Saturday, December 24, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၂၅)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၄)
ဖြူ (မိုင်ပေါင်းကုဋေ) သီ

ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီးဌာနက အသံသွင်း အသံကူး လုပ်ငန်းများအပေါ် မှတ်ပုံတင် အရ သာလျှင် လုပ်ကိုင်စေခြင်း အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းအတွက် ကျွန်တော်များက လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုလိုက်ရပါတယ်။ ယခုလို စည်းကမ်းစနစ်အရသာလျှင် လုပ်ကိုင်ခြင်း၊ ဖြန့်ဝေခြင်းဟာ ပြုသင့် ပြုထိုက် တာ ကြာပြီဖြစ်ပါတယ်။

ဆူးလေဘုရားလမ်းမကြီး ရဲ့ လေအေးစက်တပ်ခန်းများအတွင်းကအစ၊ လှည်းလမ်းကြောင်းနဲ့ မြင်းဇောင်း နွား တင်းကုပ်အထိ ပြန့်နှံ့နေတဲ့ အသံသွင်းတိပ်ခွေ (ကက်ဆက်ခွေ)များဟာ ပြည်သူအများကို ဖျော်ဖြေ ပေးနေတာ တစ်နည်းအားဖြင့် နှိပ်စက်ညှဉ်းပန်းနေတာ ကြာပြီဖြစ်ပါတယ်။ အသံသေး အသံကြောင် တေးများ၊ သရုပ်ပျက်ဇာတ်လမ်းများ၊ တစ်စက်ကလေးမှ မရယ်ရတဲ့ ဟာသဆိုတဲ့ ပြက်လုံးများနဲ့ ပြည်သူ အပေါင်း ကို အလှူမင်္ဂလာမဏ္ဍပ်များမှ၊ ကလေးကင်ပွန်းတပ်ပွဲများမှ၊ ရက်လည် ဆွမ်းကျွေး အသုဘ အိမ်များ မှ နေရာယူပြီး တိုက်ခိုက်နေခဲ့ကြပါတယ်။

အများအပြားက ခုလို စီးပွားရေး သောင်းကျန်းနေတဲ့ကာလမှာ မြန်မာ့တေးဂီတကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးနဲ့ လုပ်နေတဲ့ အသံသွင်းလုပ်ငန်းအချို့လည်း ရှိပါတယ်။ ဒါတွေကတော့ အနည်းစုနဲ့ ချွင်းချက် သာလျှင် ဖြစ်ပါတယ်။

အခုလို ကက်ဆက်ခွေ သောင်းကျန်းမှုများအတွင်းမှ ဆူညံဘလောင်ဆန် ကန္တာရအတွင်းမှ ပူလောင်တဲ့ အသံများကို ချုပ်ငြိမ်းခဲ့စေတဲ့ တေးသံရှင်တစ်ယောက် ဒီကနေ့ ပေါ်ထွက်လာပါတယ်။ ကက်ဆက်စီးရီး ကန္တာရအတွင်းမှာ " အိုအေစစ် "ကို တွေ့ရခြင်းပါပဲ။ တေးသံရှင်ကတော့ ဖြူသီပဲ ဖြစ်ပါတယ်။ တေးသံရှင် ဖြူသီဟာ သူရဲ့ ပထမဆုံးဖြစ်တဲ့ "မိုင်ပေါင်း ၁၀၀၀၀၀၀၀" ဆီးရီးနဲ့ ပူလောင်ညီးနေတဲ့ ကက်ဆက်မီး များကို စခန်းသိမ်းမီးပုံပဲ လုပ်လိုက်စေခဲ့ပါတယ်။ ဒါကြောင့် သူနဲ့ သူရဲ့ ပွဲဦးထွက်တေးသံကို ကြိုဆိုသော အားဖြင့် ကျွန်တော် " မောင်သော်က " က ဖြူ (မိုင်ပေါင်းကုဋေ) သီ လို့ ဂုဏ်ပြု ခေါ်လိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်တော် တို့ဟာ အနုပညာပြောင်မြောက်တဲ့ တေးသံရှင်တွေကို အစဉ်အမြဲလိုအပ်နေပါတယ်။ ဖိတ်ခေါ် ကြိုဆိုလျက်ရှိပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ထင်ရှားတဲ့ အဆိုတော် (ကျွန်တော်ကတော့ ဒီဝိသေသတစ်ခုကို တယ်ပြီး ဘ၀င် မကျလှပါဘူး) ထားပါတော့လေ၊ အဆိုတော်ဆိုလည်း အဆိုတော်ပေါ့။ မာမာအေး၊ တင်တင်မြ၊ ထားဆိုတဲ့ တေးသံရှင်များဟာ ဂီတသမိုင်းမြို့တော်ဟောင်းကတည်းက တူးဖော်တွေ့ရှိခဲ့တဲ့ သမိုင်းဝင် ဂီတပါရမီရှင်များဖြစ်ကြပါတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ သူတို့လို ထင်ရှားကျော်ကြားတဲ့ အဆိုရှင်များကို ကျွန်တော်တို့ မတွေ့ရှိ ခဲ့ ကြတော့ဘူးတဲ့လား။ ငုပ်လိုက်ပေါ်လိုက် သီချင်းသည်တွေ အီကီယာကီကြယ်တံခွန်ကြီးများလို ၀င်းခနဲ ပေါ်လာပြီး သူတို့ပေါ်လာစဉ် တခဏမှာ မကြာမီမှာပဲ အဖျားရှူးတောက်လောင် ပျက်သုဉ်းသွားတဲ့ အီကီယာကီ သီချင်းသည် များကို ဂီတ အဇဋာခွင် မှာ မြင်တွေ့ခဲ့ကြဖူးပါပြီ။ မာမာအေး၊ တင်တင်မြနဲ့ ထား တို့လို တာရှည်ရပ်တည်နိုင်စွမ်းတဲ့ တေးသံရှင်များ၊ ဂီတဓူဝံကြယ်များကတော့ ရှာမှရှားပါ။

ဖြူသီရဲ့ အသံဟာ နားသောတ ဆင်ရာမှာ နားဝင်ချိုတယ်၊ ကြည်မြပီသတယ်၊ အေးတယ်၊ အမြူးအကြွသီချင်းများကို ဆိုရာမှာပင် မခုန်မပျံဘူး၊ မကလက်ဘူး၊ ကြွကြွရွရွကလေးနဲ့ ဣနြေ္ဓရရ မြူးတယ်၊ နား မကလောဘူး၊ အဆွေးသီချင်းများကို သီဆိုရာမှာ နုနုယဉ်ယဉ် ခံစားမှုလေးများနဲ့ ဆွေးဖို သွားတယ်။ သောတရှင်ကို ဘ၀င်အေးစေတယ်။ ငြိမ့်ငြိမ့်ကလေးနဲ့ ဆွေးသွားစေတယ်၊ စိတ်ညစ် မသွား စေဘူး။ အသုဘ မှာ ငိုသံကြီးမျိုးနဲ့ ဟစ်ဆိုတဲ့ အမင်္ဂလာ ဆွေးသံကြီးမျိုး မဟုတ်ဘူး။ နားထောင်ရင်း စိတ်ညစ်ပြီး ကိုယ့်ဝမ်း ဗိုက်ကိုယ် ဓားနဲ့ထထိုးချင်လောက်တဲ့ "မျောက်မင်းအူသံဖီလိမ်" မဟုတ်ဘူး။ အနုပညာရသမြောက်တဲ့ ခံစား ချက်တေးများ ဖြစ်ပါတယ်။

မြန်မာသီချင်းကြီး တေးသွားများကို လျှပ်စစ်တူရိယာများနဲ့အသားကျအောင် တီးမှုတ် လက်စွမ်း ပြသွားတယ်။ အနောက်တိုင်းတေးဂီတ၊ အရှေ့တိုင်း ဂျပန်တေးသွားများကို ယူထားစေကာမူလည်း မြန်မာ့ နားမှာ ခံသာ သာယာနိုင်စွမ်းရှိအောင် တေးဂီတမှူးက ဖော်ဆောင်နိုင်စွမ်းရှိတယ်။ တေးစာသားများကို ရေးသား ရာမှာ လည်း ကျစ်လျစ်သိပ်သည်းတဲ့ စကားလုံးများနဲ့ သာယာနာပျော်ဖွယ်ဖြစ်တဲ့ ဂီတ သံစဉ်များနဲ့ တေးရေးသူ က ရေးစပ်ခဲ့ပါတယ်။ သီချင်းအားလုံးနီးနီး ကြိုက်ပါတယ်။ မိုင်ပေါင်းကုဋေနဲ့ တံငါ မောင်နှံနှစ်ပုဒ်ကတော့ ပြောစရာမရှိလောက်အောင် ကောင်းပါပေတယ်။ မိုင်ပေါင်း ၁၀၀၀၀၀၀၀ ကို ၀ယ်ယူ နားသောတဆင်ကြမယ် ဆိုလျှင် ကျွန်တော် ထောက်ခံအဆိုပြုချက်ကို ကန့်ကွက်သူ မရှိ သလောက် ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒီ ဆောင်းပါးမှ ဖြူသီတစ်ယောက်သာလျှင် အမည်ထုတ်ဖော် ရေးလိုက်တာကို ခွင့်လွှတ်စေကြလိုပါတယ်။ အမှန်ကတော့ တေးဂီတ စီစဉ်သူမျူားဖြစ်ကြတဲ့ တေးရေးသူနဲ့ ဂီတမှူးတို့ကို အမည်ထုတ်ဖော် ချီးကျူးလို သော်လည်း ကက်ဆက်ခွေအဖုံးမှာ သူတို့အမည်များ မပါခြင်းကြောင့် အမည်ထုတ်ဖော် ချီးကျူးနိုင်ဖို့ အခွင့် အရေး ဆုံးပါးရပါတယ်။ ဒါကတော့ အိုအေစစ် တေးသံသွင်းရဲ့ လစ်ဟင်းချက်လို့ ထင်ပါတယ်။

ကျွန်တော်တို့ဟာ သီချင်းသီဆိုသူ အမည်လောက်သာ အရင်းထားမူတည်ကြတဲ့ ဂီတအမှောင်ခေတ်က လွတ်မြောက်ချိန်တန်ပါပြီ။ တေးရေးသူနဲ့ ဂီတမှူးများလည်း ထိုက်သင့်တဲ့ ဂုဏ်ပြုစာတမ်း (Billing)  တင်ဖို့ ကောင်းပါတယ်။ နန်းတော်ရှေ့ဆရာတင် သီချင်းရေး မကောင်းခဲ့လျှင် လေဘာတီ မမြရင် ဤမျှလောက် မကျော်ကြားနိုင်ပါ။ သို့တစေ၊ ပွဲဦးထွက် အောင်မြင်မှုကို ချီးကျူးလျက်ပါ အိုအေစစ်။ ဒီလို ဒီလို အေးအေး ကလေး တေးများကို စောင့်ကြိုလျက်ပါ။ အဲ ... တစ်ခုတော့ ရှိသပေါ့ဗျာ၊ နာမည်ကြီး လာတဲ့ အခါမှာ အလောတကြီး လုပ်ချင်လွန်းအားကြီးလာရင် အရည်အသွေး ညံ့သွားတတ်ပါတယ်။ ဂီတ "အီကီယာကီ" မဖြစ် စေနဲ့ ဖြူ (မိုင်ပေါင်းကုဋေ) သီ။

ကဗျာစာတမ်း ဖတ်ပွဲ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း စာပေဗိမာန်အဖွဲ့က ကြီးမှူးကျင်းပတဲ့ ကဗျာစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၅ မှ ၂၇ ရက်နေ့ထိ မြို့တော်ခန်းမမှာ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ မြန်မာကဗျာစာတမ်းတင်ပွဲမှာ စာတမ်းတင်သွင်းကြတဲ့ စာတမ်းရှင်များက တက္ကသိုလ်က ပါမောက္ခများနဲ့ ကဗျာဆရာ တင်မိုး၊ သူရဇော်နဲ့ မြဇင်တို့ ဖြစ်ကြပါတယ်။ အလွန်ဗဟုသုတ ဖြစ်ဖွယ်ကောင်းတဲ့ မြန်မာကဗျာသမိုင်း၊ ကဗျာရေးသူ အတွေ့အကြုံနဲ့ မြန်မာကဗျာဖွဲ့ပုံ၊ တင်ပြပုံ စာတမ်း ဖတ်ပွဲ ဖြစ်ပါတယ်။

စာတမ်းဖတ်ပွဲဆိုခြင်းကြောင့် စာတမ်းဖတ်ပွဲဖြစ်ပါတယ်။ စာတမ်းရေးသားတင်သွင်းသူများက သူတို့ ရေး သားတင်သွင်းခဲ့ကြတဲ့ စာတမ်းများကို ပရိသတ် နားရှင်းသွားစေရန် ဖော်ပြခြင်းဖြစ်ပါတယ်။ စာတမ်းရှင်များ က ကိုယ်တိုင် ဖတ်ပြသွားပြီးတဲ့နောက်မှာ အခြားမရှင်းသူများက သူတို့ မရှင်းမလင်း ဖြစ်နေတဲ့ အချက် အလက်များကို သတ်မှတ်ထားတဲ့ ပုံစံမှာ ရေးသား မေးမြန်း နိုင်ကြ ပါတယ်။ မေးခွန်းလွှာရေးသားတင်သွင်းသူ များလွန်းခြင်းကြောင့် အလုံးစုံကို ဖြေကြားဖို့ အချိန် မရနိုင်တဲ့အတွက် သက်ဆိုင်ရာ စာတမ်းရှင်က ခြုံငုံရှင်း ပြသွားပါတယ်။ အလွန်အောင်မြင်တဲ့ စာတမ်း ဖတ်ပွဲဖြစ်ပါတယ်။ ယခုလို စာတမ်းဖတ်ရှင်းလင်းပွဲမျိုး မကြာ ခဏ ကျင်းပစေဖို့ လိုပါတယ်။

ကဗျာရွတ်ဆိုပွဲ

ကဗျာစာတမ်းဖတ်ပွဲကို ထောက်ခံတဲ့အနေနဲ့ စာတမ်းဖတ်ပွဲအပြီးနောက်တစ်နေ့ ၂၈-၂-၈၁ နေ့က မြန်မာ ပြည် မှာ ပထမဦးဆုံးသော ကဗျာရွတ်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။ သတင်းစာများမှာ ကြိုတင် မပါရှိ နိုင်ခြင်း၊ ကဗျာရွတ်ဆိုပွဲ ပြီးသည့်နောက် သတင်းအဖြစ်ပင် မပါရှိနိုင်ခြင်းကြောင့် သိပ် လူသိ မများခဲ့ပါဘူး။

အမှတ် ၃ ဒေသကောလိပ် ကျောင်းအုပ်ကြီးရဲ့ ကူညီယိုင်းပင်းမှုအားဖြင့် ကြည့်မြင်တိုင်မြို့နယ် စာပေလုပ် သားအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျင်းပခဲ့တဲ့ " ကဗျာရွတ်ဆိုပွဲ " ဖြစ်ပါတယ်။ ကဗျာရွတ်ဆိုပွဲ ဟူခြင်း ကြောင့် ကဗျာရွတ်ဆိုပွဲဖြစ်ပါတယ်။ ဟောပြောပွဲ မဟုတ်ပါဘူး။ ကဗျာရွတ်ဆို သွားကြသူများကတော့ ကဗျာဆရာ ဖြိုးစည်ဟိန်း၊ တင်မိုး၊ မောင်စွမ်းရည်၊ မုံရွာဦးလေးခန့်နဲ့ မထင်မရှား ကဗျာသမား ပေါက်စ လေး မောင်သော်က တို့ ဖြစ်ကြပါတယ်။

အမှတ် ၃ ဒေသကောလိပ်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ များနဲ့ မြို့နယ် ကဗျာ ၀ါသနာရှင်များ တက်ရောက်ခဲ့ကြပါတယ်။
တင်မိုးရဲ့ ဒေါက်တာ ဂျော်နီ" ၊ "မောင်စွမ်းရည်ရဲ့ "ဆေးရုံပေါ်မှလူနာ"၊ မုံရွာ ဦးလေးခန့်ရဲ့ "ရှေးခေတ်ပျို့၊ ရတု၊ လင်္ကာ" တို့ကို အထူးနှစ်ခြိုက်ကြပါတယ်။ မောင်သော်ကတစ်ယောက်ကတော့ သူရဲ့ ရောင်းမဟန်တဲ့ "ပဲ့တင်သံ" ကဗျာစာအုပ်ထဲက အသံလှိုင်းကဗျာများကို ရွတ်ဆိုတင်ပြသွားပါတယ်။ ကဗျာ စာတမ်း ဖတ်ပွဲ မှာ မြဇင်က RYTHM ကို နရီလို့ တင်ပြသွားခြင်းကို မောင်သော်က က အသံလှိုင်းလို့ အရမ်း ဘာသာပြန် လိုက်ခြင်းဖြစ်ပါတယ်။ Image ကို နိမိတ်ပုံလို့ သုံးခဲ့တဲ့ မြဇင်ရဲ့ ဒုတိယ ခြေလှမ်းဖြစ်ပါတယ်။ ကြိုက်နှစ်ရာရာ ကို သုံးစွဲနိုင်ကြပါတယ်။

မောင်သော်ကရဲ့ ကဗျာများကတော့ ခပ်ပေါက်ပေါက် ကဗျာများဖြစ်တယ်။ ဒစ္စကိုကဗျာလို့ ဆိုချင်ဆိုပေါ့။ ကာရန်မဲ့ကဗျာတော့ မဟုတ်တာ အမှန်ပါ။ အသံလှိုင်းကဗျာအားဖြင့်သာ ရွတ်ဆိုတင်ဆက်သွားခြင်းဖြစ်ပါ တယ်။ ဒီနေရာမှာ ကဗျာရွတ်တာနဲ့ ကဗျာဖတ်တာတော့ ခြားနားသွားပါတယ်။ "ပန်းချီကားတစ်ချပ်ဟာ အသံမပါတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခြင်းကြောင့် ကဗျာတစ်ပုဒ်ဟာလည်း အသံထွက်တဲ့ ပန်းချီကားတစ်ချပ်" ဖြစ်သင့်ပါတယ်။ "ရွာရန်ရာနှုန်း ရှစ်ဆယ်ဖြစ်သည်" ဆိုတဲ့ မိုးလေ၀သ ကြေညာချက်ဟာ သတင်းကြေညာ ချက်သာဖြစ်ပါလိမ့်မယ်။ ဘယ်နည်းနဲ့မှ ကာရန်သော်လည်းကောင်း၊ အသံလှိုင်းသော်လည်းကောင်း ပါတဲ့ ကဗျာရွတ်ဆိုခြင်း ဖြစ်မလာနိုင်ပါဘူး၊ ဒါကြောင့် ကာရန်၊ အသံလှိုင်း တစ်စုံတစ်ရာပါသော ကဗျာရွတ်ဆို ခြင်း ကိုသာလျှင် ကဗျာရွတ်ဆိုခြင်းလို့ ဆိုရပါတယ်။

အဲဒီနေ့မှာ မူလအစီအစဉ်အရ မောင်သာနိုး၊ ဒေါင်းနွယ်ဆွေ နဲ့ ဒါရိုက်တာဝင်းဖေ တို့ ပါဝင်ရွတ်ဆိုဖို့ ဖြစ်ပေ မယ့် အကြောင်းမညီညွတ်လို့ မရွတ်နိုင်ခဲ့ကြပါဘူး။ မောင်သစ်ကတော့ စက်မှုတက္ကသိုလ်မှာ ဟောပြောပွဲနဲ့ ကြုံနေပါတယ်။ ဒါရိုက်တာဝင်းဖေဟာ ကွယ်လွန်သူ ရွှေပြည်ဦးဘတင်ရဲ့ သားမို့ ဖခင်ကြီးလက်ထက်က သင်ပေးသွားတဲ့ ရကန်ရွတ်ဆိုမှုမှာ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါင်းနွယ်ဆွေဟာလည်း အသက်ရှင်နေတဲ့ ကဗျာ့ကျောက်တိုင်ကြီးပါ။

ခေတ်တစ်ခေတ် ကို အသံတစ်သံက ကိုယ်စားပြုပါတယ်။ ပုဂံခေတ်မှာ နတ်ချင်း၊ မြင်စိုင်းခေတ်မှာ ကာချင်း၊ အင်းဝခေတ်မှာ ပျို့၊ ညောင်ရမ်းခေတ်မှာ အိုင်ချင်း၊ တျာချင်း၊ တောင်ငူခေတ်မှာ ရတု၊ ကုန်းဘောင် ခေတ်မှာ တေးထပ်၊ ဘောလယ်၊ ရတနာပုံခေတ်မှာ သံချို၊ နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ မဟာလေးချိုးကြီး စသည် တို့ဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ခေတ်မှာလည်း ကျွန်တော်တို့ဟာ ခေတ်ရဲ့ ကဗျာသံကို ရှာနေကြတယ်။

ကဗျာရွတ်ဆိုပွဲကို ရန်ကုန်မှာသာမဟုတ် အနယ်နယ်မှာလည်း ကဗျာရွတ်ဆိုပွဲ သန့်သန့်လေး ကျင်းပသွား ကြဖို့ ကောင်းပါတယ်။ တက္ကသိုလ်ကောလိပ်များက ရှေ့ဆောင်ရှေ့ရွက် ပြုသင့်ပါတယ်။ မြန်မာပြည်ရဲ့ ယက်ဗ်တူရှင်ကို (Yevtushenko)ေူတွ မွေးထုတ်ကြရမှာ ဖြစ်ပါတယ်။ မောင်သော်ကရဲ့ " နှစ်သစ် ပဲ့တင်သံ" ကဗျာစာအုပ်ကို ရှာဖွေထားလျှင်လည်း မမှားဘူးပေါ့။ (ဟဲ ... ဟဲ ... ဒီလိုပဲ အချောင်ကပ် ကြော်ငြာရတာက စာမူခနည်းနေလို့ပါ)။

ကဗျာရွတ်ဆိုပွဲ ဖိတ်ကြားမည့်သူများ စောင့်မျှော်လျက်ပါ။

သောင်းပြောင်းထွေလာရယ်စရာ၊ ဧပြီ၊ ၁၉၈၁
.

No comments: