အခန်း(၁)
connection လည်းမကောင်း၊ နေလည်းမကောင်းနေတာနဲ့ ပို့စ် အသစ်မတင်ဖြစ်တာ နဲနဲကြာသွားပြီ၊ ဒီနေ့တော့ ကျနော့်ဆိုင်က ကလေးတွေအကြောင်း နဲနဲလောက် ပြောပြချင်ပါတယ်၊ ကျနော်သိသော လူအမျိုးမျိုး (၁) ထဲမှာ dull and eager ဆိုတဲ့ အဆိုးဆုံး နံပါတ် (၄) အမျိုးအစား အကြောင်းပြောပြခဲ့ပါတယ်။
အခု ကျနော့်ဆိုင်က တချို့ကလေးတွေကိုတော့ ဘယ်အမျိုးအစားထဲ ထည့်ရမှန်း ကိုကျနော်တော့ မသိတော့ဘူး။ နံပါတ် (၄) လောက်တော့ မဆိုးပေမဲ့ နဲနဲတော့ဆိုးတယ်။
ကျနော့် ကလေးတွေအကြောင်းမပြောခင် ဆိုင်အကြောင်းနဲနဲပြောပြချင်တယ်၊ ကွန်ပျူတာ စာစီစာရိုက်နဲ့ မိတ္တူ ဆိုင်ပါ၊ ဒီဇိုင်း တွေဘာတွေလည်းလုပ်တယ်။ အင်တာနက် လည်းသုံးလို့ရတယ် (ကြော်ငြာ ဝင်နေတာမဟုတ်ပါ)၊ ဆိုင်အကြောင်းနဲနဲပြောမှ ကလေးတွေအကြောင်းပြောလို့ရမှာ ဖြစ်တဲ့ အတွက်ပါ၊ ဆိုင်ဝန်ထမ်း ကလေးတွေလည်း နဲနဲတော့ များပါတယ်။
တက္ကသိုလ် (day) တက်နေတဲ့ ကလေးတွေလည်း ရှိပါတယ်၊ သူတို့က စနေ၊ တနင်္ဂနွေ အလုပ်ဆင်းတယ်၊ စာမေးပွဲ နီးရင်တော့ တောက်လျှောက်နားတယ်၊ အဝေးသင် တက်နေတဲ့ ကလေးတွေကတော့ သူတို့ကျူရှင်ရက်တို့ အနီးကပ် ရက်တို့ကစပြီး စာမေးပွဲပြီးတဲ့ အထိနားပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ ဒေး သမားတွေက ပြန်လာတော့ အဆင်ပြေသွားပါတယ်။ အဲဒီလို ဝင်လိုက်ကြ ထွက်လိုက်ကြ နဲ့ ပျော်စရာကြီးပါ။ ဆိုင်ကအပြီးထွက်တဲ့ သူတော့ သိပ်မရှိပါဘူး၊ ဝင်လာတဲ့သူတွေဘဲရှိပါတယ်။
ကျနော်ကလည်း ဆိုင်မှာအလုပ် လုပ်ချင်တဲ့ တပည့်တွေဆိုရင် အလုပ်ပေးချင်ပါတယ်။ ဆိုင်ဖွင့် ရခြင်း ရည်ရွယ်ချက် ကလည်း တပည့်တွေကို အလုပ်ပေးချင်လို့ စဖွင့်ခဲ့တာ ဆိုတော့ သူတို့ကိုအလုပ် လူမလိုဘူးလို့ မငြင်းချင်ပါဘူး။ အဲဒိတော့ ဆိုင်က တဖြေးဖြေးကြီးလာပါတယ်။
ကျနော်က ကွန်ပျူတာသင်တာဆိုတော့ တပည့်တွေရှိပါတယ်။ နယ်ကရော မြို့ပေါ်ကရောပေါ့၊ သူတို့က ကွန်ပျူတာ ပြီးသွားရင် အလုပ်သွားလျှောက်ကြပါတယ်၊။
ရတဲ့ကလေးလည်းရပေါ့၊ မရတာကများပါတယ်၊ တချို့ကလေးတွေက အလုပ်လုပ်ပြီး မြို့ပေါ်မှာနေချင်ပေမဲ့ အလုပ်ကမရတော့ စိတ်ဓါတ်ကျ ကျသွားကြပါတယ်၊ ကျနော်က အဲဒီလိုကလေးမျိုးတွေကို အလုပ် ပေးချင်တာပါ၊ ဘဝအတွက် တိုးတက်ရာရှာချင်တဲ့ လူငယ်တွေကို အားပေးချင်တာပေါ့၊ ဒါနဲ့ သူများအလုပ် မပေး ရင်ဆရာမ အလုပ်ပေးမယ်ဆိုပြီး ဒီဆိုင်ကလေး စဖွင့်ဖြစ်တာပါ။
ကျနော် တကယ်ဘဲစီးပွားရေးသက်သက် တခုထဲကြည့်ရင် မြို့ပေါ်က ကလေးတွေက ပိုပြီးအဆင်ပြေပါတယ်၊ သူတို့အတွက် စားရေး၊နေရေး ကိုတာဝန်မယူရတဲ့ အတွက်ဖြစ်ပါတယ်။ နယ်က ကလေးတွေဆိုရင် ကျမ်းမာရေးက စပြီး နေစရာ၊ စားစရာ၊ နောက်ဆုံး လူမှုရေးကစပြီး တာဝန်အများကြီး ပိုသွားပါတယ်။ ကျနော် တပည့်အများစုက မြို့ပေါ်ကမဟုတ်သလို၊ ကျောင်းမပြီးသေးတာတွေများပါတယ်။
ကြုံကြိုက်လို့ တခါထဲပြောလိုက်ရအုန်းမယ်၊ ကျနော်တို့ မန္တလေး ကဆိုင်တွေရဲ့ ရှေ့မှာ အလုပ်ခေါ်တဲ့ ဆိုင်းဘုတ် ကလေးတွေ မကြာခဏတွေ့ရပါတယ်၊ ဒါပေမဲ့ မှတ်ချက်အနေနဲ့ ကျောင်းဆက်မတက်သူများသာ လျှောက်ထားနိုင်ပါသည်တို့ မြို့ပေါ်နေသူများသာ လျှောက်ထားရန် တို့ရေးထားတာကိုတွေ့ရပါတယ်။ တချို့က သတင်းစာကနေ အဲဒီအတိုင်းကြော်ငြာ ကြပါတယ်။
ကျနော်က ဒီဆိုင်းဘုတ်တွေကို ဆန့်ကျင်ပါတယ်။ ကြုံကြိုက်ရင် ဒီအကြောင်းကိုစာရေးအုန်းမယ်လို့ မှတ်ထား ပါတယ်။ နောက်ပြီး ကျနော်ဘာသာ တယောက်ထဲ အဲဒီလို ဆိုင်းဘုတ်ချိတ်တဲ့ ဆိုင်တွေကို ဘယ်တော့မှ အားမပေးတဲ့ နည်းနဲ့ တကိုယ်တော် ဆန္ဒပြလေ့ ရှိပါတယ်။
အားလုံးစဉ်းစားကြည့်ပါအုန်း၊ ကိုယ့်လူမျိုး (သ) ကိုယ်နေထိုင်တဲ့ နိုင်ငံက လူမျိုးတွေကို လူညွန့်တုံးအောင် လုပ်တဲ့ နည်းတွေမဟုတ်လား။ လူဆိုတာ တိုးတက်မှု့ကို အမြဲရှာနေရမယ်။ တိုးတက်အောင် လုပ်နေတဲ့ သူတွေကို ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ အားပေးရမယ်။
ဒီလိုမဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားတခု ထဲအတွက် ကြည့်ပြီး လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းတွေကို ပိတ်ပင်တဲ့ စိတ်ဓါတ်ရှိတဲ့ စီးပွားရေးသမားတွေကို ကျနော်တို့ဆန့်ကျင်ကြရမယ်။ ကျနော် တပည့်တွေ ကိုလည်း ဒီလို ဆိုင်တွေ၊ company တွေကိုဘယ်တော့ မှ အလုပ်မလျှောက်ခိုင်းပါဘူး။
နောက်ပြီး မြန်မာပြည်မှာ နေတဲ့သူအချင်းချင်းတောင် မြို့ပေါ်နေတဲ့သူနဲ့ နယ်တွေမှာ နေတဲ့သူတွေ ရတဲ့ အခွင့်အရေးခြင်းဟာ တော်တော်ကွာခြားပါတယ်။ နယ်မှာ နေတဲ့သူတယောက်ဟာ ကွန်ပျူတာ တတ်ချင်လို့ မြို့ပေါ်မှာ လာသင်ရင် မြို့ပေါ်မှာ နေရတဲ့ စားစရိတ်၊ အဆောင်စရိတ် ဟာ ကွန်ပျူတာသင်တန်းကြေး ထက်အစပေါင်း များစွာပိုပါတယ်။
အဲဒီလိုလူတွေအတွက် အလုပ်လိုပါတယ်။ မြို့ပေါ်မှာ ဆက်လက်ရပ်တည်နိုင်အောင် အလုပ်တခု အမြန်ရှာရပါတယ်၊ မြို့ပေါ်မှာ အလုပ်မရှိဘဲ သင်တန်းတွေဘဲ တက်ခိုင်းနေနိုင်အောင် ထားပေးနိုင်တဲ့ မိဘ မျိုးက ရှားပါတယ်။
အဲဒီလို ကလေးတွေဟာ အလုပ်ရမှာ မြို့ပေါ်မှာ ဆက်ပြီးနေသွားနိုင်မယ်၊ ကျောင်းမပြီးသေးတဲ့ သူတွေလည်း ကျောင်းဆက်တက်နိုင်မယ်၊ နောက်ပြီး ကျနော်တို့ရဲ့ မြန်မာပြည်က သူငယ်ချင်း၊ ဆွေမျိုးသားချင်း အများစုဟာ တခြားနိုင်ငံတွေမှာ သွားပြီး စီးပွားရှာကြတယ်၊ ပညာရှာကြတယ်၊ အဲဒီနိုင်ငံက အလုပ်ရှင်တွေသာ ဒီလိုသဘောထားရှိရင် ကျနော်တို့ လူမျိုးတွေ ဘယ်လို ငွေရှာမလည်း၊ ပညာရှာမလည်း။ ဒါကြောင့် အသိစိတ် ရှိတဲ့ လူမျိုးတိုင်းဟာ ကိုယ့်လူမျိုးတိုးတက် မှု့ကို အားမပေးတဲ့ စီးပွားရေးသမားများကို ဆန့်ကျင့်ကြရပါမယ်။
ဆိုင်က ကလေးတွေအကြောင်းပြန်ဆက်လိုက်ရအောင်၊ ကျနော့်လုပ်ငန်းသဘာဝအရ ဝန်ထမ်းတယောက် အသစ်ဝင်တာနဲ့ ချက်ခြင်း လုပ်ငန်းခွင်မှာ သုံးလို့မရပါဘူး၊ သူတို့ ကျွမ်းကျင်မှု့ရအောင် အချိန်တွေ အများကြီး ပေးရပါတယ်။ ကွန်ပျူတာမှာ သုံးဖို့ဆိုရင် အနဲဆုံးတနှစ်လောက်ကြာပါတယ်၊ ဒါ စာရိုက်တာ လောက် ရှိသေးတာ၊ ဒီဇိုင်း လုပ်တာတွေမပါသေးဘူး၊ ဒီဇိုင်း သမားကတော့ အနုပညာအမြင်လည်းရှိမှ၊ လုပ်ငန်းအတွေ့အကြုံ့ လည်းတော်တော်ရှိမှ ရပါတယ်။
ဒါတောင် တော်တဲ့ ကလေးမှပါ၊ အမြင်မရှိတဲ့ကလေးဆိုရင် အများကြီးပိုကြာပါတယ်။ မိတ္တူမှာလည်း အဲဒီလောက်အချိန်မပေးရပေမဲ့ နဲနဲတော့ အချိန်ယူရပါတယ်။ ချက်ခြင်းတော့ အသစ်တွေကိုသုံးလို့ မရပါဘူး။ အဲဒီတော့ စစခြင်း သူတို့ကို စာရွက်ကောက်တာတွေ၊ စာအုပ်ချုပ်တာတွေလုပ်ခိုင်းရပါတယ်။
အရင်တုံးက စာအုပ်ချုပ်ဆိုင်ပို့ချုပ်ရတဲ့ စာအုပ်တွေကို သူတို့ကိုချုပ်ခိုင်းရပါတယ်။ ကျနော့်မှာ ဝန်ထမ်းတွေ ကများ နေတော့ သူတို့ အလုပ်မရှိမှာ စိုးရိမ်ပြီး ဆိုင်အတွက် အလုပ်ရှာရတာကလည်း တော်တော် မောပါတယ်။ အဲဒီအကြောင်းတွေ သူတို့လည်းသိပါတယ်။ ကျိုးကျိုးစားစားလည်း အလုပ် လုပ်ကြပါတယ်။ အကျိုးအကြောင်းနဲ့ ပြောပြတာကိုလည်း သေချာနားထောင်ပြီး ဟုတ်ကဲ့..ဟုတ်ကဲ့ နဲ့ လိမ္မာကြပါတယ်။
customer တွေကလည်း ကလေးတွေလိမ္မာလို့ ဆိုပြီး ချီးကျူးကြပါတယ်၊ အလုပ် လုပ်တာစိတ်ရှည်လို့ တိကျလို့ ဆိုပြီး သဘောကျကြပါတယ်။ ဒါပေမဲ့ customer တွေရဲ့နောက်ကွယ်မှာ သူတို့နဲ့ကျနော်သတ်နေတာ မသိကြပါဘူး။ ကျနော့် ဆိုင်မှာလုပ်ရတာ အဆင်ပြေတယ်၊ ကလေးတွေက သဘောကောင်းတယ်နဲ့ နာမည်ကြီးပါတယ်။
အခန်း (၂) ဆက်ဖတ်ပါ
ဟယ်....ဘာလို့ သတ်ကြရတာဒုန်းးးးးးးးး
ReplyDeleteဆက်ဖတ်မှ...
ချစ်ညီမလေး