ဦးအောင်ဆန်း
(ဦးအုန်းမြင့်)
(ဤဆောင်းပါးရှင် ဦးအုန်းမြင့်မှာ ကွယ်လွန်သူ ဗိုလ်ချိုပ်ဦးအောင်ဆန်း၏ အရင်းအနှီးဆုံး မိတ်ဆွေ တစ်ဦးဖြစ်သည်။ ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့မှာ သခင်ဘ၀ကပင် ဗိုလ်ချုပ်ဦးအောင်ဆန်း၏ ပြောမနာ ဆိုမနာ မိတ်ဆွေရင်းများဖြစ်ကြသည်။ ဦးအောင်ဆန်း မကွယ်လွန်မီကလေးက ကျင်းပခဲ့ သော သတင်းစာဆရာများအစည်းအဝေးတွင် ဦးအောင်ဆန်းက ''ကျုပ်အကြောင်းသူတို့နှစ်ယောက် သာ ကောင်းကောင်းသိတယ်'' ဟု ပြောဆိုခဲ့ဖူးသည်။ ဤဆောင်းပါးမှာ ဦးအုန်းမြင့်၏ ဆောင်းပါးပင် ဖြစ်သည်။)
တိမ်ဖုံးသောလပမာ
ဗိုလ်ချုပ်ကွယ်လွန်ပြီဟိုပြောသံကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျွန်တော်၏အနီးတွင် ကပ်၍ဗုန်း ကျပြီး ပြင်းထန်စွာ မြည်ဟီးပေါက်ကွဲကာ၊ မီးခိုးလုံးတွေ ပိတ်ဖုံးမှောင်မဲသွားသကဲ့သို့ ထင်မှတ်လိုက်မိ တော့သည်။ လျှပ်တစ်ပြက် လုံးလုံးသတိလစ်ခါ လဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြေးဖြေးပင် တရေး ရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင်နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက်သွားကာ ပြောဆိုရပုံများပင် ဖြစ်ပေသည်။ သို့စိတ်ထဲတွင် ထင်ယောင် မြင်ယောင် ပေါ်ပေါက်လာသော်လည်း သာယာသော နေ့လည် နေ့ခင်းတွင် မြင်တွေ့ရသော အခြင်းအရာမျိးကဲ့သို့ မဟုတ်ဘဲ၊ တိမ်ဖုံးသော လရောင်အောက်တွင် မြူတွေအုံ့ဆိုင်းနေသည့်ကြားမှ မြင်ရသော အရိပ်အရောင် ကဲ့သို့ ဖြစ်ပေသည်။
သခင်အောင်ဆန်း
တက္ကသိုလ်ကျောင်းသားပင်ဖြစ်သော်လည်း ကော့စမစ်တစ်ဟဲရားကရင်း တို့နှင့်ဝေးစွ။ အုန်းဆီပင် ထိတွေ့ ဖူးဟန် မတူသော စုတ်ဖွားဖွားဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီရောင်မွဲ ရှပ်လက်တို အရောင်မပြောင်သော ကြေးနီရောင်ဘန်ကောက်လုံချီတို့ကို ၀တ်ဆင်လျက် အမြီးပိုင်း ပါးလျက် ရှိသော လေယာဉ်ပျံ ဖိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှုးသိုးသိုး ပင်၊ တက္ကသိုလ်ကျောင်းသားဆို၍ ယုံနိုင်စရာအလျဉ်းမရှိသည့် သခင် အောင်ဆန်းကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍ တွေ့ရလေသည်။
သူကားဒီလို
ထိုအချိန်မှစ၍ သခင်အောင်ဆန်းနှင့် မကြာခဏတွေ့ရသည်။ တို့ဗမာအစည်းအရုံုးသို့ မကြာမကြာ ပေါက်၍ပေါက်၍လာတတ်သည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျွန်တော်တို့ ၃ဦး နေသော အိမ်သို့ လည်း လှည့်၍လှည့်၍ လာတတ်လေသည်။ သူနှင့်တစ်နေ့တခြားပို၍ ရင်းနှီးလာလေလေ သူ့အား ကြည်ညို လာလေလေ ဖြစ်တော့သည်မှာ အခြားမဟုတ်။
ကျွန်တော် တို့ နှင့် တွေ့ဆုံတိုင်း တခြားစကားကိုမပြော၊ လွတ်လပ်ရေးအကြောင်းကိုသာပြောသည်။ အချိန်နာရီ ရှိသမျှ လွတ်လပ်ရေးအတွက် အမြဲတမ်းအလုပ်လုပ်ဖို့ စိတ်သာစောနေသည်။ သူ့မှာ လွတ်လပ်ရေး အတွက် အမြဲတမ်းအလုပ်လုပ်ဖို့ စိတ်စောလွန်းအားကြီး၍သာ အခြားသူများကခေါ်လျှင် ကြားချင်မှ ကြားသည်။ သူများပြောလျှင် ဂရုတစိုက်နားထောင်ချင်မှ ထောင်သည်။ သူ့ဘာသာသူ စဉ်းစား နေသည်သာ ဖြစ်သည်။
ထိုကြောင့် မိတ်ဆွေရင်းများကပင် သူ့အား ဟန်ကြီးပန်ကြီးလုပ်သည်။ သွေးကြီးသည်၊ ခွကျသည်၊ အူကြောင်ကြောင် နိုင်သည်။ ဦးနှောက်ကျဉ်းနေသည်ဟု အမျိုးမျိုး အထင် မှား အမြင်မှားဖြစ်ကြသည်။ သူ့အကြောင်း နှင့် စပ်လျဉ်း၍ အဖြစ်အပျက်ကလေးကို ပြန်၍ မြင်ယောင် လျက်ရှိရပေသည်။ တနေ့သော် သခင်ဗိုလ်(ဂျပန်တော်လှန်ရေး အတွက် အိန္ဒိယပြည်မှ မြန်မာပြည်သို့ လေယာဉ်ပျံနှင့်အလာ လေယာဉ်ပျံ ပျက်ကျ၍ သေဆုံးသွားရရှာသူ) သည် ကျွန်တော်နှင့် သခင် သန်းထွန်းတို့ဆီသို့ ဒေါကြီး မောကြီး နှင့် ရောက်လာသည်။
''ဟေ့ ကိုဗို၊ ဘာဖြစ်လာတာလဲဗျ''ဟု ဆီး၍ မေးကြရာ၊ သခင်အောင်ဆန်း ပေါ့၊ ကျွန်တော်သူ့ကို ကွန်တီနင်တဲလ်ဒေါင့်မှာ ယောင်ချာချာနဲ့တွေ့တယ်၊ တွေ့လို့ ဟေ့ သခင်အောင်ဆန်း ဘယ်လဲ ဘိုင်စကုတ် ကြည့်မလို့လား၊ ကျွန်တော်နဲ့ အတူတူကြည့် မယ်လို့ နှုတ်ဆက်တယ်၊ သူက ခပ်တည်တည် လူကိုကြည့်ပြီး ချာကနဲလှည့်ထွက်သွားတယ်။ လူတွေအများကြီးထဲမှာ သိပ်ရှက်စရာ ကောင်းတာပဲ'' ဟု ရှူးရှူး ရှားရှားဖြစ်နေသဖြင့် ''ကိုဗိုကလည်းဗျာ သူ့အကြောင်းအသိသားနဲ့ပဲ'' ဟု ၀ိုင်းဝန်း ဖြောင့်ဖျ လိုက် ရသည်။ နောက်တစ်နေ့မနက် သူကိုယ်တိုင် ပေါက်လာသည်နှင့် တပြိုင်နက် ''ဟေ့ သခင်အောင်ဆန်း ခင်ဗျား မနေ့က ကိုဗိုကို အူကြောင်ကြောင် လုပ်လွှတ်လိုက်လို့ ကိုဗို ဒေါပွနေတယ်'' ဟု ပြောရာ၊ သခင်အောင်ဆန်း မှာ ကျွန်တော်ပြောသည်ကို အရှင်းနားမလည်၊ ''ဘာလဲကွ''ဟု ဆိုနေပြန်၍ အကျိုး အကြောင်း ပြောမှ ''ငါသူနဲ့မတွေ့ပါဘူး''ဟု ပြန် ၍ဖြေလေသည်။
တို့ဗမာအစည်းအရုံး
တက္ကသိုလ်ကျောင်းတွင် အေးအေးလူလူ စာသင်နေရာမှ လွတ်လပ်ရေး စိတ်စောမှုဖြင့် အငတ်ငတ် အပြတ်ပြတ် နေရသော သခင်ဘ၀သို့ လုံးလုံးလျားလျား ရောက်လာလေပြီ။ တို့ဗမာအစည်းအရုံး အမြဲတမ်း အလုပ်သမား အတွင်းရေးမှူးအလုပ်ကို လက်ခံပြီး တို့ဗမာအစည်းအရုံးသို့ ပြောင်းရွှေ့ လာလေသည်။ ချွေးနံ့တသင်းသင်းထွက်နေသော လွှာချင်းစောင်တစ်ထည် ချေျးညှာ်လှိုင်၍ မာသော နေရာ မာ၍ မှို့များထွက်နေသည့် နေရာ ထွက်နေသော မွေ့ရာခေါင်းအုံးတို့ဖြင့် ဖုံအထပ်ထပ် တက် နေသော ကြမ်းပြင်တွင် စာအုပ်ပုံကြီးငယ် သတင်းစာအဟောင်းအမြင်းများ၊ ပတ်လည်ဝိုင်းနေပြီး အမြဲ မရှင်းသည့် အိပ်ရာထက်တွင် အိပ်ကာ၊ လမ်းဘေးဆိုင်တွင် စားကာသောက်ကာနှင့်ပင် လွတ် လပ်ရေး တိုက်ပွဲ ကို သဲသဲမဲမဲလုပ်လေသည်။
သို့သော် တစ်ခါတစ်ခါတွင်ကား၊ ဘိုင်အမြဲကျနေသည့် အပေါင်းအဖော်များတွင် ပိုက်ဆံရှိမရှိ နားမ လည်၊ ဟေ့ ည ငါဘာစားချင်သည်ဟု ပြောပြောဆိုဆိုထွက်ကာ သူဝင်ချင်သည့်ဆိုင်ဝင်ပြီး စားချင်တာ တွေ စား၍ အတူပါလာသူ အပေါင်းအသင်းများမှာ ပိုက်ဆံမရှိ၍ ချောက်ကျခဲပေါင်းမှာ မရေမတွက်နိုင် တော့ပေ။ တစ်ခါ တစ်ခါလည်း ပိုက်ဆံမရအရ ချေးခိုင်းပြီး ရုပ်ရှင်ပြခိုင်းတတ်သည်။ ရုပ်ရှင်ကြည့်သည့် အခါလည်း အတန်း မရှောင် တစ်မက်တန်းကလည်း တိုးခွေ့၍၀င်သည်။ ပြနေစဉ်လည်း တစ်ပိုင်းတစ နှင့် ထွက်သွား တတ် လေသည်။ ရုပ်ရှင်ကြည့်ချင်လျှင်လည်း သူသဘောကျပါက အားရပါးရ ၀ါးကနဲ ရယ်ချ လိုက် လေသည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ သူများရယ်လို့ ရယ်ချင်မှရယ်သည်။ သူရယ်လျှင် ကား သူတစ်ယောက်တည်း ရယ်သံသာ ထူးထူခြားခြား ထွက်တတ်လေသည်။
ရေနစ်စဉ်က
ပြန်၍မြင်ယောင်ပါသေးသည်။ အချိန်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန့်ဖရင့် ပုသိမ်မြို့တွင် ကျင်းပပြီး မော်တင်စွန်းသို့ နွေရာသီစခန်းထွက်ခဲ့ကြသည်။ တစ်ခုသော နံနက်လင်းအားကြီးတွင် ကျွန်တော်တို့ လူပေါင်း ၁၄ ယောက် ဇီးချိုင် "ရခိုင်ရွာ"သို့ ထွက်ခွာသွားကြသည်။ လမ်းတွင် တောင်ကျ ချောင်းတစ်ခုကို ဖြတ်ကူးနေကြရင်း တောင်ရေကျလာရာ ၁၄ ယောက်အနက် ၁၃ ယောက်သာ ရေကူး တတ်၍ သခင်အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ကျွန်တော်တို့ရေနစ်ကြတော့သည်။ ထိုအခါ အားလုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေရာမှ သခင်ဗဟိန်း(ကွယ်လွန်)ဦးဇော်ဝိတ်(ကာယဗလ)နှင့် အခြားတစ်ဦး တို့ကကယ်၍ သက်သာတော့သည်။ တစ်ဖက်ကမ်းသို့ရောက်သောအခါ အားလုံးပင် ရေအောက် ကျောက်ကျင်း များထိခိုက်၍ ဒဏ်ရာအနည်းအများရကြရာ၊ သခင်အောင်ဆန်း ခြေထောက်မှ ရစရာမရှိ အောင် အရှအနများ အစင်းများထင်နေသော်လည်း နေပူကြဲကြဲသဲသောင်ပြင်တွင် မငြီးမတွားလျောက် ၍ သွားလေသည်။
သူပုန်ထရမယ်
ဇီးချိုင့်ရွာသို့ ရောက်သောအခါ ဘုန်းကြီးကျောင်းတွင် နံနက်စာစားပြီး ရွာသူရွာသားများအား တရား ဟောတော့သည်။ ဤတွင်မှ "လွတ်လပ်ရေးကို လက်နက်ကိုင်တော်လှန်မှသာရမယ်။ ကျုပ်တို့ သူပုန် ထရမယ်"ဟု သခင်အောင်ဆန်း အတိအလင်းဟောပြောခဲ့လေသည်။ (သူပုန်ထမှ လွတ်လပ်ရေးရမယ် သူပုန်ထ ရမယ်)ဟု ဒေါမာန်ပါပါ ဟောလိုက်သံကြားရသဖြင့်၊ ထိုအခါက ကြက်သီးတဖြန်းဖြန်းထခဲ့ရာ၊ ယခု တိုင် တွေးမိတိုင်း ကြက်သီးထလာပေတော့သည်။
ဇီးချိုင့် ရွာ တွင် ဟင်းအမျိုးပေါင်း ၂၀ ကျော်နှင့် စားသောက်လာကြရာ၊ အပြန်တွင် သခင်အောင်ဆန်း ဓါတ်တွေ လျှောသဖြင့် အတော်ကို အလူးအလဲခံခဲ့ရသေးသည်။ သူကား ဓါတ်လျှောသည်မှာ ခဏခဏ ပင်။
သံယောဇဉ်မရှိအောင် နွားတွေလို
၁၉၃၈ ခုနှစ်လောက်က အိန္ဒိယသို့သွားကြသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ခေါ်တောကုလားများ၊ ဂေါ်ရင်ဂျီ ကုလားများ၊ မိလ္လာသိမ်းကုလားများ အရောရော အနှောနှောသွားကြရသည်။ အခြားသူအား လုံးလိုလို အဖို့ မသတီစရာကြီးလို ဖြစ်နေသော်လည်း သခင်အောင်ဆန်းမှာ ဘာမျှဂရုမစိုက်။ သတိထား မိဟန် မတူ စကားဝိုင်းဖွဲ့၍ ပြောကြတိုင်း လူငယ်လူရွယ်တိုင်း နိုင်ငံရေးကို အမြဲတန်း (Whole time) လုပ်ဖို့ လိုတယ်။ ဒီလိုလုပ်ဖို့လည်း သံယောဇဉ်မရှိမှဖြစ်မယ်၊ သံယောဇဉ်မရှိအောင် နွားတွေလို ဝှေး သင်း ထားရင် ကောင်းမယ်ဟု ပြောခဲ့လေသည်။
သခင်အောင်ဆန်း ကား သူ့စိတ်ထဲရှိသမျှ ပြောချလိုက်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ဂရုမစိုက်၊ လွတ်လပ်ရေး အတွက် ဘာမဆိုလုပ်ချင်သည်၊ လုပ်သည်။
ပျောက်သွားပုံ
အိန္ဒိယအသွား အပြန်လည်း လမ်းတစ်လျှောက်လုံး ခဏခဏဝမ်းလျှောသဖြင့် အလူးအလဲခံရရှာသည်။ သို့သော်လည်း တချက်မညည်းမတွားခဲ့၊ အိန္ဒိယမှ ပြန်လာကြပြီးနောက် ဗမာပြည်တွင် လွတ်လပ်ရေး တိုက်ပွဲ ပိုမိုပြင်းထန်လာရာ သခင်သန်းထွန်း၊ သခင်စိုး၊ ကိုဗဟိန်းစသည့် လုပ်ဖော်ကိုင်ဖက်များ တစ် ယောက်ပြီး တစ်ယောက် အဖမ်းခံရသည့်ကြားထဲမှာ သခင်အောင်ဆန်း ပျောက်ချင်းမလှပျောက်သွား တော့သည်။
ခွေးမသားစစ်ထဲဝင်
ထိုနောက်မှာကား ဂျပန်တို့ ဗမာပြည်ဝင်လာသည့်အခါ သူ့အား ဗိုလ်တေဇအဖြစ်နှင့် ပြန်၍တွေ့ရ၏။ ကျွန်တော် လည်း တောမှ ရန်ကုန်သို့တက်လာပြီး သူ့အား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စားနှင့်တွေ့လိုက် ရသောအခါ သူက ကျွန်တော့်အား သုန်သုန်မှုန်မှုန်ကြီးကြည့်နေသည်။ ကျွန်တော်က "ဗိုလ်တေဇ နေ ကောင်း ရဲ့လား"ဟု စကားစလိုက်သည်နှင့် တစ်ပြိုင်နက် "ဘာ ဗိုလ်တေဇလဲ ခွေးမသား စစ်ထဲဝင်ရ မယ်" ဟု ပြန်၍နှုတ်ဆက်လိုက်သည်ကို ယခုတိုင်ကြားယောင်လျက် ရှိပါသေးသည်။
ထို့နောက် သခင်အောင်ဆန်း၊ သခင်တင်ဦး (ယခု အစိုးရ အသံလွှင့်ဌာနအစီအစဉ်လက်ထောက်) သူရဲ ဗအေး (ယခု အာလံကွန်မြူနစ် ပါတီခေါင်းဆောင်)တို့ ဂိုးလ်ဒင်းဘဲလ်လီတွင် အတူနေကြသည်။ တစ် နေ့နံနက် သူအိပ်ရာထတွင် ကျွန်တော်က မုံရွာထောင်ထဲတွင်ရှိသည့် သခင်သန်းထွန်း၊ သခင်စိုးနှင့် အ ခြားရဲဘော်များကို သွားထုတ်ရန် လက်နက်နှင့် လူပေးဖို့ပြောသည့်အခါ "ခွေးမသား မင်းသေချင်သလား၊ သူတို့လည်း သူတို့ဘာသာထွက်လာကြမှာပေါ့၊ မင်းမသွားရဘူး"ဟု ပြတ်ပြတ်တောက်တောက် ပြော လေသည်။ ကျွန်တော်လည်း အံ့အားသင့်သလို ကြည့်နေစဉ် "ဒီပြင် လူတွေကြည့်လွှတ်ပို့မယ် ကွယ်၊ မင်း လိုက်မသွားပါနဲ့"ဟု လေချိုကလေးနှင့် ပြောသံကို ယခုတိုင်နားမှ မထွက်နိုင်မမေ့နိုင် ကြား ယောင် လျက်ပင် ရှိပါသေးသည်။
ထိုသို့ ကျွန်တော့်အပေါ် ကြင်နာစိတ်ရှိသော်လည်း သခင်တင်ဦး၊ သခင်ဗအေး ကျွန်တော်နှင့် မျက်နှာ ချင်းဆိုင်မိတိုင်း "ခွေးမသားတွေ မင်းတို့စစ်တိုက်ရမယ်"ဟု အမြဲပြောလေ့ရှိသည်။
သူနှင့်အရက်
တစ်နေ့သော် ကျွန်တော်တို့ ဗိုလ်စကြာအိမ်ရောက်သွားကြသည်။ ဗိုလ်စကြာတို့အိမ်တွင် သခင်တင် (ယခု လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊ နောင်ကြီးလင်း (ကွယ်လွန်သူ သထုံခရိုင်ဝန် သခင်လင်းကြီး) တို့ လည်းရှိရာ၊ အားလုံးကးပင် "စစ်ဗိုလ်ဆိုရင် အရက်သောက်ရတယ်"ဟု ပြောပြောဆိုဆို သခင်အောင်ဆန်း အား ဝိုင်း၍ အရက်တိုက်ကြတော့သည်။ ပထမတော့ မသောက် ဇွတ်ငြင်းသေးသည်။ နောက်မနေ နိုင်တော့ "စစ်တိုက်မှပဲ သောက်မယ်၊ ငါ သောက်မယ်၊ အဟမ်းဟဲဟဲ"ဟုဆိုကာ တစ်ခွက်မော့ လိုက် လေသည်။ မော့ပြီးသည်နှင့်တစ်ပြိုင်နက် "မင်းတို့ဥစ္စာ မကောင်းဘူး၊ နံလည်းနံတယ်၊ ပူလည်းပူတယ်" ဟု မှတ်ချက် ချလေသည်။ ဗိုလ်စကြာ သခင်တင်နှင့် နောင်ကြီးလင်းတို့ ကောင်းမှုကြောင့် ၃-၄ ခွက် လောက် သောက်ပြီးနောက် "သူ့ကို အတင်းတိုက်ရမလား" ဟု ဆဲသည်။
နောက် "ငါ အိမ်ပြန်မယ်"ဟု ပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သောအခါ "ငါမူးတယ် အိပ်မယ်" ဟုပြောကာ အိမ်ရာဝင် လေသည်။ ခဏမျှငြိမ်နေပြီး အိပ်ပျော်သွားပြီဟု ထင်နေစဉ် "ဟေ့ ခွေးမသား အုန်းမြင့်၊ တင်ဦး၊ ငါ မူး တယ်၊ အိပ်လို့မရဘူး" ငါ့အမူးပြောအောင်လုပ်ပေးကြဟု အော် တော့သည်။ ကျွန်တော်တို့ဝင်သွားသော အခါ ဒယိမ်းဒယိုင်ထပြီး "ငါ အမူးပြေအောင် လုပ်ပေးကြ ခွေးမသား တွေ" ဟု တကြိမ်းတည်းကြိမ်းနေ၍ "ရေချိုးဗျာ ပျောက်သွားမှာပဲ"ဟု ပြောလိုက်သည် နှင့်တစ်ပြိုင်နက်၊ ဆင့်ကာဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇ ရက် ၈ ရက်ကြာမှ ချိုးချင်မှ ချိုးသည်။ အမြင်မတော်၍ အခြားလူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့် အလေ့မှာ မပျောက်။ ထိုနောက်မှ သူ့အား သခင်တင်ဦးနှင့် ကျွန်တော် ၂ ယောက်တွဲ၍ လမ်းလျှောက် နေရတော့သည်။ နောက်တစ်နေ့ မနက်တွင် အိပ်ရာထခါတိုင်းထက်နောက် ကျပြီး အိပ်ရာမှနိုးလျှင်နိုးချင်း "ခွေးမသား တွေ ငါမူးနေသေးတယ်"ဟု မနက်ခင်း နှုတ်ဆက်လိုက်လေ သည်။
နောက် ဗမာ့တပ်မတော်ဖွဲ့လေပြီ၊ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျွန်တော်တို့စစ်ထဲမဝင်၍ "ခွေးမ သားတွေ စစ်ထဲဝင်ရမယ်" ဟု တကြိမ်းတည်း ကြိမ်းနေသည်။ သခင်အောင်ဆန်းကား စစ်တပ်ကြီး ကျယ်မှ လွတ်လပ်ရေး ရမည်။ စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေးအစစ်ခိုင်လုံမည်ဟု တထစ်ချယုံကြည် သည်။ စစ်တပ်ကြီးကျယ်မှုကို ကြိုးစားသည်၊ လုပ်ခဲ့သည်။
ခေါ်ခင်ကြည်နှင့်
ကျွန်တော် နယ်သို့ထွက်သွားပြီး ပြန်လာသောအခါ သူဆေးရုံတွင်ရောက်နေလေပြီ။ သခင်တင်ဦးနှင့် ကျွန်တော် သူ့အခန်းထဲ ဝင်သွားကြရာ၊ ဟိုခွေးသား "တင်ဦး ကို ငါ့မိန်းမဖို့ လက်စွပ်ဝယ်ခိုင်းတာမရဘူး၊ မင်း ဝယ်ပေးရမယ်"ဟု စကားစလေသည်။ ကျွန်တော်လည်း သူကျေနပ်အောင် "ဝယ်ပေးပါ့မယ်"ဟု ပြော၍ "ဟေ့ တင်ဦး၊ အုန်းမြင့် ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဖို့နော် ခွေးမသား မင်း သုံး မပစ်လိုက်နဲ့ဦး"ဟု တစ်ဆက်တည်းပြောလေသည်။ ထိုအခိုက် ဆရာမလေးတစ်ယောက် ဆေးခွက် ကိုင်၍ ဝင်လာရာ "မသောက်ဘူး၊ မသောက်ဘူး၊ ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်"ဟု ခေါင်းတ ခါခါ ပြောသဖြင့်၊ ဆရာမကလေးပြုံးပြီး လှည့်ထွက်သွားလေသည်။ တစ်ဖက်ခန်းမှ ဦးကျော်ငြိမ်း ယခု ပြည်ထဲရေး ဝန်ကြီးက "မြန်မြန်ရအောင် လုပ်ပေးလိုက်စမ်းဗျာ ဟဲဟဲ" ထုံးစံအတိုင်း လေအေးလေပြော့ ကလေး နှင့်လှမ်း၍ နောက်လိုက်လေသည်။
ထို့နောက် ကျွန်တော် တောသို့ပြန်သွားရာ သခင်အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်သည့်သတင်း ကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေးအတွက် ဆင်းရဲပင်ပမ်းကြီးစွာ ကြိုး ပမ်း ၍ အတော် မကျန်းမမာဖြစ်နေရာ၊ ဒေါ်ခင်ကြည် ၏ဂရုတစိုက်ကြည့်ရှုပြုစုမှုကြောင့်သာ နာလံထူလာ ခြင်း ဖြစ်ပေသည်။ သို့မဟုတ်က တရှောင်ရှောင်နှင့် ထိုစဉ်ကပင် လုံးလုံးလဲဖွယ်ရာရှိပေသည်။ ဒေါ်ခင် ကြည် ၏ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းနိုင်ခြင်းဖြစ်လေသည်။ သို့ သော် လွတ်လပ်ရေးအတွက် တိုက်နေရင်းပင်၊ လွတ်လပ်ရေးမရခင် လမ်းခုလတ်တွင်ပင် ရန်သူ့လက် နက်ဖြင့် အသက်ဆုံးရှုံးရရှာလေပြီ။
တော်လှန်ရေးအပြီး
နောက် ဂျပန်ကို တော်လှန်ကြလေပြီ။
အင်္ဂလိပ်ပြန်၍ ဝင်လာပြီး မကြာခင်ပင် သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ (ယခု ကာကွယ်ရေးဝန်ကြီး) မျက်နှာဖြူစစ်ဗိုလ်နှင့် စစ်ဗိုလ်ကလေးအချို့ ဟင်္သာတသို့ရောက်လာသည်တွင်မှ သူနှင့် ကျွန်တော်ပြန် တွေ့ရသည်။ ကျွန်တော်နှင့်တွေ့သောအခါ "ဟေ့ကောင် ခွေးမသား မင်းဒီမှာ ဘာလုပ်နေသလဲ၊ စစ်ထဲ ဝင်ရမယ် ငါနဲ့လိုက်ခဲ့"ဟု ခေါ်ပြန်သည်။
ရုံးထိုင်သည့်နေ့
ကျွန်တော် ရန်ကုန်သို့ပြန်၍ ရောက်လာသောအခါ၌ကား၊ သူ့မှာ နေ့မအား ညမအား အလုပ်လုပ်နေရ သဖြင့် အေးအေးလူလူ ရယ်ရွှန်းပတ်ရွှန်း နေခွင့်မရခဲ့ပေ။ သို့သော် ဖဆပလ အစိုးရအဖွဲ့စ၍ ရုံးထိုင် သည့်ညနေတွင် အတွင်းဝန်များ ရုံးလှေခါးအဆင်း၌ သူနှင့်ဗိုလ်ထွန်းလှကိုတွေ့ရာ "အစိုးရလုပ်ရတာ မနိပ်ပါဘူးကွာ... အုန်းမြင့်ရာ"ဟု ညီးညီးညူညူ ရှုံ့မဲ့ကာပြောပြီး ကားပေါ်သို့တက်သွားသည်ကို ယခု တိုင် ကြားယောင် မြင်ယောင်လျက်ရှိတော့သည်။
ဘိလပ်ပြန် ကွန်ဖရင့်၌
ဘိလပ်မှပြန်လာကြပြီး။ တစ်ည သူ့အိမ်တွင် သတင်းစာဆရာများကို ဖိတ်ခေါ်ကာ ရှင်းလင်းပြောပြလေ သည်။ ရှင်းပြကြပြီးနောက် အသီးသီးထ၍ ပြန်ကြစဉ် ကျွန်တော့်အနီးသို့ ကပ်လာပြီး၊ "ဟေ့ကောင် မင်း က ဘာနားလည်လို့ သတင်းစာထဲမှာ တောရေးတောင်ရေးနဲ့ထည့်ရတာလဲ"ဟု မျက်နှာထားနှင့် ပြော ပြော ဆိုဆို သူ့လက်ထဲရှိ လန်ဒန်တိုင်းသတင်းစာခေါက်နှင့် ရိုက်လေတော့ရာ၊ အနီးရှိပုဂ္ဂိုလ်များ အံ့ အားသင့်နေကြ၏။ နောက် "ခွေးမသား မင်းတစ်နေ့လာဦး။ ဟဲဟဲ"ဟု ရယ်တော့မှ၊ အားလုံးကြက်သေ သေ နေရာမှ ဝိုင်း၍ရယ်နိုင်ကြတော့သည်။ သခင်အောင်ဆန်း ဝန်ကြီးဖြစ်လို့လည်း ဟန်မကြီး၊ စတိုင်မ လုပ် သူ့သဘောရိုး အတိုင်း ပြောဆိုနေ၊ ဆက်ဆံနေကျအတိုင်းပင်။
သူ၏ဇာတ်သိမ်း
ထိုနောက်တစ်ဖန် အစိုးရအဖွဲ့သစ် ပြန်လည်ပြင်ဆင်၍ဖွဲ့မည့် နံနက်က သူအိမ်တွင် သတင်းစာဆရာ များနှင့် ဝန်ကြီးများဆုံကြပြန်သည်။ ထိုနေ့နံနက်က ၇ နာရီခွဲသာသာလောက်တွင် သူ့ကလေး အထွေးဆုံး သမီး အနိစ္စရောက်သွားသဖြင့်၊ ဧည့်သည်တွေ ရှေ့မှောက်တွင်ပင် အိမ်ပေါ်မှချသွားရလေသည်။ သို့သော် ဧည်သည့်များ အနက် တစ်ဦးနှစ်ဦးသာ သိသည်။ ဆရာချို (ကွယ်လွန်သူ ဒီးဒုတ်ဦးဘချို)ကား စုတ်တသတ်သတ် နှင့်ရှိတော့သည်။ နိမိတ်သိပ်မကောင်းကြောင်း ပြောရှာသေးသည်။ သို့သော် သူကား ကလေး သေ၍ ဘာမျှမထိခိုက် မတုန်လှုပ်၊ သူ၏လုပ်ငန်းများကို ခါတိုင်းလိုပင် ရှင်းလင်းပြောပြခဲ့ရှာလေ သည်။
သူ့ဇာတာ
ထို့နောက် ကျွန်တော်နှင့် ကိုသိန်း(ဇဝန)တို့သည်၊ ဆရာချို၏စကားကိုသာ စိတ်တွင် တအုံတနွေးနွေး ဖြစ်ကာ မကြာခဏ သူ့အကြောင်းကိုပြောရသည်။ တစ်နေ့ညနေခင်းတွင် သခင်အောင်ဆန်း ဒေါ်ခင် ကြည်နှင့် ကလေးတွေပါ ဗဟန်းပလာတာဆိုင်၌ တွေ့ကြသည်။ ဟန်ကြီးပန်ကြီးမလုပ်တတ်သော သခင် အောင်ဆန်းသည် ပလာတာဆိုင်၌ ကုလားထိုင်ပေါ်တွင် ဒူးတစ်ဖက်ထောင်ထိုင်ကာ ပလာတာ စားသည်။ သူ့ဇာတာ မေးရန်ပြောပြီး သူ့အိမ်သို့လိုက်သွားကြသည်။ အိမ်ရောက်သောအခါ ဇာတာကို ဒေါ်ခင်ကြည် က ထုတ်ယူလာသဖြင့်၊ ကျွန်တော်လည်း ဇာတာကိုင်ပြီး "ဟင် ခင်ဗျားဇာတာက ရေနံ လည်း မရှိဘူး၊ ပဲ့ရွှဲ့ တောင်နေပြီ"ဟုပြောရာ၊ "အောင်မာ မင်းက ဒီဇာတာဟာ နာမည်ကျော် ဆရာဦးထွန်းမြတ် ဖွဲ့ပေးတာကွ"ဟု ရယ်ရယ်မောမော ပြောလိုက်သေးသည်။
သူ့ဇာတာမှာ ဖွဲ့ရိုးဖွဲ့စဉ် ရှေးရိုးရေးစဉ်အတိုင်းဖြစ်သော်လည်း အလွန့်အလွန် ထူးခြားချက်တစ်ခုပါရှိ သည်ကား။
(ဘုံပညာနှင့်ပြည့်စုံသော သတိုးသားကို မာတာမိခင် ဖွားသန့်စင်သည်၊ နာမသညာ ခေါ်တွင်ရာကား၊ မောင်ထိန်လင်း အသက်ရာကျော်ရှည်စေသော်)ဟု ပါရှိလေသည်။
အမှန်မှာ (ဘုန်းပညာ)ဟု ဖြစ်ရမည့်အစား (ဘုံပညာ)ဟု သူ့ဇာတာတွင် ထူးထူးခြားခြားပါရှိခြင်းကို ကို သိန်း ရော ကျွန်တော်ပါ ပြော၍မဆုံးနိုင်အောင်ရှိရလေသည်။
သူနှင့်နောက်ဆုံးတွေ့ရသည့်နေ့
သူနှင့်နောက်ဆုံးတွေ့လိုက်ရသည်မှာကား၊ ဆရာချို၏အခန်းထဲ သတင်းစာဆရာများ ကွန်ဖရင့်တွင်ပင် ဖြစ်ပေသည်။ ထို့နေ့ကမူ သခင်ဆောင်ဆန်းမှာ တစ်ချိန်လုံးလုံး ရယ်ကာပြုံးကာ ဒေါမာန်ပါပါပြောသွား လေသည်။ တစ်သက်နှင့်တစ်ကိုယ်တွင် ဤတစ်ကြိမ်သာ အာဝဇ္ဇာန်းရွှင်ရွှင် ရယ်ရယ်မောမော ကျေ ကျေ နပ်နပ် စကားပြောသွားသည်ကို တွေ့ရလေသည်။ ပြောဆိုပြီးနောက် အသီးသီးပြန်ကြသောအခါ ကျွန်တော် လည်း သူ့အနားသို့ကပ်သွားပြီး "မြို့ရွာ လှုပ်လှုပ်ရွရွနဲ့ အကာအကွယ်တွေများ လုပ်ထားရဲ့ လား"ဟု မေးရာ "ဟေ့ အုန်းမြင့် ရ၊ သူတို့က ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မင်းထင်သလား"ဟု နှုတ်ခမ်း နှစ်ခု စေ့ကာ ပြန်၍ပြောသွားလေသည်။
ဤစကားများ ပြောသွားခဲ့ပြီးဖြစ်၍မှ မကြာမီပင် မြန်မာတစ်ပြည်လုံးကို အုပ်ချုပ်ရသော အစိုးရဗဟိုဌာန မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ အလယ်ခေါင် အတွင်းဝန်များရုံးပေါ်သို့ ရန်သူတို့ အတင့်ရဲရဲ ချဉ်းနင်း ဝင် ရောက်ကာ၊ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် သူ့မှာ လွတ်လပ်ရေးရခါနီး လမ်းခု လပ် တွင် ကျဆုံးသွားရရှာလေပြီ။
သူ့အလိုရှိသော တကယ့်လွတ်လပ်ရေး၊ သူအလိုရှိသော ခေတ်မှီလက်နက်များဖြင့် လုံးဝပြည့်စုံသော စစ်သားတစ်သန်း ရှိ စစ်တပ်ကြီးကို ဖြစ်မြောက်အောင် လုပ်နိုင်သူကား။ သူအလိုရှိသော တစ်မျိုးလုံး ညီ ညွှတ်ရေးဖြင့် သဲသဲမဲမဲ ဇွဲကောင်းကောင်းဖြင့် သူ့အလိုကို ဖြည့်စွက်ကာ သူ့ကျေးဇူးကိုဆပ်ကြဖို့သာ ရှိ ပေတော့ သတည်း။
ဦးအုန်းမြင့်
.

No comments:
Post a Comment
thank you to say so