"မင်းစကား မကုန်သေးဘူး မေခင် ... ငါသိချင်တာ ရှိသေးတယ်"
"ဘာသိချင်သေးလို့လဲ"
"ဒီအမြုတေ ရတနာရဲ့ စွမ်းဆောင်ချက် တန်ခိုးသတ္တိတွေ ပြောစဉ်က၊ နောက်တစ်ချက် ဆိုပြီး မင်း မေ့နေသလိုလိုနဲ့ လျှောချလိုက်တဲ့ စကားလေ၊ အဲဒါပြောစမ်း ... အကောင်းဆုံး အစွမ်းသတ္တိ တစ်ခုကို ထိမ်ချန် ထားတာ ထင်တယ်"
မေမေခင်သည် ရယ်ချင်သောစိတ်ကို ချုပ်တည်းလိုက်သည်။ လင်မယားချင်း မေတ္တာ စေတနာ ကြင်နာတရားဟူ၍ လုံးဝခန်းခြောက်ပြီး တစ်ယောက်ကိုတစ်ယောက် မုန်းစိတ်ဝင်နေသည့် အချိန် မှာ ကိုယ့်စိတ်ထဲမှာ ရှိသမျှ သိသမျှကို ကုန်စင်အောင် မည်သူက ပြောချင်တော့မည်နည်း။ ဤမျှ လောက်ကိုမှ မစဉ်းစားနိုင်အောင် မောင်မောင်မျိုးသည် အစ်ကိုမှိုင်း မရီးမှိုင်း နောင်ဘုရားမှိုင်း မိနေ သည်ကို မေမေခင်က ရယ်ချင်သောစိတ် ပေါ်လာခြင်း ဖြစ်သည်။ သို့သော် မျက်နှာတည်တည် မှင်သေသေဖြင့်သာ ပြန်ပြောသည်။
"ခင် ပြောခဲ့တဲ့အတိုင်း တကယ်မေ့နေလို့ပါ၊ ဒါကို ရှင် မယုံဘူးဆိုရင်လဲ ဆရာစားချန်တယ်လို့ပဲ သဘောထား လိုက်ပေတော့ ..."
မောင်မောင်မျိုး စိတ်ဆိုးသည်ထက် ဆိုးသွားသည်။
"မေခင် ... မင်း စကားတွေဟာ ငါ့ကို တော်တော် မထီလေးစား လုပ်ပါလားကွ"
မောင်မောင်မျိုးက ပြောနေစဉ်မှာ ထမင်းစားခန်း အပြင်ဘက် ၀ရန်တာတွင် အိမ်ခေါင်မိုးမှ ကြိုးဖြင့် ချီဆွဲ ထားသော လှောင်အိမ်ထဲမှ ကြက်တူရွေးလေးသည်
"ဂဲ့ ... ဂဲ့ ..."
ဟု စူးရှသော အသံလေးဖြင့် မြည်လိုက်၏။
"ဟော ... မြသွေးလေး ဆာပြီ ထင်တယ်၊ သူ့ကျွေးထားတဲ့ ငှက်ပျော့သီး ကုန်ပြီလား မသိဘူး"
မေမေခင်က မောင်မောင်မျိုး စကားကို အရေးစိုက် ချေပခြင်း မရှိတော့ဘဲ၊ ကြက်တူရွေး လှောင်အိမ် ရှိရာသို့ ဆောလျင်စွာ ထသွားသည်။ မေမေခင် အပေါ်မှာ ယုံကြည်မှုကင်းသောစိတ်၊ အပြစ်ရှာ လိုသောစိတ်ဖြင့် မေမေခင် လှုပ်ရှားမှုအားလုံးကို မျက်ခြည်မပြတ် ကြည့်နေသော မောင်မောင်မျိုးက မေမေခင် ဘာလုပ်သည်ကို မှတ်သားလိုသောစိတ်ဖြင့် နောက်မှ ထပ်ချပ်မကွာ လိုက်လာသည်။ မေမေခင် သည် ကြက်တူရွေးလေးကို ချစ်ခင်ယုယစွာ အစာကျွေးနေသည်ကို တွေ့ရသောအခါ မကျေနပ်ရင်း စွဲ အခံကြောင့် ကြည့်ရမြင်ရသည်မှာ မျက်စိစပါးမွှေး စူးလာသည်။ ကြွက်ကို မနိုင်သောအခါ ကျီကို မီးနှင့် ရှို့လိုသူစိတ်မျိုး ပေါ်လာသည်။ ထို့ကြောင့် မဆီမဆိုင် လက်ပံသားကို ဓားနှင့်ချိုင်သော စကားကို ဆိုလိုက်၏။
"ဒီအကောင်ကို မွေးထားတာလား"
မောင်မောင်မျိုး မေးသည်ကို မေမေခင်က ငှက်ကလေးကို ယုယနေရာမှ လှည့်မကြည့်ဘဲ ဖြေသည်။
"ဟုတ်တယ်"
"ဘယ်က ရထားတာလဲ"
"ရှင့်အစ်ကို အိမ်ကို ကောင်မလေး လိုက်ခေါ်တဲ့နေ့က ခြံဝင်းဝ ပေါက်ပင်ကြီးအောက်က ကောက်ရ လာခဲ့တာ"
မေမေခင် အမူအရာသည် လူပါးဝလွန်းသည်ဟု မောင်မောင်မျိုးက ယူဆ၏။
"တဂဲ့ဂဲ့နဲ့ နားငြီးတယ်၊ စကားတတ်လာရင် တွေ့ကရာ ပေါက်ကရတွေ ရေရွတ်နေမှာ၊ ငါက တိရိစ္ဆာန် ချစ်တတ်တာ မဟုတ်ဘူး၊ နားပူအောင် ဆူဆူညံညံ လုပ်လာရင်တော့ လှောင်အိမ်ထဲက ဆွဲထုတ်ပြီး လည်ပင်းလိမ် သတ်ပစ်မယ်၊ မင်း ကြိုတင်သိထား"
မောင်မောင်မျိုးက အာဏာသံ ဒေါသသံဖြင့် မေမေခင်ကို ပြောပြီး
"အသံထွက်ရင် သတ်မယ်၊ နားလည်လား"
ဟု ငှက်လှောင်အိမ်ကလေးကို ခပ်ကြမ်းကြမ်း ဆွဲဆောင့်ပြီး ကြိမ်းလိုက်ရာ ကြက်တူရွေးလေး သည် လှောင်အိမ်ထောင့်မှာ အတောင်လေးကုပ်ဝပ်ပြီး မျက်လုံးလေးပြူးကာ မောင်မောင်မျိုးကို ကြောက်ရွံ့စွာ ကြည့်နေသည်။ မေမေခင်က မောင်မောင်မျိုးကို တွန်းဖယ်လိုက်၏။
"ဒီသတ္တ၀ါလေးက ရှင့်ကို ဘာလုပ်လို့လဲ၊ တိရိစ္ဆာန်နဲ့ ဖက်ရန်ဖြစ်ရသလား ..."
မေမေခင်က ဒေါသဖြစ်စွာ ပြောသည်။ မောင်မောင်မျိုးသည် မေမေခင်ကို ဘာမှမလုပ်ဝံ့သည် အလျောက် အံကြိတ်ပြီး ကြည့်နေ၏။ မေမေခင်က မောင်မောင်မျိုးကို ဂရုမစိုက်တော့ဘဲ ငှက်ကလေးကို ပြန်ပြီး ယုယ ချော့မော့ အစာကျွေးရင်း ...
"မြသွေး ရွှေတမာရယ်၊ မမ တစ်ယောက်လုံး ရှိပါတယ်ကွယ်၊ မကြောက်နဲ့နော်၊ လာ ငှက်ပျောသီး ချိုချိုလေး စားဦး"
ဟု ပြောနေသောအခါ မောင်မောင်မျိုးက ...
"နားခါးလိုက်တာကွာ၊ လှောင်အိမ်ထဲကငှက် သတိထားနေနော် ... ငါ နားပူအောင် ဆူဆူညံညံ အသံ ထွက်ရင် သေဖို့သာ ပြင်ထား"
ဟု ကြိမ်းမောင်းပြီး ခြေသံပြင်းပြင်း ဆောင့်နင်းကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။
(၁၀)
နယ်ဆေးရုံမှာ တာဝန်ယူ အမှုထမ်းနေခဲ့သည်မှာ သုံးနှစ်မျှ ကြာညောင်းလာပြီးသည့်အချိန်ဝယ် ဒေါက်တာမြသွင်အေးသည် ရန်ကုန် ဆေးရုံကြီးသို့ ပြန်လည်ပြောင်းရွှေ့ တာဝန်ယူရန် အမိန့် ရောက်လာသည်။ မြသွင်အေး အနေဖြင့် အဆင်ပြေမည့် အကြောင်းကြောင်းတွေကို တွေးကာ ၀မ်းမြောက် ၀မ်းသာ ပြန်ရောက်လာခဲ့သည်။ တာဝန်ဝတ္တရားနှင့် ပတ်သက်သည့် ကိစ္စတွေကို နေသားတကျ ဖြစ်အောင် ဆောင်ရွက်နေရသည်မှာ ရက်သတ္တပတ်ကျော်မျှ ကြာခဲ့ပြီးမှ ဒေါက်တာ မြသွင်အေး သည် မေမေခင် နေထိုင်ရာအိမ်သို့ သူပိုင်ဂျစ်ကားကို သူကိုယ်တိုင်မောင်းပြီး လာခဲ့ သည်။
ဒေါက်တာမြသွင်အေး ရောက်လာသည့်အချိန်မှာ ညနေ နှစ်နာရီခန့်မျှ ရှိလေပြီ။
ဒေါက်တာမြသွင်အေးသည် ဟင်းလင်းဖွင့်ထားသော ၀င်းတံခါးမှ ကားမောင်းဝင်လာရင်း သူ့စိတ်ထဲ မှာ မယုံ နိုင်အောင် အံ့သြမှုဖြစ်သွားသည်။ သူ နယ်သို့ မပြောင်းမီ မေမေခင်နှင့် နောက်ဆုံးတွေ့ဆုံ ခဲ့သည့် လွန်ခဲ့သော သုံးနှစ်ကျော်ခန့်အချိန်က မေမေခင် နေထိုင်ရာ ခြံကြီးသည် သာယာကြည်နူး ဖွယ်ကောင်း လှစွာ စိမ်းစိုဝေဆာ အသီးအပွင့် စုံလင်စွာသော ခြံကြီးသည် သန့်ရှင်းပြန့်ပြူးနေသည်။ အိမ်ကြီးမှာလည်း စိုစို ပြည်ပြည် ကျက်သရေရှိစွာ တွေ့ခဲ့ရသည်။ ယခုမူ အိမ်ကြီးကလည်း လူသံ သူသံ ဟူ၍လည်းကောင်း၊ လူသူ အရိပ်အယောင်ဟူ၍ လည်းကောင်း မတွေ့ရ မကြားရဘဲ ဆိတ်ငြိမ်ခြောက်သွေ့လှ၏။ ရှေးယခင်က စနစ်တကျ နေရာချ စိုက်ပျိုးထားခဲ့သော မြန်မာနှင်းဆီ အဖြူမျိုး၊ အနီမျိုး ပဒေသာမျိုးတို့ ခူး၍ မနိုင်အောင် မြိုင်ဆိုင်ဝေဆာစွာ ပွင့်ခဲ့သော်လည်း ယခုမူ ပြုပြင်သူကင်းမဲ့စွာ မည်မျှကြာအောင် ပစ်ထားသည် မသိ၊ ဆူးချုံကြီးတွေ ဖြစ်ကာ နှင်းဆီချုံပေါ် တွင် ကင်းပုံကျီးအာနှင့် အမည်မသိ နွယ်ပင်တွေ နွယ်တက်ဖုံးအုပ်ပြီး မသန်မစွမ်း လှီကင်းသော နှင်းဆီပွင့်လေးတွေနှင့် ကျီးအာပွင် ကင်းပုံပွင့်တွေ ရောနေသည်။
သီးစားပင်ကြီးတွေဖြစ်သော မရမ်း ပိန္နဲ နှင်းသပြေ စသော အပင်ကြီးတွေမှာ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် ညှို့မှိုင်းရီနေသည်။ ၀င်းတံခါးဝမှ အိမ်ဆင်ဝင်အောက်သို့သွားသော ကွန်ကရစ်ခင်းလမ်းသာ သစ်ရွက်ခြောက်အမှိုက် အနည်းအကျဉ်း ရှိသည်ကလွဲပြီး မြက်မပေါက်သော်လည်း ကျယ်ဝန်း သော ခြံကြီးတစ်ခုလုံးမှာ ချုံပင်တွေ၊ နွယ်ပင်တွေ၊ မြက်ပင်တွေ သစ်ပင်ကြီးတွေဖြင့် ဆင်နေ ကျားအောင်း တောကြီးမျက်မည်း ဖြစ်နေသည်။ ဆိတ်ငြိမ် ခြောက်သွေ့သော အိမ်ကြီးနှင့် ခြံကြီးမှာ ကျေးငှက်သံမှလွဲ၍ ဘာသံမှ မကြားရချေ။
မြသွင်အေးသည် ကားကို ဖြည်းလေးစွာ မောင်းဝင်လာခဲ့ပြီး၊ ဆင်ဝင်အောက်မှာ ရပ်လိုက်သည်။ ဂျစ်ကားက အသစ်ဖြစ်ပြီး စက်သံညက်လှသဖြင့် ဖြည်းဖြည်းမောင်းလာသော မော်တော်ကားသံကို ခြေတံရှည် တစ်ထပ်အိမ်ကြီး အပေါ်ထပ်မှာ လူရှိနေလျှင်ပင် သတိမပြုက ကြားမည်၊ သိမည် မဟုတ်ချေ။
ဒေါက်တာမြသွင်အေးသည် ဂျစ်ကားပေါ်မှ ဆင်းကာ အိမ်ပေါ်ထပသို့ နားစွင့်လိုက်၏။ ဆိတ်ငြိမ် ချက် ကောင်းလှသည်။
"ခင် ပြောင်းသွားလေပြီးလား၊ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ငါ့ ဆီ စာရောက်လာပါသေးတယ်၊ ပြောင်းမယ်တော့ မထင်ပါဘူး၊ အပြင် ခရီးထွက်သွားတယ် ထင်ရအောင် အိမ်ပေါ်ထပ် ပြတင်း ပေါက်တွေကလဲ ဖွင့်ထားရက်ပါ"
ဒေါက်တာမြသွင်အေးက စဉ်းစားရင်း တောကြီးမျက်မည်းဖြစ်နေသော ခြံကြီးကို မျက်လုံးဝေံကြည့် လိုက်သည်။ ထို့နောက် ကားပေါ်တက်ထိုင်ပြီး ကားဟွန်းကို ကျယ်ကျယ်ဆွဲလိုက်၏။ နှုတ်မှလည်း ...
"ခင်ရေ ... ခင်"
ဟု အော်ခေါ်သည်။ ဒေါက်တာမြသွင်အေး အော်ခေါ်လိုက်သံနှင့် တစ်ပြိုင်တည်းလိုပင် အိမ်လှေကားမှ ပြေးဆင်းလာသံကို ကြားပြီး မေမေခင် ပေါ်လာသည်။
"ဟဲ့ ... မိမခင် မြကို တစ္ဆေသရဲများ မှတ်နေလား၊ ကြည့်နေလိုက်တာ မျက်လုံးအပြူးသားနဲ့"
နှုတ်မဆက်ဘဲ မျက်လုံးအကြောင်သား ကြည့်နေသော မေမေခင်ကို တွေ့ရသောအခါ ဒေါက်တာ မြသွင်အေးက ဂျစ်ကားပေါ်မှ ခုန်ဆင်းပြီး ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်။ ထိုအခါမှ မေမေခင်သည် ဒေါက်တာမြသွင်အေးရှိရာ အပြေးအလွှား လာသည်။
"ဟယ် ... မြ မြ ရောက်လာပြီနော် ... အမယ်လေး ... ခင် ၀မ်းသာလိုက်တာ မြရယ်"
မေမေခင်သည် လေးလံထိုင်းမှိုင်းနေရာမှ အားသစ်လောင်းလိုက်ဘိသို့ သွက်လက်ဖျတ်လတ်သွား သည်။ ဒေါက်တာမြသွင်အေးကို ၀မ်းသာအားရဖက်ပြီး ၀မ်းသာဝမ်းနည်း မျက်ရည်တွေ ကျလာသည်။
"အို ... ခင် ဘာလို့ငိုတာလဲကွယ်"
ဒေါက်တာမြသွင်အေးက စိတ်မကောင်းစွာမေးမှ မေမေခင်သည် မျက်ရည်သုတ်ကာ မျက်နှာကို ကြည်ကြည်လင်လင် ပြင်လိုက်၏။
"အေး ... ဟုတ်သားပဲ မြရယ်၊ ခင် ၀မ်းသာလွန်းအားကြီးသွားလို့ပါ၊ ကဲ ... လာ အိမ်ထဲကို"
သူငယ်ချင်းနှစ်ယောက် အိမ်ပေါ်တက်ပြီး ထိုင်မိကြသောအခါမှ ဒေါက်တာမြသွင်အေးက မေး သည်။
"ခင့် မောင်တော်ရော"
ဒေါက်တာမြသွင်အေးက မေးသောအခါ ချစ်လှစွာသော ငယ်သူငယ်ချင်းကို တွေ့ရ၍ တဒင်္ဂဟန်မျှ လန်းဆန်းသွားသော မေမေခင်စိတ်သည် ပြန်လည်နောက်ကျိသွားရှာသည်။
"မြ ... ထမင်းစားခဲ့ပြီးပြီလား"
ဒေါက်တာမြသွင်အေး မေးခွန်းကို မဖြေဘဲ မေမေခင်က ပြန်မေးသည်။
"မစားရသေးဘူးလေ၊ ဆေးရုံက ဒီနေ့ အလုပ်နည်းနည်းပါးလို့ စောစောဆင်းပြီး တန်းလာတာ၊ စနေ့နေကလဲ ဖြစ်နေတယ် ဟုတ်လား၊ ရန်ကုန် ပြန်ပြောင်းလာပြီး အလုပ်တာဝန် လက်ခံယူ၊ လူနာတွေက များနဲ့ ခင့်ဆီကို စိတ်သာရောက်တယ်၊ လူ မရောက်နိုင်ဘူး၊ ဖုန်းဆက်ဖို့တော့ သတိရ ပါတယ်၊ ဒါပေမဲ့ ခင် တစ်ယောက် အံ့အားသင့်သွားအောင် လူကိုယ်တိုင် ကြိုတင် အသိမပေးဘဲ သွားမယ်လို့ စိတ်ကူတာ တစ်ကြောင်း၊ ဖုန်းဆက်ချိန်မှာ ခင်မရှိဘဲ ခင့်မောင်တော်နဲ့ ပက်ပင်းတိုးနေ မှာစိုးလို့ တစ်ကြောင်း ဒါကြောင့် မဆက်တာ၊ ကိုမင်းဇင်ကလဲ အဲဒါကြောင့် မတော်တဆ ပက်ပင်း တိုးနေရင်း ရန်ဖြစ်မှာစိုးလို့တဲ့၊ ခင်က စဆက်မှ သူ ပြန်စားပြောတယ်လို့ မြကို ပြောပြတယ်"
ဒေါက်တာမြသွင်အေးက ပြည့်ပြည့်စုံစုံ ပြောပြနေသည်။
"ကဲ ... ဒါဖြင့် လာ၊ ခင်လဲ မစားရသေးဘူး၊ တို့သူငယ်ချင်း နှစ်ယောက် စကားပြောရင်း ထမင်း မြိန်မြိန် စာကြတာပေါ့"
မေမေခင်က ပြောပြောဆိုဆို ဒေါက်တာမြသွင်အေး လက်ကိုဆွဲပြီး ထမင်းစားခန်းထဲ ခေါ်သွား သည်။ ထို့နောက် သွက်လက်ဖျတ်လတ်စွာ ထမင်းပွဲပြင်နေသည်ကို ဒေါက်တာမြသွင်အေးက ကူညီ လုပ်ကိုင် ပေးနေရင်းမှ ...
"ခင့် မောင်တော်ကို မစောင့်တော့ဘူးလား"
ဟု မေး၏။
ဒေါက်တာမြသွင်အေး ထမင်းမစားမီမှာ မေမေခင်က ဖြေလိုသော ဆန္ဒ မရှိချေ။ နှစ်ရှည်လများ ကွဲကွာနေသော သူငယ်ချင်းကို အဆင်သင့်၍ ထမင်းကျွေးရသည်အခိုက် စိတ်ချမ်းချမ်းသာသာဖြင့် ထမင်းကို မြိန်ရှက်စွာ စားစေလိုသည်။ ကျွေးသည့်ထမင်းကို စားချင်စိတ် ပျောက်သွားစေမည့် စကား၊ ပါးစပ်ထဲ ရောက်နေသည့် ထမင်းကို မျိုမကျရက်တော့ဘဲ အိန်ထုတ်ချင်စိတ် ပေါ်လာမည့် စကားများကို ထမင်းစား ပြီးမှ အားပါးတရ ရင်ဖွင့်လိုသည်။ ထို့ကြောင့် ဒေါက်တာမြသွင်အေးကို ထမင်းစား စားပွဲမှာ ထိုင်စေပြီး ...
"ထမင်းသာ မြိန်မြိန်စားစမ်းပါ သူငယ်ချင်းရာ၊ သူ့အကြောင်း ပြောရရင် ရယ်မောနေရတာနဲ့ ထမင်း မစားနိုင်ဘဲ ဖြစ်သွားမယ်၊ အခု သူ ရုံးက ပြန်မလာသေးဘူး၊ တို့သူငယ်ချင်းနှစ်ယောက် လွတ်လွတ် လပ်လပ် နဲ့ ပြောချင်ရာပြောပြီး အားရပါးရ စားရအောင် ..."
ဟု မေမေခင်က ရယ်ရယ်မောမော ရွှင်ပျစွာ ပြောသဖြင့် ဒေါက်တာမြသွင်အေးက မေးခွန်း မထုတ် တော့ဘဲ ထမင်းကိုသာ ဆာဆာဖြင့် အားပါးတရ စားလေတော့သည်။
"မြ နယ်ဆေးရုံမှာ တော်တော်ကြာသွားတယ်နော်"
"အလုပ်တာဝန် ထမ်းဆောင်ရတာ ပျော်ရဲ့လား မြ"
"မပြောပါနဲ့ ခင်ရယ်၊ လူနာစုံ ရောဂါစုံကို အလျဉ်းသင့်သလို ပြုစုနေရတာပဲ၊ ကိုယ် တွေ့ဖူးတဲ့ လူနာတွေမှာ နှလုံးရောဂါရှင်တွေ များတယ် ခင်ရဲ့၊ တချို့ကတော့လဲ သွေးနဲ့ကိုယ် ရိုးရိုးတန်းတန်း ဖြစ်တဲ့ နှလုံးရောဂါသည်၊ တချို့ကျတော့လဲ အမျိုးမျိုးသော စိတ်ဆင်းရဲမှုတွေကြောင့် ဖြစ်တဲ့ နှလုံး ရောဂါသည် အမျိုးမျိုးပေါ့လေ၊ တစ်ခါတစ်လေများ လူနာတွေ များလွန်းအားကြီးလာရင် မြတော့ လူနာတွေ ဝေဒနာခံစားရတာမြင်ပြီး စိတ်မချမ်းသာဘူး၊ ရူးချင်စိတ်တောင် ပေါ်လာတယ် ခင်ရဲ့... "
ဒေါက်တာမြသွင်အေးက စကားလည်း အဆုံးသတ်၊ ထမင်းစားခြင်းလည်း အဆုံးသတ်လိုက်သည်။ မေမေခင်ကလည်း ထမင်းစားလက်စသတ်ကာ ထမင်းပွဲကို သိမ်းရင်းမှ ...
"အေး ... ခင် ပြောမယ့် အကြောင်း ကြားရရင်၊ မြ သိရရင် မြပိုတောင် ရူးသွားဦးမယ် ..."
ဟု ဆို၏။ ဒေါက်တာမြသွင်အေးက ထမင်းပွဲကို ကူသိမ်းပေးရင်းက မေး၏။
"ဘယ်လိုအကြောင်းများလဲ ခင်ရဲ့၊ စောစောစီးစီး သွေးဆေးလေးဘာလေး ဆောင်ထားရအောင်"
"အမယ် သိပ္ပံပညာရှင် ဆရာဝန်ကြီး တစ်ယောက်လုံးက မြန်မာတိုင်းရင်း သမားတော်တွေ ဖော်တဲ့ သွေးဆေးသုံးမယ် ဆိုပါလား"
မေမေခင်က ရယ်သွမ်းသွေးပြီး မယုံသလို ပြောသည်။
"ယုံပါ ခင်ရယ် ... တို့ သိပ္ပံပညာရှင်၊ နိုင်ငံခြားဆေးပညာ သင်ခဲ့တဲ့ ဆရာဝန်တွေအနက် တချို့ သော ဆရာဝန်တွေဟာ တိုင်းရင်း မြန်မာဆေးကို မပစ်ပယ်ကြပါဘူး၊ မြနဲ့ သိပ်ခင်ပြီး မြရဲ့ အစ်မကြီးလို ဖြစ်နေတဲ့ ၀ါရင့် ဆရာဝန်မကြီး တစ်ယောက်ဆိုရင် လူနာတွေ ခေါင်းကိုက်ရင် မူးရင် သွေးတက်ရင် နိုင်ငံခြား ကလာတဲ့ ဆေးတွေထဲက၊ သို့မဟုတ် နိုင်ငံခြားနည်းအရ ဖော်စပ်ထားတဲ့ ပြည်တွင်းဖြစ် ဆေး တွေထဲက ဘာဆေးထိုး၊ ဘာဆေးသောက်နဲ့ ညွှန်ကြားပြီး သူကိုယ်တိုင် ခေါင်းကိုက်တာ မူးတာကို ဘာလုပ်တယ် အောက်မေ့လဲ သူငယ်ချင်း ..."
ဒေါက်တာမြသွင်အေးက စကားဖြတ် မေးသည်။
"ဘာလုပ်သလဲ"
မေမေခင်က ပြန်မေးသောအခါ ဒေါက်တာမြသွင်အေးက ဖြေသည်။
"ဧကရာဇ်ပင်ရဲ့အမြစ်ကို သွေးလိမ်းတယ်၊ ရှူတယ်၊ ဧကရာဇ်ရွက်နုကို ပြုတ်စားတယ် ကဲ ..."
မေမေခင်က စိတ်မချမ်းမြေ့မှု ဖြစ်သည့်အထဲက ရယ်မိသည်။
ဒေါက်တာမြသွင်အေးက ဆက်ပြော၏။
"တခြားဆရာဝန်တွေလုပ်တာ ရှိသေးတယ်"
"ဆိုပါဦး ..."
"သူများကလေးတွေ နေမကောင်းရင် အအေးမမိစေရဘူး၊ အိပ်ရာထဲမှာ ဘယ်လိုထားရမယ်၊ ဘယ်အချိန် ဆေးတိုက်ရမယ် စသည်ဖြင့် ညွှန်ကြားတယ်၊ သူ့ကလေးတွေ နေမကောင်းတော့ ဘာမှ မလုပ်ဘူး၊ လျှာပွတ်ဆေး တစ်ပုလင်းစီ၊ လျှက်ဆား တစ်ပုလင်းစီ ၀ယ်ပေးထားလိုက်တယ်၊ ကလေးတွေဟာ လျှက်ဆား နဲ့ လျှာပွတ်ဆေးကို သွားရည်စာ စားသလို စားရင်းသောက်ရင်း နေပူ ထွက်လိုက် မိုးရွာလိုက်နဲ့ ကျန်းမာကုန်ကြာတာပဲ၊ အောင်မယ် ... သူငယ်ချင်း ဆရာဝန် တစ်ယောက်ကဆိုရင်လေ အိပ်မပျော်ဲ့လူကို ဗီလီယံ သောက်ရမယ်၊ ရလေဇင် သောက်ရမယ် ဘာညာနဲ့ ညွှန်ကြားပြီး သူကိုယ်တိုတင်တော့ အိပ်မပျော် တဲ့အခါ လူမသိအောင် သွေးဆေးကို တိတ်တိတ်သောက်တတ်တယ် ခင်ရဲ့"
ထိုအခါ မေမေခင်က ထင်မြင်ချက်ပေး၏။
"ဒါဟာ တို့မြန်မာ တိုင်းရင်းဆေးပညာ အစွမ်းထက်တယ်ဆိုတာ သူတို့သိလို့ပေါ့ မြရဲ့"
"ဟုတ်တယ် ခင်ရဲ့ ... နိုင်ငံခြားပြန် ဆေးပါရဂူဘွဲ့ ရထားတဲ့ ဆရာဝန်ကြီး တစ်ယောက်ကဆိုရင် သူနဲ့သိပ်ခင်တဲ့ လူနာတစ်ယောက် အအေးမိပြီး ချောင်းဆိုးတာကို ဘယ်လိုကုတယ် အောက်မေ့လဲ"
"ဘယ်လိုကုလဲ"
"ကွမ်းရွက်စိမ်းကို ဆားနဲ့နယ်ပြီး အရည်ညှစ်တိုက်တယ် ခင်ရဲ့"
ဒေါက်တာမြသွင်အေးက အားပါးတရ ပြောပြပြီး ...
"ကဲ ... ဆိုစမ်း ... မြ အိတ်ထဲမှာ သွေးဆေးပါတယ်"
ဟု အဆုံးသတ်လိုက်၏။
ဒေါက်တာမြသွင်အေး ပြောစကားတွေကို နားထောင်နေရသော အခိုက်အတန့်မှာ စိတ်မချမ်းမြေ့မှု က သက်သာသလို ဖြစ်နေသော မေမေခင်သည် ဒေါက်တာမြသွင်အေးက "ဆိုစမ်း"ဟု ပြန်လည် အစဖော် ပေးလိုက်သောအခါ မျက်နှာက ညှိုးသွားသည်။ ဤသို့ မျက်နှာညှိုးသွားသည်ကိုလည်း ဒေါက်တာ မြသွင်အေး က ကောင်းစွာ အကဲခတ်လိုက်မိသည်။
"နေစမ်းပါဦး ... ဒီနေပ စနေနေ့၊ လေးနာရီ ထိုးပြီးပြီ၊ ခင့်ယောက်ျားက အခုထက်တိုင် ရုံးက ပြန်မလာ သေးဘူးဆိုတော့ ဘယ်သွားနေတာလဲ၊ ခင့်ကို ဒီလိုပဲ တစ်ယောက်ထဲ ပစ်ထားနေကြ တာလား"
ဒေါက်တာမြသွင်အေး က မေးသောအခါ မေမေခင်က ဦးခေါင်းညိတ်သည်။
"ဟေ့ သူငယ်ချင်း၊ မေးတစ်ခွန်း ပြောတစ်ခွန်းနဲ့ ပုတ်သင်ညိုလို လုပ်မနေနဲ့၊ စုံစုံလင်လင် ပြောစမ်း ပါ"
မေမေခင်သည် သူငယ်ချင်းမျက်နှာကို အတန်ကြာ တွေတွေကြီး စိုက်ကြည့်နေပြီးမှ သက်ပြင်းချ လိုက်သည်။
"ပြောလေ ခင် ..."
ဒေါက်တာမြသွင်အေးက တိုက်တွန်းလိုက်သည်။
ဆက်ရန်
.

2 comments:
တစ်ယောက်ပြန်ရောက်လာပြီ.. တော်ပါသေးရဲ့
Ma Shwezin, Longer post pls.Its not enough for one day.Longing for.................
Post a Comment