Sunday, January 8, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၅)

(၄၅)

လက်ဝှေ့ရုံကြီးတွင် လူပရိသတ်ဖြင့် ပြည့်လျမ်းနေသည်။ ယခု ထိုးမည့်ပွဲသည် လိုက်ဟဲဗီးဝိတ်တန်း သရဖူ လုပွဲဖြစ်သည်။ လက်ဝှေ့သမားများ အ၀တ်အစားလဲလှယ်ခန်းမှ ကြိုးဝိုင်းဆီသို့ လာသော လမ်းကြောင်းဘေး ၀ဲယာတွင် အညိုရောင်ယူနီဖောင်းဝတ် ဂျာမန်စစ်သားများ တန်းစီရပ်နေကြသည်။ ပြိုင်ဘက် နှစ်ဦး ကြိုးဝိုင်းဆီသို့ အလာတွင် ဘေးမှစောင့်ကြပ်ပေးသော ဂုဏ်ပြုတပ်ဖွဲ့ အလားပင် ဖြစ်သည်။

စစ်သားတွေ အသင့်ရှိနေဖို့လိုတယ်လို့ ငါတို့ တွေးမိလို ကြိုစီစဉ်ထားတာ "
ဗိုလ်မှူးကြီး ဆစ်မန်းက သူ့ဘေးတွင် ထိုင်နေသော ဟိုင်ဒီခရမ်မာအား ပြောပြလိုက်သည်။ သူတို့သည် လက်ဝှေ့ကြိုးဝိုင်းဘေးရပ်လျက် ရှေ့ဆုံးခုံတန်းတွင် နေရာယူထားကြသည်။ ဗိုလ်မှူးကြီးက လက်ဝှေ့ပွဲ အမှတ်ပေး ဒိုင်လူကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့အားလုံး ဂျာမန်အမျိုးသားများဖြစ်ပြီး ပါတီဝင်များဖြစ်သည်။ ဗိုလ်မှူးကြီးသည် ထိုသို့ ဖြစ်အောင် ကြိုတင်ညှိနှိုင်းကာ အပေးအယူလုပ် စီစဉ် ထားခြင်း ဖြစ်သည်။

မင်းဖရက်ဒီလာရေးက ပထမဆုံး ကြိုးဝိုင်းထဲဝင်လာသည်။ အစိမ်းရောင် ဘောင်းဘီတိုနှင့် အစိမ်းရောင် တစ်ခဲနက် ပေးနေသူများအား ပြန်လည် နှုတ်ဆက် အသိအမှတ်ပြု --- အနေဖြင့် လက်နှစ်ဖက်ကို ခေါင်းပေါ် ဆန့်တန်းကာ ---- ချင်းရိုက်ပြီး ပြလိုက်သည်။ ထိုအချိန်တွင်ပင် ကြိုးဝိုင်း ---- လည်မှ ပရိသတ် ကို တစ်ချက်လှမ်းကြည့် အကဲခတ်လိုက်သည်။ ဂျာမန်လက်ဝှေ့ပရိသတ်သည် မင်းဖရက်အား သူတို့၏ သူရဲကောင်း တစ်ယောက်အဖြစ် လက်ခံထားကြသည်။

မင်းဖရက်သည် ဟိုင်ဒီခရမ်မာကို ကြိုးဝိုင်းဘေး၌ ချက်ချင်းပင် လှမ်းမြင်လိုက်သည်။ သူမအား ဘယ်နေရာ တွင်ရှာ ရမည်ကို သူသိနေသည်။ သို့ရာတွင် မင်းဖရက်က ပြုံးမပြလိုက်ပါချေ။ ဟိုင်ဒီကလည်း မင်းဖရက် အား စူးစူးစိုက်စိုက် ပြန်ကြည့်သည်။ ဟိုင်ဒီအကြည့်ကို ခံစားလိုက်ရသောအခါ သူ့ကိုယ်ထဲ၌ အား အင်များ ပိုပြည့် လာသလို ဖြစ်သွားသည်။
မင်းဖရက်၏ အကြည့်က ဟိုင်ဒီဆီမှနေ၍ တခြားတစ်နေရာသို့ ရောက်သွားသည်။ ထိုအခါ သူ့မျက်နှာ သုန်မှုန်သွားသည်။ အချစ်က ပေးလာသော စွမ်းပကားထဲတွင် တခြားမှ ဒေါသက ၀င်လျက်လာ သည်။
ဟိုမိန်းမ ဒီရောက်နေပါကလားဟု သူ့စိတ်ထဲက ပြောလိုက်သည်။ စင်တိန်ကုတ်နေအား "ဟိုမိန်းမ" ဟုပင် သူ့ ခေါင်းထဲက ခေါ်လေ့ရှိသည်။ စင်တိန်သည် မင်းဖရက် အချစ်ကလေး ခုံတန်း၏နောက်ဘက် သုံးတန်းကျော် တွင် ထိုင် နေသည်၊ သူမကို မည်သို့မှ လူမမှားနိုင်။ အ၀ါရောင်ပိုးသားအကျီင်္ စိန်များ ဆင်မြန်း ထားသည်။ မင်းဖရက် က  ဒီမိန်းမ ကို မုန်းသည်။

ဘာကြောင့် ငါ့နောက်ကို တကောက်ကောက် လျှောက်လိုက်နေရတာလဲ "
မင်းဖရက် စိတ်ထဲက တွေးလိုက်သည်။ မိမိ အလျင်က ထိုးခဲ့သော သုံးလေးပွဲတွင်လည်း သူမကို တစ်ကြိမ် ထက် မက တွေ့ခဲ့ရသည်။ နှာခေါင်းကြီးကြီး၊ နားရွက်ကားကားနှင့် ၀င့်ဝါသော ဟန်ရှိသည့် လူတစ်ယောက် ကိုလည်း သူမဘေး၌ အမြဲတွေ့ရသည်။ စင်တိန်က မင်းဖရက် ကောင်းကောင်း မှတ်မိ နေသော မျက်လုံး အနက်ဖြင့် စိုက်ကြည့်နေတတ်သည်။ သူ့အကြည့်မှာ လျှို့ဝှက်သိပ်သည်းပြီး ပဟေဠိ ဆန်နေသည် ဟု မင်းဖရက် ထင်မိသည်။

မင်းဖရက် က စင်တိန်ဘက်သို့ တမင်သက်သက် ကျောပေးပြီး တစ်ဘက်သို့ ချာခနဲ လျည့်လိုက်သည်။ မထေမဲ့မြင် လုပ်ပြလိုက်ကာ အမုန်းတရားကို လှစ်ပြလိုက်ခြင်းဖြစ်သည်။
မိမိပြိုင်ဘက် အမေရိကန်လက်ဝှေ့သမား ဆိုင်ရပ်စ်လိုမက်စ် ကြိုးဝိုင်းပေါ် တက်လာနေသည်ကို မင်းဖရက် က စောင့်ကြည့်နေသည်။ အသားက ချောကလက်ရောင် ညိုမည်းပြောင်နေပြီး ကြွက်သားများ က ဖုထစ်လုံးကြွနေသည်။ သို့သော် သူ့ခေါင်းကမူ အာဖရိကတိုက်သားတို့၏ ခေါင်းပုံစံ အတိုင်း ပင်ဖြစ်သည်။ မျက်ခုံးထူပြီး မျက်လုံးပြုးသည်။ နီဂရိုး လက္ခဏာအတိုင်း နှုတ်ခမ်းကလည်းထူသည်။ နှာခေါင်းက ကြီးပြီး သူ့အင်္ကျီရင်ဘတ်၌ အမေရိကန်အလံဖြစ်သော အနီ၊ အဖြူနှင့် အပြာသုံးရောင် စွပ်ကျယ် နှင့် အစင်းများ ရိုက်ထားသည်။

" မင်း တွေ့ဖူးသမျှ ပြိုင်ဖက်တွေထဲမှာ ဒီကောင်ဟာ မင်းအတွက် အခက်အခဲဆုံးဖြစ်မယ်၊ မင်း သူ့ကို နိုင်ရင် ကျန်တဲ့လူအားလုံးကို နိုင်မယ် " ဦးလေးသရွန့်က သူ့ကို ကြိုတင်သတိပေးထားသည်။
ကြိုးဝိုင်း ဒိုင်လူကြီးက သူတို့နှစ်ယောက်စလုံးကို ကြိုးဝိုင်းအလယ်သို့ခေါ်လိုက်သည်။ တစ်ယောက်စီ၏ နာမည်ကို ကြေညာလိုက်သည်။ ပရိသတ်က မင်းဖရက်နာမည်ကို တခဲနက်အော်ဟစ်အား ပေးကြသည်။ မင်းဖရက် စိတ်ထဲ၌ ပိုပြီးအားရှိသွားသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက် ကိုယ့်ထောင့် သို့ ကိုယ်အသီးသီးပြန်ကြသည်။ ဦးလေးသရွန့် က သူ့မျက်ခုံးနှင့် ပါးနှစ်ဘက်တွင် ဘယ်စလင်လူးပေးသည်။ ထို့နောက် ပါးစပ်ထဲသို့ သွားဖုံးအကာကို ထည့်ပေးလိုက်သည်။

မင်းဖရက် ပခုံးကို ဦးလေးသရွန့်က အသာပုတ်လိုက်ပြီး လျင်မြန်ဖို့ ရဲရင့်ဖို့ သတိပေးလိုက်သည်။ မင်းဖရက် ခေါင်း ညိတ်ပြသည်။
ပထမအချီ ပွဲစ မောင်းသံမြည်လာသည်။ အမေရိကန် လက်ဝှေ့သမားက သူ့ဆီသို့ ကျားသစ်နက် တစ်ကောင်လိုရွှေ့လျားလာသည်။ သူ့တို့ အနီးကပ် အပြင်းအထန် ထိုးသတ်ကြသည်။ လက်သီးချက် ထိုး အားများ က ပြင်းထန်လှသည်။ တစ်ဦးပျော့ကွက်ကို တစ်ဦးရှာကြည့်သည်။ ခြေအရှေ့အပြောင်း ခေါင်း အတိမ်း အငဲ့နှင့်တကွ လက်မောင်းတံတောင်၊ လက်အိတ်တို့နှင့် ကာကွယ်ခုခံမှုများကို ပြုကြသည်။ ပွဲမှာ မြန်ဆန်ပြီး နှစ်ဦးစလုံးအတွက် အန္တရာယ်ရှိလှသည်။

တစ်ချီပြီးတစ်ချီ လက်ရည်ညီညီဖြင့် ထိုးနေရာ သတ္တမအချီသို့ ရောက်လာသည်။ မင်းဖရက်သည် ထိုမျှ လောက် ပွဲတန်ရှည်အောင် မထိုးရခဲ့ဖူးပေ။ သူနိုင်ခဲ့သော ပွဲအားလုံးသည် မြန်လှသည်။ သူက အပေါ်စီး  များ လက်သီးမိုးရွာခဲ့ရာ တစ်ဘက်လူကို အမြန်ဆုံး လှဲသိပ်နိုင်ခဲ့သည်ချည်းဖြစ်သည်။ သို့သော် ယခုမှ ပွဲရှည်ပွဲ ကျပ်နှင့်လာတွေ့နေရသည်။ ဦးလေးသရွန့်က ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးထားခဲ့၍သာ ခံနိုင်ရည် ရှိနေ ခြင်းဖြစ်သည်။
သတ္တမအချီ ၏ အချိန်တစ်ဝက်သို့ ရောက်လာသည်။

ဆိုက်ရပ်စ် မျက်နှာမှ ဟာကွက် တစ်ကွက်ကို မင်းဖရက်လှစ်ခနဲမြင်လိုက်ရသည်။ ထို့ကြောင့် တစ်ကိုယ်လုံး မှ ရှိသမျှ အားမှန်သမျှကို ညာလက်သို့ စုပုံပို့လိုက်ပြီး တအားကြုံးထိုးလိုက်သည်။ ဆိုက်ရက်စ် ကလည်း အချိန်မီ ရှောင်လိုက်ရာ မျက်နှာကို မထိဘဲ ဦးခေါင်းဘေးဘက်သို့ သွားထိသည်။
သူ့ညာလက်မှာ လက်ဖျံရိုးကျိုးသွားသကဲ့သို့ မင်းဖရက် ခံစားလိုက်ရသည်။ သစ်ကိုင်းခြောက် ကျိုးသွားသလို ထင်လိုက်သည်။ လက်တွင် လျှပ်စစ်ဓာတ်လိုက်ခံရသလို နာကျင်သွားသည်။ ခေါင်းထဲ၌ လည်း မီးထတောက်သွားသည်ဟုပင် ထင်လိုက်ရသည်။ သို့ရာတွင် ထိုနာကျင်မှုသည်ပင် မိမိ၏ အောင်ပွဲဖြစ ကြောင်း၊ ပွဲသိမ်းသွားပြီဖြစ်ကြောင်း မှတ်ယူကာ စိတ်ထဲက ပျော်သွားသည်။ မိမိနိုင်ပြီဟု သူ့ကိုယ်သူ သိ လိုက်သည်။

နာကျင်မှု ပျောက်သွားပြီး အမြင်အာရုံကြည်လာသည်။ သူ့ခြေထောက်ရင်း ကင်းဗတ်ပေါ်၌ လဲကျနေသည့် အမေရိကန် လူမည်းကို ကြည့်လိုက်သည်။ သို့သော် ဆိုက်ရပ်စ် လဲကျသည်ကို မတွေ့ရ၊ သူမလဲသေးဘဲ ရပ်နေဆဲ ရှိ၍ မင်းဖရက် အသက်ရှူ ရပ်သွားမည်ပင်ဖြစ်ရသည်။ သူလည်း ထိခိုက်နာကျင်ပြီး ဒယီးဒယိုင် ဖြစ် နေသည်။ သူ့မျက်လုံးအစုံက ရီေ၀၀ိုးဝါး ဖြစ်နေသည်။ လဲကျလုနီးပါး ရှိနေသော်လည်း မနည်း အားတင်း ပြီး ရပ်နေဆဲရှိသည်။
" အပြတ်ရှင်းလိုက် ... အလဲထိုးချလိုက် "
ပရိသတ်က တခဲနက် အားပေးနေသည်။ မင်းဖရက် အဖို့လည်း ပွဲသိမ်းရေးအတွက် နည်းနည်းလေးသာ ကြိုးစားလိုက်ဖို့ လိုတော့ကြောင်း၊ အထင်းသားမြင်နေသည်။ ညာလက်သီး တစ်ချက် ပစ်သွင်းရန်ပင် မရနိုင် တော့၊ သူ့အတွက် လုပ်စရာဘာမျှ မကျန်တော့၊ သူ့ညာလက် လည်သွားပြီ။

အမေရိကန်လက်ဝှေ့ သမားသည် အရက်မူးသမားလို ဒယီးဒယိုင်ဖြစ်နေသည်။ ကြိုးတန်းနှင့် ထိသွားပြီ ပြန်ကန်ထွက်လာသည်။ မင်းဖရက်သည် ညာလက် မြှောက်မရ၍ ဘယ်လက်ကို သုံးလိုက်သည်။ ဘယ် လက်သီးဖြင့် အမေရိကန် ၏ ဦးခေါင်းကို လှမ်းထိုးလိုက်သည်။ သူက ယိမ်းယိုင်ရှောင်ဖယ်လိုက်ပြီး မင်းဖရက် ပခုံးကို ဖက်တွယ်ထားလိုက်သည်။ နှစ်ဦးသား လုံးထွေးနေစဉ် ထိုအချီပြီးသွား၍ လူချင်းခွဲလိုက် ကြသည်။
ဦးလေးသရွန့် မင်းဖရက်အား ကြိုးဝိုင်းထောင့် နေရာမှ ဆီးကြိုရင်းမေးလိုက်သည်။
" ဘယ်လိုဖြစ်တာလဲ မာနီ၊ မင်းသူ့ကို အလဲထိုးဖို့ အခွင့်အရေး ရလျက်နဲ့ ဘာဖြစ်လို့ မထိုးလိုက်ရတာလဲ "
" ကျွန်တော့် ညာလက် .... "
မင်းဖရက်အသံက နာကျင်မှုကြောင့် မပီမသဖြစ်နေသည်။ ဦးလေးသရွန့်က သူ့လက်ကို ထိကိုင်ကြည့် လိုက်သည်။ ညာလက်ကောက်ဝတ် အထက်နားကို ဖိကိုင်လိုက်ရာ မင်းဖရက်ကတအား အော်မိတော့မလို နီးပါး ဖြစ်သွားရသည်။ လက်မောင်းတစ်ခုလုံး ဖူးရောင်တက်လာသည်ကို သူတို့တွေ့ရသည်။

" ဒါဖြင့် ငါကြိုးဝိုင်းပေါ် မျက်နှာသုတ်ပ၀ါ ပစ်တင်ပြီး အရှုံးပေးလိုက်မယ်လေ " ဦးလေးသရွန့်က ခပ်တိုးတိုး မေးလိုက်သည်။
" ဟင့် အင်း "
မင်းဖရက် က  ငြင်းလိုက်သည်။ တစ်ဘက်ထောင့်မှ အမေရိကန် လက်ဝှေ့သမားကို လှမ်းကြည့် လိုက် သည်။ မူးဝေနေသော လက်ဝှေ့သမားကို သူ့လူများက ရေပတ်နှင့် ဆွတ်ပေးကာ ပါးကို သုတ်ပေး နေသည်။ ဘေးမှလည်း ၀ိုင်းပြီး တတွတ်တွတ်ပြောနေကြသည်။
အဋ္ဌမအချီစမည့် ခေါင်းလောင်းသံ မြည်လာသည်။ မင်းဖရက် ထိုင်ရာမှထပြီး ထွက်လိုက်သည်။ အမေရိကန် လက်ဝှေ့သမားသည် အင်အား ပြည့်ဖြိုးလာပုံရ၍ မင်းဖရက် စိတ်ပျက်သွားရသည်။ သို့သော် သူသည် မင်းဖရက် အား လန့်နေသေးဆဲရှိပုံရပြီး၊ မင်းဖရက်၏ စတင်ထိုးစစ်ဆင်မှုကို စောင့်နေသည်။ မင်းဖရက် က သူ၏ပြင်းထန်သော ညာလက်သီးကို ထပ်မသုံးသေးသဖြင့် ဆိုက်ရပ်စ် ပထမတွင် တွေဝေ သွားသည်။ နောက်မှ အခြေအနေမှန်ကို တွေ့မြင်သဘောပေါက်သွားသည်။

နှစ်ယောက်သား ကပ်မိကြချိန်တွင် သူက ပြောလာသည်။
" မင်း အစွမ်းကုန်ပြီမဟုတ်လား၊ ညာလက်သုံးမရတော့ဘူး မဟုတ်လား၊ လူဖြူကလေး၊ မင်းကိုငါ ခုအချိန် ကစပြီး တစ်စစီဖဲ့ကိုက်စားပြမယ်ကွသိလား "
သူ့လက်သီးချက်များက မင်းဖရက်ကို အထိ နာလာစေသည်။ မင်းဖရက် နောက်ဘက်သို့သာ လှည့်ပတ် တိမ်းရှောင်နေရသည်။ သူ့ဘယ်မျက်လုံးက ဖူးရောင်ပိတ်လာသည်။ ပါးစပ်ထဲတွင် သွေးအရသာလေးပေါ် လာသည်။

အမေရိကန် လက်ဝှေ့သမားက ဘယ်ဖြောင့်လက်သီး ပစ်သွင်းလာသည်။ မင်းဖရက်ညာလက်သီးက အလို အလျောက် ကာမိလျက်သား ဖြစ်သွားသည်။ လက်အိတ်စွပ်ထားသော လက်သီးချင်း ထိပ်တိုက်ထိမိကြ သည်။ မင်းဖရက်အဖို့ အသည်းခိုက်အောင် နာသွားသည်။ ဆိုက်ရပ်စ်၏ နောက်တစ်ကြိမ်လက်သိးကို ညာ လက်ဖြင့် မကာကွယ်တော့ပေ။ ထိုအခါ သူ့လက်သီးက မင်းဖရက်၏ ဖူးရောင်နေသော မျက်လုံးပေါ်သို့ ၀ုန်း ခနဲကျလာသည်။ အထိနာသွားရပြန်သည်။ အဋ္ဌမအချီပြီးသည့် ခေါင်းလောင်းသံမြည်လာသည်။
ခေတ္တ နားစဉ် ဦးလေးသရွန့်က မင်းဖရက်မျက်လုံးကို ရေခအြ၀တ်ထုပ်ဖြင့် တို့ပေးရင်း မေးလိုက်သည်။

" နောက်နှစ်ချီတောင် ကျန်သေးတယ်။ ဖြစ်ပါ့မလား မာနီ"
မင်းဖရက်က ခေါင်းညိတ်ပြလိုက်သည်။ န၀မအချီစကြောင်း ခေါင်းလောင်းသံပေါ်လာသည်နှင့် မင်းဖရက် ထသွားသည်။ အမေရိကန် လက်ဝှေ့သမားကလည်း စိတ်အား တက်ကြွစွာ ထွက်လာသည်။ သူက ညာလက်သီးဖြင့် တိုက်ခိုက်ရာ မင်းဖရက်က ဘယ်လက်သီးဖြင့် ခုခံသည်။ အကယ်၍ မင်းဖရက် ညာလက်သီးသာသုံးနိုင်လျှင် ခံစစ်မှထိုးစစ်သို့ ပြောင်းသွားနိုင်သည်။ ယခုတော့ သူ့ညာလက်သီးက သုံးမရဘဲ ဖြစ်နေသည်။ ဆိုက်ရပ်စ်၏ လက်သီးတစ်လုံးက မင်းဖရက် မျက်နှာကို ထိသွားပြန်ရာ သွေးပင် ဖျာကျလာသည်။
ကြိုးဝိုင်းဒိုင်က မင်းဖရက်ဒဏ်ရာကို စစ်ဆေးရန် လူချင်းခွဲလိုက်ချိန်မှာပင် န၀မအချီပြီးဆုံးသည့် ခေါင်းလောင်းသံ မြည်လာသည်။ မင်းဖရက် ဒယိမ်းဒယိုင်ဖြင့် သူ့ထောင့်သို့ပြန်သွားရာ ဦးလေးသရွန့်က ပြေးလာ ပြီး ဆီးကြိုတွဲခေါ်သည်။

" ငါ ပွဲရပ်ခိုင်းလိုက်တော့မယ်၊ ခုအတိုင်းဆက်ထိုးယင် မင်းမျက်စိပျက်သွားလိမ့်မယ် "
" ဦးလေး အခုနေသာပွဲရပ်လိုက်ယင် ဦးလေးကို ကျွန်တော် တစ်သက်ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး "
သူ့အသံက တိုးညင်းသည်။ သို့သော် သူ၏ အ၀ါရောင် မျက်လုံးထဲမှ အခိုးအငွေ့များက အဓိပ္ပာယ် ပြည့်ဝစွာ ဖော်ပြနေသည်။ ထို့ကြောင့် ဦးလေးသရွန့်က မင်းဖရက်ဒဏ်ရာများကို သန့်စင်ပေးနေသည်။ ကြိုးဝိုင်း ဒိုင်လူကြီး က မင်းဖရက်ဒဏ်ရာကို လာပြီး စစ်ဆေးသည်။ မင်းဖရက်မျက်နှာကို မီးရောင်ဘက် သို့ လှည့်ခိုင်းပြီး ကြည့်လိုက်သည်။
" မင်း ဆက်ထိုးနိုင်မလား "
ကြိုးဝိုင်းဒိုင်လူကြီးက မေးလိုက်သည်။
" ဟစ်တလာ နဲ့ ဂျာမန်လူမျိုး အတွက် ဆက်ထိုးမယ် "
မင်းဖရက်က ခပ်တိုးတိုးဖြေလိုက်ရာ ဒိုင်လူကြီးက ခေါင်းညိတ်ပြလိုက်သည်။

" မင်း တကယ်သတ္တိပြောင်တဲ့လူပဲ "
ကြိုးဝိုင်းဒိုင်က နောက်ဆုံးအချီဆက်ထိုးရန် အချက်ပြလိုက်သည်။
ထို နောက်ဆုံး အချီသည် မင်းဖရက်အဖို့ နာကျင်သော ဝေဒနာကို အဆုံးအစမရှိ ခံစားနေရသောအချီပင် ဖြစ်သည်။ အမေရိကန်လက်ဝှေ့သမားက အပေါ်စီးမှ စိတ်ကြိုက်ဖိထိုးနေသည်။ မင်းဖရက်အဖို့ ထိုလက် သီးချက်များကို ခုခံကာကွယ်နိုင်သော အင်အားပင် လျော့ကျလာသည်။ တစ်ဖက်သတ် အလူးအလဲလှိမ့်ခံ နေရသည်။
ပရိသတ်သည် မင်းဖရက်အပေါ် သနားလာသည်။ အထိတ်တလန့်လည်း ဖြစ်လာသည်။ တစ်ဖက်သတ် ရက်ရက်စက်စက် ထိုးသတ်နေမှုကို ရပ်ပေးရန် ကြိုးဝိုင်းဒိုင်လူကြီးအား အော်ဟစ်တောင်းဆိုကြသည်။ မင်းဖရက် ကမူ လဲကျမသွားဘဲ အားခဲရပ်တည်နေဆဲရှိသည်။ ဘယ်လက်သီးဖြင့် ပြန်ထိုးနိုင်ရန် ကြိုးစား နေ ဆဲရှိသည်။ သူ့မျက်နှာပေါ်နှင့် ကိုယ်ပေါ်သို့ တစ်ဘက်မှ လက်သီးများ ဆက်တိုက်ကျနေသည်။

နောက်ဆုံးတွင် ပွဲသိမ်းခေါင်းလောင်းသံ မြည်လာသည်။ မင်းဖရက်ဒီလာရေး ရပ်နေနိုင်သေးဆဲရှိသည်။ ကြိုးဝိုင်းအလယ်တွင် ရပ်နေသော်လည်း ခန္ဓာကိုယ်ကြီးက နတ်ပူးသလို ဘယ်ညာယိမ်းထိုးနေသည်။ ဘာမှ လည်းမမြင်ရ၊ ဘာမှလည်း မခံစားရ၊ ကိုယ့်ထောင့်သို့ ကိုယ်ပြန်ရန်ပင် လမ်းမမြင်ပါတော့ချေ။ ဦးလေးသရွင့် ကသူ့ဆီပြေးသွားပြီး ကြင်နာယုယစွာပွေ့ပိုက်သည်။ ဦးလေးသရွန့်ငိုနေသည်။ မျက်ရည်များ စီးကျနေသည်။ သူ့အဖို့ မရှက်နိုင်ပါချေ။ မင်းဖရက်ကိုတွဲပြီး သူတို့ထောင့်ဆီသို့သွားကြသည်။

" မာနီရယ် ... မင်းကိုသနားလိုက်တာ၊ ငါ ပွဲကိုရပ်ပစ်သင့်တယ်၊ ဒီလောက်အထိ အဖြစ်မခံသင့်ဘူး"
သူတို့နှင့် ဆန့်ကျင်ဘက် ကြိုးဝိုင်းထောင့်တွင်  ဆိုက်ရပ်စ်လို မက်စ်ကို အားပေးသူများက ၀ိုင်းဝိုင်းလည်နေ ကြသည်။ သူတို့ရယ်မောကြပြီး ဆိုက်ရပ်စ်ကျောကိုပုတ်ကြသည်။ ဆိုက်ရပ်စ်ကလည်း အောင်ပွဲခံလက်ဝှေ့ ယိမ်းပြလိုက်သည်။ အမှတ်ပေးဒိုင်လူကြီးများ၏ အတည်ပြုဆုံးဖြတ်ချက်ကို နားစွင့်နေသည်။ အနိုင်အရှုံး ကြေညာလျှင် မင်းဖရက်ထံသွားပြီး သတ္တိရှိရှိ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်မှုအတွက် ချီးကျူးဂုဏ်ပြုရန် အသင့်ပြင် နေသည်။

ကြိုးဝိုင်းဒိုင်လူကြီးက မိုက်ကရိုဖုန်းကို တစ်ဘက်ကကိုင်၍ အမှတ်ပေးဒိုင်လူကြီးများ၏ အမှတ်ပေး ကတ်ပြား များကို ကျန်တစ်ဘက်ကကိုင်ကာ ပြောလိုက်သည်။
" ကျေးဇူးပြု၍ နားဆင်ပါခင်ဗျား၊ လိုက်ဟဲဗီးဝိတ်တန်း၊ ရွှေတံဆိပ်လုပွဲတွင် တောင်အာဖရိကနိုင်ငံမှ မင်းဖရက်ဒီလာရေး က အ မှတ်နဲ့ အနိုင်ရရှိသွားပါတယ် "
ကြီးမားသော လက်ဝှေ့ရုံကြီး အပြည့်လူထု ပရိသတ်ကြီးသည် အံ့အားသင့်ပြီး ကြက်သေသေကာ သုံးလေးစက္ကန့်ခန့် အသံတိတ်သွားသည်။ ထို့နောက်မှ ကန့်ကွက်သံများ၊ ဒေါသပေါက်ကွဲသံများ မုန်တိုင်း ကျသည့် အလား ထွက်ပေါ်လာသည်။

ဆိုက်ရပ်စ်လိုမက် လည်း ဒေါသပေါက်ကွဲပြီး ကြိုးဝိုင်းထဲ၌ အရူးတစ်ယောက်လို လျှောက်ပြေးနေသည်။ အမှတ်ပေး ဒိုင်လူကြီးများကို လှမ်းအော်သည်။ ပွဲကြည့်ပရိသတ်အချို့က ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြ ရန်အတွက် ကြိုးဝိုင်းထဲတက်ရန် ကြိုးစားကြသည်။

ဗိုလ်မှူးကြီး ဆစ်မန်းသည် တစ်စုံတစ်ယောက်အား ခေါင်းဆက်ပြလိုက်သည်။ ယူနီဖောင်း အညိုရောင် စစ်သားများက ကြိုးဝိုင်းကို ၀ိုင်းပတ်နေရာယူလိုက်ကြသည်။ ဒေါသထွက်နေသော လူအုပ်ကို နောက်ဘက် ပြန် တွန်းပို့ကြသည်။ မင်းဖရက်ကြိုးဝိုင်းမှဆင်းလာသောအခါ အ၀တ်အစားလဲခန်းသွားမည့် လမ်း တစ်လျှောက် တွင် စစ်သားများက ၀ဲယာနှစ်ဘက်မှ နေရာယူကာပေးပြီး စောင့်ရှောက်ကြသည်။

ကြိုးဝိုင်း ဒိုင်လူကြီးသည် အဆုံးအဖြတ် မျှတမှုရှိကြောင်း သက်သေထူရန် အမှတ်ပေးဒိုင်များ ပေးထားသော အမှတ်စာရင်းကို ဆက်လက်ဖတ်ပြနေသည်။ သို့ရာတွင် မည်သူမှအရေးလုပ် နားမထောင်ပါချေ။ ပရိသတ် ၏အော်သံမှာ တဖြည်းဖြည်းလျှော့ကျသွားတော့သည်။

ဆက်ရန်
.

No comments: