Sunday, November 6, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၁)

အရှေ့သို့ခရီး
သမိုင်းခေတ်က ရေးခြယ်သော ၂၀ ရာစု အလယ်ပိုင်းနှစ်များ၏ပန်းချီကားတစ်ချပ်

၁/(က)

ဟိုင်လီသင်္ဘောကြီး စစ်ကြိုခေတ် ရန်ကုန်မြို့တော်ကို နှုတ်ဆက်သလို ဥသြသံပေးကာ မီးခိုးတလူလူ ဖြင့် ရန်ကုန်မြစ်တွင်း မှ ထွက်ခွာသွားသောနေ့မှာ ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ ညနေဆည်း ဆာ ချိန် တွင်ဖြစ်သည်။ သင်္ဘောကြီးဟိုင်လီသည် သူ့ဝမ်းဗိုက်ထဲတွင် ရုပ်ဖျက်ပုန်းအောင်းလျက်ရှိသော သခင်အောင်ဆန်း နှင့် သခင်လှမြိုင်(ဗိုလ်ရန်အောင်)တို့ကို လျှို့ဝှက်သယ်ဆောင်ခဲ့ရမှန်းမသိဘဲ သယ် ဆောင်လျက် ရှိကာ သူ၏သမိုင်းဝင်ခရီးကို စတင်ထွက်ခွာလျက်ရှိသည်။
ရဲဘော်သုံးကျိပ် ၏ပထမဆုံး စတင်ထွက်ခွာမှုပင်ဖြစ်သည်။

သူတို့နှစ်ဦး၏ခရီးစဉ်ကို ရင်တထိတ်ထိတ်ဖြင့် စဥ့်အိုးတန်းဆိပ်ကမ်းမှ တိတ်တဆိတ်စောင့်ကြည့်နေကြ သူ နှစ်ဦး ရှိပေသည်။ သူတို့နှစ်ဦးကား သခင်လှဖေ (နောင်-ရဲဘော်သုံးကျိပ်ဝင်ဖြစ်လာသည့် ဗိုလ်လက်ျာ) နှင့် သခင်လူငယ် တွေကို ကူညီသူ ဦးကျော်ခင်။
သခင်အောင်ဆန်း နှင့် သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ ဟိုင်လီသင်္ဘောပေါ်လိုက်သွားနိုင်ရေး လျှို့ ဝှက်ခရီးစဉ် ကို ကူညီပါဝင်လမ်းကြောင်းရှာ တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် သြဂုတ်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်ကပင် ဟိုင်ဘီ သင်္ဘောကြီး ပေါ်သို့ လျှို့ဝှက်ရောက်ရှိခဲ့ကြသည်။ ဟိုင်လီသည် နော်ဝေပိုင်၊ တရုတ်သင်္ဘောသားများ စီမံ ခန့်ခွဲ သည့် ကုန်တင်သင်္ဘောကြီးဖြစ်သည်။ ကြိုတင်လျှို့ဝှက် ညှိနှိုင်းစီစဉ်ခဲ့မှုအရ ရန်ကုန်မြို့ပေါ်သို့ တက်ရောက် ခဲ့ သော တရုတ်သင်္ဘောသား ၁၀ ဦးအနက် ၂ ဦးက ၁၉လမ်းရှိ တရုတ်သူဌေး တန်ကျူစိန် ဖွင့်လှစ် သော ကလပ်တွင်နေရစ်ကာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့က တရုတ်သင်္ဘောသား များ လို ရုပ်ဖျက်ဝတ်ဆင်ပြီး အခြားသင်္ဘောသား ၈ ဦးနှင့်အတူ ဟိုင်လီသင်္ဘောကြီးပေါ်သို့ ဣနြေ္ဒမ ပျက် တက်ရောက် ခဲ့ကြ၏။

နည်းနည်းမှ ချွတ်ချော်မှားယွင်း၍မရ။ သခင်အောင်ဆန်း၏တရုတ်သင်္ဘော သားအမည်က တန်လူဆောင်။ သခင်လှမြိုင် က တန်ဆူတောင်။ ကမ်းပေါ်က ကြိုတင်စည်းဝါးကိုက် စီစဉ်ခဲ့မှုများ အားလုံးသည် ခိုင်မာ ကျစ်လျစ် သွက်လက်မှုအပြည့်။ သင်္ဘောပေါ်အတက်မှာ လူစစ်သည်။ အင်္ဂလိပ်အစိုးရ၏ဂေါ်ရာပုလိပ်တွေ၊ စုံထောက် တွေက စူးစူးဝါးဝါးစောင့်ကြပ်ကြည့်ရှုနေကြသည်။

သူတို့သည် တရုတ်သင်္ဘောသားများနှင့်ရောပြီး စဉ့်အိုးတန်းဆိပ်ကမ်းမှ သမ္ဗာန်ကလေးနှစ်စီးဖြင့် ဟိုင် လီ သင်္ဘောကြီး ဆီသို့ ချဉ်းကပ်ခဲ့ကြသည်။ သခင်လှမြိုင်က နောက်ကို လှည့်ကြည်သေးသော်လည်း သခင်အောင်ဆန်း ကား ရှေ့ကိုသာ စူးစိုက်ကြည့်လျက်ပါသွားရှာသည်။ သင်္ဘောဘေးက  ချထားသည့် လှေကား တွေ မှ တစ်ဆင့် တွက်တက်ခဲ့ကြရသည်။ တစ်ဦးချင်းနာမည်ခေါ်သည်။ တန်လူဆောင်ကော၊ တန်ဆူတောင် ရော ဣနြေ္ဒမပျက်။

၁၉၄၀ ပြည့်နှစ် ရန်ကုန်မြို့တော်ကြီးတွင် ဗြိတိသျှအစိုးရ စုံထောက်တွေက မျက်စိဒေါက်ထောက်ကြည့် နေချိန်။ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၊ ဒေါင့်ကြီးရွာ တရားပွဲတွင် ဗြိတိသျှအစိုးရက တားမြစ်ထားသော ချင်းတောင် အကြောင်း ဟောပြောပြီးကတည်းက ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင် အောင်ဆန်း ကို အင်္ဂလိပ်တို့က ဖမ်းဝရမ်းထုတ်ထားခဲ့ပြီးဖြစ်သည်။ သခင်အောင်ဆန်းသည် ဆရာမင်း သုဝဏ် အိမ်၊ သခင်နု အိမ်စသည်တို့တွင် လှည့်လည်ရှောင်တိမ်းနေထိုင်ခဲ့ရသည်။ သခင်နုကိုလည်း အင်္ဂလိပ် အစိုးရက ဖမ်းဆီးသွားခဲ့ပြီးဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးရင် ဗမာ(မြန်မာ)နိုင်ငံကို လွတ် လပ်ရေးပေးပါ့မယ့်လို့ ဗြိတိသျှအစိုးရတို့က ကြေညာ ရင် ဒို့ဗမာအစည်းအရုံးသည် ဗြိတိသျှတို့ကို ကူညီ မည်၊ မကြေညာရင် ဆန့်ကျင်မည်ဆိုသော ဗမာ့ထွက်ရပ်ဂိုဏ်း ၏ ဆုံးဖြတ်ချက်(အဆို)ကို သခင်အောင် ဆန်းနှင့် သခင်သန်းထွန်းတို့က တိုင်ပင်ပြီး ရေးသားကာ သခင်နုက အဆိုတင်သွင်းသည်။ သာယာဝတီ မြို့မှာ ကျင်းပသော ဒို့ဗမာ အစည်းအရုံး ၏ပြည်လုံးကျွတ်ညီလာခံက ကန့်ကွက်သူမရှိ လက်ခံအတည်ပြု သည်။

ယင်းသို့ အဆိုတင်သွင်းမှုက တစ်မှု၊ ဂျူဗလီဟောမှာ ဗြိတိသျှအစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှု က တစ်မှု ယင်းနှစ်မှုကြောင့် သခင်နုကို ဗြိတိသျှအစိုးရက ဖမ်းဆီးပြီး သခင်အောင်စိန်တို့ လည်း အဖမ်းခံ နေကြရပြီ။ အခြားသခင်တော်တော်များလည်း အင်္ဂလိပ်အစိုးရ၏အကျဉ်းထောင်ထဲ ရောက်နေကြပြီ။ သခင်အောင်ဆန်း ပုန်းအောင်းနိုင်ရန် သခင်ထွန်းရွှေ၊ သခင်ချစ်တို့က ကူညီကြသည်။ ၁၉၄၀ ပြည့် နှစ်ကား၊ ဗြိတိသျှအာဏာပိုင်တို့သည် ဘယ်သူ့ကိုမျှမယုံတော့။ မည်းမည်းမြင် ရန်သူထင်၊ ကျီးလန့်စာ စားဖြစ်နေချိန်။

သခင်အောင်ဆန်းတို့၏ထွက်ခွာမှုခရီးစဉ် အဆင်ပြေချောမွေ့ပါမလား။ သူတို့သည် ရင်တမမမ ဖြစ်နေ ကြရသည်။ တစ်ချက်ကလေး မှားယွင်းသွားတာနှင့် အားလုံးကြေပြုန်းသွားနိုင်သည်။
ယခုတော့ ဟိုင်လီက ထွက်ခွာနေပြီ။ သင်္ဘောကြီးသည် ရန်ကုန်မြစ်ပြင်ကို သူ့ဦးဖြင့်  တငြိမ့်ငြိမ့်ထိုးခွဲ  လျက် ရှိသည်။

ဟိုင်ဘီသင်္ဘောကြီး စတင်ထွက်ခွာသွားနေသော ရှုခင်းကို သခင်လှဖေ(ဗိုလ်လက်ျာ)နှင့် ဦးကျော်ခင် သည် ကမ်းပေါ်က ရပ်ကြည့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိကြသည်။ ရင်ထဲမှာ ဂနာမငြိမ်မှုနှင့် ဟာလပ်မှု။ သခင်အောင်ဆန်းတို့တော့ ၁၉၄၀ ပြည့်ရဲ့မိုးကောင်းကင်ကြီးအောက်မှာ ထွက်ခွာသွားကြ လေပြီ။ ကျွန်ခေတ်အမှောင်အောက်မှ လွတ်မြောက်ရေးအလင်းလမ်းစတစ်ခုဆီ ဦးတည်စွန့်စားသွားကြ လေပြီ။ လွမ်းမောကြည်နူးစိတ်က တစ်လှည့်ဝင်လာပြန်သည်။ စဉ့်အိုးတန်းကနေ ငေးမောကြည့်ရတာ အားမရ။ သင်္ဘောကြီးက ဝေးသွားပြီ။ သူ့မီးခိုးတွေက တလူလူ။

"လာဗျို့... ကိုကျော်ခင်"
ကားတံခါးကိုဖွင့်ကာ နှစ်ယောက်သား ခပ်သွက်သွက် တက်ကြပြီး ကားကို ကမ်းနားလမ်းမကြီးအတိုင်း အရှေ့ဘက် ဆီ အမြန်မောင်းထွက်ခဲ့ကြသည်။ ပန်းဆိုးတန်းမှာ ကားကိုရပ်ပြီး ဆင်းခဲ့ကြပြန်သည်။ ကမ်းနဖူး မှာရပ်ပြီး သူတိုသည် တရွေ့ရွေ့ ထွက်ခွာလျက်ရှိနေသော ဟိုင်လီသင်္ဘောကြီးကို တစ်ဖန် ကြည့်ကြ ပြန်လေသည်။

ဟိုင်လီသင်္ဘောကြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါကျမှ ရစ်ဝဲနေသောမျက်ရည်များကို ထိန်းပြီး သူတို့သည် ကားပေါ် ပြန်တက်လိုက်ကြလေသည်။
ထိုနေ့တွင်ပင် ကမ္ဘာ့တစ်နေရာတွင်ကား အခြားသမိုင်းဖြစ်ရပ်ကြီးတစ်ခုသည် ဖြစ်ပေါ်လျက်ရှိသည်။ ဂျာမနီလေတပ်ကြီးက လန်ဒန်မြို့တော်ကြီးကို လေကြောင်းစစ်ပွဲကြီး ဆင်နွှဲတိုက်ခိုက်သောနေ့မှာ လည်း ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်၊ ထိုနေ့ပင်ဖြစ်သည်။
၁/(ခ)

ဘယ်ကိုရောက်မည်မသိ။ ဘယ်အဖြစ်တွေ့ကြုံရမည်မသိ။ ဘယ်သောအခါမှ ချစ်လှတဲ့တိုင်းပြည်ကို ပြန်တွေ့ ရလိမ့်မည် မသိ။
ဟိုင်ဘီသင်္ဘောကြီး ၏ ကုန်းပတ်ပေါ်မှရပ်ကာ သင်္ဘောလက်ရမ်းတွေကိုကိုင်ရင်း ချစ်လှစွာသော ရန်ကုန်မြို့ကြီး ကို လွတ်လွတ်လပ်လပ် ငေးမောကြည့်ချင်ပါသေးသည်။ ဆူးလေရွှေစေတီကို သင်္ဘော ပေါ်မှပင် ဖူးမြော်ခဲ့ချင်သေးသည်။ ဆူးလေရွှေစေတီတော်ထက်ဆီမှ ရွှေတောင်ကြီးသဖွယ် သပ္ပါယ်ထင် လင်း ဝင်းပစွာ မြန်မာ့နိမိတ်ပုံစံအဖြစ် တည်တော်မူနေသည့် ရွှေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီဦး ညွှတ်ခဲ့ချင် သေးသည်။

ဓမ္မစေတီမင်းသွန်းလုပ်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီး နစ်မြုပ်လျက်ရှိနေသည့်နေရာဟု မြန်မာ ပြည်သူအများ တွေးထင်ယုံကြည်ကြသော မြစ်သုံးခွဆိုင်သို့ ရောက်သောအခါ ဟိုင်လီသင်္ဘောကြီး သည် ဥသြသံရှည် တစ်ချက်ကို အော်မြည်ထုတ်လွှတ်လိုက်သည်။ ရေပျော်ငှက်ကလေးတချို့သည် သင်္ဘောကြီး ဘေး မှ တရစ်သီသီ ပျံဝဲလိုက်ပါလာကြသေးသည်။ ရန်ကုန်မြို့တော်ကြီးသည် မြူအပြာ ပါး ပါးလျလျ ညနေ ထဲတွင် တဖြည်းဖြည်းဝေး ကျန်ရစ်လေပြီ။

 မြစ်အတွင်း တရွေ့ရွေ့မျောနေသော ဗေဒါ ကလေးတွေက သင်္ဘောကြီးလိုပဲ ပင်လယ်ဝဆီ  စုန်လျက် ရှိကြသည်။ သင်္ဘောကြီး၏ဝမ်းဗိုက်ဘေးမှ လူးလှိမ့်ထွက်လာသော လှိုင်းကလေးတွေကို သူတို့က စီးလျက် ရှိကြသည်။ ရေစီးထဲမှာ တသိမ့်သိမ့် တငြိမ့်ငြိမ့်နှင့်။ ရေပြန်တက်လာသောအခါ သူတို့သည် တက်ရေ နှင့် အတူ ရန်ကုန်မြို့ကြီးဆီ ပြန်၍လိုက် ပါလာကြဦးမည်။ မြစ်ကြီးထဲတွင် တရစ်သီသီ တဝဲလည်လည် နေကြ ဦးမည်။ မြစ်ကြီးအတွင်း စုန်လိုက် ကြ၊ ဆန်လိုက်ကြ။

ပန်းနုရောင်၊ ရွှေအိုရောင်၊ ကြေးနီရောင် ဆည်းဆာရီမှာ  ဟိုင်လီသင်္ဘောကြီးသည် စုန်ခဲ့သည်။ အိပ် တန်းပြန် ငှက်များသည် ရန်ကုန်မြစ်ကြီးကို တစ်ခါတစ်ခါ အုပ်လိုက်အုပ်လိုက်ဖြတ်၍ ပျံသန်းသွားကြ သည်။
ငှက် တို့ကား အိပ်တန်းပြန်ကြသည်။ ဟိုင်လီသင်္ဘောကြီးသည်ပင် အိပ်တန်းပြန်ဖြစ်ကောင်းဖြစ်ပေမည်။ သူတို့ကား ဘယ်အိပ်တန်းမှာ နားခိုပေမည်မသိ။
သဘာဝတရား ၏လှပသော ဆည်းဆာသည်ကား ကြည့်ငေးသူအားလုံးအတွက် ဇာတ်ခုံကြီးပေါ်က ကန့်လန့်ကာ လို အရာအားလုံးကို လွှမ်းဖုံးလိုက်လေသည်။
ဟိုင်လီ သင်္ဘောကြီးသည် ဝိုးတဝါးဆည်းဆာရောင်များနှင့် မပီမသရောထွေး ရွေ့မျောသွားနေသည်။
သူ သည်လည်း ဆည်းဆာထဲက မြူတစ်ပွင့်ဖြစ်သွားသည်။

သင်္ဘောကြီး၏ဝမ်းဗိုက်အတွင်း၌ ဤဆည်းဆာမှောင်ရီရီတွင် သခင်အောင်ဆန်းသည်ကော ဘာကို များ စဉ်းစားတွေးတော လိုက်ပါသွားလေသနည်း။
သခင်အောင်ဆန်းသည် နောင်အခါ ထိုသို့ထွက်ခွာခဲ့ရပုံနှင့်တကွ "ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ" ဆောင်းပါးကိုရေးသား၍ မြန်မာပြည်စစ်ကြိုခေတ်၏နောက်ဆုံးပုံရိပ်များကို ထင်ဟပ်ဖော်ပြခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆောင်း ပါးရေးချိန်တွင်ကား သခင်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော်၏စစ်သေနာပတိဖြစ်နေခဲ့ လေပြီ။ ဟိုင်လီဖြင့် ကိုလိုနီခေတ် မြန်မာ့သမိုင်းထဲမှ တုံးတိုက်တိုက် ကျားကိုက်ကိုက် ထွက်ခွာလာချိန် ကား သူ့အသက် ၂၅ နှစ်အရွယ်သာရှိပါသေးသည်။ (သို့သော် လွတ်လပ်ရေး ဖခင်အမျိုးသားခေါင်း ဆောင်ကြီး အဖြစ်သူ ကျဆုံးချိန်မှာလည်း ၃၃ နှစ်မပြည့်သေးခင်အရွယ်မှာသာ ဖြစ်ပါသည်)

(၁၉၃၈ ခု၊ အောက်တိုဘာလတွင် တို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကိုလည်းကောင်း၊ ကျွန်ုပ်၏ရှေ့အလားအလာများကိုလည်းကောင်း တစ်ပါး တည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက်ကျောင်းပိတ်ရက်ရသည့် အခါမှစ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူးနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီးမလွဲဖြစ်ရမည့်အရေး ကို ကျွန်ုပ်၏အသိဉာဏ်အတွင်း ထင်းခနဲ လင်းလက်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉-၄၀ ခု လောက်၌ ကမ္ဘာစစ်ဖြစ်မည့်အရေးကို ကျွန်ုပ်တို့တစ်စု တွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက် နက် ဖြည့်တင်းရေး ကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီး လောင်ကျွမ်းချိန်တွင် တို့ဗမာ့များမည်သို့ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့လူစုမတွေးဘဲ မပြော ဘဲမနေနိုင်ပြီ။ ပြောဆိုဆွေးနွေးကြ၏။

သို့သော် ထိုအခါက ကမ္ဘာစစ်ကြီးမလွဲဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျ ကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း မြူးနစ်မြို့၌ အင်္ဂလိပ်နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင် ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်နိုင်ရှာတော့ဘဲ ဟာရ်ဟစ်တလာကြေအေးနှစ်သိမ့်စေရေး အတွက် ဦးနှိမ်လိုက်သည့်အခါတွင်ကား ကမ္ဘာစစ်ကြီးတံခါးဝ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သည်း ထိတ်ရင်ဖို သိရှိရလေတော့၏။

ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေကား အသို့နည်း။ ဗမာတွေဘာလုပ်ကြမည်နည်း။ ဤ ပြဿနာများကား ကျွန်ုပ်ရှေ့တွင် အလျှိုလျှိုတသီကြီး ပေါ်လာလေတော့၏။ တစ်ခုတည်းသော အဓိ ဋ္ဌာန်ကို ရုတ်ခြည်း ကျွန်ုပ်ပြုလုပ်လိုက်၏။

"ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေး ဝဲဂယက်အတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပမ်းတော့အံ့"
ဤအဓိဋ္ဌာန်ကို သန်သန်ကြီး ပြုလုပ်မိတော့၏။ မည်သူသည် ဤသို့အခါကောင်း အခွင့်ထူး ရွှေလမ်းမ ကြီးဖြူးနေသည့်အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ခြိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက် မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့် လူမျိုး ကြုံတွေ့ နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုထွေ အမြစ်ပါနုတ်၍ ချေတော့ အံ့။ သခင်အစည်းအရုံး မှ တစ်ဆင့် နိုင်ငံ့လွတ်လပ်ရေး တိုက်ပွဲအတွင်းသို့ ကျွန်ုပ်စတင်ဆင်းသက်မိခဲ့ လေသည်။

ဆက်ရန်
.

No comments:

Post a Comment

thank you to say so