Monday, January 2, 2012

ဝင်းငြိမ်းနှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး အပိုင်း (၁)

စာရေးဆရာများနဲ့ အမှတ်တရ

၁၉၈၁ ခုနှစ်မှာ ဆရာဦးမြလှိုင်က ပေဖူးလွှာ မဂ္ဂဇင်းကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေရာမှာ ကျွန်တော့် ကိုလည်း တစ်တပ်တစ်အား ပါဝင်စေခဲ့သည်။ အင်တာဗျူးသန်တဲ့ ကျွန်တော့်ကို အင်တာဗျူးများ ရေးဖို့ တာဝန် ပေးခဲ့သည်။ ပထမဆုံး အင်တာဗျူးဖြစ်တာကတော့ စတီရီယိုအဆိုကျော်  ခင်မောင်တိုးပါပဲ။ ဒါပေမဲ့ အဲဒီ ကာလတုန်းက သပြေတေးမဂ္ဂဇင်းမှာ ကွယ်လွန်သူ ဆရာမောင်တည်ငြိမ်က အဆိုကျော် များနဲ့ အင်တာဗျူးနေချိန်ဖြစ်လို့ မဂ္ဂဇင်းတစ်အုပ်တစ်အုပ် ကွဲပြားစေချင်တဲ့ ဆန္ဒကြောင့် ဆရာဦးမြလှိုင်က ကျွန်တော့် ကို စာရေးဆရာများနဲ့ အင်တာဗျူးလုပ်ပါလို့ လိုင်းခွဲပေးခဲ့ပါတယ်။ ပထမဆုံး အင်တာဗျူးဖို့ ရွေးချယ် ပေးခဲ့သူက ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ဖြစ်ပါတယ်။

အဲဒီ ကာလတုန်းက ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်၊ ခေါက်ထီးကလေး မလုံ့တလုံ ၀တ္ထုများနဲ့စာဖတ်သူများကြားမှာ ရေပန်းစားနေချိန် ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ကျွန်တော် နဲ့ မတိမ်းမယိမ်းဆိုပေမယ့် စာပေမှာတော့သူ့ဝါက အများကြီး ရင့်ပါတယ်။ ဒါကြောင့် ဆရာမ ကို အင်တာဗျူးနိုင်ဖို့ ကျွန်တော်စာတွေအများကြီး ဖတ်ရပါတယ်။ အခုခေတ်လို ကက်ဆက် သေးသေးကလေး များ မပေါ်သေးတာကြောင့် အိမ်က ကက်ဆက်အကြီးကို မ, သွားပြီး တစ်ထိုင်တည်း မေး၊ တစ်ထိုင်တည်း ဖြခဲ့ကြတာပါ။ ကျွန်တော့်အမေးများကို ဆရာမက စိတ်ရှည်လက်ရှည် ဖြေကြား ပေးခဲ့ပါတယ်။ ရေးပြီးရင် ပြန်ဖတ်ပါရစေလို့လည်း မတောင်းဆိုခဲ့ပါဘူး။

အဲဒီကအစ အယ်ဒီတာအဖွဲ့ ရွေးချယ်ပေးတဲ့ ဆရာကြီးများကို တစ်လတစ်ယောက် ကျွန်တော် ဆက်တိုက် အင်တာဗျူး ခဲ့ပါတယ်။ မေးသမျှ ဆရာအားလုံးက တစ်ထိုင်တည်း ဖြေပေးကြတာကြောင့် အခုပြန်ဖတ်တဲ့ အခါ ကျွန်တော်တို့ရဲ့ အမေးအဖြေများဟာ သက်ဝင်နေတဲ့အတွက် ရေးဖြေ မဟုတ်ဘူးဆိုတာ သိသာ လှပါတယ်။ ဆရာများနဲ့ အင်တာဗျူးခဲ့တာ မနေ့တစ်နေ့ကလို စိတ်ထဲမှာ ထင်နေဆဲဖြစ်ပေမဲ့တကယ်တော့ နှစ်ပေါင်း ၃၀ ကြာခဲ့ပါပြီ။ အင်တာဗျူးကို ပေါင်းပြီး ၀င်းငြိမ်းနဲ့ စာရေးဆရာဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်၁၊ ၂၊ ၃ ထွက်ခဲ့ပါတယ်။ အမှတ်၎ ကို ပြင်ဆင်ပြီးခါမှ အဆင်မပြေတာကြောင့် မထုတ်ဖြစ်ခဲ့ပါဘူး။ ဒီစာအုပ်တွေအပြင် ဆရာမြသန်းတင့်နဲ့ တွေ့ဆုံခဲ့တဲ့ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူနှင့် တွေ့ဆုံခြင်း၊ ဆရာမောင်သာရနဲ့ တွေ့ဆုံခဲ့တဲ့ မောင်သာရရဲ့ ဆရာအောင်သင်းနဲ့ တွေ့ဆုံခဲ့တဲ့ လူကြမ်းမင်းသား နဲ့ တွေ့ဆုံခြင်းတွေခြင်းတွေကတော့ လုံးချင်းများအဖြစ် ထွက်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီစာအုပ်တွေက ဒီကနေ့ စာဖတ်ပရိသတ်များလက်မှာ မရှိနိုင်တော့ပါဘူး။ ကျွန်တော် လက်ထဲ မှာလည်း စုံအောင် မရှိတော့ပါဘူး။ ဒါကြောင့် အမှတ် ၁၊၂၊၃ မှာ ပါခဲ့တာတွေရာ ၊လုံးချင်း သီးခြားထွက် တွေရော စုပေါင်းပြီး ကံ့ကော်ဝတ်ရည် စာပေရဲ့ အစီအစဉ်နဲ့ ထုတ်ဝေဖို့ စီစဉ်ခဲ့တာပါ။ စာရေးဆရာ အင်တာဗျူးကို စတင်လမ်းဖောက်ခဲ့ရခြင်း ဖြစ်တာကြောင့် ဆရာများရဲ့ပုံများ ဖော်ပြတဲ့အခါ ပထမပိုင်းမှာ ရုပ်ရှင်မင်းသားများလို ဓါတ်ပုံဆရာ တက္ကသိုလ်အေးမြင့်က ရိုက်ကူးခဲ့ပါတယ်။ ရုပ်ချောတဲ့ ဆရာနွယ်ဂျာသိုင်း ဆိုရင် ရန်ကုန်စက်မှု တက္ကသိုလ်ဝင်းထဲမှာ ပုံစံမျိုးစုံနဲ့ ဓါတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဆရာမဒေါ်ခင်ဆွေဦး အင်တာဗျူးလုပ်တော့ နောက်ခံမှာ ဆရာမနဲ့ ဖခင်ကြီးဖြစ်သူ ဆရာကြီးမဟာဆွေရဲ့ ပန်းချီကားကြီး ပါအောင် ရွေ့ကြ ပြောင်းကြ လုပ်ပြီး ရိုက်ခဲ့ရပြန်ပါတယ်။

ဆရာမင်းသိင်္ခကို ဗိုလ်ချုပ်အောင်ဆန်းလမ်းက နေအိမ်မှာအင်တာဗျူး သွား လုပ်တော့ ဆရာက ပေဖူးလွှာ မှာ ပြည်ထောင်ဝင် စနေမောင်မောင် ဆိုတဲ့ အခန်းဆက် ၀တ္ထုရှည်ရေးနေတဲ့ကာလ ဖြစ်ပါတယ်။ ဆရာက အင်တာဗျူး မစခင် ကျွန်တော်နဲ့ တက္ကသိုလ်အေးမြင့်ကို ဗေဒင်တွက်ပေးခဲ့ပါတယ်။ ပထမဆုံး ကျွန်တော့် လက်ဝါးပုံ စာရွက်ပေါ်မှာ အလွတ်ချဆွဲလိုက်ပြီး ဒီနေရာမှာ ဒီလမ်းကြောင်းရှိရမယ်စသဖြင့် ကျွန်တော့် လက်ဝါးပြင် ပေါ်မှာရှိမယ့်လက္ခဏာများကို အရင်ရေးဆွဲပါတယ်။

ပြီးတော့မှ လက်ဝါးကို ပေါင်ဒါဖြူးလိုက်ပြီး သူဆွဲထားတဲ့ပုံထဲက လက္ခဏာလမ်းကြောင်းများနဲ့ တိုက်ပြ ပါတယ်။ ဆရာ့ပညာကိုလေးစား ခဲ့ ရပါတယ်။  ဆရာစိန်ခင်မောင်ရီကတော့ ကျွန်တော်နေတဲ့ အောက်ပုဇွန်တောင်က တိုက်ခန်း မှာလိုက်ပြီး အင်တာဗျူး ဖြေပေးပါတယ်။ အဲဒီကာလတုန်းက ဆရာက ရုပ်ရှင်ဝေဖန်ရေး များ လက်သံပြောင်နေချိန် ဖြစ်ပါတယ်။ အကယ်ဒမီဆုနဲ့ ပတ်သက်ပြီးတော့လည်း ထဲထဲ ၀င်ဝင် ရေးသားသူ ဖြစ်တာကြောင့် အင်တာဗျူးပြီးချိန်မှာ ကျွန်တော်စာအုပ်စင်က လျှို့ဝှက်သည်းဖို စာရေးဆရာ၊ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ရဲ့ လက်ရွေးစင်ဝတ္ထုတို စာအုပ်ကို ယူပြီး ၀တ္ထုတစ်ပုဒ်ကို ဆရာ မြည်းကြည့်ပါ လို့ ပေးလိုက်ပါတယ်။ ၀တ္ထုနာမည်က Death Is A Dream   ဖြစ်ပါတယ်။ ပထမစာမျက်နှာ ဖတ်ပြီးချိန်မှာပဲ ဆရာက ’’ဟာ....ဒါ ဆောင်းအိပ်မက်ပဲ’’ လို့အသံထွက် လာပါတယ်။ ဟုတ်ပါတယ်။ ဦးဝင်းဦး က ဤသည်မလွဲဝတ္ထုထဲကအတိုင်း ရိုက်သွားတာပါ။ အဲဒီတုန်းက နိုင်ငံခြားရုပ်ရှင်များ မြန်မာမှုပြုပြီး ရိုက်ရင် အကယ်ဒမီ မပေးဘူးဆိုတဲ့မူ ရှိပ့ါတယ်။ ဒါကြောင့် ဆရာ့ကို ကျွန်တော်က ဒီဝတ္ထုပြ လိုက်တာပါ။

ဆရာကြီးဦးသုခနဲ့ ဆုံခဲ့ရတဲံ အင်တာဗျူးကတော့ ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီနေ့က ကျွန်တော် အင်တာဗျူးသွားတဲ့ ဆရာဦးသုခ အိမ်ကို ကွယ်လွန်သူ ပေဖူးလွှာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (နောင်မှာ မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) ဦးခင်မောင်မြင့်လည်း လိုက်ပါခဲ့တယ်။ ဆရာ ဦးသုခ ဖြေ ခဲ့တဲ့ အမေအကြောင်းမှာ ကျွန်တော် တို့နှစ်ယောက်စလုံး မျက်ရည်ပေါက်ပေါက် ကျခဲ့ကြရပါတယ်။

ပေဖူးလွှာအတွက် ဆရာမကြီးဒေါ်ခင်နှင်းယု ကို အင်တာဗျူးပါဆိုတော့ ကျွန်တော် တော်တော် ပျော် သွားပါတယ်။ ဆရာမကြီးရဲ့ စာများကို တရှိုက်ရှိုက်မက်မက် ဖတ်ခဲ့သူဖြစ် တာကြောင့် မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။ အဲဒီကာလတုန်းက ဆရာမကြီးက  ပြည်ထောင်စုလမ်း (ကုက္ကိုင်းရေကူးကန် အနီး) မှာ တိုက်ကြီးတစ်လုံး ထဲ ခွေးတစ်ကောင် နဲ့ တစ်ယောက်တည်း နေတဲ့ကာလ ဖြစ်ပါတယ်။ ကျန်းမာရေး ကလည်း မကောင်းတာကြောင့် စာမရေးဘဲ စိတ်ဓါတ်တွေလည်း ကျဆင်းနေပါတယ်။ ကျွန်တော် နဲ့ အင်တာဗျူးပြီးတဲ့ နောက်ပိုင်းမှာတော့ စာရေးဖို့ စိတ်အားထက်သန်လာပြီး ပေဖူးလွှာ အတွက် ၁၅၀၀ ညများ၏ အိပ်မက်များ ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုရှည်ကို ပထမဆုံး ပြန်ရေးဖြစ်ပါတယ်။ ဒေါ်ခင်နှင်းယု နဲ့ ကျွန်တော် သားအမိ လို ခင်တွယ်သွားခဲ့ကြတာ စုမေ ရဲ့ နောက်ဆုံးထွက်သက် အထိပါပဲ။

မှတ်မှတ်ရရ နောက်တစ်ယောက်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပါ။ ဆရာမကြီးကို အင်တာဗျူး ရမယ်ဆိုတော့ ဆရာမ ပင်တိုင်ရေးနေတဲ့ သောင်းပြောင်းထွေလာက ဆောင်းပါးတွေကို အများဆုံး ဖတ်ခဲ့ပါတယ်။ ဆောင်းပါးတိုင်းမှာ အင်္ဂလိပ်ဝေါဟာရများရဲ့ အဓိပ္ပာယ်ကြွယ်ဝပုံကို ရေးသားပြီး မြန်မာလို မပြန်ရက်ကြောင်း ရေးသားခြင်းက ကျွန်တော့် စိတ်ထဲမှာ စလုံးစခု ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် အင်တာဗျူး ကြချိန် နောက်ဆုံးမေးခွန်းအနေနဲ့ အဲဒီလိုရေးသားခြင်းဟာ မြန်မာဝေါဟာရများက အင်္ဂလိပ် ဝေါဟာရ များလို မပီပြင်လို့လားဆိုတဲ့ သဘောမျိုး ကျွန်တော် မေးချလိုက်ပါတယ်။ ဆရာမကြီး ဒေါသဖြစ်ပြီး ဆွေ့ဆွေ့ခုန်ပါတော့တယ်။ ’’မင်းနဲ့ငါ ဘယ်ရတု ကို ပြိုင်ရွတ်မလဲ’’လို့ စိန်ခေါ်တဲ့အဆင့်ကို ရောက်သွား ပါတယ်။

ကျွန်တော်ကတော့ ဒီမေးခွန်းကို မေးလိုက်ရင် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ တွက်ထားပြီးသား ဖြစ်လို့ မတုန်လှုပ်ခဲ့ပါဘူး။ မဂ္ဂဇင်း ထွက်လာပြန်တော့လည်း အယ်ဒီတာအဖွဲ့က အဖြည့်ပုံများအဖြစ် ပန်းချီ မုတ်သုန် ကို ကယ်ရီကေးချာ ဆွဲခိုင်းပြီး ထည့်ခဲ့တာကို ဆရာမကြီးတွေ့တော စာအုပ်သွားပေးတဲ့ ကျွန်တော်ကို ’’မင်းတို့က ငါ့ကို စုန်းမလို့ ဆိုလိုချင်တာလား’’လို့ ငေါက်ပြီး မဂ္ဂဇင်းကို ပစ်လိုက်တာကြောင့် ကျွန်တော် လစ်ခဲ့ရပါတယ်။ အခုနေ ပြန်စဉ်းစားကြည့်တော့ ကိုယ့်အဘွားအရွယ်လောက်ကို ဒေါသ ဖြစ်အောင် ဖန်တီးခဲ့တာအပြစ်ရှိသလို ခံစားရပါတယ်။၂၀၀၁ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့မြေး ကိုမောင်မောင်ဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ပြောတော့ ကိုဝင်းက အင်တာဗျူးမေးနေစဉ်က အနားမှာ သူရှိတယ်လို့ ဆိုပါတယ်။

ဆရာကြီးဇော်ဂျီနဲ့ ဆရာကြီးမင်းသုဝဏ်တို့ကို မေးရမယ့် အလှည့်မှာတော့ ဘယ်သူ့ကို အရင် ဦးစားပေးမလဲ စဉ်းစားရခက်ခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးနှစ်ယောက်ကို တစ်နေရာတည်း မှာ ဆုံပြီး မေးခွန်းတစ်ခု ကို ကိုယ့်အမြင်နဲ့ ကိုယ်နှစ်ယောက်ဖြေတဲ့အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဆရာကြီးမင်းသုဝဏ် ရဲ့ ဦးထွန်းလင်းလမ်း နေအိမ်မှာ လုပ်ခဲ့တာပါ။ ကျွန်တော် ရည်ရွယ်ချက် ကတော့ မေးခွန်းတစ်ခုပေါ်မှာ ခြားနားတဲ့ အမြင် နှစ်ခုပေါ်လာရင် စာဖတ်ပရိသတ်အတွက် အမြတ်ထွက်မယ်လို့ တွက်ခဲ့တာပါ။

ဒါပေမဲ့ အဖြေအများစုက တစ်သဘောတည်း ထွက်ခဲ့ပါတယ်။ ဒီအင်တားဗျူးဟာ ကျွန်တော်အတွက် ထူးခြား တဲ့ အင်တာဗျူးတစ်ခုပါပဲ။ ဆရာကြီးဦးတက်တိုး အလှည့်မှာတော့ ရိုက်သွားတဲ့ ဓါတ်ပုံကို အယ်ဒီတာအဖွဲ့က ပန်းချီဆရာကြီး ဦးစံတိုးထံမှာ ပုံတူရေးဆွဲဖို့ တာဝန်ပေးခဲ့ပြီး ဖော်ပြပါတယ်။ ပုံက တူလွန်း ကောင်းလွန်းတဲ့အတွက် ဆရာကြီး အမှတ်တရ သိမ်းနိုင်အောင် မေတ္တာလက်ဆောင် စာအုပ်နဲ့ အတူ ပန်းချီပုံကို လက်ဆောင်ပေးတော့ ဆရာကြီးက စိတ်ဆိုးပါတယ်။ ’’ဒီမှာကြည့်စမ်း ၊ငါ့သွားတစ်ချောင်း မှ မကျိုးဘူး၊ မင်းတို့ပုံမှာ သွားကျိုးနေတယ်လို့ ဆိုပါတယ်။ အမှန်ကတော့ ဆရာကြီး ရဲ့ ရှေ့သွားတစ်ချောင်းမှာ စိုက်ထားတဲ့ ငွေသွားက ဖလက်ရှ် ထိပြီးကပ်ရက်ကသွား မည်းသွားပါတယ်။ ဆရာစံတိုး ကလည်းဓါတ်ပုံအတိုင်း ရေးသားတာကြောင့် သွားကျိုးသလို ဖြစ်သွားတာပါ။ ပန်းချီကားကို ဆွဲဆုတ်မယ် လုပ်လို့ တောင်းတောင်းပန်ပန်နဲ့ ကျွန်တော် ပြန်ယူခဲံတာပါ။

ပေဖူးလွှာ အင်တာဗျူးမှာ ဆရာသာဓုနဲ့အတူ သုံးယောက်လည်း ပါဝင်ခဲ့ပါတယ်။ အယ်ဒီတာအဖွဲ့ရဲ့ သတ်မှတ်ချက် က ဘယ်စာရေးဆရာကိုမှ လဆက် မဖော်ပြဘဲလပြတ် ဖြစ်စေရမယ်လို့ သတ်မှတ်ချက် ထားပါတယ်။ ဒါပေမဲ့ ဆရာသာဓုအလှည့်မှာ စာပေရော၊ ရုပ်ရှင်ပါ မေးမြန်းတာဖြစ်တဲ့အတွက် တစ်လ တည်း နဲ့ မပြတ်နိုင်ခဲ့ပါတယ်။ အမျိုးသားစာပေဆုကို နောက်တိုးဝတ္ထုနဲ့ ဆွတ်ခူးခဲ့တဲ့ ဆရာမ တက္ကသိုလ်မြစိမ်း နဲ့ အင်တာဗျူးမှာလည်း အမှတ်တရပါပဲ။

ကျွန်တော် ပြင်ဆင်ထားတဲ့ မေးခွန်းတချို့ကို ဆရာမက ’’ဒီမေးခွန်းကို ကျွန်မ မဖြေနိုင်ဘူး’’လို့ ငြင်း ပါတယ်။ ဒီအခါ ကျွန်တော်ကလည်း ပြန်ချရေးတဲ့အခါ မေးခွန်းကို ရေးပြီး ဆရာမ အဖြေကိုလည်း ခွင့်ပြု တာကြောင့် အဲဒီအတိုင်း ပါခဲ့ပါတယ်။ နောက်တိုး ၀တ္တုမှာ စိန်ဗေဒါကြီးနဲ့ပတ်သက်ပြီး ရေးသားထားတာ ပါပါတယ်။ စိန်ဗေဒါ ရဲ့ ဇာတိက လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါအကြောင်း စာအုပ်ထဲက ဇာတိနဲ့ ကွဲပြား နေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး နောင်မှာအမေမာက ’’မင်းအင်တာဗျူးတွေမှာ အဲဒီလို တိုက် မေးတာ တွေ မမေးသင့်ဘူး။’’လို့ဆိုခဲ့ဖူး ပါတယ်။

ဆရာသော်တာဆွေ ရဲ့ အင်တာဗျူးကတော့ ခပ်မြူးမြူး၊ ခပ်ရွှင်ရွှင် ဖြစ်တာကြောင့် ပျော်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော် အမေးချင်ဆုံး ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို မေးရမယ့် အလှည့်မှာတော့ ဆရာဦးမြလှိုင် က  သူနေထိုင်ရာ ရန်ကင်းတိုက်ခန်းကို ချိန်းပါတယ်။ ဆရာဘုန်းနိုင်က အဲဒီတိုက် အောက်ဆုံးထပ် မှာ တည်းခိုလို့ပါပဲ။ နောက်တစ်ကြောင်းကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်လို ပုဂ္ဂိုလ်မျိုး ကို ကျွန်တော် ပေါက်ကရမေးလိုက်မှာ စိုးရိမ်တာလည်း ပါပါတယ်။

ဆရာ နဲ့ ကျွန်တော် အမေးအဖြေ လုပ်နေကြချိန်မှာ ဆရာကြီးဦးမြလှိုင်က ပတ်လက်ကုလားထိုင် တစ်ခုမှာ ထိုင်ရင်း ပုတီးစိပ်နေပါတယ်။ တစ်ခုမှ ၀င်မပြောပါဘူး။ ကျွန်တော်ကလည်း သူ့ရှေ့မှာ မေးနေရတော့ ခါတိုင်း လို မလွတ်လပ်ဘူး။ စိတ်ကျဉ်းကျပ်နေတယ်။ စာရေးဆရာတစ်ယောက်ကို တစ်ကြိမ်သာ ဆုံခွင့် ရမှာ ဖြစ်တဲ့အတွက် ရင်ထဲမှာ ကလိကလိနဲ့ မေးချင်နေတဲ့ မေးခွန်းတစ်ခုကို ချိန်ဆနေရပါတယ်။ နောက်ဆုံး မှာတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး မေးပစ်လိုက်ပါတယ်။ ကျွန်တော်မေးခွန်း ကြားတော့ ဆရာဦးမြလှိုင် က မျက်လုံးတစ်ချက် လှန်ကြည့်လိုကပြီး လက်ထဲက ပုတီးကို ကုလားထိုင်လက်တန်းမှာ စွပ်ကာ ဘုရားခန်းထဲ ၀င်သွားလိုက်တာ ဆရာဘုန်းနိုင် ပြန်ဆင်းသွားတဲ့အထိ ထွက်မလာတော့ပါဘူး။ ကျွန်တော် မေးခွန်း ကို ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ အင်တာဗျူးမှာ ဖတ်ကြည့်ပါ။

အမှန်ကတော့ ကံ့ကော်ဝတ်ရည်စာပေနဲ့ ကျွန်တော် မူလရည်ရွယ်ထားတဲ့အတိုင်း တစ်စုတစ်ပေါင်းတည်း ထုတ်ဖို့ပါပဲ။ ဒါပေမဲ့ စာမျက်နှာများပြီး တန်ဖိုးကြီးသွားရင် စာဖတ် ပရိသတ်လက်ထဲ လွယ်လွယ်ကူကူ မရောက်မှာ စိုးတာကြောင့် နှစ်ပိုင်း ပိုင်းလိုက်ကြပါတယ်။

ပေဖူးလွှာမှာ မေးခဲ့တဲ့ အစီအစဉ်အတိုင်း ဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ဖော်ပြတဲ့ အမေးအဖြေများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ လောက်က အမေးအဖြေတွေ ဖြစ်ပါတယ်။ ၀င်းငြိမ်းနှင့် စာရေးဆရာများ-၁ ထုတ်ဝေစဉ် ကာလတုန်းက ဆရာချစ်ဦးညိုက အင်တာဗျူး အဟောင်းကို ဖော်ပြတဲ့အတွက် စိတ်မကြည်မလင် စကားဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် စုစည်းရာမှာ ဆရာချစ်ဦးညို ရဲ့ အင်တာဗျူး ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

စာပေလောကမှာ လမ်းသစ်တစ်ခုကို ဖောက်ပေးခဲ့တဲ့ ဆရာဦးမြလှိုင်နဲ့ ကျွန်တော်မေးသမျှ ဖြေကြား ပေးခဲ့ကြ တဲ့ စာရေးဆရာကြီးများ၊ လစဉ်စောင့်ဆိုင်း ဖတ်ရှုအား ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်များ အားလုံး ကို ကျေးဇူးတင်ပါတယ်။

 ဝင်းငြိမ်း
.

ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ့်
စမ်းစမ်းနွဲ့ (သာယာဝတီ)

ပေးဖူးလွှာရဲ့ တွေ့ဆုံခန်းမှာ စာပေလောက ကပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံရတဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ) ကလည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော် မေးသမျှ မညည်းမညူ ဖြေပေးခဲ့ပါတယ်။ ကျွန်တော် တို့ ဆွေးနွေးခဲ့သမျှ ပေဖူးလွှာစာချစ်သူများအတွက် ဖော်ပြပေးရရင်....
''မမနဲ့ စာပေကိစ္စ ဆွေးနွေးစရာ အကြောင်းအရာကလေးတွေ မဆွေးနွေးခင်မှာ မမကိုယ်ရေးကိုယ်တာ လေး တချို့ကို ကျွန်တော်မေးချင်ပါသည်။ ကလောင်နာမည်မှာ (သာယာဝတီ)  ဆိုတာ ထည့်ထားပြီးသား မို့ သာယာဝတီ ဇာတိ ပဲ ဖြစ်မယ် ထင်ပါတယ်။

မမမိဘ၊ မောင်နှမ စာပေမျိုးရိုးရှိ မရှိ အဲဒါကလေးတွေကစ, ပြောကြရအောင်''
ရပါတယ်၊ အဲဒါလေးတွေက စ, ပြောရမယ်ဆိုရင် မမကို ၁၉၄၅ ခုနှစ်က သာယာဝတီမှာ မွေးခဲ့ပါတယ်။ မိဘ တွေကတော့ ဦးတင်မောင်၊ ဒေါ်ပုစိန်။ ကုန်သည်တွေပေါ့။ ခင်ပွန်းကတော့ ကိုထွန်းညွန့်ဦးပါ။ မျိုးရိုး ထဲမှာလည်း စာရေးတဲ့သူ မရှိခဲ့ဘူး။ မောင်နှမတွေထဲမှာလည်း မပါပါဘူး။ မမတို့ မောင်နှမ ရှစ်ယောက် ရှိတယ်။
    ''မမက..... ''
    ''နံပါတ်ဝမ်း.....အကြီးဆုံးလေ''
    '' မမ စာစာ, ရေးဖြစ်ခဲ့တဲ့ နှစ်က''
    ''၁၉၅၈ ခုနှစ်က စ, ရေးဖြစ်ခဲ့တယ်။ တိုင်းရင်းမေဂျာနယ်မှာ ကဗျာ စရေးခဲ့တယ်''
    ''ကလောင်နာမည်က စမ်းစမ်းနွဲ့(သာယာဝတီ) ပဲလား''
    ''ဒီနာမည်နဲ့လည်း ရေးခဲ့တယ်၊ နောက် စမ်းစမ်းနွဲ့ (သတင်းထောက်) ဆိုတဲ့နာမည်နဲ့လည်း ရေးတယ်၊ အဲဒီအချိန်ကုန်းက သာယာဝတီခရိုင် အမျိုးသမီး သတင်းထောက်လုပ်နေ တာကိုး။ ကဗျာလည်း ရေးရင်း ၀တ္ထု၊ သတင်းဆောင်းပါးတွေရော စာနယ်ဇင်းတွေမှာ ရေးခဲ့တယ်''
    ''သတင်းဆောင်းပါးက ဘယ်သတင်းစာတွေအတွက် ရေးခဲ့တာလဲ''
    ''ဗိုလ်တထောင်ရှိတယ်၊ ပြည်တောင်စု၊ နိုင်ငံသစ်၊ အိုးဝေတို့မှာ ရေးခဲ့တယ်''
    ''အဲဒီကနေ တိုင်းရင်းမေ မှာ ပထမဆုံး ၀တ္ထုစရေးတယ် ဆိုပါတော့''

    ''ဟုတ်ပါတယ်၊ အဲဒီတုန်းကတော့ ကလောင်နာမည်တွေက အများကြီးပါပဲ၊ တိုင်းရင်းမေမှာ စရေးဖြစ်တဲ့ ၀တ္ထုက 'ကြွေလေသော ချစ်ဖူးတစ်ငုံ'၊ ၁၉၇၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်၊ ဘယ်လ လဲ ဆိုတာတော့ မမှတ်မိတော့ဘူး''
    ''အဲဒီဝတ္ထု ရေးခဲ့တဲ့ ကလောင်နာမည်ကကော''
''၀တီနွဲ့လေး....တဲ့၊ အဲဒီိက စပြီးတော့ ကဗျာတွေကို ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ အိုးဝေစတဲ့ မဂ္ဂဇင်းတွေမှာ အစဉ်တစိုက် ရေးလာတယ်။ ကြေီးမုံမှာတော့ သတင်းဆောင်းပါးတွေ ရေးတယ်။ လုံးချင်းဝတ္ထုကိုတော့ ၁၉၇၄ခုနှစ်မှ စရေးဖြစ်တယ်''
    ''ပထမဆုံး ရေးတဲ့ လုံးချင်းဝတ္ထုက''
    ''မြမရှား၊ စိန်မရှား အလွန်ပင်များပါရဲ့''
    ''ဒုတိယလုံးချင်းကကော''
    ''ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်၊ တတိယလုံးချင်းကတော့ မဟူရာ အကျဉ်းထောင်၊ နောက် 'နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု'၊ နောက်'ခေါက်ထီးကလေး မလုံ့တလုံ'၊ နောက် 'ကိုကိုကံရာဇာ' တို့ရေးခဲ့ပါတယ်''

    ''ခုလောလော ဆယ် မမလုံးချင်းအစီအစဉ် မရှိသေးဘူးပေါ့''
    ''စာပေစိစစ်ရေးကို တင်ထားတာ တချို့တော့ ကျနေပါပြီ၊ ၀တ္ထုလတ်ခေါ်မှာပေါ့၊     တခြား စာရေးဆရာတစ်ယောက်ယောက်နဲ့ တွဲထုတ်တာမျိုးလေ''
    ''မမ၀တ္ထုတွေထဲက ကမ္ဘာကြီး၊ နှစ်ဆယ်ရာစု၊ မဟူရာအကျဉ်းထောင်တို့ကို ဖတ်မိတဲ့အခါ မှာ မမအယူအဆတစ်ခုကို တွေ့လာတယ်။ ဘာလဲဆိုတော့ မိဘရဲ့ နာမည်ကို သားသမီးမှာ ထည့်မှည့်ခြင်း အားဖြင့် သားသမီးအပေါ်မှာ မိဘရဲ့အရိပ်အာဝါသာ ထိုးကျတယ်။  ဒါမျိုးကို မမ မကြိုက်ဘူးဆိုတဲ့ အတွေး အခေါ် တစ်ခု တွေ့ရတယ်''

    ''ဟုတ်ပါတယ်၊ မမရေးခဲ့တယ်''
    ''ဒါဆိုရင် နောက်နိုင်ငံတွေမှာ မိဘမျိုးရိုး အစဉ်အဆက်ကို ထိန်းသိမ်းနိုင်ဖို့ 'ဆားနိမ်း' Sur Name တပ်တဲ့ အလေ့အထကို ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့ လက်ခံကျင့်သုံးတာနဲ့ ပတ်သက်ပြီး မမဘ၀င်မကျဘူးပေါ့''
    ''ကိုဝင်းငြိမ်း မေးလာတဲ့ 'ဆားနိမ်း' နဲ့ ပတ်သက်ပြီး ဖြေရမည်ဆိုရင် နာမည်ကအဓိက မဟုတ်ပါဘူး။ မိဘတော်တိုင်း သားသမီးက မတော်နိုင်ဘူး။ တော်တဲ့ မိဘရဲ့နာမည်ကို ဆက်ခံလိုက်ရုံနဲ့ ဒီသားသမီးဟာ တော်မလာဘူး ဆိုတာ သိစေချင်လို့ပါ။ မိဘကစာရေးစရာ ဖြစ်ပေမယ့် သားသမီးတိုင်းဟာ စာရေးဆရာ ဖြစ်မလာနိုင်ပါဘူး။ ရွှေမန်းတင်မောင် နဲ့ ပတ်သက်တဲ့ ဥပမာကို မမ 'ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်' မှာ ရေးခဲ့ပါတယ်။

ဥပမာ-ကိုညွန့်ဝင်း ဆိုရင် ရုပ်ရှင်မှာ သရဖူဆောင်းတယ်၊ အကယ်ဒမီ ရတယ်။ထူးချွန်တယ် ပေါ့လေ။ မိဘက ဇာတ်သဘင်မှာ အောင်မြင်ခဲ့ပေမယ့် ဇာတ်သဘင် မျာ သူနေရာမယူဘူး။ သူဟာ ဒုတိယ ရွှေမန်းတင်မောင် လည်း မဟုတ်ဘူး။ ကိုညွှန်းဝင်းပဲ။ အဲသလိုပဲ ကိုယ်အစွမ်း အစနဲ့ သီးခြား အောင်မြင်မှု ရအောင် ကြိုးစားစေချင်တယ်။  အဲဒါကြောင့် မိဘနာမည်ကို သားသမီးက ယူပြီးတော့ ဆက်ခံပြီးတော့ ဒီအရှိန်အ၀ါ ကလေး ကိုပဲ ခိုလှုံပြီးတော့ ကိုယ်က မိဘလိုပဲ အောင်မြင်လာလိမ့်မယ်လို့ မထင်စေချင်ဘူး။ အချို့ သားသမီးတွေ ကျော်ကြားတဲ့ မိဘနာမည် နောက်ကထည့်ပြီး ဘာမှမဖြစ်ကြတာတွေ အများကြီး ရှိပါတယ်။

ဒါကြောင့် မမက နာမည်အဓိကမဟုတ်ဘူးဆိုတဲ့ အယူအဆကို တင်ပြခဲ့တာပါ၊ အဲဒါပါပဲ''
    ''ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ရေးတုန်းက စတီယိုလောကကို တော်တော်ကလေး လေ့လာခဲ့မယ် ထင်ပါတယ်။ စတိတ်ရှိုးတွေ ဘာတွေလဲ တော်တော်ကြည့်ထားပုံ ပေါ်ပါတယ်။ ဥပမာ အဲဒီတုန်းက စတီရီယို သီချင်းတွေဟာ စာသားထက် သံစဉ်ကို ဂရုစိုက် ကြတဲ့အချိန် ဆိုတော့ စာသားတွေက ဗမာစကား ကို ဗမာလူမျိုးတွေကို နားမလည်လောက် အောင်ရေးခဲ့ကြတာတွေ အများကြီး ရှိပါတယ်။

ဒါကြောင့် 'ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်' ထဲမှာ ဘာတွေ့လိုက်သလဲဆိုတော့ စတီရီယို သီချင်းဆိုတာ ဗမာ တွေ နားမလည်နိုင်တဲ့ စကားလုံးစာသားတွေ ခွေခေါက်ပြီး ရေးထားတာ ဆိုတဲ့ သဘောမျိုး တွ့လိုက် ရပါတယ်။ အဲဒီခေတ်က မမလေ့လာခဲ့တဲ့ သီချင်းတွေနဲ့ ဒီနေ့ စတီရီယိုသီချင်းတွေ နှိုင်းယှဉ်လေ့လာ လာတော့ ဘယ်လိုများ မြင်မိသလဲ''
ဒီနေ့ စတီရီယိုသီချင်းတွေမှာ စာသားတွေ အင်မတန် အနှစ်သာရ ပါလာပါတယ်။ လေးလေးနက်နက်  ဆိုလာ ကြတယ်။ ကော်ပီသီချင်းမှာတောင်မှ စကားလုံး သိပ်ကောင်း လာတယ်။ ကိုယ်ပိုင်သံစဉ် ဆိုတာ တော့ ပြောမနေဲ့တော့။ သံစဉ်ကလည်း ကိုယ်ပိုင်ဖြစ်ပြန်၊ စကားလုံးတွေကလည်း အဓိပ္ဂာယ် ပြည့်ပြည့်၀၀ နဲ့ သိပ်ကောင်းလာတယ်။ အကောင်းရှိရင်  အညံ့ရှိတယ် ဆိုတာလို အညံ့တွေလည်း ရှိမှာပေါ့လေ။

''နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနုမှာ ဇာတ်သဘင် ဆောင်းပါးရှင်တစ်ဦးက ငြိမ်းငြိမ်းနိုကို လေဘာတီ မမြရင်ရဲ့ အကတွေ ပြန်လည်ဆန်းသစ်ပါလားလို့ ပြောလိုက်တဲ့ အခါမှာ ငြိမ်းငြိမ်းနု က အဟောင်းတွေကို ပြန်လည်ဆန်းသစ်တယ် ဆိုတာ အသစ် တီထွင်နိုင်စွမ်းမရှိတဲ့ သူတွေလုပ်တဲ့ အလုပ်လို့ ပြောလိုက်တယ်။ နောက် ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်မှာလည်း စတီရီယို အဆိုတော် အေးအေးနုက ဒီသဘောမျိုးပဲ ပြောခဲ့ပါတယ်။ ဒါဆို ဒီဇာတ်ကောင် နှစ်ကောင်ကို ဖန်တီးခဲ့တဲ့ မမကိုယ်တိုင်က ပြန်လည် ဆန်းသစ်ခြင်း ဆိုတာကို လက်မခံတဲ့သဘောများ ရှိသလား။ ကျွန်တောတို့ စတီရီယိုလောကမှာ ပြန်လည် ဆန်းသစ်တေး တွေ ခေတ်စားနေတာကိုကော ဘယ်လိုများ မြင်လို့လဲ’

’’ပြန်လည်ဆန်းသစ်ခြင်းကို လက်မခံဘူးရယ်လို့တော့ မဟုတ်ပါဘူး။ဒါပေမဲ့ကိုယ်ပိုင်သာ အသစ် တီထွင်စေချင်တယ်။ အရင် အဟောင်းကို ပြန်လည် ဆန်းသစ်တာဟာညောင်းနေတဲ့သူရဲ့ အလုပ်လို့ မမ မြင်တယ်။ စိတ်ညောင်းနေတဲ့ လူတွေ၊ စိတ်မအား လက်မအား ရှိနေတဲ့ သူတွေ လုပ်လို့ပဲ မြင်တယ်။ ကိုယ်ပိုင် ဆန်းသစ်မှု၊ ကိုယ်ပိုင်တီတွင်မှု မဟုတ်တော့ သိပ်ပြီးတော့ ပြောပလောက်တဲ့၊ ချီးမွမ်းလောက်တဲ့ အနုပညာ တော့ ဖြစ်မလာဘူးပေါ့’’

ဒါဆို ဒီနေ့ နန်းတော်ရှေ့ဆရာတင် သီချင်းတွေကို ပြန်လည်ဆန်းသစ်နေကြတာကော
’’ပြန်လည်ဆန်းသစ်တာကတော့ ကိုယ့်မူ ကိုယ်ဟန်နဲ့ ပြန်ဆိုကြတာ ဆိုတော့ တချို့လည်း အရင်ကထက် ပိုကောင်း လာတာတွေ ရှိပါတယ်။ ဒါပေမဲ့ တေးရေးသူတွေအနေနဲ့ဆိုရင် အသစ် ဖန်တီးတာပဲ ကောင်း ပါတယ်။ ဆိုတာကတော့ ဆိုကြပေါ့’’
’’နောက်တစ်ခု မေးရရင်တော့ ခေါက်ထီးကလေး မလုံ့တလုံ့ ဇာတ်သိမ်းခါနီးလောက်မှာ တရားသူကြီး အဖွဲ့ဝင် ကိုခင်ဇော်ဦးနဲ့ ဥပဒေအကျိုးဆောင်မလေး အမွန်တို့ ပျက်စီး လေလွင့်ခဲ့ရရှာတဲ့ ခရေ လို့ ခေါ်တဲ့ ကြွေရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဗီဇနဲ့ပတ်ဝန်းကျင်ကို ဆွေးနွေးကြတာ တွေ့ရတယ်။ မမ အယူအဆ ပြောပါဦး။ ’’

’’အဲဒီကိစ္စကတော့ သိပ်ပြီး ပြသနာဖြစ်တဲ့ ကိစ္စပါပဲ။ ဒီစာအုပ် ထွက်ပြီးကတည်းက စာပေလောကမှာ အရမ်းဂယက် ရိုက်တာပဲ။ ဆွေးနွေးပွဲတွေ ၊စာတမ်းဖတ်ပွဲတွေမှာလည်း ဒီကိစ္စကို တော်တော် ဆွေးနွေးကြတယ်။ ဟိုတစ်လောကလည်း တက္ကသိုလ်မှာ မြန်မာစာဌာနက ကြီးမှူးတဲ့ စာတမ်းဖတ်ပွဲမှာ စာတမ်းတစ်ခု ဖတ်သွားတယ်။ မိုးမိုး (အင်းလျား)နဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ရဲ့ဝတ္ထုများ  နှိုင်းယှဉ် ဝေဖန်ချက် ဆိုပြီးတော့ ဖတ်သွားတယ်။ အဲဒီမှာလည်းပဲ စမ်းစမ်းနွဲ့ ၀တ္ထုများဆိုတဲ့ အပိုင်းနဲ့ ပတ်သက် ပြီးတော့ ခေါက်ထီးကလေး မလုံ့တလုံ့ဝတ္ထုမှာ ပါတဲ့ ဒီဗီဇနဲ့ ပတ်ဝန်းကျင်ကိစ္စကို စာရေးဆရာက တင်ပြထားတာ တွေ့ရပါတယ်။ မိန်းကလေးတွေ ပျက်စီးတဲ့ အကြောင်းနဲ့ ပတ်သက်လို့ပေါ့လေ။ အဲဒါ သူတို့အနေနဲ့ လက်မခံနိုင်ဘူးပေါ့လေ။ အဲဒါ သူတို့အနေနဲ့ လက်မခံနိုင်ဘူးပေါ့လေ။ အဲဒီဥစ္စာ တော်တော်များများ ဝေဖန်တိုက်ခိုက်ကြပါတယ်။

အမှန်တော့ ကျွန်မတို့ ဒီအရွယ်ရောက်စ ငယ်ငယ်ကတည်း ဖတ်လာတဲ့ဝတ္တုတွေမှာ သိပ် ပြီး ရေပန်း စားခဲ့တယ်။ သိပ်ပြီးတော့ ကျော်ကြားခဲ့တဲ့ ၀တ္ထုတွေမှာ များသောအားဖြင့် မိန်းကလေး တွေ ပျက်စီးရတာ ကို ပြတယ်။ အင်မတန် သနားစရာကောင်းလောက်အောင် ဖွဲနွဲ့တယ်။ ပျက်စီးရတဲ့ မိန်းကလေးတွေကို ဂုဏ်ပြုစရာကောင်းလောက်တဲ့ မိန်းမတစ်ယောက်အဖြစ်နဲ့ သူတို့က ဖွဲ့တယ်။ နောက်ပြီးတော့ ဒီမိန်းကလေးတွေ ဘာကြောင့် ပျက်စီးရသလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး တရားခံရှာတော့ ခေတ်ကြီးက မကောင်းလို့၊စနစ်ကြီးက ခေတ်နဲ့ စနစ်ပေါ်မှာပဲ ပုံချလိုက်သည်။ ဒီ မိန်းကလေးတွေ ဘက်က ဗီဇဆိုတဲ့ပဋိသန္ဓေစိတ်က လျော့ရဲမှုတွေကို လုံးလုံးမပြဘူး။ ဖျောက်ထား လိုက်တယ်..

ဆက်ရန်
.

4 comments:

  1. ဆရာဦးဝင်းငြိမ်းရဲ့ ပဏာမ စကားကို ဖတ်ရကတည်းက အင်တာဗျူးတွေကို ဖတ်ချင်စိတ် ပေါက်သွားတယ်၊ ရှေ့လာမယ့် အပိုင်းတွေကို စောင့်နေပါ့မယ်၊ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ စာတွေကို တင်ပေးတာလည်း ကျေးဇူးပါ မရွှေစင်ဦးရေ။

    ReplyDelete
  2. အစ်မ...အဲဒီ အင်တာဗျူးတွေ အရမ်းကောင်းတယ်... ခဏခဏ ပြန်ဖတ်ဖြစ်တယ်... အီးဘုတ်အနေနဲ့ ဖတ်နိုင်အောင် ရှာဖွေ တင်ပေးတဲ့ အစ်မ ရွှေစင်ကို ကျေးဇူးတင်ပါတယ်...

    စကားမစပ်... ပန်းချီပုံနဲ့ ပါတ်သက်လို့ ကာယကံရှင်တွေက သူတို့ ပုံတူတွေကို မကြိုက်တာကို ဖတ်ပြီး ပြုံးနေမိသေးတယ်။ တခါတလေကျတော့ ကိုယ့်အမြင် သူ့ အမြင် မတူတဲ့ အခါ ခက်တော့တာပဲ... လောလောဆယ်ဆယ် ချမ်းမြေ့ဆရာတော် ဘုရားကြီး ပုံတူ ဆွဲပေးတာ ဆရာတော်ကြီးက မကြိုက်ဘူး....ငါ့ကို ကုလားနဲ့ တူအောင် ဆွဲရသလားတဲ့....း) သီဟိုဋ်က ဘုန်းကြီးနဲ့ တူတယ်တဲ့...သူနဲ့ မတူဘူးတဲ့... ကိုယ့်မှာတော့ ကိုယ့်ဘာသာကိုယ်ကြိုက်လို့...း)

    ReplyDelete
  3. အစ်မရွှေစင်...
    ဆက်ရန်ကို စောင့်နေမယ်..
    မြန်မြန်လေး... :)
    ဆရာဦးဝင်းငြိမ်းဗျူးတွေ ဆက်တိုက်ဖတ်ချင်တယ်...
    ဆက်တိုက်တင်ပေးပါနော်...
ုမြသွေးတို့ တချိန်က မလွတ်စတမ်းစောင့်ဖတ်ခဲ့ရတဲ့ ဗျူးတွေပါ..။ အခုလို ဖတ်ခွင့်ရတာ
    အရမ်းကျေးဇူးတင်တယ်။

    ReplyDelete
  4. မြတ်မွန်January 3, 2012 at 7:56 PM

    ခေါက်ထီးကလေး မလုံ့တလုံ့ လည်း မမ အားတဲ့အခါပေါ့နော်..ဖတ်ချင်တယ်..
    ကျေးဇူးများကြီးတင်ပါတယ် မမရွှေစင်..

    ReplyDelete

thank you to say so