Saturday, December 24, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၆)

သူရယ်...လူတွေရယ်... ပြီးတော့ ၀ါဒတွေရယ်...

သူ့ကို ကျွန်တော်တို့ မမြင်ဖူးလိုက် ၊ ကျွန်တော်၏ မိဘများလည်း မမြင်ဖူးလိုက်ကြ။ သို့သော် သူ့ ကို ကျွန်တာ် တို့ သိနေသည်။ သူ့ဓာတ်ပုံမှတစ်ဆင့် သူ့ကိုကျွန်တော်တို့ သိနေကြသည်။ သူ့စာများမှ တစ်ဆင့် သူ့ကို ကျွန်တော်တို့ မြင်တွေ့နေရသည်။ သူ့အကြောင်းကို ရေးသားထား သော အခြား သူများ၏ စာများမှ တစ်ဆင့် သူသည် ကျွန်တော်တို့နှင့် ပို၍ ရင်နှီးကျွမ်းဝင်လာပါ သည်။ သူသည် ကျွန်တော် တို့၏ သွေးထဲ၊ သားထဲ၊ အကြောများထဲ၊ စိတ်ဝိညာဉ်ထဲမှာ စိမ့်ဝင်စီး နွေးနေသော ခွန်အား ရောင်ခြည် တစ်မျိုးလည်း ဖြစ်သည်။

သူ့ကို ကျွန်တော်တို့ မမီလိုက် သော်လည်း သူ့ကိုသိမီလိုက်သော၊ သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သော လူကြီးသူမ များက သူ့အကြောင်း ကျွန်တော်တို့ကို ပြေပြဖူးသည်။ လူကြီးသူမများသည် သူ့အကြောင်းကို ပြောနေရလျှင် ခြောက်သွေ့သော နှုတ်ခမ်းများသည် စိုနုလာ၏။ အရေတွန့်သော ပါးပြင် တို့သည် ပန်းနုရောင်သန်း၍ ဖောင်းအိလာ၏။ မျက်စိတို့တွင် မျက်ရည် ကြည်တို့သည် ဝေ့သီ နေကြ၏။ နားရွက်တို့သည် နီးမြန်းလာကြ၏။ အသံတို့သည် တက်ကြွ အားရှိလာ၏။ နှုတ်မ်းသားတို့ တစ်ဆတ်ဆတ် ခုန်၏။ သူသည် သူတို့ သူအား ချစ်လာစေရန် မကြိုးစားခဲ့။ သို့သော်သူက သူတို့အား မည်မျှ ချစ်ကြောင်းကို သူတို့၏ သွေးကြောများက သိနေကြ လေသည်။

သူသည် ဤကမ္ဘာလောကထဲကို လူသားပီသစွာ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီလ၏ ဒုတိယပါတ် မြောက် စနေနေ့တွင် သူ့ကိုသူ၏ မိဘများက မွေးဖွားသန့်စင်ပေး လိုက်သည်။ သူသည် သူ၏တိုင်းပြည်ကို ချစ်သည်။ သို့သော် သူသည်တိုင်းပြည်ကို ချစ်သည်၊ ချစ်သည်ဟု ကျီးငှက် တစ်ကောင်ကဲ့သို့ မအာတတ်။ သူ၏လုပ်ရပ်များမှ အသံထွက်လာခြင်းသာ ဖြစ်သည်။ သူသည် သူ့နိုင်ငံတော် ကို အကောင်းဆုံးရေးဆွဲနိုင်ခဲ့သော ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်။

သူရေးခဲ့သော ပန်းချီကားကို ကြည့်၍ ကျွန်တော်တို့၏ ၀ိညာဉ်သည် နွေးဖျဖျလင်း၏ ကုန်ခန်း သွားသော အားတို့သည် ပြန်၍ ပြည့်ဖောင်းလာ၏။ ငိုက်မြည်းလျက်ရှိသော စိတ် သည် လန်းဆန်း စွာနိုးလှုပ်လာ၏။ သူ၏ ပန်းချီကား သည် အစောင့်အရှေောက် ရှိဟန်တူသည်။ ကြည့်သူတို့ကို ဖမ်းစားနိုင်၏။ ကြားသူကိုလည်း ညှို့ငယ်ယူနိုင်စွမ်း။ သူသည် သည်ပန်းချီကားကို စိတ်နှလုံးဖြင့် ရေးခဲ့ ဟန်တူသည်။ ပန်းချီ ကို ရေးသောသူ၏ လက်သည် ပြည်သူ၏ နှလုံးစည်းချက်တို့ဖြင့် ခုန်၏။ ထိုစည်းချက်တို့ဖြင့် မြည်သော အသံသည် သူ့နှတ်ခမ်းကို ရုန်းဖွင့်၍ ထွက်လာကြဟန် တူသည်။
ထို့ကြောင့်သာ မဟုတ်လော၊ ပြည်သူသည် သူဖြစ်၍ သူသည်လည်း ပြည်သူဖြစ်ခဲ့သည်။

သူသည် နတ်ဒေ၀ါကဲ့သို့ အရှိန်အ၀ါကြီးသော်လည်း လူသားစင်စစ်တစ်ဦးသာ  ဖြစ်၏။ သူ့မှာ လူသား စိတ် ခံစားမှု ရှိနေသည်။ သူ့တွင် ဇနီးလည်း ထင်ရှားရှိသည်။ သားတွေလည်း ရှိသည်။ သမီးများလည်း ရှိပါသည်။ သူသည် ဇနီးကိုချစ်၏။ သူသည်သူ့သားတွေကို ချစ်၏။ သူသည် သမီးလေး ကိုလည်းချစ်၏။ သို့သော် သူသည်ပြည်သူကို ပို၍ချစ်ဟန်တူ၏။ ၀က်အူချောင်းလေး တစ်တုံး၊ နှစ်တုံးဖြင့်သာ နေ့လည်စာ ကို ပြီးစေနေရသော်လည်း သူ၏မိတ်ဆွေ အားတိုင်းပြည်တိုးတက်ကြီးပွားရေကို မြိန်ရည်ရှက်ရည် ပြောပြ နေတတ်၏။ သူ၏မိတ်ဆွေက ရင်းနှီးသူများအား အောင်ဆန်းငတ်နေပြီ သွားကြည့်ကြပါဦးဟု ဆိုဖူးသည်။

သူသည် သူ့ပြည်သူကို ချစ်သလို အခြားသူများကိုလည်း ချစ်သည်။ နောက်ဆုံးဆင့်မှာ သူသည် လူသားကိုသာ အဓိကထားစဉ်းစားလာသည်။ သူသည် သူ့တိုင်းပြည်ကိုသာမက အခြားနီးစပ်ရာ တိုင်းပြည် များ ကိုလည်း စုစည်း၍ အဖွဲ့အစည်းကြီးတစ်ခု ထူထောင်လို ခဲ့သည်။ သူရေးခဲ့သော စာ များတွင် ဖတ်ရသည်။ သူ၏စိတ်ကူး အတွေးအခေါ်များသည် အဘယ်ကြောင့် ဤမျှဆန်းသစ် ၍သူဖြတ် သန်းသော ခေတ်ကို လွန်နေရဘိသနည်း။ အနီးစပ်ဆုံး စဉ်းစားရန် ရှိသည်မှာ သူသည် ပညာတတ်သည်။ သူသည် စာဖတ်သည်။ သူသည်စာရေးသည်။ သူသည် ခေတ်ကို မျက်ခြည် မပြတ်။ သူကသာ ခေတ်ကို ကျော်တတ်သည်။

သူသည် မိခင်ဒေါ်စု၏ သားဖြစ်သည်။ သည်သည် ဘုန်းကြီးကျောင်းသား ဖြစ်သည်။ သူသည်အမျိုး သားကျော င်းက ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ဖြစ်သည်။ သူသည် ဥပဒေကျောင်းသားပင် ဖြစ်ခဲ့သေးသည်။ သူသည်နိုင်ငံရေးသမား တစ် ဦးဖြစ်သည်။ သူသည် စစ်သား တစ်ယောက် ဖြစ်သည်။ သူသည် နိုင်ငံရေးသမားထပ်ဖြစ်သည်။ သူသည် အာဇာနည် တစ်ဦးဖြစ်သည်။

သူအသက်ကြီးမှ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားဖြစ်ခွင့်ရသည်။ သူမိခင်ရင်ခွင် ထဲကထွက်ပြီး ဘုန်းကြီးကျောင်းဝန်းထဲကို ရောက်လာသည်။ ဘုန်းကြီးကျောင်းကို သွားလိုလျှင် မိခင်ရင်ခွင်မှ ထွက်ရမည်။ သူထွက်လိုက် သည် ။
ဦးသောဘိတကျောင်းမှာ သူဘုန်းကြီးကျောင်းသားဖြစ်လာသည်။ ဘုန်းကြီးကျောင်းမှ ပညာသင်ပြီး တော့ သူ အမျိုးသား ကျောင်းမှာ တက် လိုသေးသည်။ အမျိုးသားကျောင်းမှာ တက် လိုလျှင် ဘုန်းကြီးကျောင်း က ထွက်ရမည်။ သူထွက်လိုက်သည်။

သူအမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်လာသည်။ အမျိုးသာကျောင်းမှာ အောင်မြင်ပြီးဆုံးသော အခါ တက္ကသိုလ်မှာ သူဆက်လက်လေ့လာလိုသည်။ တက္ကသိုလ်မှာ လေ့လာလိုလျှင် အမျိုးသား ကျောင်းက ထွက်ခွာ ရမည်။ သူထွက်ခွာခဲ့သည်။
သူတက္ကသိုလ်ကျောင်းသား ဖြစ်လာသည်။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း။ သူကျောင်းသေား ခေါင်းဆောင်ဖြစ်လာသည်။ သူကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ် လာသည်။ သူအိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်လာသည်။ သူကျောင်းပြီးသွားသည်။ သူဥပဒေကျောင်းသား အဖြစ် ဆက်လက် လေ့လာသည်။ သူ တို့ဗမာအစည်းအရုံးထဲမှာ သခင်အဖြစ်နဲ့ နိုင်ငံရေး လုပ်သည်။ သခင်အောင်ဆန်း။ သူ ကျောင်းက ထွက်လိုက်သည်။

လွတ်လပ်ရေးအတွက် ရရင်ရ၊ မရရင်ချဖို့ သူဂျပန်ပြည်မှာ စစ်ပညာသွားသင်သည်။ လွတ် လပ်ရေး အတွက် စစ်တပ်ကို သူတည် ထောင်သည်။ လွတ်လပ်ရေးအတွက် စစ်တပ်ကို ဦးဆောင် ပြီး သူတိုင်းပြည်ထဲကို ပြန်ဝင်လာသည်။ သူနဲ့အတူ သူတို့ပါလာသည်။ သူတို့ ထွက်သွားကြ သည်။ အပြောင်းအလဲတွေ သိပ်များသွားသည်။ သူတို့ထွက်သွားကြသည်။ သူတို့ပြန်ဝင် လာကြသည်။ သူသည် စစ်တပ်ကို ဦးဆောင်ထားဆဲ။ သို့သော် နိုင်ငံရေး လုပ်လိုလျှင် စစ်တပ်က ထွက်ရမည်။ သူထွက်လိုက်သည်။ သူနိုင်ငံရေးခေါင်းဆောင် ဖြစ်လာသည်။
လွတ်လပ်ရေး၊ လုံးဝလွတ်လပ်ရေး၊ ထိုအသံကိုသူ့ပြည်သူတွေရဲ့ နားမှာ ကြားရတာကိုက ချိုသည်။ ဂါတာမန္တာန်ကို ရွတ်ဖတ်သရဇ္ဈာယ်သလို ထိုအသံကို ရွတ်ဆိုနေရသော သူ့နှုတ်မှာ လည်းချိုနေသည်။ သူ့နှလုံးအိမ်မှာလည်း ချိုသည်။ သူ့စိတ်ဝိညာဉ်မှာလည်း ချိုသည်။ လွတ်လပ် ရေး။ လုံးဝလွတ်လပ်ရေး။

လေပြည်လေညင်းလေးတွေ နဲ့ ယိမ်းနွဲ့နွဲ့ရှိနေသော၊ စိတ်ကူးဖြင့် တင်ကြိုခံစားသူတို့ရင်မှာ ရှိန်း တမြမြနွေးနေသော၊ အပျိုပေါက်မလေးတွေသည်ပင် ရှက်သွေးရောင်ဖြန်းသော ပါးပြင်နီထွေးထွေး လေးတွေနဲ့ လှမ်းမျှော်ရင်ခုန် မောနေရသော၊ လုလင်ပျိုတွေကလည်း အားအင်ကိုပြင်၍ တိမ်းမူး လျက်ရှိနေသော၊ အဘွားအိုတို့ကလည်း ကြာမြင့်စွာ ကွဲကွာနေသော သားကို ပြန်တွေကရတော့ မလိုစိတ်အားထက်သန်နေသော၊ အဘိုးအို တို့ကလည်း မိမိတို့ငယ်စဉ်က ပျော်ရွှင်ခဲ့ဖူးသည်ကို ပြန်ပြော နေရသလို ကြည်းနူးနေရသော လွတ်လပ်ရေးပန်းခင်း။ ထိုပန်းခင်းကို လှမ်းမျှော်မြင်နေရ လေပြီ။
တိုင်းပြည် မှာ နေတဲ့သူတွေ ဒုက္ခပင်လယ်ဝေ၍ ဆင်းရဲတွင်းနက်လည်း ကိစ္စမရှိ၊ မိမိအာဏာရလျှင် ပြီးရော ဆိုသည့်အမှောင်ကြိုက်သူများ သူ့ကိုလုပ်ကြံလိုက်ကြသည်။ သွေးအိုင်ထဲမှာ လင်းတဲ့ကြယ် များ၊ သူ နဲ့အာဇာနည်မျာ။

နှစ်တွေ၊ လတွေ၊ ရက်တွေ၊ ပြီးတော့ လက်ပြထွက်ခွာသွားတဲ့ သက္ကရာဇ်တွေ၊ တစ်ရွက်ချင်းစီ တစ်ရွက်ချင်းစီ ကြွေကျ။ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ၀ါဒတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ဖူးသည်။ ၀ါဒတွေ အမျိုးမျိုး ပြိုကျ ခဲ့ဖူးသည်။ လူတွေရဲ့ အသက်တွေနဲ့ ယစ်ပူဇော်ထားတဲ့ဝါဒများ၊ လူသားတွေ သွားရာလမ်းမှာ ပန်းတွေလို ချခင်ပေးထားတဲ့ ၀ါဒများ။ ကမ္ဘာ့နိုင်ငံတွေမှာ ၀ါဒတွေ အမျိုးမျိုးပြောင်း သွားသလိုခေါင်းဆောင်တွေလည်း အမျိုးမျိုးပြောင်းသွားခဲ့သည်။

တချို့တွေက တိုင်းပြည်ချမ်းသာဖို့ ၀ါဒတွေကို သုံးစွဲသည်။ တချို့တွေက ၀ါဒတစ်ခုခုအတွက် တိုင်းပြည်ကို အဆင်းရဲခံသည်။ ပြောင်းကြသည်။ ပြောင်းလဲခဲ့ကြသည်။
ဝါဒတွေအတွက်၊ လူတွေသာယာဝပြောဖို့အတွက် ၀ါ ဒတွေပန်းပန်ဖို့က အဓိကလား။ လူသားတွေ လူသားပီပီသသနဲ့ သက်သောင့်သက်သာ ဖြစ်ရေး ပို၍သက်ထောင့်သက်သာ ဖြစ်ရေးတွေ က အဓိက လား။

နှစ်တွေ ဘယ်လောက်ကြာကြာ အခုထိမပြောင်းလဲတာတစ်ခုတော့ ရှိနေသည်။ ဒါကို ယုံကြည် လိုက်ကြပါ။
ဆယ့်ကိုးဇူလိုင် မမေ့နိုင်။ အာဇာနည်နေ့။ ဒါတို့မြေ၊ ဒါတို့တိုင်းပြည်၊ တို့ပိုင်တဲ့မြေ။

အင်ဒြာငပုတော။
ဆက်ရန်

.

No comments:

Post a Comment

thank you to say so