Tuesday, January 3, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း အပိုင်း (၁)

၁၉၅၇ ခုနှစ် တွင်ပုံနှိပ်သည်

ကလောင်ရှင်းတမ်း

၁၉၀၅-ခုနှစ်တွင် ဤစာရေးသူကို အနန္တဂုဏ်ရှင်မွေးမိခင် က ဖွားမြင်သဖြင့်၊ လူ့ခွင်လောက ၌ ဘ၀၏ အစနိဒါန်း ပြိုးခဲ့ရပါသည်။
၁၉၁၇-ခုနှစ် အသက်၁၂နှစ်မြောက် ကျောင်းစာသင်ဆဲ အချိန်မှာပင် စာရေးချင်သော ၀ါသနာက၊ ကလောင် ကိုင်ရန် တိုက်တွန်းနှိုးဆွနေပါသည်။
သို့ကြောင့် "ပျောက်ဆုံးသောပတ္တမြား"ဆိုသည့် ဝတ္ထုရှည်တပုဒ်ကို ၁၉၁၇-ခုတွင် စတင်ရေးသား မိပါသည်။ ထိုဝတ္ထုတပိုင်းလောက်ရှိလျှင်၊ ခြားဖြတ် စိတ်ကူးတချက်ရပြန်သောကြောင့်၊ ရလာသော ဇာတ်ကွက် ကို ပျောက်ပျက်မသွားစေရန် "မသန်းရီ" ၀တ္ထု ဟူသော အမည်နှင့် ၀တ္ထုတိုတပုဒ်ရေး မိပြန် သည်။

သို့သော် ထိုဝတ္ထုနှစ်ပုဒ် မှာ အတော်ရှည်လျားနေသောကြောင့်၊ ရေးမဆုံးမှီ တပိုင်းလောက်တွင် သူရိယ နှင့် ဒဂုန်မဂ္ဂဇင်း မှ ဆုပေးဝတ္ထုများ ကြော်ငြာချက်အရ ဖူးစကက် စာမျက်နှာ ၁၆ထက်မနည်း ၂၅ထက် မများသော ၀တ္ထုတို ၂ပုဒ်ကိုရေး ပို့လိုက်ပါသည်။ ၀တ္ထုတခု၏ အမည်မှာ "အလင်းရောင်" ဖြစ်၍ စာပုဒ်၏ အမည် မှာ "နွဲ့နွဲ့" ဟူ၍ အမည်တတ်လိုက်ပါသည်။ ထိုနှစ်ထဲမှာပင် ၀တ္ထု၂ပုဒ်လုံး မဂ္ဂဇင်း ၂စောင်တွင် ရှေ့ဆက် နောက်ဆက် ပါရှိလာပါသည်။
ဝတ္ထုရှည် ၂ပုဒ်ကိုမူ ၁၉၂၁ခုနှစ်၌ ကိုယ်တိုင်ထုတ်ဝေသော အမျိုးသမီးဦးစီးသည့်တလ ၂ကြိမ်ထုတ် ကြည်တော်ဆက် မဂ္ဂဇင်းတွင် ထည့်သွင်းအသုံးပြုလိုက်ပါသည်။
ယင်း သည်မှအစပြု၍ ယနေ့၁၉၅၇-ခုနှစ်အထိလူ့ဘ၀၏ အသက်၅၂နှစ်၊ ကလောင်ဘ၀၏ အသက်၄၀- နှစ် သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။

ကလောင်သက် ၄၀နှစ်အတွင်းတွင် စာပေလောက၌၊ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ မှတ်ဘွယ် အသွယ် သွယ် တို့ကိုကလောင်နှင့် တတ်စွမ်းသလောက်ရေးချယ်ခဲ့ရာတွင် " ဒဂုန်ခင်ခင်လေး"ဟူသော ကလောင်အမည် ကို အများဆုံးသုံး၍  ၁၉၂၀-ခုမှအစပြု၍၊ နိုင်ငံရေးလှုံ့ဆော်မှု ဆောင်းပါးများကို တဘက်တလမ်း ရေးသား၍ ကလောင်ခြေလှမ်းချဲ့ခဲ့ပါသည်။ နိုင်ငံရေးဆောင်းပါးများမှာ "ရွှေကလောင်"ဟူ၍၎င်း၊ "မြကလောင်" ဟူ၍၎င်း၊ "ဟုမ္မရုးလမ်းညွန်"ဟူ၍၎င်း၊ ကလောင်အမည် တတ်၍ သတင်းစာ၊ ဂျာနယ်များ တွင် အတော်များများ ရေးသားခဲ့ပါသည်။
 သူရိယမဂ္ဂဇင်းတွင် လစဉ်ဝတ္ထုတွင်မက အိမ်သူပညာခဏ်း တခမ်းနှင့် အဲမောင်လှရေး ၃၇ချင်း သရုပ်ပြ ဆောင်းပါး ဒဏ် တခမ်းကိုလှည်း လစဉ်ရေးပို့လျက်၊ ယုဝတီဝတက္ခု ဆိုသောအခဏ်း အတွက်လည်း ရတနာပုံ ထိပ်တင်လှိုင် ဟူသောအမည်နှင့် ကွယ်လွန်သူ ပညာရှိကြီးလယ်တီပဏ္ဍိတ ဦးမောင်ကြီး ၏ တိုက်တွန်း တောင်းပန်ချက်အရ ပုံဆံထုံး  ၅၅မျိုး သရုပ်ပြဆောင်းပါးအစရှိသည်တို့ ကိုရေး ပို့ပေးရ ပြန်ပါ သည်။

ယင်းမှတဆင့် ၁၉၃၃ခုနှစ်ကစ၍ မှော်ဆရာမှတ်တမ်းဆိုသောအခဏ်း တခမ်းဖွင့်ရေးရန် စိတ်သန လာ ပြန်သော ကြောင့်၊ စုံးကဝေ၊ တစ္ဆေ၊ သူရဲ သိုက်သမိုင်းဝတ္ထုများကို စတင်ရေးသားခဲ့ပါသည်။ အမှန်အတိုင်း ၀န်ခံရပါမူ စုံး၊ ကဝေ၊ တစ္ဆေ၊ သူရဲ ၀တ္ထုများကို ရေးသားလိုသော်လည်း၊ ကိုယ်တိုင် ကစုံး ကဝေ၊ တစ္ဆေ၊ သူရဲများကို ယုံကြည်မှုမရှိခဲ့သောကြေင့် ဖြစ်ပါသည်။ မိမိကိုယ်တိုင် ယုံကြည် မှုမရှိဘဲ၊ သူတကာများ ယုံကြည် အောင် ဘယ်ကဲ့ သို့ရေးသားရပါမည်လဲဟု အခက်အခဲဖြစ် လာပြန်သည်။ စာပေ၌တွေ့ရသမျှ နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေစုဆေင်း ဖတ်ရှုခဲ့သည်။ အင်းအိုင်ခလဲ၊ လက် ဖွဲ့ပြုလုပ်နည်း စာပေ ပုရပိုက် ဟောင်းများ၊ ကဝေသာရ ကျမ်းဟောင်းပေစာဟောင်းများကို လေ့လာရုံမက စုံးကဝေပညာတတ်သည့်ဟု သတင်းဖြစ်နေသူများကိုလေ့လာမိသည်။ ယုံကြည်မှု ကားထိုအချိန်အထိပင်မရှိခဲ့ပေ၊ သို့တစေလည်း စုံးကဝေ၊ တစ္ဆေ၊ သူရဲ၊ ၀တ္ထုများရေးသားရန် အချက်အလက်နှင့် ဇာတ်ကွက်ဇာတ်လမ်းဆင်နိုင်ရန် အထောက် အထားများ စုံလင်ပြည့်ဝလာ သောကြောင့် မှော်ဆရာမှတ်တမ်းခဏ်းကိုဖွင့်၍ စုံးကဝေ၊ တစ္ဆေသူရဲ ၀တ္ထုများ ကို ပိုင်ပိုင်နိုင်နိုင် ရေးသားရပါတော့သည်။

မှော်ဆရာမှတ်တမ်း အဖို့လည်း ကလောင်နာမည်တမျိုးရှာရပြန်ပါသည်။ ထိုကလောင်အမည်မှာ "ကိုကိုလေး" ဟူ၍ဖြစ်၏။ သို့ရာတွင် ကိုကိုလေးကိုပင် တဖန်ပြန်၍အသက်သွင်းရပြန်ပါသည်။
လောက တွင် ကတယ်မရှိသော ကလောင်ဆရာကိုကိုလေးဆိုသူကို တကဲ့တကယ်ရှိလေဟန်နှင့် ကလောင်တံ ဖြင့် သူ့ကိုအသက်သွင်းထားရပြန်ပါသည်။
သို့ကြောင့် တဘက်စာမျက်နှာတွင် တွေ့မြင်ရမည်ဖြစ်သော မော်ဆရာမှတ်တမ်းရေးသူကိုကိုလေး ၏ အမှတ် နိဒါန်း ကိုဆက်လက်ဖတ်ရှုပါက ကိုကိုလေးအားတကဲ့သားမယား အိုးအိမ်နှင့်လူသား စင်စစ်ကြီး အသွင် တွေ့မြင်ရမည်ဖြစ်ပါကြောင်း ။

ဒဂုန်ခင်ခင်လေး
မှော်ဆရာမှတ်တမ်း-ရေးသူကိုကိုလေး၏
အမှာနိဒါန်း
၁၉၃၃ အောက်တိုဘာ

ကျွန်တော်သည် ယခုသီတင်းကျွတ်လတွင် ထုတ်ဝေသော ဒဂုန်မဂ္ဂဇင်းမှ အစပြု၍ အထက်အမည်ပါ မှော်ဆရာ မှတ်တမ်း ခေါ် အခဏ်းကြီးတခုကို ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ပြီးလျှင် လောကတွင် မကောင်းသဖြင့် အနိင့်အထက်နှိပ်စက်တမ်း စာရမ်းကားရှုပ်ပွအဟိတ် ပဋိသန္ဓေမျိုး ဖြစ်ကြကုန် သော မိစ္ဆာနတ်ဆိုး တမျိုး စုံးကဝေ၊ တစ္ဆေ၊ ပြိတ္တာ၊ မှင်စာ၊ သူရဲမှစ၍ နာနာဘာဝတို့နှင့် ပတ်သက်၍ မျက်မြင် ကိုယ်တွေ့ အကြောင်းအရာအတ္ထုပ္ပတ္တိ တို့ကို လစဉ်၊ လစဉ်၊ ရေးသားရတော့မည်ဖြစ်၍ ကျွန်တော်၏ အကြောင်း ကိုလည်း အနည်းငယ်မျှရေးသားရန် ၀တ္ထရားရှိပါသဖြင့် အောက်တွင်ဖေါ်ပြ ပါအံ့။
ကျွန်တော်သည် ၁၉၂၅ခု ဧပြီလတွင် ဟိုက်စကူးဖိုင်နယ် ဆယ်တန်းစာမေးပွဲအတွက် အောင်မြင်သူ များအဖို့က ဂေဇက် ထွက်လာသော အခါ ကျွန်တော်နေသော ကျောင်းမှကျောင်းသားများ၏ စာရင်းတွင် "ကိုကိုလေး" ဆိုသော ကျွန်တော်၏နာမည်သည် ထိပ်ဆုံးမှပါလာသဖြင့် မိဘများက လည်း(၁၀)တန်း အထိ သာ သင်းပေးနိုင်မည်။

မင်း၁၀တန်းအောင်လျှင် အလုပ်ထွက်ပီးလက်ရှိ အရောင်းအ၀ယ်အလုပ်ကို ကူညီလုပ်ကိုင်ရမည်ဟု အမြဲပြောထားဖူးသဖြင့် လူမှန်းသိကတည်းက ကြပ်တည်းဆင်းရဲစွာ နေထိုင်ခဲ့ရသော ကျောင်းကြီးနှင့် အပြတ်ကြီးပြတ်ရတော့မည် ဖြစ်သော် လည်းများစွာဝမ်းမနည်းလှပဲ ရှိတော့၏။

ထို့နောက် မိဘများနှင့်အတူ လုပ်ကိုင်ရောင်းဝယ်မှုကို ကူညီနေစဉ်၊ ကျွန်တော်၏ကိုယ်ရေးကိစ္စ တခုကို အကြောင်း ပြု၍ အထက်လမ်းဆရာကြီး ဦးအောင်ကြီးနှင့် တွေ့ဆုံရာမှ တစတစခင်မင်ရင်း နှီးကာ နောက်ဆုံး ၎င်းဆရာကြီး တပည့်အဖြစ်နှင့် ပညာရည်နို့သောက်စို့ မှီခိုခဲ့ရာဆရာကြီး ဦးအောင်ကြီးမှာ အထက်လမ်း ဆရာသက်သက် အစွမ်းလည်းလွန်စွာ ထက်လျက်ရုက္ခစိုးမှော်၊ ဘုရားမှော်၊ စသော မှော်ဘက် တွင်လည်း  မှော်ဝိဇ္ဇာတမျှ စွမ်းခဲ့လှ၍ ဒေ၀ီ(ရ)ပါး၊ ဒေ၀ီ(၉)ပါး၊ နတ်ကြီး(၅)ပါး ၊ ဆေးစီရင် နည်း။ အသုံးချနည်းနှင့် ဂါတာစုတ်ပုံများမှာလည်း ကျွန်တ်ာတွေ့ခဲ့ရ သလောက်တွင် ဆရာကြီးဦးအောင်ကြီးလောက် အာဏာစက်ပြင်သော ဆရာတဦးမျှမတွေ့ ခဲရဘူးသည့်အပြင် ကျွန်တော့်ကိုယ်ရေး ကိစ္စတွင်လည်း ဆရာ့ဆရာများစုံခဲ့လှရာမှ ယခုဆရာကြီး ဦးအောင်ကြီးလက်ထက် ကျရောက်မှပင် အကြပ်အတည်း ဒုက္ခကြီးမှ လွတ်မြောက်ခဲ့ရပေတော့ ၏။

"၀ါသနာဘာဂီဆက်တိုင်းမှီ" ဆိုသလို၊ ထိုထိုဘ၀တို့မှလည်း ဘာဂီအထုံစွဲခဲ့လေသည်မသိ၊ ထိုအခါကစပြီး ဆရာကြီး၏ တပည့်ရင်း ခံခါ၊ ထိုလမ်း၊ ထိုပညာ၊ ကိုလွန်စွာ တောင့်တလိုချင်လှသော ကြောင့်၊ အိမ်က အဆူအပူ အကြိမ်းအမောင်းခံကာ၊ ဆရာကြီးသွားရာသို့ ဆေးအိတ်ကိုထမ်းခါ ပညာခိုမှီရင်းခြေရင်း အလုပ်အကျွေး ပမာ တပည့်ခံခါ  လိုက်ပါသွားခဲ့ဖူးသဖြင့် ဆရာကြီးကလည်း အခကြေးငွေပစ္စည်းများကို  ပဓါန မထား မတရားဒုက္ခခံစားရရှာသော သတ္တ၀ါများကို သနားကြင်နာ စွာကယ်ဆယ်ကုသလေ့ ရှိသည့် အတိုင်း အနယ်နယ်အရပ်ရပ်နှံ့စပ်အောင်ပင် ခေါ်လာသမျှလိုက် ပါ သွားရောက်ခဲ့ရာ ကျွန်တော့်မှာလည်း ပညာသင် တပည့်ဖြစ်၍ ဆရာသွားရာ ကောက်ကောက်ပါ ခဲ့သည့်အားလျော်စွာ တနှစ်မျှကြာလျှင်ပင် အတော်အတန် ပညာခံရထားသည် နှင့် တခါတရံဆရာ ကုသရန်ရှိသောဒုက္ခိတသတ္တ၀ါများကို ဆရာ မအားလပ်ပါက ဆရာကိုယ်စားလွဲအပ်ကုသရန်ပင် တာဝန်ပေးသည်ကို ခံယူကုသခဲ့ရလေ၏။

ယင်းသို့ဖြင့်လှည့်လည်သွားလာနေခဲ့ရာ အထက်ချင်းတွင်း အောက်ချင်းတွင်း မှ စ၍ ဆရာ့ဆရာ ပညာသယ် တွေပေါလှသော ယောနယ်တရိုး မှာလည်း ဆရာကြီး၏နာမည်မှာ ဟိုးဟိုးကျော်ခဲ့လေသ တည်း၊ အထက်ရှမ်းပြည်ရှမ်းရွာ ရှမ်းပညာသည်တွေ ပေါများသည့်ရှမ်းပြည်တလွှားမှာလည်း ဆရာကြီး၏ နာမည်မှာ လွန်စွာထင်ရှားခဲ့ပေ၏။ မြို့ကြီး၊ ရပ်ကြီး များတွင်လည်း  ဆရာဦးအောင်ကြီး အမည်ကို မသိဘူး  သူ ရှားလေ၏။ ကျွန်တော်ကား ဆရာကြီးသွားရာတွင် တကောက်ကောက် ပါခဲ့သော အန္တ၀ါသိက ဆရာ့တပည့်ရင်းကြီး တယောက်ဖြစ်သောကြောင့် ရောက်ရာတွင် လွန်စွာ မျက်နှာပွင့်လန်း ခဲ့ဘူး လေ၏။ ၀ါသနာအတိုင်းပညာရှာရင်း ဆရာနှင့်အတူ အတွေ့အကြုံကုသရာ၌ အထူးအဆန်း ကြားမြင် တွေ့ကြုံခဲ့သမျှကို ဆရာ့လက်သုံးဒိုင်ယာရီ မှတ်တမ်းကြီးတွင် အမြဲထည့် သွင်း ရေးသားထားခဲ့ သည့် ဖြစ်လေ၏။

ထိုကဲ့သို့ ခရီးရှည်လှည့်လည်ခဲ့ကြရာ ကျွန်တော်ထွက်ခွာ လာခဲ့သည်မှစ၍ ရေတွက်သော် ၂နှစ်နှင့် (ရ)လ (၁၀)ရက် အရတွင် နေရင်းဌာန ရတနာပုံနေပြည် တော်ကြီးသို့ ဆရာကြီးနှင့် အတူပြန်လည် ဆိုက်ရောက်ခဲ့ရာ ကျွန်တော်၏ ဖခင်ပွဲစားကြီး ဦးရာကျော်မှာ၊ မရဏာမင်းသူ့လက်တွင်းသို့၊ သက်ဆင်း မနေ ကွယ်လွန်ပြီးလေသည်မှာ တလကျော်မျှကြာပြီ ဖြစ်ကြောင်း မိခင်နှင့် ဇနီးသယ်၏ငိုယိုပြောပြမှ ၀မ်းနည်းစွာ နားထောင်နေရ လေတော့၏။ ငါခရီးလွန်နေသဖြင့် ငါ၏ချစ်လှစွာသောဖခင်ကို မတွေ့မမြင် လိုက်ရလေခြင်း ဟု အတော်ပင် ယူကြုံးမရဖြစ်မိလေ၏။ ကျွန်တော်ရောက်ရာ အရပ်က စာရေး သော်လည်း အိမ်က ကျွန်တော့်ထံ စာပြန်ပေးရန်လိပ်စာကိုကား၊ အလျဉ်းမထဲ့ခဲ့ပေ၊ ထို့ကြောင့်အိမ်တွင် အကြောင်း ကိစ္စထူးထွေသော်၊ မသိရရှိခဲ့သဖြင့်၊ ကျွန်တော်ကိုယ် ကျွန်တော်အပြစ်တင်မိ၏။ သို့သော် ကျွန်တော် အယူကား ကျွန်တ်ာရှိရာအရပ်သို့ တပ်အပ်သိကြလျှင် အဖေသော်၎င်း၊ အမေသော်၎င်း ဇနီးသယ် ခင်ယုံသော်၎င်း၊ တနေ့နေ့ကျွန်တော်ကို ဇွတ်လာ၍ခေါ်သွားပါက ဆရာ့ပညာကို မရလိုက်မှာ စိုးရိမ် မိ သောကြောင့် မည်သည့်အခါကမျှ မရေးခဲ့ခြင်းဖြစ်ပေ၏။

အိမ်သို့ ရောက်ရှိသောအခါ အရာကြီးကို အိမ်ဦးမှာ ထား၍ကုသရန်ရှိသည်များကို နှစ်လခန့်အ တွင်း လက်ခံ ကုသနေပြီးလျှင်၊ တနေ့သောအခါ၊ ဆရာကြီးသည် ကျွန်တော်နှင့်တကွ အိမ်သားများ ကိုခေါ်ကာ  ဆရာသွားတော့မည်ဟု တခွန်း တည်းအမိန့်ရှိလေရာ ကျွန်တော်မှာ၊ ဆရာကြီးသည်၊ ငါ့ အိမ် တွင် နေထိုင်ရသည်မှာ အပြုအစုလို၍ ဆင်းရဲငြိုငြင်သဖြင့် သွားမည်ပြောသည် ဖြစ်အံ့ဟု တွေးတော ပူပင်ကာ များစွာစိတ်မကောင်း၊ ဖြစ်မိရာ ဆရာကြီးမှာ ကျွန်တော့်အကြံကိုသိသကဲ့သို့ ငါ့တပည့် ဘာမှ ထွေထွေ ရာရာ မတွေးနှင့် ဆရာသွားမည်ပြောသည်မှာ၊ စုံး၊ နတ်၊ ပယောဂ စသဖြင့် မတရား သဖြင့် အဘမ်းစား နှိပ်စက်ခြင်းခံ နေရသော၊ ဒုက္ခိသတ္တ၀ါများကို သုံးနှစ်တိတိ ကယ်ဆယ်ပေးရန် ဆရာ အဓိဋ္ဌာန်ပြုခဲ့သည်မှာ သုံးနှစ် စေ့ရောက်သဖြင့်၊ ရှေ့အဖို့တွင် လူတို့ရပ်ရွာမှ ခွာရှောင်၍ တော်ကြီး၊ တောင်ကြီး အတွင်းရှိ တန်ခိုး ကြီးဘုရာများကို လှည့်လည်သွားရောက်ခါ ဆရာ၏ကိုယ်ရေးကိစ္စများကို ကြိုးစား ရတော့မည် အထက်ဆရာကြီးများနှည့်လည်း တိုင်ပင်နှီးနှောစရာ ကိစ္စတွေများသေးသည်။

သို့အတွက်ငါ့အတပည့်ကို ခေါ်ပြောခြင်းဖြစ်ကြောင်း ပြောပြရာ ကျွန်တော်မှာ "ဒီတစ်ခါမလိုက် ရတော့ဘူးလားဆရာရဲ့၊ ဆရာမရှိရင်တပည့် အားငယ်စွာနေရပါတော့မယ်"ဟု မျက်ရည်တလည် လည်နှင့်ပြောမိရာ၊ ကျွန်တော်မိခင်ဒေါ်လေးကြီးနှင့် ဇနီးသယ်မခင်ယုံတို့မှာ ဆရာကြီးအား ပွဲစားကြီး သေဆုံးပြီ ဖြစ်၍ အိမ်တွင်အားကိုးအားထား ယောက်ျားမရှိသဖြင့် ကျွန်တော့်အားခေါ် မသွားရန် အတန်တန် တောင်းပန် လျက် ရှိကြလေ၏။

ဆရာကြီး လည်း ပြုံးရယ်ကာ "မိမိယခုသွားမည့်ကိစ္စမှာ မိမိတဦးတည်းနှင့်သာသက်ဆိုင်သဖြင့်၊ လူပိုလူလျှံ တယောက်မှ မခေါ်နိုင်ကြောင်း၊ မိမိမရှိသော်လည်း အားငယ်ရန်မရှိကြောင်း၊ ဒုက္ခသည် များကို ကယ်ဆယ် စောင့်ရှောက်ရန် မိမိအသုံးပြုသော ဆေးအိတ်ကြီးနှင့် ဆေးနည်းများ၊ မှတ်တမ်းစာ အုပ်များနှင့် တကွ ဒေ၀ီ(၇)ပါးရုပ်နတ်ကြီး(၅)ပါးရုပ်စသော နတ်ရုပ်များ၊ ဆေးတောင့် အမျိုးမျိုးများ၊ လက်ဖွဲ့ အင်းအိုင်၊ ဂါတာမန္တရားစည်သည်တို့ ပြည့်နှက်စွာ ထည့်သိုထားသာ မှန်စီရွှေချ ဆေးအစ် ကြီး ကိုလည်း ဆရာ့ကိုယ့်စားထားခဲ့မည်။ ဆရာမရှိသော်ည်း ဆရာရှိသကဲ့သို့ပင်ဖြစ်၍ ၀မ်းနည်း အားငယ်ဖို့ မရှိကြောင်း ပြောဆိုမှာကြားခဲ့ပြီးနောက်၊ ဆရာကြီး လဲ လင်းအားကြီးလောက် တွင် ပျောက်ခြင်းမလှ ပျောက်ကွယ်၍ သွားလေတော့၏။"

ထိုအခါမှစ၍ ကျွန်တော်သည် မိခင်နှင့်ဇနီးသည်မခင်ယုံတို့ကို စောင့်ရှောက်ရင်း၊ ဖခင်ပွဲစားကြီး၏ အလုပ် များကို ဆက်လက်လုပ်ကိုင်နေထိုင်ခဲ့ရသော်လည်း၊ ဆရာကြီး၏တပည့်ဟူသော အရှိန်နှင့် တခါတရံ နတ်တိုက် စုံးတိုက် အမှောင့်ပယောဂအစွဲဝင်သူ စသည်တို့မှာ ကျွန်တော်ထံလာရောက်၍  ခေါ်ငင်ကြ သဖြင့်၊ ခြေကြွမရှိအခမဲ့ စောင့်ရှောက် ကယ်ဆယ်ခဲ့ရလေရာ၊ တခါတရံအားလပ်သော အခါ၌လည်း ဆရာကြီး ကို အောင့်မေ့လွမ်းဆွတ်မိသဖြင့်၊ ဆရာကြီးပေးခဲ့သော ဆေးအစ်ပ၊ ပစ္စည်း အမျိုးမျိုး တို့ကိုကြည့်ကာ ဆရာ၏မျက်နှာကို ထင်မြင်မိရုံမျှမက ကျွန်တော်နှင့်ဆရာကြီး သွားလာ ကုသ ခဲ့ရပုံ များကို တွေး၍တရေးရေးပေါ်လာကြလေ၏။

ထိုအခါကတွေ့သမျှကြုံသမျှ ရေးမှတ်လာခဲ့သောမှတ်တမ်းစာအုပ်ကြီးကိုလည်း ဖွင့်ကြည့်မိလေ တိုင်း မျက်မြင်ကိုယ်တွေ့ အကြောင်းအရာစုတို့သည် ယခုလက်ငင်းဖြစ်နေသကဲ့သို့ ထင်မြင်မိ၏။ တခါတရံ အသိမိတ်ဆွေများကို စမြုံပြန်၍ပြောရသောအခါ၊ ကျွန်တော်၏စိတ်များမှာ လွန်စွာပျော် ရွှင်လျက်ရှိခြေ၏။ ယင်းသို့ တယောက်စ နှစ်ယောက်စပြောရသည်ပင် ဤမျှပျော်ရွှင်သေး၏ တကား၊ ငါးယောက်၊ ခြောက်ယောက် ကို ပြောရလျှင်၊ ထိုထက်မကပင် တနိုင်ငံလုံးကို သိအောင် ပြောရလျှင် အတိုင်းထက် အလွန်ဖြစ်တော့၏။
ထို့ကြောင့်ကျေးဇူးရှင်ဆရာကြီး၏ အကြောင်းကို မြန်မာတနိုင်ငံလုံးမောင်းတီးသလိုကြားအောင် ပြောလိုလှသဖြင့်၊ ကျွန်တော်မှတ်တမ်းတင်ခဲ့သော ဒိဋ္ဌကိုယ်တွေ့အကြောင်းအရာ အတ္ထုပ္ပတ္တိများ ဟုတ်တိုင်း မှန်ရာ ကို ဖေါ်ပြရေးသားခြင်းဖြင့်၊ ဆရာကြီး၏ဂုဏ်ကျေးဇူးကို ထုတ်ဖော် ချီးကျူးကာ အလွမ်းဖြေ ရပါတော့အံ့သတည်း။

    "ကိုကိုလေး"ပွဲစား
    ဆိုင်းတန်းရပ်
    မန္တလေးမြို့။

 
ချစ်သူ့လိပ်ပြာ
ပဌမပိုင်း

၁၉၃၉ နိုဝင်ဘာလတွင်ရေးသည်

စောမြအေးမှာ ကျောက်မဲ မြို့သူကလေးဖြစ်သော်လည်း မေမြို့အင်္ဂလိပ်သီလရင် ကျောင်းတကျောင်း တွင် ပညာသင်ပြီးနောက် နန်းမတူတော်တွင်း အလုပ်ဋ္ဌာနကြီးကို အမှီပြုကာ ဖွင့်ထားသည့် အင်္ဂလိပ် ကုန်တိုက် ဆိုင်ကြီး တခုတွင်ကုန်ရောင်းစာရေးမကလေးအဖြစ် ၀င်ရောက်လုပ်ကိုင်နေ သည်မှာ အချိန် ကာလ အတော်ကြာခဲ့ငြီဖြစ်လေ၏။ ရုပ်ရေကလေးလှ၊ အရွယ်ကလေးကသင့်၊ ချစ်ချင့်စဖွယ် ပီယ၀ါစာ သာယာချိုအေး အပြောအဆိုကလေးများကြောင့် ကလေး လူကြီး မိန်းမ၊ ယောက်ျား ကာလသား အဘိုးအို မကျန် ခေတ်ဆန်ဆန် ပြင်ဆင်ဝတ်စားထားသော စောမြအေးနှင့် တခါတွေ့ဖူးလျှင် အထူး ချစ်ကျွမ်းဝင် ၍ သွားသည်သာများလေတော့၏။

ရှမ်းမကလေးဖြစ်သည်တကြောင်း၊ အင်္ဂလိပ်သီလရင် ကျောင်းထွက်ကလေး ဖြစ်သည်တကြောင်း မျက်နှာဖြူ ကုန်တိုက်ကြီးတွင် အလုပ်လုပ်ရသဖြစ်၍၊ အများအားဖြင့် မျက်နှာဖြူ။ ထီး၊ မ တို့နှင့် အများဆုံး ဆက်ဆံ တွေ့ကြုံ နေရသူ ဖြစ်သည်တကြောင်းတို့ကြောင့် စောမြအေး၏ နဂိုစိတ်ခံ သွက်လက် ဖျတ်လပ်ခြင်း တို့မှာ မြေတောင်မြှောက်ပေးဘိအလား၊ များရာတွင်အဆစ်လောင်းသလို မိတ်ဆွေ အပေါင်းအသင်းကို များချင်တိုင်းများသကဲ့သို့ ရှိသောကြောင့် စောမြအေးတယောက် ရှိသည် အတွက် ထိုကုန်တိုက်ကြီးမှာ အခြားကုန်တိုက်ကြီးများထက် ထူးထူးခြားခြားပို၍ ရောင်းချ နေရသည်ကို မန်နေဂျာကြီး ကိုယ်တိုင် ကောင်းစွာသိရှိရသဖြင့် မန်နေဂျာသည် စောမြအေးအား အခြားသော ကုန်ရောင်းသမား များထက် အထူးမျက်နှာသာပေးပြီး အခါများစွာလည်း အရောတ၀င်ခေါ်ငင် ပြောဆိုခြင်း ဖြင့် စောမြအေး နှင့် အထူးရင်းနှီးလျက်ရှိပေ၏။

ထိုမန်နေဂျာကြီးမှာ မစ္စတာဟဲရစ်ဆိုသူ အသက်(၄၀)ကျော်ခန့် ရှိ ဗမာပြည်ပေါက် အင်္ဂလိပ်ကပြားကြီး တဦး ဖြစ်၍ အလုပ်အကိုင်ဘက်တွင် အထူးရိုသေစေ့စပ်လျက် အမြင်ကျယ်သူ၊ လာဘ်မြင်သူ ဖြစ် သလောက် သူ၏အိမ်သူဇနီး မဖက်တီးကြီးကို အထူးကြောက်ရသူ ဖြစ်လေ၏။ မစ္စတာ ဟဲရစ်၏ ဇနီးမှာ ဖြူဖြူ၀၀ မြန်မာရည်ဝသော ရှမ်းဓနုမကြီးဖြစ်လေရာ၊ ငယ်ရွယ်စဉ်အခါက မျက်နှာဖြူများ အိမ်တွင် ကြာမြင့်စွာ အာယားလုပ်လာခဲ့ဘူး၍ အင်္ဂလိပ်စကားနှင့် အင်္ဂလိပ်အလေ့အထ ဆိုသမျှ အရည်ကျို သောက်ချ လာခဲ့သူဖြစ်ပြီး မစ္စတာဟဲရစ်နှင့် အပျော်လိုလိုနှင့် ညားရာမှလည်း ကံအား လျော်စွာ အတည် လက်ထပ် မယားဘ၀ရောက်လာသူ ဖြစ်လေ၏။

သို့နှင့်လည်း မစ္စတာဟဲရစ်အား ငါးခြောက်ဆိုလျှင် ဖုတ်ပြီး၊ ထုပြီး၊ ဆီဆမ်းပြီးသားဖြစ်အောင် ပိုင်ပိုင်နိုင်နိုင် အစွာကြီး စွာနေနိုင် သည်မှာ မပေါ့ကြီးတွင် ဆေးကောင်းရှိလို့ အဆောင်ကောင်းရှိလို့ဟု အချို့က ပြောကြလျှင်၊ မစ္စတာဟဲရစ် မယားကို ပြားပြားဝပ်ကြောက်ရသည်မှာလည်း ဆေးမိနေလို့ဟု ပြောကြပြီး အချို့ဆေးဝါး ပယောဂ တို့ကို အယုံအကြည်နည်းသူတိုကမှာမူကား "မပေါကြီးမှာ တခုကောင်းရှိ လို့ ဒီငတိကြီး စွဲတာပါကွာ"ဟု ပြောသူပြောပြီး အချို့ကလည်း မစ္စတာဟဲရစ်၏ ကြီးစွာသော အချစ် ကြောင့်သာ ဟု အသီးသီးလူလယ်၊ လူတတ်၊ ကြီးလုပ်ခါ ဝေဖန်ချက်ပေး နေကြလေ၏။

သို့နှင့်အခြားသော အလုပ်သမားများမှာ စောမြအေးကို မန်နေဂျာအရေးပေးခြင်းနှင့် ပတ်သက်၍ မနာလိုဝန်တိုစိတ်များဖြစ်ပေါ်လာ ကြသဖြင့် မစ္စတာ ဟဲရစ်၏ဇနီး မစ္စတာဟဲရစ်ခေါ် မပေါကြီးအား သွားရောက်ဂုန်ချောကြခြင်းကြောင့် မပေါကြီးမှာ တထောင့်မှတဆူဆူဝ တပွက်ပွက် မစ္စတာ ဟဲရစ် နှင့်မျက်နှာချင်းဆိုင်မိတိုင်း ကြိမ်းမောင်းရေရွတ်တတ်လေရာ၊ မပေါကြီး ကလွဲ၍ ဖွဲနှင့်ဆံကွဲသာထင် ကြောင်း၊ မိန်းမလိုက်စာသူမဟုတ်၍ မလိုသူများပြောသည်တိုင်အောင် မယုံကြည်သင့်ကြောင်း၊ စောမြအေး ကို အရေးပေးရသည်မှာ သူရှိသည့်အတွက် ဆိုင်ကြီးတွင် အထူးကုန်ရောင်း သွက်လက် နေပါသော ကြောင့် တမင်အရေးပေးထားရခြင်းဖြစ်ကြောင်း၊ စောမြအေးမှာ ပျူပျူငှာငှာဘော်ဘော် ရွှေရွှေ နေတတ်၊ ပျော်တတ်၊ သူဖြစ်၍ လူတိုင်းနှင့် အရောတ၀င်ခင်မင်စွာ နေထိုင်ပြောဆိုတတ် သော်လည်း သူ့တွင်အချစ်ဆုံးရည်းစားတယောက်ရှိကြောင်း၊ မိမိကိုယ်တိုင်သိရကြောင်း၊ သို့အတွက် အထင်မမှား စေလိုကြောင်း၊ အခါခါထာဝရဘုရားကို တိုင်တည်ပြောဆိုမှ ဒေါ်ပေါကြီး ကျေနပ် သွားသည် တိုင်အောင် "ဒါဘဲနော် လူကြီး လူကြီးပြီပြီနေပါ ကိုယ့်လက်အောက်ငယ်သား တွေနဲ့ ဒါလောက် အရောတ၀င် လုပ်မနေပါနဲ့ ကျုပ်မကြိုက်ပါဘူး"ဟူသော နောက်ဆက်တွဲ ဥပဒေအပုဒ်ငယ်တခု အရေးတကြီး ထုတ်လိုက်ခြင်းဖြင့် အဆုံးသတ်ခါ အရှုပ်အတွေးတရပ် အေးငြိမ်း သွားခဲ့လေတော့၏။

"အန်ကယ် နက်ဖန် အေးတို့ ပစ်ကနစ်သွားမယ်၊ အန်ကယ်လိုက်မလား ။"
ဟုစောမြအေးက ဘောက်ချာရေးရင်းမှ လှမ်းမေးလိုက်လျှင်၊ မပေါကြီးမျက်နှာကိုရှေးဦးစွာ ပြေးမြင်မိသော မစ္စတာဟဲရစ် မှာ ရုတ်ရက်အဖြေမပေးသာဘဲ အငေးသားနေမိသည်တွင်။
"ဟင် အန်ကယ်လိုက်မယ်မဟုတ်လား လိုက်ခဲ့ပါနော် အန်ကယ်ရယ်နော် နက်ဖန်ဆန်းဒေးပဲ အန်ကယ် အားပါတယ်"
"လိုက်တော့လိုက်ချင်ပါရဲ့ ဒါပေမဲ့အိမ်မှာဧည့်သည်တယောက်ကို ကိစ္စနဲ့ချိန်ထားတာရှိနေတယ် ကစ်ဒီရဲ့"
(စောမြအေး ဟူသော အမည်မှာ မြန်မာအသိမိတ်ဆွေများကသာ အသုံးပြု၍၊ အင်္ဂလိပ်ကပြားတို့ ကမူ၊ ကျောင်း နာမည်အတိုင်း ကစ်ဒီဟုခေါ်ကြသည်။)

အေး။  ။ အမယ်အန်ကယ်ညာပြောတာပါ၊ အန်ကယ်မိန်းမကြီးက ဆန်းဒေတနေ့အတွက်၊ သူနဲ့ တနေကုန် များ မျက်နှာချင်းဆိုင်နေရမယ်လို့ အော်ဒါချထားတယ်ဆိုရင်လဲ၊ အေးတို့က အတင်း မခေါ်ပါဘူး။
ရစ်။  ။ အို-ဒီကောင်မလေးဟာ လူရှေ့သူရှေကမဟုတ်တဲ့ တွေ့ကရာတွေရှောက်ပြောနေတာဘဲ။
အေး။  ။ အမယ် ဟုတ် သားနဲ့အန်ကယ်က၊ ကဲဟုတ်ရင်လိုက်မယ်လို့ ပြောပါလား။။
ရစ်။  ။ ဘယ်အချိန်သွားမှာလဲ။
အေး။  ။ နံနက်စောစောသွားမယ်လေ။
ရစ်။  ။  ဘယ်ထိသွားမလဲ။

အေး။  ။ နန်းမျှော်မှာ နံနက်စာစားမယ်၊ ဟိုကကားနဲ့တခါသွားပြီး လာရှိုးမှာညစာစားမယ်။
ရစ်။  ။ အမယ်လေး အတော်ပင်ပန်းမှာပေါ့၊ နောက်ပြီးဘယ်သူပါအုံးမလဲ၊ ထွန်းတင်ကောလိုက်အုံး မှာလား။
အေး။  ။ အို ကိုထွန်းတင်ကဇာတ်လိုကဘဲ အန်ကယ်သူမပါရင်ဘယ်သွားလို့ဖြစ်မလဲ၊ တခြားလူ တယောက်မှမပါဘူး၊ အေးနဲ့ ကိုထွန်းတင်နှစ်ယောက်ထဲသွားမှာ၊ ဒါကြောင့် အန်ကယ်ကိုလိုက်ခဲ့ ပါလို့ခေါ်တာပေါ့။
ရစ်။  ။ ဟာမင်း တို့သမီးရည်းစားနှစ်ယောက်ကြားထဲမှာ လူကြီးတန်မဲ့ ကားယား၊ ကားယား  လိုက် မနေ ချင်ပါဘူးလေ၊ မင်းတို့ဟာမင်းတိုက၊ နှစ်ယောက်ထဲလွတ်လွတ် လပ်လပ်သွားကြပါ။
အေး။  ။ အိုနှစ်ယောက်ထဲဆိုတော့ သူကဇက်ရဲ၊ လက်ရဲနေမှာ အန်ကယ်ပါရင် အေးအတွက် ပိုပြီး ကောင်း ပါတယ်၊ လိုက်ခဲ့ပါအန်ကယ်ရယ်၊ ကိုထွန်းလင်းကလဲ မင့်အန်ကယ်ကြီးမပါပါအောင် ခေါ်ခဲ့ပါလို့ မှာထားတယ်၊ နက်ဖြန်နံနက်စောစော သူ့ကားနဲ့ လာခေါ်လိမ့်မယ်။
ရစ်။  ။ မင်းတို့ဟာ မင်းတို့သွားကြပါလေ....
အေး။  ။ အန်ကယ်ဘာပြောနေနေ၊ နက်ဖြန်၊ ကိုထွန်းတင်လာပြီး အတင်းဆွဲတင်မှာဘဲ၊ အန်တီကြီး ဒေါပွရင် ပွပေစေ။

ထွန်းတင် ဆိုသူမှာ သားမားကော်ပရေးရှင်း အလုပ်ဋ္ဌာနမှာ လက်ထောက် အင်ဂျင်နီယာကလေး တဦးဖြစ်လေ၏။ အရွယ်သင့်၊ ရုပ်ချော၊ ပညာတတ်၊ လခလည်းကောင်းသော ဘောင်းဘီဝတ် ရှမ်း မြန်မာ ကပြား ကလေးဖြစ်သောကြောင့် ခေတ်ဆန်ဆန်ရှမ်းကပြားမကလေး စောမြအေးနှင့် တွေ့ဆုံချစ်ခင်၍၊ မေတ္တာပင် စိုက်ပျိုးကြရာ၌၊ အထူးအံ့သြဘွယ်မရှိသည့် အပြင်အင်ဂျင်နီယာ ကလေး မောင်ထွန်းတင် မှာလည်း၊ လူကြီး၊ လူကောင်းများရပ်ကွက်တွင်၊ စာရင်းပါဝင်သူတယောက် ဖြစ်ခြင်းကြောင့် ၎င်း မစ္စတာဟဲရစ် တို့ ကုန်တိုက်ကြီးမှ၊ အလွန်ရောင်း ရသောဖေါက်သယ်ကောင်း တဦးဖြစ်ခါ၊ မစ္စတာဟဲရစ် ကိုယ်တိုင် နှင့်လည်း၊ အတော်အပေါင်းနာ နေသူဖြစ်ခြင်းကြောင့်၊ နက်ဖြန်အကယ်၍ မောင်ထွန်းတင် ကိုယ်တိုင်ခေါ်ချေသော်၊ မစ္စတာဟဲရစ်မှာ အတော်အငြင်းရခက် လိမ့်မည်ဟု၊ တွေးမိကာ၊ ချိန်းထားသော မိတ်ဆွေ ဧည့်သည်ကိုပင်၊ တင်ကြိုရက်ချိန်းလွဲထားလိုက် ရလေတော့၏။

နောက်တစ်နေ့နံနက်တွင်ကား ၊ ထင်သည့်အတိုင်းပင် မောင်ထွန်းတင်သည်၊ သူပိုင်နှစ်ယောက် ထိုင် ဘာဂျာပလိန်း ကားကလေးနှင့် စောမြအေး ကိုတင်ကာ၊ မစ္စတာဟဲရစ်၏ အိမ်ရှေက်သို့ ဆိုက်ရောက် လာလေလျှင်၊ ဟဲရစ်ကြီးမှာမိမိပိုင် မှိုကားကလေးအား၊ နေ့စဉ်ဝတ္တရားမပျက် ကိုယ်တိုင်ကြည့်၍ ဆေးကြော သုတ်သင်ခိုင်းနေရာမှ၊ မရမက ဆွဲခေါ်သော ထွန်းတင်နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါ သွားသည်ဖြစ်ရာ၊ ပြူတင်းပေါက်မှခါးထောက်ခါ၊ နှုတ်ခမ်းစူနေ သောမစ္စစ်ဟဲရစ်ခေါ်ပေါကြီးမှာ၊ ငယ်ငယ် ရွယ်ရွယ် လူပျိုချောကလေးထွန်းတင်တယောက်လုံးပါ နေသည်ကိုပင်၊ သူ့လင်ဘူဒါကြီးအား အလယ်က ထိုက်လိုက် သွားသောစောမြအေးအတွက် စိတ်မချဖြစ်ပြီး သ၀င်အတိုကြီး တိုမိကာ၊ ဗျစ်တောက် ဗျစ်တောက် မြည်တွန်ကြိမ်းဝါးရင်း ကျန်ရစ် လေ၏။
"မစ္စတာထွန်းတင် ရဲ့ ကြမ်းလှချည်လား၊ ဖြေးဖြေးမောင်းပါ တောင်စောင်းအကွေ့တွေကအတော် စိုးရိမ်စရာ ကောင်းတယ်"

ဟု၊ ဟဲရစ်ကြီးက ထွန်းတင်ကားမောင်ကြမ်းလှသည်ကို မစီးဝံ့သဖြင့်၊ ကြောက်ရွံ့သော မျက်လုံး နှင့်ကြည့်ကာ မကြာ၊ မကြာ အင်္ဂလိပ်ဘာသာစကားနှင့် သတိပေးရင်လိုက်ပါလာခဲ့ရလေ၏။ ထွန်းတင်ကား အပြုံးမပြက်၊ စကားတပြောပြော  ဆေးလိပ်သောက်မပျက်ဆိုသလို ကားကို သွက်လက် ချက်ချာ လျှင် မြန်စွာ မောင်း နှင်လာရင်း။
"မကြောက်ပါနဲ့မစ္စတာ ဟဲရစ်ရဲ့၊ ဒီလမ်းတွေအမြဲဒီလိုပဲ မောင်း နေကြပါ၊ အေးကိုမေးကြည့်ပါ လား၊ မိန်းကလေးတောင် စီးဝံ့သေးတာပဲ၊ မကြောက်ချင်းစမ်းပါနဲ့"ဟု အမောင်းမလျှော့်ဘဲ၊ ပြောသဖြင့် စောမြအေးကပါ။

"ဟုတ်တယ် အန်ကယ်၊ ကိုကိုတင် ကားမောင်းရင်ဘယ်တော့မှ ဖြည်းဖြည်းမမောင်းတတ်ဘူး၊  ဒါဟာအနှေးဆုံးပဲ"
"ဟာ မောင်တို့ နှစ်ယောက်သား သိတ် လိုက်တာပဲ၊ ဒါပေမဲ့နောက်ဆိုရင် မစ္စတာထွန်းတင် မောင်း တဲ့ ကားကို ကျုပ်ဘယ်တော့မှ မစီးတော့ဘူး၊ ကြောက်ပါပြီ"ဟု သက်ပြင်းကြီးချကာ ပြောသော ကြောင့် ထွန်းတင် က ကားစတီယာရင်ကိုမထိတထိလှည့်ကာ လှည့်ကာထိန်းရင်းမှ-
"မစ္စတာဟဲရစ် သွေးမပူသေးလို့ထင်တယ်၊ ရေခဲသေတ္တာထဲမှာဆိုဒါရော၊ ၀ှိုက်လေဘယ်ရော၊ ထည့်ယူ လာ ပါတယ်၊ လုပ်မလား ကားရပ်လိုက်မယ်လေ"ဟုဆိုသောကြောင့်၊ မစ္စတာဟဲရစ်မှာ လျှာစို လာသည် တိုင်အောင်။

"ဟာ နေပါစေအုံးလေ၊ နန်းမျှော်ရောက်မှာဘဲ လုပ်ပါတော့မယ်"ဟုပြောကာ၊ မိမိကြောက်တာကိုပင် ရှက် သလိုလိုဖြစ်သွားရှာတော့၏။
ဆယ့်တစ်နာရီလောက်တွင် နန်းမျှော်တောင်ကြား သို့ ရောက်လာကြလေ၏။ ရေတံခွန်ငယ် တစ်ခု အနီး တွင် စတဲချလျက် ထွန်းတင်၏အစေခံတို့ အပြည့်အစုံထည့်ပေးလိုက်သော ပစ်ကနစ်ကေ(စ်) ခေါ် ခရီးဆောင် စားစရာသေတ္တာကလေး ကို အလယ်မှာထား၍၊ ပေါင်မုန့်၊ နို့ဘူး၊ သစ်သီးများ၊ ကြက်သားကြော်၊ ကြက်ဥကြော်၊ ၀တ်အူချောင်း ၊ ကက်သလိပ်၊  ဘီးစတိတ် စသော စားပွဲဟင်းလျာ များကို သုံးယောက်သား ဆာဆာနှင့်စားကြလေ၏။ စောမြအေးမှာစားစရာတို့ ကိုသာတွင်တွင်စား ၍၊ ထွန်းတင် နှင့် မစ္စတာဟဲရစ်မှာ အစားရော အသောက်ပါ ဘက်သည်ဆိုစေကာမှု၊ ထွန်းတင်မှာ အသောက်တွင် လွန်ကဲလျက်ရှိလေ၏။

"လုပ်ပါ နှစ်လုံးတောင်ပါပါတယ်၊ မစ္စတာဟဲရစ်ရဲ့ ရော့ထည့်ပါအုံး"
"ဟ များနေပြီလေ၊ တော်လောက်ပြီ"
"လုပ်ပါဗျာ တခါတလေပဲဟာ၊ ကျွန်တော့်တ၀က်မရှိသေးပါဘူး၊ လုပ်စမ်းပါ"
"တော်လောက်ပါပြီ မစ္စတာထွန်းတင်၊ ခင်ဗျားလဲအတော်များနေပြီ၊ ကားကိုကောင်းကောင်းမ မောင်းနိုင်ဘဲ နေအုံးမယ်"
"ဟား...ဟား...ဟား ဒါတော့မပူနဲ့မိတ်ဆွေကြီး၊ ကျွန်တော်ကလေကြပ်ကြပ်မူးလေ ကားမောင်း လို့ လက်ကွေ့ ကောင်းလေပဲ"
"အလိုလေး ဘုရား၊ ဘုရား၊ ဒီထက်များကြမ်းအုံးမှာလားမောင်"

ဒါကြောင့်သွေးပူပြီးနေအောင် ရဲဆေးတင်ထားစမ်းပါ မစ္စတာဟဲရစ်ရဲ့ ရော့-ကဲ-ကဲ- ဒီတခွက်ထဲ၊ ကျွန်တော်လဲ တခွက်ဟုတ်လား၊ တပြိုင်ထဲမော့ချမယ်နော်၊ ဘယ်သူကအရင်မကုန်ခင် ကုန်ခင် ကိုင်း(ရယ်ဒီ) မစ္စတာဟဲရစ်နှင့် ထွန်းတင်တို့ကိုင်ထားသော ဖလ်ခွက်များမှာ တခဏ၌ အခွံချည်း ကျန်ရစ် လေ၏။
"ဟဲ..ဟဲ ဒီလိုတော့ မစ္စတာဟဲရစ်က အတော်ကြီးပဲ၊ ကဲ အစားစားကောင်းအောင် အေးလဲနဲနဲ သောက်"
"အို-ကိုကိုတင် ကလဲ၊ အေးမသောက်ချင်ပါဘူး၊ ၀ိုင်ဆိုလဲ ဟုတ်သေး"
"နဲနဲပါ ကွယ်၊ ရဲဆေးတင်ရုံကလေးရယ်"

"ဟင့်အင်း"
"အိုင့်ကိုချစ်ရင်နဲနဲသောက်ကွယ်"
"ဟင့်အင်း-မူးနေမှာပေါ့"
"အို-ဘာရမှာလဲမင်၊ ဇွတ်ကိုပွေ့တိုက်မှာဘဲ"ဟုဆိုကာ အတော်မူးနေပြီဖြစ်သော ထွန်းတင်သည်၊ မိမိသောက်ရန် နောက်ထပ် ဆိုဒါနှင့်စပ်ထားသော ဖလ်ခွက်ကိုကိုင်ကာ စောမြအေးကို ဇွတ်တိုက် မည်လုပ်လျင်၊ စောမြအေးလည်း။
"အို-အို ကိုကိုတင်ကြည့်ပါလား၊ အေးမသောက်ချင်ဘူးဆိုနေ"ဟု ပြောပြောဆိုဆိုထပြေးရာ၊ ထွန်းတင် လည်း တဟား-ဟားရယ်မောရင်း လိုက်ဘမ်းလေ၏။ တခဏမျှပြေးသူကပြေး၍ ဘမ်းသူက ဘမ်းလျှက် ရှိရာ၊ နောက်ဆုံးတွင် စောမြအေး မှာ ကျောက်ကမူကလေး နှစ်ခုကြားတွင် အစွင့်သားဘမ်းမိနေလေ၏။

ဆက်ရန်
.

No comments: