ပို့ပေးနေရပါတယ်။ စာတိုက် တွေလှည့်ပြီး ထည့်ရပါတယ်၊ ကြော်ငြာတွေမှန်း သိရင်ဂရုမစိုက်မှာ စိုးရိမ်လို့ပါ။

နောက်ပြီး စာစဉ်မေးခွန်းတွေကို ရုံးကနေ ဝယ်ရပါတယ်။ ပိုက်ဆံတော့ သိပ်မပေးရပါဘူး။ နောက်ပြီး အဲဒီမေးခွန်းတွေကို စာစဉ်ဖြေပေးမဲ့ ဆရာတွေစီလိုက်ဝေပေးရပါတယ်။ သူတို့  က ပြန်ဖြေပေးတဲ့ အချိန်မှ ကျနော်က ပိုက်ဆံပေးရပါတယ်။

အဲဒီမှာ ကျနော်မပေးနိုင်တော့ ပါဘူး၊ အဲဒီတော့ နောက် စာစဉ်ရောင်းပြီးတဲ့ အချိန်ကြမှ ပိုက်ဆံ ပေးမယ်ပေါ့။ အဲဒီမှာ ဖေဖေ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေဆိုတော့ တချို့ အတော်များများ အဆင်ပြေပါတယ်။ ဒါပေမဲ့ တချို့ ရဲ့စိတ်သဘောထား တွေလည်းအဲဒီအချိန်မှာ ပေါ်လာပါတယ်။ စာမူပြီးပေမဲ့ မပေးလိုက်ဘဲ ပိုက်ဆံ ကိုအရင်တောင်းပါတယ်။ ကျနော်လည်း တခါတလေ အိမ်နီး တဲ့နေရာနဲ့ သိပ်ရင်းတဲ့ ဆရာတွေအိမ်ကို မောင်အလတ်ကို လွှတ်ရပါတယ်။ သူက အဲဒီတုန်းက ၈ တန်းထင်ပါတယ်။ တနေ့ တော့ မောင်လေးက ငိုမဲ့မဲ့ နဲ့ပြန်လာပါတယ်။ 

စာမူတော့ ရေးပြီးသွားပြီ၊ ပိုက်ဆံယူခဲ့ရင် ပေးမယ်လို့ပြောပါတယ် တဲ့။ ကျနော်လည်း ပြာသွားတာပေါ့၊ အဲဒီတုန်းက ပိုက်ဆံက ၁၅၀ ထင်တယ် (ပ နှစ်ဝက်အတွက် စာစဉ်ဖြေခပေါ့)၊ အဲဒီ ၁၅၀ ကို ကျနော်မှာ မရှိပါဘူး။ အဲဒါနဲ့ ပိုက်ဆံချေးပြီး စာမူသွားယူရပါတယ်။ နောက်ပြီး အဲဒီခေတ်က စာမူတွေကို ဖယောင်းရေးပြီး (wax ဖောက်)လှိမ့် ရပါတယ်။ စာလှိမ်တဲ့ စီကတော့ခင်နေတော့ နောက်မှ ရှင်းပေးလို့ရပါတယ်။

 ဒါပေမဲ့ စက္ကူတွေ ဘာတွေကြခက်သွားပါပြီ။ အဲဒီမှာ ကျနော့် ချစ်ချစ်ကြီးက သူ့မိတ်ဆွေ စက္ကူစက်ကနေ အကြွေးယူပေးရပါတယ်။ ခုနက ပိုက်ဆံလိုတာမျိုးတွေလည်း သူကဘဲ ရှာပေးရပါတယ်။ အကြွေး ပတ်ပတ်လည် နဲ့ ကျနော်နဲ့ပေါ့။ နောက်ပြီး စာမူတွေ proof ဖတ်ရတယ်။ ပြီးတော့ လိပ်စာတွေ ရေးထားတဲ့ စာအိပ်တွေက စပြီးတော့ ပြန်စစ်ရပါတယ်။ အားလုံး ပြသ၁နာ တွေရှင်းရပါတယ်။

ကျနော်အောက်က ညီမ တယောက်ကတော့ အဲဒိအချိန်မှာ ကျနော်နဲ့ အသက်သိပ်မကွာပါဘူး၊ အလုပ်တွေကူလုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီညီမက ကလေးတော်တော်ဆန်ပါတယ်၊ စိတ်ပူတတ် တာကလွဲလို့ အရမ်း အားမကိုးရပါဘူး။ ညီမ အကြောင်းကို တခုလောက်ပြောပြပါမယ်။

ကျနော် စာအိပ်တွေပေါ်ကို လိပ်စာရေးခိုင်းတော့ ပိုက်ဆံပေးတာဆိုတော့ သူက ရေးချင်ပါတယ်။ ကျနော်လည်းရေးပေါ့၊သူများတွေလို ပေးမယ်ပေါ့၊ သူက တရက်ထဲနဲ့ အများကြီးပြီးပါတယ်။ အားလုံးပြီးတော့ ကျနော် က စာအိပ်နဲ့ တိုက်စစ်မယ် လုပ်တော့ မစစ်ချင်တော့ပါဘူး။ သူရေးတာ မှန်တယ်ပေါ့။ ကျနော် ကလည်း အားလုံးဘယ်သူရေးရေး၊ ဘယ်လောက်မှန်မှန်စစ်ပြီးမှ စာတိုက်က ထည့်ရတယ်၊ စစ်ရမယ်ဆိုတော့  မစစ်ချင်ဘူး နောက်လည်းမရေးတော့ ဘူးလိုပြောပါတယ်။ ရေးရတာ အီသွားမှာပေါ့ သူများထက် ၃ဆ လောက်ပြီးတာကိုး။ နောက်ပြီး ပြန်စစ်တဲ့ အထိလည်းတာဝန် မယူဘူး၊ အဲလို ကလေးဆန်သော ညီမနဲ့ နေခဲ့ရပါတယ်။

သူ့အောက်က မောင်အကြီးကလည်း အိမ်ကိစ္စတွေ တခုမှခိုင်းလို့ မရပါဘူး။ ဘာတွေလုပ်နေမှန်းလည်း မသိဘူး၊ သူ့အတွက်မုံဘိုးမှန်မှန် ပေးရတာဘဲ မှတ်မိတော့တယ်၊ ကျန်တဲ့ မိသားစုကိစ္စလုံး၀ မကူညီခဲ့ပါဘူး။ သူအောက်က မောင်အလတ်ကတော့ လိမ္မာပါတယ်၊ အမခိုင်းတာအကုန်လုပ်ပေးပါတယ်။ နောက်ပြီး သူ့သူငယ်ချင်း အိမ်နီးချင်း ကလေးတယောက် ကလည်း ကျနော်တို့ဒုက္ခတွေကို ဝေမျှခံစားပေးပါတယ်။

 အဲဒီအောက်က ညီမ အငယ်ဆုံးကတော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်လည်းရှိပါတယ်၊ လိမ်လည်းလိမ်မာပါတယ်၊ ဒါပေမဲ့ ငယ်သေးတော့ သိပ်ခိုင်းလို့ မရပါဘူး။ ကျနော့် ရဲ့ လုပ်ငန်းက အင်မတန်အလုပ်ရှုတ်ပါတယ်။ စာဖတ်ရတယ်၊ စာပြန်ရတယ်၊ ငွေထုတ်ရတယ်၊  ဆရာတွေ စာစဉ်အချိန်မှီ ဖြေပြီးအောင် ဆရာတွေနဲ့ တွေ့မဲ့ အချိန်သွားပြီးတော့ လောဆော်ရပါတယ်။ဖရောင်း ရေးပြီးသားတွေကို proof ဖတ်ရတယ်၊  စာစဉ်ပို့ရက် နီးနေရင် စာအုပ်ချုပ်တာက စပြီးတော့ ပုံနှိုပ်တိုက်မှာ မိုးအလင်းနေပြီးတော့ ကိုယ်တိုင် စာဖောင်စီပြီးတော့ ချုပ်ရပါတယ်။ ပြီးရင်စာတိုက်ကနေ ပို့ပေးရပါတယ်။

အဲဒီလို ညရေးညတာကိစ္စတွေမှာ မောင်အလတ် ၈တန်းကျောင်းသားလေးနဲ့ သူ့သူငယ်ချင်းနဲ့ ဝိုင်းလုပ်ပေး ကြပါတယ်။ ကျနော်ရဲ့ ဂတ်ဂတ်ကြီးကလည်း အတူတူပါတာပေါ့ဗျာ။

ဒုတိယပိုင်း ဆက်ရေးပါမည်။

2 comments:

  1. မမရွှေစင်ရဲ့ ဂတ်ဂတ်ကြီးက အဲဒီအချိန်ကတည်းက အားကိုးရတာကိုး....။း)


    ချစ်ညီမလေး

    ReplyDelete
  2. အန်တီရွှေစင် အန်တီ့ချစ်ချစ်ကြီးကို လုံးဝယူသင့်ပါတယ်... ပုံ သမီး

    ReplyDelete

thank you to say so