Saturday, February 27, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၈)

ယင်းကဲ့သို့ ဆင်းဆင်းရဲရဲနေကြရသဖြင့် အကျဉ်းခံရသူများထဲမှ အတော်များများမှာ ချို့တဲ့လာကြ သည်မှာ အံ့သြစရာ မဟုတ်ပါ။ ကျွန်မကလည်း ဆေးဝါးမရှိသဖြင့် မည်သို့မျှမတတ်နိုင်ပါ။ အသည်းအသန် ဖြစ်နေသူက ကလေးလေးယောက်၏ ဖခင် ဂျေအေကင်း ဖြစ်ပါသည်။ ဆေးရုံတင်ပြီး ကောင်းမွန်စွာ ဆေးကုသ ခွင့်မရခဲ့သော် သူသည် ကြာရှည်စွာ အသက်ရှင်နိုင် လိမ့်မည်မဟုတ်ပါ။ သူကလည်း သူ့အဖြစ်ကို ကြိုတင်သိနေဟန်တူပါသည်။ တစ်နေ့တွင် ကျွန်မအား သူ၏ ကုတင် အနီးသို့ ခေါ်ယူပြီး
    "ဟယ်လင်မင်းငါ့ကို ကတိတစ်ခုပေးပါလား" ဟူ၍ ၀မ်းနည်း ကြေကွဲသံနှင့်ပြောပါသည်။

    "ကျွန်မ တတ်နိုင်တာဆိုရင် ကတိပေးမှာပေါ့"
    "ငါ သေသွားရင ငါ့ကလေးတွေကို စောင့်ရှောက်ပါ"ဟု ပြောရှာပါသည်။
 နှုတ်ဆွံ့စွာဖြင့် ကျွန်မက ခေါင်းညိတ်ပြမိသည်။ သေအံ့ဆဲဆဲ လူတစ်ယောက်ကို ကျွန်မဘာများ ပြောနိုင်ပါမည်နည်း။ ကတိပေးရသည်မှာ အတော်တော့ ဆန်းပါသည်။ ကျွမသည် သူ၏ နာမည် အပြည့်အစုံ ကိုပင် သိသူမဟုတ်ပါ။ ရက်အနည်းငယ်ြာသောအခါ သူကွယ်လွန်သွားခဲ့၏။
 
နေ့ချင်းညချင်းပင် ကျွမသည် မ၀ရေစာ စားသောက်နေရရှာသော ကလေး လေးယောက်၏ အဒေါ်ဖြစ်လာခဲ့၏။ သူတို့အထဲမှ အကြီးမကလေး ဒေါရစ္စမှာ ၀က်ရူးပြန်ရောဂါရှိနေ၍ ကျွန်မပုခုံးပေါ်၌ ၀န်ထုပ် ၀န်ပိုးကြီး ထမ်းထားရသလို ဖြစ်နေပါသည်။ 

 မိသားစုဦးရေတိုးလာပါသော်လည်း ဂျပန်များက ရာရှင်ကို လျှော့ချလိုက်ပါသည်။ ဖခင်ကြီး ခံတွင်း တွေ့မည့် အစားအစာများကို ကျွန်မကျွေးမွေးပါသည်။ အထူးအထွေ လုပ်ပေးနိုင်တော့ မဟုတ်ပါ။ ကျွန်မတို့ တစ်တွေကမူ ဖြစ်သလို စားကြပါသည်။ ကလေးတွေကလည်း ဒေါင်ကျကျ ပြားကျကျ နေထိုင် နိုင်ကြသည်။ သူတို့၏ ၀မ်းနည်းကြေကွဲမှုများကို ဖြေဖျောက်နိုင်ခဲ့ကြပြီး သူတို့၏ ဘ၀သစ်တွင် နေသား ကျသွား ကြပါသည်။

လအနည်းငယ် ကြာသောအခါ လက်ရှိမိသားစုကပင် နည်းနေသေးသည် ထင်သလားမသိပါ။ နောက်ထပ် မိဘမဲ့ကလေး သုံးယောက် မမျှော်လင့်ဘဲကျွန်မတို့မိသားစု၌ တိုးလာခဲ့ပြန်လေသည်။
ဂျပန်များ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြစဉ်က မိသားစုအတော်များများသည် လေယာဉ်ပျံနှင့် အိန္ဒိယပြည်သို့ စစ်ပြေးရန် မြစ်ကြီးနားမြို့သို့ ရောက်နေကြသည်။ နောက်ဆုံးအခေါက် လေယာဉ်နှင့် ပါမသွားနိုင်ကြသူများပို့လိုက်ပါသည်။ ထိုသူများထဲ၌ ယဗွန်နှင့် လက်စလေပတ်(ခ်)တို့ ပါလာကြသည်။ သူတို့မိခင်မှာ ကွယ်လွန်သွားခဲ့၏။

မစ္စပတ်(ခ်)သည် ဦးပုဆိုသော မြန်မာတစ်ယောက်နှင့် လက်ထပ်ထားစေကာမူ ကလေးများ၏ အမည်ကို အင်္ဂလိပ်ဆန်ဆန် ပတ်(ခ်)ဟုပြောင်းထားပါသည်။ သူတို့နှစ်ယောက်နှင့်အတူ ရိုစလင်း အန်ဒါဆင်ဆိုသော ကလေးမလေးတစ်ဦးပါ ပါလာခဲ့၏။

ရိုစလင်းမှာ အသက်၁၇နှစ်အရွယ် ဆံပင် နီညိုရောင်နှင့် ချောမောလှပသော အင်္ဂလိပ် မိန်းမပျိုလေးတစ်ဦး ဖြစ်ပါသည်။ သူမအရွယ်နှင့်မလိုက်အောင်ပင် ဒုက္ခပေါင်းစုံ ရင်ဆိုင်လာခဲ့ရ သူလေးဖြစ်ပါသည်။ သူမ၏ ခြေထောက်များက ပဲ့ကွာပြီး ဒဏ်ရာရနေပါသည်။ သူမ၏ ခေါင်းနှင့် ခြေထောက်တွင် ရှိနေသော အနာများတွင် ပိုးကောင်များပင် တွယ်နေပါသည်။ တွေ့ကြုံခဲ့ရသော အဖြစ်ဆိုးများကြောင့် စိတ်ဓာတ်များ လုံးဝချောက်ချားနေပါသည်။ အသက်အရွယ်ငယ်ပြီး လှပသော မိန်းမပျိုလေး တစ်ဦးသည် အလွန် သနား စရာ ကောင်းသော ဘ၀သို့ ရောက်ရှိသွားသည် ကို မြင်တွေ့နေရသည်ကပင် ရင်နာစရာ ကောင်းလှပါ၏။

 လက်စလေနှင့် ယဗွန်တို့မှာ မြန်မာသွေး တစ်ဝက်ပါသူများ ဖြစ်၍ ရိုစလင်းထက် ဆင်းရဲမှုဒဏ်ကို ခံနိုင်ရည် ရှိကြပါသည်။ ရိုစလင်းကမူ ဂျပန်တို့ မြန်မာပြည်ထဲ မရောက်သေးမီအထိ စည်းစိမ်ရှိရှိ နေလာ ရသူကလေး ဖြစ်ပါသည်။ သူမ၏ဖခင်သည် ရန်ကုန်မြို့၌ ထင်ရှား၍ လူသိများသော မင်တိုမင်ရှင် ဟိုတယ် ပိုင်ရှင် ဖြစ်ပါသည်။သူမနှင့်တစ်စထက်တစ်စ ရင်းနှီးလာမှ ရိုစလင်းက သူမ၏ အတွေ့အကြုံအားလုံးကို တစ်ခု မကျန် ကျွန်မအားပြောပြရှာပါ သည်။

ဂျပန်တို့ဝင်လာသောအခါ သူမ၏မိခင်၊ အစ်မ ပက်တထရစ်ရှာနှင့် သူမတို့သည် မြစ်ကြီးနားလေဆိပ်၌ အိန္ဒိယပြည်သို့သွားရန်ေ၇ာက်နေကြသည်။ ရန်သူ လေယာဉ်ပျံများက မြစ်ကြီးနားလေယာဉ်းကို ဗုံးကြဲ စက်သေနတ်များနှင့် ပစ်ခတ်ကြသဖြင့် လေယာဉ်အစဉ်း အတက်လုပ်ရန် အသုံးမပြုနိုင်တော့ပါ။ ထိုအချိန်၌ လူပေါင်း ၇၀၀မျှ ထိုလေဆိပ်၌ သောင်တင်နေခဲ့ ကြပါသည်။
 
ရိုစလင်းတို့ မိသားစုနှင့် အသက်၇၆နှစ်အရွယ် အဘွားအိုတစ်ဦး ကလေးငါးယောက်နှင့် မိခင်တစ်ဦး အပါအ၀င် လူအတော်များများသည် အိန္ဒိယပြည်သို့ ကုန်းလမ်းမှ သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ကချင်လမ်းပြတစ်ဦးက ခေါင်းဆောင်ကာ သစ်ပင်များ ထူထပ်စွာ ပေါက်နေသော သစ်တောများကို ဖြတ်၍ တောလမ်းဖြင့် ၁၄ရက် တိုင်တိုင် ခြေကျင်လျှောက်လာကြသည်။ မိုးကောင်းသို့ ရောက်သောအခါ ဂျပန်များ ခြေကျင်လျှောက်ကြသည်။ မိုကောင်းသို့ ရောက်သောအခါ ဂျပန်များက သူတို့ထက် အလျင် စောရောက်နေသည်ကို တွေ့ကြရ၏။

 သူတို့ဖြတ်သန်းလာခဲ့ရသော လမ်းတစ်လျှောက် တောတွင်းတိရစ္ဆာန်များ ရန်မမူနိုင်စေရန် ညဘက်များ၌ မီးလင်းဖိုကြီးများကို ဖိုကြရသည်။ မိုးကောင်းအနီးရှိ ရွာကလေးတစ်ရွာ်တွင် ပျက်စီးနေသော တဲတစ်လုံးကို တွေ့ရသဖြင့် မိုးတွင်း ၃လပတ်လုံး ထိုအိမ်ကလေး၌ ခိုလှုံနေကြရသည်။ သူတို့သည် ဆန်နှင့် ဆားကို မှီဝဲပြီး အသက်ရှင်သန်ရေးကို အားထုတ်ကြပါသည်။

သူတို့အားလုံးပင် ငှက်ဖျားမိပြီး ဖက်ခွက်နာများ ပေါက်နေကြပါသည်။ သူမ၏ မိခင်မှာ အဖျားရောဂါကို ပြင်းထန်စွာ ခံစားနေရပါသည်။ ဆေးဝါးနှင့် နွားနို့စသော အာဟာရရှိသည့် အစာများကို မတိုက်ကျွေးနိုင်၍ မကြာမတင် သေးဆုံးသွားခဲ့ပါသည်။ ယင်းနောက် အဘွားအိုနျင့် ကလေးအငယ်ဆုံး၊ ရိုစလင်း၏ အစ်မ ပက်ထရစ်ရှာစသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ကောက်ကာငင်ကာ သေဆုံးကုန်ကြပါသည်။ သူမတို့ လူစုမှ လူကိုးယောက် သေဆုံးသွားကြသည်။

ဆက်ရန်
.

1 comment:

  1. စာလာဖတ်သွားပါတယ်ဗျာ။
    ဂျပန်ခေတ် ရဲ့ အတိတ်ဆိုးတွေက တကယ့်
    ကြောက်မက်ဖွယ်ရာတွေပါပဲဗျာ။
    ဖတ်ရတာ တော်တော်ခံစားရပါတယ်။

    မျှဝေပေးသော မရွှေစင်ဦးအားကျေးဇူးပါ။

    ခင်တဲ့

    မောင်မောင်

    ReplyDelete

thank you to say so