Wednesday, January 4, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၁)

(၄၁)

အစ္စဘယ်လာပေါ်တွင် ကတိပျက်ရခြင်းကြောင့် မိမိမည်မျှ တန်ဖိုးကြီးကြီးပေးဆပ်ရမည်ကို စင်တိန် သိနိုင်မည် မဟုတ်ပါချေ။
အစ္စဘယ်လာသည် အရိုးပေါ် အရေတင်မျှဖြစ်နေပြီး တစ်ကိုယ်တည်း အထီးကျန်ငြီးငွေ့စရာဘ၀နှင့် ရင်ဆိုင်နေရသည်။ အသားအရေက ခြောက်ခန်းပြီး မျက်လုံးက အရောင်မတောက်တော့။
" ဘယ်လို ... ရှင်လိုက်မပို့နိုင်ဘူးဟုတ်လား၊ ရှင်ပဲလိုက်ပိုပမယ်လို့ ကတိပေးခဲ့တာ မေ့သွားပြီလား ဘလိန်း ရယ်၊ ဒီတစ်ပတ် အမေ့အိမ်သွားရဖို့ မျှော်လင့်စောင့်စားခဲ့ရတာ ကြာပါပြီရှင် "
အစ္စဘယ်လာ က မကျေနပ်သံ ၀မ်းနည်းသံဖြင့် ပြောလိုက်သည်။

" ထွက်သွား ... ရှင်ထွက်သွား၊ ဒီကိုဘယ်တော့မှ ပြန်မလာနဲ့တော့၊ ရှင်ပျော်ပွဲစားကို တစ်သက်လုံး လိုက် သွားပေတော့၊ ကျွန်မဟာ ရှင့်အတွက် ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်ဆိုတာ ကျွန်မသိပါတယ်၊ ရှင် ကျွန်မ ရှေ့မှာ သုံးလေးမိနစ်ထက် ပိုမနေချင်ဘူးဆိုတာလဲ ကျွန်မသိပါတယ် "
ဘလိန်း သည် ရပ်မနေနိုင်တော့ဘဲ အစ္စဘယ်လာအား ဖေးမကိုင်တွယ်ကာ ဒေါသပြေသွားအောင် ချော့ လိုက်တော့သည်။

" မင်းပြောတာ မှန်ပါတယ် အချစ်ရယ်၊ ပျော်ပွဲစားကိစ္စ ပြောလိုက်မိတာ ငါတစ်ကိုယ်ကောင်းဆန်သလိုဖြစ် သွားတယ်၊ နောက် ငါမပြောတော့ပါဘူး၊ ကဲ ... ကဲ ငါ မင်းနဲ့ပဲ လိုက်ခဲ့ပါမယ် "
အစ္စဘယ်လာမျက်လုံးအစုံထဲ၌ အောင်ပွဲရ အရိပ်အယောင်ကို ဘလိန်း မြင်လိုက်ရသည်။ ဘလိန်း အစ္စဘယ်လာအား တစ်သက်တွင် ပထမဆုံးအကြိမ် မုန်းမိလာသည်။ ခေါင်းထဲသို့လည်း အတွေးဝင်လာ သည်။ " ဘာဖြစ်လို့ သူ မသေနိုင်သေးတာလဲ၊ သူသေသွားရင် သူ့အတွက်ရော ကျန်တဲ့လူတွေအတွက်ပါ ပိုကောင်းသွားမယ် "
ဘလိန်းသည် ထိုအတွေးကို ချက်ချင်း ခြေဖျက်လိုက်သည်။ အစ္စဘယ်လာကပြောလိုက်သည်။

" ကျွန်မတို့နှစ်ယောက်တည်း ခဏလောက် ကြာကြာနေပါရစေဦး ဘလိန်းရယ်၊ သိပ် ပျော်စရာ ကောင်းလို့ပါ၊ ကျွန်မတို့ နှစ်ယောက် စကားစမြည်ပြောဖို့ အခွင့်အရေးက ရခဲလှပါတယ်ရှင်၊ ရှင်က ပါလီမန် မှာ အချိန် အတော်များများ ပေးနေရတယ်၊ ၀န်ကြီးအဖွဲ့ အစည်းအဝေးထိုင်ရတယ်၊ အစည်းအဝေး အားတဲ့အချိန်မှာ ပိုလုပ်ကွင်းဆင်းရသေးတယ်မဟုတ်လား"
" မင်းကို ငါ နေ့တိုင်းလာတွေ့သားပဲ၊ မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ်လေ "
" ဟုတ်ပါတယ်၊ ဒါပေမယ့် စကားပြောဖို့အချိန်မရခဲ့လေး ဘာလင်ကိစ္စတောင် မတွေးနွေးရသေးဘူးမဟုတ် လား၊ အခုလို အချိန်တောင်မရှိတော့ဘူး "
" ဆွေးနွေးစရာကော များများစားစားရှိလို့လားကွယ် "

ဘလိန်းက သူ့လက်ကို ကိုင်ထားသော အစ္စဘယ်လာလက်ကို ဖြေလိုက်ရင်း မေးလိုက်သည်။ သူမနှင့် မျက်နှာချင်းဆိုင်ကုလားထိုင်၌ သွားထိုင်လိုက်သည်။
" ရှိတာပေါ့၊ စီစဉ်စရာတွေအများကြီးရှိတယ်၊ ရှင့်ရဲ့ ပိုလိုအသင်းက ဘယ်တော့သွားမှာလဲ အစ္စဘယ်လာ က မေးလိုက်သည်။
" ငါ အသင်းနဲ့လိုက်သွားနိုင်မှာမဟုတ်လား၊ အသင်းမသွားခင် သုံးလေးပတ်စောထွက်ရမယ်၊ ဘာလင် မသွားခင် လန်ဒန်နဲ့ ပါရီမှာ ၀င်ပြီး ဗြိတိသျှနဲ့ ပြင်သစ်အစိုးရတွေနဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ်"
" အို ... ဘလိန်း၊ ကျွန်မ ရှင်နဲ့ လိုက်ပါဖို့အတွက် အစီအစဉ်တွေ လုပ်ရဦးမယ်လေ "
" ဟုတ်တယ်၊ သေသေချာချာ ဂရုတစိုက် စီစဉ်ရလိမ့်မယ်၊ မင်းခရီးထွက်ခြင်းအားဖြင့် မင်းရဲ့ ကျန်းမာရေး ပိုမဆိုးလာစေနိုင်ဘူးဆိုတာ သေချာအောင် ဦးစွာ လုပ်ရမယ်" ဘလိန်းက စကားလုံးများကို တစ်လုံးချင်း ရွေးပြီး ပြောလိုက်သည်။

" ကျွန်မကို ရှင်နဲ့မလိုက်စေချင်ဘူးပေါ့၊ ဟုတ်လား "
အစ္စဘယ်လာက စူးစူးဝါးဝါး အော်ပြောလိုက်သည်။
" ဆိုပါတော့ "
" ရှင် ကျွန်မဆီက ဝေးဝေးထွက်သွားဖို့ အခွင့်အရေးကောင်း တစ်ရပ်ပေါ့ဟုတ်လား "
" အစ္စဘယ်လာ ... စိတ်ကို ငြိမ်ငြိမ်ထားပါကွာ၊ ကျန်းမာရေးကို ဂရုစိုက်ပါ"
" ရှင် ကျွန်မကို ဂရုစိုက်ချင်ယောင် လာဆောင်မနေပါနဲ့၊ ကျွန်မဟာ ရှင့်အတွက် ၀န်ထုပ်ဝန်ပိုး ကြီးဖြစ်နေတာ ကိုးနှစ်ရှိပြီမဟုတ်လား၊ ရှင် ကျွန်မကို သေစေချင်နေတယ်မဟုတ်လား "
" အစ္စဘယ်လာ ... "
ဘလိန်းက လှမ်းအော်လိုက်သည်။ သူ့အဖို့ အနာပေါ် တုတ်ကျဖြစ်သွားသည်။

" ကျွန်မ ရှေ့လာပြီး သူတော်ကောင်းယောင်ဆောင် မနေပါနဲ့ ဘလိန်းမယလကွန်၊ ကျွန်မ ဒီလက်တွန်း ကုလားထိုင်ပေါ်က မထနိုင်ပေမယ့် အားလုံးကို မြင်နေရတယ် ... ကြားနေရတယ်ရှင့် "
" မင်း ဒီလို ဒေါသကြီးနေရင် ငါ စကားဆက်မပြောချင်တော့ဘူး၊ မင်းစိတ်ကို မင်းနိုင်တဲ့ အချိန် ကျမှပဲ ဆွေးနွေးတော့မယ် "
ဘလိန်းက ထိုင်ရာမှထလိုက်သည်။
" ရှင် ပြန်ထိုင် ... ရှင် ပြင်သစ်အပျက်မဆီ သွားသွားနေတာကို ကျွန်မ ခွင့်မပြုနိုင်ဘူး "
အစ္စဘယ်လာ က အော်ပြောလိုက်သည်။ ထိုစကားသည် ဘလိန်းအဖို့ အရှိုက်ထိုးခံလိုက်ရသလိုဖြစ်သွား သည်။ အစ္စဘယ်လာ က မနာလိုကြီးစွာဖြင့် ဆက်ပြောသည်။

" နောက်ဆုံးတော့ ဒီလိုပဲ ပြောရမှာပဲ၊ အရိပ်အမြွတ်ပြောနေလို့မှ ရှင်မသိဘဲ၊ မကောင်းတဲ့ဟာမဟာ မကောင်းတဲ့ ဟာမဘဲပေါ့၊ အပျက်မဘဲပေါ့ "
" မင်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ပြောနေရင် ငါထွက်သွားလိုက်မယ် "
ဘလိန်းက သတိပေးလိုက်သည်။
" မိန်းမယုတ်မ ... လင်ခိုးမ ... ပြည့်တန်ဆာမ "
အစ္စဘယ်လာ က ဆက်ပြောသည်။ ဘလိန်းက တစ်ဘက်သို့ ချာခနဲ လှည့်ထွက်သွားသည်။

" ဘလိန်း ... ကျွန်မ တောင်းပန်ပါတယ်၊ ပြန်လာပါရှင် ... ပြန်လာပါ "
အစ္စဘယ်လာက ကရုဏာသံဖြင့် တောင်းပန်လိုက်သောအခါ ဘလိန်း ငြင်းဆန်ရန် ခက်သွားပြန်သည်။ ခြေလှမ်းတုံ့ခနဲ ဖြစ်သွားသည်။ နောက်သို့ ပြန်လှည့်လိုက်သည်။ သူ့လက်နှစ်ဘက်က တဆတ်ဆတ်တုန် နေသဖြင့် ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ထားလိုက်သည်။
အခန်းဝ တွင်ရပ်ပြီး အစ္စဘယ်လာအား လှမ်းပြောလိုက်သည်။

" အေး၊ ဟုတ်တယ်၊ မင်းပြောတဲ့အတိုင်း မှန်တယ်ပဲထားလိုက်ပါတော့၊ ဘာဖြစ်လဲ စင်တိန်ကို ငါချစ်တယ်၊ နောက်ပြီးတော့ မင်းအရှက်မကွဲအောင် မထိခိုက် မနစ်နာရအောင် ငါတို့ အစွမ်းကုန် ကြိုးစားထားတယ်ဆို တာ မင်းသိထား၊ မင်းသူ့ကို နောက် ဒီလိုမပြောနဲ့၊ သူက ခွင့်မပြုလို့ကွ၊ လက်မခံလို့ကွ၊ သူသာ လက်ခံရင် ငါမင်းကိုပစ်ပြီး သူ့ဆီကို ရောက်နေတာ ကြာလှပြီ။ ငါ မင်းဆီမှာ ရှိနေသေးတာဟာ သူက တားထားလို့ ဆို တာ မင်းမသိပေမယ့် ဘုရားသခင်သိတယ်ကွ "
ဘလိန်း တုန်လှုပ်သလိုပင် အစ္စဘယ်လာလည်း တုန်လှုပ်နေသည်။

" ကျွန်မ ရှင်နဲ့ ဘာလင်ကိုလိုက်လို့ မရဘူးဆိုတာ သိပါတယ်။ ကျွန်မ ဒေါက်တာ ဂျိုးဇက်ကို မေးပြီးပြီ၊ သူကလဲ မလိုက်ဖို့တားတယ်၊ အဲဒီခရီးသွားရင် ကျွန်မ သေလိမ့်မယ်တဲ့၊ ဒါပေမယ့် ရှင်နဲ့ ဟိုကောင်မနဲ့ ဘာတွေ စီစဉ်ထားတယ်ဆိုတာ ကျွန်မသိတယ်၊ ရှင်က ရှင့်ကောင်မ လိုက်လာလို့ ရအောင် သူ့သားကို လက်ရွေးစင်ဖြစ်ဖို့ ရှင့် အရှိန်အ၀ါနဲ့ လုပ်ခဲ့တာလဲ ကျွန်မ သိတာပဲ "
ဘလိန်း ဒေါသဖြစ်သော်လည်း တားလို့ရမည်မဟုတ်မှန်း သိလာ၍ ငြိမ်နေလိုက်သည်။

" ကျွန်မ ရှင့်ကို ပြောလိုက်စမ်းပါရစေ၊ ရှင်တို့နှစ်ယောက် ထင်သလို ပျားရည်ဆမ်းခရီးမဖြစ်စေရဘူးရှင့်၊ ရှင့် သမီးတာရာနဲ့ မယ်သီဒါတို့နှစ်ယောက်စလုံးကို ရှင်နဲ့လိုက်သွားဖို့ ကျွန်မ ပြောထားပြီးပြီ၊ ရှင် ဘာလင် မှာ "ရိုမီယို" သွားလုပ်လို့ မရဘူး၊ ကလေးထိန်းပဲလုပ်ရလိမ့်မယ်၊ တကယ်လို့ ရှင်သမီးနှစ်ယောက်ကို ခေါ်မသွား ဘူးဆိုရင် ရှင်ဘာကြောင့် ခေါ်မသွားတယ်ဆိုတာ ကလေးနှစ်ယောက် ကို ဖွင့်ပြောလိုက်မယ် "
*
တောင်အာဖရိက ကိုယ်စားပြု လက်ဝှေ့အသင်း စာရင်းကို ကြေညာသောအခါ လိုက်ဟဲဗီးဝိတ်တန်း အတွက် မင်းဖရက် ဒီလာရေးမှာ အများမျှော်လင့်ထားသည့်အတိုင်းပင် အရွေးခံရသည်။ ထို့အပြင် ဟဲဗီးဝိတ်တန်း အတွက် ရိုအက်ဖ်စတင်ဒါ အရွေးခံရပြီး နည်းပြဆရာအဖြစ် ဘုန်း တော်ကြီး သရွန့်ဘိုင် အာမင် အား တာဝန်ပေးအပ်ခံရသည်။ စတယ်လင်ဘို့ရှ် တက္ကသိုလ်နှင့် မြို့အတွက် အောင်မြင်မှုပင်ဖြစ်ရာ အောင်ပွဲ များ အထပ်ထပ် အခါခါ ကျင်းပကြသည်။

အော်စီဝါဘရင် ၀က်လျှို့ဝှက်အဖွဲ့အစည်း၏ ညဥ့်နက်ပိုင်း အစည်းအဝေးတစ်ခုတွင်လည်း တပ်မှူးကြီးက သူတို့နှစ်ယောက်အား အာဖရိကဖွား စံပြလူငယ်အဖြစ် ချီးကျူးထောပနာပြုသည်။ သူတို့နှစ်ယောက်အား အရာရှိတံဆိပ်များကို ကျူးနစ်အင်္ကျီများတွင် တပ်ဆင်ပေးလိုက်သည်။
" သူသိပ်လှတာပါပဲလား "
မင်းဖရက်က ပြောလိုက်ပြီး သူမဆီသို့ အားသွန်ပြေးသွားသည်။ ဆာရာကလည်း သူ့ဆီသို့ပြေးလာသည်။ မင်းဖရက်ရပ်ပြီး ဆာရာကို ကြည့်နေသည်။ ဆာရာက ရေအေးမျက်နှာသုတ်ပ၀ါကို လှမ်းပေးသည်။ မင်းဖရက်က မယူသေးဘဲဆက်ပြီးစိုက်ကြည့်နေသည်။ ဆာရာကရှေ့သို့ တစ်လှမ်းထပ်တိုးလာပြီး မင်းဖရက်၏ လည်ပင်းနှင့် မျက်နှာမှ ချွေးများကို သူမကိုယ်တိုင် သုတ်ပေးသည်။

" မနေ့ညနေက ကျွန်မ အိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ ကျွန်မတို့နှစ်ယောက် ဒုက္ခသည်စခန်းကို ပြန် ရောက်နေကြတယ်။ မီးရထားလမ်းဘေးက စခန်းလေးမှတ်မိသေးသလားမာနီ"
မင်းဖရက်က ခေါင်းညိတ်လိုက်သည်။ သူ့လည်ချောင်းထဲ၌ တစ်ဆို့ဆို့ကြီး ဖြစ်နေပြီး စကားလုံးမထွက်ဘဲဖြစ်နေသည်။
" အိပ်မက်ထဲမှာလေ ကျွန်မ အမေသေနေတာကိုတွေ့ရတယ်။ သိပ်ကြောက်စရာကောင်းတာပဲ၊ အဲဒါလေ ကြည့်ရင်း ကြည့်ရင်းတစ်မျိုး ပြောင်းသွားတယ်၊ ကျွန်မ အမေမဟုတ်တော့ဘဲ ရှင်ဖြစ်သွားတယ်၊ ရှင့် မျက်နှာ လေးဖြူဖတ်ဖြူရော်ဖြစ်ပြီး သိပ်ကြည့်ကောင်းတာပဲ၊ အဲဒါနိမိတ်မကောင်းဘူး၊ ကျွန်မ ရှင့်ကို ဆုံးရှုံးရပြီ လို့ စိတ်ထဲမှာသိနေတယ်၊ ကျွန်မလဲ ရှင်နဲ့ အတူ လိုက်သေပြီး ဖြစ်ရာဘ၀မှာ အတူ နေချင်တော့ တာပဲ မာနီရယ်၊ အဲဒါ ကျွန်မအိပ်မက်ပဲ "

မင်းဖရက်က ဆာရာ့ လက်မောင်းနှစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ ဆာရာက တစ်သိမ့်သိမ့်ရှိုက်ပြီး မင်းဖရက် ရင်ခွင်၌ သူမမျက်နှာကို အပ်လိုက်သည်။
" အို မာနီ ... ကျွန်မ ရှင့်ကို မဆုံးရှုံးပါရစေနဲ့၊ ကျွန်မဆီ ပြန်လာပါနော်၊ ရှင်မရှိရင် ကျွန်မသေမှာပဲ "
ဆာရာ့ အသံ က တုန်နေပြီ သူ့ကိုယ်ခန္ဓာက အေးစက်နေသည်။
" ငါ မင်းကိုချစ်ပါတယ်ဆာရာရယ် "
မင်းဖရက်အသံကလည်း တုန်ရင်လှိုက်မောနေသည်။

" အို ... မာနီ "
" မင်းကို ငါချစ်တာ အလျင်ကမသိခဲ့ဘူး၊ အခုမှ သိတယ် "
" အို ... မာနီရယ် ကျွန်မကတော့ ရှင့်ကို စမြင်ကတည်းက ချစ်ခဲ့ရသူပါ၊ သေတဲ့အထိလဲ ချစ်သွားဦးမှာပါ "
ဆာရာ က ခေါင်းကလေးကို မော့ပေးလိုက်ပြီး ထပ်ပြောသည်။
" နမ်းလေမာနီ ... နမ်းလိုက်စမ်းပါ "
မင်းဖရက်က ငုံ့နမ်းလိုက်သည်။ နှုတ်ခမ်းချင်းထိတွေ့ ဂဟေဆက်သွားသည်။ ထိုအထိအတွေ့က မင်းဖရက် ခန္ဓာကိုယ်ထဲ၌ မီးတောင်ကြီးပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ လမ်းဘေး သစ်ပင် အုပ်များ ခြေရင်းမြက် ခင်းပေါ်တွင် နှစ်ဦးသားလွဲချလိုက်ကြသည်။ အတွေ့အထိ၏ ခေါ်ဆောင်ရာ နောက်သို့ နှစ်ဦးသား မျောပါ သွားကြသည်။

မည်သို့ ဖြစ်ပျက်သွားသည်ကို မင်းဖရက်မသိလိုက်တော့ချေ။ အသိစိတ်ပြန်ဝင်လာသောအခါ မင်းဖရက် အတော်ပင် တုန်လှုပ်ချောက်ချားသွားပြီး ဘောင်းဘီကို ကောက်ဝတ်လိုက်မိသည်။
" တို့တော့ ခွင့်မလွှတ်နိုင်စရာအမှားကြီးကို ကျူးလွန်ခဲ့ကြပြီ "
မင်းဖရက် က အထိတ်တလန့်ပြောလိုက်သည်။

" အင်း၊ ဒီလိုမဟုတ်ပါဘူး မာနီ ... နှစ်ဦးသား အပြန်အလှန် ချစ်ကြတယ်ဆိုရင် အမှားရယ်လို့ မဆိုနိုင်ပါဘူး၊ လောကရဲ့ သစ္စာတရား အလှတရားပါပဲ "
" မင်းဖရက်တို့ အားကစားအဖွဲ့ ဥရောပသို့ သင်္ဘောနှင့် မထွက်ခွာမီတစ်ညတွင် ဦးလေးအိမ်မှ သူ့ အခန်းတွင် မင်းဖရက်ပြန်အိပ်သည်။ ထိုညက ဆာရာ သူမအခန်းသို့ တိတ်တိတ်လေး လာအိပ်သည်။ နှစ်ဦးသား အားရပါးရဖက်ထားစဉ် ဆာရာက ပြောလိုက်သည်။
" ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ထာဝရပိုင်ဆိုင်ကြပြီနော် မာနီ "
*
သင်္ဘောထွက်ရန် နာရီဝက် အလိုတွင် စင်တိန်၏ သင်္ဘောအခန်းကျယ်ကြီးထဲသို့ မိတ်ဆွေများလာရောက် နှုတ်ဆက်ရာ ပြည့်ကျပ်လုနီးပါးဖြစ်နေသည်။ စင်တိန်က အားလုံးကို ရှန်ပိတ်ချောင်းစီးဧည့်ဝတ်ပြုသည်။ စင်တိန်၏ ရင်းနှီးသော မိတ်ဆွေများထဲ၌ ဘလိန်းတစ်ယောက်ကိုမတွေ့ရပေ။ သူတို့နှစ်ယောက်သည် သင်္ဘောရေလယ်လောက်ရောက်မှ အမှတ်မထင် တွေ့သည့်ပုံစံဖြင့် တွေ့ရန် ကြိုတင်စီစဉ်ထားကြသည်။

အခန်းထောင့်တစ်ထောင့်တွင် ရှာဆာက ရွယ်တူ အမျိုးသမီးများအား ဧည့်ခံစကားပြောနေသည်။ ရှာဆာ သင်္ဘောအခန်း ဘေးဘက်ရှိ မှန်အပေါက်ဝိုင်းမှ အမှတ်မထင် လှမ်းကြည့်လိုက်ချိန်တွင် အပြင်ဘက်စင်္ကြံမှ ဖြတ်လျှောက် သွားသော အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းပိုင်းကို ရိပ်ခနဲ မြင်လိုက်ရသည်။ သူမ မျက်နှာကို ဘေးတိုက်မှ မြင်လိုက်ရရုံဖြင့်ပင် ရင်ထဲ၌ ဒိတ်ခနဲ ခုန်သွားသည်။
ရှာဆာ အခန်းထဲမှ ကမန်းကတန်းထွက်ပြီးသူမလျှောက်သွားသော စင်္ကြံဘက်သို့ လိုက်ကြည့်သည်။ အခန်း တစ်ခန်းထဲသို့ ၀င်သွားသော သူမကို နောက်ဘက်မှသာ မြင်လိုက်ရတော့သည်။ ထိုအချိန်တွင် သင်္ဘော မှ အသံချဲ့စက် ကြေညာသံပေါ်လာသည်။

" ခရီးသည်များကို လိုက်ပို့သော ဧည့်သည်များ ခင်ဗျား၊ သင်္ဘောထွက်တော့မည်ဖြစ်၍ ကုန်းပေါ်တက်ကြ ရန် နောက်ဆုံးအကြိမ် နှိုးဆော်အပ်ပါတယ် "
ရှာဆာ သူ့အမေဧည့်ခန်းသို့ ပြန်ရောက်လာသည်။ ဧည့်သည်များ မရှိတော့ဘဲ စင်တိနှ်င့် ဒေးဗစ်သာကျန် တော့သည်။
" လာ သားရေ ... ထမင်းစားခန်းမှာ နေရာ ဘယ်လိုချထားတယ်ဆိုတာ သွားကြည့်ရအောင်"
" မေမေ့ကို သင်္ဘောကပ္ပတိန်ရဲ့ စားပွဲပေါ်မှာ လာစားဖို့ ဖိတ်ထားတယ်မဟုတ်လား" ရှာဆာကပြောလိုက် သည်။

" ဟုတ်တယ်၊ ဒါပေမယ့် မင်းနဲ့ဒေးဗစ်တို့ အဲဒီစားပွဲမှာ ဖိတ်ကြားမထားဘူး၊ လာဒေးဗစ်ပါလိုက်ခဲ့၊ မင်းတို့ကို ဘယ်စာပွဲမှာ နေရာချထားပေးတယ်ဆိုတာ သွားကြည့်ရအောင်၊ နေရာက မသင့်တော်ရင် ပြန်လာရတာပေါ့"
သူ့မိခင်တွင် အကြောင်းတစ်ခုခု ရှိရမည်ဟု ရှာဆာရိပ်မိလိုက်သည်။ ထို့ကြောင့် သဘောတူလိုက်သည်။
" ကဲလာ သွားကြစို့ " ရှာဆာကပြောလိုက်သည်။
သူတို့သုံးယောက် လှေကားမှတစ်ဆင့် အောက်ထပ်ရှိ ပထမတန်း ထမင်းစားခန်းသို့ သွားကြသည်။ လှေကား အောက်ခြေရောက်သောအခါ ခရီးသည်တစ်စုသည် စားပွဲထိုး ဘေးတွင် ၀ိုင်းပြီး ထမင်းစားခန်း ထိုင်ခုံနေရာ ယူနေကြသည်။ လာဘ်ထိုးပြီး နေရာအပြောင်းအလဲ လုပ်နေကြသည်ကို တွေ့ရသည်။

ထိုလူအုပ်နှင့် ခပ်လှမ်းလှမ်း၌ ရပ်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသောအခါ မြင်ဖူး နေကျမို့ ရှာဆာ ချက်ချင်းမှတ်မိသွားသည်။ ထိုသူက တစ်စုံတစ်ယောက်ကို စောင့်မျှော် နေပုံရသည်။ စင်တိန်ကို မြင်လိုက်ရသောအခါ ထိုသူပြုံးသွားသည်။
" ဟော ... မေမေ ... ဘလိန်း ဒီသင်္ဘော နဲ့ပါလာမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး၊ ပိုလိုအဖွဲ့သား တွေနဲ့အတူ နောက်မှလာမယ်လို့ ထင်နေတာ "
ရှာဆာ စကားစရပ်သွားသည်။ သူ့အမေက သူ့လက်မောင်းကို လှမ်းကိုင်ဖျစ်ညှစ်လိုက်ပြီး ဘလိန်းကို လှမ်း ကြည့်လိုက်သည်။

ရှာဆာသည် အခြေအနေကို ရိပ်စားမိသွားသည်။ စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိတယ်။
" သြ ... သူတို့ စီစဉ်ထားတာကိုး၊ ဒါကြောင့် ငါ့အမေ စိလှုပ်ရှားနေတာကိုး၊ ငါ့အမေအကြောင်း ငါတစ်ခါမှ မတွေးမိ ခဲ့ဘဲကိုး၊ ငါ့အမေနဲ့ ဘလိန်းချစ်နေကြတာ ငါသတိမထားမိခဲ့ပါလား "
ရှာဆာ ထိုသို့ တွေးနေစဉ်မှာပင် ဘလိန်းက သူတို့ဆီသို့ လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
" စင်တိန် ပါလား ... မမျှော်လင့်ဘဲ တွေ့လိုက်ရတာ အံ့အားသင့်သွားတာပဲ "
" ကျွန်မ လဲ အံ့သြသွားတယ်ဘလိန်းမယ်လကွန်၊ ဒီသင်္ဘောနဲ့ ရှင်ပါလာလိမ့်မယ်လို့ ကျွန်မ ဘယ်လိုမှ မထင်ဘူး "
စင်တိန်က ရှာဆာညာလက်မောင်းကို ကိုင်ထားရင်း ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်သည်။

ရှာဆာက စိတ်ထဲမှ ပြောလိုက်သည်။
" တယ် သရုပ်ဆောင် ကောင်းကြပါလား၊ ကျွန်တော်နဲ့ လူတိုင်းကို ခင်ဗျားတို့ နှစ်ယောက် အရူး လုပ်နေတာ ကြာခဲ့ပြီကောဗျာ၊ ခင်ဗျားတို့က ရုပ်ရှင်မင်းသား ကလပ်ဂေဘယ်နဲ့ ရုပ်ရှင်မင်းသမီး အင်းဂရစ်ဘတ်မင်း တို့အတွဲနဲ့ တယ်တူပါလား"
သို့သော် ထိုအတွေးသည် ရှာဆာ စိတ်ထဲမှ တစ်မဟုတ်ချင်း ပျောက်ကွယ်လွင့်စဉ်သွားသည်။ စင်တိန်ဆီ လျှောက်လာနေသော ဘလိန်း၏ နောက်မှ အမျိုးသမီးနှစ်ယောက်သည် သူ့အတွက် အပိုအရေးကြီးလာ သည်။
" စင်တိန် ကျွန်တော့်သမီးနှစ်ယောက်ကို ခင်ဗျားမှတ်မိ လိမ့်မယ်တင်တယ်၊ ဒါက တာရာ၊ ဒါက မယ်တီဒါဂျနင်း"
ရှာဆာသည် စိတ်ထဲမှ တာရာ ... တာရာ ... တယ်ချစ်စရာကောင်းတဲ့နာမည်လေးပဲဟု ရေရွတ်နေမိသည်။ စောစောက သူဧည့်ခန်းထဲမှလျှပ်တပြတ် လှမ်းမြင်လိုက်သော ကောင်မကလေးသည် ယခုတာရာဖြစ်နေ သည်။ ကောင်မလေး ကလည်း သူ့အလားတူပင် အံ့အားသင့်သွားသည်။

တာရာ သည် အရပ်ခြောက်ပေရှိသော ရှာဆာနီးပါး အရပ်မြင့်သည်။ ခြေတံနှစ်ချောင်းကရှည်လျားလှပပြီး ခါးသေးရင်ချီ အလှပိုင်ရှင်လေးဖြစ်သည်။ မျက်နှာက ၀ိုင်းစက်ပြီး အသားအရေက နူးညံ့အိစက်နေသည်။ တာရာ က စင်တိန်အား ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ရှာဆာဘက် လှည့်လိုက်သည်။ ဘလိန်းက ပြော လာသည်။
" ရှာဆာ ... မင်းကော တာရာကို မှတ်မိတယ် မဟုတ်လား။ လွန်ခဲ့တဲ့လေးနှစ်က မင်းတို့ရဲ့ ၀ယ်ဘာဗီရင်အိမ်ကြီး ကို သူလာဖူးတယ်လေ "
ဘလိန်းစကားကြောင့် ရှာဆာ ပြန်သတိရလာသည်။ ဟိုတုန်းက ပိန်ပိန်သေးသေးနှင့် စကားများများ ကောင်မလေး က အခုတော့ တသွေးတမွေးဖြင့် အလှသွေးကြွယ်နေပုံကို မယုံကြည်နိုင်အောင်ပင် ဖြစ်ရသည်။ ထို့ကြောင့် နှုတ်ဆက်လိုက်သော ရှာဆာအသံက တစ်ဆို့ဆို့ကြီး ဖြစ်နေသည်။

" မတွေ့ကြတာကြာပြီနော်၊ အခုပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ "
" အို ... ဟုတ်လား၊ ကျွန်မတို့ အလျင်ကတွေ့ခဲ့ဖူးသလား၊ ကျွန်မ မေ့နေတာ ခွင့်လွှတ်ပါနော်၊ အခုလို ပြန်တွေ့ရတာ ၀မ်းသာပါတယ်၊ နာမည်က ရှာဆာတဲ့လား "
တာရာကလည်း အမူအရာပိုပိုဖြင့် ပြန်ပြောကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။
" ဟုတ်ပါတယ် ရှာဆာပါ၊ ဒါထက် ခင်ဗျားတို့ ထမင်းစားခန်းမှာ စားပွဲနေရာယူပြီးပလား "
ရှာဆာက တာရာလက်ကို မလွှတ်သေးဘဲ မေးလိုက်သည်။

" ဖေဖေကတော့ သင်္ဘောကပ္ပတိန်ရဲ့ စားပွဲမှာ ထိုင်လိမ့်မယ်၊ ကျွန်မတို့ ညီအစ်မနှစ်ယောက်က သပ်သပ်နေရာ ယူပြီး ထိုင်ရမှာပဲ "
" ဒါဖြင့် ကျွန်တော်တို့ လေးယောက် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ကြတာပေါ့၊ လာ ... စားပွဲထိုးချုပ်ကို သွားပြောပြီး နေရာယူမယ်" ရှာဆာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဘလိန်း နှင့် စင်တိန် က ဘ၀င်ကျသွားသော အကြည့်ဖြင့် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့ ကြိုတင် စီစဉ်ထားသည့် အကွက်အတိုင်း ၀င်လာခဲ့ပြီကော။ ရှာဆာနှင့် တာရာတို့ မြင်မြင်ချင်း ငြိသွားကြ သော်လည်း ဒေးဗစ်နှင့် မက်တီဒါတို့ကမူ သူတို့လောက် မငြိကြပါချေ။ အေးတိအေးစက်ဖြစ်နေကြသည်။

ထိုပင်လယ်ခရီးသည် သူတို့အားလုံးအတွက် ပျော်စရာ ရွှင်စရာ၊ စိတ်ချမ်းမြေ့စရာ၊ အံ့သြစရာ၊ စိတ်လှုပ်ရှား စရာ ကောင်းသော ခရီးပင်ဖြစ်သည်။ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် ဆိပ်ကမ်းသို့ သွားကြ သော၁၄ ရက်ခရီးတွင် ဘလိန်းနှင့် စင်တိန်တို့သည် လူငယ်လေးယောက် ကို အတွေ့ရနည်းသည်။ နံနက်စာ မစားခင် ရေကူးကန်ဘေး ကြွက်မြီးပါတီနှင့် ညစာစားပြီး ကပွဲများတွင်သာ တွေ့ရသည်။ ကျန် အချိန် များတွင် လူငယ်လေးယောက် ကိုယ့်နည်းကိုယ့်ဟန်နှင့် ပျောက်နေကြသည်။

ရေကူးချိန်တွင် အ၀ါရောင် ရေကူးဝတ်စုံလေးဖြင့် တာရာ ကို ရှာဆာမျက်စိထဲမှာ မထွက်နိုင်အောင် ဖြစ်နေ သည်။ တစ်ပတ်ခန့် ကြာသောအခါ ရှာဆာသည် တာရာ၏ ကျောကုန်းနှင့် ပခုံးတို့ကို နေပူခံ အလှဆီ လူးပေးခွင့်ရသည့် အဆင့်သို့ေ၇ာက်လာသည်။ ကပွဲတွင်လည်း သန်းခေါင်ကျော် ညဥ့်နက်ပိုင်း အထိ မီးမှုန်မှုန်အောက်တွင် နှစ်ယောက်သား ရင်ချင်းကပ်၍ တွဲက နိုင်သည်အထိ အခြေအနေ တိုးတက် လာသည်။
သို့သော် နိုင်ငံရေး အယူအဆနှင့် ပတ်သက်၍မူ တာရာ၏ အယူအဆကို ရှာဆာအံ့အားသင့်ရသည်။ တာရာ က လူမည်းများဘက်က ရပ်တည်သည်။
" လူမည်းတစ်ချို့ကိုပဲ မဲပေးခွင့် ပေးထားတာတော့ မသင့်ဘူး၊ အားလုံးကို မဲပေးခွင့်ပေးသင့်တယ် "
နိုင်ငံရေးဆွေးနွေးရာတွင် တာရာက သူ့အမြင်ကို တင်ပြလိုက်သည်။

" အားလုံးကို ... ဟုတ်လား၊ ဘယ်ဖြစ်နိုင်ပါ့မလဲ "
"ချက်ချင်းတော့ အားလုံး မဖြစ်နိုင်ဘူးပေါ့၊ ဒါပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာရမှာပေါ့၊ ပညာရေးနဲ့ လုပ်ငန်းတာဝန်ပိုင်းအရ စံချိန်မီတဲ့ လူတွေကို ဦးဆုံး မဲပေးခွင့်ပေးရမှာပေါ့၊ ဒါဆို နောက်မျိုးဆက်နှစ်ဆက် လောက်ကျရင် လူဖြရော လူမည်းပါ အားလုံးမဲပေးခွင့်ရသွားနိုင်ပါတယ် "
ရှာဆာအဖို့ တာရာသည် မာ့စ်၊ လီနင်ဝါဒ ခံယူသူဘောလ်ရှီဗစ်တစ်ယောက်ဖြစ်နေသည်။ သို့သော်လည်း သူမသည် လှပချောမောလှသော ဘောလ်ရှီဗစ်မကလေး ပါပေ။ တာရာကလည်း ရှာဆာ့ အယူအဆ များပေါ် တည်ပြီး သူ့အား အရင်းရှင်တစ်ယောက်၊ ဖက်ဆစ်တစ်ယောက်ဟု သတ်မှတ်မိ သည်။
*
စင်တိန်က ဤပင်လယ်ကူး သင်္ဘောကြီးဖြင့် သူမ၏ ဒိန်မလာကားကြီးကို တပါးတည်း တင်လာသလို ဘလိန်းကလည်း သူ၏ သင့်တလေကားကြီးကို တစ်ပါးတည်း တင်လာသည်မှာလည်း ထူးခြားသောတိုက် ဆိုင်မှု ဟု အများက မြင်ကြရသည်။
" ကဲ ဒါဖြင့် ကျွန်မတို့ ဘာလင်ကို ဒီကားနှစ်စီးနဲ့ အတူတူ သွားကြတာပေါ့ "
စင်တိန်က အကြံပြုလိုက်သည်။ အားလုံးက လက်ခံကြသည်။ လူငယ်လေးယောက်က နေရာယူကြသည်။ ဆွေးနွေး ကြသည်။ နောက်ဆုံး အဖြေတစ်ခုညှိနှိုင်း၍ ရသွားသည်။ ဘလိန်းနှင့် စင်တိန် လူကြီးနှစ်ယောက် က ဘလိန်း၏ သင့်တလေကားဖြင့် ရှေ့မှသွားမည်။ ရှာဆာ၊ ဒေးဗစ်၊ တာရာနှင့် မယ်တီဒါတို့ လူငယ်လေးယောက်က နောက်မှ စင်တိန်၏ ဒိန်မလာကားဖြင့် စီးနင်းလိုက်ပါမည်။ ထိုကား ကို ရှာဆာက မောင်းမည်ဟူသော အဖြေပင်ဖြစ်သည်။

ပြင်သစ်ရောက်သောအခါ စင်တိန်က သူမ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော မော့ဟုမ်းရွာကလေးသို့ သူတို့အားလုံးကို ခေါ်သွားသည်။ တည်းခိုခန်းတစ်ခုတွင် တည်းကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် တခြားလူများ မနိုးခင် စင်တိန်နှင့် ရှာဆာတို့သားအမိသည် စင်တိန်နေခဲ့ သော ကျေးလက်စံအိမ်နေရာသို့ မော်တော်ကားဖြင့် ထွက်သွားသည်။ စ့အိမ်တော် အပျက်ကြီးကိုကြည့်ပြီး စင်တိန် မျက်ရည်ကျမိသည်။ အရက်ကြိုက်သော သူ့ဖခင်ကို သတိရ လွမ်းဆွတ်မိသည်။ ဤအိမ်နေရာကို ၀ယ်လိုက်သူမှာ နာမည်ကြီး ဟင်နဆီကော့ဘက် ကုမ္ပဏီဖြစ်မှန်း သိလိုက် ရသောအခါ အရက်ကြိုက်သော ဖခင်ဘ၀င်ကျပါလိမ့်မည်ဟု တွေးမိကာ ပြုံးလိုက်သည်။

စံအိမ်တော် ပျက်ကြီး၏ အနောက်ဘက်ရှိ တောင်ကုန်းကလေးဆီသို့ သူတို့သားအမိနှစ်ယောက် တက်သွား ကြသည်။ တောင်ထိပ်ရောက်သောအခါ စင်ကာလက လေယာဉ်ပျံကွင်းလုပ်ခဲ့သော သစ်သော့သီး ခြံစိုက်ခင်းဆီသို့ လက်ညှိုးထိုးပြပြီး စင်တိန်က ပြောလိုက်သည်။
" အဲဒီ သစ်သော့ပင်ခြံထဲမှာ မင်းအဖေရဲ့ လေယာဉ်အုပ်စု စခန်းချခဲ့တာပေါ့သားရယ်၊ မနက်တိုင်း ငါက ဒီနေရာက စောင့်ပြီး လေယာဉ်တွေ ပျံတက်လာတာကို ကြည့်တယ်၊ လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်ခဲ့ တာပေါ့"
" သူတို့က အက်စီအီး ၅ လေယာဉ်တွေနဲ့လားမေမေ "

" နောက်ပိုင်းမှာတော့ ဟုတ်တယ်၊ အစပိုင်းမှာတော့ ဆော့ဝစ် လေယာဉ်အဟောင်းတွေနဲ့ ပျံသန်းရတာ၊ မင်း အဖေ လေယာဉ်ကို အ၀ါရင့်ရောင် သုတ်ထားတယ်၊ မေမေက အ၀ါရောင်လေးလို့ခေါ်တယ်၊ လေယာဉ် မောင်းဦးထုပ် ဆောင်းထားတဲ့ မင်းအဖေကို မေမေ အခုတောင် မြင်ယောင်နေသေးတယ်၊ သူ မေမေ့ ခေါင်း ပေါ်ကဖြတ်ပြီး ပျံသန်းတဲ့အချိန်မှာ ဦးထုပ်ကို ချွတ်ထားလေ့ရှိတယ်၊ ဒီတော့ သူ့မျက်လုံးကို မေမေ လှမ်းမြင် ရတာပေါ့၊ မင်းအဖေဟာ တကယ်မြင့်မြတ်ပြီး စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ပါ သားရယ် "

သားအမိနှစ်ယောက် တောင်ကုန်းပေါ်မှ ပြန်ဆင်းလာပြီး သစ်သိးခြံများကြားမှ ဖြတ်လျှောက်လာသည်။ မြောက်ဘက်ကွင်းထောင့်ရှိ ကျောက်တုံးကာ စပါးကျီဟောင်းတစ်ခုဘေးသို့ ရောက်သောအခါ စင်တိန်က ကားကို ရပ်ခိုင်းလိုက်သဖြင့် ရှာဆာက ရပ်ပေးလိုက်သည်။ စင်တိန် ကားပေါ်မှ ဆင်းသွားပြီး သက်ငယ်မိုး စပါးကျီဟောင်းကြီး၏ တံခါးဝ၌ သွားရပ်ပြီး မိနစ်အတန်ကြာ အထဲသို့ ကြည့်နေသည်ကို ရှာဆာ စောင့်ကြည့် နေသည်။ ဒိန်မလာကားဆီသို့ ပြန်လာသောအခါ စင်တိန့် မျက်နှာက ပြုံးယောင်သန်းနေပြီး မျက်လုံး က အရောင်လက်နေပုံရသည်။
ရှာဆာ ၏ စူးစမ်းသောအကြည့်ကို စင်တိန် မြင်သွားသောအခါ ပြောပြလိုက်သည်။
" မင်း အဖေနဲ့ငါနဲ့ ဒီနေရာမှာ ချိန်းတွေ့နေကျပေါ့ "

ရွာအ၀င် ဘုရားရှိခိုးကျောင်းလေးရှေ့ ရောက်သောအခါ ကားကို ရပ်လိုက်ကြပြန်သည်။ သားအမိ နှစ်ယောက် ကားပေါ်မှဆင်းပြီး ဘုရားရှိခိုးကျောင်းဝင်းနောက်ဘက်ရှိ သုသာန်သို့သွားသည်။ သုသာန် ၏ အနောက်ဘက်ဆုံးရှိ ကျောက်ထင်းရှူးပင်အောက်တွင် မိုက်ကယ်ကုတ်နေ၏ အုတ်ဂူကို တွေ့ရ သည်။ အုတ်ဂူကျောက်ဖြူသားတိုင်ပေါ်မှ စာသားကိုသားအမိ နှစ်ယောက် ဘေးချင်းယှဉ်ရပ်ပြီး ဖတ်လိုက် သည်။

" ၁၉၁၇ ခု၊ ဧပြီလ ၁၉ ရက်နေ့တွင် လေကြောင်းတိုက်ပွဲ၌ ကျဆုံးသွားသော ဗြိတိသျှတော်ဝင် လေတပ်ဗိုလ် ကြီးမိုက်ကယ်ကုတ်နေ ၏ အုတ်ဂူ ဟု ကမ္ပည်းရေးထိုးထားသည်။
ကျောက်စာတိုင်နှင့် အုတ်ဂူပတ်ဝန်းကျင်မှ ရေညှိရေမှော်များကို သားအမိနှစ်ယောက် ရှင်းလင်း သန့်စင် လိုက် သည်။ ထို့နောက် အုတ်ဂူခြေရင်းတွင် နှစ်ဦးသားမတ်တတ်ရပ်ပြီး ဦးညွတ်အလေးပြုကြသည်။
စင်တိန်သည် ဘုရားရှိခိုးကျောင်းသို့ ချက်လက်မှတ် နှစ်စောင်ရေးပြီး ငွေလှူခဲ့သည်။ တစ်စောင်မှာ ဘုရားရှိခိုးကျောင်း ပြင်ရန်ဖြစ်သည်။ နောက်တစ်စောင်မှာ မိုက်ကယ်ကုတ်နေ၏ အုတ်ဂူတွင် တနင်္ဂနွေနေ့ တိုင်း ပန်းအသစ်လဲရန်ဖြစ်သည်။

နောက်တစ်နေ့တွင် သူတို့အားလုံး ပါရီရွှေမြို့တော်ကြီးသို့ ကားမောင်းပြီးသွားကြသည်။ စင်တိန်၏ ကြိုတင် စီစဉ်ထားချက်အရ " ရစ်ဇ်" ဟိုတယ်၌ တည်းခိုကြသည်။ ဘလိန်းနှင့်စင်တိန်တို့သည် ပါရီ၌ ပြင်သစ်အစိုးရ ၀န်ကြီးများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ နေ့လယ်စာ စားပွဲ ညစာစားပွဲများ တက်ရခြင်း တို့ကြောင့် မအားလပ် အောင်ရှိနေသည်။
ထို့ကြောင့် လူငယ်လေးယောက်ကလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လျှောက်လည်ပတ်ကြ၊ စားကြသောက် ကြ၊ ပျော်ကြပါးကြသည်။ ပါရီသည် ချစ်ခြင်းရိပ်မြုံ၊ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာ မြို့တော်ဖြစ်ကြောင်း သူတို့သိရှိလာကြသည်။

ပါရီမှတစ်ဆင့် ဂျာမန်သို့ ခရီးဆက်ကြသည်။ ဂျာမန်နိုင်ငံသို့အ၀င် နယ်စပ်အရောက်၌ အခက်အခဲစကြုံရ သည်။ ဒေးဗစ်အေဘရာဟင်သည် ဂျူးလူမျိုးဖြစ်နေရာ ဂျူးကို မုန်းသောဂျာမန်တို့အား အတော်ရှင်းပြရ သည်။ တောင်အာဖရိကနိုင်ငံသားဖြစ်မှန်း၊ အိုလံပစ်ပွဲဝင်မည့် အားကစားသမားဖြစ်မှန်းသိမှ ၀င်ခွင့်ရတော့ သည်။ တာရာက ဂျာမန်စကား အနည်းငယ်တက်၍သာ တော်တော့သည်။
ဒိန်မလာကားက ရှေ့မှဦးဆောင်ပြီး ဂျာမန်နိုင်ငံဘာလင်မြို့တော်ထဲသို့ မောင်းဝင်သွားကြသည်။
*
ဆက်ရန်
.

No comments:

Post a Comment

thank you to say so